← Chapters

သားရဲအုပ်။နဂါးထွင်းစာများ ရှာဖွေတွေ့ရှိမှု

Vol. 6 Ch. 82

သားရဲအုပ်။နဂါးထွင်းစာများ ရှာဖွေတွေ့ရှိမှု

Vol. 6 Ch. 82

အသီနာသည် ချန်လွေ့ထုတ်လိုက်သည့် အိတ်ရှည်ကြီးကိုကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ ဒါကဘာကြီးလဲ။ ”

“ ဒါကို အိပ်ပျော်အိတ် လို့ခေါ်တယ်။အတွင်းပိုင်းမှာ ဆတ်ခလောက်သားမွေးနဲ့ ဖုံးလွှမ်းထားပြီးတော့ တော်တော်လေး နွေးတယ်။မင်းအိပ်ကြည့်ရင် သိမှာပါ။ ”

“ အင်း.... ”

အသီနာ ရုတ်တရက် တစ်ခုခုတွေးလိုက်မိပြီး မျက်နှာအနည်းငယ် နီမြန်းသွားသည်။

“ တစ်ခုပဲရှိတာလား။ ”

“ တစ်ခုပဲလုပ်ဖို့ အချိန်ရှိတာ။ဒါက မင်းအတွက်။ငါ့မှာ စောင်တစ်ထည်ရှိတယ်။ ”

ချန်လွေ့ ပြုံးပြလိုက်ပြီး အသားကင်တစ်ခုကို အသီနာထံ ကမ်းလိုက်သည်။

အသီနာသည် အသားကင်ကိုယူပြီး စိတ်တည်ငြိမ်သွားသည်။ထို့နောက် စကား အနည်းငယ်ပြောပြီး တဲထဲဝင်ကာ နားနေလိုက်သည်။နွေးထွေးလှသည့် ‌အိပ်ပျော်အိတ်နှင့် တောရိုင်းထဲ၌ အသားကျနေမှုကြောင့် အသီနာသည် အလျင်အမြန် အိပ်ပျော်သွားသည်။ သို့သော်လည်း မဟာဓားကြီးမှာတော့ အသီနာနှင့်အတူ အိပ်ပျော်အိတ်ထဲ၌ ရှိနေသည်။

‌တစ်နေ့လုံးဝိုင်ဗန်စီးရသော်လည်း ချန်လွေ့သည် သာမန်လူသား မဟုတ်တော့သည့် အတွက် အမှန်တကယ် အိပ်မငိုက်နေပေ။ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ]ကို အသက်သွင်းပြီး အနီးအနားရှိ အ‌ခြေအနေများကို သိရှိရန်အတွက် အာရုံဖြန့်ကျက် လိုက်သည်။

ရုတ်တရက် သူ၏အာရုံသည် တောထဲ၌ ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို တွေ့ရှိ သွားသည်။အာရုံခံကောင်းသည့် ဝိုင်ဗန်နှစ်ကောင်လည်း တစ်ခုခုကို ရှာတွေ့သွားသည်။ သူတို့သည် ခေါင်းမော့လိုက်ငုံ့လိုက်လုပ်နေရင်း စိုးရိမ်စွာမန်ဖီနေလိုက်ကြသည်။

နဂိုကတည်းက သတိရှိနေပြီး အိပ်မပျော့်တပျော် အခြေအနေ၌ ရှိနေသည့် အသီနာလည်း ဝိုင်ဗန်များ၏ ညည်းညူသံများကြောင့် နိုးသွားသည်။အသီနာချက်ချင်း ခုန်ထလိုက်ပြီး တဲကို ဖွင့်လိုက်သည်။

“ ချန်လွေ့။တစ်ခုခု ‌ဖြစ်နေပြီ။ ”

ချန်လွေ့သည် အကြောင်းရင်းကို ရှာဖွေရန် ပြင်နေသည်။ကံဆိုးစွာပင် အသီနာသည် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည့်အတွက် ချန်လွေ့ လက်လျှော့လိုက်ရသည်။

ဝိုင်ဗန်နှစ်ကောင်သည် အကြောင်းအရာတစ်ခုတည်းကိုသာ အမူအရာဖြင့်ပြနေကြသည်။

“ အန္တရာယ်တွေ။အများကြီး။အများကြီး။ ”

တောထဲရှိ အဝေးတစ်နေရာမှ တရှဲရှဲ မြည်သံများသည် တဖြည်းဖြည်း နီးကပ်လာသည်ကို ချန်လွေ့ ကြားလိုက်သည်။အန္တရာယ်ကင်းရန်အတွက် အသီနာသည် ရွက်ဖျင်တဲကို သိမ်းထားလိုက်သည်။မီးပုံကို ငြိမ်းသတ်ပြီးသည့်အခါ ဝိုင်ဗန်များ၏ မန်ဖီသံအား ချန်လွေ့ဘာသာပြန်လိုက်သည်ကို ကြားလိုက်ရာ အသီနာသည် ကောလာဟလတစ်ခုကို သတိရသွားပြီး ကြောက်လန့်တကြား ပြောလိုက်သည်။

“ မြန်မြန်လုပ်။ဝိုင်ဗန်တွေကိုစီးပြီး ကောင်းကင်ပေါ် ပျံတက်တော့။ ”

ချန်လွေ့လည်း မပေါ့လျော့ရဲဘဲ ဝိုင်ဗန်ကိုစီးကာ ကောင်းကင်ပေါ်သို့ အသီနာနှင့်အတူ ပျံတက်သွားလိုက်သည်။

ထိုအချိန်၌ တရှဲရှဲမြည်သံများကို ဗုံတီးသံကဲ့သို့ ပြင်းထန်လာသည်။သူတို့ထံသို့ အမည်းရောင်အရာများသည် အော်သံမျိုးစုံနှင့် အမြန်ပြေးလာသည်ကို ချန်လွေ့ မြင်လိုက်ရသည်။

“ မြင့်မြင့်ပျံဦး။ ”

အသီနာအော်ပြောလိုက်ပြီး သူတို့သည် ဝိုင်ဗန်များကို ပိုပြီးအမြင့်သို့ရောက်အောင် ထိန်းချုပ်လိုက်သည်။

ယခုတစ်ခေါက် ချန်လွေ့၏အမြင်သည် အလွန်ပင် မယုံနိုင်စရာ ကောင်းလှသည်။ အောက်ဘက်ရှိ ကြီးမားသော ဒီရေကဲ့သို့ အရာသည် နတ်ဆိုးသားရဲ သန်းပေါင်းများစွာ ဖြစ်သည်ကို ချန်လွေ့ သေသေချာချာ မြင်နေရသည်။ထိုထဲတွင် အစာကွင်းဆက်၏ အထက်အောက်အလွှာများအပါအဝင် နတ်ဆိုးသားရဲပေါင်းစုံ ပါဝင်ကြသည်။ သို့သော်လည်း သူတို့၏လက်ရှိ လှုပ်ရှားမှုများသည် တစ်သမတ်တည်း ဖြစ်နေကြသည်။ သူတို့အားလုံးသည် အရှေ့သို့ အသည်းအသန် ပြေးနေခြင်း ဖြစ်သည်။

မြေပြင်ပေါ်ရှိ နတ်ဆိုးသားရဲများအပြင် ကောင်းကင်ပေါ်၌ အမြန်ပျံနေကြသည့် လင်းနို့များ၊ငှက်များ အုပ်စုလိုက် ရှိနေကြသည်။ကံကောင်းစွာပင် အသီနာ၏ သတိပေးမှုကြောင့် နတ်ဆိုးသားရဲပျံများနှင့် တိုက်မိမှုကို ရှောင်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။သို့သော်လည်း သူတို့သည် ပြေးရင်းအလုပ်များနေသည့်အတွက် ဝိုင်ဗန်များကို တွေ့သည့်တိုင် မရပ်တန့်ရဲကြပေ။မကြာမီတွင် နတ်ဆိုးသားရဲအုပ်ကြီးသည် တောင်ခါးပန်းကို ကျော်ဖြတ်သွားပြီး ရှေ့ဆက်သွားလိုက်သည်။

အသီနာ စောစော သတိမထားမိခဲ့လျှင် သူတို့၏အခြေအနေသည် အန္တရာယ် ရှိပေလိမ့်မည်။ဤနတ်ဆိုးသားရဲများသည် အစွမ်းမထက်ကြသော်လည်း အရေအတွက်မှာ တော်တော်လေး ကြောက်မက်ဖွယ် ကောင်းလှသည်။ထို့ပြင် ၎င်းသည် အဆုံးမရှိပေ။ အကယ်၍ သူတို့ ထိပ်တိုက်ရင်ဆိုင်ရလျှင် သေဆုံးဖို့များလေသည်။

ချန်လွေ့ အံ့အားသင့်စွာ မေးလိုက်သည်။

“ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ”

“ ဒါက မိုးသစ်တော်မည်းရဲ့ သားရဲအုပ်ပဲ။သစ်တော်ထဲက သားရဲတွေအားလုံး ရှေ့ကို ပြေးထွက်သွားကြတာ။ခဏကြာတွင် သူတို့တွေ ဖြည်းဖြည်းချင်း ပြန်လာလိမ့်မယ်။ ”

အသီနာ ကြောက်ရွံ့နေပုံပေါ်သည်။

“ သုံးလေးနှစ်တိုင်း ဒီမိုးသစ်တောမည်းထဲမှာ သားရဲအုပ်ကြီးပေါ်လာတယ်လို့ ပြောကြတယ်။ဒါပေမဲ့ အကြောင်းရင်းကိုတော့ မသိကြသေးဘူး။‌အတော်ဆုံး နတ်ဆိုးသားရဲ မုဆိုးတွေကလည်း သားရဲအုပ် ဖြစ်နေတဲ့အချိန် အနားမကပ်ရဲကြဘူး။ ငါတို့တွေ တကယ်ပဲ ဒါနဲ့ကြုံတွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။ ”

ချန်လွေ့ ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ငါတို့တွေ တကယ်ပဲ နှစ်ပေါင်းသုံးလေးရာမှ တစ်ခါပေါ်လာတဲ့ “ မဟာဆုလာဒ်ကြီး ” နဲ့ တွေ့ကြုံခဲ့ရတယ်။ဒီခရီးက ကံတော်တော်လေး ကောင်းတဲ့ပုံပဲ။

တစ်အုပ် ဖြတ်သွားပြီးနောက် နောက်တစ်အုပ် လိုက်လာသည်။တောထဲရှိ နတ်ဆိုးသားရဲများအားလုံး ကုန်သွားပြီဟု ထင်ရလေသည်။ထိုသတ္တဝါများထံမှ ချန်လွေ့သည် စိုးရိမ်ကြောက်လန့်နေမှုများကို ခံစားနေရသည်။သို့သော်လည်း အချက်အလက်အများကြီးနှင့် အမြန်နှုန်းကြောင့် ချန်လွေ့ သေသေချာချာ မသိရပေ။ ချန်လွေ့ တစ်ခုခုစဉ်းစာမိလိုက်ပြီး အသီနာကို မေးလိုက်သည်။

“ နတ်ဆိုးသားရဲတစ်ကောင် ဖမ်းပေးနိုင်မလား။သူတို့ဘာလို့ ဒီလိုဖြစ်နေရလဲဆိုတာကို နားလည်အောင် ငါ့ရဲ့ သားရဲထိန်းကျောင်း အစွမ်း သုံးကြည့်ချင်တယ်။ ”

ချန်လွေ့သည် ကိုယ်တိုင်လုပ်နိုင်‌သည်။သို့သော်လည်း သူ့အကြောင်းကို အသီနာ သိသွားမည်ဖြစ်၍ ထိုကဲ့သို့ အကူအညီတောင်းရခြင်း ဖြစ်သည်။

အသီနာ ဘာမှမစဉ်းစားဘဲ ခီဂူကို အောက်သို့ ပျံခိုင်းလိုက်သည်။မြေနေရာသေးသေးလေး တစ်ခု၌ စက်ဝိုင်းပတ်ပြီးနောက်တွင် အသီနာ၏လက်ထဲ၌ အတော်လေးကြီးသည့် နတ်ဆိုးသားရဲတစ်ကောင် ရရှိနေပြီဖြစ်သည်။၎င်းသည် ပွေးကောင်နှင့်တူသည်။ သို့သော်လည်း ၎င်းတွင် တောင်ပံတစ်စုံပါပြီး ချွန်ထက်သည့် ခြေသည်းလက်သည်းများ ပါရှိနေသည်။

ထို “ ပွေးကောင် ” ၏ ခံစားချက်သည်လည်း တော်တော်လေး ကြောက်နေ‌သည်။ ချန်လွေ့သည် ၎င်းကို စိတ်ငြိမ်အောင် လုပ်ပြီး အသီနာကို အစာကျွေးခိုင်းလိုက်ရာ နောက်ဆုံး၌ အနည်းငယ် တည်ငြိမ်သွားသည်။သို့သော်လည်း ထိုနတ်ဆိုးသားရဲ၏ အသိဉာဏ်သည် တော်တော်လေး နိမ့်ပါးလှသည်။၎င်း၏ မန်ဖီသံများတွင် စကားလုံး အနည်းငယ်သာ ရှိသည်။

“ မိစ္ဆာသစ်သီး။ပြေးတော့။ ”

မိစ္ဆာသစ်သီးတဲ့လား။၎င်းကို အာနီမဲတစ်ခုထံမှ ကြားဖူးသည့်အတွက် ချန်လွေ့သည် အနည်းငယ် ရင်းနှီးသလို ခံစားလိုက်ရသည်။ချန်လွေ့ ရုတ်တရက် စိတ်ဝင်စားသွားသော်လည်း “ ပွေးကောင် ” ပြော‌နိုင်သည့် အချက်အလက်သည် အနည်းငယ်သာ ရှိသည်။

“ မိစ္ဆာသစ်သီး ” ဟူသော စကားလုံးကို ကြားလိုက်သည့်အခါ အသီနာသည် ရုတ်တရက် ထိတ်လန့်သွားပုံ ‌ဖြစ်သွား၍ ချန်လွေ့ အံ့ဩသွားသည်။

“ ချန်လွေ့။နင်ထပ်ပြီး မေးလို့ရသေးလား။မရရင် ငါနောက်တစ်ကောင် ထပ်ဖမ်းပေးမယ်။ ”

မိစ္ဆာသစ်သီးနှင့် ပတ်သက်၍ အသီနာသည် အလွန်သတိထားပုံပေါ်သည်။အသီနာသည် “ ပွေးကောင် ”ကို လွှင့်ပစ်လိုက်ပြီး ဝိုင်ဗန်စီးကာ အခြားတစ်ကောင် သွားဖမ်းတော့သည်။ “ ပွေးကောင် ”လည်း တောင်ပံခတ်ပြီး ကြောက်လန့်တကြားနှင့် ထွက်ပြေးနေသည့် အုပ်စုနောက် လိုက်တော့သည်။

အသီနာသည် နတ်ဆိုးသားရဲ သုံးလေးကောင်လောက်ကို တစ်ခါတည်း ဖမ်းလာလိုက်သည်။သို့သော်လည်း သူတို့သည် ပို၍ပင် ဘာမှမသိပေ။အစွမ်းထက် တစ္ဆေနဂါးတစ်ကောင်က သူတို့ကို မောင်းထုတ်သည်ကိုသာ သိကြသည်။ သူတို့မထွက်ပြေးကြလျှင် သူတို့သည် တစ္ဆေနဂါး၏ အစာဖြစ်သွားပေမည်။ ထိုအပိုင်းအစများကို ပေါင်းစပ်လိုက်ပြီး ချန်လွေ့ သေချာစဉ်းစားစိစစ်လိုက်သည်။ တောနက်ထဲရှိ မိစ္ဆာသစ်သီး ရင့်မှည့်နေပြီး တ‌စ္ဆေနဂါးသည် ၎င်းကို စားချင်နေသည်။ ထို့ကြောင့် နတ်ဆိုးသားရဲအားလုံးကို မောင်းထုတ်လိုက်ခြင်း ဖြစ်ပေမည်။

၎င်းသည် နှစ်ပေါင်းသုံးလေးရာကြာတိုင်း မိုးသစ်တောမည်း၌ သားရဲအုပ်ကြီး ဖြစ်ရသည့် အကြောင်းရင်း ဖြစ်ပေမည်။သို့သော်လည်း ချန်လွေ့ ဇဝေဇဝါ ဖြစ်သွားသည်။ တစ္ဆေနဂါးက အစွမ်းထက်တယ်ဆိုရင် သူကဘာလို့ နတ်ဆိုးသားရဲတွေကို မောင်းထုတ် လိုက်ရတာလဲ။တခြားနတ်ဆိုးသားရဲတွေ သစ်သီးကိုစားမှာ စိုးရိမ်လို့လား။ဒါမှမဟုတ် အပြင်လူတွေ သစ်သီးကို ယူလို့မရအောင် တားဆီးဖို့လား။

ချန်လွေ့၏ စိစစ်စဉ်းစားမှုကို နားထောင်ပြီးနောက် အသီနာ ခဏစဉ်းစားပြီး ပြောလိုက်သည်။

“ ချန်လွေ့။မိစ္ဆာသစ်သီးက င့ါအတွက် တော်တော်လေး အရေးကြီးတယ်။ငါရမှ ဖြစ်မယ်။ငါအခုပဲ တောထဲမှာ သွားရှာလိုက်မယ်။နင်ဒီမှာပဲနေ။သားရဲအုပ်ကြီး လုံးဝမပျောက်သွားခင်အထိ မဆင်းလာနဲ့။အန္တရာယ်တစ်ခုခုဖြစ်ရင် ဝိုင်ဗန်စီးပြီး ထွက်ပြေးလိုက်။ ”

“ နေဦး။ ”

ချန်လွေ့လည်း သွားကြည့်ချင်နေသည်။၎င်းသည် အရှိန်အဝါ အမြောက်များ ထောက်ပံ့ပေးနိုင်သည့် သစ်သီးလည်း ဖြစ်နိုင်ပေသည်။အသီနာတစ်ကိုယ်တည်း စွန့်စားချင်သည်ကို မြင်လိုက်ပြီး ချန်လွေ့ အမြန်ပြောလိုက်သည်။

“ တူတူသွားရအောင်။ ”

“ မရဘူး။ ”

အသီနာ ခေါင်းခါလိုက်သည်။

“ တစ္ဆေနဂါးက ဘာနဂါးအမျိုးအစားလဲဆိုတာ ငါမသိပေမဲ့ ဒီလောက်ကြီးကဲ သားရဲအုပ်ကို ဖန်တီးနိုင်တာဆိုတော့ သူရဲ့စွမ်းအားက တော်တော်လေး ကြီးမား လောက်တယ်။ငါက ကံစမ်းချင်ရုံပါ။နင့်အတွက် အန္တရာယ်များလွန်းတယ်။ ”

“ အသီနာ။ရှီလန်တောင်လည်း အန္တရာယ်များတာပဲ။မင်းငါ့ကိုဘာလို့ အတူလိုက်ခဲ့ ပေးတာလဲ။စိတ်မပူပါနဲ့။ငါမင်းအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရပါဘူး။ငါ့မှာ သားရဲထိန်းကျောင်း အစွမ်းရှိတယ်လေ။တကယ် အန္တရာယ်ရှိရင် အန္တရာယ်ကင်းတဲ့ နေရာကနေ စောင့်နေမယ်။ဟုတ်ပြီလား။ ”

အသီနာ တုံ့ဆိုင်းနေသေးသည်ကို မြင်လိုက်ပြီး ချန်လွေ့ ရိုးရိုးရှင်းရှင်း မေးလိုက်သည်။

“ငါတို့က အပေါင်းအဖော်တွေ မဟုတ်လား။ ”

အသီနာ ထိတ်လန့်သွားသည်။တိုက်ဆိုင်စွာပင် အသီနာ၏ မျက်လုံးများသည် ချန်လွေ့နှင့် ဆုံသွားသည်။အေးမြသည့် လရောင်အောက်တွင် ချန်လွေ့၏ မျက်လုံးများသည် အလွန် စွဲမက်စရာ ကောင်းနေသည်။

ရုတ်တရက် အသီနာ ရှက်မနေတော့ဘဲ နွေးထွေးမှုနှင့် ယုံကြည်ချက်များ ပြည့်နှက် သွားသည်။အသီနာ ပင့်သက်ရှိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ သွားရအောင်။ ”

သူတို့သည် ဝိုင်ဗန်များကို ထိန်းချုပ်ပြီး နိမ့်နိမ့်ပျံနေကာ သားရဲအုပ်၏ ဆန့်ကျင်ဘက်သို့ သေသေချာချာ ရှေ့ဆက်သွားတော့သည်။

မိစ္ဆာသစ်သီးသည် နှစ်ပေါင်းသုံးလေးရာကြာမီ တစ်ခါရင့်မှည့်သည့် ရှားပါးသစ်သီးတစ်ခု ဖြစ်သည်ဟု အသီနာထံမှ ချန်လွေ့ သိလိုက်သည်။၎င်းသည်အလွန် အဆိပ်ပြင်းထန် လှသည်။သို့သော်လည်း ၎င်းတွက် နတ်ဆိုးများအတွက် ထူးခြားသည့် အရေးပါမှုတစ်ခု ရှိသည်။သိကြသည့်အတိုင်းပင် နတ်ဆိုးများသည် အလွန်အစွမ်းထက်ကြသော်လည်း လူသားများထက် အလားအလာနိမ့်ကျသည်။တော်ဝင်မိသားစု၏ အတော်ဆုံးများ အပြင် အခြားနတ်ဆိုးများ၏ တိုးတက်မှုမှာ လွန်စွာ အကန့်အသတ်ရှိသည်။ဥပမာအနေဖြင့် အဇရူပဒေဝတာ အများစုသည် အလယ်ဆင့်နတ်ဆိုး၌သာ ကျန်ရစ်နေကြပြီး အဆင့် မတက်နိုင်ကြတော့ပေ။မဟာနတ်ဆိုးတစ်ယောက်၌ သန္ဓေပြောင်း သွေးမျိုးဆက်မရှိလျှင် အမြင့်ဆင့်နတ်ဆိုး ကန့်သတ်ချက်ကို ချိုးဖောက်ရန် မျှော်လင့်ချက်မရှိပေ။သန္ဓေပြောင်း သွေးမျိုးဆက်ရှိသည့် မဟာနတ်ဆိုးဖြစ်‌သော အသီနာသည်ပင် အကန့်အသတ် ချိုးဖောက်နိုင်ချေ အနည်းငယ် တိုးတက်သွားခြင်းသာဖြစ်သည်။ထို့ကြောင့် အခက်အခဲသည် ရူးချင်စရာပင် ဖြစ်သည်။

မိစ္ဆာသစ်သီးသည် ခွန်အားတိုးစေရုံသာမက အထူးအာနိသင်တစ်ခုလည်း ရှိသည်။ ၎င်းသည် နတ်ဆိုးများ၏ အလားအလာကို ကြီးကြီးမားမား တိုးမြှင့်ပေးပြီး အဆင့်တက်နိုင်ချေကို အဆပေါင်းများစွာ တိုးစေသည်။ထပ်တိုး အထူးစွမ်းရည် ရရှိနိုင်ရန်လည်း အခွင့်အရေး နည်းနည်းလေး ရှိသည်။သို့သော်လည်း သစ်သီး၏ သေစေနိုင်သည့်အဆိပ်ကို ခုခံနိုင်မှသာ ဖြစ်သည်။စားသုံးသူ၏ အစွမ်း ပိုမြင့်လေလေ သစ်သီး၏ အဆိပ်သည် ပိုမြင့်လေလေဖြစ်ပြီး သက်ရောက်မှု အဆတိုးသွားသည်။

နတ်ဆိုးများအတွက် မိစ္ဆာသစ်သီးသည် အကန့်အသတ်များ ချိုးဖောက်ရန်အတွက် အဖိုးမဖြတ်နိုငိသည့် ရတနာတစ်ခုနှင့် ညီမျှပေသည်။ထို့ကြောင့်ပင် အသီနာအလွန် စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။

တော်ဝင်မိသားစုအတွက်ဆိုလျှင်တောင် အလားအလာကလွဲ၍ စွမ်းအားတိုးမြှင့်မှုနှင့် ထပ်တိုးအထူးစွမ်းရည် ရရှိမှုတို့သည် အတော်လေး ဆွဲဆောင်နိုင်လေသည်။

သစ်တောသည် တဖြည်းဖြည်းထူလာပြီး ဝိုင်ဗန်များ ပျံသန်းရန်အတွက် မသင့်တော် တော့ပေ။ကံကောင်းစွာပင် သာရဲအုပ်ကြီးသည် ယခု ရပ်တန့်သွားပြီ ဖြစ်သည်။ထို့ကြောင့် အသီနာနှင့်ချန်လွေ့တို့သည် မြေပေါ်သို့ဆင်းပြီး ဝိုင်ဗန်နှစ်ကောင်ကို ကိုင်ကာ ဂရုတစိုက် ရှေ့ဆက်သွားတော့သည်။

ထိုအချိန်တွင် အဝေးတစ်နေရာမှ မာန်ဖီသံ တိုးတိုးလေး ထွက်လာသည်။ထိုအသံထဲတွင် အဆုံးမရှိသည့် ရက်စက်မှုနှင့် ကြမ်းတမ်းမှုများ ရှိနေသည်။မန္ဂဒါနှင့် ခီဂူတို့သည် တစ်ချိန်တည်းမှာပင် ရပ်တန့်သွားပြီး မျက်လုံးများထဲ၌ ကြောက်လန့်မှုများ ပြည့်နေသည်။တစ်နည်းနည်းဖြင့် သူတို့သည် ရှေ့ဆက်မသွားရဲတော့ပေ။

ချန်လွေ့ခဏ စဉ်းစားလိုက်ပြီး ဝိုင်ဗန်နှစ်ကောင်ကို အတင်းအကျပ် မသွားခိုင်းတော့ပေ။ သူတို့ကို ထိုနေရာတွင်ပင် ချန်ထားခဲ့ပြီး နှစ်သိမ့်ပေးလိုက်သည်။ထို့နောက်တွင် ချန်လွေ့သည် ထိုအသံဆီသို့ အသီနာနှင့်အတူ ရှေ့ဆက်သွားတော့သည်။အသီနာသည် ချန်လွေ့ကို နေစေချင်ခဲ့သည်။သို့သော်လည်း လူသား၏ ခေါင်းမာမှုကို မတိုက်ခိုက် နိုင်သည့်အတွက် နှစ်ယောက်သားအတူတူ ရှေ့ဆက်သွားရတော့သည်။

အနီးအနားရှိ နတ်ဆိုးသားရဲများသည် တောင်အစွန်အဖျားသို့ ထွက်ပြေးသွားကြပြီ ဖြစ်သည့်အတွက် ရှေ့တစ်လျှောက်၌ မည်သည့်အန္တရာယ်မှ ရှိမနေပေ။သူတို့ နှစ်ယောက်သည် ဖြည်းဖြည်းချင်း အသံရှိရာသို့ ချဉ်းကပ်လာသည်။ထူးဆန်းစွာပင် တစ်ခဏရှာဖွေပြီးနောက် ချန်လွေ့နှင့်အသီနာတို့သည် မူလနေရာကိုပင် ပြန်ရောက် လာသည်။

“ အသံက ရှေ့မှာဖြစ်ရမှာလေ။ဘာလို့ဒီလို ဖြစ်နေရတာလဲ။ ”

အသီနာ သံသယဖြစ်သွားသည်။ချန်လွေ့နှင့်အသီနာတို့ အတွေးတူနေကြသည်။ သို့သော်လည်း ချန်လွေ့တွင် အသီနာမခံစားရသည့် ခံစားချက်တစ်ခုရှိနေသည်။၎င်းသည် ရင်းနှီးပြီး ထူးဆန်းသည့် ခံစားချက်ပင် ဖြစ်သည်။

နေပါဦး။ဒါက.....

“ ချန်လွေ့ ”

ချန်လွေ့သည် ချုံပုတ်နောက်ကွယ်ရှိ သစ်ပင်ကြီးဆီသို့ တည့်တည့်သွားပြီး ပျောက်ကွယ်သွားသည်ကို အသီနာ တွေ့လိုက်ပြီး ထူးထူးခြားခြား ထိတ်လန့်သွားသည်။

ထို့နောက် သစ်ပင်ထဲမှ ချန်လွေ့၏ ခန္ဓာကိုယ်တစ်ပိုင်းထွက်လာသည်ကို အသီနာတွေ့လိုက်သည်။

“ အသီနာ။ဒီလမ်းပဲ။ ”

အသီနာသည် တအံ့တဩဖြင့် ရှေ့သို့ ဆက်သွားလိုက်သည်။သစ်ပင်ကို ထိကြည့်လိုက် သည့်အခါ အမှန်တကယ်ပင် အတုအယောင်ဖြစ်နေသည်။သို့သော်လည်း ရှေ့ဘက်ရှိ ချုံပုတ်များမှာ အမှန်တကယ်ပင် ဖြစ်သည်။အစစ်နှင့်အတု အရောအနှော ဖြစ်နေသည်။ ဒါကြောင့်ပဲ ငါတို့က လမ်းကြောင်းအမှန်ကို အကြာကြီးရှာတာတောင် မတွေ့တာကိုး။ဒါပေမဲ့ ချန်လွေ့က ဘယ်လိုရှာတွေ့သွားတာလဲ။သူ့ကို ပေးလိုက်လာခိုင်းတာ မှန်သွားတဲ့ပုံပဲ။

သစ်ပင်ကြီးထဲသို့ အသီနာလမ်းလျှောက်သွားသည့်အခါ အရှေ့ရှိမြင်ကွင်းများသည် ပြောင်းလဲမသွားဟု ခံစားရသည်။သို့သော်လည်း ချန်လွေ့ ဝင်သွားသည့်အခါ အပြင်ဘက်မှ မမြင်ရတော့ပေ။အသီနာလည်း မဟာဓားကြီးကို ဆွဲထုတ်လိုက်သည်။ လမ်းကြောင်းကို ဆက်လက်ရှာဖွေရန်အတွက် ရှေ့ဆက်သွားရန်ပြင်လိုက်စဉ် ချန်လွေ့၏တိုးတိုးပြောသံကို ရုတ်တရက် ကြားလိုက်ရသည်။

“ မလှုပ်နဲ့။ ”

ချန်လွေ့၏မျက်နှာသည် အလွန်ပင် လေးနက်နေသည်။သို့သော်လည်း သူ၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှု အနည်းငယ် ရှိနေသည်။အကြောင်းရင်းမှာ သူ၏ဦးနှောက်ထဲ၌ ရရှိထားသည့် အသိပညာရပ်အသစ်တစ်ခုက ဤနယ်မြေရှိ လျို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းပေးလိုက်၍ဖြစ်သည်။

နဂါးထွင်းစာ။ဒါက နဂါးထွင်းစာ အစွမ်းပဲ။

All Chapters