← Chapters

မြေအောက် အကျဉ်းခန်း

Vol. 8 Ch. 107

မြေအောက် အကျဉ်းခန်း

Vol. 8 Ch. 107

မှင်စာသည် ဓားမြှောင်ကို မထုတ်နိုင်ခင်မှာပင် လက်ထဲမှဓားသည် ရုတ်တရက်ပင် အမှောင်နတ်သူငယ်၏လက်ထဲ ရောက်သွားသည်ကို မြင်လိုက်ရသည်။ထို့နောက်တွင် ဓားမြှောင်သည် အမှောင်နတ်သူငယ်ကြောင့် အလွယ်တကူပင် ကွေးကောက်သွားသည်။

ကာရီသည် မည်သည့်အတွက်ကြောင့် ကံမကောင်းရကြောင်းကို မသိပေ။သူ ထွက်ပြေးရန် ပြင်လိုက်စဉ် အမှောင်နတ်သူငယ် ဖြေးဖြေးလေး ပြောလိုက်သည်ကို ကြားလိုက်သည်။

“ မင်းထွက်ပြေးရဲရင် ဒီအလုံးကို မင်းလည်ပင်းထဲ ထည့်ပစ်မယ်။ ”

ကာရီ တုန်လှုပ်သွားသည်။အမှောင်နတ်သူငယ်၏ အမြန်နှုန်းနှင့် ကြောက်စရာ စွမ်းအားကို စဉ်းစားပြီးနောက် ချက်ချင်းပင် ရပ်တန့်ကာ ကြောက်ကြောက်လန့်လန့်နှင့် ပြန်လှည့်လိုက်သည်။ကာရီသည် ပါးပါးနပ်နပ်နှင့် သူ၏ငွေထုတ်ကို ကမ်းပေးလိုက်သည်။

“ ဆာရဲ့အစွမ်းက အစွမ်းထက်ဆုံး နတ်ဆိုးတွေနဲ့ ယှဉ်လို့ရပါတယ်။ကာရီက လင်းနို့လိုမျိုး မျက်လုံးကန်းနေပြီးတော့ ဆာ့ကို အာခံမိခဲ့ပါတယ်။ကာရီ တောင်းပန်တာကို လက်ခံပေးပါ။ ”

ချန်လွေ့သည် ငွေထုတ်ကိုယူပြီး ဖွင့်ကြည့်လိုက်ရာ ခရမ်းသလင်းကျောက်ဒင်္ဂါး သုံးလေးပြားနှင့် သလင်းကျောက်ဖြူဒင်္ဂါး တစ်ဆုပ်စာကို တွေ့လိုက်ရသည်။ ထို့နောက်တွင် ကြောက်လန့်နေသည့် မှင်စာကိုကြည့်ပြီး ပြောလိုက်သည်။

“ ဒီပိုက်ဆံက နည်းည်းလေးပဲ။မင်းရဲ့ အသက်ကိုဝယ်ဖို့ မလောက်သေးဘူး။ ”

“ မင်းကို အသက်ရှင်လျက် ထားထားလို့ ရပါတယ်။ဒါပေမဲ့ နောက်၂ရက်နေရင် လိုင်ရာမြို့ကို ဘယ်သူလာမလဲဆိုတာနဲ့ ဘာလာလုပ်လဲဆိုတာ ပြောပြရမယ်။ငါ့ကို လိမ်ဖို့မစဉ်းစားနဲ့။တခြားသူတွေကို မေးကြည့်လို့ မင်းပြောတာထက် ပိုတိကျမယ်ဆိုရင် ငါမင်းဆီကို အချိန်မရွေး လာခဲ့မယ်။လိုင်ရာမြို့ရဲ့ နာမည်ကျော် ကယ်ရီ။ ”

မှင်စာ သိမ့်သိမ့်တုန်သွားသည်။သူ အလွန် နောင်တရနေပြီ ဖြစ်သည်။ခုနက ပါးစပ်ဖွာမိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ပါးရိုက်ချင်နေတော့သည်။

ယခုမှ နောင်တရ၍ နောက်ကျသွားလေပြီ။မသေစေရန်အတွက် ကာရီ အလျင်အမြန် ပြန်ပြောလိုက်သည်။

“ ဒီလိုပါ ဆာ။တိတိကျကျတော့ ကျွန်တော်လည်း မသိဘူး။ဒါပေမဲ့ မြို့တော်ဝန်အိမ်က အစေခံမှင်စာ တစ်ယောက်ပြောတာကို ကြားခဲ့တယ်။မြို့တော်က တော်ဝင်မျိုးနွယ် တစ်ယောက် လာမယ့်ပုံပဲ။ဒါပေမဲ့ ဘာလာလုပ်လဲဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူး။ ”

“ ဒီအဖြေကို ငါသိပ်ပြီးတော့ မကျေနပ်ဘူး။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။

“ မင်းရဲ့အသက်နဲ့ လဲလှယ်ရဖို့အတွက် အဖိုးတန်သတင်းတွေကို ပြောရဦးမယ် ထင်တယ်။ ငါမင်းကို အချိန်၅မိနစ် ပေးမယ်။ ”

စကားပြောနေရင်း ချန်လွေ့သည် သံအပိုင်းအစကို အားဖြင့် ညှစ်လိုက်ရာ သံတုံး ဖြစ်သွားတော့သည်။ကာရီလည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး နောက်ဆုံးရ သတင်းများနှင့် ကောလာဟလများကို စက်သေနတ်သဖွယ် အလျင်အမြန် ပြောလိုက်သည်။

“ နေဦး။ ”

တစ်ခုခုကြားလိုက်သည့်အခါ ချန်လွေ့သည် မှင်စာကို ရုတ်တရက် စကားဖြတ် ပြောလိုက်သည်။

“ မြို့တော်ဝန်ရဲ့ မယားငယ်က လန်နွန်လိုခေါ်တဲ့ကောင်နဲ့ ဖောက်ပြန်ခဲ့တာလို့ မင်း ပြောခဲ့တာလား။ ”

မှင်စာသည် ချန်လွေ့ စိတ်ဝင်စားသည်ကို တွေ့သွားပြီး အလျင်အမြန် ဆက်ပြော လိုက်သည်။

လိုင်ရာမြို့မှ ခန်ဒါကြီးသည် တဏှာကြီးလှသည်။အဟောင်းထက် အသစ်ကို ပို၍ သဘောကျသည်။မိန်းမ၃၅ယောက်နှင့် လက်ထပ်ပြီးပြီ ဖြစ်သည်။သူ သဘောအကျဆုံးမှာ ‌၃၅ယောက်မြောက်ဖြစ်သော နာလီနီ အမည်ရှိ မဟာနတ်ဆိုး ဖြစ်သည်။

နာလီနီသည် ငယ်ရွယ်လှပပြီး ဗဟုသုတကြွယ်ကာ ပါရမီရှိသည့် နာမည်ကျော် မိန်းမလှ တစ်ယောက် ဖြစ်သည်။နာလီနီနှင့် ရော့်စ်အမည်ရှိ မဟာနတ်ဆိုးတို့သည် လက်မထပ် ရသေးသည် စုံတွဲများ ဖြစ်ကြသည်။ရော့စ်သည် လိုင်ရာမြို့ အစောင့် ဒုတိယ ခေါင်းဆောင်ဖြစ်ပြီး ငြိမ်ဝပ်ပိပြားရေး အရာရှိနှင့် ညီမျှပေသည်။သို့သော်လည်း ရာထူး တိုးရန်အတွက် ရော့စ်သည် ဇနီးလောင်းဖြစ်သူကို ငမ်းငမ်းတက်နေသည့် ခန်ဒါကြီးဆီ ပေးလိုက်သည်။ဆေးခတ်မှုကြောင့် နာလီနီကို ခန်ဒါကြီး ပိုင်ဆိုင်သွားပြီး ၃၅ယောက် မြောက် မိန်းမ ဖြစ်လာသည်။ရော့စ်သည်လည်း လိုင်ရာမြို့ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဖြစ်လာသည်။အမျိုးသမီး မဟာနတ်ဆိုးများသည် နတ်ဆိုးဘုံ၌ သစ္စာအရှိဆုံး မိန်းမများဟု ဆိုစမှတ်ပြုကြသည်။ရော့ခ် သစ္စာဖောက်ခဲ့ပြီးနောက်တွင် နာလီနီ၏ နှလုံးသား ကွဲကြေသွားသော်လည်း ခန်ဒါကြီးဆီတွင် အလျှော့မပေးခဲ့ပေ။လန်နွန်အမည်ရှိ တိုင်းတစ်ပါးသား တစ်ယောက်နှင့် ဖောက်ပြန်ခဲ့သည်။နောက်ဆုံးတွင် ခန်ဒါကြီး သိရှိသွားပြီး လန်နွန်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ကိစ္စများသည် ဤနေရာ၌ ပြီးမသွားသေးပေ။မိသားစု လျို့ဝှက်ရတနာဖြစ်သည့် “ခရမ်းမီးတောက်နှလုံး” လက်စွပ် ပျောက်ဆုံးသွားသည်ကို ခန်ဒါကြီး သိလိုက်ရသည်။ နာလီနီလည်း သူ ခိုးယူခဲ့ကြောင့် ဝန်ခံခဲ့သည်။

ခန်ဒါကြီး ဒေါသထွက်သွားပြီး နာလီနီကို နှိပ်စက်ကာ စစ်မေးတော့သည်။သို့သော်လည်း နာလီနီသည် လက်စွပ်၏နေရာကို ပြောပြရန် ငြင်းဆန်ခဲ့သည်။ထို့ကြောင့် ခန်ဒါကြီးသည် နာလီနီကို စံအိမ်အောက်ရှိ မြေအောက် အကျဉ်းခန်းတွင် ပိတ်လှောင်ထားပြီး စိတ်ပျက်စရာကောင်းပြီး နာကျင်ရသည့်ဘဝ၌ နေစေခဲ့သည်။

ခရမ်းမီးတောက်နှလုံး လက်စွပ်တဲ့လား။ ချန်လွေ့၏နှလုံးသား ရုတ်တရက် လှုပ်ရှား သွားပြီး ယောက်ျားနှင့်မိန်းမကြားရှိ ချစ်တင်းနှောမှုကို တိုးမြှင့်စေရန်အတွက် လန်နွန် ပေးခဲ့သော “အချစ်ရူးလက်စွပ်”‌‌၌ ခရမ်းရောင် ကျောက်မျက် မြှုပ်နှံထားသည်ကို ရုတ်တရက် သတိရလိုက်သည်။

“ အဲဒီလက်စွပ်က ဘယ်လိုပုံစံလဲ။အဲဒါမှာ ထူးထူးခြားခြား လုပ်ဆောင်ချက်ရှိလား။ ”

“ ငွေလက်စွပ်ပေါ်မှာ အထူးမှော် ထွင်းရာတွေရှိတယ်။အလယ်မှာတော့ ခရမ်းရောင် ကျောက်မျက်ဝိုင်းဝိုင်းလေးတစ်ခု ရှိတယ်။အသေးစိတ် လုပ်ဆောင်ချက်ကိုတော့ ကျွန်တော်လည်း မသိဘူး။ ”

မှင်စာ ပြောလိုက်သည်။

“ မြို့တော်ဝန်က ဆုလာဒ်အကြီးကြီး ပေးမယ်လို့ တစ်မြို့လုံးမှာ ကြေညာခဲ့တယ်။ ကံဆိုးတာက အခုအချိန်အထိ ဘာသတင်းမှ မရသေးဘူး။ ”

“အချစ်ရူးလက်စွပ်”သည် မြို့တော်ဝန် ခန်ဒါကြီး၏ မိသားစုရတနာ ခရမ်းမီးတောက်နှလုံး လက်စွပ်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။နာလီနီသည် ၎င်းကို ရိုမန်ဟု သိကြသည့် “လန်နွန်”ထံ အမှန်တကယ် ပေးခဲ့သည်။ရိုမန်သည် ထိုလက်စွပ်ကို တန်ဖိုးသိပ်မထားဘဲ ချန်လွေ့အား ပေးခဲ့သည်။ရိုမန်ကို တကယ်ငတုံးဖြစ်သည်ဟု ချန်လွေ့ ရုတ်တရက် ခံစား လိုက်ရသည်။ သူက နာလီနီနဲ့ ဖောက်ပြန်နေတာပဲ။ဘာလို့ နာလီနီကို မခေါ်ထုတ်သွားဘဲနဲ့ ဒီလိုလူမဆန်တဲ့ နှိပ်စက်မှုတွေခံရအောင် ထားခဲ့ရတာလဲ။

အာရုံပြောင်းစေရန်အတွက် ချန်လွေ့သည် နောက်ထပ်မေးခွန်း သုံးလေးခု မေးလိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြီး ငွေအိတ်ကိုထုတ်ကာ ပစ်ပေးလိုက်သည်။

“ မင်းငါ့ကို စိတ်မပျက်စေခဲ့ဘူး။ဒါက မင်းရဲ့ ဆုလာဒ်။ ”

“ ဆုလာဒ်အတွက် ကျေးဇူးပါပဲ။ဆာ။ကျွန်တော်အခု သွားလို့ရပြီလား။ ”

မှင်စာသည် အလျင်အမြန် ဦးညွတ်လိုက်သော်လည်း စိတ်ထဲ၌ ရေရွတ်နေသည်။ ဒါက ငါ့ပိုက်ဆံပဲကို။

“ မင်း သွားလို့ရပြီ။ ”

ချန်လွေ့သည် မှင်စာလန့်သွားအောင် ပြုံးပြလိုက်သည်။

“ သေချာမှတ်ထား။ငါတို့ ဒီနေ့ မတွေ့ခဲ့ဘူး။မင်းပါးစပ်ကို မထိန်းနိုင်ရင်တော့ တစ်သက်လုံး ပါးစပ်ပိတ်သွားအောင် လုပ်ပစ်မယ်။ ”

ကာရီ ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။သူ ပေါက်ကရ ထပ်မပြော ရဲတော့ပေ။အမှောင်နတ်သူငယ်ကို ဒေါသပိုထွက်အောင် လုပ်မိမည်စိုးသည့်အတွက် ကာရီသည် ခပ်မြန်မြန်ပင် ကြောက်စရာနေရာမှ ထွက်သွားလိုက်တော့သည်။

ကာရီနဲ့ရာ့ခ်ျတို့ရဲ့ အချက်အလက်တွေကို ပေါင်းစပ်ကြည့်လိုက်တော့ လိုင်ရာမြို့ လုံခြုံရေး တင်းကြပ်တာ နာလီနာ အဖြစ်အပျက် မတိုင်ခင်ကပဲ။နာလီနီက ခန်ဒါကြီးရဲ့ သဘော အကျဆုံး မိန်းမဖြစ်ခဲ့တော့ အတွင်းရေး သတင်းတွေကို သိနိုင်လောက်တယ်။ ကြည့်ရတာ‌တော့ မြို့တော်ဝန်စံအိမ်ဆီကို သွားရမယ့်ပုံပဲ။ဖြစ်နိုင်ရင်တော့ သနားစရာ မိန်းကလေးကို ကူညီပြီးတော့ ရိုမန်ကို ကုသိုလ်ရအောင် လုပ်ပေးရမယ်။

မြို့တော်ဝန် စံအိမ်က ရှာရတာ လွယ်လွယ်လေးပဲ။မြို့ထဲမှာ အကြီးဆုံးပဲလေ။ လုံခြုံရေးကလည်း သိပ်မတင်းကြပ်ဘူး။မြို့ထဲက ဘယ်သူကမှလည်း ကျားဖင်မနှိုက် ရဲကြဘူးလေ။ဘာမှဂရုမစိုက်တဲ့ အိမ်ထောင်ရှိ မိန်းမ အသည်းစွဲကလွဲရင်ပေါ့။

ခန်ဒါကြီး၏ နောက်ခံသည် မရိုးရှင်းလှကြောင်း ကယ်လီရာတစ်ခါ ပြောခဲ့ဖူးသည်။ ရိုမန်ကဲ့သို့ နတ်ဆိုးဘုရင်အဆင့်တောင် သတိထားနေရသည်။ထို့ပြင် လိုင်ရာမြို့ကဲ့သို့ စိမ်းကားနေသည့်နေရာ၌ တိုက်ရိုက်ဖောက်ထွင်း ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

သို့သော် အစွမ်းထက်ဆုံး ခံတပ်ကိုပင် အတွင်းထဲမှ ဖောက်ဖျက်၍ရပေသည်။

နောက်တစ်နေ့ ညနေ၌ -

မြို့တော်ဝန် စံအိမ် နောက်ဖေးတွင် အစေခံများ အလုပ်ရှုပ်နေကြသည်။မနက်ဖြန်သည် မြို့တော်ဝန်၏ မွေ့နေ့ဖြစ်သည့်အတွက် စားသောက်ပွဲဖြင့် တည်ခင်းဧည့်ခံရန် တစ်မြို့လုံးရှိ အဆင့်အတန်းမြင့်ပြီး စွမ်းအားကြီးသူများကို ဖိတ်ကြားထားခဲ့သည်။

မျက်လုံးတစ်ဖက်သာရှိသည့် အစေခံမှင်စာသည် ပုဆိန်တစ်လက်ကိုင်ပြီး ထင်းခွဲနေသည်။ ထင်းခွဲခြင်းသည် မျက်တစ်ဖက် မှင်စာ၏ အလုပ်မဟုတ်ပေ။သို့သော်လည်း ဤဘန့်လေဟု အမည်ရသည့် မှင်စာသည် အားနည်းသည့်အတွက် မကြာခဏ အနိုင်ကျင့်ခံရပြီး အလုပ်အတင်းလုပ်ရသည်။သူတို့ထဲမှ တစ်ယောက်သည် ထင်းခွဲရသည့် အဇရူပဒေဝတာ ဖြစ်သည်။ထို့ကြောင့် အားလုံး ကျင့်သားရနေပြီ ဖြစ်သည်။

မည်သူမှ သူ့ကို သံသယမဝင်ကြပေ။

သို့သော်လည်း ထင်းခွဲရန် တာဝန်ရှိသည့် အဇရူပဒေဝတာသည် အလွန်ပျော်ရွှင် သွားသည်။မနက်ဖြန်သည် မြို့တော်ဝန် မွေးနေ့ဖြစ်သည့်အတွက် အလုပ်အများဆုံး အချိန်ဖြစ်သည်။ထိုမှင်စာသည် ထင်းခွဲခြင်းကို အမှန်တကယ်ပင် ဦးဆောင်လုပ်မည်ဟု သူ မထင်ထားခဲ့ပေ။မှင်စာသည် ပါးနပ်လှသည့်အတွက် အဇရူပဒေဝတာလည်း နား၍ ရပေတော့သည်။

ထိုအချိန်တွင် စားစရာခြင်းတစ်ခြင်း သယ်ဆောင်ထားသည့် အစေခံကဝေမ တစ်ယောက်သည် မြေအောက်ခန်းအကျဉ်းခန်းထဲသို့ သွားရန်ပြင်နေသည်။သို့သော်လည်း မြေအောက်အကျဉ်းခန်းသည် ကြောက်စရာကောင်းပြီး ကြက်သီးထစရာ ကောင်းသည့် အတွက် ကဝေမ တုံ့ဆိုင်းနေသည်။

“ အို့ ”

ရုတ်တရက်ပင် မှင်စာသည် ထင်းမာတစ်တုံးကြောင့် နာကျင်သွားပြီး လက်ထဲမှ ပုဆိန်ပြုတ်ကျသွားကာ အစေခံကဝေမရှေ့ ၂မီတာသို့ ကျရောက်သွားသည်။ကဝေမလည်း တုန်လှုပ်သွားပြီး အော်ပြောလိုက်သည်။

“ ဘန့်လေ။မျိုးမစစ်ကောင်။နင့်မှာ မျက်လုံး မရှိဘူးလား။ ”

မှင်စာသည် ခပ်မြန်မြန် တောင်းပန်လိုက်သည်။ကဝေမသည် မြေအောက်အကျဉ်းခန်းကို သွားရမည်ဖြစ်၍ မပျော်မရွှင် ဖြစ်နေသည်။ယခုတွင် အခြေအနေကို အခွင့်ကောင်းယူပြီး ဒေါသပေါက်ကွဲတော့သည်။စားစရာ သွားပို့ပေးမည်ဟု မှင်စာပြောလိုက်မှသာ ကဝေမသည် မှင်စာ တောင်းပန်သည်ကို လက်ခံလိုက်သည်။ထို့နောက်တွင် ကဝေမ ပျော်ရွှင်သွားပြီး မှင်စာကို ခြင်းတောင်းကမ်းလိုက်ကာ ကျေးဇူးတင်စကားပင် မပြောဘဲ လှည့်ထွက်သွားလိုက်သည်။

အရာအားလုံး အစီအစဉ်အတိုင်း ဖြစ်သွားသကဲ့သို့ပင် မှင်စာ၏မျက်လုံး ဖြတ်ခနဲ အရောင်လက်သွားသည်။စားစရာသွားပို့ရန် ကဝေမ ခွင့်မပြုလျှင်တောင် အခြား နည်းလမ်းများ ရှိနေသေးသည်။သို့သော်လည်း အရာအားလုံး အဆင်ပြေသွားသည့်အတွက် ထိုအရန်အစီအစဉ်များကို မသုံးဖြစ်တော့ပေ။

ဘန့်လေသည် [ ရုပ်ဖျက် ] ထားသည့် ချန်လွေ့ပင် ဖြစ်သည်။တကယ့် ဘန့်လေသည် မြို့တော်ဝန် စံအိမ်မှ ထွက်ခွာပြီးကတည်းက ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဘန့်လေသည်း သတင်းအချက်အလက် အနည်းငယ်သာ သိသည့်အတွက် ချန်လွေ့သည် အချိန်အကြာကြီး စဉ်းစားပြီးမှ မြို့တော်ဝန် စံအိမ်သို့ ခိုးဝင်ရန်အတွက် စွန့်စားကာ ဘန့်လေအဖြစ် ရုပ်ဖျက်ရန် ဆုံးဖြတ်ခဲ့သည်။

[ ရုပ်ဖျက် ] အစွမ်းသည် အမှန်တကယ်ပင် မှော်ဆန်လှသည်။လုံးဝမတူညီသည့် ခန္ဓာကိုယ်အမျိုးအစားဖြစ်သော မှင်စာအဖြစ်ပင် အမှန်တကယ် ရုပ်ဖျက်နိုင်သည်။ သို့သော်လည်း ရိုမန် ဖောက်ထွင်းမြင်ခဲ့သည် သာဓက ရှိခဲ့သည့်အတွက် ချန်လွေ့သည် သေချာ သတိထားနေခဲ့သည်။ပြောစကားများ၊အမူအရာများကို ဘန့်လေနှင့်တူအောင် ချန်လွေ့ ကြိုးစားခဲ့သည်။အမှန်တကယ်ပင် သူ့ကိုမည်သူမှ သတိမထားခဲ့ပေ။ပုံမှန် အခြေအနေဆိုလျှင် အဆင့်အနိမ့်ဆုံး အစေခံကို မည်သူမျှ အာရုံစိုက်ကြမည် မဟုတ်ပေ။

တစ်ရက်ခန့် ထောက်လှမ်းပြီးနောက် ချန်လွေ့သည် မြေအောက်အကျဉ်းစခန်း၏ တည်နေရာကို ရှာတွေ့သွားခဲ့သည်။ချန်လွေ့သည် စားစရာကို သယ်ဆောင်ပြီး မှင်စာ၏ ခုန်ဆွခုန်ဆွ သွားသည့်ပုံစံကို အတုခိုးကာ မြေအောက်အကျဉ်းခန်း ဝင်ပေါက်သို့ သွားလိုက်သည်။

မြေအောက်အကျဉ်းခန်း အစောင့်များမှာ အဇရူပဒေဝတာ နှစ်ယောက်ဖြစ်သည်။အဝေးမှ မှင်စာကိုမြင်လိုက်ရာ အစောင့်တစ်ယောက်သည် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“ ဘာလို့ တာရှာ မလာတာလဲ။ ”

မှင်စာသည် စိတ်ဓာတ်ကျနေသည့် အသံဖြင့် ပြန်ဖြေလိုက်သည်။

“ သူက ကျုပ်ကို လာတွေ့ပြီးတော့ စားစရာတွေကို သူ့အစား ပို့ခိုင်းလိုက်တာ။ ”

“ ဒီလိုကိုး။ ”

အဇရူပဒေဝတာ အစောင့်များက မျက်တစ်ဖက်မှင်စာသည် အနိုင်ကျင့်ခံရတတ် ကြောင်းကို သိကြသည်။ထို့ကြောင့် သူတို့သည် အကြည့်လွှဲပြီး ပြောလိုက်သည်။

“ ဝင်သွားတော့။ ”

ချန်လွေ့သည် အကျဉ်းခန်း၏ ဝင်ပေါက်ထဲ လမ်းလျောက်လိုက်ရာ စိုထိုင်းသည့် အနံ့တစ်ခု နှာခေါင်းထဲ ဝင်လာသည်။ထို့နောက်တွင် အောက်ဆင်းသည့် လှေကား အရှည်ကြီးကို တွေ့လိုက်သည်။အတွင်းထဲရှိ ပို၍မှောင်နေပြီး မှော်မီးအလင်းများ လမ်းတစ်လျှောက်၌ ရှိသော်လည်း ကြက်သီးထစရာ ကောင်းနေသည်။ချန်လွေ့သည် တမင်တကာပင် သိမ့်သိမ့်တုန်လိုက်သည်။

အစောင့်နှစ်ယောက်သည် ချန်လွေ့၏ ကြောက်နေသည့်ပုံစံကိုကြည့်ပြီး အချင်းချင်း ပြုံးလိုက်ရသည်။

“ အသုံးမကျတဲ့ကောင်။အကျဉ်းသူက မြေအောက်အကျဉ်းခန်းရဲ့ အတွင်းဘက်ဆုံးမှာ ရှိတယ်။ဖြည်းဖြည်းသွားဦး။ဘောင်းဘီထဲ သေးမပေါက်ချမိစေနဲ့။ ”

“ ဟားဟား။ကံဆိုးတာက ဟိုကောင်မ တာရှာ မဟုတ်တာပဲ။သူသာဆိုရင် ငါတို့သူ့ကို ‌ဗလက္ကာရ လုပ်လို့ရတယ်။ ”

ချန်လွေ့သည် လှေကားမှ ဆင်းနေရင်း အစောင့်နှစ်ယောက်၏ လှောင်ရယ်သံများ တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြားလိုက်ရသည်။

ဒါကြောင့် ကဝေမ တာရှာက ဒီကိုလာဖို့ တွန့်ဆုတ်နေတာကိုး။ ဝင်ပေါက်မှာ အစောင့်နှစ်ယောက် နှောင့်ယှက်တာက ကိစ္စသေးသေးလေးပဲ။ဒီနေရာက တကယ့်ကို အော်ဂလီဆန်စရာ ကောင်းတယ်။ ချန်လွေ့သည် အတွင်းသို့ရောက်လေလေ ကြက်သီးများ ပိုပိုထလာတော့သည်။

ရှည်လျားပြီး ပြန့်ကျဲနေသည့် လှေကားထက်များမှ အောက်ဆင်းရင်း လမ်းတစ်လျှောက်ရှိ အလင်းရောင် မှိန်မှိန်လေးအောက်တွင် အကျဉ်းခန်းထဲက အရိုးစုများကို ချန်လွေ့ မြင်တွေ့ခဲ့ရသည်။ဤနေရာတွင် မည်သည့်သက်ရှိကိုမှ ချန်လွေ့ မခံစားရပေ။

ထိုအချိန်တွင် ချန်လွေ့သည် ရှေ့ဘက်မှ ညည်းညူသံများကို ကြားပြီး အလျင်အမြန်ပင် ရှေ့ဆက်သွားလိုက်သည်။အစောင့်များပြောသည့်အတိုင်းပင် အတွင်းဘက်ဆုံး အကျဉ်ခန်းထဲ၌ ခြေလက်များကို သံကြိုးခတ်ထားခံရပြီး မြေပြင်ပေါ်၌ လှဲလျောင်း နေသည့် မိန်းမတစ်ယောက်ကို ချန်လွေ့ တွေ့ခဲ့သည်။

ထိုအမျိုးသမီးသည် ဆံပင်စုတ်ဖွား ဖြစ်နေပြီး အင်္ကျီမှာလည်း စုတ်ပြဲနေကာ မြေပြင်ပေါ်၌ ‌လှဲလျောင်းရင်း ငြိမ်သက်နေသည်။သူ၏ပါးစပ်မှသာ ညည်းညူသံ တိုးတိုးလေး ထွက်နေ၏။

ယခုတွင် ချန်လွေ့၏ အကြားအာရုံသည် အလွန်စူးရှနေပြီ ဖြစ်သည်။ ပြတ်တောင်းပြတ်တောင်း ညည်းညူသံများသည် အော်သံမဟုတ်ဘဲ ကျိန်ဆဲသံ ဖြစ်ကြောင်း ချန်လွေ့ ပြောနိုင်၏။အသံသည် အားနည်းလှသော်လည်း နှလုံးသားအတွင်းမှ လာသည်ဖြစ်၍ ချန်လွေ့ကို ကြက်သီးများ ထသွားစေသည်။

All Chapters