ကတိ။တစ်လကတိ
Vol. 6 Ch. 86
“ မိစ္ဆာသစ်သီးတွေပဲ။ ”
အသီနာသည် ကိုယ့်မျက်စိကိုယ် မယုံနိုင်တော့ပေ။မျက်တောင်ခတ်ပြီး သေသေချာချာ ပြန်ကြည့်လိုက်သည်။၎င်းသည် အမှန်တကယ်ပင် မိစ္ဆာသစ်သီး ဖြစ်နေသည်။
ဤလူသားသည် နောက်ထပ် အံ့ဩဖွယ်ရာတစ်ခုကို ထပ်ဖန်တီးခဲ့လေပြီ။တစ္ဆေနဂါးဆီမှ မည်သည်မှမထိခိုက်ဘဲ ပြန်လာနိုင်ရုံသာမက မိစ္ဆာသစ်သီးလည်း ရရှိခဲ့ပေသည်။
“ ဒါတွေအားလုံး မင်းအတွက်ပဲ။ ”
ချန်လွေ့သည် မိစ္ဆာသစ်သီးကို အရှိန်အဝါအဖြစ်ပြောင်းလဲရန် ကြိုးစားကြည့်ခဲ့ဖူးသည်။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။ထို့ပြင် ၎င်းသည် လူသားခန္ဓာကိုယ်ကို မည်ကဲ့သို့ ဖြစ်စေနိုင်မည့်အကြောင်းကိုလည်း မသိပေ။ထို့ကြောင့် ယခုတစ်ခေါက်တွင် ချန်လွေ့ ရက်ရောနေခြင်း ဖြစ်သည်။၎င်းကို အရှိန်အဝါအဖြစ် ကူးပြောင်းနိုင်လျှင်တောင် တစ်ဝက်ကို အသီနာအတွက်ချန်ထားရန် ချန်လွေ့ ဆုံးဖြတ်ထားခဲ့ပြီးပြီ ဖြစ်သည်။
အသီနာသည် နတ်ဆိုးများ၏မျက်လုံးထဲ၌ အဖိုးမဖြတ်နိုင်သည့် သစ်သီး၆လုံးကို ကိုင်ထားသည်။ပြုံးနေသည့် ချန်လွေ့ကို ကြည့်နေရင်း အသီနာ၏မျက်လုံးများ အနည်းငယ် နီမြန်းလာသည်။ထိုအခိုက်တွင် အသီနာသည် လုံးဝ စိတ်ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။အဆိပ်နဂါးကို ရင်ဆိုင်တဲ့နေရာမှာ ဉာဏ်ပညာရော သတ္တိရော ပြည့်ဝနေတဲ့ အရိပ်။ဟာသဉာဏ်ရှိပြီးတော့ ဗဟုသုတကြွယ်တဲ့ အရိပ်။ဉာဏ်ပညာတွေ အစီအစဉ်တွေ ရှိတဲ့ အရိပ်။၎င်းတို့အားလုံးသည် ခုနကအပြုံးထဲ၌ ပေါင်းစုသွားသည်။ထိုအပြုံးနှင့် ယှဉ်လျှင် မိစ္ဆာသစ်သီးများသည် အမှန်တကယ် ဘာမှမဟုတ်ပေ။
“ ကျေးဇူးပါပဲ။ ”
အသီနာ ထပ်မပြောတော့ပေ။
“ ငါမှတ်မိတာကတော့ အရင်တစ်ခေါက် ငါ ကျေးဇူးတင်တယ်လို့ ပြောတုန်းက မင်း ဓားထုတ်လိုက်တာပဲ။ ”
ချန်လွေ့သည် ပြုံးနေရင်း ပြောလိုက်ပြီး အသီနာ၏လက်ထဲရှိ သစ်သီးများဆီသို့ ခုန်ဝင်တော့မည် အရိပ်တစ်ခုကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။
“ ဒိုဒို။အဲ့ဒီ သစ်သီးတွေက အသီနာရဲ့ဟာ။မထိနဲ့။ ”
အသီနာသည် ချန်လွေ့ထက်ထဲရှိ ဖောက်ထွင်းမြင်ရသည့် ကြက်သွန်နီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။သူ၏အာရုံဖြင့် ဤအရာကို သတိမထားမိမည်ဟု အသီနာ ထင်မထားခဲ့ပေ။ထို့ပြင် ကြက်သွန်နီသည် မြှောက်ပင့်သည့်စကားများ ပြောနေသည်။
“ မြင့်မြတ်လှတဲ့ သခင်။ဒိုဒိုက တစ်လုံးပဲ လိုချင်တာပါ။လုပ်ပါ။ ”
အသီနာ သတိပြန်လည်သွားပြီး သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။
“ ဒါကဘာကြီးလဲ။ ”
“ ဒါက တစ္ဆေနဂါးရဲ့ သရုပ်မှန်ပဲ...... ”
ချန်လွေ့သည် ဒိုဒိုအကြောင်း အကုန်လုံး ပြောပြလိုက်သည်။တစ္ဆေနဂါးကို တိုက်ခိုက်ခဲ့သည့် အကြောင်းကိုတော့ ချန်ထားလိုက်သည်။မဟာဆရာသခင်၏ အသိပညာကို အသုံးချပြီး မှော်ထောင်ခြောက်များကို ပြောင်းလဲကာ တစ္ဆေနဂါးအတုအား အနိုင်ယူခဲ့သည်ဟူ၍သာ ပြောခဲ့သည်။
၎င်းတို့သည် ချန်လွေ့နှင့်ဒိုဒိုတို့ ကြိုတင် သဘောတူထားသည့် “ ဖွင့်ဟချက်များ ” ဖြစ်သည်။ဒိုဒိုလည်း ခေါင်းညိတ်လိုက်နေလိုက်သည်။သို့သော်လည်း ၎င်း၏မျက်လုံးကြီး များသည် အသီနာ၏လက်ထဲရှိ မိစ္ဆာသစ်သီးများကို စောင့်ကြည့်နေသည်။
“ မိစ္ဆာသစ်သီးက ပထမဆုံးတစ်ခေါက်ပဲ အာနိသင်ရှိတာ။ဒုတိယတစ်လုံးစားလို့ ဘာအကျိုးမှ မရှိဘူး။ ”
အသီနာ၏ မျက်နှာသည် ထိတ်လန့်ခြင်းမှ အံ့အားသင့်သွားခြင်းအဖြစ် ပြောင်းလဲ သွားသည်။
“ ငတုံးချွဲကျိကောင်။ငါ့ကိုပြောစမ်း။မိစ္ဆာသစ်သီးတွေ မင်းဘယ်လောက်တောင် စားခဲ့တာလဲ။ ”
“ ဟမ့်။မင်းက ငါ့လို ဆရာသခင်ဒိုဒိုကို ငတုံးချွဲကျိကောင်လို့ ခေါ်ရဲတယ်ပေါ့။ ငါသေမယ်ဆိုရင်တောင်...... ”
ဒိုဒို စကားမဆုံးသေးခင်မှာပင် ချန်လွေ့သည် ၎င်းကို ခေါင်းခေါက်လိုက်သည်။
“ မြန်မြန်ပြော။ ”
“ လေးစားရတဲ့သခင်။ခဏစောင့်ပေးပါ။ဒိုဒို ရေတွက်ကြည့်လိုက်ဦးမယ်။ ”
သခင်ကိုယ်တိုင် ပြောသည့်အတွက် ဒိုဒိုသည် စိတ်မပါဘဲ ပြန်စဉ်းစားရတော့သည်။[ အသွင်ပြောင်းခြင်း ]ကို သုံးပြီး လက်နှစ်ဖက် ဖန်တီးကာ စတင်ရေတွက်တော့သည်။
မကြာမီတွင် ၎င်းသည် နောက်ထပ် လက်နှစ်ဖက်ကို ဖန်တီးလိုက်သည်။ခဏကြာသည့် အခါ ဒိုဒိုတွင် လက်၈ဖက် ရှိနေပြီဖြစ်သည်။သို့သော်လည်း ဆက်လက် ရေတွက်နေဆဲပင် ဖြစ်သည်။
ချန်လွေ့နှင့် အသီနာတို့သည် ကြည့်နေရင်း ချွေးများပျံလာသည်။အထူးသဖြင့် အသီနာသည် ရူးတော့မလို ဖြစ်သွားသည်။ ဒီချွဲကျိကောင်က မိစ္ဆာသစ်သီးတွေကို ဘယ်လောက်တောင် စားခဲ့တာလဲ။အဲ့ဒါတွေက တန်ဖိုးဖြတ်လို့ မရတဲ့ဟာတွေ။
ဒိုဒိုသည် အချိန်အကြာကြီး ရေတွက်ပြီးနောက် ဝမ်းနည်းသွားပုံရသည်။
“ သခင်။ဒိုဒို သေသေချာချာမမှတ်မိတော့ဘူး။ဒါပေမဲ့ လက်၈ဖက် ၉ဖက် လောက်တော့ ဖြစ်နိုင်တယ်။ ”
အသီနာကဲ့သို့ စိတ်ဓာတ်ခိုင်မာသည့်သူတောင် ထိုအချိန်၌ သတိလစ်မတတ် ဖြစ်သွားသည်။ လက်၈ဖက် ၉ဖက် ဟုတ်လား။အဲဒါဆို မိစ္ဆာသစ်သီး အလုံး၄၀ ကျော်မှာပဲ။သစ်ပင်၏ အသီးအရေအတွက်ကို ကြည့်မယ်ဆိုရင် တစ်ခေါက်ကို ၅လုံး ၆လုံးလောက်ပဲ သီးတယ်။၄၀ကျော်ဆိုရင်တော့.....ဒါက လာလာအာလူး မဟုတ်ဘူး။စစ်ဖြစ်စေနိုင်တဲ့ အဖိုးတန် မိစ္ဆာသစ်သီးလေ။
ချန်လွေ့လည်း ထိတ်လန့်သွားသည်။ချန်လွေ့ မြင်သည်မှာ ဒိုဒိုစားလိုက်သည့် နတ်ဆိုးသစ်သီးများမဟုတ်ဘဲ မှော်သလင်းကျောက်ဒင်္ဂါး အမြောက်အများ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ၎င်းတို့သည် အရှိန်အဝါ အမြောက်အများပင် ဖြစ်သည်။ ဖြုန်းတီးတယ်ဆိုတာ ဘာလဲ။ဒါကမှတကယ့် ဖြုန်းတီးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
မိစ္ဆာသစ်သီးသည် နှစ်ပေါင်း သုံးလေးရာ ကြာမှသာ ရင့်မှည့်သည်။ထို့ကြောင့် ယခင်နှစ်များသည် ယခုမှ လောက ကူးပြောင်းလာသည့် ချန်လွေ့နှင့် ဘာမှမဆိုင်ပေ။ တွက်ချက်ကြည့်လိုက်သည့်အခါ ဒိုဒိုသည် အနည်းဆုံး နှစ်ပေါင်း သုံးလေးထောင်ခန့် အသက်ရှင်ပြီးပြီ ဖြစ်သည်။
“ ချန်လွေ့။ငါ မိစ္ဆာသစ်သီး မစားချင်တော့ဘူး။ ”
အသီနာ သတိပြန်လည်လာပြီး အံကြိတ်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရာ ချွဲကျိကောင် အလွန်ပျော်ရွှင်သွားသည်။မိစ္ဆာသစ်သီးကို သခင်ဖြစ်သူထံမှ တောင်းခံရန်ပြင်လိုက်စဉ် အသီနာ၏ နောက်ထပ်စကားတစ်ခွန်းက ၎င်းကို ကြောက်ရွံ့သွားစေသည်။
“ ဒီချွဲကျိကောင်ကို ငါစားချင်တယ်။ ”
ချန်လွေ့သည် အသီနာစကားအတိုင်း လိုက်သွားသည်။
“ ဒိုဒိုက မိစ္ဆာသစ်သီးတွေ အများကြီး စားခဲ့တယ်။မင်းသူ့ကို စားမယ်ဆိုရင် မိစ္ဆာသစ်သီး စားတာထက်ကို ပိုပြီး အသုံးဝင်မှာပဲ။တိုက်ဆိုင်တာက အကင်လုပ်ဖို့အတွက် ဟင်းခတ် အမွှေးအကြိုင်တွေကို ငါယူလာခဲ့တယ်။မင်း ကျေနပ်အောင် ငါလုပ်ပေးမယ်။ ”
သခင်ဖြစ်သူပင် ထိုသို့ပြောလာသည့်အတွက် ချွဲကျိကောင်သည် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားပြီး စတင်တောင်းပန်တော့သည်။
“ လှပပြီးရဲရင့်တဲ့ သခင်မ။သစ္စာအရှိဆုံး ကျွန်လေးကို မစားပါနဲ့။ကျွန်တော့်အသားက မာလည်းမာတယ်။နံလည်းနံတယ်။အရသာလည်း လုံးဝ မကောင်းပါဘူး။ ”
“ သခင်မ ” ဟူသောစကားလုံးသည် အသီနာကို ရှက်သွားစေပြီး ချန်လွေ့ကို ဖြတ်ခနဲ ကြည့်လိုက်သည်။သို့သော်လည်း ချန်လွေ့သည် ဒိုဒိုကို အပျော်အပြက် အနေဖြင့် ကြည့်နေသည့်အတွက် သတိမထားမိလိုက်ပေ။
ရွိုင့်စ်ကလွဲပြီးတော့ ငါ့ရဲ့အစေခံ သုံးယောက်ဖြစ်တဲ့ ဒိုဒို၊စလီနဲ့ လူပုအိုကြီး ဒီဒီတို့ ဆုံကြရင် ဘယ်လိုနေမလဲ မသိဘူး။
ချန်လွေ့သည် အစေခံအသစ်ကို စနောက်ပြီးနောက်တွင် ခြောက်လှန့်မနေတော့ပေ။ အသီနာကို ချန်လွေ့ ပြောလိုက်သည်။
“ မင်းရဲ့ဒဏ်ရာက တော်တော်လေး ဆိုးတယ်။ဒိုဒို တစ္ဆေနဂါး အတုလုပ်တဲ့ နေရာမှာ သုံးလေးရက်လောက် သွားနားကြရအောင်။အဲ့ဒီနားတစ်ဝိုက်မှာ မှော်ထောင်ခြောက်တွေ အများကြီးပဲ။နတ်ဆိုးသားရဲတွေ မချဉ်းကပ်ရဲဘူး။တော်တော်လေး အန္တရာယ်ကင်း လောက်တယ်။နောက်တော့ အဲဒီကို ဝိုင်ဗန်နှစ်ကောင် ခေါ်လာခဲ့မယ်။ ”
“ ဟုတ်ပါပြီ။နင်ပေးတဲ့ ဆေးရည်က တော်တော်လေး အစွမ်းထက်တယ်။ငါ့ဒဏ်ရာတွေ တော်တော်မြန်မြန် ပြန်ကောင်းနေပြီ။ဒီမိစ္ဆာသစ်သီး၅လုံး နင်ပဲယူထားလိုက်။ငါတစ်လုံးပဲ ယူထားတယ်။ပြီးတော့လည်း ဒါကနင့်အတွက်။ဒါကို သေသေချာချာ သိမ်းထား။ ”
အသီနာသည် သိုလှောင်လက်ပတ်ထဲမှ စိန်ပုံစံ သလင်းကျောက်တစ်ခု ထုတ်ပြီး ချန်လွေ့ကိုပေးလိုက်သည်။
ထိုသလင်းကျောက် အေးစက်နေသည်ကိုသာ ချန်လွေ့ ခံစားရသည်။၎င်းသည် ထူးခြားသည့် အေးစက်မှုတစ်ခုကို ထုတ်လွှတ်ပေးနေသည်။ချန်လွေ့ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ ဒါကဘာလဲ။ ”
“ ဒဏ်ရာတွေ ပြန်သက်သာသွားရင် ငါ မိစ္ဆာသစ်သီးကို စားမယ်။ ”
အသီနာ ခေါင်းငုံ့လိုက်သည်။ချန်လွေ့ကို တည့်တည့်မကြည့်ပေ။
“ ဒီအသီးမှာက ထူးခြားတဲ့ အစွမ်းတစ်ခု ရှိတယ်။စားတဲ့သူ ပိုပြီးအစွမ်းထက်လေလေ အဆိပ်ကပိုပြီး ပြင်းလေလေပဲ။သမိုင်းထဲမှာ ဒီအဆိပ်ကြောင့် သေသွားတဲ့သူတွေ မရေတွက်နိုင်အောင်ပဲ။ဖြေဆေးတောင် ဘာမှမလုပ်နိုင်ဘူး။ ”
“ တကယ်လို့ငါ အဆိပ်ကို မခုခံနိုင်ရင်... ”
အသီနာ စကားရပ်ပြီး ခိုင်မာစွာ ပြောလိုက်သည်။
“ ရှီလန်တောင်ဆီကို သွားပြီးအသေမခံနဲ့။အမှောင်လနယ်မြေဆီကိုလည်း မပြန်နဲ့။ ဝိုင်ဗန်တွေကိုခေါ်ပြီး အနောက်ဘက်အထိ သွားလိုက်။အရိပ်နက် အင်ပါယာရဲ့ မြို့တော်ဆီကို ဒီရေခဲသလင်းကျောက် ယူသွားပြီးတော့ ဒေလီယာဆိုတဲ့ မိန်းကလေး တစ်ယောက်ကို သွားရှာ။လွန်ခဲ့တဲ့သုံးနှစ်တုန်းက သူ့ကို ကြီးကြီးမားမား အကြွေးတင်ထားတာ။နင့်ရဲ့စွမ်းရည်ရယ် ဒေလီယာရဲ့ အကူအညီနဲ့ရယ်ဆိုရင် အရိပ်နက်အင်ပါယာမှာ နင်အဆင်ပြေအောင် နေနိုင်မှာပဲ။နားလည်လား။ ”
ချန်လွေ့ ထိတ်လန့်သွားသည်။အသီနာသည် သူ့အတွက် အရန်အစီအစဉ် ပြင်ဆင်ထားမည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။လက်ထဲရှိ ရေခဲသလင်းကျောက်သည် ပူလောင်သည့် ခံစားချက်တစ်ခု ပါဝင်နေသည့်ပုံပေါ်သည်။ချန်လွေ့ ရုတ်တရက် တိတ်ဆိတ်သွားသည်။
“ အသီနာ။မင်းအဆင်ပြေမှာပါ။ ”
“ ချန်လွေ့။နင် နားမလည်ပါဘူး ..... ”
“ နားမလည်တာက မင်းပါ .... ”
ချန်လွေ့ ခေါင်းမော့ပြီး အသီနာ၏ ပတ္တမြားကဲ့သို့ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။အစိမ်းရောင် ပုလုံးတစ်လုံးကို ချန်လွေ့ ထုတ်လိုက်သည်။
“ ဒါကိုကိုင်ထား..... ဒါကို မှတ်မိလား။ ”
“ ဒါက...အရင်တစ်ခေါက်တုန်းက ရေကန်ပြာ အဆိပ်နဂါးပေးလိုက်တဲ့ ဖြေဆေး မဟုတ်လား။ ”
အသီနာသည် ၎င်းကိုယူပြီး ခဏကြာအောင် ကြည့်လိုက်သည်။
“ ဒါက တော်တော်လေး စပ်တဲ့ပုံပဲ။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။
“ ဒါကို ကျောက်စိမ်းပုလဲလို့ ခေါ်တယ်။အဆိပ်နဂါးရဲ့ အဖိုးတန်ပုံဆောင်ခဲ တစ်ခုပဲ။ နှစ်ပေါင်း၂၀၀မှ တစ်ခုပဲ ထုတ်နိုင်တာ။ဒါကိုစားရင် ဒဏ်ရာတွေကို မြန်မြန် ပြန်ကောင်း စေနိုင်ပြီးတော့ ခန္ဓာကိုယ်ရဲ့ အဆိပ်ခုခံနိုင်မှုကို အမြဲတမ်းအတွက် တိုးမြှင့်ပေးတယ်။ ”
“ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ကို အမြဲတမ်းအတွက် တိုးမြှင့်စေတာလား။ ”
အသီနာ ထိတ်လန့်သွားသည်။
“ အဆိပ်နဂါးကဘာလို့ ဒီလောက်အဖိုးတန်တဲ့ ပုံဆောင်ခဲကို ဖြေဆေးအနေနဲ့ ဘာလို့ ပေးခဲ့တာလဲ။ ”
“ ဘာလို့လဲဆိုတော့ မင်းရယ်၊မင်းသမီးလေးရယ်၊ခီရာရယ်က လုံးဝ အဆိပ်မမိထားလို့ပဲ။ ”
ချန်လွေ့သည် ၎င်းကို စိတ်ထဲ၌ သိမ်းထားရသည်မှာ ကြာလေပြီ။နောက်ဆုံး၌ မနေနိုင်တော့ဘဲ ထုတ်ပြောလိုက်သည်။
“ တောင်းပန်ပါတယ်။ငါမင်းကို အမှန်အတိုင်း မပြောခဲ့ဘူး ..... ”
“ နင်က လူယုတ်မာပဲ။ငါ့ကိုအမြဲတမ်း စိတ်ပူအောင် လုပ်တယ်။ ”
အသီနာသည် ဒဏ်ရာရနေသော်လည်း ချန်လွေ့ကို ခုန်အုပ်ပြီး မြေပေါ်သို့ တွန်းချ လိုက်သည်။အသီနာသည် ချန်လွေ့ကို ဆက်ပြီး ရိုက်နှက်နေတော့သည်။
“ သေလိုက်။လူယုတ်မာ။လူယုတ်မာ.... ”
သခင်ဖြစ်သူ တိုက်ခိုက်ခံနေရသည်ကိုမြင်ပြီး ဒိုဒို ကူညီချင်ခဲ့သည်။သို့သော်လည်း “ သခင်မ” သည် သူ့ကိုစားမည်ဟု ပြောထားသည့်အတွက် ဒိုဒို ဝင်မရှုပ်ရဲပေ။ထို့ပြင် သူ၏သခင်နှင့် သခင်မကြားရှိ အခြေအနေသည် အနည်းငယ် ထူးဆန်းနေသည်။ ရာသီကျရောက်လာသည့်အခါ အထီးနှင့်အမတို့ “ မတိုက်ခိုက်ခင် ” ပရောပရည် လုပ်နေသည်ဟုထင်ရသည်။အပြုအမူများမှာ ထိုကဲ့သို့ မဟုတ်ပေ။သို့သော်လည်း ထိုကဲ့သို့ထင်ရသည်။အကယ်၍ သူဝင်ရှုပ်မိလျှင် အမှန်တကယ်ပင် ကင်စားခံရနိုင်သည်။
နောက်ဆုံး၌ ဉာဏ်ပညာအနည်းငယ် ရထားသည့် ချွဲကျိကောင်သည် ပညာရှိစွာပင် မျက်ကွယ်ပြုထားလိုက်သည်။၎င်းသည် “ ငါ့ကိုမမြင်ရဘူး ” ဟူသော ကိုယ်ပျောက် နောက်ခံကဲ့သို့ပင် ဖြစ်သည်။
ချွဲကျိကောင်၏ ဝေဖန်မှုများသည် မဆီလျော်သည် မဟုတ်ပေ။အသီနာသည် အလွန် ကြမ်းတမ်းသည်။သို့သော်လည်း ချန်လွေ့အပေါ် ရိုက်နှက်မှုများသည် စွမ်းအားမဲ့နေသည်။ ဒဏ်ရာများကြောင့် အမြင့်ဆင့်နတ်ဆိုး အင်အားကို သုံးမနိုင်ခြင်းဟု နားလည်၍ ရသေးသည်။ထို့ပြင် အသီနာ၏ အသံသည် ကိုက်ခြင်းထက် ပိုဆိုးလေသည်။သာမန် လူသား ခန္ဓာကိုယ်ပင် ထိခိုက်မှု ကြီးကြီးမားမား ပေးနိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင် အသီနာ၏ လုပ်ရပ်များ ရပ်တန့်သွားသည်။ချန်လွေ့ကိုယ်ပေါ်တွင် လှဲလျောင်းနေရင်း အသီနာ မောဟိုက်နေသည်။ရုတ်တရက်ပင် သူ၏လုပ်ရပ်များသည် ရှက်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။အသီနာ၏ နှလုံးခုန်နှုန်းလည်း မြန်လာပြီး ရှက်ရှက်နှင့် ခန္ဓာကိုယ်ကို ထောက်ပံ့လိုက်သည်။ထို့နောက် ချန်လွေ့ကို နောက်တစ်ချက် ထပ်ထိုးပြီး ခေါင်းလှည့်ကာ ဘေးဘက်ရှိ မြေပြင်ပေါ်၌ ထိုင်လိုက်သည်။
ထိုကဲ့သို့ “ တိုက်ခိုက်မှု ” အဆင့်သည် ချန်လွေ့အတွက် အယားပြေရုံသာဖြစ်သည်။ သို့သော်လည်း ၎င်းသည် အသီနာကို စိတ်ပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုး ဖြစ်စေခဲ့သည်ကို ချန်လွေ့သိသည်။အသီနာသည် အဆိပ်နဂါးကို သေသည်အထိ တိုက်ခိုက်ရန်ပင် တွေးခဲ့သည်။ထို့ကြောင့် ချန်လွေ့သည် အမှန်တကယ်ပင် လိပ်ပြာမလုံချေ။“ အထိုးခံရ ” ပြီးသည့်အခါ ချန်လွေ့ထပြီး ရှင်းပြလိုက်သည်။
ချန်လွေ့သည် အဆိပ်နဂါးနှင့် သဟဇီဝစာချုပ် ချုပ်ဆိုထားကြောင်း ကြားလိုက်သည့်အခါ အသီနာ သဘောပေါက်သွားသည်။ထိုစဉ်က သဟဇီဝစာချုပ်၏ ဝိသေသလက္ခဏာနှင့် အတူ နှစ်ယောက်သား၏ ပတ်သက်မှုသည် သေရေးရှင်ရေးကိစ္စ ဖြစ်နေသည့်အတွက် အသီနာကိုယ်တိုင် ဖော်ထုတ်မည်မဟုတ်ပေ။
“ လူယုတ်မာ။နင်ဘာလို့ဆက်ပြီး ဖုံးကွယ် မထားတာလဲ။ ”
အသီနာ၏ဒေါသများ ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။
“ နင်ငါ့ကို ဘာတွေထပ်ပြီး ဖုံးကွယ်ထားသေးလဲ။ ”
“ တကယ်တော့ အများကြီး ရှိသေးတယ်..... ”
အသီနာ မျက်လုံးကျယ်သွားပြန်သည်ကို တွေ့သွားပြီး ချန်လွေ့ သက်ပြင်းချလိုက်သည်။
“ အသီနာ။ငါ့ကိုယုံကြည်ရင် အချိန်တစ်လပေး။အခုဘာမှ မမေးနဲ့ဦး။တစ်လနေရင် ငါမင်းကို အများကြီးပြောပြမယ်။ဒါပေမဲ့ ဒီတစ်လတော့ ငါပြောတာကို နားထောင်ရမယ်။ဟုတ်ပြီလား။ ”
အသီနာ အသာလေး မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“ တော်ဝင်မင်းသမီးနဲ့ အဲလစ်ရော ဒါတွေကိုသိလား။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ သဟဇီဝစာချုပ် မျှဝေထားတဲ့သူအပြင်ကို မင်းတစ်ယောက်ပဲ သိတာ။ ”
အသီနာ မျက်ခုံးပင့်လိုက်ပြီး မျက်လုံးများ အရောင်တောက်သွားသည်။သို့သော်လည်း သူ၏အသံသည် စိတ်တိုနေသည့်ဟန် ဖြစ်သည်။
“ ဟမ့်။နင်ပြောတာ မှတ်ထား။ ”
“ ဟုတ်ပါပြီ။စိတ်မဆိုးနဲ့တော့။ကျောက်စိမ်းပုလဲရဲ့ အဆိပ်ခုခံနိုင်မှုက အလိမ်အညာ မဟုတ်ဘူး။မင်း ဝိုင်ဗန်ကို စီးနိုင်တာက ငါပေးခဲ့တဲ့ ဖြေဆေးကြောင့် မဟုတ်ဘူး။မင်းရဲ့ ခန္ဓာကိုယ် အဆိပ်ခုခံမှု ကြောင့်ပဲ။အဲ့ဒါကြောင့် မိစ္ဆာသစ်သီးနဲ့ ပတ်သက်ရင်လည်း ပြဿနာ မရှိလောက်ပါဘူး။ ”
ချန်လွေ့ ပြုံးပြီး ပြောလိုက်သည်။
“ မင်းရဲ့ဒဏ်ရာတွေ သက်သာဖို့ နေရာတစ်ခုရှာပြီးတော့ အရင်နားကြတာပေါ့။ ကျောက်စိမ်းပုလဲက အာနိသင်ရှိရှိ မရှိရှိ မိစ္ဆာသစ်သီးမစားရင် တစ်ခုစားလိုက်။မိစ္ဆာ သစ်သီးရဲ့စွမ်းအားကို မင်း အပြည့်အဝ ခြေဖျက်ပြီးသွားတဲ့အခါကျရင် ငါတို့တွေ ရှီလန်တောင်ကို ခရီးဆက်ကြမယ်။ ”
အသီနာလည်း စိတ်မကောက်တော့ဘဲ လက်ထဲရှိ ကျောက်စိမ်းပုလဲကို ညင်ညင်သာသာ ထိကာ ခေါင်းညိတ်လိုက်သည်။
ချန်လွေ့သည် ငတုံးမဟုတ်ပေ။အသီနာ၏ ခံစားချက်များကို သူနားလည်သည်။ သူကိုယ်တိုင်လည်း အသီနာအပေါ် ခံစားချက်ရှိသည်။သို့သော်လည်း အရတ်စ်နှင့် တိုက်ပွဲမစခင် အချိန်သိပ်မလိုတော့ပေ။ထို့ကြောင့် ချန်လွေ့သည် ထိုတိုက်ပွဲအတွက် အာရုံအပြည့်အဝ စိုက်ရပေမည်။တခြားကိစ္စများနှင့် စိတ်အနှောင့်အယှက် ဖြစ်၍မရပေ။ ထို့နောက်တွင် ချန်လွေ့သည် သူတို့နှစ်ယောက်ကြားက ပြဿနာကို တစ်ကိုယ်တည်း ယောက်ျားနှင့်မိန်းမ အနေဖြင့် တည်တည်တံ့တံ့ ဖြေရှင်းမည် ဖြစ်သည်။