← Chapters

အတိတ်ဖြစ်ရပ်များနှင့် အလစ်တိုက်ခိုက်မှုများ

Vol. 7 Ch. 100

အတိတ်ဖြစ်ရပ်များနှင့် အလစ်တိုက်ခိုက်မှုများ

Vol. 7 Ch. 100

“ မဟာဆရာသခင်၏ အမွေအနှစ် ” အရေးပါပုံကို သိသည့်အတွက် အသီနာသည် ရိုမန်နှင့် ဆက်၍အငြင်းပွား မနေတော့ဘဲ ဂါဒီဆီ သွားလိုက်သည်။

“ မိတ်ဆွေ။ငါထင်တာ မမှားဘူးဆိုရင် မင်းနဲ့အသီနာက......တော်တော်လေး ရင်းနှီးတဲ့ မိတ်ဆွေတွေပဲ။ ”

ရိုမန် ပြုံးဖြီးဖြီးလုပ်ရင်း ချန်လွေ့ကို လက်မထောင်ပြလိုက်သည်။

“ ငါပြောခဲ့တာကို ပြန်ရုပ်သိမ်းတယ်။မိန်းမနဲ့ယောက်ျားကြားက ကိစ္စကို အသီနာ နည်းနည်းတော့ နားလည်လောက်ပါတယ်....။မင်းတို့မှာ “ အရေးကြီးတာ” လုပ်ဖို့ ရှိသေးတယ်မလား။အချစ်ရူး လက်စွပ်ရဲ့ မှော်စွမ်းအားကို မမေ့နဲ့ဦး။နောက်ကျရင် မင်းငါ့ကို ကျေးဇူးတင်နေမယ်လို့ ငါယုံကြည်တယ်။ ”

ရိုမန်၏ ပရောပရည်အပြုံးကိုကြည့်ရင်း ချန်လွေ့ ပြောစရာစကားမဲ့သွားသည်။သို့သော် လည်း ရိုမန်၏လေသံမှ ရည်ရွယ်ချက်ကိုသိလိုက်ပြီး ချန်လွေ့ မေးကြည့်လိုက်သည်။

“ မင်း သွားတော့မလို့လား။ ”

“ အင်း။ငါ့နာမည် ရိုမန်ဆိုတာ ပေါ်သွားပြီဆိုတော့ ငါ့ကိုပြဿနာ လာရှာမယ့်လူတွေ ဒီကိုမကြာခင် ရောက်လာမှာပဲ။ငါမြန်မြန်မသွားရင် လွတ်နိုင်မှာ မဟုတ်ဘူး။ ”

ထိုသို့ပြောသော်လည်း ရိုမန်သည် အသီနာနှင့် ပတ်သက်ရမည်ကို ကြောက်နေကြောင်း ချန်လွေ့ ပြောနိုင်လေသည်။ ဒီကောင်က တဏှာကြီးပြီးတော့ အာသွက်ရှာသွက်ပေမဲ့ တကယ်တမ်းတော့ တော်တော်ကောင်းတဲ့ လူတစ်ယောက်ပါပဲ။

“ သူ့ကို မပြောတော့ဘူးလား။ ”

ချန်လွေ့သည် နောက်လှည့်ပြီး မိုင်းတွင်းရုံးခန်း၏ ကျောက်အိမ်ကို ကြည့်လိုက်သည်။

“ မနှုတ်ဆက်သွားလို့ အသီနာမင်းကို အပြစ်တင်မှာ မစိုးရိမ်ဘူးလား။ ”

“ အဲ့ဒါကြောင့်ပဲ နှုတ်ဆက်ဖို့တာဝန်ကို မင်းဆီ လွှဲပေးနေတာပေါ့။ဘာမှပြန်မလုပ်ပေးဘဲနဲ့ မင်းငါ့ကို အခွင့်အရေးယူလို့ မရဘူးလေ။ ”

ရိုမန် ပုခုံးတွန့်ပြီး အရက်တစ်ငုံ သောက်လိုက်ပြန်သည်။

“ ငါဘယ်သွားလဲဆိုတာ အသီနာမေးရင် အခုခဏလောက် လျှောက်သွားပြီးတော့ နောက်သုံးလနေရင် အသံတိတ်ည စိမ့်မြေဆီကို သွားမယ်လို့ ပြောလိုက်။ ”

အသံတိတ်ညစိမ့်မြေတဲ့လား။ ချန်လွေ့၏ နှလုံးသား လှုပ်ရှားသွားသည်။သို့သော်လည်း ရိုမန် ထွက်သွားနေပြီ ဖြစ်သည်။

“ ဒါနဲ့... ”

ရိုမန်၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။

“ အဆင်ပြေမယ်ဆိုရင် လူတစ်ယောက်ကို စကားသွားပါးပေး။သူ့ရဲ့ဓားက ကောင်းပေမဲ့ မလုံလောက်သေးဘူးလို့ ပြောလိုက်။ ”

“ သူ့ဓားနဲ့ ထက်မြက်မှုက ငါ့ရဲ့ဘယ်မျက်လုံးနဲ့ တည့်တည့်ရင်ဆိုင်ဖို့ အဆင့်မှီမယ့်နေ့ကို စောင့်နေမယ်လို့လည်း ပြောလိုက်။ ”

ဘယ်ဘက်မျက်လုံးလား။ဘာလို့ ဘယ်ဘက်မျက်လုံးတစ်ခုတည်း ဖြစ်ရတာလဲ။ ဘယ်ဘက်မျက်လုံးမှာ တစ်ခုခုတော့ ရှိရမယ်။ အဲ့ဒါကြောင့်ပဲ ရိုမန်က ငါ့ရဲ့သရုပ်မှန်ကို ရိပ်မိသွားတာ ဖြစ်ရမယ်။ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။နတ်ဆိုးဘုံသည် ကြီးမားပြီး အံ့ဩဖွယ်ရာပင် ဖြစ်သည်။စူပါစနစ်သည် အရာရာစွမ်းနိုင်သည် မဟုတ်ပေ။ ဒါပေမဲ့ အခုတော့ ဒီလူ့ကို အရင်လိုရန်လိုဖို့ မလိုလောက်တော့ဘူး။သူက မိတ်ဆွေကောင်း တစ်ယောက် ဒါမှမဟုတ် ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်လာနိုင်တယ်။

ချန်လွေ့ စဉ်းစားပြီးပြုံးလိုက်ကာ ပါးပါးနပ်နပ် ပြန်ဖြေလိုက်သာည်။

“ ဒါပေါ့....သူ့ကိုငါ သိရင်ပေါ့။ ”

ရိုမန် ပြုံးဖြီးဖြီးလုပ်ရင်း စစ်မှန်စွာ ပြုံးပြလိုက်သည်။ထို့နောက် နောက်မလှည့်ကြည့်ဘဲ လက်ဝှေ့ရမ်းကာ အရက်ပုလင်းကိုင်ရင်း ယိုင်တိယိုင်တိုင် ရှေ့ဆက်သွားလိုက်သည်။ သိပ်မကြာခင်တွင် ရိုမန်သည် ချန်လွေ့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

“ ဟိုကောင် သွားပြီလား။ ”

မကြာမီတွင် အသီနာသည် ချန်လွေ့ဘေး၌ ပေါ်ထွက်လာသည်။အသီနာသည် ငတုံးမဟုတ်ပေ။ရိုမန် သေချာပေါက် ထွက်သွားမည်ကို သိသည်။ရိုမန် မရှက်စေရန် အတွက် အသီနာသည် ချန်လွေ့၏စကားကို အသုံးချပြီး ရှောင်လိုက်ခြင်းပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်ပါစေ ရိုမန်သည် အသီနာ၏ စစ်မှန်သော မိတ်ဆွေတစ်ယောက် ဖြစ်လေသည်။

ချန်လွေ့ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ အင်း။မင်းကို နှုတ်ဆက်လိုက်ဖို့ သူငါ့ကို ပြောသွားတယ်။နောက်သုံးလနေရင် အသံတိတ်ညစိမ့်မြေဆီကို သွားမယ်လို့လည်း သူပြောသွားတယ်။ ”

“ အသံတိတ်ညစိမ့်မြေလား။ ”

အသီနာ၏မျက်လုံးများ တောက်ပသွားသည်။

“ သူက ဒေလီယာအကြောင်း မမေ့သေးတဲ့ပုံပဲ။၃နှစ်ကြာတိုင်း ဒေလီယာက အသံတိတ်ည စိမ့်မြေဆီကို သွားတာ။သူက အရေးကြီးတဲ့ ရတနာတစ်ခုကို ရှာနေတဲ့ပုံပဲ။ ”

အသံတိတ်ညစိမ့်မြေ။ရတနာ။ဟုတ်လား။

အသံတိတ်ည စိမ့်မြေအကြောင်း ရိုမန် အရင်ဦးဆုံး ပြောခဲ့စဉ်က ချန်လွေ့တစ်ခုခု စဉ်းစားမိခဲ့သည်။အခုတွင် အသီနာပြောသည်ကို နားထောင်ပြီးနောက် ချန်လွေ့၏ နှလုံးသား တုန်လှုပ်သွားသည်။ ပါ့ဂ်လီအိုရဲ့ ရတနာသိုက်နဲ့များ တကယ်ပဲ သက်ဆိုင်နေမလား။

အသီနာသည် ရိုမန်နှင့်မည်ကဲ့သို့ဆုံတွေ့ခဲ့ကြောင်း ချန်လွေ့ကို ပြောပြလိုက်သည်။ အသီနာ အမှောင်လမြို့သို့ မလာခင်က ဖြစ်သည်။အသီနာသည် ဖခင်ဖြစ်သူ ဂျော့ခ်ျ စော့င်ကြပ်နေသည့် မှော်ဆရာခံတပ်၌ ရှိနေဆဲပင် ဖြစ်သည်။မှော်ဆရာခံတပ်သည် ကြယ်ကြွေတမန် အင်ပါယာနှင့် သွေးရောင်အင်ပါယာတို့၏ နယ်စပ်ကြားရှိ ခုခံမှု အမာခံနယ်မြေ ဖြစ်ပြီး သမိုင်းကြောင်း အရှည်ကြီး ရှိလေသည်။၎င်းကို ကြံ့ခိုင်သည့် တံတိုင်းများနှင့် လုပ်ကြံရေးမျှော်စင်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ဧရာမ ခံတပ်ကြီးနှင့် ညီမျှပေသည်။ထို့ပြင် ခုခံရေးမှော် မျိုးစုံလည်း ရှိပေသည်။ထို့ကြောင့် ၎င်းကို ကြယ်ကြွေနတ်သမီး အင်ပါယာထဲရှိ အစွမ်းထက်ဆုံး ခံစစ်ကြောင်းဟူ၍ သိကြပေသည်။

ခံတပ်၌ ကြီးပြင်းခဲ့ရသည့် အသီနာသည် မှော်ဆရာ၏ မင်းသမီးလေးကဲ့သို့ပင် ဖြစ်သည်။ ငယ်စဉ်ကတည်းက စစ်တပ်များနှင့် ရောနှောနေခဲ့သည့်အတွက် ပွင့်လင်းသောစရိုက် ရှိလာခဲ့သည်။အနီးအနားရှိ မြို့ငယ်လေးဖြစ်သော တိမ်တိုက်နက်တွင် အသီနာသည် ဒဏ်ရာအပြင်းအထန် ရနေသည့် စုံတွဲတစ်ယောက်ကို ကယ်တင်ဖြစ်ခဲ့သည်။သူတို့သည် ဒေလီယာနှင့် ရိုမန်တို့ပင် ဖြစ်သည်။သူတို့သည် အသံတိတ်ညစိမ့်မြေမှ ပြန်လာသည့် စွန့်စားသွားလာသူများဟု သူတို့ကိုယ်သူတို့ ပြောခဲ့ကြသည်။ဒေလီယာသည် လှပ တင့်တယ် သော်လည်း ရိုမန်သည် ဟာသဉာဏ်ရွှင်ပြီး အနည်းငယ် တဏှာကြီးလေသည်။ ထိုစဉ်က အသီနာသည် ၁၆နှစ်သာရှိသေးပြီး သူတို့နှစ်ယောက်နှင့် အတော်လေး အဆင်ပြေနေခဲ့သည်။သူတို့ ပြန်လည် သက်သာအောင် အနားယူနေစဉ်တွင် မိတ်ဆွေကောင်းများ ဖြစ်သွားကြသည်။

မကြာမီတွင် သူတို့နှစ်ယောက် နောက်ကိုလိုက်နေသည့် လုပ်ကြံသူများသည် တိမ်တိုက်နက်မြို့သို့ ရောက်လာကြသည်။ဒေလီယာနှင့် ရိုမန်တို့သည် အစွမ်းထက်ကြ သော်လည်း ဒဏ်ရာများ အပြည့်အဝ ပြန်မကောင်းသေးပေ။အသီနာသည် မှော်ဆရာ ခံတပ်ထဲရှိ အစ်ကိုဖြစ်သူ ထဝါနာကို အချိန်မီ အကူအညီ တောင်းလိုက်သည့်အတွက် လုပ်ကြံသူများကို သတ်ပစ်နိုင်ခဲ့သည်။

ထိုအချိန်မှ ဒေလီယာ၏ အစ်ကိုသည် အရိပ်နက်အင်ပါယာ၏ ဗိုလ်ချုပ် သုံးဦးထဲမှ တစ်ဦးဖြစ်သည့် ဘရော့ခ် ဖြစ်ကြောင်း အသီနာ သိသွားသည်။အကျိုးအမြတ် ရရှိရန်အတွက် ဒေလီယာသဘောမတူသော်လည်း ဘရော့ခ်သည် ဒေလီယာထက် အသက်ရာကျော်ကြီးသည့် အဘိုးကြီးတစ်ယောက်နှင့် အတင်းလက်ထပ်ခိုင်းခဲ့သည်။ ထို့ကြောင့် ဒေလီယာသည် ရိုမန်၏ အကူအညီနှင့်အတူ ထွက်ပြေးခဲ့ပြီး ဘရော့ခ် လွှတ်လိုက်သည့် လုပ်ကြံသူများ၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

အသီနာ၏ ဖခင်ဖြစ်သူ ဂျော့ခ်ျဝဲလ်စ်သည် ကြယ်ကြွေနတ်သမီး အင်ပါယာ၏ ပထမဆုံး ဗိုလ်ချုပ်ဖြစ်ပြီး အစွမ်းထက်ကာ ဂုဏ်သတင်းလည်း ကျော်စောလှေသည်။ထို့ကြောင့် အင်တိုက်အားတိုက် နည်းလမ်းများကိုသုံးရန် မဖြစ်နိုင်ကြောင်းကို ဘရော့ခ်သိသည်။ ထို့ကြာင့် ဗျူဟာပြောင်းပြီး သံတမန်ရေးအရ အရိပ်နက်အင်ပါယာကိုအသုံးချပြီး ဗိုလ်ချုပ်ဂျော့ခ်ျကို ဖိအားပေးတော့သည်။သန်းခေါင်နေအရှင် သေဆုံးသွားသည်မှာ ကြာခဲ့လေပြီ။မင်းသား အိုဆိုင်ဒန်သည်လည်း အခြားမဟာဧကရာဇ်ဖြစ်သည့် ရိုင်ဇန်နှင့် ကတ်သရင်းတို့ထက် အားနည်းနေပြီး ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန်အတွက်သာ ပါးနပ်သည့် နိုင်ငံရေးဗျူဟာကို အမှီပြုခဲ့ရသည်။ဗိုလ်ချုပ်ဂျော့ခ်ျသည် အင်ပါယာ သုံးခုကြားရှိ အခြေအနေကို သဘောပေါက်သည့်အတွက် အသီနာသည် ကြားဝင် နှောက်ယှက်ခြင်းမပြုရန် တားမြစ်လိုက်သည်။

အသီနာက မိတ်ဆွေနှစ်ယောက်ကို လွတ်မြောက်စေရန်အတွက် တိတ်တဆိတ် ကူညီတော့မည်ပြင်လိုက်စဉ် ရိုမန်သည် စကားတစ်ခွန်းမှ မပြောဘဲ ရုတ်တရက် ထွက်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ဒေလီယာ အလွန် ဝမ်းနည်းသွားခဲ့ရသည်။ နောက်ဆုံးတွင် ဖိအားများကြောင့် ဒေလီယာသည်လည်း ခံတပ်ကိုရောက်ရှိလာသည့် သံတမန်နှင့်အတူ အရိပ်နက်အင်ပါယာသို့ ပြန်လိုက်သွားရတော့သည်။ထွက်မသွားခင် ဒေလီယာသည် အသီနာကို ရေခဲသလင်းကျောက် တစ်ခုပေးပြီး အနာဂတ်တွင် ကျေးဇူးဆပ်မည်ဟု ကတိပေးခဲ့သည်။

ထိုအတွက်ကြောင့် အမြဲပင် သန်မာနေသည့် အသီနာသည် မျက်ရည်နှင့်မျက်ခွက် ဖြစ်ခဲ့ရသည်။ထို့နောက်တွင် အသီနာသည် ဖခင်ဖြစ်သူ၏ တောင်းဆိုချက်ကို လက်ခံပြီး အမှောင်လနယ်မြေဆီသို့ သွားခဲ့သည်။

အသံတိတ်ညစိမ့်မြေ၌ စူးစမ်းရှာဖွေခဲ့သည်မှာ ဆင်ခြေမဟုတ်ခဲ့ပေ။ဒေလီယာ၏ မိသားစုတွင် ပျောက်ဆုံးနေခဲ့သည့် လျို့ဝှက်ရတနာတစ်ခု ရှိပြီး သူ့အတွက် အလွန်ပင် အရေးကြီးလှသည်။ဒေလီယာသည် အလွန်ပါရမီရှိပြီး ထိုလျို့ဝှက်ရတနာအတွက် အထူးအာရုံတစ်ခု ရနေခဲ့သည်။နှစ်ပေါင်းများစွာ ရှာဖွေပြီးနောက်တွင် ထိုရတနာ၏ သဲလွန်စကို အသံတိတ်ညစိမ့်မြေ၌ ရှာတွေ့သွားခဲ့သည်။သို့သော်လည်း ရတနာ တစ်ဝိုက်တွင် အစွမ်းထက်သော ထောင်ခြောက်များ မရေတွက်နိုင်အောင် ရှိနေသည်။ အမြဲတမ်းပင် ဒေလီယာသည် ဒဏ်ရာအပြင်းအထန်ရကာ ပြန်လာခဲ့ရသည်။ တဖြည်းဖြည်းနှင့် ဒေလီယာသည် ပုံစံအချို့ကို သဘောပေါက်လာသည်။၃နှစ်ကြာပြီး တိုင်းတွင် ရတနာတစ်ဝိုက်ရှိ ထောင်ခြောက်များသည် သုံးလေးရက်ကြာ အားပျော့သွားပြီး စူးစမ်းသွားလာရန်အတွက် အကောင်းဆုံး အချိန်ပင်ဖြစ်သည်။လွန်ခဲ့သော၃နှစ်တွင် ဒေလီယာနှင့် ရိုမန်တို့သည် ဘရော့ခ် လွှတ်လိုက်သည့် လုပ်ကြံသူများ၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရသည်။သူတို့သည် အရဲစွန့်ပြီး အသံတိတ်ညစိမ့်မြေဆီသွားကာ ရတနာရှာပြီး ဘရော့ခ်ကို ခုခံချင်ခဲ့သည်။သို့သော်လည်း သူတို့သည် ဒဏ်ရာ အပြင်းအထန် ရသွားကြပြန်သည်။ထို့ကြောင့် နောက်ထပ်၃နှစ်တွင် ထိုနေရာသို့ ဒေလီယာ ထပ်သွားဦးမည် ဖြစ်သည်။

ထိုနေရာအထိ ပြောပြီးသည့်အခါ ဒေလီယာ၏ မိသားစုသည် ယခင်နှစ်များအတွင်း၌ ပါ့ဂ်လီအို လုယက်ခဲ့သည့် သားကောင်များထဲမှ ဖြစ်ကြောင်းကို ချန်လွေ့ လုံးဝနီးပါး သေချာသွားခဲ့သည်။ပျောက်ဆုံးသွားခဲ့သည့် ထို‌လျို့ဝှက်ရတနာသည် ပါ့ဂ်လီအို၏ လျို့ဝှက်ရတနာသိုက် အတွင်း၌ ရှိနေပေလိမ့်မည်။အရတ်စ်ကိစ္စပြီးသွားသည့်အခါတွင် အသံတိတ်ညစိမ့်မြေသို့သွားရန် ချန်လွေ့ စဉ်းစားဖို့ လိုအပ်ပေသည်။

ချန်လွေ့သည် အသီနာကို တီးတိုးပြောလိုက်သည်။

“ ငါတို့ထွက်သွားမယ့်အကြောင်း ဂါဒီကို ပြောပြပြီးပြီ။အခုပဲ တူတူသွားကြမယ်။ပြီးရင် လမ်းတစ်ဝက်မှာ ငါတို့လမ်းခွဲကြရမယ်။ခီဂူနဲ့မင်းက ငါ့ကို ရွက်စိမ်းတောအုပ်ထဲမှာ စောင့်နေရမယ်။အရင်တစ်ခေါက် ငါတို့ဖြတ်သွားတဲ့နေရာလေ။ပြီးတော့ ငါ့ကို သုံးရက်စာ အစာနဲ့ရေ ပြင်ထားပေး။မန္ဂဒါနဲ့ငါက မဟာဆရာသခင် ဖန်တီးထားတဲ့ နေရာတွေကို သွားရမယ်။ ”

အသီနာသည် စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

“ နင်တစ်ယောက်တည်း သွားမှာလား။ ”

“ ငါတစ်ယောက်တည်းပဲ သွားလို့ရတာ။ဒါပေမဲ့ လိုရမယ်ရ ဒိုဒိုကိုတော့ ခေါ်သွားလိုက်မယ်။ ”

ရိုမန် ပြဿနာ ဖြေရှင်းပြီးသွားသော်လည်း ချန်လွေ့သည် အသီနာကို ဤနေရာမှ ထွက်သွားအောင် လုပ်ရသေးသည်။သို့မှသာ ချန်လွေ့သည် ဘာမှ ထိန်းထားစရာ မလိုတော့ပေ။

အသီနာသည် ဂါဒီနှင့် မိုင်းလုပ်သားများကို စိုးရိမ်နေသေးကြောင်း ချန်လွေ့သိသည့် အတွက် ပြောလိုက်သည်။

“ ဒီနေ့ ကယ်လီရာက ငါ့အတွက် လာတယ်ဆိုတာကို မင်းလည်း တွေ့တာပဲ။မင်းလည်း ကယ်လီရာနဲ့ တိုက်ခိုက်ခဲ့ရတယ်။ငါတို့ဒီမှာနေရင် သူတို့နဲ့ပတ်သက်ရမှာလဲ။မင်း ကယ်လီရာကို တိုက်ခိုက်နိုင်ရင်တောင် လက်ထောက်ခေါင်းဆောင် ဘာနကယ်ကိုရော ဘယ်လိုလုပ်မလဲ။ပြီးတော့ သူတို့ရဲ့ခေါင်းဆောင်လည်း ရှိသေးတယ်။အဲ့ဒါကြောင့် ဒီနေရာကနေ ထွက်သွားတာက နှစ်ဖက်စလုံးအတွက် ကောင်းတယ်။ ”

အသီနာ စဉ်းစားလိုက်ပြီး ၎င်းသည် အကျိုးအကြောင်းသင့်သည်ဟု ထင်လိုက်သည်။သူတို့ မိုင်းတွင်းသို့ မလာခင်တွင် မိုင်းလုပ်သားများသည် ဒုက္ခခံစားရသည်။သို့သော်လည်း ချက်ချင်း အန္တရာယ်ရောက်ရသည် မဟုတ်ပေ။သူတို့ရောက်လာသည့်အခါ သူခိုးဓားပြများသည် ချက်ချင်းပင် သူတို့ဆီ လာတော့သည်။

“ ဒါဆိုလည်း အခုပဲ သွားကြတာပေါ့... ”

အသီနာသည် ခြေနှစ်လမ်း လှမ်းပြီး ရုတ်တရက် ပြန်လှည့်လိုက်သည်။

“ နောက်၃နှစ်နေရင်......ရိုမန်နေရာမှာ နင်သာဆို ဘယ်လိုလုပ်မလဲ။ ”

ထိုမေးခွန်းသည် ချန်လွေ့ကို ကြက်သေသေသွားစေခဲ့သည်။ခဏအကြာတွင် ချန်လွေ့ သတိပြန်လည်လာပြီး စဉ်းစားကာ ပြန်ဖြေလိုက်သည်။

“ ရိုမန်သည် ‌ငကြောက် မဟုတ်ဘူးဆိုတာ ငါသိတယ်။လွန်ခဲ့တဲ့၃နှစ်တုန်းက သူ ဒေလီယာကို ချန်ထားခဲ့တာက သူ့အကြောင်းနဲ့သူ ရှိရမယ်။ဒါပေမဲ့လည်း လူတိုင်းရဲ့ ကိုင်တွယ်ပုံတွေက မတူကြဘူးလေ။ငါသာဆိုရင်တော့.....အဲ့ဒါထက် ငါချစ်ရတဲ့ မိန်းကလေးနဲ့အတူ သေမှာကိုပဲ ရွေးလိုက်မှာ။ ”

“ အိုး ”

အသီနာသည် မထုံတတ်တေးမျက်နှာဖြင့် ပြန်ဖြေပြီး တစ်ဖက်လှည့်လိုက်သည်။သူ၏ အနည်းငယ် နီမြန်းနေသည့် ပါးပြင်သည် ရုတ်တရက်ပင် ပျော်ရွှင်သည့် အမူအရာ ဖြစ်ပေါ်လာသည်။အသီနာသည် ဝိုင်ဗန်ဆီသို့ အမြန်လမ်းလျှောက်သွားလိုက်သည်။

အသီနာ နောက်တွင် ချန်လွေ့သည် တိတ်တဆိတ် ခေါင်းခါနေလိုက်သည်။ ဒီကောင်မလေးစိတ်ထဲမှာ အတွေးတွေ ပိုပိုပြီး များလာတဲ့ပုံပဲ...

ချန်လွေ့သည် ဂါဒီကို နှုတ်ဆက်လိုက်သည်။မိုင်းလုက်သားများ၏ အကြည့်အောက်တွင် ချန်လွေ့သည် ဝိုင်ဗန်စီးကာ အသီနာနှင့်အတူ လုကမ်းတောင်မှ ထွက်ခွာသွားလိုက်သည်။ ခဏအကြာတွင် သူတို့ လမ်းခွဲလိုက်ကြသည်။အသီနာသည် ရွက်စိမ်းတောအုပ်ထဲ သွားလိုက်သော်လည်း ချန်လွေ့သည် မဟာဆရာသခင် ဖန်တီးသည့် နေရာများသို့ မသွားဘဲ ရှီလန်တောင်ဆီ သွားလိုက်သည်။

ကယ်လီရာကို အသီနာနှင့် ရိုမန်တို့ အနိုင်ယူခဲ့သည်။အခုအချိန်သည် သူ အားနည်းနေပြီ ဖြစ်သည့်အတွက် သတ်ပစ်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။ဤခရီး၏ အဓိက ရည်ရွယ်ချက်မှာ ကယ်လီရာကို သတ်ပစ်ရန်သာမက သတင်းအချက်များလည်း ရရှိရန်ဖြစ်သည်။သို့မဟုတ်ပါက ကယ်လီရာကို သတ်ပစ်ရန် ရိုမန်ကို ချန်လွေ့ ပြောခဲ့ပေမည်။

ပထမအတွေ့အကြုံ နှစ်ခေါက်ပြီးနောက်တွင် ချန်လွေ့သည် ရှီလန်တောင်သို့ သွားသည့်လမ်းကြောင်းကို ရင်းနှီးနေပြီဖြစ်သည်။ခဏအကြာတွင် ချန်လွေ့သည် တောင်ခြေနေရာသို့ တိတ်တဆိတ် ရောက်ရှိသွားလေ၏။

ဝိုင်ဗန်သည် အလွန်မြန်ဆန်လှပြီး ရှုံးနိမ့်သွားသည့် ကယ်လီရာနှင့် သူ့လူများလည်း ပြန်မလာသေးသည့်အတွက် စခန်းထဲတွင် နေနေသည့် သူခိုးဓားပြ ၁၂ယောက် လောက်သာ ရှိလေသည်။ချန်လွေ့သည် အခြေအနေရ အစီအစဉ်ပြောင်းလိုက်သည်။ တစ်ယောက်တည်းကျန်နေသည့် အမှောင်နတ်သူငယ်ကို ပစ်မှတ်ထားပြီး ချန်လွေ့ စစ်မေးလိုက်သည်။လက်အောက်ခံများတွင် သတင်းအချက်အလက် အနည်းငယ်သာ ရှိသည်။ထိုလူများတွင် မိုင်းလုပ်သားနှင့် ခရီးသွားလူတို့၏ သွေးများစွန်းထင်းနေ ကြသည့်အတွက် ချန်လွေ့သည် ထိုအမှောင်နတ်သူငယ်ကို သတ်ပစ်လိုက်သည်။ ထို့နောက်တွင်လည်း ကျန်ရှိသည့် သူခိုးဓားပြများကိုပါ အမြန်ဆုံး ရှင်းလင်းပစ် လိုက်သည်။

ကယ်လီရာတို့အုပ်စု ရှီလန်တောင်ခြေကို ရောက်ရှိသည့်အခါ အဝေးတစ်နေရာ၌ ရပ်တန့်နေပြီး ကြောက်ရွံ့နေကြသည်။

တောင်ခြေရှိ လူနေအိမ်ရာ၌ အရိုးခြောက် နဂါးတစ်ကောင် အမှန်တကယ်ပင် ပေါ်ထွက်လာခဲ့သည်။နေ့အ‌လင်းရောင်ကြောင့် ၎င်း၏ ကြောက်ဖက်ဖွယ်ရာ ကောင်းမှုသည် ပို၍ ထင်ရှားနေသည်။

“ အဲဒါ စိတ်ဝိညာဉ်နဂါးပဲ။ ”

ဒီကြောက်စရာနဂါးက တကယ်ကြီး ဒီလိုအချိန်မှာ ပေါ်လာခဲ့တာပဲ။ပြီးတော့လည်း အဲဒါက အဓိကတွင်းထဲကနေ တောင်ခြေဆီကို ရောက်လာခဲ့တယ်။

လူနေအိမ်ရာ ဂိတ်တံခါးများနှင့် အနီးအနားရှိ ကျောက်အိမ်များလည်း ပျက်စီးနေသည်။ စောင့်ကြပ်နေရမည့် သူခိုးဓားပြများလည်း ရှိမနေကြပေ။သူတို့ကို ကြောက်စရာ စိတ်ဝိညာဉ်နဂါး စားလိုက်ခြင်း ဖြစ်နိုင်ပေသည်။

ထိုအခိုက်တွင် ကယ်လီရာသည် အလွန်အမင်း စိတ်ဓာတ်ကျသွားသည်။စိတ်ဝိညာဉ် နဂါးသည် ပြောကြသည့်အတိုင်းပင် ကြောက်စရာကောင်းပုံရသည်။ထို့ပြင် ကံဆိုးစွာပင် ၎င်းသည် ဤကဲ့သို့ အရေးပေါ်အခြေအနေ၌ ပေါ်ထွက်လာခဲ့သည်။ဒဏ်ရာမရလျှင်တောင် ကယ်လီရာသည် ၎င်းကို မယှဉ်နိုင်ပေ။ယခုတွင် ကယ်လီရာ ဒဏ်ရာအပြင်းအထန် ရထားခဲ့လေသည်။

ဒီတစ်ခေါက် လိုင်ရာမြို့ကနေ ရှီလန်တောင်ဆီ ပြန်လာတာက တကယ့်ကို ကံဆိုးတာပဲ။

စိတ်ဝိညာဉ်နဂါးသည် သူခိုးဓားပြများကို မြင်တွေ့သွားခဲ့သည်။၎င်းသည် စူးရှစွာ ဟိန်းဟောက်ရင်း ဖြည်းဖြည်းချင်း ချဉ်းကပ်လာတော့သည်။

သူခိုးဓားပြများသည် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားကြသည်။ထိုအချိန်၌ အမှောင်နတ်သူငယ် သူခိုးဓားပြတစ်ယောက်သည် ကယ်လီရာဆီ ပြေးဝင်လာပြီး အော်ပြောလိုက်သည်။

“ မင်းတို့တွေ စိတ်ဝိညာဉ်နဂါးကို သွားတားလိုက်ကြ။ဆာကယ်လီရာကို ငါကာကွယ် ပြီးတော့ အရင်သွားလိုက်မယ်။ ”

ထိုသို့ပြောပြီး အမှောင်နတ်သူငယ်သည် ကယ်လီရာကို ထမ်းပိုးပြီး ပြေးတော့သည်။ အမှောင်နတ်သူငယ်၏ အမြန်နှုန်းအားသာချက်သည် လုံးဝသိသာထင်ရှားနေတော့သည်။ ချက်ချင်းပင် သူတို့နှစ်ယောက် ပျောက်ကွယ်သွားတော့သည်။သူခိုးဓားပြများသည်လည်း စိတ်ဝိညာဉ်နဂါးကို မည်ကဲ့သို့ “တားဆီး”ရဲကြမည်နည်း။သူတို့အားလုံး ထွက်ပြေး ကြတော့သည်။

ဒီကောင်လေးက တော်တော်လေး ပါးနပ်တယ်။သူ့အနာဂတ်က တောက်ပနေမှာ သေချာတယ်။ အမှောင်နတ်သူငယ်သည် ကယ်လီရာကို ထမ်းပိုးပြီး အပြေးသွားနေသည်။ ကယ်လီရာသည် စိတ်ထဲ၌ ချီးမွမ်းနေသော်လည်း အမှောင်နတ်သူငယ် ထူးထူးဆန်းဆန်း ပြုံးနေသည်ကိုတော့ သတိမထားမိခဲ့ပေ။

All Chapters