မကောင်းဆိုးဝါး။အဓိကတွင်းထဲမှ ထွက်လာသည့် “ စိတ်ဝိညာဉ်နဂါး ”
Vol. 7 Ch. 92
အဓိကတွင်း ဝင်ပေါက်၌.....
အစောပိုင်း၌ အထဲမှထွက်ပေါ်ခဲ့သည့် ဟိန်းဟောက်သံများနှင့် ဆူညံသံများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။သူခိုးဓားပြများသည် သူတို့၏ ခေါင်းဆောင် နှစ်ယောက်နှင့် ဆယ်ဘရတ်စ် ပြန်လာမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း အချိန်အတော်ကြာသည်အထိ ဘာမှဖြစ်မလာပေ။သူတို့အားလုံး ကြောက်လာသည်။အချို့က အောက်ဆင်းကြည့်ရန် အကြံပေးကြသည်။
အချို့ကမူ ဆက်လက်စောင့်နေပြီး ရန်သူထွက်မပြေးစေရန် စောင့်ကြပ်ချင်နေကြသည်။ တာဝန်များခွဲဝေရန် သူတို့ဆွေးနွေးနေစဉ် အဓိကတွင်းထဲရှိ အဝေးတစ်နေရာမှ ဟိန်းသံကို ကြားလိုက်သည်။
သူခိုးဓားပြ အများစု၏ မျက်နှာများ ပြောင်းလဲသွားကြသည်။အကြောင်းရင်းမှာ ထိုအသံသည် ဆယ်ဘရတ်စ် နာဂူရာလာ၏ ဟိန်းသံ မဟုတ်သည့်အတွက်ကြောင့် ဖြစ်သည်။ထိုဟိန်းသံသည် ဆယ်ဘရတ်စ်ထက် စူးရှပြီး ပိုပြီး ရှည်ကြာသည်။၎င်းအတွင်းရှိ ကြောက်မက်ဖွယ်ရာသည် နာရာဂူလာထက်ပိုသည်။
ဟိန်းသံများသည် ပို၍ပို၍ နီးကပ်လာသည်။ထို့နောက်တွင် ဧရာမနတ်ဆိုးသားရဲကြီး လမ်းလျှောက်နေသကဲ့သို့ပင် မြေပြင်သည် အနည်းငယ် တုန်ခါသွားသည်။သူခိုဓားပြတို့၏ အာရုံကြောများ တောင့်တင်းသွားသည်။ မဟုတ်မှလွဲရော......
ခေါင်းဆောင်နှစ်ယောက်နဲ့ ဆဲဘရတ်စ် နာဂူရာလာကို တိုက်ခိုက်နေတာက တကယ်ပဲ ကြောက်စရာကောင်းတဲ့ မြေအောက်နတ်ဆိုးသားရဲ ဖြစ်နေတာပဲ။အောက်လွှာမှာပဲ သွားလာလို့ရတဲ့ အစွမ်းထက်နတ်ဆိုးသားရဲက အခုတော့ ချိပ်ပိတ်ကို ချိုးဖောက်ပြီး အထက်လွှာဆီ တက်လာပြီ။
တုန်ခါမှု ချဉ်းကပ်လာသည်နှင့်အမျှ သူခိုးဓားပြများသည်လည်း အစွမ်းထက်ရန်သူ လာနေသကဲ့သို့ပင် သတိဖြင့် နောက်ဆုတ်လိုက်ကြသည်။တံခါးနားသို့ ၎င်းရောက်လာသောအခါ တုန်ခါမှု ရပ်တန့်သွားပြီး ပစ္စည်းအပုံလိုက်ကြီးကို လွှင့်ပစ်လိုက်ရာ မြေပြင်ပေါ်၌ ပြန့်ကျဲသွားသည်။
၎င်းသည် အတော်လေးကြီးသည့် အရိုးစုဖြစ်သည်။မီးတောက်၏ အလင်းရောက် အောက်တွင် အဖြူရောင် ခွေးအရိုးခေါင်းနှစ်လုံးကို တွေ့လိုက်ရသည်။အချို့သူများသည် ဆယ်ဘရတ်စ်၏ ဟိန်းသံ ပျောက်ကွယ်သွားခြင်းနှင့် ချက်ချင်းပင် ဆက်စပ်နိုင်ခဲ့သည်။
“ ဒါက နာဂူရာလာ ပဲ။ ”
နာဂူရာလာကို.....ကြောက်စရာကောင်းတဲ့ နတ်ဆိုးသားရဲက ဝါးမျိုလိုက်တာပဲ ဖြစ်ရမယ်။ဒါဆိုရင် မစ် ရှယ်လီ နဲ့ ဆာ ယာဂတ်စ်တို့လည်း.....
ထိုတွေ့ရှိမှုကြောင့် သူခိုးဓားပြများ ကြောက်သွားပြီး မြန်မြန် နောက်ဆုတ်လိုက်ကြသည်။ တစ်ဆက်တည်းမှာပင် မြေပြင်ကို တုန်ခါစေသည့် ခြေသံများ ထပ်ပြီးထွက်လာပြန်သည်။ ထို့နောက် သူခိုးဓားပြများ၏ မြင်ကွင်းထဲတွင် ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ မီးတုတ်နှင့် လရောင်တို့၏ အလင်းရောင်အောက်တွင် သူခိုးဓားပြများသည် နတ်ဆိုးသားရဲ၏ သရုပ်မှန်ကို မြင်တွေ့လိုက်ရသည်။ချက်ချင်းပင် သူတို့အားလုံး ကျောရိုးတစ်လျှောက် ကြက်သီးများ ထကုန်သည်။
ဒါက နတ်ဆိုးသားရဲ မဟုတ်ဘူး။ဒါက မကောင်းဆိုးဝါးပဲ။
ဒါက နဂါးဖြစ်ရမယ်။တိတိကျကျ ပြောရရင် ဒါက နဂါးအရိုးစုပဲ။ဒါပေမဲ့ ဒီအရိုးစုက အသက်ရှင်နေတယ်။အရိုးစုက ကြက်သီးစရာကောင်းအောင် အရောင်တောက်နေတယ်။ မျက်လုံးထဲမှာလည်း ထူးဆန်းတဲ့ အစိမ်းရောင်အလင်း နှစ်စက် ရှိနေတယ်။
နတ်ဆိုးဘုံတွင် အလောင်းများ၊အရိုးစုများကိုသုံးပြီး တိုက်ခိုက်သည့် အောက်လမ်း ဆရာများ၊သေရွာပြန်များ ရှိကြသည်။သို့သော်လည်း နဂါးအရိုးစုကို ထိန်းချုပ်နိုင်သည့် သူကိုတော့ သူတို့တစ်ခါမှ မကြားဖူးကြပေ။ ဒါက မှော်ပညာရှင်တစ်ယောက် ထိန်းချုပ်ထားတဲ့ မသေမျိုး လုံးဝမဖြစ်နိုင်ဘူး။ဒါကတကယ့် မကောင်းဆိုးဝါး အစစ်ပဲ။
“ စိတ်ဝိညာဉ်နဂါး..... ”
တစ်စုံတစ်ယောက်သည် တုန်လှုပ်နေရင်း ပြောလိုက်သည်။
မကောင်းဆိုးဝါးသည် ဒေါသအပြည့်ဖြင့် ဟိန်းဟောက်လိုက်ရာ လွှမ်းမိုးသည့်မာန်သည် ချက်ချင်းပင် နောက်မှလိုက်လာသည်။အတော်လေးဝေးလှသော်လည်း သူခိုးဓားပြများသည် ဤမာန်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ခံစားနေရသေးသည်။ သူတို့ ကြောက်လန့် သွားကုန်ကြတော့သည်။
နဂါးမာန်သည် အမှန်တကယ်ပင် ဒဏ္ဍာရီလာ နဂါးမာန်ပင် ဖြစ်သည်။
အရွယ်ရောက်ပြီး နဂါးတစ်ကောင်သည် နတ်ဆိုဧကရာဇ် အဆင့် အနည်းဆုံးရှိသည်။ မကောင်းဆိုးဝါး ဖြစ်လာပြီးသည့်အခါဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။
မကောင်းဆိုးဝါးသည် ဟိန်းဟောက်ပြီးနောက် သူခိုးဓားပြများထံ ခြေလှမ်း လေးလေးကြီးဖြင့် လျှောက်လာသည်။ယခုတွင် မည်သူမှ မတုံ့ဆိုင်းရဲတော့ပေ။ အနည်းငယ် ပို၍မြန်ဆန်သူများသည် တချိုးတည်း လစ်ပြေးတော့သည်။မတ်တတ် မရပ်နိုင်သူများပင် ကြောက်လန့်တကြားနှင့် တွားတွားကာ တောင်ကုန်းအောက် ပြေးသွားတော့သည်။
တောင်နံဘေးရှိ မိုင်းတွင်းရုံးခန်းကို စောင့်ကြပ်ရန် ပြေးလာကြသူများသည် အဓိက တွင်းထဲ၌ ဆူညံသံများကို ကြားလိုက်ရသည်။နောက်ပိုင်းတွင် မမေ့နိုင်စရာ မြင်ကွင်းတစ်ခုကို သူတို့ တွေ့လိုက်ကြသည်။သူတို့၏ အဖော်များသည် တောင်ထိပ်မှ ပျာယာခတ်ကာ ဆင်းပြေးလာကြသည်။ထို့နောက်တွင် တောင်ထွတ်၌ ကြောက်စရာ အရိုးဖြူ မကောင်းဆိုးဝါးတစ်ကောင် ပေါ်ထွက်လာပြီး ကောင်းကင်ပေါ်ရှိ လနှစ်စင်းဆီသို့ ကြောက်မက်ဖွယ်ကောင်းအောင် ဟိန်းဟောက်လိုက်သည်။
ခံစားချက်များသည် အမြဲပင် ကူးစက်တတ်လေသည်။အထူးသဖြင့် အကြောက်တရားသည် ပို၍ ကူးစက်မြန်သည်။မကြာမီတွင် တောင်နံဘေးရှိ သူခိုးဓားပြများသည်လည်း ထွက်ပြေးနေသည့် အဖွဲ့ကို ပူးပေါင်းတော့သည်။ ထို့နောက်တွင် တောင်ခြေမှ သူခိုးဓားပြများပါ လိုက်လာကြတော့သည်။
အမြင့်ဆင့်နတ်ဆိုးအစွမ်းနဲ့ညီမျှတဲ့ ဆယ်ဘရတ်စ်တောင် အရိုးပဲကျန်တဲ့အထိ အစားခံခဲ့ရတာကို ကြည့်မယ်ဆိုရင်.....နေပါဦး။အရိုးပဲကျန်တယ်။ဒါပေမဲ့“ မစ် ရှယ်လီနဲ့ ဆာ ယာဂတ်စ်တို့ ဘာလို့ မထွက်ပြေးတာလဲ။ ” ဆိုတဲ့ အဓိပ္ပာယ်မဲ့ မေးခွန်းတွေကို မမေးကြဘူး။
ဒိုဒိုသည် ယခုတွင် အလွန်မာန်တက်သွားပြီး စကားမပြောရန် သခင်ဖြစ်သူ အမိန့်ပေး ခဲ့သည်ကိုပင် မေ့လုနီးပါး ဖြစ်သွားပြီး “ ဆာ-စိတ်ဝိညာဉ်နဂါးရဲ့ ဘုန်းတန်ခိုး ” ကြွေးကြော်သံကို အော်ဟစ်လိုက်သည်။ထိုကဲ့သို့ ခြိမ်းခြောက်သည့်အလုပ်သည် ဆယ်ဘရတ်စ်သည် ရင်ဆိုင်ရသည်ထက် များစွာလွယ်ကူလှသည်။ထို့ပြင် ဆယ်စုနှစ် ချီအောင် စိတ်ဝိညာဉ်နဂါးအဖြစ် ဟန်ဆောင်လာခဲ့ရသည့် ဒိုဒိုအတွက် ကိစ္စအားလုံးသည် အလွယ်လေးပင် ဖြစ်သည်။အခြေအနေနှင့် ချိန်သားကိုက်ရန်အတွက် ဒိုဒို သေသေချာချာ ကိုင်တွယ်ထားခဲ့လေသည်။
သို့သော်လည်း ဆာ စိတ်ဝိညာဉ် နဂါးသည် မိုးသစ်တောမည်းဆီမှာထက် အခွံလွတ်နှင့် ပို၍တူလှသည်။အစပိုင်း၌ သူခိုးဓားပြများကို ဟိန်းဟောက်လိုက်သည့်အချိန်၌ ခက်ခက်ခဲခဲ စုဆောင်းထားသည့်နဂါးမာန်အားလုံးကို သုံးလိုက်ရပြီ ဖြစ်သည့်အတွက် နောက်ပိုင်း ဟိန်းဟောက်သံများသည် သက်ရောက်မှု မရှိတော့ပေ။
ဒိုဒိုသည် နဂါး၏ ဘုန်းတန်ခိုးဖြင့် ခြောက်လှန့်နေသည့်အတွက် ချန်လွေ့သည် စိတ်အေးသွားပြီး အရှိန်အဝါ ကူးပြောင်းရန်အတွက် စူပါစနစ်ထဲ ဝင်လိုက်သည်။ ထိုသတ္တုရိုင်း အပြုန်းများသည် ပန်းပဲဆိုင်၌ ရောင်းသည့် သတ္တုရိုင်းများနှင့် အတူတူပင်ဖြစ်သည်။ထူးဆန်းသော သလင်းကောက်များ အပြည့်ဖြစ်နေသည်။ ပစ္စည်းတစ်ခု ပို၍အဆင့်မြင့်လေလေ ကူးပြောင်းရသည့် ကြာချိန် ပိုများလေလေပင် ဖြစ်သည်။ဤသလင်းကျောက်များသည် အခြားမှော်ကုန်ကြမ်းပစ္စည်းများထက် ကူပြောင်းရ လွယ်ကူသည်။ထို့ပြင် မိုင်ဇာ အခြေအနေသို့ ရောက်ရှိသွားပြီးသည့်အခါ [ အရှန်အဝါကူးပြောင်း ] အစွမ်း၏ အမြန်နှုန်းသည် ပို၍ပင် မြန်ဆန်သွားသည်။ ၃နာရီကြာပြီးနောက်တွင် အရှိန်အဝါ တစ်သိန်း တိုးသွားသည်။မိုးသစ်တောမည်းဆီမှ ထွက်ခွာသွားပြီးနောက်တွင် ချန်လွေ့၌ အရှိန်အဝါ ကိုးသောင်းကျော် ရှိသည်။ခုနက တိုက်ခိုက်ခံရခြင်းကြောင့်[ ထိခိုက်မှု စုပ်ယူခြင်း ] အတွင်းစွမ်းရည်မှ ရရှိသည့် အရှိန်အဝါများနှင့် ပေါင်းလိုက်သည့်အခါ အရှိန်အဝါစုစုပေါင်းသည့် နှစ်သိန်းခန့် ရောက်ရှိသွားသည်။ဂိုဒေါင်ထဲရှိ သတ္တုရိုင်းများမှာတော့ ၁၀%သာ လျော့ကျသွားလေသည်။
အချိန်ကို တွက်ချက်ကြည့်လိုက်ရာ သန်းခေါင်ရောက်သွားပြီဖြစ်ကြောင်း ချန်လွေ့ သဘောပေါက်လိုက်သည်။နဂါးထွင်းစာ၏ သက်ရောက်မှုကြာချိန်လည်း ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ထို့ကြောင့် ချန်လွေ့သည် သတ္တုရိုင်းအပြုန်း အခန်း၌ မနေတော့ဘဲ သတ္တုရိုင်းတွင်းပေါက်မှ ထွက်သွားလိုက်သည်။ချန်လွေ့သည် အခင်းဖြစ်ရာနေရာကို ရှင်းလင်းပြီး ဒိုဒိုကို ပြန်ခေါ်ကာ မန္ဂဒါနှင့်အတူ တောင်ကုန်းပေါ်ရှိ တဲထဲသို့ ပြန်လာလိုက်သည်။
နောက်တစ်နေ့တွင် ချန်လွေ့၏ ပင်ပန်းနေသည့်မျက်နှာကိုမြင်သွားပြီး အသီနာ မေးလိုက်သည်။
“ နင်ညတုန်းက ကောင်းကောင်း မအိပ်ခဲ့ရဘူးလား။အခုက နေ့လယ်တောင် ရောက်တော့မယ်။ဒါပေမဲ့ နင့်ကိုကြည့်ရတာ ပင်ပန်းနေသေးသလိုပဲ။ ”
“ နေရာသစ်နဲ့ အသားမကျသေးလို့ပါ။ ”
ချန်လွေ့ ပြုံးလိုက်သည်။အမှန်တယ်တွင် ချန်လွေ့သည် ပြန်လာပြီးကတည်းက အရှိန်အဝါ ကူးပြောင်း၍သာ အလုပ်များနေခဲ့သည်။လက်ရှိတွင် အရှိန်အဝါ စုစုပေါင်းသည် သုံးသိန်းခွဲအထိ ရောက်ရှိသွားသည်။သို့သော်လည်း ဂိုဒေါင်ထဲတွင် သတ္တုရိုင်း အများစုမှာ မကူးပြောင်းရသေးပေ။အရုဏ်တက်ချန် နီးလာသည့်အခါတွင် ချန်လွေ့သည် အမှန်တကယ် ပင်ပန်းပြီး အိပ်ပျော်သွားသည်။
ယခင်တစ်ခေါက် ကောင်စီခန်းမမှာ ကတည်းက ချန်လွေ့၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေ သိပ်မကောင်းကြောင်းကို အသီနာ သတိရလိုက်သည်။ထို့နောက် စဉ်းစားပြီး ပြောလိုက်သည်။
“ အရင်တစ်ခေါက် ဖျားတာက အကင်းမသေသေးလို့ ဖြစ်မယ်။ပြီးတော့ နင်က တဲထဲမှာ နေရတာ အကျင့်မဖြစ်သေးဘူး။ငါနင့်အတွက် သစ်သားအိမ်တစ်လုံး ဆောက်ပေးမယ်လေ။ ”
“ မလိုပါဘူး။ငါတကယ် အဆင်ပြေပါတယ်။ ”
အသီနာသည် သဘောကောင်းရန် ကြိုးစားနေသည်ကို ချန်လွေ့ သိသည်။အရင် တစ်ခေါက်၌ [ အထူးစိစစ်မှု ] ကြောင့်ဖြစ်ခဲ့သည့် စိတ်ဝိညာဉ် ကုန်ခမ်းမှုသည် လက်ရှိ အခြေအနေနှင့် မတူပေ။မနေ့ညက ရခဲ့သည့် ဒဏ်ရာများသည်အခြေခံအားဖြင့် ပြန်ကောင်း သွားပြီ ဖြစ်သည်။အရှိန်အဝါ ကူးပြောင်းရန်အတွက် ချန်လွေ့ အပြင်းအထန် “ ကြိုးစား ” နေခြင်းကြောင့် အိပ်ချိန် မရှိခဲ့ခြင်း ဖြစ်သည်။
“ နေမကောင်းဘူးဆိုရင် အမဲလိုက် မသွားနဲ့တော့လေ။အနီးအနားက ရေအရင်းအမြစ်တွေနဲ့ သားကောင်တွေကို သူခိုးဓားပြတွေ ထိန်းချုပ်ထားတာ။ ငါတို့ဖြတ်သွားတဲ့ သစ်တောစိမ်းဆီကို ခီဂူစီးသွားပြီးတော့ အမဲသွားလိုက်မယ်။ မိုင်းလုပ်သားတွေကို အသားစွပ်ပြုတ်ကျွေးမယ်လို့ နင်ကတိပေးထားတာ မဟုတ်လား။ ”
“ မစိုးရိမ်ပါနဲ့။နှစ်ရက်တစ်ခါလို့ မနေ့က ငါပြောခဲ့တာလေ။ပြီးတော့လည်း “ ကြိုးစားမယ် ” လို့ပဲ ငါပြောခဲ့တယ်။ ”
မဖြစ်နိုင်သည့်ကတိ မပေးမိစေရန်အတွက် ချန်လွေ့သည် မနေ့က သတိပေးချက်ထဲ၌ ထိမ်ချန်ထားခဲ့ခြင်း ဖြစ်သည်။
“ချန်လွေ့။ငါက နင့်လိုမျိုး စကားတစ်ခွန်းထဲမှာ အာစရှာစတွေ အများကြီး ထည့်ပြောနိုင် လောက်အောင်တော့ မတော်ဘူး။ ”
အသီနာ မျက်မှောင်ကြုတ်လိုက်သည်။
“ ငါသိတာက မိုင်းလုပ်သားတွေက နေ့တိုင်းအသက်ရင်းပြီး မိုင်းတူးကြရတယ်။ဒါပေမဲ့ သူက ဗိုက်ပြည့်အောင်တောင် မစားကြရဘူး။ဒါက တော်တော်လေး ခံစားရမှာပဲ။နင်က မိုင်းတွင်းအရာရှိလေ။သူတို့က နင့်ရဲ့ လက်အောက်ငယ်သားဆိုတော့ နင်တစ်ခုခု မလုပ်ပေးသင့်ဘူးလား။ ”
ထိုကဲ့သို့ အသီနာပြောမည်ဟု ချန်လွေ့ ထင်မထားခဲ့ပေ။မိုင်တွင်းအရာရှိဟူသော ရာထူးသည် ချန်လွေ့အတွက် ရှီလန်တောင်ဆီ ပေါ်တင်လာရန်အတွက် အကာအကွယ် တစ်ခုသာ ဖြစ်သည်။ဘာနကယ် ပြန်ရောက်မလာခင် မိုင်းလုပ်သားများကို လွတ်မြောက်နိုင်အောင် လုပ်ဖို့သာ ချန်လွေ့ စဉ်းစားထားခဲ့သည်။
“ မနေ့ညက အကြာကြီး စဉ်းစားခဲ့ပြီးပြီ။သူခိုးဓားပြတွေရဲ့ စွမ်းအားက တော်တော်လေး ကြီးမားလွန်းတယ်။ငါတစ်ယောက်တည်း မယှဉ်နိုင်ဘူး။ငါ မဆင်မခြင်လုပ်မိရင် နင်နဲ့..... အားလုံးကို ထိခိုက်စေနိုင်တယ်။အခု ငါအကောင်းဆုံး လုပ်နိုင်တာက သားကောင်တွေကို အမဲလိုက်ပြီးတော့ သူတို့တွေကို ဗိုက်ပြည့်အောင် လုပ်ပေးဖို့ပဲ။ ”
အသီနာသည် မနေ့ညက မိမိ၏ ချို့ယွင်းချက်ကို သဘောပေါက်သည်အထိ ထိုအကြောင်း စဉ်းစားနေခဲ့သည်မှာ သေချာပေသည်။
အသီနာသည် တိတ်ဆိတ်နေသည့် ချန်လွေ့ကိုကြည့်ပြီး သတိထား မေးလိုက်သည်။
“ ငါက တုံးလား။ ”
“ တော်တော် တုံးတယ်။ ”
ချန်လွေ့ မစဉ်းစားဘဲ ဖြေလိုက်ရာ အသီနာ၏ စိတ်သည် ရုတ်တရက် အားလျော့သွားသည်။
မိမိကိုယ်သာ အားထားရာပဲလေ။လိုက်လျောညီထွေမှု အရှိဆုံးသူတွေပဲ အသက်ရှင် နေရတယ်။အစွမ်းထက်တဲ့သူကို ရိုသေလေးစားရတယ်။ကိုယ့်အကျိုးကို ကာကွယ်မယ် ဆိုရင် လုံလောက်ပါပြီ။တခြားသူတွေရဲ့အလုပ်ကို ဘာလို့ ဝင်ရှုပ်မှာလဲ။မင်းကိုယ်မင်း ကယ်တင်ရှင် ထင်နေတာလား။
ဒီလိုလူမျိုးက ငါ့ရဲ့မူလကမ္ဘာမှာတောင် အရူးတစ်ယောက်ပဲ။စေတနာနဲ့ လုပ်ပေမဲ့ ရလာဒ်မကောင်းခဲ့တဲ့ ဥပမာတွေတောင်အများကြီးရှိတယ်။သူတို့ကို “ ပိုတော်တဲ့သူတွေ ” က “ အရူး၊ငတုံး ” လို့ ခေါ်ကြတယ်။အခြားသူတွေကတော့ “ ချီးမွမ်း ” ကြတယ်။
နေရာတိုင်းမှာ ဒီလိုငတုံးတွေ ရှိတယ်။နေရာတိုင်းမှာ ဒီလိုငတုံးတွေ လိုအပ်တယ်။ ဒီငတုံးတွေမရှိရင်တောင် လောကကြီး လည်ပတ်နေဦးနေမှာပဲ။ဒါပေမဲ့ ဒီလိုလူတွေကြောင့်ပဲ ကောင်းကင်ကြီးက ပိုပြာလာတယ်။နေလုံးကြီးက ပိုသာလာတယ်။ဘဝကြီးက ပိုတန်ဖိုး ရှိလာတယ်။
ချန်လွေ့သည် ဆက်မတွေးတော့ဘဲ ဆက်ပြောလိုက်သည်။
“ ဒါပေမဲ့ တုံးအတယ်ဆိုတာက ကူးစက်တတ်တယ်။ငါလည်း မင်းဆီကနေ ကူးသွားပြီ ထင်တယ်။ ”
အသီနာ၏ မျက်လုံးများ တောက်ပသွားပြီး ရုတ်တရက် ခေါင်းမော့လိုက်ပြီး ချန်လွေ့ကို ထူးဆန်းသည့် မက်မောမှုဖြင့် ကြည့်လိုက်ရာ ချန်လွေ့ အသာလေး ပြုံးလိုက်သည်။
“ ဒါဆို.... ”
“ အတူတူ အမဲလိုက်ကြမှာလား။ ”
အသီနာ စိတ်အားထက်သန်စွာ ထပ်ဖြည့်ပြောလိုက်သည်။
မျှော်လင့်ချက်များပြည့်နေသည့် အသီနာ၏မျက်လုံးကိုကြည့်ရင်း ချန်လွေ့ ပုခုံးတွန့်ပြ လိုက်သည်။
“ ဒါဆိုလည်း ငါ တဲဆီပြန်ပြီး နားလိုက်ဦးမယ်။ ”
“ ဟွန့် ”
အသီနာသည် မကျေမနပ်ဖြင့် ချန်လွေ့ကို ဝေ့ကြည့်လိုက်သည်။ထို့နောက် ချန်လွေ့ကို ဂရုမစိုက်တော့ဘဲ ချက်ချင်းပင် ခီဂူစီးကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်သည်။
ချန်လွေ့သည် စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်သည်။ အရူးမလေး။ မင်းနားမလည်ပါဘူး။ငါ တဲဆီကို ပြန်ဖို့လိုအပ်တာကလည်း အဲဒီအကြောင်းကြောင့်ပဲ။
ကယ်လီရာ ပြန်လာဖို့နှစ်ရက်တောင် မလိုတော့ဘူး။မိုင်းလုပ်သားတွေအားလုံး ထွက်သွားပြီးတော့ ငါမအိပ်ရင်တောင် သတ္တုရိုင်းအပြုန်း အခန်းထဲက အရှိန်အဝါတွေ အားလုံးကို ကူးပြောင်းနိုင်မှာ မဟုတ်ဘူး။ငါထွက်သွားရင်လည်း အဲ့ဒီအခန်းထဲက အရှိန်အဝါတွေကို ရဖို့ ပိုခက်သွားမယ်။ပြီးတော့လည်း မိုင်းလုပ်သားတွေထဲမှာ သူခိုးဓားပြတွေရဲ့ သူလျှိုရှိတယ်။အဲ့ဒါကြောင့် ရန်သူကို စောစော သတိထားမိအောင် လုပ်လို့ မဖြစ်ဘူး။
ထိုကဲ့သို့ ပွက်လောရိုက်အောင် ဒိုဒို လုပ်ထားခဲ့သည့်အတွက် အခုအချိန်အတောအတွင်း အဓိကတွင်းထဲသို့ မည်သူမှ ဝင်ရဲဦးမည် မဟုတ်ပေ။စိတ်ဝိညာဉ်နဂါးသည် ကယ်လီရာ နှင့် ဘာနကယ် တို့ကို မလှည့်စားနိုင်သော်လည်း အနည်းဆုံးတော့ မိုင်းတွင်းအရာရှိကို ချက်ချင်း သူတို့ သံသယဖြစ်ကြမည် မဟုတ်ပေ။တစ်ဖက်တွင် ချန်လွေ့သည် အရှိန်အဝါကို အမြန်ဆုံး စုပ်ယူရမည် ဖြစ်သည်။အခြားတစ်ဖက်တွင်လည်း တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားရပေမည်။
ရှီရာ၏ ယခင်အချက်အလက်များအရ ရှီလန်တောင်ရှိ သူခိုးဓားပြများသည် လိပ်ပြာနီ နယ်မြေမှ ဖြစ်ဖို့များသည်။သူ့ကို မည်သည့်အတွက်ကြောင့် ဂျိုးဆက်ပ် “ အကြံပေး ” ရခြင်းကိုချန်လွေ့ သေချာသိသည်။ပထမတစ်ခုမှာ မင်းသမီးလက်လီစတိုး၏ အလားအလာရှိသော ခြိမ်းခြောက်မှုနှင့် အမှောင်လမြို့ စီးပွားရေးကိုပင် ရှင်းပစ်ရန် အတွက် သူ့ကို သတ်ပစ်ရန် ဖြစ်သည်။ဒုတိယ တစ်ခုမှာ သူ၏ သေဆုံးမှုနှင့် ရှီရာကို ထိခိုက်စေပြီး အားနည်းစေရန် ဖြစ်သည်။
ထို့ကြောင့် မိုင်းတွင်းအရာရှိ ချန်လွေ့သည် အဓိကတွင်းသို့ မသွားခဲ့ဘဲ မြေအောက် နတ်ဆိုးသားရဲတို့၏ သတ်ဖြတ်မှုကို မခံရလျှင်တောင် သူခိုးဓားပြများ အရင်ဦးဆောင်ပြီး “ ကူညီ ” ကြမည် ဖြစ်သည်။
မိုင်းတွင်းအရာရှိ ရာထူးကို စွန့်ခွာပြီး ထွက်မပြေးဘူးဆိုလျှင် ချန်လွေ့သည် အနှေးနှင့် အမြန်ပင် ကယ်လီရာကို ရင်ဆိုင်ရပေမည်။ယာဂတ်စ် ပြောခဲ့သည့် စကားအရဆိုလျှင် ကယ်လီရာ၏အစွမ်းသည် ရှယ်လီနှင့်ယာဂတ်စ် နှစ်ယောက်ပေါင်းခြင်းထက် ပိုများနိုင်သည်။ဤစိန်ခေါ်မှုသည် လုံးဝကို မလွယ်ကူပေ။၎င်းသည် နောက်ထပ် ခက်ခဲသည့် စမ်းသပ်ချက် တစ်ခုပင်ဖြစ်သည်။
ရန်သူတွေ ဘယ်အချိန်ပဲလာလာ ငါ့ရဲ့အစွမ်းကို အမြန်ဆုံးတိုးမြှင့်ဖို့က သိပ်ကို အရေးကြီးတယ်။
ငါပိုင်ဆိုင်တဲ့ အစွမ်းက စစ်မှန်တဲ့အကာအကွယ်ပဲ။မိုင်းလုပ်သားတွေအတွက်ကိုတော့ သေသေချာချာ စီစဉ်ပေးဖို့ စဉ်းစားလိုက်ဦးမယ်......