လောင်ကျွမ်းနေသည့်ရှယ်လီ နှင့် ချီးကျူးခံချင်သည့် ဒိုဒို
Vol. 7 Ch. 91
သတ္တုရိုင်းအပြုန်း အခန်း၌.....
ချန်လွေ့၏နည်းဗျူဟာသည် အတော်လေး အလုပ်ဖြစ်သည်။ယခုတွင် အလယ်၌ နက်မှောင်သွားပြီး ယာဂတ်စ်၏ အလှမ်းဝေး တိုက်ခိုက်မှုလည်း အသုံးမဝင်တော့ပေ။ ထို့ပြင် သူတို့နှစ်ယောက်ပေါ်ရှိ မီးတောက်များကြောင့် သူတို့ကို အလွယ်တကူ မြင်နိုင်သည်။
ယာဂတ်စ် ခပ်မြန်မြန် တုံ့ပြန်လိုက်သည်။အမှောင်ထဲ၌ သူ မနေနေပေ။တယ်လီပို့ခုန်ပြီး တံခါးဆီသို့ နောက်ဆုတ်သွားလိုက်သည်။သို့သော်လည်း ရှယ်လီသည် မလှုပ်ရှားဘဲ လှောင်ပြုံးပြုံးလိုက်သည်။ရှယ်လီ၏ကိုယ်ပေါ်ရှိ နတ်ဆိုးမီးတောက်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး သူကိုယ်တိုင်လည်း အမှောင်ထဲ၌ ပျောက်ကွယ်သွားသည်။
“ ဟမ့်။ဒီငတုံးတော့ ဖွတ်မရ ဓားမဆုံး ဖြစ်တော့မယ်။ရှယ်လီကို အမှောင်ထဲမှာ တိုက်ခိုက်ရဲရတယ်လို့။ ”
ယာဂတ်စ် ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။သူ၏လက်ထဲရှိ ကောက်ရိတ်ဓားပျံကို မသိမ်းထားသော်လည်း ရှယ်လီကို သူအသေအချာ ယုံကြည်နေသည်။
ချန်လွေ့သည် ယာဂတ်စ်၏ ယုံကြည်ချက်ကို ချက်ချင်းပင် သဘောပေါက်သွားသည်။ မှောင်မည်းနေသော်လည်း ရှယ်လီအတွက် ဘာမှမထူးခြားပေ။သူ၏ လှုပ်ရှားမှုများသည် ပို၍မြန်ဆန်ပြီး တိကျလာသည်။ရှယ်လီသည် အမှောင်ထုအတွက် မွေးဖွားလာသကဲ့သို့ပင် ဖြစ်သည်။
မူလက ရှယ်လီ၏ တိုက်ခိုက်မှုများသည် ဆန်းကြယ်သော သွင်ပြင်လက္ခဏာများ ရှိနေကြသည်။ယခုတွင် အမှောင်ထု ဖုံးလွှမ်းလိုက်သည့်အခါ ၎င်းသည် ပို၍ခြေလုံ လက်လုံဖြစ်သွားပြီး ရှောင်တိမ်းရ ခက်ခဲလာသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် ချန်လွေ့သည် တစ္ဆေသဖွယ်ပုံရိပ်၏လွှမ်းမိုးမှုကို ခံလိုက်ရပြီး ဆက်တိုက် တိုက်ခိုက်မှုအချို့ကို ခံလိုက်ရသည်။မှော်မီးအိမ် မငြိမ်းသေးလျှင် ချန်လွေ့သည် ရှောင်တိမ်းနိုင်ပေဦးမည်။သို့သော်လည်း ယခုတွင်တော့ ကန့်သတ်ခံရ သကဲ့သို့ ဖြစ်သွားသည်။ယခုပုံစံအတိုင်း ဆက်သွား၍ မဖြစ်တော့ကြောင်း ချန်လွေ့ သိသည်။ယာဂတ်စ်သည် အဝေးတစ်နေရာ၌ရှိပြီး ရှယ်လီသည် တစ်ယောက်တည်း ဖြစ်နေသည့်အတွက် အခွင့်အရေးကို အသုံးချပြီး တစ်ယောက်တည်းကို ရှင်းပစ်ရပေမည်။ ထိုသို့မဟုတ်ပါက ချန်လွေ့သည် သေချာပေါက် ကျရှုံးရပေမည်။
ရှယ်လီ၏မျက်လုံးထဲတွင် ရန်သူ၏တုံ့ပြန်မှုသည် အချိန်ကြာလာသည်နှင့်အမျှ ဒဏ်ရာကြောင့် နှေးကွေးလာပုံပေါ်နေပြီး သူ၏ တည်နေရာကို ရှာဖွေရန် ခက်ခဲနေပုံ ပေါ်သည်။ရန်သူ၏ အောက်ဘက်နံရိုး လေကြောင်းတစ်ခု ဖြတ်စီးသွားသည်။ ယခုတစ်ခေါက်တွင် ရန်သူ၏ တုံ့ပြန်မှုမှာ ပို၍ပင် နှေးကွေးသွားသည်။ရန်သူသည် ဓားမြှောင်နှင့် အထိုးခံလိုက်ရပြီး အော်ဟစ်တော့သည်။ထို့နောက်တွင် ရန်သူသည် လက်ကို ဓားပုံစံလုပ်လိုက်ပြီး တိုက်ခိုက်လာသည့် ဦးတည်ဘက်ကို ရိုက်ချလိုက်သည်။ ၎င်းသည် အယောင်ပြ ဟုတ်မဟုတ် ရှယ်လီ မသိပေ။ထိုလျို့ဝှက်တိုက်ကွက်၌ ကြောက်မက်ဖွယ်ကောင်းမှုကို ပြန်စဉ်းစားမိသွားကာ ဓားမြှောင်ကို မဆွဲထုတ်ဘဲ ချက်ချင်းပင် နောက်ဆုတ်လိုက်သည်။
သို့သော်လည်း ရန်သူသည် စိတ်ကယောက်ချောက်ချားဖြစ်နေသကဲ့သို့ ရောက်တတ်ရာရာ တိုက်ခိုက်နေသည်။သူ၏ဓားချက်သည် ရန်သူကို အပြင်းအထန် ဒဏ်ရာသွားစေခဲ့ကြောင်း ရှယ်လီ ရုတ်တရက် သဘောပေါက်သွားပြီး စိတ်ထဲ၌ လှောင်ရယ်လိုက်သည်။ ရှယ်လီသည် ရန်သူ၏ အာရုံစိုက်မှုကို ရရှိရန် အယောင်ပြလိုက်ပြီး တစ္ဆေကဲ့သို့ပင် ရန်သူနောက်သို့သွားလိုက်ကာ အားကုန်သုံး၍ ဓားမြှောင့်နှင့်ထိုးလိုက်သည်။ထိုအချိန်တွင် ရန်သူ သတိမထားမိသေးပေ။မိန်းကလေး မဟာနတ်ဆိုး၏ အနီရောင်နှုတ်ခမ်းများ အနည်းငယ် မြင့်တက်သွားပြီး သွေးဆာသည့်အပြုံး ဖြစ်သွားသည်။
အပြင်ဘက်ရှိ ယာဂတ်စ်သည် အော်သံများကို သတိထားမိသွားသည်။ထိုအော်သံများ သည် ရှယ်လီ၏အသံမဟုတ်ကြောင်း သိသွားသည့်အခါ သူ၏စိတ်ထဲ၌ ဆုံးဖြတ်လိုက်ပြီး အော်ပြောလိုက်သည်။
“ ရှယ်လီ။သူ့ကိုမသတ်နဲ့ဦး။ဒါပေမဲ့ သူ့ရဲ့ခြေလက်တွေကိုတော့ ဖြတ်လိုက်။ ”
ယာဂတ်စ် စကားပြောလိုက်သည့်အချိန်မှာပင် ရှယ်လီသည် နှလုံးသားထဲ၌ အေးစက်မှု တစ်ခု ခံစားလိုက်သည်။သူ၏ ယုံကြည်ချက်အပြည့်ဖြင့် တိုက်ခိုက်နေမှုသည် ရုတ်တရက် ရပ်တန့်သွားသည်။လက်ထဲရှိ ဓားမြှောင်သည် သုံးလက်မခန့်သာ စိုက်ဝင်နေသည်။ ရှယ်လီသည် နှလုံးသည် ပြန်ကြည့်လိုက်သည့်အခါ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။သူ၏ နှလုံးကို စိုက်ဝင်နေသည့်အရာမှာ သူ၏ကိုယ်ပိုင်လက်နက်ဖြစ်သည့် နှစ်သွယ်ဓားမြှောင်ပင် ဖြစ်သည်။၎င်းသည် ရှယ်လီ၏ နှလုံးသားကို ဖောက်ဝင်နေပြီး ဓားမြှောင်၏ အခြားအစွန်းတစ်ဖက်သည် ချန်လွေ့၏ လက်ထဲတွင် ရှိနေသည်။
ရန်သူသည် ချက်ချင်းပင် အောက်ဘက် နံရိုး၌ စိုက်ဝင်နေသည့် ဓားမြှောင်ကို မယုံနိုင်စရာ အမြန်နှုန်းဖြင့် ဆွဲထုတ်ပြီး ရှယ်လီ၏ နှလုံးသားတည့်တည့်ကို လျှပ်စီးကဲ့သို့ ပြန်ထိုးစိုက် လိုက်ခြင်းပင် ဖြစ်သည်။ဤတိုက်ခိုက်မှု၏ တည်ငြိမ်မှုနှင့် တိကျမှုတို့သည် ယခင် နှေးကွေးပြီး ဗရမ်းဗတာပုံစံနှင့် တစ်ခြားစီပင် ဖြစ်သည်။ရန်သူသည် ရှယ်လီ၏ လှုပ်ရှားမှုများကို တိတိကျကျသိနေခဲ့ပြီး ငါးစာချနေခြင်းသာ ဖြစ်နေခဲ့သည်။
ရှယ်လီသည် လက်ကျန်အင်အားကို သုံးကာအော်လိုက်ပြီး ရှိသမျှစွမ်းအားဖြင့် ချန်လွေ့ကို တွန်းချချင်နေခဲ့သည်။သို့သော်လည်း ထိုသို့မလုပ်နိုင်ခင်မှာပင် ချန်လွေ့သည် ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ထို့နောက်တွင် ရှယ်လီ၏ လက်ကျန်အင်အားများ ကုန်ခမ်းသွားသကဲ့သို့ ဖြစ်သွားပြီး မြေပြင်ပေါ်၌ လဲကျသွားသည်။
“ ရှယ်လီ ”
နောက်ဆုံး၌ တစ်ခုခုမှားနေပြီဖြစ်ကြောင်း ယာဂတ်စ် သဘောပေါက်လိုက်သည်။သူ အကျယ်ကြီးအော်ပြီး ကောက်ရိတ်ဓားပျံကို ကျစ်ကျစ်ဆုပ်ကာ ခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲနိုင်သည့်စွမ်းအားကို ပျိုးထားလိုက်သည်။ယာဂတ်စ် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။သို့သော်လည်း အမှောင်ထဲကို သူ့ကို ချိန်ရွယ်ထားသည့် လက်တစ်ဖက်ရှိနေသည်ကို သူ မသိခဲ့ပေ။
ချန်လွေ့သည် [ အရုဏ်ဦးပစ်ချက် ] ကို စုစည်းနေပြီး ယာဂတ်စ် အနီးကပ်လာရန် စောင့်နေသည်။ရုတ်တရက် [ သရုပ်ခွဲမျက်လုံး ]မှ သတိပေးချက်တစ်ခု ပေါ်လာသည်။ ချန်လွေ့ မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ခန္ဓာကိုယ်သည် တင်းကြပ်စွာ ရစ်ပတ်ခြင်း ခံလိုက်ရပြီး အနီရောင်အလင်းများ ရုတ်တရက် တောက်ပလာသည်။
မြေပြင်ပေါ်၌ သေအံ့ဆဲဆဲဖြစ်နေသည့် ရှယ်လီသည် ယာဂတ်စ်၏ အော်သံကို ကြားသည့်အခါ ချန်လွေ့ကို အသည်းအသန် ဆွဲချလိုက်ခြင်းဖြစ်သည်။ရှယ်လီတွင် ထိုကဲ့သို့ခွန်အား ရှိနေဦးမည်ဟု မည်သူထင်လိမ့်မည်နည်း။
“ ယာဂတ်စ်။[ ဓားထောင်ချီ ] သုံးလိုက်တော့။ ”
ရှယ်လီ၏ နတ်ဆိုးမီးတောက်ကြောင့် ချန်လွေ့သည် ယာဂတ်စ်၏ မြင်ကွင်း၌ လုံးဝ ပေါ်လာသည်။၎င်းသည် ရှယ်လီ၏အသက်ဖြင့် ပေးဆပ်ခဲ့သည့် မီးတောက်ပင် ဖြစ်သည်။ ချန်လွေ့ ချက်ချင်း မရုန်းထွက်နိုင်ခဲ့ပေ။သို့သော်လည်း ဆန့်တန်းထားသော လက်သည် ဖြန့်ထားဆဲပင် ဖြစ်သည်။
ယာဂတ်စ် ရှေ့ဆက်ပြီး အော်လိုက်ရာ ကောင်းကင်ပေါ်မှ ဝှီခနဲအသံ မြောက်များစွာ ထွက်ပေါ်လာသည်။အမှန်တကယ်ပင် ယာဂတ်စ်သည် [ ဓားထောင်ချီ ] ကို တုံ့ဆိုင်းမှုမရှိဘဲ ပစ်လွှတ်လိုက်လေသည်။
ချန်လွေ့၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းရောင် ဖြတ်ခနဲဖြစ်သွားပြီး ကြီးမား လှသော အလင်းလုံးကြီးသည် အရှိန်ပြင်းစွာဖြင့် ယာဂတ်စ်ထံ ရောက်ရှိသွားသည်။ ယာဂတ်စ်သည် ချန်လွေ့၌ ဤကဲ့သို့ အနှိုင်းမဲ့တိုက်ကွက် ရှိလိမ့်မည်ဟု မထင်မှတ်ထားပေ။အားကုန်သုံးပြီး [ ဓားထောင်ချီ ] ပစ်လွှတ်နေသည့်အတွက် သူ တယ်လီပို့မခုန်နိုင်တော့ပေ။အလင်းလုံးထံ သူပစ်လွှတ်လိုက်သည့် ကောက်ရိတ်ဓားပျံ သည်လည်း ချက်ချင်းပင် ဝါးမျိုခံလိုက်ရသည်။ထို့ကြောင့် ယာဂတ်စ်သည် အနှိုင်းမဲ့တိုက်ကွက် သုံးပြီးနောက် အားနည်းနေသည့် ခန္ဓာကိုယ်ဖြင့်သာ လက်မောင်းကို ကြက်ခြေခတ်၍ ခုခံရတော့သည်။
သို့သော်လည်း သူ မခုခံနိုင်ပေ။
ယခုတွင် ချန်လွေ့၏အစွမ်းသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။သူတို့ နှစ်ယောက်လုံးသည် အမြင့်ဆင့်နတ်ဆိုးများ ဖြစ်ကြသည့်အတွက် ယာဂတ်စ်သည် မီကတ်စ်ကဲ့သို့ [ အရုဏ်ဦးပစ်ချက် ] ကို ခုခံနိုင်မည် မဟုတ်ပေ။ယာဂတ်စ်၏ နတ်ဆိုးမီးတောက်ကို အလင်းလုံးက လုံးဝနီးပါး ဝါးမျိုလိုက်ပြီး ခုခံမှု တဖြည်းဖြည်း ပျက်စီးလာကာ ထိန်းချုပ်မရတော့ဘဲ နေက်သို့ဆုတ်သွားတော့သည်။ဘုန်းခနဲ အသံမြည်ပြီး [ အရုဏ်ဦးပစ်ချက် ]သည် ယာဂတ်စ်ကို နံရံနှင့် ဝင်ဆော့င်စေခဲ့ပြီး သတ္တုရိုင်းအပြုန်း အခန်းတစ်ခုလုံး တုန်ခါသွားပုံရသည်။
နောက်ဆုံး၌ အလင်းလုံး ပျောက်ကွယ်သွားသည်။မာကြောလှသည့် ကျောက်နံရံတွင် ကြီးမားလှသည့် စက်လုံးပုံစံ ချိုင့်ခွက်ပေါ်လာပြီး ယာဂတ်စ်၏ ပျော့ပျောင်းနေသည့် ခန္ဓာကိုယ်သည်လည်း နံရံထဲ၌ နက်နက်ရှိုင်းရှိုင်း ပိတ်မိနေသည်။
[ ဓားထောင်ချီ ]၏ အကြီးမားဆုံး အံ့ဩဖွယ်ရာသည် အဆုံးမဲ့ ပတ်လမ်း တိုက်ခိုက်မှု ဖြစ်သည်။ယခုတွင် ယာဂတ်စ် လွင့်စင်သွားသည့်အတွက် ထပ်ကာထပ်ကာ တိုက်ခိုက်၍ မရတော့ပေ။ချန်လွေ့သည် ခုနက [ အရုဏ်ဦးပစ်ချက် ] ပစ်နေပြီး ရှောင်တိမ်း၍ မရသည့်အတွက် ပုခုံးကိုထိသွားသည်။ပွန်းပဲ့ဒဏ်ရာများလည်း အနည်းငယ်ရှိသည်။ တင်းတင်းကြပ်ကြပ်ဖက်ထားသည့် ရှယ်လီသည် ကတုတ်ကျင်းကဲ့သို့ဖြစ်သွားပြီး ကျောဘက်တွင် ကောက်ရိတ်ဓားပျံ လေးချောင်း စိုက်ဝင်နေကာ နတ်ဆိုး မီးတောက်လည်း ငြိမ်းသွားသည်။ရှယ်လီ သေဆုံးသွားပြီဖြစ်သည်။
“ ဆာ-ကယ်လီရာ.....နောက်၂ရက်နေရင် ပြန်လာမယ်။သူ ငါ့အတွက် လက်စားချေ ပေးလိမ့်..... ”
ယာဂတ်စ်၏ အသံသည် အရှေ့ဘက်ရှိ နံရံထဲမှ ထွက်လာသည်။စကားမဆုံးသေး ခင်မှာပင် သူ သေဆုံးသွားခဲ့သည်။
အရောက်တောက်နေသည့် လက်စွပ်တစ်ကွင်းသည် ချန်လွေ့၏ လက်ထဲ၌ ပေါ်လာသည်။၎င်းသည် ဂျိုးဆက်ပ် “ ထောက်ပံ့ပေး ” ခဲ့သည် အလင်းလက်စွပ် ဖြစ်သည်။ချန်လွေ့သည် ရှယ်လီ၏လက်ကို အသာအယာဖယ်ပြီး အလောင်းကို မြေပြင်ပေါ်၌ ချထားလိုက်သည်။ထို့နောက်တွင် သူ၏ပုခုံးပေါ်မှ ကောက်ရိတ်ဓားပျံကို ဖယ်ရှားလိုက်ပြီး ရှယ်လီဆီမှ ကောက်ရိတ်ဓားပျံ ၄လက်ကိုလည်း ဖယ်ရှားပေးလိုက်သည်။ ထို့နောက် နာကျည်းချက်များ ပြည့်နေသည့် ရှယ်လီ၏မျက်လုံးကို ချန်လွေ့ ပိတ်ပေးလိုက်သည်။
ထိုအပိုအလုပ်များကို မည်သည့်အတွက်ကြောင့် လုပ်ခဲ့မိကြောင်း ချန်လွေ့ မသိပေ။ ရှယ်လီ၏ လုပ်ရပ်ကို ချန်လွေ့အမှန်တကယ် ထိတ်လန့်သွားခဲ့သည်။အမှန်တကယ်၌ နှလုံးကို ဓားထိုးမိခြင်းသည် သေစေနိုင်သည့်ဒဏ်ရာဖြစ်သည်။သို့သော်လည်း ချန်လွေ့ကို အနိုင်ယူပြီး ယာဂတ်စ်ကို ကာကွယ်ရန်အတွက် ရှယ်လီသည် နောက်ဆုံးထွက်သက်ကို အသုံးချကာ ချန်လွေ့ကို အပါခေါ်ချင်ခဲ့သည်။ချန်လွေ့တွင် ရွေးစရာရှိလျှင် မည်သည့် မိန်းကလေးကိုမှ မထိခိုက်ချင်၊မသတ်ချင်ပေ။သို့သော်လည်း ရွေးချယ်စရာ မရှိပေ။
တိုက်ပွဲတစ်ပွဲတွင် ရန်သူနှင့် မိမိ ၊ သေခြင်းနှင့်ရှင်ခြင်းတို့သာ ရှိပေသည်။
ယာဂတ်စ်သည် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ပထမဦးစွာ ယာဂတ်စ်သည် [ ဓားထောင်ချီ ] ပစ်လွှတ်ရန် တုံ့ဆိုင်းမနေပေ။သူ သေတော့မည် အချိန်မှာပင် ရှယ်လီ၏ နာမည်ကို လုံးဝ မပြောခဲ့ပေ။ ကယ်လီရာက “ ငါ့ ”အတွက် လက်စားချေပေးမယ် ဟူ၍သာ ပြောခဲ့သည်။“ ငါတို့ ” အတွက်ဟု မပြောခဲ့ပေ။
မဟာနတ်ဆိုးမ.....
ငါတို့ဘဝတွေမှာ သေဆုံးဖို့ခက်တဲ့ တစ်ခုတည်းသောအရာက အချစ်ပဲ။
တကယ်လို့....တကယ်လို့ ဆိုတာကလည်း ရှိချင်မှရှိမှာပါလေ....
ချန်လွေ့စိတ်ထဲ၌ ရင်းနှီးနေသည့် လှပသော မျက်ဝန်းနီ တစ်စုံ ပေါ်လာသည်။ သွေးထွက်နေခြင်းကြောင့် အေးနေသည့် ခန္ဓာကိုယ်သည် ချက်ချင်းပင် နွေးထွေးသွားသည်။
ယခုတစ်ခေါက် ချန်လွေ့၏ ဒဏ်ရာများသည် မီကတ်စ်နှင့် တိုက်ခိုက်စဉ်ကထက် သက်သာပေသည်။အပြင်းထန်ဆုံး ဒဏ်ရာသည် ရန်သူကို မျှားခေါ်ရန်အတွက် အောက်ဘက်နံရိုး၌ ရခဲ့သည့် ဒဏ်ရာပင် ဖြစ်သည်။သို့သော်လည်း ချန်လွေ့၏ ကြယ်စွမ်းအားသည် အများအပြား ကုန်ခမ်းသွားပြီ ဖြစ်သည်။ကုသဆေးရည်တစ်ပုလင်း သောက်ပြီးသွားသည့်အခါ ချန်လွေ့သည် ဧရာမတွင်းကြီးကို စတင် စစ်ဆေး ကြည့်တော့သည်။
ယခုတွင် ထိပ်ပိုင်းရှိ မှော်မီးအိမ် ကွဲကြေသွားပြီး အလင်းလက်စွပ်ကိုသာ အမှီပြု နေရသည်။ချန်လွေ့သည် သတ္တုရိုင်းအပြုန်းများ တစ်ခုနှင့်တစ်ခု အလွှာလိုက် ထပ်ထားသည်ကို တွေ့လိုက်ရသည်။ချန်လွေ့ စဉ်းစားပြီး သိုလှောင်ဂိုဒေါင်ကို ဖွင့်လိုက်ကာ ဤသတ္တုရိုင်းအပြုန်းများကို သိမ်းထားချင်ခဲ့သည်။ရလာဒ်အနေဖြင့် ဂိုဒေါင်တစ်ခုလုံးသည် ပထမဆုံးအနေဖြင့် ပြည့်လျှံသွားတော့သည်။၎င်းသည် “ မိုင်ဇာ ” အခြေအနေရှိ ဂိုဒေါင်ကိုပင် ပြည့်လျှံသွားစေခဲ့သည်။
ဧရာမတွင်းထဲရှိ သတ္တုရိုင်းများသည် ရုတ်တရက် သုံးလေးမီတာလောက် လျော့ကျသွားသည်။သို့သော်လည်း အကုန် မကုန်သေးပေ။ဤတွင်းသည် မည်မျှထိနက်ရှိုင်းကြောင်း ချန်လွေ့ မသိပေ။
ထိုအချိန်တွင် သတ္တုရိုင်းအပြုန်းအခန်း၏ ပိတ်ထားသော ကျောက်တံခါး ရုတ်တရက် ပွင့်သွားသည်။ထို့ကြောင့် ချန်လွေ့သည် ချက်ချင်းပင် အလင်းလက်စွပ်ကို ပိတ်လိုက်သည်။တံခါးပွင့်သွားသော်လည်း နံရံမီးအိမ်၏ အလင်းရောင်အောက်၌ ချန်လွေ့ ဘာကိုမှ မတွေ့လိုက်ရပေ။ခဏအကြာတွင် ရင်းနှီးသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
“ သခင်။ဒီမှာ ရှိနေလား။ ”
လက်စသတ်တော့ ဒိုဒို ကိုး။ ချန်လွေ့သည် အလင်းလက်စွပ်ကို အသက်သွင်းပြီး သက်ပြင်းချလိုက်သည်။
“ ဒိုဒို။မင်း အဆင်ပြေရဲ့လား။ ”
ထိုအသံကို ကြားလိုက်ရာ ဒိုဒိုသည် အလင်းရောင်ဆီသို့ အမြန်ခုန်သွားပြီး မြေပြင်ပေါ်၌ ထူးဆန်းသော အသံများကို ပြုလုပ်နေလိုက်သည်။ချန်လွေ့ဆီ ရောက်လာသည့်အခါ ဒိုဒိုသည် မျက်နှာချိုသွေးသည့် အပြုံးပြုံးလိုက်သည်။
“ သခင်။ဒိုဒိုက တကယ် အံ့ဩဖွယ်ရာပဲ။ခေါင်းနှစ်လုံးခွေးကို ဝါးမျိုလိုက်ပြီးပြီ။ဒါပေမဲ့ အရိုးက အရသာတော်တော် ဆိုးတယ်။အဲဒါကြောင့် ထွေးထုတ်ပစ်လိုက်တယ်။ ”
ချန်လွေ့ ကြောင်သွားသည်။ထို့နောက် မိုးသစ်တောမည်းရှိ ဧရာမ အရိုးခြောက်ကြီးကို သတိရသွားပြီး စိတ်ထဲ၌ ကြက်သီးထသွားသည်။
“ ငါဒီမှာရှိတာ မင်းဘယ်လို သိလဲ။ ”
“ ခွေးလိုမျိုး ရန်သူတစ်ယောက်ကို ဒိုဒို ဝါးမျိုခဲ့တယ်။အဲ့ဒါနဲ့ပဲ ကျွန်တော့်ရဲ့ နှာခေါင်းက စူးရှသွားတာ။အဲ့ဒါကြောင့် သခင့်ကို ဒိုဒို အနံ့ခံနိုင်တာ။ ”
ဒိုဒို၏မျက်နှာသည် ချက်ချင်းပင် ခွေးခေါင်းပုံစံဖြစ်သွားပြီး မြေပြင်ပေါ်၌ နှာတရှုံ့ရှုံ့ လုပ်ပြကာ ခန္ဓာကိုယ်အမူအရာ ကြွယ်ဝမှုကို ကြွားလုံးထုတ်လိုက်သည်။
ချန်လွေ့ လန့်သွားသည်။ ဝါးမျိုခံရတဲ့ ပစ်မှတ်ရဲ့စွမ်းရည်ကို ဒိုဒို ရနိုင်တာက မိစ္ဆာသစ်သီးရဲ့ အထူးစွမ်းရည်များလား။အဲ့ဒါကြောင့် သူက နဂါးမာန်ကို သုံးနိုင်တာကိုး။ကြည့်ရတာ ဒီတစ်ခေါက်တော့ တော်တော်လေးမိုက်တဲ့ အစေခံတစ်ယောက်ကို ငါရသွားတာပဲ။
သမိုင်းထဲရှိ အစွမ်းထက်ရှိ ချွဲကျိကောင်သည် သမိုင်းထဲတွင် အစွမ်းထက်ဆုံး နတ်ဆိုးသားရဲ ဖြစ်လာနိုင်ပေသည်။
“ တော်တယ်။ဒိုဒို။နောက်တစ်ခါ အကင်လုပ်ရင် မင်းကိုချန်ထားမှာ မဟုတ်ဘူး။ ”
သခင်ဖြစ်သူ၏ ချီးကျူးမှုကို ခံလိုက်ရသည့်အခါ ဒိုဒိုသည် လက်နှစ်ဖက်ကိုဖန်တီးပြီး ဂုဏ်ယူစွာဖြင့် “ခါး”ထောက်ကာ ပါးစပ်ကြီးကြီးဖြင့် ချဲ့ကားပြုံးနေတော့သည်။
ခဏလောက် ဂုဏ်ယူပြီးသွားပြီးနောက်တွင် ဒိုဒိုသည် တစ်စုံတစ်ရာကို တွေးမိပြီး ပြောလိုက်သည်။
“ သခင်။အပေါက်ဝမှာ ပိတ်ထားတဲ့သူတွေ အများကြီးပဲ။ဒိုဒို အပြင်မထွက်ရဲဘူး......
ထိုစကားသည် ဒိုဒို၏ မူလသတ္တိနည်းသည့် စရိုက်ကို ပေါ်လွင်စေခဲ့သည်။သမိုင်းထဲ၌ အစွမ်းအထက်ဆုံး နတ်ဆိုးသားရဲဟူသော ဂုဏ်ပုဒ်သည် အလွန်နူးညံ့သိမ်မွေ့သော ယာယီပုံရိပ်သာ ဖြစ်သည်။လက်ရှိ အစွမ်းထက်ဆုံး ချွဲကျိကောင်သည် ချွဲကျိကောင်သာ ဖြစ်သည်။
ချန်လွေ့သည် ရှယ်လီနှင့် ယာဂတ်စ်ကို သတ်ပစ်ခဲ့ပြီး ဆယ်ဘရတ်စ်ကို ဒိုဒို ဝါးမျိုခဲ့သည့် အတွက် ဤကိစ္စကိုဖြေရှင်းရန် ခက်ခဲနိုင်ပေသည်။ယာဂတ်စ် ပြောသည့်အတိုင်းဆိုလျှင် ကယ်လီရာသည် နောက်၂ရက်နေလျှင် ပြန်လာမည်ဖြစ်ပြီး သူ၏အစွမ်းသည် ရှယ်လီနှင့် ယာဂတ်စ်တို့ထက် ပိုမြင့်ကာ အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်းလောက်အထိ ရှိနိုင်ပေမည်။ ယခုတွင် အချိန်သည် တော်တော်လေး ကျဉ်းကျပ်နေလေပြီ။တစ်ဖက်တွင် ချန်လွေ့သည် အချိန်ခဏလေးအတွင်း၌ အပြင်းအထန် လေ့ကျင့်ရမည်ဖြစ်သည်။အခြားတစ်ဖက် တွင်လည်း သူ့ကို မိုင်းတွင်းရုံးခန်းနှင့် မဆက်စပ်မိသွားစေရန်အတွက်လည်း ကယ်လီရာကို အာရုံပြောင်းရဦးမည် ဖြစ်သည်။
အဓိကတွင်းဝင်ပေါက်ရှိ အစောင့်သုံးလေးယောက်ကို သတ်ခဲ့ပြီးပြီဖြစ်သည်။ လိုက်ဖမ်းသည့်သူများမှာ ဆယ်ဘရတ်စ်၊ရှယ်လီနှင့် ယာဂတ်စ်တို့ ဖြစ်သည်။အတော်လေး အားနည်းသူများ ရောက်လာသည့်အခါတွင် ချန်လွေ့နှင့် အခြားသူများသည် အဓိက တွင်းပေါက်သို့ ဝင်သွားခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် မျက်မြင်သက်သေ တစ်ယောက်မှ မရှိတော့ပေ။
ဒိုဒိုသည် သခင်ဖြစ်သူ စဉ်းစားနေသည်ကို စိတ်ဝင်တစားကြည့်နေလိုက်သည်။ထို့နောက် ချန်လွေ့သည် ဒိုဒိုကို ထူးဆန်းစွာ ကြည့်လိုက်ရာ ဒိုဒိုသည် ရုတ်တရက် မကောင်းသည့် ခံစားချက်များ ရလာသည်။ထို့နောက် ၎င်း၏သခင် စိတ်ရင်းနှင့်ပြောသည်ကို ကြားလိုက်သည်။
“ ဒိုဒို။ကြည့်ရတာတော့ မင်းရဲ့ အရင်အလုပ်ကို ပြန်လုပ်ရတော့မယ့်ပုံပဲ။ ”