← Chapters

ပင်လယ်လှိုင်းကြမ်းထဲ၌ လေ့ကျင့်ခြင်း

Vol. 7 Ch. 93

ပင်လယ်လှိုင်းကြမ်းထဲ၌ လေ့ကျင့်ခြင်း

Vol. 7 Ch. 93

ထိုအကြောင်းကို ချန်လွေ့ အနည်းငယ် စဉ်းစားပြီးနောက်တွင် ဂါဒီကို တစ်စုံတစ်ရာ ညွှန်ကြားရန်အတွက် တောင်အောက်သို့ ဆင်းလိုက်သည်။ဆရာအဲဒက်စ် သင်ပေးထားသည့် အဆိပ်အစွမ်းတစ်မျိုးကို လေ့ကျင့်နေမည်ဖြစ်သည့်အတွက် တဲအိမ်၏ အနီးအနားတစ်ဝိုက်တွင် အဆိပ်ပြင်းထန်နေမည်ဖြစ်ကြောင်း၊ တစ်ရက်ခွဲခန့် ကြာမြင့်မည်ဖြစ်ပြီး မနှောင့်ယှက်သင့်ကြောင်း ချန်လွေ့ ပြောလိုက်သည်။ထို့ပြင် အသီနာပြန်လာသည့်အခါ စကားပါးလိုက်ရန်အတွက် ဂါဒီကို ချန်လွေ့ ပြောလိုက်သည်။ တဲအိမ်တစ်ဝိုက်တွင် သေစေနိုင်သည့် အဆိပ်များ ရှိနေလိမ့်မည်ဟု ကြားလိုက် ရသည့်အခါ ဂါဒီသည် ချက်ချင်း ခေါင်းညိတ်လိုက်သည်။အသီနာနှင့် အခြားသူများ မှား၍သွားမိပြီး အဆိပ်မမိစေရန်အတွက် ဂါဒီသည် တောင်ခြေကိုစောင့်ကြပ်ရန် တစ်စုံတစ်ယောက် လွှတ်လိုက်သည်။

အန္တရာယ်ကင်းစေရန်အတွက် ချန်လွေ့သည် တောင်ထွတ်သို့ ပြန်ရောက်သည့်အခါ တဲအိမ်ကိုစောင့်ကြပ်ရန် မန္ဂဒါနှင့် ခီဂူတို့ကို ပြောလိုက်သည်။နောက်ဆုံး၌ စူပါစနစ်ထဲသို့ ချန်လွေ့ ဝင်လိုက်သည်။ထို့နောက် လဲလှယ်ဌာနမှ ထာဝရစိတ်ဝိညာဉ် နှင့် ထာဝရခန္ဓာ ဖြစ်သည့် ဆေးရည်မည်းနှစ်ပုလင်းကို အရှိန်အဝါ နှစ်သိန်းသုံးကာ လဲလှယ်ပြီး သောက်လိုက်သည်။ပုံမှန်အတိုင်း အံ့အားသင့်စရာ “စည်းမျဉ်းဥပဒေ” ခံစားချက်များ ခံစားလိုက်ရပြီး ချန်လွေ့၏ စိတ်ဝိညာဉ်နှင့် သက်လုံတို့သည် ပြင်းပြင်းထန်ထန် တိုးတက်သွားသည်။

ချန်လွေ့ ချက်ချင်း မလေ့ကျင့်ဘဲ ဖြည့်တင်းဆေးရည် တစ်ပုလင်းသောက်ကာ ခန္ဓာကိုယ်အခြေအနေကို ပိုကောင်းစေရန်အတွက် သုံးလေးနာရီ အနားယူလိုက်သည်။ ထို့နောက် စူပါစနစ်ထဲ ပြန်ဝင်လိုက်သည်။

ဂုဏ်ပုဒ် = ကြယ်ဦးစီး။

ဆင့်ကဲပြောင်းလဲခြင်းအဆင့် = ကြယ်နှစ်ပွင့်။

အတွေ့အကြုံတန်ဖိုး = ၁၀ ။

အရှိန်အဝါ တန်ဖိုး = ၁၅၃၅၅၂ ။

စွမ်းအားအကဲဖြတ်မှု = [ D ]

အချက်အလက်ပြဇယားရှိ အဝါလုံးနှင့် အဖြူလုံးတို့သည် တောက်ပစွာ လောင်ကျွမ်း နေကြသည်။အဝါရောင် အလင်းလုံး၏ ဗဟိုမှနေ၍ မြောက်များလှစွာသော ရွှေရောင် ကြယ်မှုန့်များသည် ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စီးဝင်နေသည်။၎င်းသည် လှပပြီး လျို့ဝှက်ဆန်းကြယ်သည့် ကြယ်စင်စုသဖွယ် ဖြစ်နေသည်။

ကြယ်စင်စုဥယျာဉ်ထဲတွင် အခရာ နတ်မိမယ်၏ တင့်တယ်လှပသော ပုံရိပ်သည် လေထဲတွင် မကြာခဏ ပျံသန်းနေသည်။အရှိန်အဝါ သစ်ပင်၅ပင် ကြီးထွားလာပြီး ၃ရက်အတွင်း သစ်သီးများကို ခူးဆွတ်၍ ရပေတော့မည်။မိစ္ဆာသစ်ပင်၏ ကြီးထွားနှုန်း သည်လည်း အတော်လေးတည်ငြိမ်ပြီး အပြုအစုစနစ်သည် အမှန်တကယ်ပင် အကျိုးသက်ရောက်မှုရှိပုံရသည်။

ချန်လွေ့သည် အသိစိတ်ကို လေ့ကျင့်ရေးကွင်းဆီ ပြောင်းရွှေ့လိုက်သည်။သေသေချာချာ စဉ်းစားပြီးနောက်တွင် မြေဆွဲအား(၈)ဆကို မရွေးချယ်ခဲ့ဘဲ အသုံးပြုလေ့မရှိသည့် ပတ်ဝန်းကျင်ဟူသော ဥပဒေကို ရွေးချယ်လိုက်သည်။

အယ်ခိတ် လေ့ကျင့်ရေး၏ သင်ခန်းစာသည် “ ခန္ဓာကိုယ် ” ဖြစ်ပြီး မိုင်ဇာလေ့ကျင့်ရေး၏ သင်ခန်းစာသည် “ တွန်းအား ” ဖြစ်သည်။မိုးသစ်တောမည်း၌ မြေဆွဲအား (၈)ဆကို စမ်းကြည့်ပြီးသည့်အခါ ခန္ဓာကိုယ် ကြံခိုင်မှုသည် အကန့်အသတ်တစ်ခုအထိ ရောက်ရှိ သွားပြီဟု ချန်လွေ့ ခံစားလိုက်ရသည်။မြေဆွဲအားကွင်းပြင်၌ ချန်လွေ့ စွမ်းအား လေ့ကျင့်၍ရသော်လည်း ၎င်းသည် “ ခွန်အား ” သက်သက်သာ ဖြစ်သည်။စွမ်းအား၏ လျို့ဝှက်ဆန်းကြယ်မှုကို ယုတ္တိရှိရှိ နားလည် သဘောပေါက်ခြင်း မရှိပေ။

ချန်လွေ့သည် အယ်ခိတ် အခြေအနေတွင် မြေဆွဲအားလေးဆ နှင့် သစ်တော ပတ်ဝန်းကျင်ကိုသာ ရွေးချယ်ခဲ့သည်။ယခုတွင် ချန်လွေ့ရွေးလိုက်သည့် ပတ်ဝန်းကျင်မှာ ပင်လယ် ဖြစ်သည်။ချန်လွေ့၏ယခင်ဘဝရှိ သိုင်းဝတ္ထုများထဲတွင် ရေထဲ၌ လေ့ကျင့်ခြင်းကို ဖော်ပြထားခဲ့သည်။အထင်ဟပ်ဆုံးတစ်ခုမှာ ကျင်းယုံ၏ “ သိမ်းငှက်သူရဲကောင်း ” ဝတ္ထုပင် ဖြစ်သည်။ဝတ္ထုများတွင်သာမက တိုက်ခိုက်ရေးနှင့် အားကစား လေ့ကျင့်ရေးများတွင်ပါ ထိုနည်းလမ်းရှိကြပေသည်။

ပင်လယ် ပတ်ဝန်းကျင် နှစ်မျိုးရှိသည်။တစ်ခုမှာ ပင်လယ်လှိုင်းကြမ်း ဖြစ်ပြီး ရေမျက်နှာပြင်ပေါ်တွင် ဖြစ်သည်။ဒုတိယတစ်ခုမှာ ပင်လယ်ရေနက်ဖြစ်ပြီး ပင်လယ် ကြမ်းပြင်၌ ဖြစ်သည်။သူတို့၏ ဈေးနှုန်းမှာ အတော်လေး သက်လှသည်။တစ်ခုကို အရှိန်အဝါ ၁၀၀၀ သာ ကျသင့်သည်။ ချန်လွေ့သည် ပင်လယ်လှိုင်းကြမ်းကို ရွေးချယ် လိုက်သည်။အချိန်ဥပဒေသကိုတော့ ချန်လွေ့သည် အမြင့်ဆုံး အချိန်အကန့်အသတ် ဖြစ်သည့် ရက်၁၀၀ကို ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်လိုက်သည်။ဈေးနှုန်းမှာ အရှိန်အဝါ တစ်သိန်း ဖြစ်သည်။

အချိန်ဥပဒေသသည် တကယ့်သက်တမ်းကိုသာ သက်ရောက်မှု ရှိမရှိကို ချန်လွေ့ မသိပေ။သို့သော်လည်း အဆိပ်နဂါးနှင့် သဟဇီဝစာချုပ် ချုပ်ဆိုထားသူ ဖြစ်သည့်အတွက် ချန်လွေ့၏ သက်တမ်းသည် နတ်ဆိုးများထက် ပို၍ရှည်ကြာသည်။ထို့ကြောင့် နှစ်ရာချီ လေ့ကျင့်လျှင်တောင် မည်သည်မှ ထိခိုက်မည် မဟုတ်ပေ။

လေ့ကျင့်ရေး စတင်ရန် အတည်ပြုပြီးနောက်တွင် ချန်လွေ့၏မျက်လုံးရှေ့၌ အဆုံးမဲ့ ပင်လယ် ပေါ်လာသည်။ပင်လယ်လှိုင်းကြမ်းသည် “ လှိုင်းကြမ်း ” ဟူသော စကားလုံးနှင့် ထိုက်တန်လှပေသည်။လှိုင်းလုံးကြီးများသည် မြင်းပေါင်းသန်းချီ ခြေဆောင့်နင်းသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းနေပြီး ခမ်းနားသည့်မာန်သည် ချန်လွေ့မျက်နှာထံ ရောက်လာသည်။သူ၏ ခြေထောက်များသည် ချော်နေသည့် ကျောက်တန်းပေါ်တွင် ရှိနေသည်။ချန်လွေ့ ခိုင်ခိုင်မာမာ မရပ်နိုင်သေးခင်မှာပင် ပြင်းထန် မြန်ဆန်သည့် လှိုင်းလုံးကြီးနှင့်အတူ ပါသွားတော့သည်။

ချန်လွေ့ သတိလက်လွတ်ဖြစ်သွားပြီး ရေထဲကျသွားသည်။ကံကောင်းစွာပင် ချန်လွေ့သည် ရေကူးတတ်သည့်အတွက် သက်ပြင်းရှိုက်လိုက်ပြီး ကျောက်တန်းဆီသို့ ရေကူးသွားလိုက်သည်။သို့သော်လည်း ‌လှိုင်းလုံး၏ ရိုက်ခတ်မှုသည် မထင်ထား နိုင်လောက်အောင်ပင် ဖြစ်သည်။ချန်လွေ့သည် လှိုင်းလုံးတစ်ခုဖြင့် ရိုက်မိသွားပြီး တစ်ကိုယ်လုံးလွင့်စင်သွားကာ ‌ကျောကုန်းဖြင့် အခြားကျောက်တန်းတစ်ခုကို ရိုက်ခတ်မိသွားသည်။အလွန်အမင်း နာကျင်လှသည်။ကြယ်စွမ်းအင်က သူ၏ခန္ဓာကိုယ်ကို ကာကွယ်ထားပေး၍ တော်ပေ‌သေးသည်။ချန်လွေ့သည် ကျောက်တန်းသည် အသည်းအသန် ကိုင်ထားပြီး ခန္ဓာကိုယ်ကို တည်ငြိမ်ရုံသာ လုပ်နိုင်သည်။ပင်လယ်ရေ၏ ‌ရိုက်ခတ်မှုသည် အလွန်ပြင်းထန်သည်။လှိုင်းတစ်လုံးပြီးတစ်လုံး လာနေပြီး မဆုံးနိုင်တော့ပေ။ထို့ပြင် ကျောက်တန်းသည်လည်း ချောမွတ်နေသေးသည်။ချန်လွေ့ ထလိုက်သည့်အခါ မတ်မတ်ပင် မရပ်နိုင်သေးခင်မှာပင် အခြားလှိုင်းလုံးကြီးတစ်ခုဖြင့် ရိုက်ခတ်ခံရပြီး ခြေကားယား လက်ကားယားဖြစ်ကာ နောက်သို့ လွင့်သွားသည်။ အချိန်အချို့ကြာပြီးမှသာ ချန်လွေ့ ရေထဲသို့ ကျသွားသည်။ထိုရိုက်ခတ်မှုဒဏ်သည် ချန်လွေ့ကို အမှန်တကယ်ပင် သွေးဆူစေခဲ့သည်။

ဤကဲ့သို့ လှိုင်းကြမ်းသည့် ပင်လယ်သည် ချန်လွေ့ စိတ်ကူးထားသည်နှင့် တစ်ခြားစီပင် ဖြစ်သည်။ရေတိမ်သော နေရာဟူ၍ မရှိပေ။ရေအဟုန်သည်လည်း အဆက်မပြတ် ပြင်းထန်နေသည်။ချန်လွေ့ ရပ်နေနိုင်သည့် တစ်ခုတည်းသော အရာသည် ထိုချော်နေသည့် ကျောက်တန်းများပေါ်၌ပင် ဖြစ်သည်။လေ့ကျင့်ရေးကို လက်မလျှော့လျှင် ချန်လွေ့သည် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်ရန်အတွက် လိုက်လျောညီထွေအောင် နေရမည်ဖြစ်သည်။

လောကတွင် မည်သည့်အရာမှ ရေထက် အားမနည်းပေ။သို့သော် သန်မာပြီး အစွမ်းထက်သည့် မည်သည့်အရာမှ ၎င်းကို အနိုင်မယူနိုင်။ထိုစကား၏ အဓိပ္ပာယ်ကို ချန်လွေ့ လုံးဝနားလည်သွားလေပြီ။ပင်လယ်ရေသည် ရေသာဖြစ်သည်။သို့သော်လည်း အစွမ်းထက်သည့်အားက လွှမ်းမိုးနေပြီး မည်သူမှ မထိန်းချုပ်နိုင်ကြပေ။

မူလက ချန်လွေ့သည် မိမိ၏စွမ်းအား အတော်လေးမြင့်မားနေပြီဟု ထင်ခဲ့သည်။ သို့သော်လည်း သဘာဝစွမ်းအားနှင့် ရင်ဆိုင်သည့်အခါတွင် သူ မည်မျှလောက် သေးငယ်ကြောင်းကို တွေ့ရှိသွားသည်။ကြယ်စွမ်းအားမသုံးဘဲ ခန္ဓာကိုယ်ကို တိုက်ရိုက် ကြံ့ခိုင်စေသည့် မြေဆွဲအားကွင်းပြင်နှင့် မတူပေ။ကြယ်စွမ်းအား အားလုံးကို သုံးလိုက် သော်လည်း ချန်လွေ့ မခုခံနိုင်သေးပေ။လက်ရှိတွင် ချန်လွေ့သည် ဘာကိုမှ မစဉ်းစားနိုင်ပေ။အရှေ့ရှိ ကျောက်တန်းကို အသည်းအသန် ကိုင်ထားရပြီး တစ်ခုပြီးတစ်ခု လာနေသည့် လှိုင်းလုံးကြီးများကို ခုခံရန်အတွက် အကောင်းဆုံး ကြိုးစားနေရသည်။

ကောင်း‌ကင်သည် တဖြည်းဖြည်း နက်မှောင်သွားသည်။လုကမ်းတောင် ယာယီ မိုင်းတွင်းရုံးခန်း အရှေ့၌ ပြင်းထန်သည့် လေစီးကြောင်းများ မြင့်တက်လာပြီး အသီနာသည် ခီဂူနှင့်အတူ ဆင်းသက်လိုက်သည်။ဂါဒီသည် ချက်ချင်းပင် အသီနာကို နှုတ်ဆက်လိုက်သည်။အသီနာလည်း ကွက်လပ်ကိရိယာထဲမှ သားကောင် အမြောက်အမြားကို ထုတ်ပေးလိုက်သည်။၎င်းတို့ကိုကြည့်ရင်း စစ်သားနှင့် မိုင်းလုပ်သားတို့၏ မျက်လုံးများ အရောင်တောက် နေတော့သည်။

“ဒါက မိုင်းတွင်းအရာရှိ ကျွန်မကို အထူးတလှယ်တာဝန်ပေးထားတဲ့ သားကောင်တွေပဲ။”

အသီနာသည် ချန်လွေ့ကို တစ်နည်းတစ်ဖုံ မကျေမနပ်ဖြစ်နေသော်လည်း ချန်လွေ့ အတွက် အကောင်းပြောပေးလိုက်သည်။

“ ဂါဒီ။ဒီသားကောင်တွေကို ကိုယ်တွယ်ဖို့ တစ်ယောက်ယောက် လွှတ်ပြီးတော့ အားလုံးကို မျှဝေပေးလိုက်။ဒါနဲ့ ချန်လွေ့ ဘယ်ရောက်နေတာလဲ။ ”

အသီနာ အဆိပ်မိမည်ကို စိုးရိမ်သည့်အတွက် ဂါဒီသည် ချန်လွေ့ အဆိပ်လေ့ကျင့် နေသည့်အကြောင်း ပြောလိုက်သည်။အသီနာမျက်လုံးကြုတ်လိုက်ပြီး မိုးသစ်တောမည်းတွင် သူတို့ရှိနေခဲ့သည့်အချိန်ကို သတိရလိုက်သည်။ချန်လွေ့သည် တစ်နေ့လုံးအိမ်နေခဲ့ပြီး မနှောင့်ယှက်ရန်အတွက်လည်း ပြောခဲ့သည်။သို့သော်လည်း ယခင်တစ်ခေါက်တွင် ချန်လွေ့သည် မဟာဆရာသခင် အမွေအနှစ်အတွက်ဟု ပြောခဲ့သည်။ ကြည့်ရ‌တာတော့ “ အဆိပ်အစွမ်းတွေ ” ၊ “ တဲနားတစ်ဝိုက်မှာ အဆိပ်တွေရှိမယ် ” ဆိုတာတွေက ဖုံးကွယ်ဖို့အတွက် ဆင်ခြေတွေပဲ ဖြစ်မယ်။ပြဿနာက တစ်နေ့လုံး မစားမသောက်ဘဲနဲ့ သူဘာလုပ်နေတာလဲ။

လက်ထောက်ခေါင်းဆောင် ကော်နာ ရောက်လာပြီး သားကောင်များကို သန့်ရှင်းရန် ခိုင်းလိုက်သည့်အချိန်တွင် အသီနာသည် အတွေးထဲ၌ နစ်မြောနေသည်။ကော်နာသည် ဂါဒီကို စကားအနည်းငယ် တီးတိုးပြောပြီး အသီနာကို ဦးညွှတ်ကာ ထွက်သွားလိုက်သည်။ အသီနာ သတိပြန်ဝင်လာပြီး ကော်နာ၏ အံ့အားသင့်နေသော အမူအရာကို တွေ့ကာ မေးကြည့်လိုက်သည်။

“ ဘာဖြစ်လို့လဲ။ ”

ဂါဒီ စိတ်အေးအေးထားပြီး အသီနာကို ပြောလိုက်သည်။

“ ရှီလန်တောင် နယ်မြေဘက်ကို သွားပြီး စူးစမ်းလေ့လာတဲ့ အမှောင်နတ်သူငယ် တစ်ယောက်ဆီက သတင်းတချို့ ပါလာတယ်။ကြောက်စရာ နတ်ဆိုးသားရဲ တစ်ကောင်က မနေ့ညကပဲ အဓိကတွင်းပေါက်ရဲ့ အထက်လွှာဆီကို ဖောက်ထွင်း ရောက်လာတယ်။အဲ့ဒါက မိစ္ဆာနီ တွေရဲ့ အမြင့်ဆင့်နတ်ဆိုး နှစ်ယောက်နဲ့ အမြင့်ဆင့် နတ်ဆိုးသားရဲ တစ်ကောင်ကို သတ်ပစ်လိုက်တယ်။ ”

“ အဲ့လိုမျိုးလည်း ရှိတာလား။ ”

အသီနာ လန့်သွားသည်။

“ မြေအောက် နတ်ဆိုးသားရဲက အမြင့်ဆင့်နတ်ဆိုး သုံးယောက်ကို သတ်ပစ်ခဲ့တယ်။ ဟုတ်လား။ဘယ်လို နတ်ဆိုးသားရဲမျိုးက ဒီလောက် အစွမ်းထက်တာလဲ။ ”

ဂါဒီ ခေါင်းခါလိုက်သည်။

“ ကျုပ်လည်း သေချာမသိဘူး။ထပ်ပြီး အတည်ပြုဖို့ကို စောင့်နေတုန်းပဲ။ ”

“ သူခိုးဓားပြတွေ အခုဘာလုပ်နေကြလဲ။ ”

အသီနာ ထပ်မေးလိုက်သည်။

“ သူတို့တွေ ရှီလန်တောင်ကနေ ဆုတ်ခွာသွားပြီလား။ ”

“ မဆုတ်ခွာဘူး။သူတို့က တောင်ခြေမှာ စုစည်းနေကြတယ်။ဒါပေမဲ့ အဓိက တွင်းနားကိုတော့ မသွားရဲကြတော့ဘူး။ ”

အသီနာ ခေါင်းညိတ်လိုက်သည်။အမှန်တကယ်ပင်တွင် သူခိုးဓားပြများ ဆုတ်ခွာသွား လျှင်တောင် မိုင်းလုပ်သားများလည်း ထိုနေရာသို့ ပြန်သွားနိုင်မည် မဟုတ်ပေ။ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲရှိနေသည့်အတွက် သူတို့ မိုင်းတူး၍ရမည် မဟုတ်ပေ။ထို့ပြင် သူတို့ကို သူခိုးဓားပြရော၊နတ်ဆိုးသားရဲပါ တစ်ပြိုင်တည်း နှောင့်ယှက်လာနိုင်သည်။ယခု၌ မိုင်းလုပ်သားတို့ဘက်တွင် မည်သည်မှ မဆုံးရှုံးသည့် အတွက် သူခိုးဓားပြများနှင့် နတ်ဆိုးသားရဲတို့၏ စွမ်းအားများ လျော့သွားခြင်းသည် ကောင်းပေသည်။

လေ့ကျင့်ရေးကွင်းထဲ၌.... ချန်လွေ့သည် ရေမျက်နှာပြင်ပေါ်တွင် နည်းငယ်ရှိသည့် ကျောက်တန်းပေါ်၌ ထိုင်နေသည်။ထို့နောက် အသက်ရှုနှုန်းကို ထိန်းညှိလိုက်ပြီး ကြယ်စွမ်းအားကို ခန္ဓာကိုယ်တစ်ခုလုံးဆီ ပျံ့နှံ့စေလိုက်သည်။ချန်လွေ့သည် လွန်ခဲ့သော သုံးလေးရက်ကကဲ့သို့ လူသစ် မဟုတ်တော့ပေ။ဤကဲ့သို့ ရူးသွယ်ဖွယ် ပြင်းထန်သည့် လှိုင်းလုံးကြီးများအတွင်း၌ ချန်လွေ့သည် တည်တည်ငြိမ်ငြိမ် နေရုံသာ နေနိုင်သည်။

လက်ရှိတွင် ချန်လွေ့လုပ်နိုင်သည်မှာ ကြယ်စွမ်းအားအကုန်သုံးပြီး ဒီရေကို ခုခံရန် ဖြစ်သည်။ဤခံစားချက်သည် မြေဆွဲအားကွင်းပြင်၌ လေ့ကျင့်ရသည်နှင့် တခြားစီပင် ဖြစ်သည်။နှစ်ခုစလုံးသည် ခုခံမှုကို တိုးတက်စေသော်လည်း မြေဆွဲအားကွင်းပြင်သည် ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး ခွန်အားနှင့် ကြွက်သား ထိန်းချုပ်မှုကို တိုးစေသည်။ပင်လယ် လှိုင်းကြမ်းသည် ကြယ်စွမ်းအားကို အစီအစဉ် အမျိုးမျိုးသုံး၍ ထပ်ကာထပ်ကာ လေ့ကျင့်ပြီး အထိရောက်ဆုံး ခုခံမှုနည်းလမ်းကို ရှာဖွေရခြင်း ဖြစ်သည်။ပထမတစ်ခုသည် အတွင်းပိုင်းဖြစ်ပြီး ဒုတိယတစ်ခုသည် အပြင်ပိုင်း ဖြစ်သည်။

ဧရာမလှိုင်းလုံးကြီးများ ထပ်ကာထပ်ကာ ရိုက်ခတ်ပြီးနောက်တွင် ချန်လွေ့ ထိန်းမထားနိုင်တော့ဘဲ ပင်လယ်ထဲ ကျသွားပြန်သည်။သို့သော်လည်း ချန်လွေ့တွင် အတွေ့အကြုံ ရှိနေပြီ ဖြစ်သည်။ချန်လွေ့သည် လက်ကို တင်းတင်းဆုပ်ကိုင်ပြီး လက်ထိပ်တွင် ကြယ်စွမ်းအား စုစည်းကာ ကျောက်တန်းကို အချိန်မီဖမ်းဆုပ်ပြီး သပ်ပြင်းချလိုက်သည်။

လှိုင်းများကို ခုခံပြီးနောက် ချန်လွေ့သည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။ချန်လွေ့ ဖြည်းဖြည်းချင်း ကျောက်တန်းကို ဆုပ်ကိုင်ကာ တစ်ဆင့်ပြီး တစ်ဆင့် တက်လာပြီး ကျောက်တန်းပေါ်တွင် ထိုင်လိုက်ပြီးနောက် ဧရာမ လှိုင်းလုံးကြီး၏ လွှမ်းမိုးမှုကို လက်ခံလိုက်တော့သည်။

ရှီလန်တောင်တန်းတွင် နေနှင့်ည အပူချိန် ပြောင်းလဲမှုသည် အလွန်ကြီးမားသည်။ အသီနာ၊ဂါဒီ နှင့် ကော်နာတို့ အားလုံးသည် မီးပုံရှေ့၌ ထိုင်နေကြသော်လည်း ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့် လေထုမှ အေးစက်မှုများကို ခံစားရနေသေးသည်။ ယခုတစ်ခေါက်တွင် အသီနာသည် သားကောင်အမြောက်အများကို ဖမ်းဆီးခဲ့သည်။သူ စုဆောင်းထားသည့် သစ်သီးများဖြင့် ပန်ကိတ်များလည်း အပါအဝင်ဖြစ်သည်။မနေ့က အသားစွပ်ပြုတ်သည် နှုတ်မြိန်စာ ဆိုလျှင် ယနေ့စားစရာသည် မိုင်းလုပ်သားတို့ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သည့် စားသောက်ပွဲကြီးပင် ဖြစ်သည်။

အသီနာသည် ချန်လွေ့ကို မျက်နှာသာ ပေးခဲ့သော်လည်း လူအများသည် အင်ပါယာ၏ ပထမဆုံးဗိုလ်ချုပ်၏ သမီးတော်ကို ကျေးဇူးတင်ပြီး လေးစားနေကြဆဲပင် ဖြစ်သည်။ အသီနာသည် ဂါဒီထံမှ အသားကင်ကို လက်ခံပြီး တစ်ကိုက် ကိုက်ကြည့်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ယောက်၏ အချက်အပြုတ်ကို သတိရသွားပြီး အသီနာသည် တောင်ထွတ်ရှိ တိတ်ဆိတ်နေသော တဲအိမ်ကို လှမ်းကြည့်လိုက်သည်။

“ နောက်ဆုံးပေါ် သတင်းရထားတယ်။မနေ့ညပြီးတော့ မြေအောက် နတ်ဆိုးသားရဲက အဓိကတွင်းထဲကနေ ထပ်ပြီး ထွက်မလာဘူး။ဒါပေမဲ့လည်း မိစ္ဆာနီ သူခိုးဓားပြတွလည်း အထဲမဝင်ရဲသေးဘူး။သူတို့က တောင်ခြေမှာရှိတဲ့ လူနေအိမ်ယာ တွေမှာပဲ စောင့်ကြပ် နေတယ်။ ”

ကော်နာသည် စွပ်ပြုတ်တစ်ငုံသောက်ပြီး ပြောလိုက်သည်။

“ အဲဒီနတ်ဆိုးသားရဲက မကောင်းဆိုးဝါးနဲ့တူတဲ့ နဂါးလို့ ပြောတာကြားတယ်။သူ့မှာ အသားတွေမရှိဘူး။အရိုးစုပဲ ရှိတယ်။သူ့မျက်လုံးတွေကလည်း အစိမ်းရောင်အလင်းတွေ တောက်နေတယ်။ကြောက်စရာကြီး။သူခိုးဓားပြတွေကတော့ အဲ့ဒါကို စိတ်ဝိညာဉ်နဂါးလို့ ခေါ်ကြတယ်.... ”

အသီနာ ရုတ်တရက် အပြင်းအထန် ချောင်းဆိုးထားသည်။အသားကင်ကြောင့် ဆို့နင့် သွားဟန် တူသည်။ဘေးဘက်ရှိ ဂါဒီသည် အမြန်ပင် ရေတစ်ခွက် ကမ်းပေးလိုက်သည်။ အသီနာ တစ်ငုံသောက်ပြီး ထူးဆန်းသွားသည်။အသီနာသည် ဆို့နင့်ပြီး မသက်မသာ ခံစားနေကြောင်း သိသည့်အတွက် ဂါဒီနှင့် ကော်နာတို့သည် သတိမထားလိုက်ပေ။

ကော်နာ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အသီနာ ခဏစဉ်းစားကာ မေးလိုက်သည်။

“ ဒီနတ်ဆိုးသားရဲက အရင်နှစ်ရာနဲ့ချီတုန်းက ပေါ်လာခဲ့ဖူးလား။ ”

“ တစ်ခါမှမပေါ်လာဖူးဘူး။ ”

“ အရင်နှစ်ရာနဲ့ချီတုန်းက မိုင်းတွင်းမှာ ပေါ်လာဖူးတဲ့ နတ်ဆိုးသားရဲတွေဆိုရင် မယ်ဒူဆာ၊ ပြိဿ၊ဒြပ်စင်ကောင်....ဒါတွေပေါ့။အပေါဆုံးကတော့ သွေးစုပ်တဲ့ ယင်ကောင်လို သတ္တဝါတွေပဲ။သူတို့တွေက တော်တော်လေး ရှင်းရခက်တယ်။ဒါပေမဲ့ ဒီလို မကောင်းဆိုးဝါးကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး။မကြာခင်ကမှ ပေါ်ထွက်လာတဲ့ အမျိုးအစားအသစ် တစ်မျိုး ဖြစ်မှာပေါ့။ ”

အသီနာသည် အသားကင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ဘာမှ ထပ်မပြောတော့ပေ။သို့သော်လည်း သူ၏စိတ်ထဲတွင် မကျေနပ်မှုများ ပြည့်နေသည်။ မိုးသစ်တောမည်းတွင် နားနေစဉ်က တစ္ဆေနဂါးကဲ့သို့ ဒိုဒို သရုပ်ဆောင်ခဲ့သည်ကို အသီနာ မြင်ခဲ့ရသည်။၎င်းသည် ကော်နာ ပြောပြသည်နှင့် အတူတူပင် ဖြစ်သည်။

“ စိတ်ဝိညာဉ်နဂါး ”သည် ယခင်တုန်းက တစ်ခါမျှ မပေါ်လာခဲ့ဖူးပေ။ချန်လွေ့နှင့်သူ မိုင်းတွင်းသို့ ရောက်လာသည့်အခါတွင်မှ ရုတ်တရက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းသည် မိစ္ဆာနီတို့ကို “ ရွေးချယ် ” တိုက်ခိုက်ပြီး အမြင့်ဆင့်နတ်ဆိုး သုံးယောက်အား သတ်ပစ်ခဲ့သည်။စိတ်ဝိညာဉ်နဂါးနှင့် တစ္ဆေနဂါးတို့သည် အခြေခံ အားဖြင့်....တစ်ကောင်တည်းဖြစ်သည်ကို ယုံကြည်ရန်အတွက် အသီနာတွင် အကြောင်းပြချက် များစွာ ရှိနေသည်။

ဒီစိတ်ရှုပ်စရာလူတော့......သူ့မှာ လျို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေတာလဲ....

All Chapters