နွေးထွေးပြီး သက်တောင့်သက်သာရှိသော သစ်သားအိမ်ငယ်လေးအတွင်း၌ လေ့ကျင့်ခြင်း
Vol. 7 Ch. 103
အသီနာ ခပ်မြန်မြန် လျှောက်လာပြီး လက်ထဲမှ သစ်တုံးကိုချကာ ချန်လွေ့ဆီ တအံ့တဩဖြင့် သွားလိုက်သည်။ရုတ်တရက်ပင် မျက်နှာပေါ်မှ အစွန်းအထင်းများကို အသီနာ သတိထားမိသွားပြီး လက်ဖြင့် အမြန်သုတ်လိုက်သည်။သို့သော်လည်း သူ၏လက်တွင် ဖုန်များပိုမိုရှိနေမည်ဟု မထင်ထားမိခဲ့ပေ။ထို့ကြောင့် အသီနာသည် ချက်ချင်းပင်လူပြက်နှင့် တူသွားသည်။
ချန်လွေ့ပြုံးပြီး မှန်တစ်ချပ်ထုတ်ကာ အသီနာအရှေ့၌ လှုပ်ရမ်းပြလိုက်သည်။မှန်ထဲမှ လူပြက်မျက်နှာကို မြင်ပြီး အသီနာ တအားအော်လိုက်ကာ မှန်ကိုအမြန် လုယူလိုက်သည်။ အသီနာ လက်ကိုမြှောက်ပြီး သုတ်ရန်ပြင်လိုက်စဉ် ရှေ့မှလူသည် ရုတ်တရက် အော်ပြောလိုက်သည်။
“ မလှုပ်နဲ့။ ”
မည်သည်ကြောင့်မှန်းမသိ။အသီနာ၏ လုပ်ရပ်များ ရပ်တန့်သွားသည်။ထိုအချိန်၌ အသီနာတွင် မည်သည့်ခုခံမှုမျှ ရှိမနေပေ။တစ်နည်းအားဖြင့်ပြောရလျှင် အသီနာသည် လုပ်ဆောင်ချက်များကို ကျိုးကျိုးနွံနွံ ရပ်တန့်လိုက်ခြင်းပင် ဖြစ်သည်။
ထို့နောက်တွင် မျက်နှာသုတ်ပုဝါတစ်ထည်ကို ကိုင်ထားသော လက်တစ်ဖက်သည် အသီနာအတွက် ဖုန်နှင့်ချွေးများကို ဂရုတစိုက် သုတ်ပေးနေတော့သည်။
အသီနာ၏ မသိစိတ်တုံ့ပြန်မှုဖြင့်ဆိုလျှင် ချန်လွေ့၏လက်ကိုကိုင်ပြီး ချက်ချင်း ဆွဲပေါက်ပစ်၍ရသည်။သို့မဟုတ် ချန်လွေ့နောက်သို့သွားပြီး လည်ပင်းညှစ်၍လည်း ရလေသည်။သို့သော်လည်း ထိုအခိုက်တွင် အသီနာ၏ တိုက်ခိုက်ရေးတုံ့ပြန်မှု အားလုံးသည် မထိရောက်တော့ပေ။အသီနာသည် လက်မြှောက်ထားပြီး တောင့်တောင့်ကြီး ရပ်နေတော့သည်။
ညင်သာမှုကို ခံစားရရင်း အသီနာ၏ အသက်ရှူသံမှာလည်း သတိရှိလာသည်။ သို့သော်လည်း နှလုံးခုန်နှုန်းမှာတော့ ပို၍မြန်ဆန်လာလေသည်။
ချန်လွေ့၏ နှလုံးခုန်နှုန်းလည်း မြန်ဆန်လာသည်။ထို့နောက် သက်ပြင်းရှိုက်ပြီးတော့ အသီနာအား ပွေ့ဖက်ထားချင်စိတ်ကို ထိန်းချုပ်ထားလိုက်သည်။ယခုအချိန်သည် အချစ် အကြောင်းပြောရန် အချိန်မဟုတ်သေးပေ။စမ်းသပ်ချက်နှစ်ခုကို ကျော်ဖြတ် ပြီးသည့်အခါ ချန်လွေ့သည် မိမိနှင့်အသီနာတို့နှစ်ယောက်စလုံးကို နောင်တ မရစေချင်ပေ။ သူတို့၏ ခံစားချက်သည် ထာဝရအထိ ရှည်ကြာမည်ဆိုလျှင် နေ့တိုင်းညတိုင်း တစ်ယောက်နှင့် တစ်ယောက် မတွေ့လျှင်ပင် ကိစ္စမရှိပေ။
၎င်းသည် အချင်းချင်း ခံစားချက်ရှိကြသည့် ယောက်ျားနှင့်မိန်းမတို့၏ အပြန်အလှန် နားလည်မှုမျိုးပင် ဖြစ်သည်။အသီနာသည် စိတ်ထဲ၌ နားလည်လိမ့်မည်ဟု ချန်လွေ့ ယုံကြည်နေသည်။
“ ဒီအိမ်လေးက အကောင်းဆုံးပဲ။ ”
ချန်လွေ့သည် မျက်နှာသုတ်ပုဝါကို ပြန်ယူပြီး စကားလမ်းကြောင်းကို သစ်သား အိမ်ငယ်လေးဆီ ပြောင်းလိုက်သည်။
အသီနာသည် အိပ်မက်မှ နိုးထသကဲ့သို့ ဖြစ်သွားပြီး “တောင့်တောင့်ကြီး” မနေနေ တော့ပေ။အနည်းငယ် စိတ်ပျက်သွားမိသော်လည်း ချန်လွေ့၏ တောက်ပသော မျက်လုံးများနှင့် စစ်မှန်သော ချီးကျူးစကားများကို မြင်လိုက်သည့်အခါ အသီနာ၏စိတ် ပြန်လည်ကြည်လင်သွားပြန်သည်။
“ ဒုက္ခပဲ။ဒီအိမ်ငယ်လေးက မမှောင်ခင် ပြီးရမယ်။ ”
ချန်လွေ့၏စကားသည် အသီနာကို သတိဝင်သွားစေသည်။အသီနာလည်း မျက်နှာ ပူလောင်နေသည်ကို ဂရုမစိုက်တော့ဘဲ အလုပ်စလုပ်တော့သည်။ချန်လွေ့သည်လည်း အသီနာကို တစ်ယောက်တည်း မလုပ်စေခဲ့ပေ။ဒိုဒိုကို ဝိုင်းကူခိုင်းလိုက်၏။
နောက်ဆုံး၌ ညမရောက်ခင်မှာပင် အိမ်ငယ်လေးသည် လုံးဝပြီးစီးသွားတော့သည်။
မူလက အသီနာ၏ အိမ်ငယ်လေးသည် အခန်းတစ်ခန်းတည်းသာ ဖြစ်သည်။ ချန်လွေ့နှင့်ဒိုဒိုတို့ပါ ကူညီခဲ့သည့်အတွက် အိမ်ငယ်လေးသည် နှစ်ခန်းတွဲဖြစ်သွားပြီး အခန်းနှစ်ခန်းကို အလယ်၌ ခြားထား၏။
ညပိုင်းတွင် အိမ်ငယ်လေးအပြင်၌ မီးပုံပွဲ ပြုလုပ်ခဲ့သည်။ချန်လွေ့လည်း အသီနာနှင့် ဒိုဒိုတို့ စားရန်အတွက် အကင်လုပ်ပေးခဲ့ပြီး စိတ်ဝင်စားစရာ ပုံပြင်များ ပြောပြတော့သည်။ ဒိုဒိုလည်း ရံဖန်ရံခါ အသွင်ပြောင်းပြပြီး ဖျော်ဖြေပေးလေသည်။မီးအလင်းရောင်ကြောင့် နီမြန်းနေသည့် အသီနာ၏မျက်နှာ၊ပျော်ရွှင်နေသည့် အပြုံးနှင့် နောက်ဘက်မှ အိမ်ငယ်လေးကို ကြည့်ရင်း ချန်လွေ့၏ခံစားချက်သည် ပို၍ ထင်ရှားလာခဲ့သည်။
ဒါက အိမ်ဆိုတဲ့ ခံစားချက်ပဲ။
နောက်တစ်နေ့တွင် ကောင်းကောင်းအိပ်ခဲ့ရသည့် ချန်လွေ့နိုးထလာခဲ့ပြီး စိတ်ရောကိုယ်ပါ လန်းဆန်းနေသသကဲ့သို့ ခံစားလိုက်ရသည်။အသီနာကို နှုတ်ဆက်လိုက်ပြီးနောက် ချန်လွေ့သည် စူပါစနစ်ထဲ ဝင်လိုက်သည်။သူ၏အရှိန်အဝါသည် ၄၀၀၀၀၀ နီးပါးရှိနေပြီး လုံးဝ လုံလောက်နေပြီ ဖြစ်သည်။ထို့နောက် ချန်လွေ့ အချိန်ဖြုန်းမနေတော့ဘဲ အချိန်အဆ(၁၀၀)နှင့် ပင်လယ်လှိုင်းကြမ်း ဥပဒေသကို ရွေးချယ်လိုက်ပြန်ကာ လေ့ကျင့်ရေးကွင်းထဲ ဝင်လိုက်တော့သည်။
ယခုတစ်ခေါက်တွင် လှိုင်းလုံးကြီးများကို ရင်ဆိုင်ရာတွင် ချန်လွေ့ ပို၍တည်ငြိမ် နေသည်။အမြင့်အတင့်အသင့်ရှိသော ကျောက်တန်းတစ်ခုကို ချန်လွေ့ ရွေးချယ်ပြီး လှိုင်းလုံးကြီးများ၏ ရိုက်ခတ်မှုဒဏ်ကို ခုခံကာ လက်သီးထိုးနေတော့သည်။ ယခင် လေ့ကျင့်ရေး၌ နောက်ဆုံးတွင် ဆန်းကြယ်သည့်ခံစားချက်တစ်ခုကို ချန်လွေ့ အနည်းငယ် ခံစားခဲ့ရသည်။သို့သော်လည်း အချိန်မလောက်ခဲ့ပေ။ကယ်လီရာနှင့် တိုက်ခိုက်ရာတွင် ပထမဆုံးအကြိမ်အဖြစ် တကယ့်တိုက်ပွဲ၌ ၎င်းကို ရံဖန်ရံခါ သုံးနိုင်ခဲ့သော်လည်း ၎င်း၏စွမ်းအားသည် သိသာလှသည်။
အခြေအနေပြဇယားရှိ မြောက်များလှစွာသော ကြယ်မှုန့်များသည် ပို၍သန့်စင် သွားသည်ကို ချန်လွေ့ သတိထားမိသည်။အယ်ခိတ်အခြေအနေတွင် ရှိနေခဲ့စဉ်က ပြောင်းလဲမှုများအား သတိရလိုက်ပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ အယ်ခိတ်အခြေအနေသည် ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး မိုင်ဇာအခြေအနေသည် စွမ်းအားကို သန့်စင်ပေးသည်။ပင်လယ်လှိုင်းကြမ်း၌ လေ့ကျင့်ခြင်းသည် စွမ်းအား သန့်စင်ခြင်းဟူသော သတ်မှတ်ချက်နှင့် ကိုက်ညီပေသည်။ထို့ကြောင့်ပင် ချန်လွေ့သည် အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းသို့ ရောက်ခါစဖြစ်သော်လည်း အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်းကို သတ်ပစ်နိုင်ခြင်း ဖြစ်သည်။ထို“အောင်နိုင်မှု”တွင် ၎င်းကို ချန်လွေ့ အပြည့်အဝ နားမလည်ခဲ့ပေ။ထို့ကြောင့် နားလည်ရန်အတွက် ထပ်ပြီးလေ့ကျင့်ရန် လိုအပ်သေးသည်။
ချန်လွေ့ ဖိအားကိုခုခံရင်း လှိုင်းလုံးကြီးများကို လက်သီးဖြင့် ထိုးနေစဉ်တွင် အသီနာသည် သစ်သားအိမ်ငယ်လေးကို စောင့်ကြပ်နေသည်။သူ၏ပတ်လည်တွင် သားကောင်များနှင့် သစ်သီးများ အပုံလိုက် ရှိနေ၏။
ဒိုဒိုသည် သစ်သီးနီများကို ရေဆေးနေပြီး သားကောင်များကို တစ်ကောင်ပြီးတစ်ကောင် ပြင်ဆင်နေသော အသီနာကိုကြည့်ရင်း သွားရည်များ ကျနေသည်။
“ မြင့်မြတ်လှတဲ့ သခင်မလေး။ဒိုဒို့ကို သစ်သီးတွေ ထပ်ပြီး ပေးနိုင်မလား။ ”
ယခုတွင် အသီနာသည် “သခင်မ”ဟူသော စကားလုံးကို အတော်အသင့် ကျင့်သားရ သွားပြီဖြစ်ပြီး ခေါင်းခါလိုက်သည်။
“ မင်းခုနက စားပြီးပြီ မဟုတ်လား။ဒါက တော်တော်လေးရှားပါးတဲ့ သကြားသီးပဲ။ ရွက်စိမ်းတောအုပ် တစ်ခုလုံးမှာတောင် နည်းနည်းပဲ ကျန်တော့တာ။ဒါတွေကို မင်းရဲ့သခင်အတွက် ချန်ထားတာ။ ”
ဒိုဒိုသည် သွားရည်များကျနေရင်း မျက်နှာချိုသွေးကာ ပြောလိုက်သည်။
“ သခင်မ။ဒီအသီးတွေ ဒိုဒို့ကို ပေးမယ်ဆိုရင် အဲ့ဒီညတုန်းက မိုင်းတွင်းမှာ ဖြစ်ခဲ့တာ တွေကို ပြောပြမယ်။ ”
ထိုစကားကို ချန်လွေ့ကြားမည်ဆိုလျှင် ထိုအစားပုတ်ကောင်ကြီးကို သေချာပေါက် ထုရိုက်ပေလိမ့်မည်။ဒိုဒိုသည် သစ်သီးအတွက်နှင့် သခင်အပေါ် သစ္စာဖောက်ခဲ့လေသည်။ ဒိုဒိုသည် “သခင်မ” ဘက်ပြောင်းသွားသော်လည်း ၎င်းသည် သည်းမခံနိုင်စရာပင် ဖြစ်သည်။
လိုလီလေးသာ ရှိမည်ဆိုလျှင် ချွဲကျိကောင်ကို အမှန်ပြောပြရန်အတွက် စားစရာများများ ပေးပြီး မျှားခေါ်ပေလိမ့်မည်။သို့သော်လည်း အသီနာသည် ထိုကဲ့သို့ မဟုတ်ပေ။အသီနာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။
“ နောက်တစ်လနေရင် ပြောပြမယ်လို့ ချန်လွေ့ပြောထားတယ်။ရက်၂၀ ကျန်နေ သေးတာပဲ။ငါသူ့ကို ယုံတယ်။ ”
ဉာဏ်များသည့် ချွဲကျိကောင်လည်း ခဏတွေးလိုက်ပြီး ကိုယ့်ကိုယ်ကို စကားပြော နေတော့သည်။ဆယ်ဘရတ်စ်ကို သူ မည်ကဲ့သို့ ရဲရဲရင့်ရင့် သတ်လိုက်ကြောင်းကိုသာ အများဆုံး ကြွားဝါနေခြင်း ဖြစ်သည်။ထို့နောက်တွင် ဒိုဒိုသည် လုပ်နေကျအတိုင်း စိတ်ဝိညာဉ်နဂါးဟန်ဆောင်ပြီး သူခိုးဓားပြများအားလုံးကို ခြောက်လှန့်ထုတ်ခဲ့သည်။
အသီနာ သေသေချာချာ နားထောင်နေလိုက်သည်။အထူးသဖြင့် ချန်လွေ့အပိုင်း ရောက်သည့်အခါတွင် အသီနာသည် လေးနက်နေပြီး မျက်လုံးတွင်လည်း ထူးဆန်းသော အရောင်များ တောက်ပနေခဲ့သည်။သို့သော်လည်း ဒိုဒိုကို ဆွံ့အသွားစေသည်မှာ ဤကဲ့သို့ ပြင်းထန် ရင်ဖိုစရာကောင်းပြီး အံ့ဩဖွယ်ရာ ဇာတ်လမ်းကို နားထောင်ပြီးသော်လည်း သူ၏သခင်မသည် သစ်သီးများကိုကိုင်ထားဆဲသာပြီး ဒိုဒို့ကို မပေးသေးပေ။
ကြံရာမရသည့်အဆုံး ဆာ-ဒိုဒိုသည် ဆက်၍သာ သွားရည်ကျနေရတော့သည်။ သခင်မက သခင်ထက် အကျင့်ပိုမကောင်းဘူး။ဒိုဒို့ကို ဇာတ်လမ်းပြောပြအောင် ညစ်တယ်။ ပြီးတော့လည်း ဆုလာဒ် မပေးဘူး။
ပင်လယ်လှိုင်းကြမ်းထဲရှိ ချန်လွေ့သည် အပြင်ဘက်၌ ဖြစ်နေသည့် ဇာတ်လမ်းကို မသိရှိပေ။ထိုအချိန်၌ ချန်လွေ့သည် ပြင်းထန်သည့် လှိုင်းလုံးကြီးကို ခုခံရင်း အပြင်းအထန် လေ့ကျင့်နေလေသည်။လက်သီးချက်၏ အမြန်နှုန်းနှင့် ပြင်းအားသည် ယခင်ကထက် ပိုကောင်းလာသော်လည်း လူသား၏စွမ်းအားသည် သဘာဝကို မယှဉ်ပြိုင်နိုင်ပေ။ မကြာမီတွင် ချန်လွေ့ အားကုန်သွားပြန်သည်။ထို့ကြောင့် ကျောက်တန်းမှ ဆင်းလာရ ပြန်သည်။ချန်လွေ့သည် ကျောက်တန်း အကာအကွယ်ကိုယူကာ ကြယ်စွမ်းအားကို ပြန်လည်ဖြည်းတင်းနေလိုက်သည်။ထို့နောက် ယခင်နည်းစနစ်အတိုင်းပင် ထပ်လုပ်တော့သည်။
လေ့ကျင့်ရေးကွင်းထဲရှိ ဥပဒေများသည် သဘာဝပုံစံဖန်တီးမှုများမဟုတ်ဘဲ တကယ့် သဘာဝအစွမ်းများဖြစ်သည်ဟု ချန်လွေ့ ခံစားနေရသည်။ စူပါစနစ်က အဲ့လိုမျိုး စည်းမျဉ်းဥပဒေသတွေကို ထုတ်ပြနိုင်တာများလား။တစ်ကယ်လို့ တစ်နေ့မှာ ဒီဥပဒေသတွေကို ငါနားလည်ပြီးတော့ ကျော်လွန်နိုင်ခဲ့ရင်......
ဤကဲ့သို့ အတွေးမျိုးသည် ချန်လွေ့ အနားယူချိန်၌ ဝင်လိုက်ထွက်လိုက် ဖြစ်နေသည်။ သူ၏တကယ့် အင်အားများကို လှိုင်းလုံးများအား ခုခံရာ၌သာ အာရုံစိုက်ထားသည်။
“ [ အရုဏ်ဦးပစ်ချက် ] ”
အလင်းဖြူလုံးသည် လှိုင်းလုံးကြီးဆီသို့ တည့်တည့်ဝင်သွားပြီး လမ်းတစ်လျှောက် ပင်လယ်ရေများကို တွန်းကန်ကာ ဖြာထွက်သွားစေသည်။သွားရာလမ်းကြောင်းသည် နဂါးတစ်ကောင် တည့်တည့်သွားသကဲ့သို့ပင် ဖြစ်နေသည်။သို့သော်လည်း လှိုင်းလုံးကြီး များ၏ ရိုက်ခတ်မှုအတွင်း၌ [ အရုဏ်ဦးပစ်ချက် ] သည် အကွာအဝေး တစ်ခုအထိသာ တိုးဝင်သွားပြီး စွမ်းအားတဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
“ [ အရှိန်အဝါဓားသွား ] ”
[ အရှိန်အဝါဓားသွား ]၏ စွမ်းအားသည် ထက်မြက်သည့်ဓားနှင့် ယှဉ်နိုင်သည့် ထက်မြက်မှုသာမဟုတ်ဘဲ ကယ်လီရာကို သတ်ပစ်ခဲ့သည် ကိုယ်ပျောက်ချီလည်း ပါဝင်နေသည်။ထို“ကိုယ်ပျောက်ချီ”သည် ပါ့ဂ်လီအိုကိုပင် ထိခိုက်စေနိုင်ခဲ့သည်။[ အရှိန်အဝါဓားသွား ]သည် အနူးညံ့ဆုံး ရေမျက်နှာပြင်ကို ရိုက်ခတ်သွားသည်။ ထို့နောက်တွင် ပင်လယ်ရေသည် အလယ်ဗဟို၌ တစ်မီတာရှည်သော မျဉ်းကြောင်းတစ်ခု ဖြစ်သွားပြီး နှစ်ခြမ်းကွဲသွားသည်။သို့သော်လည်း ချက်ချင်းပင် အရင်အတိုင်း ပြန်ဖြစ်သွားသည်။
ချန်လွေ့သည် အကန့်အသတ်ကို စိတ်ခေါ်သည့် လေ့ကျင့်ရေးမျိုးကို စိတ်ရောကိုယ်ပါ အာရုံစိုက်ထားပြီး အဆက်မပြတ် လေ့ကျင့်နေသည့်အတွက် အချိန်ကိုပင် မေ့လျှော့သွားခဲ့သည်။
ညစာစားချိန်တွင် ဒိုဒိုသည် အသားကင်စားပြီးသွားသော်လည်း သကြားသီးများကို စိတ်ဝင်စားမှု မလျော့သွားသေးပေ။ဒိုဒိုသည် အသီနာကို ဆက်အသနားခံပြီး သူ၏ သခင်နှင့်အတူ စွန့်စားခန်းများကို ပြောပြနေတော့သည်။ဒိုဒိုသည် ချန်လွေ့နောက်ကို လိုက်နေသည်မှာ အချိန်မကြာသေးသည့်အတွက် ဆယ်ဘရတ်စ်နှင့် ကြမ်းတမ်းသည့် တိုက်ပွဲ၊ကြောက်စရာ လန်နွန်နှင့် တွေ့ဆုံခြင်း၊စိတ်ဝိညာဉ်နဂါးအနေဖြင့် ဒုတိယ တစ်ခေါက် ဟန်ဆောင်ခြင်းစသည့် အဖြစ်အပျက် သုံးခုကိုပင် ထပ်ကာထပ်ကာ ပြောနေခဲ့သည်။
အသီနာသည်လည်း စိတ်ဝင်တစားဖြင့် နားထောင်နေလိုက်သည်။အဆုံး၌ပင် ဒိုဒိုသည် သကြားသီးများကို မရရှိခဲ့ပေ။ထို့ကြောင့် သွားရည်ကျနေရင်းသာ အိပ်ရတော့သည်။
နောက်တစ်နေ့မနက်တွင် ချန်လွေ့သည် ပင်လယ်လှိုင်းကြမ်း လေ့ကျင့်ရေးကို အဆုံးသတ်လိုက်သည်။အသီနာ ပြင်ဆင်ထားပေးသည့် သစ်သီးနှင့် စားစရာများကို စားသောက်ပြီးနောက် ချက်ချင်းပင် အိပ်မောကျသွားတော့သည်။ဒိုဒို၏ သနားစရာ မျက်လုံးများကို ချန်လွေ့ သတိမထားမိခဲ့ပေ။ပြန်နိုးလာသည့်အခါ ညအချိန် ရောက်လုနီးပါး ဖြစ်နေသည်။စားစရာအချို့စားပြီးနောက် ချန်လွေ့သည် လေ့ကျင့်ရေးကွင်း၌ ဆက်လက် ကျင့်ကြံနေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွက်စိမ်း တောအုပ်၌ လေးရက်တာ ကုန်ဆုံးသွားလေပြီ။ ယခုတစ်ခေါက် နိုးလာသည့်အချိန်တွင် ချန်လွေ့သည် လေ့ကျင့်ရေးကွင်းထဲသို့ မဝင်တော့ပေ။ထိုနေ့ရက်များသည် ချန်လွေ့အတွက် နှစ်ဝက်ခန့် ညီမျှသည်။အစပိုင်းတွင် ချန်လွေ့တွင် အရှိန်အဝါ ၄၀၀၀၀၀ နီးပါးရှိသည်။အလယ်ပိုင်းတွင် သတ္တုရိုင်းအပြုန်း တစ်သုပ်ကို ကူးပြောင်းလိုက်သည့်အတွက် ယခုတွင် အရှိန်အဝါစုစုပေါင်း ၆၀၀၀၀၀ ရှိနေပြီဖြစ်သည်။
လက်ရှိတွင် စွမ်းအားမည်မျှ ရှိသည်ကို ချန်လွေ့ မသိပေ။သူ၏ကြယ်စွမ်းအားနှင့် ခန္ဓာကိုယ်တို့သည် တစ်ဆို့နေသည်ကိုသာ ချန်လွေ့သိသည်။ဤကဲ့သို့ လေ့ကျင့်ရေးမျိုးကို ဆက်ပြီးမှီခိုနေမည်ဆိုလျှင် သိပ်ပြီး တိုးတက်မှု ရှိမည်မဟုတ်ပေ။သို့သော်လည်း ယခုအချိန်၌ အင်အားအပြည့် ကယ်လီရာကို ရင်ဆိုင်ရမည်ဆိုလျှင် လုံးဝသတ်ပစ် နိုင်မည်ဟု ချန်လွေ့ ယုံကြည်နေသည်။
ချန်လွေ့ အိမ်အပြင်ထွက်လိုက်ရာ သားကောင်ထမ်းပြီး တောအုပ်ထဲမှ ပြန်လာသည့် အသီနာကို တွေ့လိုက်ရသည်။ထို့နောက် အသီနာသည် သားကောင်နှင့် စုဆောင်း ထားသည့် သစ်သီးများကို အောက်ချလိုက်သည်။ထိုနေ့ရက်များ၌ အသီနာသည် ချန်လွေ့ကို အပိုမေးခွန်းမမေးဘဲ တိတ်ဆိတ်စွာ ဂရုစိုက်နေခဲ့သည်။
အမဲလိုက်ခြင်းနှင့် စားစရာပြင်ဆင်ခြင်းသည် ယောက်ျားတစ်ယောက် ပြုလုပ်သင့်သည့် အရာများ ဖြစ်သည့်အတွက် ချန်လွေ့ ရှက်မိသွားသည်။
အသီနာလည်း စောင့်မျှော်နေပုံပေါ်ပြီး ရှေ့တက်လာလိုက်သည်။
“ ချန်လွေ့။နင့်ရဲ့ အမွေအနှစ် စမ်းသပ်ချက် ပြီးသွားပြီလား။ ”
“ အပိုင်းသေးသေးလေး တစ်ခုပါပဲ။ ”
ချန်လွေ့သည် ရက်၂၀၀လောက် မတွေ့ခဲ့ရသည့် သိမ်မွေ့လှသော မျက်နှာကို ကြည့်လိုက်သည်။ချန်လွေ့သည် “ကျေးဇူးပါပဲ ” ကဲ့သို့သော ယဉ်ယဉ်ကျေးကျေး စကားများကို မပြောခဲ့ပေ။
“ အခုကစပြီး ငါဘာပဲလုပ်လုပ် ဘာလို့လဲ မမေးနဲ့။အချိန်ကျလာရင် ငါပြောပြမယ်။ မင်းငါ့ကို ကတိပေးနိုင်မလား။အသီနာ။ ”
အသီနာ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
“ နင်ကတိပေးထားတာ ပြည့်ဖို့ ရက်၂၀ လိုသေးတယ်။ ”
ဒီကောင်မလေးက သေသေချာချာ မှတ်မိတာပဲ။ဒါပေမဲ့ အချိန်ကိုကြည့်မယ်ဆိုရင် အရတ်စ်နဲ့ တိုက်ခိုက်ဖို့က လဝက်ပဲ ကျန်တော့တယ်။
ချန်လွေ့သည် အသီနာကို ခဏကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
“ မင်းက အမြင့်ဆင့်နတ်ဆိုး နှောင်းပိုင်းနား နီးကပ်နေပြီ ထင်တယ်။ဟုတ်တယ်မလား။ ”
“ ရောက်လုနီးပါးပဲ။အဲ့ဒါက နင်ပေးတဲ့ ထာဝရဆေးရည်တွေရဲ့ ကျေးဇူးကြောင့်ပါပဲ။ မနေ့တုန်းက ငါ ဓားရေးလေ့ကျင့်နေတုန်း ငါ့ရဲ့ခန္ဓာကိုယ်စွမ်းအားမှာ ထူးဆန်းတဲ့ ပြောင်းလဲမှုတစ်ခု ခံစားခဲ့ရတယ်။ငါ့ရဲ့စွမ်းအား၊အမြန်နှုန်းနဲ့ အခြားကဏ္ဍတွေလည်း ထပ်ပြီး တိုးတက်သွားသည်။ဆေးရည်မည်းတွေ ထပ်ပြီး သောက်လိုက်သလိုမျိုးပဲ။ ဒါကနင်ပြောတဲ့ ထာဝရဆေးရည် တစ်စုံလုံးရဲ့ “ ပဲ့တင်ခြင်းအာနိသင် ” ဖြစ်မယ်။ ”
“ ယုံရခက်ခက်ပဲ။အမှောင်လမြို့ကနေ ငါထွက်သွားတုန်းက အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းကို ရောက်ခါစပဲ ရှိသေးတယ်။အခုတော့ငါက နှောင်းပိုင်းကို ချဉ်းကပ်နေပြီ။ ”
အသီနာ၏ မျက်လုံးနီနီသည် ချန်လွေ့ကို တသသ စိုက်ကြည့်နေလိုက်သည်။ အဖိုးတန် မိစ္ဆာသစ်သီးနဲ့ နှစ်ပေါင်းထောင်နဲ့ချီ မပေါ်ထွက်လာခဲ့တဲ့ ထာဝရဆေးရည်မည်း လေးပုလင်းလုံး ငါရခဲ့တာက ဒီလူရဲ့ အားထုတ်မှုတွေကြောင့်ပဲ။
“ ဒါပေမဲ့လည်း ဒီလိုးတိုးတက်တာက မြန်လွန်းတယ်။အပြင်အားတွေကို မှီခိုတဲ့ စွမ်းအား တိုးတက်မှုတွေက တစ်ကိုယ်တည်း လေ့ကျင့်ရေးကနေ ရလာတဲ့ စွမ်းအားလောက် မခိုင်မာဘူး။ဒီစွမ်းအားကို စုစည်းပြီး သဟဇာတဖြစ်စေဖို့အတွက် အဆက်မပြတ် လေ့ကျင့်ဖို့နဲ့ အမှန်တကယ် တိုက်ခိုက်မှုတွေ လိုအပ်တယ်။ ”
အသီနာသည် လေ့ကျင့်ရေးကို အတော်လေး တွေ့ကြုံခံစားခဲ့ပြီးပြီဖြစ်သည့်အတွက် ကိုယ့်ကိုယ်ကို မမေ့သေးပေ။ထို့ကြောင့် ချန်လွေ့ပြောသည်ကို သဘောတူလိုက်သည်။
“ မဆိုးဘူး။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။
“ ဓားယူပြီး ငါနဲ့လိုက်ခဲ့။ ”