အရှိန်အဝါသစ်သီး။အရှိန်အဝါ အရင်းအမြစ်အသစ်
Vol. 7 Ch. 105
အသီနာသည် ဝိုင်ဗန်ထွက်ခွာသွားသည်ကို ကြည့်နေရင်း ပူနွေးနေသည့်ပါးပြင်ကို အုပ်ထားလိုက်သည်။သူ၏ရင်ဘတ်ထဲ၌ ရှက်စိတ်ရော ပျော်ရွှင်မှုပါ ပြည့်နှက်နေလေ၏။ ထိုအချိန်တွင် အသီနာသည် ခန္ဓာကိုယ်တစ်ခုလုံး အလွန်ပေါ့ပါးသွားသလိုခံစားလိုက်ရပြီး မြူးကြွရွှင်လန်းသွားတော့သည်။
အသီနာလှည့်ကြည့်လိုက်ရာ လက်ချောင်းများကြားထဲမှ ချောင်းကြည့်ရင်း ကျိတ်ရယ် နေသော ဒိုဒိုကို တွေ့လိုက်သည်။ထို့နောက် အသီနာသည် ရုတ်တရက် အသံမြှင့်ပြီး ပြောလိုက်သည်။
“ ချွဲကျိကောင်။နင်ဘာမြင်ခဲ့တာလဲ။ ”
“ ဘာမှမမြင်ပါဘူး။ ”
ဒိုဒိုသည် အလျင်အမြန်ပင် လက်ကို ဖယ်ရှားလိုက်ပြီး အသည်းအသန် ခေါင်းခါ လိုက်သည်။
“ ဒိုဒို ဘာမှ မမြင်ပါဘူး။ ”
အသီနာ သံသယဖြစ်နေပုံရပြီး လက်ထဲ၌ မဟာဓားပေါ်ထွက်လာကာ ချွဲကျိကောင်နားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာလိုက်သည်။
“ သခင်နဲ့ သခင်မ ဖက်နေတာရော သခင်မ ရှက်နေတာရောကို ဒိုဒို တကယ် မမြင်ခဲ့ပါဘူး.... ”
ဒိုဒိုသည် အသီနာ၏ သတ်ဖြတ်ချင်စိတ်ကို ခံစားမိလိုက်ပြီး ဗလုံးဗထွေးနှင့်ပြောကာ ကြောက်လန့်တကြား နောက်သို့ ခုန်သွားလိုက်သည်။
ထိုစကားများကို ပြောလိုက်သည့်အခါ ရှက်ပြီးဒေါသထွက်နေသည့် အသီနာသည် မဟာဓားကြီးကို ဝှေ့ရမ်းရင်း ဒိုဒိုဆီသို့ လျှောက်လာဖြင့် ချွဲကျိကောင်လည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားတော့သည်။
ရွက်စိမ်းတောအုပ်တစ်ခုလုံးတွင် ဒိုဒို၏ တောင်းပန်သံများနှင့် ပထမဆုံးအကြိမ်အဖြစ် စိတ်ပိုင်းဆိုင်ရာအရ ကျေနပ်သွားသည့် မိန်းမငယ်လေး၏ ရှက်ပြီးပျော်နေသော အော်ဟစ်သံများဖြင့် ပဲ့တင်ထပ်နေလေ၏။
ရှီလန်တောင်တန်းထဲတွင် ချန်လွေ့သည် မန္ဂဒါကို စီးရင်း မှော်မြေပုံ၏ အကူအညီနှင့်အတူ လိုင်ရာမြို့သို့ ပျံသန်းသွားနေသည်။
ပင်လယ်လှိုင်းကြမ်း၌ ရက်၂၀၀လေ့ကျင့်ပြီးသည့်အခါ ချန်လွေ့၏ ကြယ်စွမ်းအားသည် အရေအတွက်ရော အရည်အသွေးပါ တဟုန်ထိုး တိုးတက်လာတော့သည်။အခြေခံ အားဖြင့်ပြောရလျှင် ချန်လွေ့သည် ပင်လယ်လှိုင်းကြမ်း၏ ဆန်းကြယ်သော စွမ်းအားကို ကျွမ်းကျင်သွားပြီ ဖြစ်သည်။အသီနာ၏စွမ်းအားသည် အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်းနှင့် ညီမျှပြီး အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းသို့ ရောက်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့ သည့်အတွက် ချန်လွေ့ထက်အနည်းငယ် သာလွန်နေပေသည်။သို့သော်လည်း ပင်လယ်လှိုင်းကြမ်း၏ အားအောက်တွင် အသီနာ ရှုံးနိမ့်လုနီးပါး ဖြစ်သွားခဲ့သည်။
ပင်လယ်လှိုင်းကြမ်းမှ ရရှိသည့် တိုးတက်မှုများမှာ ဤမျှသာ မဟုတ်ပေ။[ အရှိန်အဝါဓားသွား ] နှင့် [ အရုဏ်ဦးပစ်ချက် ] တို့၏ ထိခိုက်မှုတို့သည်လည်း အတိုင်း အတိုင်းအတာတစ်ခုအထိ တိုးတက်သွားခဲ့သည်။[ အရှိန်အဝါဓားသွား ] သည်လည်း ပို၍ ပြင်းထန်လာပြီး ပိုထက်မြက်လာသည်။ယခင် [ အရှိန်အဝါဓားသွား ] ဆိုလျှင် အသီနာ၏ စွမ်းအားစုစည်းထားသော မဟာဓားကို ဖြတ်တောက်ရန် မဖြစ်နိုင်ပေ။
အသီနာနှင့် တိုက်ခိုက်ပြီးနောက်တွင် ချန်လွေ့သည် မိမိ၏လက်ရှိ စွမ်းအားကို တိတိကျကျ တိုင်းတာနိုင်ခဲ့သည်။ချန်လွေ့သည် အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်း၌ အစွမ်းဆုံးဖြစ်နိုင်ပြီး သာမန် အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်းများကို အလွယ်တကူပင် အနိုင်ယူနိုင်သည်။အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းများကိုတော့ ပင်လယ်လှိုင်းကြမ်း၌ ရရှိခဲ့သည့် စွမ်းအားနှင့် [ အရှိန်အဝါဓားသွား ] ၊ [ အရုဏ်ဦးပစ်ချက် ] ပေါင်းလိုက်လျှင် ယှဉ်ပြိုင်နိုင်လောက်ပေမည်။
အမှောင်လမြို့မှ ထွက်ခွာသည့်အခါတွင် ချန်လွေ့သည် အယ်ခိတ်အခြေအနေမှ အဆင့်တက်ခါစသာ ရှိသေးသည်။ချန်လွေ့သည် အမြင့်ဆင့်နတ်ဆိုး ကနပိုင်းဖြစ်သည့် မီကတ်စ်ကို လက်မတင်လေးသာ သတ်နိုင်ခဲ့သည်။မိုးသစ်တောမည်း၌ ရက်၂၀ လေ့ကျင့်ပြီးနောက်တွင် အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းဖြစ်ကြသည့် ရှယ်လီနှင့် ယာဂတ်စ်တို့ကို အနိုင်ယူနိုင်ခဲ့သည်။ထာဝရဆေးရည်မည်း တစ်စုံလုံး သောက်ပြီး ပင်လယ်လှိုင်းကြမ်း၌ ရက်၁၀၀လေ့ကျင့်ပြီးနောက်တွင် ဒဏ်ရာအပြင်းအထန်ရနေသည့် အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်း ကယ်လီရာကို သတ်ပစ်နိုင်ခဲ့သည်။ရက်၂၀၀ လေ့ကျင့်ပြီးနောက်တွင် ချန်လွေ့၏ မိုင်ဇာအခြေအနေ စွမ်းအား တည်ငြိမ်သွားပြီး အသီနာကိုပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။
တစ်နှစ်နီးပါးအချိန်တွင် အဆင့်အသေးတစ်ခုသာ တိုးတက်ခဲ့ပြီး ၎င်းသည် အမြင့်ဆင့် နတ်ဆိုး အလတ်ပိုင်း၌ အစွမ်းထက်ဆုံးနှင့် ညီမျှပေသည်။အတော်လေးနှေးကွေးသည်ဟု ချန်လွေ့ ခံစားနေရသည်။
ပါ့ဂ်လီအို ပြောသည့်အတိုင်း အတိအကျပင် ဖြစ်သည်။လေ့ကျင့်ရေး သည် အဆင့်ပိုမြင့် လာသည်နှင့်အမျှ ပိုတိုး၍ ခက်ခဲလာသည်။အယ်ခိတ်အခြေအနေ၌ဆိုလျှင် ချန်လွေ့သည် ပို၍စောစော အဆင့်တက်သွားလေပြီ။ယခုတွင် သူ၏ အတွေ့အကြုံတန်ဖိုးသည် ၆၀%သာ အနည်းငယ် ကျော်လွန်ပေသည်။နောက်တစ်ဆင့်တက်သွားလျှင် တိုးတက်မှု ပို၍နှေးကွေးသွားမည်ကို ချန်လွေ့ စိုးရိမ်နေမိသည်။
သို့သော်လည်း ပါ့ဂ်လီအိုသာ ဤနေရာ၌ တကယ်ရှိနေမည်ဆိုလျှင် ချန်လွေ့ကို မရောင့်ရဲနိုင်မှုအတွက် သေချာပေါက် ကြိမ်းမောင်းပေလိမ့်မည်။သာမန်အမြင့်ဆင့် နတ်ဆိုးတစ်ယောက်သည် ကနဦးပိုင်းမှ အလတ်ပိုင်းသို့ရောက်ရန် အနှစ်၂၀ လိုအပ်သည်။အလတ်ပိုင်းမှ နှောင်းပိုင်းသို့ရောက်ရန် နောက်ထပ် အနှစ်၁၀၀ လိုအပ်သည်။အရတ်စ်ကဲ့သို့ ပါရမီရှိသည့် မဟာနတ်ဆိုးအနေဖြင့် အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းမှ ထိပ်သီးပိုင်းသို့ ရောက်ရှိရန်အတွက် နှစ်၁၀၀ကြာမြင့်ခဲ့လေသည်။
အသီနာသည် သန္ဓေပြောင်း သွေးမျိုးဆက်ရှိသည့် မဟာနတ်ဆိုး ဖြစ်သည်။သန္ဓေပြောင်း သွေးမျိုးဆက်သည် မယုံနိုင်စရာ အလားအလာများနှင့် ပါရမီတို့ ရှိတတ်ကြသည်။ထို့ပြင် များစွာသောအစွမ်းများနှင့် အသိအမြင်များကို ဆက်ခံထားသည့် သွေးမျိုးဆက်မီ တိုက်ရိုက် ရရှိနိုင်သည်။သန္ဓေပြောင်း သွေးမျိုးဆက်ရှိသည့် မဟာနတ်ဆိုးများထဲ၌ပင် အသီနာ၏ အလားအလာသည် ထူးချွန်သည့် တည်ရှိမှုတစ်ခု ဖြစ်သည်။ယခင်ကောင်းကင် တိုက်ပွဲ၌ ပြိုင်ဘက်ဖြစ်သည့် ဂျိုးဆက်ပ်ပင် အသီနာကို မလေးစားဘဲ မနေနိုင်သည့် အတွက် “ ပါရမီရှင် ” ဟုပင် သုံးနှုန်းခဲ့သေးသည်။
နတ်ဆိုးဘုံ၌ တော်ဝင်မိသားစုများသည် ဘုရင်များပင် ဖြစ်ကြသည်။သူတို့တွင် အစွမ်းထက် သွေးမျိုးဆက် စွမ်းအားများ ရှိကြသည့်အပြင် သာမန်နတ်ဆိုးများကဲ့သို့ အလားအလာ ကန့်သတ်ချက်လည်း မရှိကြပေ။သို့သော်လည်း ဥပမာပြောရလျှင် အသက်၂၀မှာပင် မဟာနတ်ဆိုးဘုရင်အဆင့် ရောက်ရှိနေလောက်သည့် တော်ဝင်မင်းသမီး ရှီရာကိုတော့ အတော်လေးရှားပါသည်ဟု သတ်မှတ်နိုင်ပေသည်။ ထိုကိစ္စတွင် မသိရသေးသည့် လျို့ဝှက်ဆန်းကြယ်မှုများ ရှိနိုင်သည်။
စူပါစနစ်၏ အခြေအနေပြ ဇယားတွင် ဖောက်ထွင်းမြင်ရသည့်လူသားခန္ဓာကိုယ် ပေါ်ရှိ ကြယ်မှုန်များသည် ပို၍အနုစိတ်လာပြီး ရွှေရောင်အလင်း ဖျော့ဖျော့များဖြင့် တောက်ပ နေလေသည်။စီးဆင်းသည့်အခါတွင် ချောမွေ့သောမြစ်စီးကြောင်း ကဲ့သို့ပင် ဖြစ်သည်။ ကြယ်စွမ်းအားကို ချန်လွေ့ ထိန်းချုပ်သည့်အခါ ထို“စီးကြောင်း” ပြောင်းလဲသွားသည်။ ဥပမာပြောရလျှင် ပင်လယ်လှိုင်းကြမ်း၏ လှိုင်းစွမ်းအားကို ထုတ်လွှတ်သည့်အခါ ကြယ်မှုန်သည် လှိုင်းထန်သည့် ပင်လယ်တစ်ခုအဖြစ် ပြောင်းသွားသည်။[ အရှိန်အဝါဓားသွား ]ကို သုံးလိုက်သည့်အခါတွင် ကြယ်မှုန်များသည် ထက်မြက်ပြီး မြန်ဆန်သည့် စီးကြောင်းဖြစ်သွားသည်.....
လှုပ်ရှားမှု တစ်ခုစီတိုင်းသည် မိုင်ဇာအခြေအနေ၏ အံ့ဩဖွယ်ရာတစ်ခုဖြစ်သော ကြယ်စွမ်းအား၏ အစွမ်းထက်ဆုံး သက်ရောက်မှုကို ဖော်ပြနိုင်သည်။
ရုတ်တရက် ချန်လွေ့သည် ကြယ်စင်စုဥယျာဉ်၌ စိုက်ပျိုးခဲ့သည့် သစ်ပင်များကို သတိရလိုက်သည်။ယခင်နေ့ရက်များတွင် ချန်လွေ့သည် လေ့ကျင့်ရေးကိုသာ ဂရုစိုက်နေခဲ့ပြီး ထိုကိစ္စကိုမေ့လျော့ နေခဲ့သည်။ကြယ်စင်စု ဥယျာဉ်ထဲ ဝင်ကြည့်သည့် အခါ သစ်ပင်များ ရှိနေရမည့်နေရာ၌ ကွက်လပ်ဖြစ်နေပြီး ထင်ယောင်ထင်မှား အပင်၅ပင်နှင့် မိစ္ဆာသစ်ပင်တို့သာ ရှိနေသည်။
အရှိန်အဝါ သစ်ပင်က ဘယ်ရောက်သွားတာလဲ။အပင် ခြောက်သွေ့ပြီးတော့ ပျောက်ကွယ်သွားတာလား။
ထို့နောက်တွင် အခရာနတ်မိမယ်သည် လက်ထဲတွင် အနီရောင်သစ်သီးတစ်လုံး ပါသည့် ခြင်းတောင်းတစ်ခုနှင့်အတူ ပျံသန်းလာသည်ကို ချန်လွေ့ တွေ့လိုက်သည်။
တစ်လုံးတည်းလား။ ချန်လွေ့ ဇဝေဇဝါ ဖြစ်သွားသည်။ထို့နောက် အသိပေးချက် ထွက်ပါ်လာသည်။[ အရှိန်အဝါသစ်သီး၅၀ကို ခူးဆွတ်ပြီးပါပြီ။သိုလှောင်ဂိုဒေါင်ထဲ ပြောင်းရွှေ့ပါမည်လား။ ]
၅၀လား။ကြည့်ရတာတော့ အခရာနတ်မိမယ်ရဲ့ ခြင်းတောင်းထဲမှာ တူညီတဲ့ သစ်သီးတစ်လုံးကိုပဲ ပြတဲ့ပုံပဲ။
ချန်လွေ့ စိတ်ငြိမ်သွားပြီး ပြောင်းရွှေ့မှုကို အတည်ပြုလိုက်သည်။ထိုအချိန်၌ တစ်ဝက် ကူးပြောင်းသွားပြီဖြစ်သည့် သတ္တုရိုင်းအပြုန်းများကို ရွက်စိမ်းတောအုပ်ထဲ၌ နေရာချထားသည့်အတွက် ဂိုဒေါင်သည် ကွက်လပ်ဖြစ်နေသည်။သစ်သီးသိုလှောင်ရန်အတွက် လုံလောက်သည်ထက် ပိုနေလေသည်။
အခရာနတ်မိမယ်၏ ခြင်းတောင်းထဲရှိ သစ်သီးသည် ချက်ချင်းပျောက်ကွယ်သွား သော်လည်း မထွက်သွားသေးပ။ထို့နောက်တွင် အသိပေးသံတစ်သံ ထွက်လာသည်။
“ အစေ့တွေကို ပိုဝယ်ပြီးတော့ ဂိုဒေါင်အကျယ်နဲ့ စွမ်းအင်အမှုန်အချို့ကို သီးသန့်ထားဖို့ အတွက် ရေရှည် အပြုအစုစနစ်ကို လုပ်ဆောင်လို့ရပါတယ်။ ”
ဒီလိုအဆင်ပြေတဲ့ လုပ်ဆောင်ချက်လည်း ရှိနေတာပဲ။သတ္တုရိုင်းအပြုန်းများကို ကူးပြောင်းပေး၍ မသုံးရသေးသည့် စွမ်းအင်အမှုန် အပုံလိုက်ကြီး ရှိနေသေးသည်။ ချန်လွေ့သည် အစေ့(၅၀)ဝယ်ယူရန် အရှိန်အဝါ ၂၅၀၀၀ သုံးလိုက်ပြီး အခရာနတ်မိမယ်၏ ခြင်းတောင်းထဲ၌ စွမ်းအင်အမှုန် အမြောက်အများ ထည့်လိုက်သည်။ထို့ကြောင့် ရေရှည် အပြုအစုစနစ်ကို ချန်လွေ့ အတည်ပြုလိုက်သည်။အခရာနတ်မိမယ် ဦးညွတ်လိုက်ပြီး နေရာလွတ်ထဲသို့ သွားလိုက်ကာ အပင်စစိုက်တော့သည်။မကြာမီတွင် အရှိန်အဝါ သစ်ပင်၅ပင် အညှောင့်ပေါက်လာသည်။ထို့နောက်တွင် အခရာနတ်မိမယ်သည် မြူနှင့်အလယ်ဗဟိုရှိ သစ်ပင်သေးသေးလေးထဲသို့ ပြန်သွားပြီး အနားယူလိုက်သည်။
ချန်လွေ့သည် သိုလှောင်ခန်းထဲမှ သစ်သီးတစ်လုံးထုတ်ပြီး စိတ်တင်တစား ကြည့်လိုက်သည်။ထိုသစ်သီးသည် ငန်းဥ အရွယ်ခန့်ရှိသည်။အနီရောင်ဖြစ်ပြီး ကျောက်မျက်ရတနာကဲ့သို့ ဝိုင်းစက်နေသည်။အရှိန်အဝါနှင့်ဆင်တူသည့် အထူး အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်ပေးနေသည်။
အရှိန်အဝါထုတ် သစ်သီးလား။အရင်စားကြည့်တာပေါ့။
ချန်လွေ့ ပါးစပ်ဖွင့်ပြီး ကိုက်လိုက်သည်။ပါးစပ်ထဲတွင် ရနံ့များပြည့်နေပြီး သစ်သီးသည် ချက်ချင်းပင် အရည်ပျော်သွားသည်။၎င်းသည် အလွန် အရသာရှိလှသည်။တစ်လုံး စားပြီးနောက် အရှိန်အဝါ ၂၀၀၀ တိသွားသည်။အလုံး၅၀ဖြစ်၍ အရှိန်အဝါ ၁၀၀၀၀၀ ရရှိမည်ဖြစ်သည်။ယခုတွင် ချန်လွေ့၌ သတ္တုရိုင်းအပြုန်း အများအပြားရှိသည့်အတွက် အရှိန်အဝါ ၁၀၀၀၀၀သည် မများလှပေ။သို့သော်လည်း သတ္တုရိုင်းအပြုန်း မည်မျှပင် များစေကာမူ နောက်ဆုံး၌ ကုန်ဆုံးသွားမည်သာ ဖြစ်သည်။သို့သော်လည်း ဤအရှိန်အဝါသစ်သီးသည် မကုန်ဆုံးနိုင်သည့် ဖြည်းတင်းမြဲ စွမ်းအင်ဖြစ်ပေသည်။
ယခင်က အရှိန်အဝါရရှိမည့် နည်းလမ်းများမှာ အကန့်အသတ်ရှိပေသည်။[ အလိုအလျောက်စုပ်ယူခြင်း ] သည်လည်း အလွန်နှေးလှသည်။အတွင်းစွမ်းရည် [ ထိခိုက်မှုစုပ်ယူခြင်း ] သည်လည်း ထိခိုက်မှုရရှိရန် လိုအပ်သည်။အရေးကြီးဆုံး အရင်းအမြစ်သည် အထူးမှော်ကုန်ကြမ်းများကို ကူးပြောင်းခြင်း ဖြစ်သည်။သို့သော်လည်း ၎င်းတို့သည် ကူးပြောင်းပြီးလျှင် ကုန်ဆုံးသွားမည် ဖြစ်ပြီး အထူးသဖြင့် ၎င်းတို့သည် ရှားပါးလှသ ည့်အတွက် ကံမကောင်းလှပေ။ယခုတွင် ကြယ်စင်စုဥယျာဉ်လည်း ရှိနေပြီ ဖြစ်သည့်အတွက် ချန်လွေ့သည် အရှိန်အဝါကို ကိုယ်တိုင် ထုတ်လုပ်နိုင်ပြီး စူပါစနစ်၏ အခြေခံအကျဆုံး စွမ်းအင်ပြဿနာကို ဖြေရှင်းလိုက်သည်နှင့် ညီမျှပေသည်။ထို့အပြင် ကြယ်စင်စု ဥယျာဉ်ကို ထပ်ပြီး အဆင့်မြှင့်ကာ အထွက်နှုန်းများနှင့် အပင်အရေအတွက် များကို တိုးမြှင့်နိုင်သေးသည်။နောက်ထပ် အစေ့များလည်း ထပ်ပြီး ပေါ်ပေါက် လာနိုင်သည်။
အဓိကအကျဆုံးဖြစ်သည့် အရှိန်အဝါ အရင်းအမြစ် ပြဿနာကို ဖြေရှင်းပြီးနောက်တွင် ချန်လွေ့ အမှန်တကယ် စိတ်လှုပ်ရှားသွားသည်။ထို့နောက် မှော်မြေပုံ၏ “ခြေရာခံ” လုပ်ဆောင်ချက်နှင့်အတူ လိုင်ရာမြို့ဆီသို့ ချန်လွေ့ ပျံသန်းသွားလိုက်သည်။
လိုင်ရာမြို့နှင့် ရှီလန်တောင်တန်းတို့သည်အတော်လေး ဝေးကွာလှသည်။ကောင်းကင် ပေါ်မှ တည့်တည့် ပျံသန်းသော်လည်း ရောက်ရှိရန် တစ်ရက်နီးပါး ကြာသည်။ လိုင်ရာမြို့နှင့် နီးကပ်နေပြီဟုမြေပုံ၌ ပြသည့်အခါတွင် ချန်လွေ့သည် သတိမထားမိ စေရန်အတွက် ဆက်မပျံသွားတော့ပေ။ချန်လွေ့သည်တောင်တစ်တောင်ရှိ တောခေါင်ခေါင်တစ်ခု၌ ခီဂူကို ချန်ထားလိုက်ပြီး လျှောက်မသွားရန် အမိန့်ပေး ထားလိုက်သည်။ထို့နောက် ချန်လွေ့သည် စားစရာ အမြောက်အများ ချန်ခဲ့ပြီး ရှေ့ဆက် လမ်းလျှောက်သွားတော့သည်။
လိုင်ရာမြို့သည် တစ်ခါက သမိုင်းဝင် ခံတပ်နှစ်ခုဖြစ်ခဲ့သည်။နောက်ပိုင်းတွင် ကြယ်ကြွေတမန် အင်ပါယာကို မဟာစကြာအုပ်စိုးသည့်အခါ အရိပ်နက် နှင့် ကြယ်ကြွေနဂါး အင်ပါယာတို့ကြားရှိ ချစ်ကြည်ရေးသင်္ကေတအဖြစ် ခံတပ်များကို ဖြိုချခဲ့သည်။ နယ်စပ်ကြားရှိ နေရာကို လိုင်ရာမြို့အဖြစ် တည်ထောက်လိုက်ပြီး အင်ပါယာ နှစ်ခုစလုံးက မျှဝေပိုင်ဆိုင်ကြသည်။
အစဉ်အလာအရ လိုင်ရာမြို့တော်ဝန်ရာထူးကို နှစ်၅၀တစ်ကြိမ်ဖြင့် ကြယ်ကြွေနတ်သမီး အင်ပါယာနှင့် အရိပ်နက် အင်ပါယာတို့က အလှည့်ကျ တာဝန်ယူရသည်။သို့သော်လည်း လွန်ခဲ့သောနှစ်၃၀၀ခန့် လူသားတို့နှင့် တိုက်ခိုက်စဉ်၌ သန်းခေါင်နေအရှင် သေဆုံးပြီး ကတည်းက ယနေ့အထိ မြို့တော်ဝန်ရာထူးကို အရိပ်နက်အင်ပါယာကသာ ပြန်လည် ရယူထားခဲ့သည်။မင်းသား အိုစီဒန်သည်လည်း မည်သူ့ကိုမှ မလွှတ်ခဲ့ပေ။အင်ပါယာ အတွက် ငြိမ်းချမ်းရန်အတွက် လဲလှယ်မှုတစ်ခုဟူ၍သာ မြင်နေပုံရသည်။တစ်နည်း ပြောရလျှင် ငြိမ်းချမ်းရေးအတွက် ပိုင်နက်လွှဲပေးခြင်းပင် ဖြစ်သည်။
အရိပ်နက်အင်ပါယာသည်လည်း အခွင့်အရေးယူပြီး စစ်မတိုက်ခဲ့ပေ။လိုင်ရာမြို့ကို ထိန်းချုပ်ရသည့်အတွက် ကျေနပ်နေပုံရသည်။၎င်းသည် ချစ်ကြည်ရေးအတွက် ကြေညာချက်တစ်ခုလည်း ဖြစ်သည်။အမှန်တကယ်တွင် ၎င်းသည် မရိုးရှင်းလှပေ။ မဟာစကြာနှင့် အရိပ်နက်ဧကရာဇ်တို့သည် ရင်းနှီးခဲ့ကြသော်လည်း အချိန် ပြောင်းလဲသွားလေပြီ။ထို့ကြောင့် ထိန်းသိမ်းရန် မဖြစ်နိုင်တော့ပေ။
ထို့ပြင် အင်ပါယာများကြား၌ ထာဝရ ရင်းနှီးမှု မရှိပေ။ထာဝရ အကျိုးအမြတ်သာ ရှိသည်။
အရိပ်နက်အင်ပါယာ၏ လက်ရှိဧကရီ မဟာကတ်သရင်းသည် ချောမောလှပသည်ဟု နာမည်ကျော်လှပြီး နတ်ဆိုးဘုံ၌ ပထမဆုံးမိန်းမလှ ဂုဏ်ပုဒ်ကို ရရှိထားသည်။
သို့သော်လည်း ပထမဆုံးမိန်းမလှဟူ၍ မသိကြသေးသေးခင်တွင် နတ်ဆိုးဘုံ၏ ပထမဆုံးပဏ္ဍိတ(ပညာရှိ) ဟူသော အခြားဂုဏ်ပုဒ်တစ်ခုလည်း ရှိခဲ့သည်။
ကတ်သရင်းသည် အရိပ်နက်အင်ပါယာ၏ မင်းသမီးဖြစ်သည်။ဖခင်ဖြစ်သူ ဆုံးပါးသွား သည့်အခါ အစ်ကိုတော် သုံးလေးယောက်သည် အချင်းချင်း သတ်ဖြတ်ပြီး ထီးနန်းလု ကြသည့်အတွက် ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။တိုင်းတစ်ပါး ရန်သူများဖြစ်သည့် ကြယ်ကြွေနတ်သမီး အင်ပါယာနှင့် သွေးရောင်အင်ပါယာတို့သည် သူတို့ကို မျက်လုံးကျနေခဲ့သည်။သူတို့ အားနည်းနေချိန်၌ အချိန်မရွေးကျူးကျော်ရန် အသင့်ဖြစ်နေကြသည်။ထိုကဲ့သို့ အတွင်းအပြင် ပြဿနာများ ရင်ဆိုင်ရပြီး အင်ပါယာ ပျက်စီးလုနီးပါး ဖြစ်နေသည့်အချိန်၌ သိုသိုသိပ်သိပ်သာ နေခဲ့သည့် ကတ်သရင်း ရှေ့ထွက်လာခဲ့သည်။ထီးနန်းအတွက် ဖရိုဖရဲ တိုက်ခိုက်မှုများကို အဆုံးသတ်လိုက်ပြီး ဧကရီအဖြစ် ဆက်ခံခဲ့သည်။
ထိုအချိန်တွင် သန်းခေါင်နေအရှင်သည် ပလ္လင်ပေါ်၌ ရှိနေဆဲဖြစ်ပြီး သွေးရောင် အင်ပါယာနှင့် အမြဲလိုလို ပြဿနာ ဖြစ်နေခဲ့သည်။နှစ်ပြည်ထောင်လုံးသည် အရိပ်နက် အင်ပါယာကို သိမ်းပိုက်လိုချင်စိတ် ရှိကြသည်။သို့သော် ကတ်သရင်းသည် အထူး ကောင်းမွန်သည့် သံတမန်ရေးရာများကို အသုံးချကာ နှစ်ပြည်ထောင်လုံးကို မဆင်မခြင် မလုပ်ရဲအောင် လုပ်လိုက်သည်။အင်ပါယာနှစ်ခုလုံးသည် အခြားသူလက်ထဲသို့ အရိပ်နက်အင်ပါယာ ရောက်ရှိသွားမည်ကို စိုးရိမ်နေကြသည်။ဤသို့ဖြင့် အားအနည်းဆုံး ဖြစ်သည့် အရိပ်နက်အင်ပါယာသည် အခြားအင်ပါယာနှစ်ခု၏ အနိုင်ကိန်း ဖြစ်သွားတော့သည်။ထို့နောက်တွင် ကတ်သရင်း၏ ဦးဆောင်မှုနှင့်အတူ သူတို့သည် တဖြည်းဖြည်း နလန်ထူလာပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
သန်းခေါင်နေအရှင် သေဆုံးသွားသည့်အခါ သွေးရောင်အင်ပါယာသည် တပ်သာများကို ကြယ်ကြွေတမန် အင်ပါယာထံ စေလွှတ်ခဲ့ဖူးသည်။ကြယ်ကြွေတမန် အင်ပါယာကို သွေးရောင်အင်ပါယာ သိမ်းပိုက်လျှင် ဖွံ့ဖြိုးဆဲ အရိပ်နက်အင်ပါယာလည်း ထိုကဲ့သို့ပင် အနှေးနှင့်အမြန် ဖြစ်လာမည်ကို ကတ်သရင်း သိသည်။ထို့ကြောင့် အင်ပါယာ သုံးခုစလုံး ချစ်ကြည်ရေး ညှိနှိုင်းရာ၌ ပါဝင်အားဖြည့်ပေးခဲ့သည်။ညှိနှိုင်းမှုတွင် ရိုင်ဇန်၏အမူအရာ တင်းမာနေသော်လည်း ကြယ်ကြွေတမန် အင်ပါယာနှင့် ပူးပေါင်းရန် ကတ်သရင်း ရပ်တည်လိုက်သည့်အတွက် ရိုင်ဇန်အပေါ် ဖိအားများ ရောက်လာစေခဲ့သည်။
သွေးရောင်အင်ပါယာ၏ အစွမ်းသည်၄မှတ်ဆ်ုလျှင် အရိပ်နက်အင်ပါယာသည် ၃မှတ်ဖြစ်ပြီး ကြယ်ကြွေနတ်သမီး အင်ပါယာသည် ၂မှတ်ဖြစ်သည်။တစ်ယောက်စီ သာဆိုလျှင် သွေးရောင်အင်ပါယာ၌ ပြိုင်ဘက်ကင်းသည်။သို့သော်လည်း နှစ်ယောက် တစ်တစ်ယောက်ဆိုလျှင် သွေးရောင်အင်ပါယာ၏ နိုင်နိုင်ချေ နည်းပါးလှသည်။ ရိုင်ဇန်သည် ၎င်းကို တွေးပြီးရင်း တွေးနေခဲ့သည်။နောက်ဆုံးတွင် ရိုင်ဇန်သည် နှစ်ဖက် စလုံးမှ တိုက်ခိုက်မှုကို မခံရချင်ကြောင်း ဆုံးဖြတ်လိုက်ပြီး ငြိမ်းချမ်းရေးစာချုပ်ကို သဘောတူလိုက်သည်။
တစ်နည်းပြောရလျှင် အင်ပါယာသုံးခုကို ယာယီငြိမ်းချမ်းစေခဲ့သူသည် မင်းသား အိုစီဒန် မဟုတ်ဘဲ လှပသည့်ဘုရင်မ တစ်ယောက် ဖြစ်သည်။ကြယ်ကြွေတမန် အင်ပါယာသည် အစွမ်းထက် သွေးရောင်အင်ပါယာကို ထိန်းထားနိုင်သည့် ကြားခံမှတ်ကဲ့သို့ ဖြစ်နေပြီး အရိပ်နက်အင်ပါယာ၏ ဖွံ့ဖြိုးရေးနှင့် ရှင်သန်ရေးကို သေချာစေသည်။
ကတ်သရင်းတွင် ရည်မှန်းချက် မရှိသည် မဟုတ်ပေ။လိုင်ရာမြို့ကို ထိန်းချုပ်ခြင်းသည် ကြယ်ကြွေနတ်သမီး အင်ပါယာ၏ လည်မျိုကို ထိန်းချုပ်ခြင်းနှင့် ညီမျှသည်။ အမှောင်လမြို့ကို သိမ်းပိုက်ရန်အတွက် အချိန်မရွေး တိုက်ခိုက်၍ရပြီး ၎င်းကို စမှတ်အနေဖြင့်ထားကာ အင်ပါယာတစ်ခုလုံးကို ဖြည်းဖြည်းချင်း သိမ်းပိုက်၍ ရပေသည်။သို့သော်လည်း ယခုတွင်တော့ အချိန်ကျရန် ဝေးနေသေးသည်။
ဒါကတော့ နတ်ဆိုးဘုံရဲ့ ပထမဆုံး ပဏ္ဍိတလည်းဖြစ်၊ အရိပ်နက်အင်ပါယာရဲ့ ပထမဆုံး မိန်းမလှလည်းဖြစ်၊ အမြင့်ဆုံးအာဏာပိုင်“ကာမ” တော်ဝင်မိသားစုဝင်လည်းဖြစ်တဲ့ မဟာ ကတ်သရင်း အက်စ်မိုဒက်စ်ပဲ ဖြစ်ပါတယ်။