ခွဲခွာခြင်း။ချွဲကျိကောင်၏ အမြင်တွင် ပျင်းစရာကောင်းသော ယောက်ျားနှင့်မိန်းမ
Vol. 7 Ch. 104
အသီနာ ဘာမှမမေးဘဲ ကွင်းပြင်နေရာဆီသို့ ချန်လွေ့နှင့်အတူ လိုက်သွားလိုက်သည်။
“ အသီနာ။တကယ်လို့မင်း ကယ်လီရာကို ထပ်ရင်ဆိုင်ရရင် နိုင်ဖို့ယုံကြည်ချက်ရှိလား။ ”
အသီနာ၏မျက်လုံးတွင် ယုံကြည်မှုများ ပြည့်နှက်နေသည်။
“ ငါနိုင်မယ်လို့ လုံးဝယုံကြည်တယ်။ ”
“ ကောင်းတယ်။ ”
ချန်လွေ့နောက်သို့ သုံးလေးလှမ်း ဆုတ်လိုက်သည်။
“ ဒါဆိုရင် အခုပဲ မင်းရဲ့ဓားနဲ့ ငါ့ကို အားကုန်တိုက်ခိုက်ကြည့်။ ”
“ ဘာ ”
နားကြားမှားသည်ဟု အသီနာ ထင်မိသွားသည်။
“ ငါစခန်းအပြင်မှာ ရှိနေတုန်းက မင်းအဲ့လိုမျိုး လုပ်ခဲ့တယ် မဟုတ်လား။ ”
ချန်လွေ့၏စကားသည် အသီနာကို ရှက်သွေးဖြာသွားစေခဲ့၏။
“ အခု စကြရအောင်။ဒီတစ်ခေါက် အရင်လိုမျိုး ငါလုပ်တော့မှာ မဟုတ်ဘူး။ ”
အသီနာ၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် ချန်လွေ့အတွက် တကယ့်စွမ်းအားကို တိတိကျကျ တိုင်းတာပေးနိုင်မည့် ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်နိုင်ပေသည်။
အသီနာသည် ချန်လွေ့ကို တုံ့ဆိုင်းစွာ ကြည့်ပြီး သိုလှောင်လက်ပတ်ထဲမှ မဟာဓားကို ထုတ်လိုက်သည်။ချန်လွေ့၏ အားပေးသည့် မျက်လုံးများအောက်တွင် နောက်ဆုံး၌ အသီနာ တိုက်ခိုက်လိုက်သည်။သို့သော်လည်း ၎င်းသည် ဖျော့ဖျော့လေးသာ ဖြစ်သည်။
“ မင်းငါ့ကို ကူညီချင်တယ်ဆိုရင် အတည်လုပ်စမ်းပါ။ ”
ချန်လွေ့သည် ဓားကို လက်မနှင့်လက်ညှိုးဖြင့် ဖိညှပ်လိုက်သည်။ထို့နောက် ခေါင်းခါပြီး အတွင်းစွမ်းရည် [ ဖုံးကွယ် ]ကို ဖယ်ရှားကာ မိုင်ဇာအခြေအနေရှိ စွမ်းအားကို ပြသလိုက်သည်။
အသီနာ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ဒီစွမ်းအားအဆင့်က တကယ့်ကို အမြင့်ဆင့်နတ်ဆိုးအဆင့်ပဲ။ပြီးတော့.….ဒါကလည်း အဲ့ဒီတုန်းက ကယ်လီရာထက် သာတယ်။
လွန်ခဲ့တဲ့ သုံးလေးလတုန်းက စွမ်းအားမဲ့ပြီးတော့ အားနည်းတဲ့လူသားက ငါ့ကို ယှဉ်နိုင်လောက်တဲ့အထိ တကယ်ပဲ တိုးတက်လာခဲ့တယ်။
ယခင်အဖြစ်ပျက်အကြောင်း ဒိုဒို တက်တက်ကြွကြွ ပြောခဲ့သည်ကို အသီနာ ကြာခဲ့ပြီးပြီ ဖြစ်သည့်အတွက် စိတ်ထဲ၌ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ကိုယ်တိုင်ခံစားမိသည့် အခါတွင် အသီနာသည် အံ့ဩမှုကို ထိန်းမထားနိုင်ဘဲ စိတ်ထဲ၌ အချိန်အကြာကြီး သိမ်းထားနေခဲ့သည့် အထင်ကို မေးလိုက်သည်။
“ ချန်လွေ့။ဒါက မဟာဆရာသခင်ရဲ့.......”
လောက ကူးပြောင်းလာခြင်းနှင့် စူပါစနစ်တို့သည် ချန်လွေ့၏ အကြီးမားဆုံး လျို့ဝှက်ချက်များဖြစ်ပြီး မည်သူ့ကိုမှပြောပြရန် မရည်ရွယ်ထားခဲ့ပေ။အစပိုင်းတွင် အရေးပေါ်အဖြစ် သုံးခဲ့ရသည့် မဟာဆရာသခင် အမွေအနှစ်သည်လည်း သီဝရီအရ ခိုင်လုံသည့်အတွက် အစားထိုးရန် အဆင်ပြေနေသည်။ချန်လွေ့ပြုံးပြီး ပြောလိုက်သည်။
“ တော်တဲ့မိန်းကလေးက ကတိတည်ရမယ် မဟုတ်လား။ ”
အသီနာသည် “တော်သည်”ဟူ၍ ချီးကျူးခံရလေ့မရှိပေ။အထူးသဖြင့် ချန်လွေ့ထံမှ ဖြစ်သည့်အတွက် အသီနာ၏နှလုံးသားထဲ၌ ချိုမြိန်သွားသည်။ထို့ကြောင့် မည်သည့် မေးခွန်းမှမမေးရန် ချန်လွေ့ ကတိတောင်းထားသည်ကို သတိရသွားပြီး အတွေးများ အားလုံးကို စိတ်ထဲ၌ပင် အသီနာ သိမ်းထားလိုက်သည်။ထို့နောက် အသီနာ သက်ပြင်း ရှိုက်ပြီး ခြိမ်းခြောက်သည့် အားမန်တစ်ခု ပေါ်ထွက်လာကာ မဟာဓားကို ဝှေ့ရမ်း လိုက်သည်။ချန်လွေ့သည် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ရှောင်လိုက်ပြီး အသီနာ၏ ဘေးဘက်သို့ သွားလိုက်ကာ လက်သီးဖြင့် ထိုးလိုက်သည်။
အသီနာသည် ခပ်မြန်မြန်ပင် ဓားကို ရုတ်သိမ်းလိုက်သည်။လက်သီးချက်သည် ဓားနောက်ဘက်ကို သိသွားပြီး မသဲမကွဲအသံ ထွက်ပေါ်လာသည်။လှိုင်းလုံးကဲ့သို့ ပြင်းထန်သည့် အားတစ်မျိုးကိုသာ တစ်ခုပြီးတစ်ခု အသီနာခံစားလိုက်ရပြီး ဓားကိုပင် တင်းတင်းကြပ်ကြပ် မကိုင်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ အသီနာ တုန်လှုပ်သွားပြီး မျက်လုံးထဲ၌ အံ့အားသင့်မှု ဖြတ်ခနဲဖြစ်သွားကာ နောက်သို့ ယိမ်းယိုင်သွားတော့သည်။
“ငါပြောပြီးပြီလေ။အတည်လုပ်စမ်းပါ။ ”
အသီနာသည် သူ့ကိုထိခိုက်မည်ကို စိုးရိမ်နေကြောင်း ချန်လွေ့သိသည့်အတွက် ထပ်ဖြည့်ပြောလိုက်သည်။
“ ဟိုနေ့တုန်းကပဲ ကယ်လီရာက ငါ့လက်ထဲမှာ သေသွားခဲ့တယ်.... ”
အသီနာ တုန်လှုပ်သွားသည်။ လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက ချန်လွေ့လက်ထဲမှာ ကယ်လီရာ တကယ် သေသွားခဲ့တာပဲ။
အသီနာသည် ဓားကိုဘေးဖယ်လိုက်ပြီး ခေါင်းငုံ့ကာ တုံ့ဆိုင်းနေပုံစံပေါက်နေသည်။ နောက်ဆုံး၌ သူ ဆုံးဖြတ်ချက်ချလိုက်ပုံပေါ်သည်။သူ၏ကိုယ်ပေါ်၌ မီးတောက်များ ပေါ်ထွက်လာပြီး အရေပြားသည် အနီဖျော့ရောင်ပြောင်းသွားကာ ခေါင်းပေါ်၌ ချိုကွေးနှစ်ချောင်း ထွက်ပေါ်လာသည်။
“ ဒါက နင်လိုချင်တဲ့ “အတည်” လား။ ”
ချန်လွေ့ ခေါင်းငုံ့ပြီးပြီးချင်းမှာပင် ခေါင်းငုံ့နေသည့် အသီနာ ပျောက်ကွယ်သွားသည်ကို ချန်လွေ့ မြင်လိုက်ပြီး နောက်ဘက်သို့စူးရှသည့်လေတစ်ခု ဝှီးခနဲရောက်လာသည်။ ချန်လွေ့သည်လည်း သူ၏နောက်ဘက်သို့ ရန်သူများ တယ်လီပို့ခုန်ပြီး တိုက်ခိုက်သည်ကို အကြိမ်များစွာ ကြုံးတွေ့ဖူးပြီးပြီ ဖြစ်သည့်အတွက် အဆင်သင့် ဖြစ်နေခဲ့ပြီး နောက်လှည့်ကာ ရှောင်တိမ်းလိုက်သည်။အသီနာ၏ တိုက်ခိုက်မှု လွဲချော်သွားစဉ် ချန်လွေ့ လက်သီးဖြင့် ထိုးလိုက်သည်။သို့သော်လည်း အသီနာဓား မရပ်တန့်သွားဘဲ တစ်ဖက်လှည့်ကာ အပေါ်သို့ ခုတ်ပိုင်းလိုက်သည်။အသီနာ လုံးဝတုံ့ဆိုင်းမနေပေ။
အသီနာ၏ လှုပ်ရှားမှုများ အလွန်လျင်မြန်စွာ ပြောင်းလဲသွားမည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။လက်နောက်ဆုတ်လိုက်ခြင်းသည်သာ မမြန်ဆန်ခဲ့လျှင် ဓားကြောင့် ချန်လွေ့၏ လက်ကောက်ဝတ် ပြတ်သွားပေလိမ့်မည်။
မြေဆွဲအား၈ဆဖြင့် လေ့ကျင့်ပြီးသည့်အခါ ချန်လွေ့၏အမြန်နှုန်းသည် သိသိသာသာ ခုန်တိုးတက်သွားသည်။တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ပြီးနောက် ချန်လွေ့ တိုက်ခိုက် လိုက်ပြန်သည်။မဟာဓားသည် အနီးကပ် တိုက်ခိုက်မှုအတွက် မသင့်တော်သည့်အတွက် အသီနာသည် ဓားကို ရုတ်သိမ်းပြီး တွန်းထုတ်လိုက်သည်။လှိုင်းလုံးအားသည် ဓားကို တုန်ခါစေခဲ့သည်။ချန်လွေ့၏ လက်တစ်စုံသည် သုံးလေးစုံလောက် ဖြစ်သွားသကဲ့သို့ပင် အဆက်မပြတ် တိုက်ခိုက်တော့သည်။အသီနာသည် လှိုင်းကြမ်းထဲ ရောက်နေသကဲ့သို့ ခံစားနေရပြီး ကြီးမားလှသာအားကြောင့် သူ၏ကိုယ်ပေါ်မှ နတ်ဆိုးမီးတောက်များပင် လှုပ်ခါနေသည်။
အသီနာ၏ တိုက်ခိုက်ရေး အတွေ့အကြုံသည် အလွန် ကြွယ်ဝလှသည်။တိုက်ခိုက်မှုကို ခုခံပြီးနောက်တွင် ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ပြီး ချန်လွေ့ကို တစ်ဟုန်ထိုး တိုက်ခိုက်ရန် မဟာဓားကို လမ်းကြောင်းပေးလိုက်သည်။
အသီနာတွင် ထိုကဲ့သို့ တိုက်ကွက် ရှိမည်ဟု ချန်လွေ့မထင်ထားခဲ့ပေ။ချန်လွေ့ အမြန်ခုန်ပြီး အဝေးသို့ သွားလိုက်သည်။မဟာဓား မြေပြင်ကို ထိသွားသည့်အခါ ရှည်လျားသည့် အမှတ်တစ်ခု ဖြစ်သွားသည်။အသီနာလည်း ထိန်းမထားဘဲ ချက်ချင်းပင် ချန်လွေ့ဘေးသို့ တယ်လီပို့ခုန်ကာ အားဖြင့် ခုတ်ချလိုက်ပြန်သည်။
အိမ်ငယ်လေးဘေးတွင် ဖောက်ထွင်းမြင်ရသည့် ရှည်မျောမျော လက်တစ်ဖက်သည် အသီနာ ယနေ့တွင် ခူးထားသည့် သစ်သီးပုံထဲသို့ ဆန့်တန်းနေသည်။၎င်းသည် သစ်သီးတစ်လုံးကိုယူပြီး ကြွက်သွန်နီခေါင်းဆီသို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်လာကာ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ထို့နောက် စိန်ပြေနပြေ ဝါးစားပြီး မျိုချလိုက်တော့သည်။
ဒီတစ်ခေါက်တော့ ဆာ-ချွဲကျိကောင် စားကောင်းသောက်ဖွယ်တွေ စားမှာကို တားမယ့်သူ ဘယ်သူမှ မရှိတော့ဘူး။
အဝေးတစ်နေရာမှ ဆူဆူညံညံဖြင့် ထပ်ကာထပ်ကာ တိုက်ခိုက်နေကြသည့် ပုံရိပ် တစ်ခုနှစ်ခုကိုကြည့်ရင်း ဒိုဒို ပျင်းလာကာ သမ်းဝေပြီး သုံးသပ်လိုက်သည်။
“ ပျင်းစရာကောင်းတဲ့ ယောက်ျားနဲ့မိန်းမ။ပျင်းစရာကောင်းတဲ့ သခင်နဲ့သခင်မ။ ဒီမနက်ကလည်း တကယ့်ကို ပျင်းစရာကောင်းတာပဲ။ ”
သုံးလေးနာရီ ကြာပြီးသည့်အခါ ချန်လွေ့ထိုင်ပြီး မောဟိုက်နေတော့သည်။အသီနာလည်း ဘေးဘက်ရှိ သစ်ပင်ကို မှီကာ နားနေသည်။အသီနာ၏ နှင်းဆီသွေးရောင် မျက်နှာတွင်လည်း ချွေးများရွှဲစိုနေပြီး မို့မောက်နေသည့် ရင်သားမှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။လက်ထဲတွင်လည်း ဓားကျိုးတစ်ပိုင်းကို ကိုင်ထားသည်။ အခြားတစ်ပိုင်းမှာ မြေပေါ်၌ ကျနေပြီး ထက်မြက်သည့် လက်နက်တစ်ခုဖြင့် ဖြတ်တောက်ထားသကဲ့သို့ ဖြစ်နေသည်။
“ မဟာဆရာသခင် အမွေအနှစ်ကရတဲ့ အစွမ်းတွေက တကယ့်ကို အံ့ဩစရာပဲ။ခုနက နင့်လက်ကိုသုံးပြီးတော့ ငါ့ဓားကို ဖြတ်လိုက်တဲ့ အစွမ်းကို ဘယ်လိုခေါ်လဲ။ ”
“ [ အရှိန်အဝါဓားသွား ] ။ ကယ်လီရာကို အဲဒီအစွမ်းနဲ့ပဲ သတ်ပစ်လိုက်တာ။ ”
ချန်လွေ့ အားတုံ့အားနာဖြင့် ပြောလိုက်သည်။
“ မင်းရဲ့ဓားကို ကျိုးအောင် လုပ်မိလို့ တောင်းပန်ပါတယ်။ဒါပေမဲ့လည်း မင်း ကယ်လီရာနဲ့ တိုက်ခိုက်တုန်းက ပိုကောင်းတဲ့ဓားတစ်လက် လိုအပ်မယ်လို့ ငါတွေးမိခဲ့တယ်။ နောက်ကျရင် ငါမင်းကို ဓားကောင်းတစ်လက် သေချာပေါက် ပေးမယ်။ ”
နောက်ပိုင်းကျရင် လဲလှယ်ဌာနကနေ လက်နက်တွေ၊ချပ်ကာတွေ လဲလှယ်နိုင်မလား ဆိုတာကိုတော့ ငါမသိဘူး။ရမယ်ဆိုရင်တော့ အသီနာအတွက် တကယ်ကြမ်းတဲ့ အဆောင်ပစ္စည်း ဒါမှမဟုတ် ဓားတစ်လက်လောက် လဲလှယ်ရမယ်။
“ အင်း ”
အသီနာ စိတ်ထဲ၌ ပျော်ရွှင်သွားသည်။ရုတ်တရက် သူခဏ တုံ့ဆိုင်းသွားပြီး သတ္တိမွေးကာ ခဏအကြာ၌ ပြောလိုက်သည်။
“ ငါ ဓားမြှောင်တစ်လက် လိုချင်တယ်။ပေါ့ပါးပြီး သယ်ရလွယ်ရင်ရပြီ။ဒီဓားမြှောင်က တကယ်တော့.... ”
အသီနာ ပထမဆုံးအကြိမ် တောင်းဆိုးသည်ဖြစ်၍ ချန်လွေ့ ငြင်းမည်မဟုတ်ပေ။အသီနာ တစ်ခုခုကိုပြောရန် တုံ့ဆိုင်းနေပြီး ရှက်နေကြောင်း တွေ့လိုက်သည့်အခါ ချန်လွေ့ ခပ်မြန်မြန် ပြောလိုက်သည်။
“ ရပါတယ်။ ”
ဟွန့်။ အသီနာသည် ချန်လွေ့ကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။သူဆက်ပြောမည်ကို နှောင့်ယှက်လိုက်သည့်အတွက် မကျေမနပ် ဖြစ်သွားပုံရပြီး ဒေါသတကြီးဖြင့် ထွက်သွားလိုက်သည်။
ချန်လွေ့ ကြောင်သွားပြီး မည်သည်ကို မှားပြောမိကြောင်း မသိတော့ပေ။ရှေးပညာရှိများ ပြောခဲ့သည့်အတိုင်းပင်ဖြစ်သည်။ မိန်းမတွေက တကယ့်ကို အတပ်ပြောရခက်တဲ့ လူစားမျိုးပဲ။
နေ့လယ်စာ စားသည့်အချိန်၌ပင် ချန်လွေ့ကို အသီနာ စကားမပြောပေ။
အသီနာသည် အသားကင်တစ်ယောက် ကမ်းလိုက်ပြီး ကျန်လက်ဖြင့် စားစရာလုချင် နေသည့် ဒိုဒိုကို တားဆီးထားလိုက်သည်။
“ အသီနာ။မင်း စကားမပြောသေးရင် ငါသွားတော့မယ်။ ”
“ ဟွန့် ”
အသီနာသည် အေးစက်စက်နှင့် တုံ့ပြန်လိုက်ပြီး အကင်ကို ယူလိုက်သည်။
“ အသီနာ။ငါတကယ် ပြောနေတာပါ။ငါခဏလောက် အဝေးတစ်နေရာကို သွားရမယ်။ အချိန်သိပ်မရှိတော့ဘူး။ခဏနေ ငါသွားရတော့မယ်။ ”
လိုင်ရာမြို့ကိုသွားရဦးမည်သာမက အရတ်စ်ကို တိုက်ခိုက်ရန်အတွက်လည်း အမှာင်လမြို့ ဆီသို့ ပြန်ရဦးမည်ဖြစ်၍ အမှန်တကယ်ပင် အချိန်မရှိလှပေ။
အသီနာ တုန်လှုပ်သွားပြီး မေးလိုက်တော့သည်။
“ နင်ဘယ်သွား မလို့လဲ။ ”
ချန်လွေ့ ပြန်မဖြေဘဲ ပြောလိုက်သည်။
“ အသီနာ။မင်း အမှောင်လမြို့ဆီ ပြန်သွားလိုက်ပါလား။လဝက်အတွင်းမှာ ငါမင်းကို သေချာပေါက် လာတွေ့မယ်။ ”
“ တစ်ယောက်တည်း အန္တရာယ်ကို ရင်ဆိုင်ဦးမလို့လား။နင် တိတ်တိတ်လေး လှုပ်ရှားခဲ့တာတွေကို ဒိုဒိုပြောပြပြီးပြီ။ ”
အသီနာသည် ရုတ်တရက် အနည်းငယ် စိတ်ရှုပ်သွားပြီး မတ်တပ်ရပ်လိုက်သည်။
“ ငါ့ကိုဘာလို့ ခေါ်မသွားရတာလဲ။ငါ့ကို အလှပြပန်းအိုးလိုမျိုး အသုံးမကျတဲ့ မိန်းမလို့ မှတ်နေတာလား။ ”
ချန်လွေ့သည် ဒိုဒိုကို ရက်စက်စွာ စိုက်ကြည့်လိုက်သည်။ယခုတစ်ခေါက်တွင် ချွဲကျိကောင် မငြင်းနိုင်တော့ပေ။ထို့ကြောင့် ကြက်သွန်နီခေါင်းသည် လက်နှစ်ဖက် လုပ်လိုက်ပြီး မျက်လုံးများကို ကာထားလိုက်သည်။ မမြင်ရဘူး။မမြင်ရဘူး...
ချန်လွေ့ အသာလေး ခေါင်းခါလိုက်သည်။
“ အသီနာ။ငါ့ရင်ထဲမှာ မင်းက အလှပြပန်းအိုး မဟုတ်ပါဘူး။အဲဒါကြောင့်ပဲ တိုက်ပွဲ တော်တော်များများက တစ်ယောက်တည်း ရင်ဆိုင်ရမယ်ဆိုတာကို မင်းနားလည်မှာပါ။ အခြေအနေပေးမယ်ဆိုရငိ ငါတို့အတူတူ တိုက်ခိုက်ရမယ်လို့ ငါမင်းကို ကတိပေးတယ်။ အဲဒါကြောင့် အမှောင်လမြို့ဆီပြန်ပြီး ငါ့ကိုစောင့်နေဖို့ ကတိပေးနိုင်မလား။ ”
အသီနာ မျက်လွှာချပြီး ပြောလိုက်သည်။
“ ငါ့အတွက် နင်စိတ်ပူနေတယ်ဆိုတာကို သိပါတယ်။ဒါပေမဲ့.... ”
“ မိုင်းလုပ်သားတွေကို ကူညီဖို့ ငါဒီမှာ နေနေချင်တယ်။ရလား။ ”
မိုင်းလုပ်သားများ ဒုက္ခခံစားရမည်ကို အသီနာ စိုးရိမ်နေကြောင်း ချန်လွေ့ သိသည်။ထို့ပြင် မိုင်းတွင်းရှိ အန္တရာယ်များမှာလည်း လျော့ကျသွားပြီး မိစ္ဆာနီ ခေါင်းဆောင်မှာလည်း အချိန်တိုအတွင်း ပြန်လာဦးမည် မဟုတ်ပေ။ကယ်လီရာကဲ့သို့ ခေါင်းဆောင်ငယ် သုံးလေးယောက်ကိုလည်း အဆုံးသတ်ပြီးပြီဖြစ်သည်။ထို့ပြင် ချန်လွေ့သည် ဘာနကယ်ကို ရှင်းပစ်ရန် လိုင်ရာမြို့ဆီ သွားမည်ဖြစ်သည်။ထို့ကြောင့် အသီနာအတွက် ပြဿနာ မရှိနိုင်ပေ။
“ သူခိုးဓားပြတွေက အခု ဝါလန်တောင်မှာ။အခုအချိန်တော့ သူတို့နဲ့ ပြဿနာ မတက်စေနဲ့။မင်းဒီမှာရှိနေရင် သူတို့တွေ မိုင်းလုပ်သားတွေကို ပြဿနာ ရှာရဲမှာ မဟုတ်ဘူး။ ”
ချန်လွေ့ တွေးပြီးပြောလိုက်သည်။
“ ငါမင်းအတွက် ခီဂူကို ချန်ထားခဲ့မယ်။မင်း မိုင်းလုပ်သားတွေကိုခေါ်ပြီးတော့ လူနေအိမ်ရာမှာ သွားနေခိုင်းလို့ရတယ်။ဒါပေမဲ့ အဓိကတွင်းထဲကိုတော့ လုံးဝဝင်မသွားမိစေနဲ့။ ”
အသီနာ ခေါင်းညိတ်လိုက်သည်။ချန်လွေ့လည်း လက်ချောင်းများကြားမှ ချောင်းကြည့် နေသည့် ချွဲကျိကောက်ဘက်သို့ ပြန်ကြည့်လိုက်သည်။ထို့နောက် ကယ်လီရာထံမှ ရထားသည့် သိုလှောင်လက်စွပ်ကို အသီနာဆီပေးပြီး ဒိုဒိုကို ပြောလိုက်သည်။
“ ဒိုဒို။မင်းဒီမှာနေပြီးတော့ အသီနာကို ကူညီလိုက်။ဒီလက်စွပ်ထဲမှာ နဂါးအရိုးတွေ ရှိတယ်။လိုအပ်ရင် မင်း နဂါးပုံစံ ဟန်ဆောင်လို့ရတယ်။အသီနာ တစ်ခုခုဖြစ်လို့ကတော့ ငါမင်းကို ခွင့်မလွှတ်ဘူး။ ”
ဒိုဒိုသည် သခင်ဖြစ်သူ၏ တင်းမာသော စကားသံကိုကြားလိုက်ပြီး မျက်လုံးကို လက်ဖြင့် ဖုံးထားလျှက်နှင့်ပင် ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီလေ။ ”
ချန်လွေ့ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
“ အသီနာ။ငါသွားတော့မယ်။ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မမေ့နဲ့။ ”
“ ငါ အမှောင်လမြို့ကို မလာခင် အဖေပြောခဲ့တာတစ်ခုရှိတယ်။အခု ငါနင့်ကို အဲ့ဒါ ပြန်ပြောမယ်။ ”
အသီနာရှေ့သို့ တစ်လှမ်းနှစ်လှမ်းတိုးပြီး ချန်လွေ့ကို တသသစိုက်ကြည့်လိုက်သည်။
“ တစ်ယောက်တည်း တိုက်ခိုက်နေရပေမဲ့ နင်က တစ်ယောက်တည်းမဟုတ်ဘူး။ ”
မျက်လုံးများသည် စိတ်၏ ပြတင်းပေါက်များ ဖြစ်သည်။လှပသော အနီရောင်မျက်လုံး တစ်စုံကိုကြည့်ရင်း ချန်လွေ့သည် မျက်စိတစ်မှိတ်အတွင်းမှာပင် အသီနာ၏ခံစားချက်ကို လုံးဝခံစားလိုက်ရသည်။ယခင်ကကဲ့သို့ ဝေဝေဝါးဝါး ဖျော့ဖျော့ ခံစားချက်မျိုး မဟုတ်ပေ။
ဟုတ်တယ်။ငါက တစ်ယောက်တည်း မဟုတ်ဘူး။
ပြန်မွေးဖွားလာပြီးတော့ ဒီလိုထူးဆန်းပြီး ကောက်ကျစ်တဲ့ နတ်ဆိုးဘုံမှာ အခုဆိုရင် ငါတစ်ယောက်တည်း မဟုတ်တော့ဘူး။
ချန်လွေ့သည် နှလုံသားထဲမှ ပြင်းထန်သည့် ဆန္ဒကို မထိန်းထားနိုင်တော့ဘဲ ရှေ့တက်ကာ အသီနာကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်တော့သည်။
အသီနာ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။ချန်လွေ့ ရှေ့တက်လာပြီး ပွေ့ဖက် သည်ကို သူရှောင်တိမ်းနိုင်သော်လည်း မရှောင်ခဲ့ပေ။သူ၏ အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်း သည် ချက်ချင်းပင် အကြောင်းရင်းမရှိ ပျောက်ကွယ်သွားပြီး ပျော့ခွေနေသော ခန္ဓာကိုယ် ကို ထောက်ပံ့ရန်အတွက် ချန်လွေ့၏ ပွေ့ဖက်မှုအားကိုသာ မှီခိုနေရတော့သည်။
နှစ်ယောက်သားသည် အချင်းချင်း နှလုံးခုန်သံများကို နားထောင်နေပြီး နတ်ဆိုးဘုံ တစ်ခုလုံး ရပ်တန့်နေကာ နွေးထွေးသော ပွေ့ဖက်မှုနှင့် ကြမ်းတမ်းသည့် နှလုံးခုန်သံ တို့သာ ကျန်ရှိနေသကဲ့သို့ပင် ဖြစ်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ချန်လွေ့ လက်လွှတ်လိုက်သည်။ခုနက အသီနာသည် တစ်ခါမျှ မခံစားဖူးသည့် အံ့ဩစရာခံစားမှုထဲ၌ နစ်မြောနေသည့်အတွက် ရှက်သလို မခံစားခဲ့ရပေ။ယခုတွင် ချန်လွေ့သည် တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေ သည့်အတွက် ရုတ်တရက် ခေါင်းငုံ့ပြီး မော့မကြည့်ရဲတော့ပေ။အသီနာ၏ ပါးပြင်မှ နားရွက်အထိ ပူနွေးသွားတော့သည်။
“ ငါပြန်လာမှာကို စောင့်နေနော်။ ”
ထိုသို့ပြောပြီးနောက် ချန်လွေ့သည် ချက်ချင်းကို မန္ဂဒါကို တက်စီးပြီး အဝေးသို့ ပျံသန်းသွားတော့သည်။
ဆက်ပြီးကြာကြာနေမိလျှင် နွေးထွေးသည့် သစ်သားအိမ်ငယ်လေးမှ ထွက်မသွား နိုင်တော့မည်ကို ချန်လွေ့ စိုးရိမ်နေခြင်းပင်။
ချန်လွေ့ကို စောင့်ဆိုင်းနေသည့် မသိခြင်းများနှင့် အန္တရာယ်ရှိသော စမ်းသပ်ချက်များစွာ ရှိနေသေးသည်။သို့သော်လည်း ထိုအချိန်၌ ချန်လွေ့၏ နှလုံးသားထဲတွင် ယခင်က မရှိခဲ့ဖူးသည့် ယုံကြည်ချက်များ ပြည့်ဝနေလေ၏။