လိုင်ရာမြို့
Vol. 8 Ch. 106
အထူးအခြေအနေတစ်ရပ် ရှိ၍လား မသိပေ။လိုင်ရာမြို့တွင် အမှန်တကယ်ပင် လုံခြုံရေးတင်းကြပ်နေ၏။အဝင်အထွက်၌ စစ်ဆေးရေးဂိတ်များ ရှိနေပြီး တာဝန်ကျ အစောင့်အရေအတွက် အများအပြား ရှိနေသည်။ထို့ပြင် အကာအကွယ်မှော်လည်း ရှိနေသေးသည်။ထို့ကြောင့် ချန်လွေ့သည် အကာအကွယ်ကို အတင်းတိုးပြီး ခိုးဝင်၍ မရနိုင်ပေ။လိုက်ရော၍ ဝင်သွားရတော့မည့်ပုံ ပေါက်နေသည်။
ချန်လွေ့သည် လိုင်ရာမြို့နှင့် လုံးဝမရင်းနှီးသည့်အတွက် ကယ်လီရာအသွင်သို့ မဆင်မခြင် ရုပ်မဖျက်ခဲ့ပေ။ကယ်လီရာကို လှည့်စားရန်သုံးခဲ့သည့် အမှောင်နတ်သူငယ် ရော်ဘင်ပုံစံအဖြစ်သာ ရုပ်ဖျက်ထားခဲ့သည်။
ရော်ဘင်သည် အမှန်တကယ် နတ်ဆိုးတစ်ယောက် ဖြစ်ပြီး ရှီလန်တောင်ခြေ၌ ချန်လွေ့ဖမ်းမိခဲ့သည့် သူခိုးဓားပြများထဲမှ တစ်ယောက်ဖြစ်သည်။ချန်လွေ့သည် ရော်ဘင်ကို သတင်းအချက်များအတွက် စစ်မေးခဲ့သေးသည်။
ချန်လွေ့ လမ်းလျှောက်လာပြီး ချက်ချင်းရပ်တန့်လိုက်သည်။အဇရူပဒေဝတာသည် ချန်လွေ့ကို စစ်ဆေးကြည့်လိုက်သည်။အားနည်းသည့် အမှောင်နတ်သူငယ် ဖြစ်ကြောင်းကို တွေ့ရှိသွားသည့်အခါ အဇရူပဒေဝတာသည် အထင်သေးစွာ ပြောလိုက်သည်။
“ မင်းကဘယ်သူလဲ။လိုင်ရာမြို့မှာ မင်းအလုပ် ဘာရှိလဲ။ ”
ချန်လွ့ စကားပြောရန်ပြင်လိုက်စဉ် အစောင့်နောက်မှ အသံတစ်သံ ထွက်လာသည်။
“ ရော်ဘင်။မင်းဘာလို့ ဒီကိုရောက်နေတာလဲ။ ”
ချန်လွေ့သည် ဤနေရာ၌ ရော်ဘင်၏အသိနှင့် တွေ့ဆုံရမည်ဟု မထင်ထားခဲ့ပေ။ ယခုတွင် ချန်လွ့သည် အလိမ်ပေါ်မည်စိုး၍ တုန်လှုပ်နေလေပြီ။
စကားပြောလိုက်သောသူသည် အနည်းငယ် ပေါကြောင်ကြောင်ဖြစ်သည့် နောက်ထပ် အဇရူပဒေဝတာ တစ်ယောက် ဖြစ်သည်။အစောင့်သည် နောက်သို့ လှည့်ကြည့် လိုက်သည်။
“ရာ့ခ်ျ။မင်းသူ့ကို သိတာလား။ ”
“ သူက ကြက်သွေးနီအစောင့် ထဲက တစ်ယောက်ပဲ။ ”
ရာ့ခ်ျ ပြန်ဖြေလိုက်သည်။
“ အရင်တစ်ခေါက် လောင်းကစား လုပ်တုန်းက သူရှုံးပြီးတော့ ငါ့ကို သလင်းကျောက် နက် ဒင်္ဂါး၂ပြား အကြွေးတင်နေတယ်။လိုင်ရာမြို့ကို ရောက်တဲ့အထိ သူငါ့ကို အချိန်ဆွဲနေတာ။ ဒါပေမဲ့ အခုထိ သူငါ့ကို အကြွေးမဆပ်ရသေးဘူး။ ”
ကြက်သွေးနီအစောင့်တဲ့လား။မိစ္ဆာနီ မဟုတ်ဘူးလား။ ချန်လွေ့ ခေါင်းရှုပ်သွားသည်။
ကြက်သွေးနီအစောင့် ဖြစ်သည်ဟု ကြားလိုက်သည့်အခါ အစောင့်တို့သည် ခေါင်း အသာလေး ညိတ်လိုက်ပြီး စိတ်မရှည်စွာဖြင့် လက်ဝှေ့ရမ်းလိုက်ကာ ချန်လွေ့ကို ဖြတ်သွားခွင့် ပေးလိုက်သည်။ချန်လွေ့ ကြောင်တောင်တောင် ဖြစ်နေသည်ကိုမြင်ပြီး ရာ့ခ်ျသည် ဘေးဘက်ဖို့ ခေါ်ကာ ပြောလိုက်သည်။
“ မင်းက ရှီလန်တောင်မှာ ရှိနေရမှာမဟုတ်လား။ဒါက အလှည့်ပြောင်းရမယ့် အချိန်လည်း မဟုတ်ဘူး။မင်းဘာလို့ လိုင်ရာမြို့ကို ရောက်နေတာလဲ။ ”
“ မိစ္ဆာနီ.... ”
“ရှီလန်တောင်” အကြောင်း ကြားသည့်အခါ ချန်လွေ့ သဘောပေါက်သွားသည်။ ထို့ကြောင့် တမင်ပင် ပြောရန်တုံ့ဆိုင်းနေဟန် ဆောင်လိုက်သည်။
“ ငါတို့ကို ဒီမှာ ကြက်သွေးနီအစောင့်လို့ ခေါ်တယ်။ ”
ရာ့ခ်ျ အမြန်ပင် စကားဖြတ်ပြောလိုက်သည်။
“ လိုင်ရာမြို့ကို မင်းပြန်မလာတာ တော်တော်ကြာနေပြီ။ငါ့ကို မေ့သွားပြီလား။ ”
ချန်လွေ့ လုံးဝနားလည်သွားပြီဖြစ်သည်။ကံကောင်းစွာပင် ချန်လွေ့ ခုနက ဘာမှ မပြောခဲ့မိပေ။သို့မဟုတ်ပါက အလိမ်ပေါ်သွားနိုင်ပေသည်။အစကတည်းကပင် “ကူညီရန်” တစ်စုံတစ်ယောက် ရှိသည့်အတွက် ထိုဖြစ်ရပ်အတွင်း၌ ချန်လွေ့၏ကံသည် မဆိုးလှပေ။
ချန်လွေ့ အကြံတစ်ခု ရလိုက်ပြီး ရာ့ခ်ျဆီ ခြေသုံးလေးလှမ်း ဆက်သွားကာ သလင်းကျောက်နက်ဒင်္ဂါး ၂ပြား ထုတ်ပေးလိုက်သည်။
“ ရာ့ခ်ျ။ငါမင်းကို ဒါပြန်ပေးမယ်။ ”
ဆယ်လ်ဗာထံမှ လုယူထားခဲ့သည့် သလင်းကျောက်နက်ဒင်္ဂါးများသည် အရှိန်အဝါ ကုန်ကြမ်း ဝယ်ယူခြင်းနှင့် ဝတ်ရုံဂိုဏ်း ဖွံ့ဖြိုးရန် ရန်ပုံငွေအနေဖြင့် လူပုအိုကြီးကို ပေးပြီးနောက်တွင် ၃၀၀၀၀ ကျန်ခဲ့သည်။၎င်းကို ချန်လွေ့ သုံးရမည့်နေရာ ရှိမနေခဲ့ပေ။ ကယ်လီရာထံမှလည်း ၂၀၀၀၀ ရထားသည့်အတွက် စုစုပေါင်းအနေဖြင့် ၅၀၀၀၀ ရှိပြီ ဖြစ်သည်။ရာ့ခ်ျကို သလင်းကျောက်နက်ဒင်္ဂါး ၂ပြားပေးခြင်းသည် ဘာမျှမဟုတ်ပေ။
ရာ့ခ်ျ လွန်စွာပျော်ရွှင်သွားပြီး သလင်းကျောက်နက်ဒင်္ဂါးပြားကို သိမ်းထားလိုက်ကာ ချန်လွေ့အား ကတိတည်သည့်အတွက် အမွှမ်းတင်လိုက်သည်။သူတို့နှစ်ယောက် လမ်းလျှောက်နေရင်း ရာ့ခ်ျသည် ချန်လွေ့သည် မည်သည့်အစွမ်းကြောင့် အစွမ်းနိမ့် သွားကြောင်း မေးလိုက်သည်။ချန်လွေ့လည်း ရိုးရိုးရှင်းရှင်းပင် ဆင်ခြေတစ်ခု ပေးလိုက်သည်။လောင်းကစားအကြွေး ပြန်ရထားသည့် အဇရူပဒေဝတာသည် စိတ်ကြည်နေသည့်အတွက် သံသယမဖြစ်ခဲ့ပေ။
ရာ့ခ်ျသည် ဉာဏ်ကောင်းသည့်သူ တစ်ယောက် မဟုတ်ကြောင်းကို ချန်လွေ့သိသည်။ ထို့ကြောင့် သူ၏သရုပ်မှန်သည် အချိန်တိုအတွင်း မပေါ်သွားနိုင်သေးပေ။ပန်းပဲဆရာ ဇက်ခ်နှင့် ပတ်သက်ခဲ့ဖူးသည့် အတွက်ကြောင့် အဇရူပဒေဝတာများသည် အရက် ကြိုက်ကြောင့် ချန်လွေ့ သိထားခဲ့သည်။ချန်လွေ့သည် သတင်းပိုရရှိရန် ရည်ရွယ် ထားသည့်အတွက် ချက်ချင်းပင် သွားသောက်ရန် ရာ့ခ်ျကို ဖိတ်ခေါ်လိုက်သည်။
ထိုကမ်းလှမ်းချက်သည် ရာ့ခ်ျကို အမှန်တကယ်ပင် စိတ်ဝင်စားစေခဲ့ပြီး တံတွေးများ မျိုချလိုက်မိသည်။ထို့နောက် ရာ့ခ်ျ ပြောလိုက်သည်။
“ ဒါပေမဲ့ အစောင့်တွေကို ကူညီဖို့ ဆာ ဘာနကယ် ငါတို့ကို ပြောထားတယ်။ ”
ဘာနကယ်သည် ဤနေရာ၌ အတော်လေး အဆင်ပြေနေပုံရသည်။သူ၏ လက်အောက်ငယ်သားများကို “ အကူရဲသား ” အဖြစ် နေရာချထားခဲ့သည်။
“ သူတို့ကို အရက်တွေ ယူလာပေးမယ်လို့ ပြောလိုက်။သူတို့ သဘောတူမှာပါ။ ”
ချန်လွေ့ အကြံပေးလိုက်သည်။
ရာ့ခ်ျ၏ မျက်လုံးများ တောက်ပသွားပြီး အဇရူပဒေဝတာ အစောင့်များကို သွားပြော လိုက်သည်။အစောင့်များလည်း ပျော်ရွှင်သွားပြီး ချက်ချင်း သဘောတူလိုက်သည်။ ချန်လွေ့ကိုသူတို့ ကြည့်သည့် အကြည့်မှာလည်း ပိုကောင်းသွားပြီး အဝေးမှ ခေါင်းညိတ် ပြလိုက်ကြသည်။
လိုင်ရာမြို့သည် ချန်လွေ့ ထင်ထားသည်ထက် ပို၍ကြီးမားလှပြီး အမှောင်လမြို့ ထက်လည်း ပို၍စည်ကားနေသည်။
ရာ့ခ်ျသည် ချန်လွေ့ကို “ ဟန်းမား(တူ) ”ဟု အမည်ရသည့် အရက်ဆိုင်ဆီသို့ ခေါ်သွား လိုက်သည်။အတွင်းထဲတွင် အတော်လေး အသက်ဝင်လျက်ရှိသည်။အများစုမှာ အနိမ့်ဆင့် နှင့် အလယ်ဆင့်နတ်ဆိုးများဖြစ်ကြသည့် အဇရူပဒေဝတာများ၊သေရွာပြန်များ ဖြစ်ကြသည်။အရက်များလိုက်ချပေးရသည့် မပေါ့တပေါ် အဝတ်အစားများ ဝတ်ဆင် ထားသည့် “စားပွဲထိုး” ကဝေမ သုံးလေးယောက်လည်း ရှိကြသည်။သူတို့ကို လမ်း တစ်လျှောက်တွင် ဈေးဝယ်သူများက မကြာမကြာ နှောင့်ယှက်ကြသည်။
စားပွဲထိုး ကဝေမများသည် ၎င်းတို့ကို အကျင့်ဖြစ်နေပြီ ဖြစ်သည်။တစ်ခါတစ်ရံ သူတို့သည် နန့်တန့်တန့် တုံ့ပြန်ကြသည်။တစ်ခါတစ်ရံတွင် ခပ်နောက်နောက် ကြိမ်းလိုက်သည်။သို့သော်လည်း သူတို့သည် အခြားသူများကို အမြဲပင် ညှို့ယူ ဆွဲဆောင်နိုင်လေသည်။
အရိပ်နက်အင်ပါယာရှိ မိန်းမများသည် မျက်နှာပေါ်၌ ဇာမျက်နှာလွှား ဝတ်ကြသည်။ ၎င်းသည် ပထမဆုံး မိန်းမလှ မဟာကတ်သရင်းအား အတုခိုးခြင်းဖြစ်သည်ဟု ဆိုကြ၏။ဤကဝေမများ၌ စွဲမက်ဖွယ် တောင့်တင်းသော ခန္ဓာကိုယ်ရှိသည်။ ဇာမျက်နှာလွှားပါ ဝတ်ဆင်ထားသည့်အတွက် လျို့ဝှက်ဆန်းကြယ်သည့် ဆွဲဆောင်မှု တစ်ခု ထပ်တိုးသွားလေ၏။ရာ့ခ်ျသည် ချန်လွေ့ကို ဆွဲခေါ်ပြီး ဒေါင့်တစ်နေရာသို့ ခေါ်သွား လိုက်သည်။ထို့နောက် အရက်သုံးလေးခွက်နှင့် အသားနှစ်ပန်းကန် မှာလိုက်သည်။ ဤနေရာရှိ အရက်ခွက်များသည် ဖောက်သည်များကို ကျေနပ်စေရန်အတွက် ဝေစု ကြီးမားအောင် အထူးပြုလုပ်ထားသည်။အရက်နှစ်ခွက် သောက်ပြီးသည့်အခါ ရာ့ခ်ျ၏ ကြမ်းတမ်းသော အသားအရေသည် အနည်းငယ် နီလာသည်။ချန်လွေ့သည် အရင်ဦးစွာ ရာ့ခ်ျကို များများသောက်စေခဲ့ပြီးနောက် ရင်းနှီးမှုရရန်အတွက် စကားစမြည် ပြောလိုက်သည်။ အချိန်ကျရောက်လာသည့်အခါ ချန်လွေ့ ချဉ်းကပ်ပြီး လျို့ဝှက် ဆန်းကြယ်စွာ ပြောလိုက်သည်။
“ ရာ့ခ်ျ။ငါမင်းကို ပြောပြမယ်။တကယ်တော့ ငါကဒီတစ်ခေါက် ဆာ-ကယ်လီရာ နဲ့တူတူ ပြန်လာခဲ့တာ။ ”
ရာ့ခ်ျ အံ့ဩသွားသည်။
“ ဆာ-ကယ်လီရာလား။သူ ပြန်လာပြီလား။ဘာလို့ သူ့ကိုငါ မတွေ့ရတာလဲ။ဂိုဏ်းက ဘာလို့ သတင်းမရသေးတာလဲ။ ”
“ ဆာ-ကယ်လီရာက မြန်လွန်းတယ်။ ”
ချန်လွေ့ ခေါင်းခါရန် ခါးသက်သက် ပြုံးလိုက်သည်။
“ သူငါ့ကို စောင့်မနေခဲ့ဘူး။ ”
“ ပြီးတော့လည်း ဆာ-ဘာနကယ် နဲ့ ဆာ-ကယ်လီရာတို့ရဲ့ ဆက်ဆံရေးကို မင်းလည်း သိပါတယ်..... ”
ရာ့ခ်ျ ရုတ်တရက် သဘောပေါက်သွားပုံရပြီး ခေါင်းညိတ်လိုက်သည်။
“ ဒါကြောင့်ကိုး။မနေ့က ဝင်ပေါက်ကို စောင့်နေတာ ရုသ်နဲ့ တခြားသူတွေပဲ။ဆာ-ကယ်လီရာက သူတို့ကို ဘာမှမပြောဖို့ တမင်ပြောထားတာနေမယ်။ ”
“ ဆာ-ကယ်လီရာက အခု ပြည့်တန်ဆာအိမ်ရဲ့ ပိုင်ရှင် ဖေးလျန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ လဲလျောင်းနေတာပဲ ဖြစ်ရမယ်။ ”
ရာ့ခ်ျသည် ယောက်ျားတိုင်း နားလည်သည့် အပြုံးကို ပြုံးလိုက်ပြီး အသံနိမ့်ကာ ပြောလိုက်သည်။
“ ဆာ-ကယ်လီရာက ပုံမှန်ဆိုရင် လိုင်ရာမြို့ဆီ ပြန်လာခဲတယ်။ဖေးလျန်က အခြား သူတွေနဲ့ တွေ့နေတယ်ဆိုတာ ငါမသိလောက်ဘူး။ဆာ-ကယ်လီရာရဲ့ အဆင့်က ဘယ်လောက်မှာလဲ မသိဘူး ....... ”
ချန်လွေ့သည် အဇရူပဒေဝတာ၏ ထူးဆန်းသော ရယ်သံကို အတုခိုးပြီး တီးတိုး ပြောလိုက်သည်။
“ ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ဒါပေမဲ့ ဆာ-ကယ်လီရာက အရေးကြီးကိစ္စကြောင့် အမြန်ပြန်လာပြီးတော့ ဆာ-ဘာနကယ်ကို မသိစေချင်ဘူးဆိုတာတော့ ငါသိတယ်။ ရှီလန်တောင်ကနေ လိုက်လာဖို့အတွက် ငါစုဆောင်းထားခဲ့သမျှနဲ့ ဆာ-ကယ်လီရာကို ကျေနပ်အောင် လုပ်ခဲ့ရတာ။အခြားသူတွေကို မပြောနဲ့။မနက်ဖြန်ညကျရင် ဒီကိုလာခဲ့ဦး။ ငါမင်းကို အရက်တိုက်ဦးမယ်။ ”
မနက်ဖြန်လည်း အရက်ထပ်သောက်ရမည်ဟု ကြားလိုက်ရာ ရာ့ခ်ျသည် ချက်ချင်းပင် ကတိပေးလိုက်သည်။
“ ရှီလန်တောင်လို စုတ်ပြတ်နေတဲ့နေရာမှာ ဘယ်သူက နေချင်မှာလဲ။ငါတို့လို သာမန် အဖွဲ့ဝင်တွေက ထူးထူးခြားခြား အခြေအနေမရှိရင် အဲဒီမှာ တစ်နှစ်လောက် နေရတယ်။ သုံးလေးလ တစ်ခါ ပြန်လာနိုင်တဲ့ ခေါင်းဆောင်တွေနဲ့ ငါတို့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ။ စိတ်ချပါ။ငါဘယ်သူ့ကိုမှ မပြောပါဘူး။ ”
“ သနားစရာ အကောင်းဆုံးက ဆာ-ယာဂတ်စ်ပဲ။သူကအမြဲတမ်း မစ်-ရှယ်လီ စီးနင်း တာကို ခံရတယ်။သူဒီကို လာချင်ရင်တောင် လာလို့မရဘူး။ ”
ချန်လွေ့သည် ရှီလန်တောင်မှ ကြားခဲ့ရသည့် အတင်းစကား တစ်ခွန်း ပြန်ပြော လိုက်သည်။
“ သူတို့တွေ ကျူးကျူးလွန်လွန် ဖြစ်တဲ့အချိန်ကျရင်လည်း သနားစရာ ဆာ-ယာဂတ်စ်က အောက်မှာပဲ ဖိနှိပ်ခံနေရမလား မသိဘူး။ ”
ရာ့်ခ်ျသည် ခပ်ညစ်ညစ်ပြုံးလိုက်သည်။သို့သော်လည်း သူတို့နှစ်ယောက်သည် အခြား လောက၌သာ ကျူးလွန်၍ရတော့ကြောင်းကို သူမသိခဲ့ပေ။
“ ဒါနဲ့ ရော်ဘင်။မင်းက ရှီလန်တောင်မှာပဲ အကြာကြီးနေခဲ့ရတော့ သိပ်ပြီး မှတ်မိမှာ မဟုတ်ဘူး။နေရာကောင်းတွေကို ငါမိတ်ဆက်ပေးမယ်။အဲဒီက ကဝေမတွေက ရမ္မက် ပြင်းထန်ပြီးတော့ ဆွဲဆောင်မှုရှ်တယ်။မင်း ကျေနပ်မယ်ဆိုတာ သေချာတယ်။ ”
ရာ့်ခ်ျသည် နားလည်သည့်အကြည့်နှင့် တည်းခိုခန်းအချို့ကို ပြောပြပြီး တီးတိုး ပြောလိုက်သည်။
“ သန်ဘက်ခါက မြို့တော်ဝန် ခန်ဒါကြီးရဲ့ မွေးနေ့ပဲ။ပုံမှန်ဆိုရင်ဒါက ဒီမြို့မှာ အစည်ကားဆုံး အချိန်ပေါ့။ဒါပေမဲ့ အချိန်သုံးလေးရက်အတွင်းမှာ အရေးကြီးတဲ့သူ တစ်ယောက် လိုင်ရာမြို့ဆီကို ရောက်လာမယ်။အရေးကြီးတဲ့ကိစ္စတွေကို ဖြေရှင်းဖို့နဲ့ တူတယ်။အဲဒါကြောင်ြ အခုအချိန်အတွင်း တစ်မြို့လုံးက စစ်အုပ်ချုပ်ရေးအမိန့် အခြေအနေ ဖြစ်နေတယ်။ ”
“ စစ်အုပ်ချုပ်ရေး အမိန့်လား။ ”
ချန်လွေ့ ရုတ်တရက် စိတ်ဝင်စားသွားသည်။
“ အင်း။မြို့တော်ဝန် ခန်ဒါကြီးက မြို့ထဲမှာရှိတဲ့ အင်အားစု အကြီးအသေးတွေကို မနေ့တုန်းက ဆွေးနွေးဖို့ စုစည်းခဲ့တယ်။တဖက်မှာတော့ အဲဒါက မွေးနေ့ပွဲအတွက် ဖိတ်ကြားတာပဲ။တခြားတစ်ဖက်မှာတော့ ဒီအချိန်အတွင်းမှာ ပြဿနာမှာ မတက်ဖို့ အင်အားစုအားလုံးကို သတိပေးတာ။ဒီလိုမှမဟုတ်ရင် သူတို့အားလုံး အပြစ်ပေးခံရမယ်။ ငါတို့ရဲ့ခေါင်းဆောင် ဆာ-စနိုးဒင်နဲ့ ခန်ဒါကြီးတို့က မိတ်ဆွေကောင်းတွေပဲ။မနေ့က အစည်းအဝေးပြီးတော့ ဆာ-ဘာနကယ်က အစောင့်တွေကို ကူညီဖို့ ငါတို့ကို အမိန့်ပေး လိုက်တယ်။အဲဒါကြောင့် မင်း လျှောက်မသွားနေနဲ့ဦး။ ”
“ ငါ သဘောပေါက်ပါတယ်။ ”
ချန်လွေ့ ကျေးဇူးတင်သွားပုံပေါ်သည်။သို့သော်လည်း သူ၏စိတ်ထဲတွင် လျို့ဝှက်ကြံစည် နေသည်။ လတ်စသတ်တော့ သူတို့အကြီးအကဲက “စစ်ဆေးဖို့” လာမှာကိုး။ဒါကြောင့် သူတို့က ဒီလောက် သတိထားနေကြတာပဲ။သန်ဘက်ခါက ခန်ဒါကြီးရဲ့ မွေးနေ့ပဲ။ နဂို အစီအစဉ်ကို နည်းနည်းတော့ ပြောင်းရမယ့်ပုံပဲ။အောင်မြင်သွားရင်တော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ထိသလို ဖြစ်သွားမှာပဲ။
သို့သော်လည်း လက်ရှိသတင်းအချက်အလက်များသည် နည်းပါးလွန်းသည်။ အခြေအနေကို ထပ်ပြီးတိတိကျကျ သိရရန် လိုအပ်ပေသည်။
ချန်လွေ့သည် ရာ့ခ်ျကို မေးခွန်းသုံးလေးခွန်း မေးလိုက်ပြီးနောက် သတင်းများ ထပ်ပြီး မရနိုင်တော့ကြောင်း သိလိုက်ရသည်။ချန်လွေ့သည် ချက်ချင်းပင် အရက်ကိုမော့သောက် လိုက်ပြီး သလင်းကျောက်နက်ဒင်္ဂါးတစ်ပြား ချန်ထားလိုက်သည်။
“ ပိုတာကို အရက်ဝယ်သောက်ဖို့ သိမ်းထားလိုက်။ဆာ-ကယ်လီရာက သူပြန်လာတာကို ဘယ်သူ့ကိုမှ မပြောဖို့ ပြောထားတယ်။မင်း ဘယ်သူ့ကိုမှ မပြောမိစေနဲ့။မင်းပြောတဲ့ တည်းခိုခန်းတွေကို ငါတစ်ချက် သွားကြည့်လိုက်ဦးမယ်။ ”
ချန်လွေ့ စိတ်ပြောင်းသွားမည်ကို စိုးရိမ်၍ ရာ့ခ်ျသည် ၎င်းကိုမြန်မြန်ယူပြီး တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ချန်လွေ့ထွက်သွားသည်ကို မြင်လိုက်ပြီး ရာ့ခ်ျ၏ မျက်နှာတွင် ဘဝင်ခိုက်နေသော အပြုံးတစ်ခု ရှိနေသည်။
“ ဒီကပ်စေးနဲ အမှောင်နတ်သူငယ်က အကြွေးမပေးဘဲနဲ့ သွားလိုက်မှာကို ငါစိုးရိမ် နေခဲ့တာ။သူတကယ် ပြောင်းလဲသွားမယ်လို့ ငါမထင်ထားခဲ့ဘူး။အဲဒီကြောက်မက်ဖွယ်ရာ နေရာမှာနေတာကြာလို့ ကြောင်သွားတာ ဖြစ်မယ်။ ”
“ သူ့ရဲ့လျို့ဝှက်ချက်ကို ငါသိထားပြီးပြီဆိုတော့ အရက်မသောက်ရမှာကို စိုးရိမ်စရာ မလိုတော့ဘူး။ ”
ဒါကတော်တော်ကောင်းတဲ့ ကိစ္စပဲ။ ဉာဏ်ကောင်းလှသော ရာ့ခ်ျသည် ၎င်းကို မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ပေ။
ချန်လွေ့သည် သတင်းအချက်အလက်များကို တည်းခိုခန်းမှ ထပ်ပြီးရယူရန် စဉ်းစားနေရင်း လမ်းလျှောက်နေသည်။ရုတ်တရက်ပင် မှင်စာတစ်ယောက်သည် သူ့ကို တားဆီးလိုက်သည်။
“ ဆာ-အမှောင်နတ်သူငယ်။ခင်ဗျားကို ကြည့်ရတာ စိမ်းနေသလိုပဲ။လိုင်ရာမြို့ကို အခုမှရောင်ဖူးတာလား။ ”
“ အတွေ့အကြုံရှိ လမ်းပြတွေ လိုလား။ ”
ချန်လွေ့သည် မှင်စာကို စစ်ဆေးကြည့်လိုက်ရာ စွမ်းအား [ F ] သာရှိကြောင်း သိလိုက်သည်။သူ၏ပုံစံသည် ရိုးသားပုံပေါက်သော်လည်း မျက်လုံးများသည် နေရာတိုင်းကို အဆက်မပြတ် လိုက်ကြည့်နေ၏။ချန်လွေ့သည် နတ်ဆိုးဘုံးသို့ ယခုမှရောက်သည့်လူ မဟုတ်တော့ပေ။ဤမှင်စာ၌ မကောင်းသော အကြံအစည် ရှိရပေမည်။၎င်းတို့သည် ချန်လွေ့၏ ဝတ်ရုံဂိုဏ်းရှိ လိမ်ညာတတ်သူများနှင့် အတော်လေး ဆင်တူပေသည်။
“ ကောင်းပြီလေ။မင်းကောင်းကောင်း လုပ်နိုင်ရင်တော့ ငါ့မှာ ဆုလာဒ်ကြီးကြီး ရှိတယ်။ ”
ချန်လွေ့ အသာလေးပြုံးလိုက်ပြီး တမင်တကာပင် သလင်းကျောက်နက်ဒင်္ဂါးတစ်ပြား ထုတ်ကာ ကြွားလိုက်ရာ မှင်စာ၏မျက်လုံးများပင် ကန်းလုနီးပါး ဖြစ်သွားခဲ့သည်။ သလင်းကျောက်နက် ဒင်္ဂါးလား။ဒီလိုအားနည်းတဲ့သူမှာ တကယ်ကြီး ဒီလိုရှိတာလား။ ဒီနေ့ ငါ့ကို နတ်ဆိုးဘုရားသခင် ကောင်းချီးပေးတာပဲ။ငါတကယ်ကြီး သိုးဝဝ တစ်ကောင်နဲ့ လာဆုံတယ်။နတ်ဆိုးဘုံရဲ့ အဝဆုံးသိုးထက်တောင် ဝတယ်။
“ ကျွန်တော့်နာမည်က ကာရီပါ။ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ။ဆာ။ ”
“ ရော်ဘင် ”
“ ဆာ ဘာကိုသိချင်တာလဲ။ကျွန်တော်က လိုင်ရာမြို့မှာရှိတဲ့ အရာအားလုံးကိုသိလို့ နာမည်ကျော်နေတာ။ကျွန်တော်မသိတဲ့ နေရာ၊ကျွန်တော်မသိတဲ့ နတ်ဆိုးဆိုတာ မသိဘူး။ ”
ချန်လွေ့၏ မျက်လုံးများ တောက်ပသွားသည်။ အရာအားလုံးတဲ့လား။
မှင်စာသည် လိုင်ရာမြို့အကြောင်းကို ပြောပြနေရင်း ချန်လွေ့ထံမှ သတင်းများကို ရအောင် ကြိုးစားလိုက်သည်။တဖြည်းဖြည်းနှင့် သူတို့သည် လူပြတ်သော လမ်းကြားဆီသို့ ရောက်လာခဲ့သည်။ချန်လွေ့သည် ကာရီပြောသည်ကို အာရုံစူးစိုက်၍ နားထောင်နေဟန် ဆောင်လိုက်ပြီး လူပြတ်သောနေရာသို့ လိုက်သွားလိုက်သည်။
ကာရီ၏လက်သည် ဘယ်ဘက် လက်ကောက်ဝတ်ရှိ ဓားမြှောင်ဆီသို့ တိတ်တဆိတ် ရွေ့လျားလိုက်သည်။ထို့နောက် “ရော်ဘင်”သည် ရုတ်တရက် တစ်ဖက်လှည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။
“ မင်းမှာရှိတဲ့ ပိုက်ဆံနဲ့ပစ္စည်း အကုန်လုံး အခုပဲ ငါ့ကိုပေး။ ”
မှင်စာ ကြောင်တောင်တောင်ဖြစ်သွားသည်။ နေပါဦး။လုယက်ရမှာက ငါမဟုတ်လား။ ဘယ်လိုလုပ်ပြီး နေရာပြောင်းသွားရတာလဲ။