← Chapters

အသီနာ၏ မေးခွန်းနှင့် ကယ်လီရာ၏ ဘေးကျပ်နံကျပ်အခြေအနေ

Vol. 7 Ch. 94

အသီနာ၏ မေးခွန်းနှင့် ကယ်လီရာ၏ ဘေးကျပ်နံကျပ်အခြေအနေ

Vol. 7 Ch. 94

ပင်လယ်လှိုင်းကြမ်းထဲတွင် ချန်လွေ့သည် မြင်းထိုင်ပုံစံ ရပ်နေပြီး ခြေထောက်များသည် ပင်လယ်ထဲရှိ ကျောက်တန်းပေါ်တွင် သံမှိုစွဲထားသကဲ့သို့ မြဲမြံစွာ တည်ရှိနေသည်။ ဤအနေအထားသည် လွန်ခဲ့သော၂လက ထိုင်ရုံသာထိုင်ခဲ့ခြင်းထက် အများကြီးပိုပြီး ခက်ခဲလေသည်။လှိုင်းလုံးများသည် ကြီးမားလှသော်လည်း ချန်လွေ့၏ခန္ဓာကိုယ်ကို ရွေ့အောင် မလုပ်နိုင်ကြပေ။

ဤနှစ်လတာ လေ့ကျင့်ရေးအတွင်းတွင် ချန်လွေ့သောက်ခဲ့သည့် ထာဝရခန္ဓာနှင့် ထာဝရစွမ်းအားတို့ကို လုံးဝစုပ်ယူသွားနိုင်ခဲ့သည်။ဆေးရည်နှစ်ပုလင်း၏ အစွမ်း အပြည့်အဝ ထွက်လာသည့်အခါ ချန်လွေ့၏ကိုယ်ထဲ၌ ထူးဆန်းပြီး ပဲ့တင်ထပ်သကဲ့သို့ မတည်ငြိမ်မှုတစ်ခု ဖြစ်သွားသည်။စိတ်ဝိညာဉ်နှင့် သက်လုံသာမက ချန်လွေ့၏ ခွန်အားနှင့် အမြန်နှုန်းများပင် တိုးတက်လာခဲ့သည်။ချန်လွေ့၏ အခြေအနေ တစ်ခုလုံးသည် နောက်ထပ် ဆေးရည်မည်းတစ်ပုလင်း သောက်လိုက်သကဲ့သို့ပင် အမြင့်တစ်ခုသို့ ရောက်ရှိသွားသည်။

ဒါက ဆေးရည်တစ်စုံလုံးကို သောက်ပြီးလို့ရလာတဲ့ အပိုဆုပဲ ဖြစ်ရမယ်။

နောက်ဆုံး၌ ချန်လွေ့သည် ထာဝရဆေးရည်များ၏ နောက်ထပ် အံ့ဩဖွယ်ရာတစ်ခုကို အနည်းငယ် သဘောပေါက်သွားသည်။ စစ်မှန်ဆေးရည်မည်းတွင် “ နိယာမ ” ရှိလျှင် ထာဝရဆေးရည်မည်းတွင်လည်း အစွမ်းတစ်ခုစီ၏ “ နိယာမ ” များမှလွဲ၍ အစုံလိုက် တစ်ခုစီ၏ “ ပဲ့တင်ထပ်မှု ” တစ်ခု ရှိပေမည်။ ပြန်လည်တည်ဆောက်ခြင်း ဆေးရည်နဲ့ ထာဝရအသက်ရှည်ခြင်း ဆေးရည်တွေရဲ့ အမြုတေက ဘယ်လို ဖြစ်နေမလဲ မသိဘူး။

ဆေးရည်မည်း၏ ထပ်တိုးရရှိမှုသည် လေ့ကျင့်ရေးအတွင်း၌ အရန်တစ်ခုသာ ဖြစ်သည်။ ဆေးရည်များသည် အစွမ်းများကို အတိုင်းအတာတစ်ခုအထိ တိုးမြှင့်ပေးသော်လည်း စွမ်းအားကို အသုံးပြုရန်နှင့် သဘောပေါက်ရန်အတွက် လေ့ကျင့်ရေး အတွင်း၌သာ ရရှိနိုင်ပေသည်။

ချန်လွေ့သည် ကျောက်တန်းပေါ်တွင် ရပ်နေခြင်းသာ မဟုတ်တော့ဘဲ လက်သီးထိုး နေတော့သည်။လှိုင်းလုံးကြီးထဲ၌ ချန်လွေ့သည် ခန္ဓာကိုယ်ကိုတည်ငြိမ်စေရန်အတွက် ကြယ်စွမ်းအားအများစုကို ဆုံးရှုံးလိုက်ရသောကြောင့် သူ၏လက်သီးထိုးနှုန်းသည် မမြန်ဆန်ပေ။နှစ်လကြာ မအိပ်ဘဲ ကြိုးစားမှုသည် အလကားဖြစ်မသွားဘဲ ရရှိမှုများ သည်လည်း ကြီးမားလှသည်။

ချန်လွေ့၏ ကြယ်စွမ်းအားအပေါ် ထိန်းချုပ်မှုနှင့် အသုံးပြုမှုတို့သည် နေ့စဉ်နှင့်အမျှ တိုးတက်လာသည်။ယခုတွင်တော့ ချန်လွေ့သည် ကြယ်စွမ်းအားပမာဏ အနည်းဆုံးကို အသုံးပြုပြီး အစွမ်းထက်ဆုံးသက်ရောက်မှုကို ထုတ်လွှတ်နိုင်ရန် တဖြည်းဖြည်းချင်း လေ့လာနေလေသည်။

အကန့်အသတ်အထိ ရောက်ရှိသွားပြီး တောင့်မခံနိုင်တော့ကြောင်း ခံစားလိုက် ရသည့်အခါ ချန်လွေ့သည် ပြန်လည်ထိုင်ချပြီး ကြယ်စွမ်းအားနှင့် သက်လုံပြန်ပြည့်ရန် စောင့်ဆိုင်းနေလိုက်သည်။ဤကဲ့သို့ ကုန်ဆုံးခြင်းနှင့် ပြန်ပြည့်ခြင်း အဆက်မပြတ် ဖြစ်နေသည့် စက်ဝိုင်းကြီးထဲတွင် ကြယ်စွမ်းအား၏ အမြင့်ဆုံး အကန့်အသတ်သည်လည်း ဖြည်းဖြည်းချင်း ကျယ်ပြန့်သွားသည်။

မူလက ၎င်းသည် ရေတစ်ပုံးဆိုလျှင် ယခုတွင် ရေတိုင်ကီ သို့မဟုတ် ရေကန်တစ်ကန် ကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ လူသားပုံစံ အခြေအနေပြဇယားအတွင်းရှိ မြောက်များ လှစွာသော ကြယ်မှုန်များသည် ပို၍ပို၍ သေးသွားသယောင် ထင်ရသည်။အလင်းရောင် မှာမူ မလျော့ကျသွားဘဲ ပို၍ပင် တိုးလာသည်။စီးဆင်းမှုသည်လည်း အကြိမ်ကြိမ်ပြုပြင်ပြီး သန့်စင်ထားသကဲ့သို့ပင် ပို၍ ချောမွေ့လာပြီး သဘာဝကျလာသည်။

……

အချိန်အတော်ကြာပြီးနောက် -

ချန်လွေ့မျက်လုံး ဖွင့်လိုက်သည်။ရက်၁၀၀ လေ့ကျင့်ရေးလည်း အဆုံးသတ်သွားပြီ ဖြစ်သည်။ဤကဲ့သို့ အိပ်ချိန်မရသော ပျင်းစရာလေ့ကျင့်ရေးမျိုးသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။သို့သော်လည်း အဆုံးအထိ ဇွဲလုံ့လဖြင့် ဆက်သွားနိုင်ပါက အကျိုးကျေးဇူးများမှာလည်း အကြီးအကျယ်ပင် ဖြစ်သည်။

ချန်လွေ့ အကြောဆန့်လိုက်ပြီး အနည်းငယ် အိပ်ချင်မူးတူး ဖြစ်သွားသည်။သုံးလလောက် “ နောက်ကျ ” အိပ်စက်မှုသည် တစ်ချိန်တည်း ရိုက်ခတ် လာသကဲ့သို့ပင် ဖြစ်သည်။ သို့သော်လည်း ရက်၁၀၀လောက် “ ဆာလောင် ” နေခဲ့သည့် ဝမ်းဗိုက်ကို အရင်ဦးစွာ ဖြည့်တင်းရန် လိုအပ်နေသည်။

အမှန်တကယ်တွင်တော့ ချန်လွေ့သည် တစ်ရက်စာသာ ‌ဆာလောင်နေခဲ့ခြင်း ဖြစ်သည်။နားချိန်နှင့် လေ့ကျင့်ချိန်ကို တွက်ချက်ပြီးသည့်အခါ နေဝင်ရီတရော အချိန်ဖြစ်ကြောင်း သိလိုက်ရသည်။တစ်ခုခုစားပြီး အိပ်စက်အနားယူကာ သက်လုံပြန်ဖြည့်ရန်အတွက် အချိန်ကောင်း တစ်ခုပင် ဖြစ်သည်။

ထိုအချိန်တွင် တစ်ခုခုလွဲနေကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ချန်လွေ့ သတိထား၍ ထလိုက်ပြီး တဲကိုဖွင့်လိုက်ရာ အပြင်ဘက်တွင်ရပ်နေသည့် လုံးကြီးပေါက်လှ ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ အသီနာ ဖြစ်နေတာပဲ။ဒါကြောင့် ဒိုဒိုနဲ့ ဝိုင်ဗန်နှစ်ကောင်က ငါ့ကိုဘာမှ သတိမပေးကြတာကိုး။

“ အသီနာ။မင်းဘာလို့..... ”

အမှန်ပြောရလျှင် သုံးလကျော်ကြာ ပင်လယ်လှိုင်းကြမ်းထဲ၌ တစ်ကိုယ်တည်း ခံစားခဲ့ရသည့် ချန်လွေ့သည် အသီနာကို တွေ့သည့်အခါ အလွန်ပျော်ရွှင်နေဆဲပင် ဖြစ်သည်။

“ ငါဘာလို့ တဲနားတစ်ဝိုက်က “ သေစေနိုင်တဲ့အဆိပ် ” မမိတာလဲ။ ”

အသီနာသည် အသေအချာပင် မပျော်မရွှင်ဖြစ်နေသည်။ထိုစကားပြောပြီးနောက် အသီနာ၏မျက်လုံးများ စူးရှသွားကာ လက်ထဲ၌ မဟာဓားကြီး ထွက်ပေါ်လာသည်။ ဗိုလ်ကျသည့် အမူအကျင့်နှင့်အတူ အသီနာသည် ချန်လွေ့ကို အလွန်လျင်မြန်စွာ ခုတ်ပိုင်းလိုက်သည်။

အသီနာ၏ဓားသည် ဂန်ခီ၏တူကို နှစ်ပိုင်းပြတ်သွားစေပြီး ဂန်ခီ၏ခေါင်းပေါ်၌ မြဲမြံစွာ ရပ်တန့်နေခဲ့သည်ကို ချန်လွေ့ မြင်ခဲ့ဖူးသည်။ထိုစဉ်က အသီနာသည် အလယ်ဆင့် နတ်ဆိုးသာ ဖြစ်သေးသော်လည်း သူ၏အစွမ်းများနှင့် စွမ်းအားထိန်းချုပ်မှု တိကျခြင်းကို ချန်လွေ့ ယခုအချိန်အထိ အံ့ဩမိနေသေးသည်။သို့သော်လည်း ချန်လွေ့ကိုယ်တိုင်သည် ထိုကဲ့သို့ ခုတ်ချက်မျိုးဖြင့် ပြန်ခံစားရမည်ဟု မထင်မှတ်ထားခဲ့ပေ။ချက်ချင်းပင် ချန်လွေ့ ခေါင်းထဲ၌ အကြံတချို့ပေါ်လာသည်။သို့သော်လည်း ဘာမှမလုပ်ရန် ဆုံးဖြတ်ပြီး မရှောင်တိမ်းလိုက်ပေ။

အသီနာ၏ မဟာဓားကြီးသည် ချန်လွေ့၏ ခေါင်းပေါ်၌ ရုတ်တရက် ရပ်တန့်သွားသည်။၎င်းသည် ချန်လွေ့၏ခေါင်းနှင့် လက်မ အနည်းငယ်သာ ဝေးပေသည်။ကြမ်းတမ်းသည့် အားမာန်ကို ချန်လွေ့ ခံစား၍ ရနေသည်။သို့သော်လည်း အားမာန်သာဖြစ်သည်။သတ်ဖြတ်ချင်စိတ် မဟုတ်ပေ။

အသီနာ အမှန်တကယ် ခုတ်ပိုင်းမည် မဟုတ်သည်ကို သိသော်လည်း ချန်လွေ့သည် စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ ဒီဓားသမကို ဓားထုတ်ရတဲ့အထိ ငါဘယ်တုန်းက စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိသွားလို့လဲ။အရင်တစ်ခေါက်တုန်းကလည်း သူ့ရဲ့ဓားက မိုးသစ်တောမည်းမှာ ကျိုးကြေသွားခဲ့တယ်။အခုလည်း သူ့မှာ နောက် တစ်လက်ရှိနေပြီ။သူ့ရဲ့ သိုလှောင်လက်ပတ်ထဲမှာ အပိုတွေအများကြီး ရှိနေတဲ့ပုံပဲ။

အသီနာသည် အလွန်အံ့အားသင့်နေသည့် ချန်လွေ့ကိုကြည့်ပြီး ရုတ်တရက်ပင် ဓားကို ဒေါသတကြီးနှင့် အောက်ချလိုက်သည်။

“ မှန်မှန်ပြော။မနေ့ညက နင် ဘယ်ကို သွားခဲ့လဲ။ ”

“ မနေ့ညတုန်းကလား.... ”

ချန်လွေ့သည် မနေ့ကညကို ပြန်တွေးကြည့်လိုက်သည်။ အဲဒီတုန်းကငါ အနေအထား ပိုကောင်းတဲ့ ကျောက်တန်းတစ်ခုကို ရှာတွေ့သွားပုံပဲ။ပြီးတော့ ကိုယ့်ကိုယ်ကို အာရုံသွင်း ပြီးတော့ ပင်လယ်ထဲမှာ လက်သီးထိုး လေ့ကျင့်ခဲ့တယ်။အခုတော့ငါ လွတ်လွတ်လပ်လပ် ထိုးနိုင်သွားပြီးတော့ ထိုးနေရင်းနဲ့ လျို့ဝှက်ဆန်းကြယ်တာ တစ်ခုခုကို နည်းနည်းလေး ခံစားခဲ့ရတယ်။ကံဆိုးတာက အချိန်မလောက်ခဲ့ဘူး။ အဲဒီခံစားချက်ကို လုံးဝ နားမလည်သေးခင်မှာပဲ လေ့ကျင့်ရေးကွင်းကနေ “ ကန်ထုတ် ” ခံခဲ့ရတယ်။

“ ရူးချင်ယောင် မဆောင်နေနဲ့။နင် မနေ့ညတုန်းက ရှီလန်တောင်ရဲ့ အဓိကတွင်းဆီကို သွားခဲ့တာလား။ ”

ချန်လွေ့သည် ခုနကမှ လေ့ကျင့်ရေးကွင်းထဲက ထွက်လာခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် ရက်၁၀၀မှတ်ဉာဏ်ကို စွဲနေတုန်းပင် ဖြစ်သည်။ထို့နောက်မှာသာ ချန်လွေ့သည် အမှန်တကယ် အချိန်ကို ပြောနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။ မနေ့ည တုန်းက အမြင့်ဆင့်နတ်ဆိုး နှစ်ယောက်နဲ့ အမြင့်ဆင့်နတ်ဆိုး ဆယ်ဘရတ်စ်တို့ကို သတ်ခဲ့တာ မဟုတ်လား။ဒါပေမဲ့လည်း ဒါကိုတော့ အသီနာကို ငါပြောပြလို့ မဖြစ်ဘူး။

“ မနေ့ညကမှ ငါတို့ဒီကို ရောက်တာလေ။တဲထဲမှာပဲ ငါအိပ်နေတာထင်တယ်.... ”

“ အမှန်အတိုင်း မပြောချင်သေးဘူးလား။ ”

အသီနာသည် ဟွန့်ခနဲ နှာမှုတ်လိုက်ပြီး တဲနောက်ဘက် ဆုတ်ခွာနေသည့် ချွဲကျိကောင်ကို ကြည့်လိုက်သည်။

“ ခုနကပဲ ဒိုဒို ငါ့ကိုအားလုံး ပြောပြပြီးပြီ။ ”

ချန်လွေ့သည် ဒိုဒိုကို စိုက်ကြည့်လိုက်ရာ ဒိုဒိုသည် ချက်ချင်းပင် လက်နှစ်ဖက် ဖန်တီးလိုက်ပြီး မျက်နှာကို ဖုံးထားလိုက်သည်။သူ၏ အပိုလုပ်နေသည့် အမူအရာသည် အလွန့်အလွန် အပြစ်ကင်းလွန်းလှသည်။ဒိုဒိုသည် သနားစရာကောင်းလောက်အောင် ငိုလိုက်သည်။

“ ဒိုဒို ခုနက ဘာမှ မပြောပါဘူး။သခင်မကို မနေ့ညတုန်းက မိုင်းတွင်းဆီ သွားတဲ့ အကြောင်း မပြောခဲ့ပါဘူး။ ”

ခုနက မင်းမပြောဘူး။ဒါပေမဲ့ အခုတော့....မင်းပြောလိုက်ပြီး မဟုတ်လား။

ချန်လွေ့သည် ခဏလောက် ဆွံ့သွားသည်။လိုလီလေးသာဆိုလျှင် ဤကဲ့သို့ လှည့်စားခြင်းကို ချန်လွေ့ အံ့အားသင့်မည် မဟုတ်ပေ။သို့သော်လည်း ဤကဲ့သို့ လှည့်စားမှုမျိုး အသီနာ ပြုလုပ်လိမ့်မည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။သူငယ်ချင်း အချင်းချင်း လွှမ်းမိုးတာများလား။

“ စစ်ပွဲမှာဘယ်အရာမှ မယုံကြည်ရဘူး။ ”

အသီနာသည် ချန်လွေ့၏ ကြောင်တောင်တောင် အမူအရာကိုကြည့်ပြီး မရေမရာ ပြုံးလိုက်သည်။

“ အဲ့ဒါက နင့်ရဲ့ သုံးပြည်ထောင် ပုံပြင်ထဲကနေ ငါသိခဲ့ရတာပဲ။ ”

ချန်လွေ့သည် ပို၍ပင် ဆွံ့အသွားသည်။

လက်စသတ်တော့ မကောင်းတဲ့ လွှမ်းမိုးမှုက လူစီဖာမျိုးရိုးကြောင့်မဟုတ်ဘဲ ချန်မျိုးရိုးကြောင့် ဖြစ်နေတာကိုး။

“ တကယ်တော့ ဒါကဦးနှောက်အများကြီး သုံးရတဲ့ ဒီလိုလှည့်ကွက်‌တွေ လုပ်ရတာ မတော်ဘူး။ခုနကခုတ်ချက်က သာမန်လူတစ်ယောက်တောင် မသိစိတ်နဲ့ ရှောင်လိုက်မိမှာ။ဒါပေမဲ့ နင်ကတော့....နင့်ရဲ့ တည်ငြိမ်မှုကိုငါအရှုံးပေးပါတယ်။ ”

အသီနာသည် ခံစားချက် ပြင်းထန်နေပုံပေါ်သည်။

“ နင့်ကိုငါ တကယ်မခုတ်ဘူးလို့ နင်တကယ် ယုံနေတာလား။ ”

ချန်လွေ့၏ ဆွံ့အသွားမှုတွင် ခါးသက်သက် အပြုံးက အစားထိုးသွားသည်။ မိန်းမတွေက တုံးအတယ်လို့ ဘယ်သူပြောတာလဲ။မိန်းမတွေကို တုံးအတယ်လို့ သတ်မှတ်ထားတဲ့ သူတွေကမှ တကယ့် အတုံးအဆုံး သူတွေပဲ။

အသီနာ ရုတ်တရက် သက်ပြင်းချလိုက်သည်။

“ နင်တစ်ခုခု မရှင်းပြတော့ဘူးလား။ ”

“ အရင်တစ်ခေါက်က ငါကတိပေးထားသလိုပဲ အချိန်တစ်လစောင့်ပေး။ ”

ချန်လွေ့ သက်ပြင်းချလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

“ ကိစ္စတစ်ခုကို ငါအရင်ဆုံး အာရုံစိုက်ထားရဦးမယ်။ရက်၂၀ကျော် ကျန်သေးတာပဲ။ အဲဒီအချိန်ကျရင် မင်း အဖြေကို သိရမှာပါ။ပြီးတော့လည်း....အဲ့ဒီအချိန်ကျရင် မင်းဆီကနေ အဖြေတစ်ခု ငါရချင်တယ်။ ”

ရုတ်တရက် တစ်ခုခု သဘောပေါက်သွား၍လား ပျော်၍လား မသေချာပေ။အသီနာ ရုတ်တရက် ရှက်သွားပြီး ဆက်မမေးတော့ပေ။အသီနာသည် ကမန်းကတန်း ခေါင်းညိတ်ပြီး တောင်အောက်သို့ အမြန်ဆင်းသွားလိုက်သည်။

ချန်လွေ့၏အကြည့်သည် မြေပြင်ပေါ်၌ အနီသာ ချန်ထားခဲ့သော အထုတ်ဆီ ရောက်ရှိသွားသည်။၎င်းသည် ရေသန့်နှင့် ချက်ပြုတ်ပြီးသား လတ်လတ်ဆတ်ဆတ် စားစရာ ဖြစ်သည်။ချန်လွေ့၏ နှလုံးသားထဲ၌ ချက်ချင်းပင် နွေးထွေးမှုများ ပြည့်နှက်သွားသည်။အကင်ကို ချန်လွေ့ တစ်ကိုက် ကိုက်ကြည့်လိုက်သည်။ အချက်အပြုတ်သည် သူချက်ထားသည်ထက်မကောင်းသော်လည်း ဤလောကသို့ ရောက်ကတည်းက တစ်ခါမှမခံစားဖူးသည့် ထူးဆန်းသောအရသာကို ခံစားလိုက်ရသည်။

ယခုညတွင် ချန်လွေ့ ကောင်းကောင်း အိပ်ပျော်သွားခဲ့သည်။

နောက်တစ်ရက် ညနေပိုင်းတွင် စိုးရိမ်နေကြသည့် မိစ္ဆာနီသူခိုးဓားပြများသည် သူတို့၏ ကျောထောက်နောက်ခံဖြစ်သည့် ကယ်လီရာကို ကြိုဆိုလိုက်ကြသည်။

အမှောင်နတ်သူငယ် ခေါင်းဆောင်လေး တစ်ယောက်၏ သတင်းပို့ချက်ကို နားထောင်ပြီး ကယ်လီရာ မျက်မှောင်ကြုတ် လိုက်သည်။ကယ်လီရာသည် နဂိုကတည်းက စိတ်မကြည်မလင် ဖြစ်နေခဲ့သည်။

ယခုနောက်ပိုင်းတွင်း အရာအားလုံး ဆိုးဝါးနေခဲ့သည်။ရှီလန်တောင်ကဲ့သို့ အေးစက်ပြီး ခါးသီးသည့်နေရာမျိုး၌ သုံးလေးလခန့် ဒုက္ခခံစားရပြီးနောက် လိုင်ရာမြို့တွင် အနားယူရန် အတွက် ကယ်လီရာ အလှည့် ရောက်ရှိလာခဲ့သည်။လိုင်ရာမြို့တွင် ကယ်လီရာသည် သူ၏အဖော်ဟောင်း ဖေးလျန်နှင့် တွေ့ခဲ့ပြီး သုံးလေးရက်လောက် ပျော်ပါးခဲ့သည်။ အိပ်ယာထက်၌ သူတို့ပို၍ ရင်းရင်းနှီးနှီးနေရန် ကြံနေစဉ်တွင် ဒုတိယခေါင်းဆောင် ဘာနကယ်သည် ရှီလန်တောင်တန်း၌ မနေနိုင်တော့ဘဲ လိုင်ရာမြို့သို့ ကြိုတင် ရောက်လာခဲ့သည်။

ထို့နောက်တွင် ကယ်လီရာ၏ “ အားလပ်ရက်များ ” စောစော အဆုံးသတ်သွားပြီး ဘာနကယ်၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။ကယ်လီရာသည် ထိုဒုတိယ ခေါင်းဆောင်နှင့် အမြဲပင် ဆက်ဆံရေး မကောင်းခဲ့ပေ။ပြဿနာမှာ သူတို့၏ခေါင်းဆောင် စနိုးဒင်သည် ယမန်နေ့က လိပ်ပြာနီနယ်မြေသို့ ပြန်သွားခဲ့ခြင်းပင် ဖြစ်သည်။ခေါင်းဆောင် ရှိမနေသည့်အတွက် အစွမ်းထက်ဆုံးသူကို နာခံရလေသည်။ကံဆိုးစွာပင် ကယ်လီရာ၏ အစွမ်းသည် ဘာနကယ်ထက် နိမ့်ပါးနေလေသည်။

ကယ်လီရာသည် အမြန်ပြန်လာရန် စိတ်မပါခဲ့ပေ။ထို့ကြောင့် အချိန်ဆွဲနေပြီး ဖေးလျန်နှင့် နောက်ထပ်သုံးရက် ပျော်ပါးပြီးမှသာ ရှီတန်တောင်တန်းဆီသို့ ပြန်လာခြင်း ဖြစ်သည်။ ပြန်ရောက်သည့်အခါ၌ ဤကဲ့သို့ သတင်းဆိုး ကြားရမည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

“ စိတ်ဝိညာဉ်နဂါး။အရိုးစုပဲရှိတဲ့ နဂါး။ဟုတ်လား။မင်းသေချာရဲ့လား။ ”

အမှောင်နတ်သူငယ် ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။ထိုညက “ စိတ်ဝိညာဉ်နဂါး ”၏ ကြောက်မက်ဖွယ်ရာမာန်ကို တွေးမိလိုက်သည့်အခါ သူသိမ့်သိမ့်တုန်သွားပြီသည်။

“ လုံးဝကို သေချာပါတယ်။ဆာ။ကျွန်တော့် မျက်လုံးနဲ့ တပ်အပ်ကို မြင်ခဲ့တာပါ။ ပြီးတော့လည်း တခြားသူတွေ အများကြီးလည်း တွေ့ခဲ့သေးတယ်။အဲဒီ စိတ်ဝိညာဉ် နဂါးက တကယ့်ကို ကြောက်စရာကြီးပဲ။သူ့ရဲ့ ဟိန်းသံတစ်ခုတည်းမှာတောင် ‌ကြောက်မက်ဖွယ်ရာ နဂါးမာန် ပါနေတယ်။ကျွန်တော်တို့ ညီအစ်ကိုတွေ အများကြီးက ချက်ချင်းပဲ မြေပြင်ပေါ်ကို လဲကျသွားခဲ့တာ။ ”

အဇရူပဒေဝတာလည်း ထပ်ဖြည့်ပြောလိုက်သည်။

“ အဲဒီမကောင်းဆိုးဝါးက ဘာနကယ်ရဲ့ ဆယ်ဘရတ်စ် နာဂူရာလာကို စားပြီးတော့ အရိုးစုတွေကို လွှင့်ပစ်လိုက်တယ်။ညီအစ်ကိုတစ်ယောက်က အရဲစွန့်ပြီးတော့ နာဂူရာလာရဲ့ အရိုးတွေကို စုဆောင်းထားခဲ့တယ်။ဆာ။တစ်ချက် ကြည့်လိုက်ပါဦး။ ”

စကားပြောပြီးနောက်တွင် အဇူရုပဒေဝတာသည် လက်ထဲမှ ဆယ်ဘရတ်စ်၏ အရိုးကျိုးများကို အောက်ချပြလိုက်သည်။အရိုးဖြူများပေါ်တွင် အသားရော၊သွေးပါ လုံးဝ ကျန်မနေပေ။နှံ့နှံ့စပ်စပ် “ စား ” ထားခဲ့သည်မှာ သေချာပေသည်။ဒိုဒိုသည် ဆယ်ဘရတ်စ်၏ ပြတ်နေသည့် ခေါင်းတစ်လုံးကို ဝါးမျိုခဲ့သည့်အတွက် တခြားလုပ်စရာလည်း မရှိနေသည့် အတွက်ကြောင့် ဖြစ်ပေလိမ့်မည်။

နဂိုကကျန်နေခဲ့သည့် အစောင့်များ၏ အလောင်းတို့ကို အဓိကတွင်းမှ ထွက်ခွာပြီး နောက်တွင် ချန်လွေ့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

“ ယာဂတ်စ်နဲ့ ရှယ်လီတို့အကြောင်းကိုလည်း ဘာမှမကြားဘူးလား။အဓိကတွင်းကို ဝင်ပြီးတော့ စစ်ကြည့်ပြီးပြီလား။ ”

ခေါင်းဆောင်ငယ်လေး နှစ်ယောက်သည် အချင်းချင်းကြည့်ပြီး ခေါင်းခါလိုက်သည်။

“ အဲ့ဒီ စိတ်ဝိညာဉ်နဂါးက တကယ့်ကို ကြောက်စရာကြီး။ဘယ်သူမှ အထဲ မဝင်ရဲကြဘူး။မစ်ရှယ်လီနဲ့ ဆာယာဂတ်စ်တို့ကတော့.....သူတို့ကို အဲ့ဒီမကောင်းဆိုးဝါး သတ်လိုက်ပြီ ထင်တယ်.... ”

“ တကယ်ပဲလား။ ”

ကယ်လီရာသည် ကြမ်းပြင်ပေါ်မှ အရိုးများကို ရွံရှာစွာ ကြည့်လိုက်သည်။ခေါင်းမည်မျှပင် ရှိစေကာမူ ထိုခွေးသည် ထိုအရူး၏ ခွေးသာဖြစ်သည်။သေသွားလည်း ကိစ္စမရှိပေ။

အမှန်တကယ်တွင် ရှယ်လီနှင့် ယာဂတ်စ်တို့သည် ဘာနကယ်၏ လက်အောက်ခံများ ဖြစ်ကြသည်။သူတို့သည် ဘာနကယ်ကဲ့သို့ ရွံ့စရာမကောင်းကြပေ။ကယ်လီရာနှင့်လည်း ဆက်ဆံရေး အဆင်ပြေသည်။မည်သို့ပင်ဆိုစေကာမူ သူတို့သည် တစ်ဖွဲ့တည်း မဟုတ်သည့်အတွက် သူတို့သေသွားလည်း ကိစ္စမရှိပေ။ပြဿနာမှာ ဘာနကယ်သည် ၎င်းကိုအခွင့်ကောင်းယူပြီး ကယ်လီရာကို အပြစ်ပုံချနိုင်ခြင်းပင်ဖြစ်သည်။

ကယ်လီရာသည် ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။ရုတ်တရက်ပင် သူ၏ဘေးမှ တစ်စုံတစ်ယောက်ကို မေးလိုက်သည်။

“ ဒီ စိတ်ဝိညာဉ်နဂါးကို မင်းဘယ်လိုထင်လဲ။ ”

ကယ်လီရာသည် တစ်ယောက်တည်း ပြန်လာခဲ့ခြင်း ဟုတ်မနေပေ။

All Chapters