ရိုမန်
Vol. 7 Ch. 99
ချန်လွေ့သည် ခပ်မြန်မြန်ပင် ပြဿနာတက်နိုင်သည့် ပစ္စည်းကို လန်နွန်ဆီပြန်ပေးပြီး ခေါင်းခါလိုက်သည်။
“ မင်းရဲ့စေတနာကို ငါအသိအမှတ်ပြုပါတယ်။ဒါပေမဲ့ ငါ့မှာဒါကို အသုံးချရမယ့် နေရာမရှိဘူး။ ”
လာနောက်နေတာလား။ဒါကိုသုံးမယ်ဆိုရင် ငါက အဲ့ဒီကိစ္စမှာ ညံ့တယ်ဆိုတာကို ပြသနေတာပဲ မဟုတ်လား။
နှစ်ဘဝနေခဲ့ရတဲ့ လူပျိုစင် တစ်ယောက်အနေနဲ့ ငါဘာလို့ ဒီလိုမျိုး မေးခွန်းထုတ် ခံရမှာလဲ။
လန်နွန်သည် ၎င်းကိုမယူဘဲ သက်ပြင်းချကာ ပြောလိုကသည်။
“ ငါလက်ဆောင်ပေးတဲ့ ပစ္စည်းတွေက ငါတစ်ခါပေါင်းသင်းခဲ့တဲ့ မိန်းမတွေလိုမျိုးပဲ။ ငါဘယ်တော့မှ ပြန်မယူဘူး။မင်း ငါ့ရဲ့စေတနာကို ဂရုမစိုက်ချင်ဘူးဆိုရင်တော့ လွှင့်ပစ်လိုက်ပေါ့။ ”
ချန်လွေ့၏လက်သည် ခဏလောက် တန့်သွားသည်။လန်နွန်သည် မိတ်ဆွေဟုတ်မဟုတ် ရန်သူဟုတ်မဟုတ် သေချာမသိသေးပေ။ကံဆိုးသည်မှာ သူ၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသည်။ထို့ကြောင့် ယခုအချိန် အတောအတွင်းတွင် ချန်လွေ့သည် လန်နွန်ကို အာခံ၍မရနိုင်သေးပေ။ထို့ကြောင့် လက်စွပ်ကို ပြန်ဝတ်လိုက်ရပြီး အလွန်အမင်း ကသိကအောင့် ဖြစ်နေတော့သည်။
လန်နွန် ပြုံးဖြီးဖြီးလုပ်ရင်း ချန်လွေ့စ၏ပုခုံးကိုပုတ်ကာ ရင်းနှီးဟန်ဆောင်လိုက်သည်။
“ ဘာမှမဖြစ်ပါဘူး။ငါတို့အားလုံးက ယောက်ျားတွေပါပဲ။ရာဂစိတ်မရှိတဲ့ သူတွေပဲ ပုံမှန် မဟုတ်တာ။ဣန္ဒြေရရ နေရတာက ပျင်းစရာကြီး။ငါ့ကို ကျေးဇူးအများကြီး တင်ဖို့မလို ပါဘူး။နောက်ကျရင် အသီနာရှေ့မှာ ငါ့ကိုစကားကောင်းကောင်း ပြောပေးဖို့သာ မမေ့နဲ့။ ”
ဘယ်သူက မင်းကို ကျေးဇူးတင်မှာလဲ။ ချန်လွေ့သည် လန်နွန်၏ “ ယောက်ျားတိုင်း နားလည်ပါတယ် ” ဟူသော အမူအရာကိုကြည့်ပြီး ပြောစရာစကားမဲ့သွားတော့သည်။
ထိုအချိန်တွင် အသီနာနှင့် ကယ်လီရာတို့၏ တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။အသီသည် တိုက်ခိုက်ရေး အတွေ့အကြုံ အလွန်ပြည့်ဝလှသည်။ အဆင့်တူတစ်ယောက်၏ “ ကူညီ လေ့ကျင့်မှု ”နှင့်အတူ အသီနာ၏ အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်း အစွမ်းကိုလည်း ပိုတိုး၍ ကျွမ်းကျင်သွားသည်။ထာဝရဆေးရည်မည်း၏ အာနိသင်လည်း ပို၍ပေါ်လွင်လာပြီး အဆုံးမဲ့စွမ်းအား ရှိနေသကဲ့သို့ အသီနာ ခံစားနေရသည်။
ကယ်လီရာမှာတော့ ခုခံနေရလေသည်။ယခင်က သူ၏အစွမ်းသည် အသီနာထက် အနည်းငယ်သာလွန်ပြီး အခြေအနေသည် သူ့လက်ခုပ်ထဲ၌သာ ရှိနေသည်။သို့သော်လည်း မမျှော်လင့်ဘဲနှင့် သူ၏ပြိုင်ဘက်ဖြစ်သူသည် တိုက်ပွဲကြာလာသည်နှင့်အမျှ ပို၍အစွမ်း ထွက်လာလေ၏။ထို့ပြင် ကယ်လီရာ ချုပ်တည်းထားသည်မှာ အသီနာ၏ အဆင့် အတန်းနှင့် အထက်လူကြီး၏ အမိန့်ကြောင့် ဖြစ်သည်။ထို့ကြောင့် ကယ်လီရာသည် ထိန်းချုပ်ခံလာရပြီး ဖြည်းဖြည်းချင်း ဖိနှိပ်ခံရလာတော့၏။
ထိုအချိန်၌ အသီနာ အော်လိုက်ပြီး သတ္တုချင်း ရိုက်ခတ်သည့်အသံတစ်သံ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။ကယ်လီရာ၏ ပုံရိပ်သည်လည်း နောက်သို့ ကတိမ်းကပါးဖြစ်သွားကာ လက်ထဲရှိ ကောက်ရိတ်ဓားလည်း နှစ်ပိုင်း ပြတ်သွားတော့လေ၏။
အသီနာ၏ မဟာဓားသည် ဒဏ္ဍာရီလာမှော်လက်နက် မဟုတ်သော်လည်း ကယ်လီရာ၏ ကောက်ရိတ်ဓားထက် အနည်းငယ် ပိုကောင်းနေသည်။ဤကဲ့သို့ သက်ရောက်မှုကို ဖြစ်စေသည့် အဓိကအကြောင်းရင်းမှာ ဓားရေးအပေါ် အသီနာ၏ နားလည် သဘောပေါက်မှုသည် [ သတ္တုပိုင်းဖြတ် ] အစွမ်းအဖြစ် အဆင့်တက်သွား၍ ဖြစ်ပေသည်။
သို့သော်လည်း ကယ်လီရာသည် ပြတ်သွားသောလက်နက်ကြောင့် အံ့အားမသင့်သွားဘဲ လွှင့်ပစ်ကာ အေးစက်စက် ပြောလိုက်သည်။
“ မင်းရဲ့အစွမ်းကို ငါလျှော့တွက်မိခဲ့တယ် ဆိုတာ ဝန်ခံပါတယ်။အခုတော့ ငါ့ရဲ့ တကယ့်အစွမ်းကို ပြမယ်။ ”
ကယ်လီရာ အော်ဟစ်နေရင်း ကြွက်သားများ စတင်ကြီးထွားလာတာ တစ်ကိုယ်လုံးသည် အဝတ်တစ်ထပ်လောက် ကြီးထွားသွားသည်။သူ၏အဝတ်အစားနှင့် ချပ်ကာပင် ပေါက်ကွဲ ထွက်သွားသည်။ခန္ဓာကိုယ်ရှိ နတ်ဆိုးမီးတောက်သည် မတိုးလာဘဲ လျှော့ကျသွားကာ ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားလေ၏။ခန္ဓာကိုယ်ထဲ၌ မီးတောက် တောက်လောင်နေ သကဲ့သို့ပင် သူ၏ အရေပြားသည် အနီရောင်အလင်း တလျှပ်လျှပ် လင်းလက်နေသည်။
အသီနာ ကြောက်မနေဘဲ ဖြတ်ခနဲပင် ကယ်လီရာနောက်သို့ တယ်လီပို့ ခုန်ကူးလိုက်ပြီး မဟာဓားဖြင့် တိုက်ခိုက်လိုက်သည်။ကယ်လီရာ မရှောင်လိုက်ဘဲ ကျောဘက်တွင် စွမ်းအားများကို စုစည်းလိုက်သည်။ကယ်လီရာ၏ ကျောကို မဟာဓား ထိသွားသည့်အခါ သတ္တုချင်း ရိုက်ခတ်မိကဲ့သို့ပင် မီးပွင့်များ ထွက်လာလေ၏။
ကယ်လီရာ၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။ထိခိုက်မိသည့် အစိတ်အပိုင်းတွင် အဖြူရောင်အမှတ်အသား ထင်ရှားစွာ ရှိနေ၏။သို့သော်လည်း ၎င်းသည် ဘာမှမဖြစ်ထား သကဲ့သို့ပင် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။
အသီနာ၏ ဓားရေးနှင့် အစွမ်းကို သိထားသည့်အတွက် ချန်လွေ့ ထိတ်လန့်သွားသည်။ ကယ်လီရာသည် ဤမျှလောက် ကြံ့ခိုင်မည်ဟု သူမထင်ထားမိခဲ့ပေ။ ဒါက နတ်ဘုရား ဝင်ပူးတာရဲ့ နတ်ဆိုးဗားရှင်းလား။ဒါမှမဟုတ် ရွှေခေါင်းလောင်း ပိုးအိမ်လား။
အသီနာသည် [ သတ္တုပိုင်းဖြတ် ] ကိုအစွမ်းကုန်သုံးပြီး ခုတ်ပိုင်းလိုက်ပြန်သည်။ သို့သော်လည်း ကယ်လီရာ၏ မကြံ့ခိုင်လှသည့် အရေပြားခုခံမှုကို မထိုးဖောက်နိုင်ခဲ့ပေ။ [ သတ္တုပိုင်းဖြတ် ] သည် သတ္တုလက်နက်များအပေါ် သက်ရောက်မှုအရှိဆုံး ဖြစ်သော်လည်း ထိခိုက်မှုသည် အတော်များလှသည်။ယခုတွင် ၎င်းသည် ကယ်လီရာ၏ ကြံ့ခိုင်လှသည့် ခန္ဓာကိုယ်ခုခံမှုကို အမှန်တကယ်ပင် မဖောက်ထွင်းနိုင်တော့ပေ။
အသီနာ အံ့အားသင့်နေစဉ် ကယ်လီရာ ပြန်တိုက်ခိုက်တော့သည်။သူ၏ အမြန်နှုန်းသည် ယခင်ကထက် ပို၍ပြန်လာသည်။အလျင်စလိုဖြင့် အသီနာသည် ဓားဖြင့်သာ ခုခံနိုင်တော့သည်။
“ ဖုန်း ”
အသီသည် ဓားဆီမှ ပြင်းထန်သည့်အားတစ်ခုကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်ကို တည့်တည့် ထိသွားသည်။ထို့နောက် ထိန်းမနိုင်တော့ဘဲ နောက်သို့ သုံးလေးမီတာ ဆုတ်ခွာသွားကာ မြေပြင်ပေါ်၌ နက်ရှိုင်းသည့် အရာများ ကျန်ရစ်ခဲ့သည်။
ကယ်လီရာ “ အသွင်ပြောင်း ” ပြီးနောက်တွင် ခုခံမှုသည် ပြင်းထန်သွားရုံသာမက အမြန်နှုန်းနှင့် ခွန်အားသည်လည်း အများအပြား တိုးတက်သွားသည်။
“ ငါ့ရဲ့ ကြံ့ခိုင်နတ်ဆိုးခန္ဓာကလုံးဝပြီးပြည့်စုံတယ်။မင်းမှာ နိုင်ဖို့အခွင့်အရေးလုံးဝမရှိဘူး။ ”
ကယ်လီရာ၏အသံ ထွက်ပေါ်လာသည်။
“ အသီနာ။ငါမင်းကို အလွတ်ပေးနိုင်တယ်။ဒါပေမဲ့ ဒီလူသားကိုတော့ ငါခေါ်သွားရမယ်။ မင်းငါ့ကို တားရဲတယ်ဆိုရင်တော့ မင်းဘာသာမင်း ပထမဗိုလ်ချုပ်ရဲ့ သမီးတော်ပဲဖြစ်ဖြစ် ငါမင်းကို သတ်ပစ်မယ်။ ”
“ ဒါဆို ”
အသီနာ၏မျက်လုံးများသည် ပြတ်သားနေပြီး ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးမီးတောက်သည် ပို၍တောက်လောင်လာသည်။
“ သူ့ကိုခေါ်သွားဖို့ဆိုရင် ကျွန်မရဲ့အလောင်းပေါ် ဖြတ်သွားမှပဲရမယ်။ ”
ထိုစကားကို ချန်လွေ့ ဒုတိယအကြိမ် ကြားရခြင်းဖြစ်ပြီး နှလုံးသား တုန်လှုပ်သွားသည်။ လန်နွန်၏မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်ထွက်လာပြီး ဘေးနားမှ လူသားကို စူးစိုက်ကြည့်လိုက်သည်။ထို့နောက်တွင် သူ၏ဘယ်ဘက်မျက်လုံး၌ ထူးဆန်းသည့် အလင်းရောင်ပေါ်ထွက်လာပြန်ပြီး တိုက်ပွဲတွင်းရှိ ကယ်လီရာကို ကြည့်လိုက်ပြန်သည်။
ချန်လွေ့မနေနိုင်တော့ဘဲ ပြေးထွက်ရန် ပြင်လိုက်စဉ် လန်နွန်၏ ပုံမှန်အသံ ထွက်ပေါ် လာသည်။
“ အသီနာ။သူ့နဲ့ ကစားမနေနဲ့တော့။အဲ့ဒီ ပြီးပြည့်စုံတဲ့ နတ်ဆိုးခန္ဓာဆိုတာက ကြွက်သား တွေထဲမှာရှိတဲ့ နတ်ဆိုးမီးတောက် စွမ်းအားကို ဖုံးကွယ်ဖို့အတွက် အထူးစွမ်းအားကိုသုံးတဲ့ အကာအကွယ် လှည့်ကွက်တစ်ခုပဲ။မင်းရဲ့ လက်နက်ကို ဒဏ္ဍာရီလာ မှော်လက်နက်နဲ့ ပြောင်းလိုက်ရင်ပြောင်း။ဒါမှမဟုတ် သူ့နတ်ဆိုးခန္ဓာရဲ့ အားနည်းချက်ကိုရှာပြီး တိုက်ခိုက်လိုက်။ ပုံမှန်ဆိုရင်တော့ အဲ့ဒီနေရာက ချိုင်းကြား ဒါမှမဟုတ် ပေါင်ကြားမှာ ရှိတယ်။အဲဒီ အစိတ်အပိုင်းတွေကို အားစိုက်ပြီး တိုက်ခိုက်လိုက်။ ”
အသီနာ၏ မျက်လုံးများ အရောင်တောက်သွားပြီး ဓားအားမာန် ပြောင်းလဲသွားကာ ထိုအစိတ်အပိုင်းနှစ်ခုကို အာရုံစိုက် တိုက်ခိုက်တော့သည်။တိုက်ပွဲအသွင်သို့ ဝင်ရောက် ထားသည့် အသီနာသည် တုံ့ဆိုင်းမှုလည်းမရှိ။ရှက်ရွံ့မှုလည်း မရှိပေ။မည့်သည့် အစိတ်အပိုင်းကိုဖြစ်နေပါစေ ရန်သူကို အနိုင်ယူနိုင်သရွေ့ အသီနာတိုက်ခိုက်မည် ဖြစ်သည်။
လန်နွန်သည် သူ၏အားနည်းချက်ကို စကားအနည်းငယ်ဖြင့် ဖော်ထုတ်နိုင်လိမ့်မည်ဟု ကယ်လီရာ မထင်ထားခဲ့ပေ။ချက်ချင်းပင် ကယ်လီရာ ဖိနှိပ်ခံရပြီး ရုတ်တရက်ပင် ပြုသမျှနုရသော အခြေအနေသို့ ရောက်ရှိသွားသည်။ကယ်လီရာသည် သူတစ်ပါးကိစ္စ ဝင်ရောက်စွက်ဖက်တတ်သူကို အရိုးထဲစွဲအောင် မုန်းတီးသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ ငါမင်းနဲ့ လောင်းရဲတယ်။မဟုတ်ဘူး။ငါမင်းနဲ့မလောင်းဘူး။ငါပြောချင်တာက ခဏနေကျရင် အဲ့ဒီကောင် ငါတို့ဆီကို လာမယ်ဆိုတာ သေချာတယ်။သူ့ဆီကနေ ငါကာကွယ်ပေးရမလား။ ”
လန်နွန်သည် ချန်လွေ့ကို အမှန်တကယ်ပင် မေးကြည့်နေခြင်းဖြစ်သည်။
“ တကယ်တော့ ငါက ကြောက်တတ်တယ်။သွေးမြင်ရမှာ ကြောက်တယ်။ ”
ချန်လွေ့ ခပ်မြန်မြန် စဉ်းစားပြီး ခေါင်းခါလိုက်သည်။
“ ငါတို့လူသားတွေမှာ ဆိုရိုးတစ်ခု ရှိတယ်။လက်စားချေမှုက လက်စားချေမှုကို ပေါက်ဖွားစေတာဆိုရင် အဆုံးသတ်ဘယ်မှာ ရှိတော့မှာလဲ။သူ့ကို နောင်တရဖို့ အခွင့်အရေး ပေးလိုက်ရအောင်။ ”
“ တကယ်တော့ ငါလည်း ဖြူစင်တဲ့လူတစ်ယောက်ပါပဲ။ဒေါသထွက်နေတဲ့ တချို့ မိန်းမလှလေးတွေကို ကယ်တင်ဖို့အတွက် စေတနာနဲ့ ငါ့ရဲ့ခန္ဓာကိုယ်ကို အသုံးပြု နေတာပါ။ ”
လန်နွန်သည် ချန်လွေ့ကို ထူးဆန်းစွာ ကြည့်လိုက်သည်။
“ မင်းရဲ့နောက်ဆုံးစကားက သူ့ကိုအခု အသက်ရှင်ခွင့်ပေးလိုက်တာ ပိုကောင်းတယ်လို့ အဓိပ္ပာယ်ကောက်လို့ရလား။ ”
ချန်လွေ့ ပုံခုံးတွန့်ပြီး ပြန်ဖြေလိုက်သည်။
“ မေးခွန်းတစ်ခုမှာ လူတွေရဲ့ ရှုထောင့်အမျိုးမျိုးပေါ် မူတည်ပြီး အဖြေအမျိုးမျိုး ရှိတယ်။အဲ့ဒါကြောင့် ငါတို့လူသားတွေမှာ နောက်ထပ် ဆိုရိုးတစ်ခုရှိတယ်။စေတနာ ရှိတဲ့လူတွေက စေတနာကို မြင်ပြီးတော့ ပညာရှိတွေက ပညာကိုမြင်တယ်။ ”
“ ဒါကတော်တော်ကောင်းတဲ့ ဆိုရိုးပဲ။ ”
လန်နွန် ရယ်လိုက်သည်။
“ ဒီတော့ မင်းက သွေးမြင်ရမှာကို ကြောက်တယ်။ငါကလည်း သိပ်ကို ဖြူစင်တယ်။ ငါမင်းကို ကူညီနိုင်ပါတယ်။နောက်ကျရင် ငါ့ကို ကူညီဖို့ မမေ့နဲ့။ ”
လန်နွန်ပြောနေရင်း ကယ်လီရာသည် တိုက်ပွဲကို ထိုနေရာသို့ ရွှေ့လာသည်။ ကယ်လီရာသည် အကွာအဝေးကို တွက်ချက်ပြီး အသီနာ၏ [ တယ်လီပို့ ] အစွမ်း သုံးမရချိန်ကို အခွင့်ကောင်းယူကာ အသီနာဆီမှ တယ်လီပို့ ခုန်ကူးလိုက်ပြီး ချန်လွေ့နှင့် လန်နွန်တို့ရှေ့၌ ပေါ်ထွက်လာကာ ချန်လွေ့ကို လက်ဝါးကြီးဖြင့် ဖမ်းကိုင်လိုက်သည်။
ယနေ့အတွက် ကယ်လီရာ၏ အဓိက ရည်ရွယ်ချက်မှာ လူသား မိုင်းတွင်းအရာရှိ ဖြစ်သည်။
လန်နွန်သည် သမ်းနေပြီး နွမ်းလျနေသော မျက်လုံးများထဲမှ အလင်းရောင်များ ထွက်လာသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ကယ်လီရာ၏ ခန္ဓာကိုယ်ကြီးသည် အကြောင်းရင်းမရှိဘဲ လွင့်ထွက်သွားကာ သူခိုးဓားပြများအုပ်စုထဲ ကျရောက်သွားသည်။ သူခိုဓားပြများသည် ဒိုးဇက်များကဲ့သို့ပင် တစ်ယောက်ပြီးတစ်ယောက် လဲကျသွား တော့သည်။
ကယ်လီရာ၏ ကြီးမားသည့် ခန္ဓာကိုယ်သည် ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ် သွားသည်။“ပြီးပြည့်စုံသည့်” အသွင်ပြောင်းခြင်းသည်လည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားသည်။သူ၏တစ်ကိုယ်လုံး ကျိုးပဲ့သလိုမျိုး ဖြစ်သွားပြီး ထ,ရန်ပင် အင်အားမရှိတော့ပေ။သူ၏မျက်လုံးထဲ၌ ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။
လန်နွန်၏အစွန်းသည် သူ့ထက်နိမ့်ကျသည်ဟု ကယ်လီရာအမြဲပင် ထင်မှတ်နေခဲ့သည်။ ယခုတွင် လန်နွန်၏ တကယ့်အစွမ်းကို ကယ်လီရာ မြင်တွေ့သွားခဲ့လေပြီ။ဤငပျင်းကို သူတို့ခေါင်းဆောင်က မည်သည်ကြောင့် ဆွယ်နေကြောင်းကို သူသဘောပေါက်သွား လေပြီ။ဤကဲ့သို့စွမ်းအားအဆင့်ဖြင့်ဆိုလျှင် သူကိုယ်တိုင်သာမက ဘာနကယ်ပင် လန်နွန်ကို လေးစားပေမည်။ ငါတို့ ခေါင်းဆောင်ကရော။ငါတို့ခေါင်းဆောင်က သူ့ကိုအနိုင်ယူနိုင်မှာလား။
အခြားသူများ၏ မျက်လုံးထဲ၌ လန်နွန်၏ ခန္ဓာကိုယ်သည် အနည်းငယ်သာ ဝေးဝါးသွားပြီး ချက်ချင်းပင် ပြန်ကြည်လင်သွားသည်။လုံးဝ မလှုပ်ရှားကဲ့သလိုပင် ဖြစ်နေသည်။အဝေးမှ အသီနာသည် လန်နွန် လှုပ်ရှားသွားပြီး ကယ်လီရာကို ကန်ထုတ်လိုက်သည်ကိုသာ တွေ့ခဲ့ရသည်။
ချန်လွေ့တစ်ယောက်တည်းပင် အရှင်းလင်းဆုံး မြင်ခဲ့ရပြီး စိတ်ထဲ၌ ပို၍ထိတ်လန့် သွားသည်။ထိုစဉ်က ကယ်လီရာသည် အနည်းဆုံး ၇ချက်ခန့် အကန်ခံလိုက်ရသည်။ လန်နွန် ထိန်းသွား၍ဖြစ်သည်။သို့မဟုတ်ပါက နတ်ဆိုးဘုရင် အစွမ်းနှင့်ဆိုလျှင် ကယ်လီရာသည် တစ်ချက်တည်းဖြင့် အသက်ပျောက်သွားပေလိမ့်မည်။
ဤလောကရှိ တိုက်ပွဲသည် ချန်လွေ့ သိထားသည်နှင့် မတူပေ။လူပိုများခြင်းသည် အရေးမကြီးပေ။ပို၍အစွမ်းထက်ရန်သာ အရေးကြီးသည်။တစ်ကိုယ်တည်းအစွမ်းသည် တစ်ခါတစ်ရံ၌ အထူးသဖြင့် တိုက်ပွဲအသေးလေး၏ အလှည့်အပြောင်းကို ထိန်းချုပ် နိုင်လေသည်။ယခုတွင် ကယ်လီရာ ရှုံးနိမ့်သွားပြီ ဖြစ်သည့်အတွက် သူခိုးဓားပြ ရာနှင့်ချီ ရှိသော်လည်း အသီနာနှင့် လန်နွန်ကို ခုခံနိုင်မည် မဟုတ်ပေ။ထို့ကြောင့် သူတို့ မနေရဲတော့ဘဲ ကယ်လီရာကို သယ်ကာ ထွက်ပြေးသွားတော့သည်။
မိုင်းလုပ်သားများသည် တစ္ဆေနီများ၏ အနိုင်ကျင့်မှုကိုခံရသော်လည်း အခုတွင် ဂုဏ်ယူနိုင်ပြီဖြစ်သည့်အတွက် ကြွေးကြော်လိုက်ကြသည်။သူတို့၏မျက်လုံးထဲတွင် ကယ်လီရာကို အနိုင်ယူခဲ့သည့် အသီနာသည် အကြီးမားဆုံး သူရဲကောင်း ဖြစ်သည်။ လန်နွန်သည်လည်း ထောက်ပြ၍ ကူညီပေးခဲ့သည်။လူသား မိုင်းတွင်းအရာရှိသည် များများစားစား မလုပ်ခဲ့သော်လည်း မိုင်းလုပ်သားများအတွက် ရပ်တည်ပေးရဲသည့် သတ္တိသည် လေးစားဖွယ်ပင် ဖြစ်သည်။
မကြာမီတွင် ဂါဒီသည် မိုင်းလုပ်သားများကို စုစည်းပြီး ပုံမှန်အတိုင်း အလုပ်ပြန်လုပ် စေခဲ့သည်။ကယ်လီရာကို လန်နွန် ကန်ထုတ်ခဲ့သည်ကို အသီနာ သိသော်လည်း မရင်းနှီးသည့် မျက်လုံးများနှင့် ဆက်၍ကြည့်နေလေသည်။
လန်နွန်သည် ခါးသက်သက် ပြုံးပြီး ပြောလိုက်သည်။
“ အသီနာ။ငါတို့ မတွေ့ရတာ သုံးနှစ်ရှိပြီလေ။အခုမှ မိတ်ဆွေဟောင်းအနေနဲ့ ပြန်ဆုံဖြစ်ကြတာ။မင်းငါ့ကို အဲ့ဒီလို ကြည့်စရာ မလိုပါဘူး။ ”
အသီနာသည် အေးစက်စက် ပြောလိုက်သည်။
“ ကျွန်မမှာ မိတ်ဆွေ နည်းနည်းပဲ ရှိတယ်။ဒါပေမဲ့ တစ်ယောက်မှ လန်နွန်လို့ မခေါ်ဘူး။ ”
လန်နွန်သည် ရှက်ရှက်နှင့် ခေါင်းကုတ်လိုက်သည်။
“ အဲ့ဒီကောင်တွေရဲ့ရှေ့မှာ ငါက ဘာဖြစ်လို့ နာမည်အရင်းသုံးရမှာလဲ။င့ါနာမည်က ရိုမန်ပါ။ ”
“ ရိုမန်လား။ရှင်က နေရာပြောင်းတိုင်း နာမည်ပြောင်းတာ မဟုတ်လား။ ”
အသီနာ မဖော်ရွေသေးပေ။
“ ရှင့်နာမည်က ရိုမန်ဆိုရင်တောင် ကျွန်မမှာ အဲ့ဒီလိုမိတ်ဆွေမျိုး ရှိတယ်ဆိုတာကို မမှတ်မိဘူး။ ”
ရိုမန်ဟု တရားဝင်နာမည်ပြောင်းသွားသည့် လန်နွန်သည် ချန်လွေ့ကို အကူအညီ တောင်းရန် ကြည့်လိုက်သည်။ကံဆိုးစွာပင် ချန်လွေ့သည် သတိထားမိပုံ မရချေ။ ချန်လွေ့သည် ကွက်လပ် လက်ပတ်ထဲမှ ပုဝါတစ်ခု ထုတ်ပြီး ချွေးသုတ်ရန်အတွက် အသီနာကို ကမ်းပေးလိုက်သည်။ရိုမန်သည် အသီနာ၏ အသိမိတ်ဆွေဖြစ်သည်မှာ သေချာနေပြီ ဖြစ်သည်။ထို့ပြင် အသီနာ၏လက်ထဲ၌ သူ၏အားနည်းချက်အချို့ ရှိနေပုံရသည်။ထို့ကြောင့် ချန်လွေ့သည် ဒရာမာကို အရင်ခံစားရန် ဆုံးဖြတ်လိုက်သည်။
ရိုမန်လည်း ရွေးစရာ မရှိတော့ဘဲ ကိုးရိုးကားရား ပြုံးလိုက်သည်။
“ တောင်းပန်ပါတယ်။အသီနာ။ ”
“ ရှင် ကျွန်မကို တောင်းပန်စရာမလိုဘူး။ ”
အသီနာသည် အတော်လေး ဒေါသထွက်နေသည်။
“ မှော်ဆရာခံတပ်ကနေ ဘာတစ်ခွန်းမှ မပြောဘဲ ထွက်သွားခဲ့တာ ဘယ်သူလဲ။ အရိပ်နက်အင်ပါယာဆီ ဒေလီယာ ပြန်ရတုန်းက ရှင်ဘယ်ရောက်နေခဲ့တာလဲ။ လူယုတ်မာ။ဒေလီယာ ဘယ်နှစ်ရက်လောက် ငိုခဲ့လဲဆိုတာ ရှင်သိရဲ့လား။ ”
“ ဂလု ဂလု ”
ရိုမန် ပြန်မဖြေဘဲ အရက်ကိုသာ သောက်နေလိုက်သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် အရက်တစ်ပုလင်းလုံး ကုန်ခမ်းသွားသည်။ထို့ကြောင့် ပုလင်းကိုလွှင့်ပစ်ပြီး ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။
“ အသီနာ။ယောက်ျားနဲ့ မိန်းမကြားက ကိစ္စကို မင်းနားမလည်ပါဘူး။အထူးသဖြင့် ငါနဲ့ဒေလီယာကြားက ကိစ္စကိုပေါ့။ ”
“ ဘာကို နားမလည်ရမှာလဲ။ ”
အသီနာ ဒေါသထွက်တော့မည့်အချိန်၌ ချန်လွေ့ပြောလိုက်သည်။
“ အသီနာ။မင်း အမဲလိုက်ခဲ့တဲ့ သားကောင်တွေ ဒီမှာ ရှိနေတုန်းလား။ ”
“ လက်ပတ်ထဲမှာ အကုန်လုံး ရှိတယ်။ ”
အသီနာ ခေါင်းညိတ်လိုက်သည်။
“ နင်အခု ဝေငှပေးချင်လို့လား။ ”
“ ဒါတွေကို ဂါဒီဆီ အရင်ပို့လိုက်။ငါတို့မှာ အရေးကြီးတာတွေ လုပ်စရာရှိတာ မမေ့နဲ့ဦး။ ”
ရိုမန်သည် မျက်လုံးဖြင့် ထပ်ကာထပ်ကာ အချက်ပြနေသည်ကို ချန်လွေ့ မြင်လိုက်သည်။ ခုနက ရိုမန် သူ့ကို ကူညီပေးခဲ့သည်ကို တွေးမိသွားပြီး ရိုမန်ကို ဤအခြေအနေမှ လွတ်မြောက်အောင် ချန်လွေ့ ကူညီပေးလိုက်သည်။
ရိုမန်တွင် ဇာတ်လမ်းတစ်ခုခု ရှိရပေမည်။ထို့ပြင်ယောက်ျားနှင့်မိန်းမကြားရှိ ဆက်ဆံရေး တစ်ခုတွင် ပတ်သက်သူနှစ်ယောက်သည်သာ အရှင်းလင်းဆုံး သိကြသည်။ အပြင်လူများနှင့် အရင်းနှီးဆုံးမိတ်ဆွေများပင် အမှန်တကယ် နားမလည်နိုင်ပေ။