လေကြမ်းတော့မယ်
Vol. 8 Ch. 109
ကယ်လီရာသည် အေးတိအေးစက်နှင့် နှာမှုတ်လိုက်ပြီး အမြင့်ဆင့်နတ်ဆိုးအစွမ်းကို ထုတ်လွှတ်လိုက်သည်။သူ၏ ပထမဆုံးစကားသည် ရာ့ခ်ျကို ကြောက်သွားစေ၏။
“ ရော်ဘင် သေသွားပြီ ဟုတ်လား။ ”
ရာ့ခ်ျ အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ ဘာလို့လဲ။မနေ့ညက သူ ကျွန်တော့်နဲ့ အရက်သောက်နေခဲ့တာလေ.... ”
“ ရော်ဘင်ပဲ မဟုတ်ဘူး။ငါတောင် သေတော့မလို့။ ”
ကယ်လီရာ၏ မျက်လုံးများ အေးစက်သွားသည်။
“ ရော်ဘင်က မင်းနဲ့တွေ့ခဲ့တယ်လို့ ငါ့ကိုပြောတယ်။ငါပြန်လာတာကို ဘာနကယ်ဆီ မင်းပြောလိုက်တာလား။ ”
“ မဟုတ်ဘူး။ကျွန်တော် မပြောပါဘူး။ ”
ရာ့ခ်ျသည် ကယ်လီရာ၏ သတ်ဖြတ်ချင်စိတ်ကြောင့် တုန်လှုပ်သွားပြီး ခပ်မြန်မြန် ရှင်းပြလိုက်သည်။
“ ဆာ။ကျွန်တော်ပြောတာ ယုံပါ။ကျွန်တော့်ရဲ့အဖေ ရာ့ခ်ျနာမည်နဲ့ ကျိန်ရဲပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။ ”
ရော်ဘင်ကို ခြိမ်းခြောက်ပြီး နေ့တိုင်း အရက်နှင့်စားစရာ အလားရရှိရန်အတွက် ရာ့ခ်ျသည် အမှန်တကယ်ပင် မည်သူ့ကိုမှ မပြောပြခဲ့ပေ။
“ ငါပြန်လာတဲ့သတင်းကိုရော မင်းကြားလား။ ”
ကယ်လီရာ မေးလိုက်ပြန်သည်။
“ မကြားပါဘူး။ ”
ရာ့ခ်ျ ပြန်တွေးကြည့်လိုက်သည်။
ကယ်လီရာသည် ဒဏ်ရာပြန်မကောင်းသေးပုံရပြီး ရင်ဘတ်ကို လက်ဖြင့်ဖိကာ ချောင်းချိုး လိုက်သည်။
“ အဲဒီသောက် ဘာနကယ်က သတင်းကို ဖုံးထားလိုက်တာဖြစ်မယ်။ သူကငါ့ကို သတ်ချင်နေတယ်။ ”
“ ဆာ-ဘာနကယ်က ခင်ဗျားကို သတ်ချင်နေတာလား။ ”
ဘာနကယ်နာမည် ကြားလိုက်ရသည့်အခါ တစ်ခုခုလွဲနေကြောင်းကို ရာ့ခ်ျ ခံစားလိုက်မိသည်။ယခုတွင် ကယ်လီရာ ထိုသို့ ပြောလိုက်သည့်အတွက် ရာ့ခ်ျ ရုတ်တရက် တုန်လှုပ်သွား၏။
“ အဲဒီကောင်က တစ်ခုခု ကြီးကြီးမားမား လျို့ဝှက်ကြံစည်နေတာ။ရှီလန်တောင်ကနေ ငါအမြန်ပြန်လာတာက အဲဒါကြောင့်ပဲ။ ”
ကယ်လီရာ သရော်ပြုံးပြုံးလိုက်သည်။
“ အခုတော့ မင်းလည်းဒါကို သိသွားပြီ။ မင်းကလည်း သူ့ရဲ့လက်အောက်ခံ ဖြစ်မှာပဲ။ ရော်ဘင်ကို သူသတ်ပစ်ခဲ့တာ။ ”
ရော်ဘင်ကို ဘာနကယ် သတ်ပစ်လိုက်တယ်တဲ့လား။
ရာ့ခ်ျသည် အလွန်တုန်လှုပ်သွားပြီး ချွေးစီးများပြန်လာတော့သည်။ အစောင့်တွေက ရော်ဘင်နဲ့ငါ အဆက်အဆံရှိတာကို တွေ့ခဲ့တယ်။အဲဒါကြောင့် ဘာနကယ်က ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းတစ်ယောက်က ငါ့လို အလယ်ဆင့် နတ်ဆိုးကို သတ်ချင်တယ်ဆိုတာက ပိုးကောင်ကို ဖိသပ်သလိုမျိုး အလွယ်လေးပဲ။
“ အဖွဲ့ထဲက လူအများစုကို သူက စည်းရုံးထားတာ။ မင်း တခြားသူတွေကိုပြောရင် မင်းလည်းမြန်မြန် သေမှာပဲ။ ”
ကယ်လီရာသည် အသံဩဩနှင့် ပြောလိုက်သည်။
“ အသက်ရှင်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်။ ”
ကယ်လီရာသည် စာတစ်ယောက်ထုတ်ပြီး တီးတိုးပြောလိုက်သည်။ထို့နောက်တွင် ရာ့ခ်ျလည်း ခပ်မြန်မြန် ခေါင်းညိတ်လိုက်၏။
“ စာကို ခိုးကြည့်ဖို့ မကြိုးစားနဲ့။အထဲမှာ အထူးမှော်ပညာ တစ်ခုရှိတယ်။ မင်း လမ်းမှာ ဖွင့်ကြည့်မယ်ဆိုရင် ငါအချိန်မရွေး သိနိုင်တယ်။ ”
“ စိတ်ချပါ။ဆာ။ ”
သေရေးရှင်ရေး ကိစ္စဖြစ်သည့်အတွက် ရာ့ခ်ျသည် နောက်ထပ် ကျိန်ဆို လိုက်ပြန်သည်။ထို့နောက်တွင် စာကို သေသေချာချာယူပြီး အင်္ကျီထဲရှိ အိတ်တစ်အိတ်ထဲ ထည့်လိုက်သည်။
“ ကောင်းပြီ။ဒီနေ့ကစပြီးတော့ မင်းကငါ့ရဲ့ သက်တော်စောင့် ဖြစ်သွားပြီ။ဒီနေ့ ခံတပ်ဆီကို မင်းပြန်သွားစရာ မလိုတော့ဘူး။မဟုတ်ရင် မင်း အသက်အန္တရာယ် စိုးရိမ်ရနိုင်တယ်။ ”
ကယ်လီရာ၏လက်ထဲ၌ ငွေတစ်အိတ် ပေါ်ထွက်လာသည်။
“ ဒီထဲမှာ သလင်းကျောက်နက်ဒင်္ဂါး ၃၀ ရှိတယ်။၃ပြားကိုအရင်ယူပြီးတော့ ပန်းပွင့် သွေးကြော တည်းခိုခန်းမှာ နေထားဦး။ဒီည အဲဒီမှာပဲ နေဖို့မမေ့နဲ့။ပြီးတော့လည်း မိန်းမတွေကို မရှာနဲ့။ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာ မရှာနဲ့။ကိစ္စတွေအားလုံး မနက်ဖြန် ပြီးသွားရင် ငါတို့တွေ အသက်ရှင်နိုင်မယ်။ပြီးတော့လည်း ကျန်တဲ့ငွေတွေကို မင်းရမယ်။ ”
ရာ့ခ်ျသည် ပျော်ရွှင်စွာဖြင့် ငွေအိတ်ကို ဖွင့်ကြည့်လိုက်သည်။အမှန်တကယ်ပင် အထဲတွင် သလင်းကျောက်နက် ဒင်္ဂါးများ ရှိနေသည်။ချက်ချင်းပင် ရာ့ခ်ျသည် ဒင်္ဂါး၃ပြားယူပြီး ငွေအိတ်ကို အင်တင်တင်ဖြင့် ကြည့်နေလိုက်သည်။ထို့နောက် အရိုအသေပေးကာ ထွက်သွားလိုက်သည်။
လမ်းကြားထဲ၌ ကယ်လီရာ မျက်နှာချင်းဆိုင် တည်းခိုခန်းဆီသို သွားနေသည့် အဇရူပဒေဝတာကို အာရုံစိုက်ထားနေသည်။ထို့နောက် သူ၏အသွင်သည် ဖြည်းဖြည်းချင်း ပြောင်းသွားပြီး အမှောင်နတ်သူငယ် ဖြစ်သွားသည်။၎င်းသည်လည်း သူ၏မျက်နှာ အစစ်အမှန် မဟုတ်ပေ။
“ လေကြမ်းတော့မယ်။ ”
အမှောင်နတ်သူငယ်သည် အသာလေးပြောကာ လွင့်မျောနေသည့် ဆံပင်ရှည်ကို ပွတ်သတ်ပြီး တိမ်တိုက်များဖြင့် ဖြည်းဖြည်းချင်း ဖုံးလွှမ်းနေသော လနှစ်စင်းကို ကြည့်နေလိုက်သည်။
နောက်တစ်နေ့၌ -
ရာသီဥတု အလွန်ကောင်းနေသော်လည်း ပုံမှန်မဟုတ်သည့် လေပြင်းများ ခဏခဏ တိုက်ခတ်နေပြီး ထူးခြားသည့် နေ့တစ်နေ့ ဖြစ်ကြောင်း ဖော်ပြနေသယောင် ထင်ရသည်။
ယနေ့သည် မြို့တော်ဝန် ခန်ဒါကြီးရဲ့ ၆၁၀နှစ်မြောက် မွေးနေ့ဖြစ်သည်။မြို့ထဲ၌ ပျော်စရာ အခြေအနေတစ်ခုကို တမင်ဖန်တီးထားသော်လည်း လုံခြုံရေးမှာတော့ ပုံမှန်အတိုင်း တင်းကြပ်နေဆဲပင် ဖြစ်သည်။
အစောင့်ခေါင်းဆောင် ရော့စ်၊ကြက်သွေးနီ အစောင့် ဒုတိယခေါင်းဆောင် ဘာနကယ် အစရှိသည့် မြို့ထဲမှ နာမည်ကြီးများသည် မြို့တော်ဝန်စံအိမ်ဆီသို့ ဂုဏ်ပြုရန်အတွက် အစောကြီး ရောက်နေကြသည်။
လိုင်ရာမြို့သည် နေရာကောင်း တစ်ခုဖြစ်သည်။မသိမသာဖြင့် ခန်ဒါကြီး မြို့တော်ဝန် ဖြစ်သည်မှာ ၁၉နှစ် ရှိနေပြီ ဖြစ်သည်။ကြွယ်ဝမှုသည် မြို့တော်နှင့် မယှဉ်နိုင်သော်လည်း အခြားတော်ဝင်မျိုးနွယ်များ၏ မျက်နှာကိုကြည့်ပြီး ကိုယ့်ကိုယ်ကို နှိမ့်ချရခြင်းထက် ချောင်ကျသည့် မြို့လေး၌ အာဏာရှင် ဖြစ်ရခြင်းကို ခန်ဒါကြီး ပို၍သဘောကျသည်။
လိုင်ရာမြို့ကို အရိပ်နက်အင်ပါယာ သိမ်းယူသော်လည်း နှစ်၅၀တိုင်း အခြားအင်ပါယာမှ မြို့တော်ဝန် အလှည့်ကျ တာဝန်မယူရတော့ဘဲ အရိပ်နက်အင်ပါယာမှ တိုက်ရိုက် ခန့်အပ်လေ၏။ ထို့ပြင် မြို့တော်တန်သက်တမ်းမှာလည်း ပို၍တိုတောင်းသွားသည်။ မည်သည့် အမှားမျှမရှိဘဲ အထူးစွမ်းဆောင်မှု မလုပ်ဆောင်လျှင်တောင် အနှစ်၂၀ ကြာပြီးမှသာ ပြန်လည် ရွေးချယ်ခံရနိုင်သည်။ယခုတွင် ခန်ဒါကြီး၏ သက်တမ်းသည် တစ်နှစ်သာကျန်တော့သည်။ထို့ကြောင့် မိစ္ဆာတလဲပင် ရှာတွေ့ခြင်းသည် ဘုရားသခင် ကောင်းချီးပေးခြင်းပင် ဖြစ်သည်။ခန်ဒါကြီးသည် အရိပ်နက်အင်ပါယာထဲရှိ ကာဆယ် မိသားစု အကြီးအကဲ ဖြစ်ပြီး အတွေ့အကြုံ ရင့်ကျက်သည်။အင်ပါယာ၏ အထက် လူကြီးများသည် မိစ္ဆာတလဲသီးကို အထူးအရေးထားကြကြောင်း သိရှိထားခဲ့သည်။ မည်သည်ကြောင့်မှန်း မသိသော်လည်း ဇစ်မြစ်ကိုသိရန် ကြိုစားသည်အထိ ခန်ဒါကြီး မတုံးအသေးပေ။ထိုအရာ၏ အရေးပါမှုကိုသာ သိရှိရန် လိုအပ်သည်။
မိသားစုမှတစ်ဆင့် ထိုသတင်းကို မြို့တော်ဆီ အကြောင်းကြားပြီးသည့်အခါ ချက်ချင်းပင် အကြောင်းပြန်လာ၏။စေလွှတ်လိုက်သည့် ကော်မရှင် အဖွဲ့ဝင်သည် လမ်းတွင် ရောက်နေပြီ ဖြစ်သည်။နောက်ထပ် သုံးလေးရက်၌ ရောက်လာလောက်ပေမည်။ ရက်နီးကပ်လာသည်နှင့်အမျှ ခန်ဒါကြီးကို မည်သည့်အမှားကိုမှ ပြုလုပ်၍မရတော့ပေ။ သို့မဟုတ်ပါက သူ၏ မျက်နှာယူမှုသည် ရာဇဝတ်မှု ဖြစ်သွားပြီး ပျော်စရာ အဖြစ်အပျက်သည်လည်း ဈာပနပွဲ ဖြစ်သွားပေလိမ့်မည်။ထို့ကြောင့် ခန်ဒါကြီးသည် လူရေး တောင်ကြားရှိ ခုံခံမှုကို နှစ်ဆ ပြန်တိုးလိုက်ခြင်း ဖြစ်သည်။
ခန်းမထဲသို့ တစ်ယာက်ပြီး တစ်ယောက် ရောက်လာသည့် ဧည့်သည်များကိုကြည့်ရင်း ခန်ဒါကြီးသည် အလွန်ရွှင်ပျနေသည်။ခရမ်းမီးတောက်နှလုံးသာ မခိုးမခံရလျှင် သူပို၍ ပျော်နေပေမည်။ခရမ်းမီးတောက်နှလုံး လက်စွပ်သည် လွန်ခဲ့သော နှစ်ပေါင်း၃၀၀ခန့်၌ မြို့တော်ရှိ ကျဆုံးသွားခဲ့သည့် တော်ဝင်မျိုးနွယ် တစ်ယောက်ထံမှ ခိုးယူလာခဲ့ခြင်း ဖြစ်သည်။၎င်းသည် ယောက်ျားလေး၏ လိင်ပိုင်းဆိုင်ရာကို တိုးမြှင့်ပေးသည်။ထို့အပြင် ရှေးဟောင်းရတနာသိုက်၏ သော့ချက်ဟုလည်း ပြောကြသည်။ကံဆိုးစွာပင် နှစ်ပေါင်း ၃၀၀ ကျော်သည်အထိ ထိုလျို့ဝှက်ချက်ကို ရှာမတွေ့ပေ။အိုမင်းပြီး အားနည်းနေသည့် ခန်ဒါကြီးအဖို့ ၎င်း၏ “တိုးမြှင့်မှု”ကို အမြဲလိုလိုပင် အသုံးပြုခဲ့ရသည်။ထိုရတနာ ပျောက်ဆုံးသွားပြီး အစားထိုးအရာတစ်ခုကို ရှာမတွေ့သေးသည့်အတွက် ခန်ဒါကြီးသည် မိန်းမများနှင့် ပလူး၍မရနိုင်သေးပေ။ထို့ကြောင့် သူ၏စိတ်ထဲ၌ အမုန်းတရားများနှင့် ပြည့်နှက်နေ၏။
နာလီနီသည် အမြဲပင်ဝန်ခံရန် ငြင်းဆန်နေသော်လည်း ထိုလက်စွပ်ရန် လန်နွန်ဆီ ပေးလိုက်ရန် ဖြစ်နိုင်ချေများသည်။လန်နွန်သည်လည်း ပျောက်ကွယ်သွားပုံရပြီး တစ်မြို့လုံး၌ အစအနပင် မတွေ့ရတော့ပေ။ထို့ကြောင့် လန်နွန်နှင့် အမြဲပင် ရင်းနှီးကြသည့် ကြက်သွေးနီအစောင့်များသည် လန်နွန်နှင့် စည်းတစ်ခု ခြားထားခဲ့သည်။ ထို့ပြင် လန်နွန်ကို ကူညီဖမ်းဆီးရန်နှင့် မြို့တော်ကို စောင့်ကြပ်ရန်အတွက် အဖွဲ့သားများကို ကျေကျေနပ်နပ် လွှတ်လိုက်သည်။
ခရမ်းမီးတောက်နှလုံးကို သေချာပေါက် ပြန်ရမှရမယ်။ဒါပေမဲ့ အခုအရေးအပြီးဆုံးက မိစ္ဆာတလဲသီးပဲ။မြို့တော်က ကော်မရှင်အဖွဲ့တင်က ဒီနှစ်ရက်အတွင်း ရောက်လာ နိုင်တယ်။ဒီကိစ္စကြီး ပြီးသွားမှပဲ လန်နွန်နဲ့ ခရမ်းမီးတောက်နှလုံး လက်စွပ်အကြောင်း စုံစမ်းရမယ်။
ခန်ဒါကြီးသည် ပြုံးပြပြီး ဧည့်သည်များကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက် လိုက်သည်။ခန်းမထဲရှိ မှော်သလင်းကျောက် မီးလင်ဖိုနား ဖြတ်သွားသည့်အခါ ထူးခြားသည့် ရနံ့တစ်ခုကို ခံစားလိုက်သည်။ထို့ကြောင့် ရှူသွင်းလိုက်ပြီး ကျေနပ်သည့် အမူအရာ ပြလိုက်သည်။
ဒါက.....နဂါးအမွှေးတိုင်လား။အစက ငါဒါကို မေ့နေခဲ့တာ။ကြည့်ရတာတော့ ငါ့မိန်းမ တစ်ယောက်က ငါ့ကို ကျေနပ်စေဖို့အတွက် အစေခံတွေကို ခိုင်းလိုက်တာ ထင်တယ်။ တော်တယ်။ဒါက....ဂရုအစိုက်ဆုံးဖြစ်ဆဲ့ မာရီယာဖြစ်မယ်။ကံဆိုးတာက ခရမ်းမီးတောက် နှလုံး လက်စွပ်ကို ဟိုကောင်မစုတ် နာလီနီ ခိုးသွားတာပဲ။မဟုတ်ရင်တော့ ငါ အဲဒီကို သွားပြီးတော့ ၁၆ယောက်မြောက် မိန်းမကို “အစာကျွေး” လို့ရတယ်။
အမွှေးတိုင်သည် နတ်ဆိုးဘုံရှိ အဆင့်အတန်းမြင့် တော်ဝင်မျိုးနွယ်များ၏ ဝါသနာ တစ်ခုဖြစ်သည်။အမွှေးတိုင်ပို၍ တန်ဖိုးကြီးလေလေ ဂုဏ်ကြက်သရေရှိမှုမှာ ပို၍ ဖော်ပြလေလေပင် ဖြစ်သည်။
ခန်ဒါကြီးသည် အထူးသဖြင့် ဤကဲ့သို့ ခေါင်ပါးသည့် မြို့၌ ၎င်းကို အလွန်ပင် သဘောကျသည်။ သူ၏ ရသမြောက် ဝတ်စားဆင်ယင်မှုနှင့် သိသာခြားနားသည့် တော်ဝင်မျိုးနွယ် အကြိုက်များကို အထူးသဖြင့် ဤကဲ့သို့ အထူးနေ့မျိုး၌ ကျေးလက်သား များအား ကြွားလုံးထုတ်နိုင်ပေသည်။
ခန်ဒါကြီးဆိုတဲ့ငါက မြို့တော်ကနေလာတဲ့ အဆင့်မြင့် တော်ဝင်မျိုးနွယ် တစ်ယောက်ပဲ။ တကယ့် တော်ဝင်မျိုးနွယ်တစ်ယောက်ရဲ့ အကြိုက်တွေကို ဒီကျေးလက်သားတွေ အတုခိုးချင်ရင်တောင် အတုခိုးလို့ မရဘူး။
မွှေးရနံ့ကြောင့် အံ့ဩသွားကြသည့် ဧည့်သည်များကိုကြည့်ရင်း ခန်ဒါကြီး၏ ကျေနပ်မှုနှင့် သာလွန်မှုသည် ပို၍ပင် ပြင်းထန်လာတော့သည်။
“ လာပေးကြတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ”
ခန်ဒါကြီး မတ်တပ်ရပ်လိုက်ပြီး စတင် မိန့်ခွန်းပြောတော့သည်။
အကြာပြီး ပြောပြီးနောက် လူတိုင်းသည် ဧည့်ခံပွဲစတင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ထို့နောက်တွင် တစ်စုံတစ်ယောက်သည် ရော့စ်ကို တီးတိုးပြောနေသည်ကို ကြားလိုက်ရ၏။ရော့စ် မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာချင်းဆိုင်မှ ဘာနကယ်ကို စိုက်ကြည့်လိုက်သည်။ဘာနကယ်သည် ဘာမှမသိနေပေ။
ခန်ဒါကြီး မေးလိုက်သည်။
“ ရော့စ်။ဘာဖြစ်လို့လဲ။ ”
ရော့စ် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
“ မြို့တော်ဝန်။ကြက်သွေးနီ အစောင့်တွေက နှစ်လိုဖွယ်ပန်းပွင့် တည်းခိုခန်းမှာ ကျုပ်တို့ရဲ့ ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ခိုက်နေကြတယ်။သူတို့တွေက ကျုပ်တို့ရဲ့ လက်ထောက် ခေါင်းဆောင် ကယ်လို ကိုတောင် ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ ”
ခန်ဒါကြီးသည် ကြက်သွေးနီအစောင့်များ၏ ဒုတိယခေါင်းဆောင် ဘာနကယ်ကို စိတ်တိုသွားပြီး ကြည့်လိုက်သည်။ဘာနကယ်သည် ခန်ဒါကြီးကို ခပ်မြန်မြန် အရိုအသေပေးလိုက်သည်။
“ မြို့တော်ဝန်။စိတ်မပူပါနဲ့။ကျုပ်အခု ချင်ချင်းပဲ ဖြေရှင်းလိုက်ပါ့မယ်။ ”
ဘာနကယ်သည် ခန်းမထဲမှ ထွက်ခဲ့ပြီး နှစ်လိုဖွယ်ပန်းပွင့် တည်းခိုခန်းဆီသို့ အပြေးသွားလိုက်ရာ ကမောက်ကမ အကြီးအကျယ် ဖြစ်နေသည်ကို ချက်ချင်းပင် တွေ့လိုကိသည်။မြို့စောင့်များသည် မြေပြင်ပေါ်၌ ငြီးငြူနေပြီး လက်ထောက် ခေါင်းဆောင် ကယ်လိုသည် ခုံပေါ်၌ ကိုယ်တုံးလုံးနှင့် ကြိုးတုတ်ခံထားရပြီး ခန္ဓာကိုယ်ပေါ်၌လည်း ဒဏ်ရာအများအပြား ရှိနေသည်။ပြဿနာရှာသူများသည် အမှန်တကယ်ပင် ကြက်သွေးနီ အစောင့်များ ဖြစ်ကြပြီး အယောက်၂၀ကျော် ရှိသည်။
“ ရပ်လိုက်ကြစမ်း။ ”
ဘာနကယ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ယခုအချိန်က တော်တော်လေး အရေးကြီးတဲ့အခိုက်အတန့်ပဲ။အဖွဲ့ဝင်များကို ပြဿနာမရှာဖို့ ငါသေသေချာချာ မှာထား ခဲ့တယ်။ဒါပေမဲ့ အဲဒီမျိုးမစစ်ကောင်တွေက စကားနားမထောင်ဘဲနဲ့ ဒီလိုအချိန်ကြီးမှာ ကမောက်ကမဖြစ်အောင် လုပ်ခဲ့တယ်။
“ ဆာ-ဘာနကယ်။ ”
ထိုအဖွဲ့ဝင်များသည် အမှန်တကယ်ပင် ရပ်တန့်ပြီး အရိုအသေပေးလိုက်သည်။
ဘာနကယ်သည် တစ်ယောက်ကို ဖမ်းဆွဲပြီး လက်သီးဆုပ်လိုက်သည်။
“ ခွေးကောင်တွေ။ မင်းတို့ဘာလို့ အစောင့်တွေနဲ့ ပြဿနာဖြစ်နေတာလဲ။ ငါအမိန့်ပေးတာကို မေ့နေပြီလား။ ”
အဖွဲ့ဝင်များ ကြက်သီးထသွားပြီး ခပ်မြန်မြန် ရှင်းပြလိုက်သည်။
“ ကယ်လိုက.... မိန်းမတစ်ယောက်အတွက်နဲ့ ဆာ-ကယ်လီရာကို တိုက်ခိုက်တာပါ။ ဆာ-ကယ်လီရာက တည်းခိုခန်းကို စောင့်ကြပ်ပြီးတော့ ဖေးလျန်ရဲ့ အခန်းထဲကို ကယ်လို ဝင်တာ စောင့်နေဖို့ ကျွန်တော်တို့ကိုပြောခဲ့တယ်။ပြီးတော့ သင်ခန်းစာပေး.... ”
“ ကယ်လီရာလား။ ”
ဘာနကယ် အံ့အားသင့်သွားသည်။
“ သူဘာလို့ ပြန်လာတာလဲ။အခု သူဘယ်မှာလဲ။ ”
“ သူ ထွက်သွားလောက်ပြီ။ဆာ-ကယ်လီရာက ခံတပ်ကို ရောက်တာ မကြာသေးဘူး။ အကျိုးဆက်တွေ အားလုံးကို သူတာဝန်ယူတယ်လို့ ပြောခဲ့တယ်။ဆာလာတဲ့အခါကျရင် သူ့ကို ခံတပ်မှာ လာရှာဖို့လည်း ပြောခဲ့တယ်။ ”
ကယ်လီရာနှင့် နှစ်လိုဖွယ်ပန်းပွင့် တည်းခိုခန်းပိုင်ရှင် ဖေးလျန်တို့ကြား၌ ကိစ္စတစ်ခုရှိသည်ကို ဘာနကယ် သိသည်။ဖေးလျန်သည် ကယ်လို အပါအဝင် အခြား ယောက်ျားများနှင့်လည်း ပတ်သက်မှုရှိသည်ကို ဘာနကယ် သိသည်။ရှီလန်တောင်ဆီသို့ သွားခဲ့သည့် ကယ်လီရာသည် တိတ်တိတ်လေး ပြန်လာပြီး ထိုမိန်းမနှင့် လျို့ဝှက် တွေ့ဆုံမည်ဟု ဘာနကယ် လုံးဝမထင်ထားခဲ့ပေ။ပို၍ စိတ်ရှုပ်စရာကောင်းသည်မှာ ကယ်လီရာသည် မနာလိုမှုကြောင့် ဤကဲ့သို့ပြဿနာမျိုး ဖန်တီးလိုက်ခြင်းပင်။
ဒါက ကယ်လီရာရဲ့ အမိန့်ဆိုတော့ သူတို့ကို အပြစ်ပေးလို့ မသင့်တော်ဘူး။ဒါပေမဲ့လည်း ဒီကိစ္စ ပိုဆိုးလာရင်တော့ ကယ်လီရာလည်း ဒီအကျိုးဆက်ကို တာဝန်ယူနိုင်တော့မှာ မဟုတ်ဘူး။အခြေအနေက အခုတင်းမာနေတယ်။အဲဒီအရူးကို ငါသတိပေးမှရမယ်။
“ မင်းတို့အားလုံး လစ်ကြတော့။ဒီနေရာမှာ ဘယ်သူ့ကိုမှ နေခွင့်မပြုဘူး။ ”
ဘာနကယ်သည် မြေပြင်ပေါ်မှ အဖွဲ့ဝင်ဝတစ်ယောက်ကို ကန်ထည့်လိုက်ပြီး လူအုပ်ကြီးကို ထွက်သွားရန် အမိန့်ပေးကာ ကြက်သွေးနီအစောင့် ခံတပ်ဆီသို့ အပြေးသွားလိုက်သည်။
တစ်ချိန်တည်းမှာပင် မြို့တော်ဝန်၏ စံအိမ်အတွင်း၌ ကြီးကျယ်ခမ်းနားသည့် မွေးနေ့ ဧည့်ခံပွဲတစ်ခု ဆက်လက်ဖြစ်ပွားနေသည်။ထိုကမောက်ကမဖြစ်ရပ်သည် ပျော်စရာ အခြေအနေကို သက်ရောက်မှုမရှိပေ။သို့သော်လည်း ခဏအကြာတွင် လူတချို့ ပြေးဝင်လာပြီး ရော့စ်ကို တီးတိုးပြောလိုက်သည်။ရော့စ်လည်း ထိတ်လန့်သွားပြီး ဖုံးမကွယ်ရဲဘဲ ထကာသတင်းပို့လိုက်သည်။
“ မြို့တော်ဝန်။ကျုပ် သတင်းတစ်ခု ရထားတယ်။ကြက်သွေးနီအစောင့်တွေရဲ့ အဓိက အင်အားစုက အနောက်ဘက်ကို အမြန်သွားနေကြတယ်။သူတို့က အနောက်ဘက် ဂိတ်တံခါးကိုတောင် ကျော်ဖြတ်သွားပြီ။သူတို့ရဲ့ ပစ်မှတ်က လူရေးတောင်ကြား ဖြစ်ဖို့ များတယ်။ ”
အခြားအရာများကို လျစ်လျူရှု၍ ရသော်လည်း လူရေးတောင်ကြားသည် ခန်ဒါကြီး၏ အဖိုးအတန်ဆုံး ရတနာဖြစ်သည်။ထို့ကြောင့် သူလည်း အံ့အားသင့်သွားသည်။
“ ရော့စ်။တစ်ယောက်ယောက်ခေါ်ပြီး ချက်ချင်း သွားစစ်ဆေးကြည့်လိုက်။ သူတို့တွေ လူရေးတောင်ကြားထဲ ဝင်ချင်တယ်ဆိုရင် သေချာပေါက် ရအောင်တား။ ”
“ ဟုတ်ကဲ့ပါ။ဆာ။ ”
လူရေးတောင်ကြားကို မြို့တော်ဝန် အလွန်စိုးရိမ်နေကြောင်း ရော့စ်သိသည်။ထို့နောက်ပင် ချက်ချင်း ထွက်ခွာသွားလိုက်သည်။
ခန်ဒါကြီးသည် ဂနာမငြိမ်ဖြစ်နေပြီး မွေးနေ့ ဧည့်ခံပွဲအတွက် စိတ်မပါနေတော့ပေ ။ထို့နောက် စားပွဲကို တစ်စစီဖြစ်အောင် ထုရိုက်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။
“ ဘာနကယ်က ဆင်ခြေတစ်ခုခုပေးပြီး တမင်ထွက်သွားတာပဲ ဖြစ်ရမယ်။အဲဒီ သောက်ကြက်သွေးနီ အစောင့်တွေ။သူတို့ဘာလုပ်ဖို့ ကြံစည်နေတာလဲ။ ”