← Chapters

ကောင်းမွန်သည့် အလှည့်အပြောင်းနှင့် လက်ဆောင်

Vol. 7 Ch. 98

ကောင်းမွန်သည့် အလှည့်အပြောင်းနှင့် လက်ဆောင်

Vol. 7 Ch. 98

၎င်းသည် လန်နွန်၏အသံဖြစ်သည်။ချန်လွေ့သည်လည်း ထိုသူ၏မျက်နှာကို သေသေချာချာ မြင်လိုက်ရသည်။လန်နွန်၏ မျက်နှာသည် အမှန်တကယ်ပင် နွမ်းလျနေသည်။မနေ့ကသူ့ကို ချန်လွေ့ မဆုံဖြစ်ခဲ့လျှင် “ပျင်းရိခြင်း”ဟု သိကြသည့် ဤတော်ဝင်မိသားစုတွင် နာမည်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ကြောက်မက်ဖွယ်ရာ အမြန်နှုန်း ရှိလိမ့်မည်ဟု တွေးမိမည် မဟုတ်ပေ။ထို့ပြင် ကြောက်မက်ဖွယ်ရာ ကောင်းသည်မှာ အမြန်နှုန်း တစ်ခုတည်း မဟုတ်ပေ။

လန်နွန် တဖြည်းဖြည်း ချဉ်းကပ်လာသည်ကိုမြင်ပြီး ချန်လွေ့ စိုးရိမ်လာမိသည်။ အန္တရာယ်အရှိဆုံးမှာ လန်နွန် ဖြစ်သည်။“အမှောင်ဆန္ဒ”၏ [ တယ်လီပို့ ] လုပ်ဆောင်ချက်ကို ပြန်လည် အသုံးပြုနိုင်ရန်အတွက် ၁၀နာရီကျော် စောင့်ဆိုင်းရဦးမည် ဖြစ်သည်။သူခိုးဓားပြများ၏ လက်ထဲသို့ တမင်သွားခြင်းသည် အချိန်ဆွဲရန်အတွက် ဖြစ်သည်။ သူတို့တွေ သတိထားမိသွားပြီလား။

လန်နွန်သည် ချန်လွေ့ကို ဖြည်းဖြည်းချင်း စစ်ဆေးကြည့်လိုက်ပြီး သူ၏ဘယ်ဘက် မျက်လုံးသည် ထူးဆန်းစွာ အရောင်တောက်သွားကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ ဒီက....“ဆာ”။ငါတို့ ‌တစ်နေရာရာမှာ တွေ့ဖူးကြတဲ့ပုံပဲ။ ”

ချန်လွေ့သည် စိတ်ထဲသို့ တုန်လှုပ်ထားသည်။ အခု ငါ့ရဲ့ [ ဖုံးကွယ် ] စွမ်းရည်ကို အသက်သွင်းထားတယ်။ဒီ လန်နွန်မှာ [ ဖုံးကွယ် ] စွမ်းရည်ကို ဖောက်ထွင်းမြင်နိုင်တဲ့ အထူးအစွမ်းတစ်ခု ရှိနေတာလား။

“ အိုး။မင်းက...ဟို..အမှောင်လမြို့က မဟုတ်လား။ငါတို့တွေ အတူတူ ဝိုင်သောက်ခဲ့ဖူးတာ ထင်တယ်။ ”

ချန်လွေ့သည် လန်နွန်ကို သိနေဟန်ဆောင်လိုက်သည်။ချန်လွေ့သည် လန်နွန်နှင့် လိုက်ရောနေရန် ကြိုးစားနေခြင်း ဖြစ်သည်။

လန်နွန်ကြောင်သွားပြီး အမှန်တကယ်ပင် ရယ်လိုက်သည်။

“ ဟုတ်လား။ဒါကြောင့် မင်းကို ရင်းနှီးနေတာကိုး။ဒီတစ်ခေါက်ရော အဲဒီလိုအရက်မျိုး မင်းယူလာလား။ ”

ဘေးမှ ကယ်လီရာသည် အနည်းငယ် စိုးရိမ်လာသည်။ ချန်လွေ့ဆိုတဲ့ လူသားက အဖတ်ပြန်ဆယ်ဖို့အတွက် အဓိက သော့ချက်ပဲ။ငါသူ့ကို စစ်ဆေးနှိပ်စက်ဖို့အတွက် ဖမ်းတော့မယ့်အချိန်မှာ လန်နွန်ထွက်လာပြီး သူနဲ့လာရောတယ်။ဒါက ငါ့ရဲ့အစီအစဉ်က လာရှုပ်နေတာပဲ မဟုတ်လား။

ချန်လွေ့သည် စကားအတိုင်းလိုက်သွားပြီး ရင်းနှီးဟန်ဆောင်ကာ မေးလိုက်သည်။

“ မင်းက...အမှောင်လမြို့မှာ မဟုတ်လား။ဘာလို့ ဒီကို ရောက်နေရတာလဲ။ ”

“ အိုး။ဒီက ဆာကယ်လီရာက ဒီမှာ တစ်ယောက်ယောက်ကို လာဖမ်းတာလို့ ပြောတယ်။ပြီးတော့ ဒီမှာလည်း မိန်းမလှလေး တစ်ယောက် ရှိတယ်လို့ ကြားတယ်။အဲ့ဒါကြောင့် ငါလာကြည့်တာ... ”

ယနေ့အဖြစ်အပျက်သည် သူနှင့်ဘာမှမဆိုင်ကြောင်း လန်နွန် ရှင်းပြနေပုံရသည်။ မိန်းမလှအကြောင်း ပြောနေရင်း သူစိတ်ဝင်စားသွားပုံပေါ်သည်။

“ အဲဒီမိန်းမလှလေးက ဘယ်မှာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။ ”

ချန်လွေ့သည် အမှန်ကို ပြောလိမ့်မည် မဟုတ်ပေ။

“ သူ့မှာ အရေးကြီးကိစ္စရှိလို့ ဒီမနက်အစောကြီး အမှောင်လမြို့ဆီ ပြန်သွားတာ။ သူ့ကိုတွေ့ချင်ရင် အမှောင်လမြို့ဆီသွားပြီးတော့ သွားရှာလို့ရတယ်။ဒါနဲ့ ငါတို့က အသိတွေဆိုတော့ သူတို့တွေ ငါ့ကို မဖမ်းအောင်လို့ လုပ်ပေးနိုင်မလား။ ”

“ တကယ့်ကို ကံမကောင်းတာပဲ။ငါက သူနဲ့ အတွင်းကျကျ စကားပြောချင်နေတာ။ ”

လန်နွန်သည် ဝမ်းနည်းစွာ ခေါင်းခါလိုက်သည်။ချန်လွေ့၏ နောက်ဆုံးစကားကို သူလျစ်လျူရှုလိုက်သည်မှာ အသေအချာပင် ဖြစ်သည်။

ကယ်လီရာသည် စိတ်မရှည်နိုင်တော့ဘဲ ပြောလိုက်သည်။

“ အဲဒီမိန်းမရဲ့ နောက်ခံက မရိုးရှင်းဘူး။ပြဿနာ မရှာနဲ့။သွားရအောင်။ ”

“ သူ့ရဲ့နောက်ခံက မရိုးရှင်းဘူးတဲ့လား။ ”

လန်နွန်၏မျက်လုံး အရောင်တောက်သွားပြီး မသိနားမလည်စွာ မေးလိုက်သည်။

“ သူ့ရဲ့မိသားစုက ပိုပြီးနာမည်ကြီးလေလေ ငါပိုပြီးတော့ စိတ်ဝင်စားလေလေပဲ။သူက အိမ်ထောင်ရှိတာ ဒါမှမဟုတ် မုဆိုးမဆိုရင်တော့ အကောင်းဆုံးပေါ့။သူ့ရဲ့နာမည်ကို ပြောပြပါလား။ ”

ကယ်လီရာ သည်းမခံနိုင်တော့ဘဲ ဒေါသပေါက်ကွဲရန် ပြင်လိုက်စဉ် လန်နွန်သည် ရုတ်တရက် တစ်ခုခုကို သတိထားမိသွားပြီး ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည်။ အရိပ်မည်းတစ်ခုခု ချဉ်းကပ်လာပြီး အလျင်အမြန် ကြီးလာသည်ကို တွေ့လိုက်သည်။

အဲဒါ ခီဂူပဲ။ ချန်လွေ့သည် ရုတ်တရက် စိတ်ထဲ၌ ဗလောင်ဆူသွားပြီး တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။တော်တော်ကံဆိုးတာပဲ။ ဒီလိုအချိန်ကြီးမှာမှ အသီနာ ပြန်လာရတယ်လို့။

နှစ်ဖွဲ့စလုံး၏ အစွမ်းကို နှိုင်းယှဉ်ကြည့်လျှင် ချန်လွေ့တို့ဘက်သည် လုံးဝအရေးနိမ့် နေသည်။လန်နွန်တစ်ယောက်တည်းကပင် သူတို့အားလုံးကို သတ်ပစ်နိုင်သည်။ချန်လွေ့ အသက်စွန့်မှ ရပေတော့မည်။အဖြစ်နိုင်ဆုံး မျှော်လင့်ချက်မှာ ကယ်လီရာကို ပြန်ပေးဆွဲပြီး အသက်ရှင်နိုင်ချေ ရှိမရှိစောင့်ကြည့်ခြင်းပင် ဖြစ်သည်။သို့သော်လည်း ကယ်လီရာ၏ အစွမ်းသည်လည်း မနိမ့်ပါးလှပေ။ ပြီးတော့ လန်နွန်ကလည်း မိစ္ဆာနီထဲက မဟုတ်ဘူး။သူကဘာလို့ ကယ်လီရာကို ဂရုစိုက်ရမှာလဲ။

လန်နွန်သည် ချန်လွေ့၏ စိုးရိမ်နေသော မျက်နှာကိုမြင်ပြီး ပြုံးဖြီးဖြီး လုပ်လိုက်သည်။

“ မိတ်ဆွေ။မင်းငါ့ကို ညာခဲ့တဲ့ပုံပဲ။ ”

မကြာမီတွင် ကယ်လီရာသည်လည်း လေထဲမှ အသီနာကို သတိထားမိသွားသည်။ ဝိုင်ဗန်သည် တောင်ပံခတ်ပြီး ဆင်းသက်လာသည်။သူခိုးဓားပြများအားလုံး စိုးရိမ်သွားကြပြီး ချန်လွေ့ကို ချိန်ထားသည့် မြှားများသည် ခီဂူထံ ပြန်ချိန်ထားတော့သည်။ အသီနာသည် အခြေအနေ တင်းမာနေသည်ကို တွေ့သွားပြီး လေထဲ၌ပင် ဝိုင်ဗန်ပေါ်မှ ခုန်ဆင်းလိုက်သည်။သူ၏လက်ထဲ၌ မဟာဓားကြီး ပေါ်ထွက်လာသည်။

လေထဲ၌ အသီနာ ပျောက်ကွယ်သွားပြီး မျက်စိ တစ်မှိတ်အတွင်းမှာပင် ချန်လွေ့ဘေး၌ ပြန်ပေါ်လာသည်။သူ၏ မဟာဓားကြီးဖြင့် ချန်လွေ့ကို ကာထားလိုက်သည်။

“ ချန်လွေ့။နင် အဆင်ပြေရဲ့လား။ ”

ထူးဆန်းစွာပင် မိန်းမလှလေးနှင့် အတွင်းကျကျ စကားပြော‌ချင်နေသည့် လန်နွန်သည် အသီနာကို တွေ့သည့်အခါ ရုတ်တရက် ကြက်သေသေသွားပုံရသည်။

အသီနာလည်း လန်နွန်ကို တွေ့သွားကာ လွှတ်ခနဲ ပြောလိုက်သည်။

“ ရှင်ပဲ။ ”

“ ငါ မဟုတ်ဘူး။ ”

အမြဲတမ်း နွမ်းလျနေသည့် လန်နွန်သည် ယခုအချိန်၌ အနည်းငယ် စိုးရိမ်နေပုံပေါ်သည်။ သူ လှည့်ထွက်သွားချင်ခဲ့သည်။

“ မိန်းမလှလေး။မင်း လူမှားနေပြီ။ဒီနေ့ ငါ့မှာ လုပ်စရာလေးရှိသေးလို့။မင်းတို့တွေ ဖြည်းဖြည်းချင်း စကားပြောလိုက်ဦး.... ”

“ ရပ်နေစမ်း။ ”

အသီနာသည် လန်နွန်ကို ဓားဖြင့် ညွှန်ပြပြီး အော်ပြောလိုက်သည်။

“ ရိုမန်။လူယုတ်မာ။ရှင့်ကို မတွေ့ရတာ တစ်နှစ် နှစ်နှစ်ပဲ ရှိသေးတယ်။ရှင်က သူခိုးဓားပြ ဖြစ်တဲ့အထိ ကျဆင်းသွားမယ်လို့ မထင်ထားခဲ့ဘူး။သတ္တိရှိရင် ဒီနေ့ ထပ်ပြီး ထွက်ပြေး ကြည့်လေ။ ”

ရိုမန်။ဒါက သူ့ရဲ့ နာမည်ရင်းလား။ ချန်လွေ့သည် အရာအားလုံး ရင်းရန် ပြင်ဆင်ထား ခဲ့သည်။ဤကဲ့သို့ ရုတ်တရက် အလှည့်အပြောင်းမျိုးကြောင့် ချန်လွေ့ အလွန်ပင် အံ့အားသင့်သွားသည်။သို့သော်လည်း ချန်လွေ့သည် အင်အားအကုန်လုံးကို စုစည်းပြီး အချိန်မရွေး တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားနေသေးသည်။

အသီနာ၏ ဖော်ထုတ်ခြင်းကို ခံရသည့် “လန်နွန်”သည် ရပ်တန့်လိုက်ပြီးနောက် တစ်ဖက်လှည့်ကာ ပြုံးရင်း ပြောလိုက်သည်။

“အိုး။ငါ့ဦးနှောက်တော့။လက်စသတ်တော့ အသီနာ ဖြစ်နေတာကိုး။ငါမင်းကို မတွေ့ရတာ တစ်နှစ် နှစ်နှစ်ပဲ ရှိသေးတယ်။မင်းက ပိုပြီးတော့ လှပလာတာပဲ။မှတ်တောင် မမှတ်မိ တော့မလို့။ဒါပေမဲ့ ငါက ဒီသူခိုးဓားပြတွေနဲ့ ဘာမှ မဆိုင်ဘူး။ငါက...... ”

“ အသီနာ။သူက တကယ်ပဲ သူခိုးဓားပြတွေနဲ့ တစ်ဖွဲ့တည်း မဟုတ်ပါဘူး။သူက မိန်းမလှလေး တစ်ယောက်ကိုရှာပြီး အတွင်းကျကျ စကားပြောချင်နေတာ။ ”

ချန်လွေ့သည် မီးလောင်ရာလေပင့်ခြင်း၌ အလွန်တော်သည်။

“ ဟွန့်။ရှင်က အရင်ကအတိုင်း လူယုတ်မာ ဖြစ်နေသေးတာပဲ။ ”

အသီနာ အေးစက်စက် ပြောလိုက်သည်။

“ ဒေလီယာကို ပြောပြရမယ်။ ”

ဒေလီယာ၏ နာမည်ကို ကြားလိုက်ရာ အနည်းငယ်ရင်းနှီးသည်ဟု ချန်လွေ့ ခံစားလိုက် ရသည်။ရုတ်တရက်ပင် မိုးသစ်တောမည်း၌ အသီနာစီစဉ်ပေးခဲ့သည့် “ အရန်အစီအစဉ် ” ကို ချန်လွေ့ သတိရလိုက်ပြီး အနည်းငယ် သဘောပေါက်သွားသည်။ ဒီ လန်နွန်နဲ့ ဒေလီယာတို့က အသီနာ အမှောင်လမြို့ကို မလာခင်တုန်းက မိတ်ဆွေတွေဖြစ်မယ်။

“ မင်းတို့ရဲ့ ပြဇာတ်ပြီးသွားပြီလား။ ”

ကယ်လီရာသည် သူတို့နှစ်ယောက်၏ “ ပြန်လည်တွေ့ဆုံမှု ” ကို နှောင့်ယှက်ပြီး လန်နွန်ကို အေးစက်စက် ကြည့်လိုက်သည်။

“ မင်းက တကယ်ပဲ လန်နွန်လား။ဒါမှမဟုတ် ရိုမန်လား။ ”

“ အကုန်လုံး....ပါပဲ။ပုံမှန်ဆိုရင် ငါက နေရာပြောင်းတိုင်း နာမည်ကို အလိုက်သင့် ပြောင်းတယ်လေ။ ”

လန်နွန်သည် ပုခုံးတွန့်ပြီး ကယ်လီရာ၏ အေးစက်စက်အကြည့်ကို မျက်ကွယ်ပြု ထားလိုက်သည်။ကယ်လီရာသည် လန်နွန်၏ စွမ်းအားအစစ်အမှန်ကို မသိပေ။ထို့ကြောင့် သူ အေးစက်စက် ပြောလိုက်သည်။

“ မင်းဘယ်သူပဲဖြစ်ဖြစ် အခုနောက်ဆုတ်လိုက်တော့။ငါတို့ခေါင်းဆောင်ကို လေးစားတဲ့ အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းနဲ့ငါ စကားမများချင်ဘူး။လူသား။မင်း ပါးနပ်တယ်ဆိုရင် အခုပဲ ငါနဲ့လိုက်ခဲ့။မဟုတ်လို့ကတော့ ဒီကမိုင်းလုပ်သား တစ်ဝက်လောက်ကို ငါသတ်ပစ်မယ်။ ”

လန်နွန် ပါးစပ်မဖွင့်ခင်မှာပင် အသီနာ တကိုယ်လုံး မီးတောက်များဖုံးလွှမ်းသွားပြီး ချက်ချင်းပင် တိုက်ပွဲအသွင် ပြောင်းလိုက်သည်။ထို့နောက် အမြင့်ကြီးခုန်ပြီး ကယ်လီရာ၏ခေါင်းကို ခုတ်ချရင်း အော်ပြော‌လိုက်သည်။

“ အရှက်မရှိတဲ့ကောင်။ချန်လွေ့ကို မခေါ်ခင် ကျွန်မလက်ထဲက ဓါးကို အရင်မေးကြည့် ရမယ်။ ”

အသီနာသည် မကြာသေးခင်ကမှ အမြင့်ဆင့်နတ်ဆိုးသို့ တိုးမြှင်သွားကြောင်းကို ကယ်လီရာသိသည်။ထို့ကြောင့် သူသိပ်ပြီး ဂရုစိုက်မနေပေ။အားအနည်းငယ်သုံးကာ အင်ပါယာ၏ ပထမဆုံးဗိုလ်ချုပ်၏ သမီးတော်ကို မထိခိုက်စေဘဲ လူသားကို ပြန်ပေးဆွဲနိုင်မည်ဟု ထင်မှတ်နေခဲ့သည်။

သို့သော်လည်း အသီနာ၏ မဟာဓားကြီး ဝှီခနဲအသံထွက်လာသည့်အခါ ကယ်လီရာ၏ မျက်နှာ ရုတ်တရက်ပြောင်းလဲသွားသည်။ချက်ချင်းပင် သူ၏အစွမ်းကို အသက်သွင်းပြီး သုံးလေးမီတာအကွာ၌ ပြန်ပေါ်လာခဲ့သည်။လွဲချော်သွားသည့် အသီနာ၏ မဟာဓားသည် မြေကြီးကို ခုတ်မိသွားကာ တုန်ခါသွားပြီး သုံးလေးမီတာရှည်သည့် အက်ကွဲကြောင်း ဖြစ်သွားလေသည်။ကျောက်စရစ်ခဲများသည်လည်း ပြင်းထန်လှသော လေဖိအားကြောင့် လွင့်စင်သွားသည်။အနီးအနားရှိ အဇရူပဒေဝတာသည် ကျောက်စရစ်ခဲနှင့် ခြစ်မိသွားပြီး ကြမ်းတမ်းလှသော မျက်နှာမှ ချက်ချင်းပင် သွေးများထွက်လာသည်။

ထိုရိုက်ခတ်မှုသည် သူခိုးဓားပြများကို အလွန်အမင်း ကြောက်လန့်စေခဲ့ပြီး မည်သူမှ မလှုပ်ရဲတော့ပေ။ကယ်လီရာသည် စိတ်ထဲ၌ အမှောင်လမြို့မှ သတင်းအမှားကို ကျိန်ဆဲနေလိုက်သည်။အသီနာက အမြင့်ဆင့်နတ်ဆိုးကို ရောက်ခါစပဲ ရှိသေးတယ်လို့ ဘယ်စောက်ရူးက ပြောခဲ့တာလဲ။ ဒီလို စွမ်းအားအဆင့်နဲ့ဆို သူ့ကို အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်းလို့ သတ်မှတ်လို့ရရင်တောင် သူက အရေးပါတဲ့ တည်ရှိမှုတစ်ခုပဲ။

အမှန်တကယ်တွင် မိစ္ဆာသစ်သီး စားပြီးသည့်အခါ အသီနာသည် အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ထို့နောက်တွင် ထာဝရ ဆေးရည်မည်း တစ်စုံလုံးကို သောက်ခဲ့သည်။ဆေးအစွမ်း အပြည့်အဝ မပြသသေးသော်လည်း စွမ်းအားတစ်ခုတည်းကိုကြည့်လျှင် အသီနာကို ရိုးရိုးမည်သည့် အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်းမှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ကယ်လီရာသည် ဂရုမစိုက် မလုပ်ရဲတော့ပေ။သူ၏လက်ထဲ၌ အရိုးရှည် ကောက်ရိတ်ဓား ထွက်ပေါ်လာပြီး နတ်ဆိုးမီးတောင်လည်း ချက်ချင်း လောင်ကျွမ်းသွားသည်။ ကယ်လီရာသည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

အသီနာသည် မြေကြီးထဲ၌ စိုက်ဝင်နေသည့် မဟာဓားကို လက်တစ်ဖက်တည်းဖြင့် အသာအယာ ဆွဲခုတ်ပြီး ကယ်လီယာထံသို့ ခုတ်ပိုင်းလိုက်ပြန်သည်။ကယ်လီရာသည် တိုက်ရိုက် မခုခံဘဲ ရှောင်တိမ်းလိုက်သည်။အသီနာ၏ ဓားရေးသည် အလွန်မြင့်မား လှသည်။အသီနာသည် လက်ကောက်ဝတ်ကို လှည့်ပတ်ပြီး လျှပ်စီးကဲ့သို့ ဝှေ့ရမ်းလိုက်သည်။

ဓားနောက်ဘက်သာ ဖြစ်သော်လည်း အားသည် အလွန်ကြီးမားလှသည်။တည့်တည့် ထိမိလျှင် ကယ်လီရာသည် ကျိုးပဲ့သွားလောက်ပေမည်။

ကယ်လီရာသည် ကောက်ရိတ်ဓားကို ရှေ့ထုတ်ပြီး ထိုခုတ်ချက်ကို ကာကွယ်လိုက်သည်။ စူးရှသည့်အသံတစ်သံ ထွက်လာပြီး ခန္ဓာကိုယ်နှစ်ခုလုံး တုန်ခါသွားကြသည်။သူတို့သည် အမှန်တကယ်ပင် လက်ရည်ညီနေကြသည်။

ထွက်ပေါ်လာသည့်အသံကြောင့် အနီးအနားရှိ သူခိုးဓားပြများနှင့် မိုင်းလုပ်သားများ ညည်းညူမိလိုက်သည်။သူတို့သည် အလျင်အမြန်ပင် နားပိတ်ပြီး လှိုင်းဒဏ်ကို ရှောင်ရှားရန် နောက်ဆုတ်လိုက်ကြသည်။ချန်လွေ့လည်း နားပိတ်ပြီး နောက်ဆုတ် လိုက်သည်။သို့သော်လည်း လန်နွန်သည် ချန်လွေ့ကို အတော် စိတ်ဝင်စားနေပုံရသည်။ ချန်လွေ့အနီးတွင် ရစ်ပတ်နေလေသည်။

အသီနာနှင့် ကယ်လီရာသို့သည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ကြတော့သည်။ သဲနှင့်ကျောက်တုံးများလည်း လွင့်ပျံနေပြီး ဓားအချင်းချင်း ရိုက်ခတ်သံများလည်း အဆက်မပြတ် ကြားနေရသည်။အနီးအနားတစ်ဝိုက်သည် ပျက်စီးမှု လက္ခဏာများ ပြည့်နှက်သွားသည်။

လန်နွန်သည် လေးစားသည့်ပုံပေါ်နေပြီး ခေါင်းညိတ်လိုက်သည်။

“ အသီနာ၏အစွမ်းက မြန်မြန် တိုးတက်သွားတာပဲ။သူက လွန်ခဲ့တဲ့ ၃နှစ်တုန်းကဆို အလယ်ဆင့်နတ်ဆိုးပဲ ရှိသေးတယ်။အခုတော့သူက အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်း တောင် ရောက်နေပြီ။ဒါပေမဲ့သူက အခုမှ ဒီစွမ်းအားကို ရခါစပဲရှိသေးတာ ထင်တယ်။ ထိန်းချုပ်တာ သိပ်ပြီး မကျွမ်းကျင်သေးဘူး။ကယ်လီရာလည်း အလယ်ဆင့်နတ်ဆိုး အလတ်ပိုင်းပဲ။ဒါပေမဲ့ သူက ညှာနေတဲ့ပုံပဲ။ဘယ်သူနိုင်မယ်လို့ မင်းထင်လဲ။ ”

လန်နွန်တွင် အထူးစွမ်းရည်ရှိသည်ကို ချန်လွေ့သိသည်။လန်နွန်သည် ချန်လွေ့ကို မနေ့ညက ဝတ်ရုံဝတ်လူနှင့် သက်ဆိုင်နေသည်ဟု သံသယရှိနေသည်။ချန်လွေ့ ချက်ချင်း ခေါင်းခါပြီး ပြောလိုက်သည်။

“ သူတို့ လှုပ်ရှားတာ မြန်လွန်းတယ်။ငါသေသေချာချာ မမြင်ရဘူး။ဒါပေမဲ့ အသီနာနိုင်မယ်လို့ ငါယုံကြည်တယ်။ ”

“ မင်းနဲ့အသီနာရဲ့ ဆက်ဆံရေး မဆိုးတဲ့ပုံပဲ။ ”

လန်နွန်သည် လူသားကို စိတ်ဝင်စားစွာဖြင့် ကြည့်လိုက်သည်။

“ အသီနာက စံသတ်မှတ်ချက် မြင့်တယ်။သူနဲ့ မိတ်ဆွေ ဖြစ်ဖို့က မလွယ်ဘူး။ ဥပမာပြောရင် ငါ...ဒါမှမဟုတ် မင်းပေါ့။ ”

ချန်လွေ့သည် အသီနာနှင့် ကယ်လီရာတို့၏ တိုက်ပွဲကို အာရုံစိုက်နေရင်း ဝတ်ကျေတမ်းကျေ ခေါင်းညိတ်လိုက်သည်။

လန်နွန်သည် အင်္ကျီလက်ထဲ၌ ဖုံးကွယ်ထားသည့် ချန်လွေ့၏လက်ကို ငေးကြည့် လိုက်သည်။ထို့နောက် လက်စွပ်တစ်ကွင်းထုတ်ပြီး ပြောလိုက်သည်။

“ ဒါက လိုင်ရာမြို့မှာ ငါရခဲ့တဲ့ မှော်ပစ္စည်း တစ်မျိုးပဲ။ဒါမင်းကို လက်ဆောင်ပေးမယ်။ နောက်ကျလို့ အသီနာရှေ့ရောက်ရင် ငါ့ကောင်းကြောင်းကို ပြောပေး။ ”

ချန်လွေ့သည် အံ့အားသင့်သွားပုံရပြီး လက်စွပ်ကို ယူလိုက်သည်။၎င်းထဲတွင် ခရမ်းရောင် ကျောက်မျက်တစ်ခု မြှုပ်နှံထားပြီး ထူးဆန်းသည့် ထွင်းထုမှုအချို့လည်း ရှိနေသည်ကို တွေ့ရသည်။စွမ်းအင်လှုပ်ရှားမှုအနည်းငယ်ကို ချန်လွေ့ သေသေချာချာ ခံစားနေရသည်။

“ ဒါက သာမန်ပစ္စည်းပါပဲ။မင်းယူမယ်လို့ မျှော်လင့်ပါတယ်။ ”

ချန်လွေ့သည် မှော်လက်စွပ်ကို ညာဘက်ဖြင့် ယူလိုက်သည်ကို လန်နွန်ကြည့်ပြီး ပြုံးလိုက်သည်။

“ မဝတ်ကြည့်ဘူးလား။မိတ်ဆွေ။ ”

ချန်လွေ့သည် ခဏတွေးပြီး ဘယ်ဘက်လက် ထုတ်လိုက်သည်။လန်နွန်၏အကြည့်သည့် ချက်ချင်းကို ချန်လွေ့ကို လက်သန်းကြွယ်ကို အာရုံစိုက်လိုက်ပြီး မျက်လုံးများ အရောင် တောက်သွားသည်။သို့သော်လည်း လန်နွန် မျက်မှောင်ကြုတ်လိုက်သည်။ လက်သန်းကြွယ်ပေါ်၌ လက်စွပ်တစ်ကွင်း အမှန်တကယ် ရှိနေသော်လည်း ၎င်းသည် တော်ဝင်မိသားစုတစ်ခု၏ လျို့ဝှက်ရတနာ မဟုတ်နေပေ။သာမန် အလင်းလက်စွပ်သာ ဖြစ်နေသည်။

ချန်လွေ့ ပြင်ဆင်ထားသည်မှာ ကြာခဲ့လေပြီ။လန်နွန်သည် အမြဲပင် သံသယရှိနေသည့် အတွက် သူ့ကို စမ်းသပ်ရန်အတွက် အလင်းလက်စွပ်ကို တမင်တကာ ချန်လွေ့ သုံးခဲ့ခြင်း ဖြစ်သည်။အမှန်တကယ်တွင် အမှောင်ဆန္ဒကို သိုလှောင်ခန်းထဲ၌ သိမ်းထားခြင်း ဖြစ်သည်။ယခုတွင် ချန်လွေ့သည် မှော်လက်စွပ်ကို လက်ခလယ်၌ ဝတ်ပြီးပြုံးလိုက်သည်။

“ ကျေးဇူးတင်ပါတယ်။‌ဒီမှော်လက်စွပ်က ဘယ်လိုအထူးလုပ်ဆောင်ချက်တွေ ရှိတာလဲ။ ”

လန်နွန်သည် စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်နေသည်။သို့သော်လည်း ထိုမေးခွန်းကို ကြားသည့်အခါ လန်နွန်သည် လျို့ဝှက်စွာပြုံးရင်း တိုးတိုးလေးပြောလိုက်သည်။

“ ဒါက ငါတော်တော်ကြိုးစားခဲ့ပြီးမှ ရလာတဲ့ ပစ္စည်းတစ်မျိုးပဲ။ဒါကို အချစ်ရူး လက်စွပ် လို့ခေါ်တယ်။ဒါက ချစ်တင်းနှောတဲ့အချိန်မှာ မိန်းမနဲ့ယောက်ျား နှစ်ယောက်စလုံးရဲ့ သာယာမှုကို တိုးမြှင့်ပေးတယ်။အရေးကြီးဆုံးတစ်ခုကတော့ ဒါက ခံနိုင်ရည်ကိုလည်း တိုးစေတယ်။ဒါက မိန်းမလှလေးတွေကို ဖြားယောင်းသွေးဆောင်ဖို့အတွက် မရှိမဖြစ် ရတနာတစ်ခုပဲ။ ”

ထိုစကားကို ကြားလိုက်ရာ ချန်လွေ့ ကြက်သေသေသွားသည်။ လန်နွန်ရဲ့ “ရင်းနှီးမှုလက်ဆောင်”က တကယ်ကြီး ဒီလို.....“ပစ္စည်း” ဖြစ်နေတာပဲ။

All Chapters