← Chapters

လျို့ဝှက်ဆန်းကြယ်သော “ ပျင်းရိခြင်း ” တော်ဝင်မိသားစု

Vol. 7 Ch. 95

လျို့ဝှက်ဆန်းကြယ်သော “ ပျင်းရိခြင်း ” တော်ဝင်မိသားစု

Vol. 7 Ch. 95

ကယ်လီရာသည် ဘေးနားမှ ယောက်ျားတစ်ယောက်ကို မေးနေခြင်းဖြစ်သည်။ထိုသူသည် သန္ဓေပြောင်း သွေးမျိုးဆက်ရှိသည့် မဟာနတ်ဆိုးတစ်ယောက် ဖြစ်ဟန်တူသည်။ လူသားအသွင်ရှိပြီး ညိုဖျော့ဖျော့ ဆံပင်၊အတော်လေးနက်မှောင်သည့် အသားအရေနှင့် ခန့်ညားသော မျက်နှာအသွင်အပြင်ရှိသည်။အတက်အကျများစွာကို ဖြတ်ကျော်ခဲ့ဖူးသည့် ပုံပေါ်သည်။သို့သော်လည်း မျက်လုံးများသည် ပျင်းရိနေသည့်ပုံစံ ပေါက်နေသည်။ ထိုသူသည် ကိုယ့်အိမ်ကိုယ့်ရာကဲ့သို့ပင် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ဖန်ခွက်ထဲသို့ အေးအေးဆေးဆေး ဝိုင်လောင်းထည့်နေသည်။ကယ်လီရာ၏ မေးခွန်းကို ကြားပုံမရပေ။

“ လန်နွန် ”

ကယ်လီရာသည် မ‌ကျေမနပ်ဖြင့် မေးလိုက်သည်။

“ မင်းက သတင်းနှံ့စပ်တယ်။ဒီစိတ်ဝိညာဉ်နဂါးကို မင်းဘယ်လိုထင်လဲ။ ”

လန်နွန်သည် စိတ်မပါတပါဖြင့် လက်ကျန်ဝိုင်ကို ဖန်ခွက်ထဲ လောင်းထည့်လိုက်ပြီး တစ်ငုံသောက်ကာ ပြောလိုက်သည်။

“ တချို့အောက်လမ်းဆရာတွေနဲ့ သေရွာပြန်တွေက အမှောင်မှော်တွေကို သုံးပြီးတော့ သေပြီးသားတွေကို ထိန်းချုပ်လို့ရတဲ့ မသေမျိုးဖြစ်အောင် လုပ်တတ်ကြတယ်။ ဒါပေမဲ့လည်း ဒီလိုမှော်ပညာက အသုံးပြုတဲ့သူရဲ့ စိတ်ဝိညာဉ်အများကြီး လိုအပ်တယ်။ မသေမျိုးရဲ့အစွမ်းက အသုံးပြုသူရဲ့ စိတ်ဝိညာဉ် အကန့်အသတ်ထက် ကျော်လွန်သွားမယ် ဆိုရင်တော့ အဲ့ဒီလူက ပြဿနာတက်ပြီးတော့ စိတ်ဝိညာဉ် ပြိုလဲတဲ့အထိ ဖြစ်နိုင်တယ်။ ”

ကယ်လီရာ အသာလေး ခေါင်းညိတ်လိုက်သည်။လန်နွန်သည် တစ်ယောက်တည်း သောက်နေပြီး ဆက်မပြောတော့ကြောင်း တွေ့သည့်အခါ ကယ်လီရာ မျက်မှောင်ကြုတ် လိုက်သည်။

“ မင်းပြောတဲ့ ယေဘုယျကိစ္စတွေ အားလုံးကို ငါသိပြီးသားပါ။မင်းရဲ့ အမြင်ကို ငါမေးနေတာ။ ”

“ ငါ့ရဲ့မြောင် သစ်သီးဝိုင် ကုန်သွားပြီ။ဒါက လိုင်ရာမြို့ရဲ့ ဆွဲဆောင်မှု အရှိဆုံးအရာပဲ.... ”

လန်နွန်သည် ဝိုင်ပုလင်းလွတ်ကို လှုပ်ရမ်းလိုက်သည်။

“ မင်းမှာ နည်းနည်းရှိနေသေးတယ် ဆိုတာ ငါသိတယ်။ငါ့ကို တစ်ပုလင်းပေး။ ”

ကယ်လီရာ ဒေါသပေါက်ထွက် လုမတတ် ဖြစ်သွားသည်။ထိုနေရာတွင် ယာဂတ်စ်ဆိုလျှင် ပုလင်းနှင့်ပစ်ပေါက်မည် ဖြစ်သည်။သို့သော် လန်နွန်သည် မရိုးရှင်းပေ။သူ၏အစွမ်းသည် သာမန်သာ ဖြစ်သော်လည်း သူတို့၏ခေါင်းဆောင်သည် သူ့ကိုအတော်လေး တန်ဖိုးထားသည်။လန်နွန်ကို ဂရုမစိုက်မလုပ်ရန် သူတို့၏ခေါင်းဆောင် အကြိမ်ကြိမ် အမိန့်ပေးထားခဲ့သည်။

ယခုတစ်ခေါက်တွင် ကယ်လီရာနောက်ကို လန်နွန် လိုက်ခဲ့ခြင်းမှာ လိုင်ရာမြို့တော်ဝန် ခန်ဒါ၏ မယားငယ်ကို မြူဆွယ်မိခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။သူတို့၏ ဖောက်ပြန်မှုကို သိရှိသွားကြသည့်အတွက် တစ်မြို့လုံးသည် လန်နွန်ကို ရှာဖွေ နေကြသည်။နေ့တိုင်းလိုလိုပင် လိုက်ဖမ်းခံနေရသည်။ ထို့ကြောင့်ပင် ပြဿနာ ရှောင်ရှားရန်အတွက် ရှီလန် တောင်ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။သို့သော်လည်း လန်နွန်တွင် အရက် အများအပြားရှိသည်ကို ကယ်လီရာ သေချာသိသည်။စုဆောင်း ထားသည်များကို မကုန်စေချင်၍သာ ဖြစ်သည်။

မျက်နှာမည်းမည်းဖြင့် ကယ်လီရာ ပစ်ပေးလိုက်သည့် ဝိုင်ပုလင်းကို လန်နွန် လက်ခံလိုက်သည်။နောက်ဆုံး၌ လန်နွန် ပြုံးသွားသည်။သို့သော်လည်း ကယ်လီရာကို ပြုံးပြနေခြင်းမဟုတ်ဘဲ ပုလင်းကိုသာ ပြုံးပြနေသည့်ပုံ ပေါက်‌နေသည်။

“ ဒါကတော်တော်လေး ရှင်းပါတယ်။အဲ့ဒီ စိတ်ဝိညာဉ်နဂါးက နဂါးကနေ သန္ဓေပြောင်း လာတဲ့ တကယ့်မကောင်းဆိုးဝါးပဲ ဖြစ်ရင်ဖြစ် မဟုတ်ရင် တစ်စုံတစ်ယောက် ထိန်းချုပ်ထားတဲ့ မသေမျိုးပဲဖြစ်မယ်။ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ ရန်သွားပြီး မစသင့်ဘူး။ ”

ပေါက်ကရတွေ။ ကယ်လီရာ ပြောစရာစကားမဲ့သွားသည်။ထို့နောက် လန်နွန် ထပ်ပြောသည်ကို သူကြားလိုက်သည်။

“ ဒါပေမဲ့ အဓိကတွင်းဝင်ပေါက်မှာသုံးခဲ့တဲ့ စိတ်ဝိညာဉ်နဂါးရဲ့ နဂါးမာန်ကို ကြည့်မယ် ဆိုရင် သူ့ရဲ့စွမ်းအားက ထင်ထားတာထက် ပိုအားနည်းလိမ့်မယ်။တကယ့်နဂါးရဲ့ နဂါးမာန်ဆိုရင် မင်းရဲ့ လက်အောက်ငယ်သားတွေက လဲကျရုံပဲ ကျမှာမဟုတ်ဘူး။ ထွက်ပြေးဖို့ပါ အားရှိမှာ မဟုတ်တော့ဘူး။မဟုတ်ရင် သူတို့တွေ အခုထိ အသက်ရှင် ကျန်နေမှာ မဟုတ်ဘူး။ဒါကလည်း သန္ဓေပြောင်းပြီးလို့ပဲဖြစ်ဖြစ် အခြားအကြောင်းရင်း ကြောင့်ပဲ ဖြစ်ဖြစ် အားနည်းသွားတာလို့လည်း ယူဆလို့ရပါတယ်။ငါ့အထင်တော့ အဆိပ်နဂါးက အဓိကတွင်း နေရာတစ်ဝိုက်ကို မချဉ်းကပ်ဖို့ တားမြစ်နေတာလို့ ထင်တယ်။သေသွားတဲ့သူတွေကလည်း အဲ့ဒီနေရာနဲ့နီးတဲ့ သူတွေ၊အထဲဝင်သွားတဲ့ သူတွေပဲလေ။ဆယ်ဘရတ်စ်နဲ့ အဲ့ဒီအမြင့်ဆင့်နတ်ဆိုး နှစ်ယောက်လိုမျိုးပေ့ါ။ ”

အမှန်တကယ်တွင် သူခိုးဓားပြများ ပြောသည့်အထဲတွင်လည်း သံသယဖြစ်စရာ အနည်းငယ်ရှိနေသည်။သို့သော်လည်း ပြောပြရန်အတွက် သူပျင်းနေသည်။

၎င်းသည် အကြောင်းအကျိုးသင့်သည်ဟု ကယ်လီရာ ထင်သည်။မည်သို့ပင် ဆိုစေကာမူ မိုင်းတွင်းရုံးခန်းကို မိစ္ဆာနီတို့ သိမ်းပိုက်ထားရသည့် ရည်ရွယ်ချက်သည် တူးဖော်ရန် အတွက် မဟုတ်ပေ။ထို့ကြောင့် အဓိကတွင်း ပိုပျက်စီးသွားလည်း ကိစ္စမရှိပေ။

သို့သော်လည်း ဘာနကယ်သည် ယာဂတ်စ်နှင့် ရှယ်လီ သေရခြင်းအတွက် ကယ်လီရာကို အပြစ်တင်လိမ့်မည် ဖြစ်သည်။သူ ကြိုသိထားခဲ့လျှင် လိုင်ရာမြို့၌ ကြာကြာနေခဲ့မည် မဟုတ်ပေ။ခေါင်းဆောင်နှင့်ကယ်လီရာ နှစ်ယောက်သားနှင့် ဘာနကယ်၊ရှယ်လီ၊ ယာဂတ်စ် သုံးယောက်သားတို့သည် အဖွဲ့နှစ်ဖွဲ့၏ အင်အားစုများဖြစ်ကြသည်။ ဘာနကယ်၏ အဖွဲ့ကသာ သူ့ကို အပြစ်တင်မည်ဆိုလျှင် သူတို့၏ခေါင်းဆောင်ပင် ကယ်တင်နိုင်မည် မဟုတ်ပေ။

အမှန်တကယ်၌ သူစောစောပြန်လာလျှင်လည်း ဤကဲ့သို့ ပြဿနာကြီးကို ရင်ဆိုင်ရလျှင် ဘာမှကူညီ နိုင်မည်မဟုတ်ပေ။ယာဂတ်စ်နှင့် ရှယ်လီတို့ကဲ့သို့ပင် စိတ်ဝိညာဉ်နဂါး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရနိုင်ပေသည်။အခုတွင် သူ၏တာဝန်ခံမှုကို အနည်းဆုံးဖြစ်စေရန် အတွက် နည်းလမ်းတစ်ခု ရှာရမည် ဖြစ်သည်။

ဟုတ်သားပဲ။မိုင်းတွင်းအရာရှိ။ ကယ်လီရာ၏ စိတ်ထဲ၌ အကြံတစ်ခု ပေါ်လာသည်။ မူလက ယာဂတ်စ်၏ တာဝန်သည် မိုင်းတွင်းအရာရှိ အသစ်ကို ရှင်းပစ်ရန် ဖြစ်သည်။ ယခုတွင် ရှယ်လီနှင့် ယာဂတ်စ်တို့ သေဆုံးသွားကြပြီဖြစ်၍ ထိုတာဝန်ကို သူပြီးစီးအောင် လုပ်ရပေတော့မည်။အပြစ်တင် မခံရစေရန်အတွက် အလုပ်ကောင်းကောင်း လုပ်၍လည်း ရနေသည်။

တော်တော်လေး နောက်ကျနေပြီ။အမြန်ပြန်လာရတော့ ခရီးပန်းနေတယ်။ဒီနေ့တော့ ကောင်းကောင်းနားလိုက်ဦးမယ်။ပြီးရင် မိုင်းတွင်းအရာရှိရဲ့ အခြေအနေ အသေးစိတ်ကို ရှင်းရှင်းလင်းလင်း နားလည်တဲ့အထိ စောင့်ရမယ်။အဲ့ဒီလူတွေက ဘယ်လိုပဲဖြစ်ဖြစ် ဆူပူထကြွနိုင်မှာ မဟုတ်ဘူး။အဲဒီလူသားကို တစ်ရက် နှစ်ရက်လောက် အသက်ရှင်ခွင့် ပေးထားလိုက်မယ်။

ကယ်လီရာ စဉ်းစားနေခြင်း ဖြစ်သည်။ထို့နောက်တွင် လန်နွန် မတ်တပ်ရပ်ပြီး အကြောဆန့်လိုက်သည်။

“ ငါ ပင်ပန်းနေပြီ။ကောင်းကောင်းအိပ်ဖို့ နေရာတစ်နေရာ ပြင်ဆင်ထားပေး။ဒီမှာက ခန်ဒါကလိုမျိုး စိတ်ရှုပ်စရာကောင်းတဲ့ကောင် မရှိပေမဲ့လည်း အခြေအနေက တကယ့်ကို ဆိုးတယ်။ ”

ကယ်လီရာသည် လန်နွန် တော်သည်ဟု တွေးမိသွားပြီး စိတ်အခြေအနေ ပိုကောင်း သွားသည်။ထို့ကြောင့် လန်နွန်ကို ပြဿနာမရှာတော့ပေ။လန်နွန်အတွက် တောင်ခြေရှိ လူနေအိမ်ရာတစ်ခု၌ အခန်းတစ်ခန်း ပြင်ဆင်ခိုင်းလိုက်သည်။တောင်နံဘေးရှိ မိုင်းတွင်းရုံးခန်း အခြေအနေသည် ပိုကောင်းသော်လည်း “ စိတ်ဝိညာဉ်နဂါး ”၏ နောက်ဆက်တွဲအန္တရာယ်များ ရှိနေသေးသည်။ယခင် သဓကများလည်း ရှိသည့်အတွက် ထိုနေရာတွင် ကယ်လီရာမနေရဲပေ။လူနေအိမ်ရာရှိ မီးပုံသည် ယခင်အတိုင်းပင် ဖြစ်သည်။သို့သော်လည်းဆူညံသံများ နည်းပါးသွားကာ အဓိကတွင်းရှိ အန္တရာယ်ကို အချိန်မရွေး ခုခံရန်အတွက် အစောင့်များကို နှစ်ဆချထားလေသည်။

ကောင်းကင်သည် တဖြည်းဖြည်း နက်မှောင်လာပြီး ပို၍တိတ်ဆိတ်လာသည်။လူနေ အိမ်ရာရှိ အလင်းရောင် များသည်လည်း တစ်ခုပြီးတစ်ခု ငြိမ်းသွားသည်။ဝတ်ရုံဝတ် ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်မှ တိတ်ဆိတ်စွာ ဆင်းလာပြီး အဓိကတွင်းရှေ့၌ ဆင်းသက်လိုက်သည်။အလိုရှိသလို ဆွဲဆန့် ရွေ့လျား၍ရသည့် “ကြိုး”သည် ကြက်သွန်နီခေါင်းပုံစံအဖြစ် ပြောင်းသွားပြီး ထိုသူ၏ ပုခုံးပေါ် တက်နေလိုက်သည်။ ထိုသူသည် ချန်လွေ့ပင် ဖြစ်လေသည်။သိုလှောင်ခန်းထဲရှိ သတ္တုရိုင်းများအားလုံးကို ချန်လွေ့ ကူးပြောင်းပြီးသွားလေပြီ။အပြုန်းများမှ ပြန်လည်အသုံးပြု၍ရသည့် သတ္တုရိုင်းများကိုလည်း ချန်လွေ့သည် အမဲလိုက်ရန် ဆင်ခြေပေးကာ ဝိုင်ဗန်စီးပြီး အဝေးတစ်နေရာ၌ ဝှက်ထားခဲ့သည်။ယခုတွင် သိုလှောင်ခန်းသည် ကွက်လပ်နီးပါး ဖြစ်နေလေပြီ။ထို့ကြောင့် နောက်ထပ် ပစ္စည်းတစ်သုတ်နှင့် “ဖြည့်တင်း”ရပေမည်။

ချန်လွေ့သည် ဂါဒီထံမှ မိစ္ဆာနီတို့အကြောင်း တစ်စုံတစ်ရာကို သိရှိထားသည်။ စိတ်ဝိညာဉ်နဂါး၏ အန္တရာယ် နောက်ဆက်တွဲကို စိုးရိမ်သည့်အတွက် သူခိုးဓားပြ များသည် ယခုအချိန်အတောအတွင်းတွင် အဓိကတွင်းသို့ မချဉ်းကပ်ရဲသေးပေ။ သို့သော်လည်း အချိန်ပိုကြာလာလျှင် စိတ်ဝိညာဉ်နဂါး၏ သရုပ်မှန်ကို သိရှိသွားရန် ပို၍ လွယ်ကူသွားပေမည်။သတ္တုရိုင်းအပြုန်းတွင်း၌ တစ်ခုခုလွဲနေကြောင်း သိရှိသွား လျှင်တောင် မိုင်းတွင်းအရာရှိကိုသာ သံသယဖြစ်ရန် များလေသည်။ထို့ကြောင့် သတ္တုရိုင်းများကို အမြန်ဆုံး သယ်ယူပို့ဆောင်ရန် လိုအပ်လှပေသည်။

အချိန်ကိုကြည့်မည်ဆိုလျှင် ကယ်လီရာ ပြန်ရောက်လာလောက်ပြီ ဖြစ်သည်။ အန္တရာယ်ကင်းစေရန်အတွက် ချန်လွေ့သည် အဓိကတွင်း ဝင်ပေါက်ကို ယခင်ကကဲ့သို့ ဝိုင်ဗန်စီးပြီး တစ်ခါတည်း မဆင်းသက်ခဲ့ဘဲ ဒိုဒိုကို အသုံးချကာ ဆင်းလိုက်သည်။ အဓိကတွင်းထဲ ဝင်သွားပြီးနောက်တွင် ချန်လွေ့သည် ပြင်ဆင်ထားသော မှော်သံလိုက် အိမ်မြှောင်ကို ထုတ်လိုက်သည်။မှော်သံလိုက်အိမ်မြှောင်သည် မှော်မြေပုံနှင့် မတူပေ။ မှော်မြေပုံသည် နေရာအကျယ်ကြီးကို ဖုံးလွှမ်းနိုင်ပြီး လွတ်လပ်စွာ ချဲ့ထွင်၍ရသည်။

သို့သော်လည်း ထိုနေရာသည် စူးစမ်းသွားလာပြီး‌သည့် နေရာ ဖြစ်ရပေမည်။၎င်းသည် အလှမ်းဝေး စူးစမ်းရှာဖွေမှုများနှင့် လုပ်ဆောင်ချက်များကို အဆင်ပြေချောမွေ့ စေနိုင်သည်။မှော်သံလိုက်အိမ်မြှောင်သည် မသိရသေးသော နေရာများ အထူးသဖြင့် ဝင်္ဂပါကဲ့သို့ နေရာများကို စူးစမ်းသွားလာရာ၌ ပစ္စည်းကောင်းတစ်ခု ဖြစ်သည်။၎င်းသည် ‌မြေနေရာတည်ဆောက်ပုံကို မျက်နှာပြင် အသေးလေးအတွင်း၌ ရှင်းလင်းစွာ ပြသထားပြီး အမှတ်အသား ပြုလုပ်နိုင်သည့်အတွက် အတော်လေး အဆင်ပြေပေသည်။ ချန်လွေ့သည် သတ္တုရိုင်းအပြုန်း အခန်း၏ တည်နေရာကို အမှတ်အသားပြုရန်အတွင် မှော်သံလိုက်အိမ်မြှောင်ကို အသုံးပြုခဲ့သည်။ယခုတွင် ချန်လွေ့သည် လမ်းကြောင်းနှင့် ရင်းနှီးသွားပြီ ဖြစ်သည်။ထို့ကြောင့် မကြာခင်မှာပင် သတ္တုရိုင်း အပြုန်းအခန်းကို ရှာတွေ့သွားသည်။ယခင်တိုက်ပွဲ၏ ခြေရာလက်ရာများကို ချန်လွေ့ အနည်းငယ် မြင်နေရသေးသည်။

ချန်လွေ့သည် သိုလှောင်ခန်းကိုဖွင့်ပြီး မြေကြီးထဲမှ အပိုင်းအစများကို သုံးမီတာလောက် ဆွဲသိမ်းထားလိုက်သည်။သို့သော်လည်း သတ္တုရိုင်းအပြုန်း အခန်းသည် မကုန်ခမ်း သွားသေးပေ။စုဆောင်းထားသည်မှာ စိတ်ကူးထားသည်ထက် ပိုများနေပုံပေါ်သည်။ မည်သို့ပင်ဆိုစေကာမူ သတ္တုရိုင်းအပြုန်း ဖြစ်လျှင်တောင် နှစ်ပေါင်း၄၀၀ကျော် စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။

သိုလှောင်ခန်း ပြည့်သွားသည့်အခါ ချန်လွေ့ ကြာကြာမနေတော့ပေ။ လမ်းတစ်လျှောက်လုံး မြန်မြန်လျှောက်သွားပြီး အဓိတွင်းပေါက်မှ ထွက်လာခဲ့သည်။ မည်သူ့ကိုမှ မတွေ့၍ ထွက်သွားတော့မည် ပြင်လိုက်စဉ် [ သရုပ်ခွဲမျက်လုံး ] မှ အသိပေးချက်တစ်ခု ပေါ်ထွက်လာသည်။

[ ပျင်းရိခြင်း တော်ဝင်မိသားစု ]

စွမ်းအားအကဲဖြတ်မှု = [ C ]

သက်လုံ = မသိရှိ။

ခွန်အား = မသိရှိ။

စိတ်ဝိညာဉ် = မသိရှိ။

မြန်ဆန်မှု = မသိရှိ။

ပျင်းရိခြင်း တော်ဝင်မိသားစုပါလား။နာမည်ကတော့ ရယ်စရာပဲ။ဒါပေမဲ့ တကယ့် လက်တွေ့ကတော့ လုံးဝမရယ်ရဘူး။

နတ်ဆိုးဘုံ၌ မူလက တော်ဝင်မိသားစု (၇)စု ရှိခဲ့ပြီး ယခုတွင် (၃)စုသာ ကျန်တော့ကာ အင်ပါယာ(၃)ခု၏ အုပ်စိုးသူများ ဖြစ်နေကြသည်ကို ချန်လွေ့ သိထားသည်။

[ “ မာန ” တော်ဝင်မိသားစု ]

မိသားစုနာမည် = လူစီဖာ။

[ “ လောဘ ” တော်ဝင်မိသားစု ]

မိသားစုနာမည် = မန်မန်။

[ “ ကာမ ” တော်ဝင်မိသားစု ]

မိသားစုနာမည် = အက်စ်မိုဒက်စ်။

သို့သော်လည်း အခြားတော်‌ဝင်မိသားစု (၄) ခုလည်း ရှိသေးသည်။အချို့သည် အင်ပါယာ သုံးခုတွင် ခိုလှုံခဲ့ကြပြီး အချို့သည် ပျောက်ကွယ်သွားကြသည်။

[ “ ပျင်းရိခြင်း ” တော်ဝင်မိသားစု ]

မိသားစုနာမည် = ဘယ်ဖီဂေါ။

[ “ မနာလိုခြင်း ” တော်ဝင်မိသားစု ]

မိသားစုနာမည် = လီဗျာသန်။

[ “ အမျက် ” တော်ဝင်မိသားစု ]

မိသားစုနာမည် = ဆမ်မြူရယ်။

[ “ အစားကြူး ” တော်ဝင်မိသားစု ]

မိသားစုနာမည်= ဘယ်လ်ဇီဘတ်။

တော်ဝင်မိသားစု (၇)စုသည် သာမန်နတ်ဆိုးများထက် သာလွန်သည့် ကြီးမားသော အလားအလာ ရှိသည်။မိသားစုတစ်ခုချင်းစီ၌ အထူး သွေးမျိုးဆက်စွမ်းအား ရှိကြသည်။ ထို့ပြင် သူတို့သည် သာမန်နတ်ဆိုးများကို စွမ်းအားထိန်းချုပ်နိုင်သည့် စစ်ပွဲဖိအားကို ထုတ်လွှတ်နိုင်သည်။

အနီးအနား၌ ပုန်းနေသည့် ပျင်းရိခြင်း တော်ဝင်မိသားစုသည် ဘယ်ဖီဂေါ၏ မျိုးဆက် ဖြစ်သည်။ဘယ်ဖီဂေါ မိသားစု ပျက်သုဉ်းသွားပြီး နတ်ဆိုးဘုံ၌ တွေ့ရခဲသွားသော်လည်း တော်ဝင်မိသားစုသည် တော်ဝင်မိသားစုသာ ဖြစ်သည်။ထို့ပြင် ထိုသူ၏ စွမ်းအား သည်လည်း နတ်ဆိုးဘုရင် အဆင့်ရှိနေသည်။

အန္တရာယ်ကင်းစေရန်အတွက် ချန်လွေ့သည် အဓိကတွင်းသို့ စပြီးဝင်ရောက်ကတည်းက [ သရုပ်ခွဲမျက်လုံးကို ] အသက်သွင်းထားခြင်း ဖြစ်သည်။ထိုအချိန်၌ တစ်ယောက်မျှ ရှိမနေသေးပေ။ထို့ကြောင့် ဤပုဂ္ဂိုလ်သည် နောက်ပိုင်းမှ ရောက်လာခြင်း ဖြစ်ရပေမည်။ ထိုသူသည် ရှေ့ဘက် ကျောက်တုံးကြီး၌ အရိပ်ထဲ၌ ပုန်းအောင်းနေဟန်တူသည်။[ သရုပ်ခွဲမျက်လုံး ] ၏ သဲလွန်စကြောင့်သာ မဟုတ်လျှင် ချန်လွေ့သည် ကိုယ်ပိုင်အာရုံဖြင့် လုံးဝခံစားမိမည် မဟုတ်ပေ။

ချန်လွေ့ အလွန်အမင်း ထိတ်လန့်သွားသည်။နတ်ဆိုးဘုရင် အဆင့်ရှိသူ တစ်ယောက် ရှေ့တွင် ချန်လွေ့၏စွမ်းအားသည် အမှန်တကယ် မလုံလောက်သေးပေ။ရုတ်တရက်ပင် အသီ‌နာပေးခဲ့သည် လက်စွပ်ကို ချန်လွေ့ သတိရလိုက်သည်။ချန်လွေ့ အာရုံစိုက်လိုက်ရာ ဘယ်ဘက်လက်သန်းကြွယ်၌ “ အမှောင်ဆန္ဒ ” အလိုအလျောက် ပေါ်လာသည်။

ထိုလက်စွပ်သည် လူစီဖာမိသားစု၏ လျို့ဝှက်ရတနာများထဲမှ တစ်ခုဖြစ်သည်။ နေ့တိုင်းဝတ်နေလျှင် အလွယ်တကူ သတိထားမိနိုင်ပြီး မလိုလားအပ်သည့် စိတ်ဝင်စားမှုနှင့် ပြဿနာများ ဖြစ်လာနိုင်သည်။ထို့ကြောင့် သိုလှောင်ခန်းထဲ၌ သိမ်းထားခဲ့ခြင်း ဖြစ်သည်။သိုလှောင်ဂိုဒေါင်သည် အန္တရာယ်ကင်းပြီး အဆင်ပြေလှသည်။ အတွေးတစ်ချက်တည်းဖြင့် ပစ္စည်းများကို အလျင်အမြန် အသွင်းအထုတ် ပြုလုပ်၍ရသည်။

ထိုကဲ့သို့ လွတ်မြောက်နိုင်သည့် ရတနာ လက်ထဲတွင် ရှိနေပြီ ဖြစ်သည့်အတွက် ချန်လွေ့သည် အနည်းငယ်ပို၍ ယုံကြည်ချက် ရှိသွားသည်။ထို့နောက် မျက်နှာပေါ်ရှိ မျက်နှာဖုံးနှင့် ဝတ်ရုံကို သပ်သပ်ရပ်ရပ် လုပ်လိုက်ပြီး တစ်ကိုယ်လုံးရှိ ကြယ်စွမ်းအား များကို တိတ်တိတ်ဆိတ်ဆိတ် စုစည်းကာ အက်ကွဲကွဲအသံဖြင့် ပြောလိုက်သည်။

“ ထွက်ခဲ့လိုက်တော့။ ”

အရိပ်သည် မတုံ့ပြန်သေးပေ။ထိုသူ၏ တည်နေရာသည် ကျောက်တုံးရိပ်မှ သစ်ပင်ရိပ်ဆီသို့ အခြားလမ်း‌ကြောင်းဖြင့် ပြောင်းရွှေ့သွားသည်ဟု [ သရုပ်ခွဲမျက်လုံး ] တွင် ဖော်ပြထားသည်။သို့သော်လည်း ထိုသူသည် မဟာနတ်ဆိုး ဟုတ်မဟုတ်ကို ချန်လွေ့ မသေချာသေးပေ။

မြန်လိုက်တာ။ကြောက်စရာကောင်းတဲ့ အမြန်နှုန်းပဲ။ဒါက မဟာနတ်ဆိုးရဲ့ ပါရမီနဲ့တောင် ယှဉ်လို့ရတယ်။

ထိုသူသည် ‌[ သရုပ်ခွဲမျက်လုံး ]၏ သက်ရောက်မှု ဝန်းကျင်ထဲ ရောက်မနေလျှင် ထိုသူ‌၏နေရာကို ချန်လွေ့ လုံးဝသိနိုင်မည် မဟုတ်ပေ။

ဒါက နတ်ဆိုးဘုရင်ရဲ့ အစွမ်းလား။မဟုတ်သေးဘူး။ပါ့ဂ်လီအိုက သူ့ရဲ့အစွမ်းကို နတ်ဆိုးဘုရင်အဆင့်အထိ ဖိနှိပ်ထားတာတောင်မှ သူ့မှာ ဒီလိုအမြန်နှုန်း မရှိဘူး။ ဒီပုဂ္ဂိုလ်က သေချာပေါက် ကယ်လီရာကော ဘာနကယ်ရော မဖြစ်နိုင်ဘူး။ဧကန္တ...သူက မိစ္ဆာနီခေါင်းဆောင်များလား။

ချန်လွေ့ စိတ်ထဲ၌ သတိထားနေလိုက်သည်။သစ်ပင်ဘက်ကို ခေါင်းလှည့်ကြည့်ပြီးနောက် ချန်လွေ့ အသာလေး ပြောလိုက်သည်။

“ ထပ်ပြီးပုန်းနေဖို့ လိုသေးလို့လား။ ”

ချန်လွေ့သည် ထိုသို့ပြောနေရင်း သစ်ပင်နောက်ဘက်ကို အာရုံစိုက်ကြည့်နေ လိုက်သည်။ သူ၏အမြင်တွင် အနည်းငယ် ဝေဝါးသလို ခံစားလိုက်ရပြီး [ သရုပ်ခွဲမျက်လုံး ] က ရှေ့တွင် ပြိုင်ဘက်ဖြစ်သူ ပေါ်ထွက်လာပြီဖြစ်ကြောင်း ဖော်ပြလိုက်သည်။

မြန်ချက်ပဲ။

“ မင်းက အမြင့်ဆင့်နတ်ဆိုး အစွမ်းနဲ့ပဲ ငါ့ကို တကယ် ရှာတွေ့ခဲ့တာပဲ။ ”

ထိုသူသည် စိတ်ဝင်တစား ချီးကျုးလိုက်သည်။

“ ဒါက တကယ့်ကို အံ့ဩလောက်စရာ စွမ်းရည်ပဲ။ ”

ချန်လွေ့သည် ဝတ်ရုံဝတ်ပြီး အက်ဂ်ယောအဖြစ် ပေါ်ထွက်လာစဉ်တွင် အတွင်းစွမ်းရည် [ ဖုံးကွယ် ] ကို အမြဲပင်အလိုအလျောက် ပယ်ဖျက်ထားမိသည်။ထို့ကြောင့် သူ၏ မိုင်ဇာ အစွမ်း ပေါ်ထွက်နေခြင်း ဖြစ်သည်။ဤအလေ့အကျင့်သည် မလိုလားအပ်သည့် သံသယ ဖြစ်မှုများကို ရှောင်ရှားနိုင်သည့်အတွက် အလွန်ကောင်းမွန်လှပေသည်။ထို့ကြောင့် ထိုသူသည် ချန်လွေ့ကို တစ်ချက်ကြည့်ရုံဖြင့် “ အမြင့်ဆင့်နတ်ဆိုး ” ဖြစ်ကြောင်း ပြောနိုင်ခြင်း ဖြစ်သည်။

ချန်လွေ့ မေးလိုက်သည်။

“ မင်းက ဘယ်သူလဲ။မင်းဘာလို့ ဒီကို ရောက်နေတာလဲ။ ”

“ မင်းက စိတ်ဝင်စားစရာပဲ။ ”

ထိုလူပြုံး‌လိုက်သည်။အသံသည် ယောက်ျားသံဖြစ်သော်လည်း နောက်ကျောကို လရောင်ထိုး‌နေသည့်အတွက် ချန်လွေ့ သေသေချာချာ မမြင်ရပေ။

“ မေးရမယ့်လူက ငါပါ။မင်းက ဘယ်သူလဲ။အဓိကတွင်းထဲကနေ မင်းဘယ်လို ထွက်လာတာလဲ။ ”

ချန်လွေ့ အစ်အောက်ကြည့်လိုက်သည်။

“ မင်းက မိစ္ဆာနီ ထဲကလား။ ”

“ ငါက ဒီလူတွေနဲ့ဘာမှ မဆိုင်ဘူး။ဒါပေမဲ့ သူတို့ခေါင်းဆောင်ကတော့ အဖွဲ့ထဲဝင်ဖို့ ငါ့ကို ခဏခဏ ပြောနေတယ်။ ”

ထိုလူ၏လက်ထဲ၌ ဝိုင်တစ်ပုလင်း ပေါ်ထွက်လာပြီး တစ်ငုံသောက်လိုက်သည်။

“ ငါ့မှာ ဝါသနာ သုံးခုပဲရှိတယ်။အဲ့ဒါတွေက အရက်၊လောင်းကစားနဲ့ မိန်းမလှပဲ။ အရက်ဆိုရင်တော့ ပြင်းတာ အကောင်းဆုံးပဲ။လောင်းကစားဆိုရင် စိတ်လှုပ်ရှားစရာ ကောင်းလေ ပိုကောင်းလေပဲ။မိန်းမလှကတော့......အိမ်ထောင်ရှိတဲ့သူတွေကို အဓိက ဦးစားပေးတယ်။မုဆိုးမတွေဆိုရင်တော့ အကောင်းဆုံးပေါ့။ ”

ချန်လွေ့သည် နားထောင်နေရင်း ဇောချွေးများပြန်သွားသည်။ အရက်လည်းစွဲနေတယ်။ လောင်းကစားလည်းစွဲတယ်။မိန်းမလှတွေကိုလည်းစွဲတယ်။ပြီးတော့ သူက အိမ်ထောင်သည် အသည်းစွဲနဲ့ မုဆိုးမအသည်းစွဲလည်း ဖြစ်နေတယ်။ဒါကဘယ်လို တော်ဝင်မိသားစုမျိုးလဲဟ။

All Chapters