← Chapters

တုန်လှုပ်ဖွယ် အလှည့်အပြောင်း။ခန်ဒါကြီး၏ စိုးရိမ်မှုများ

Vol. 8 Ch. 110

တုန်လှုပ်ဖွယ် အလှည့်အပြောင်း။ခန်ဒါကြီး၏ စိုးရိမ်မှုများ

Vol. 8 Ch. 110

ကြက်သွေးနီအစောင့်များနှင့် အတိုက်အခံဖြစ်ကြသော အင်အားစုများသည် ခန်ဒါကြီး ဒေါသထွက်‌နေသည်ကို မြင်လိုက်ပြီး နှစ်ထောင်းအားရ နေကြ‌တော့သည်။ ဒီတစ်ခေါက်တော့ ကြက်သွေးနီ အစောင့်တွေ ကံဆိုးပြီပဲ။

စိုးရိမ်တကြီးနှင့် စောင့်စားနေခဲ့ရင်း အချိန်ကြာလာသည်ဟု ခန်ဒါကြီး ခံစားလာရသည်။ မှော်သလင်းကျောက် မီးဖိုထဲရှိ တန်ဖိုးကြီး နဂါးအ‌မွှေးတိုင်၏ ရနံ့သည်ပင် ပြောင်းလဲသွားလေ၏။

နောက်ဆုံး၌ တစ်စုံတစ်ယောက် သတင်းလာပို့တော့သည်။

“ ကြက်သွေးနီအစောင့် အဖွဲ့က မြို့တော်ဝန်အတွက် အရေးပေါ် စာတစ်စောင် ပို့ပေးလာပါတယ်။ ”

“ အဲဒီကောင်ကို အရင်ဖမ်းပြီးတော့ စာကို ငါ့ဆီယူလာခဲ့။ ”

သနားစရာ ရာ့ခ်ျသည် လုပ်ငန်းပြီးသွားသည့်အခါတွင်ရမည့် သလင်းကျောက်နက်ဒင်္ဂါး ၂၇ပြားကို စိတ်ကူးယဉ်နေခဲ့သည်။သို့သော်လည်း သူ့ကို အစောင့်များ ဖမ်းဆီးလိုက်ပြီး ခန်းမဆီသို့ ခေါ်သွားလိုက်ကြသည်။

ထိုအချိန်တွင် ခန်ဒါကြီးသည် သတိထားနေဆဲပင် ဖြစ်သည်။ စာသည် အန္တရာယ် မရှိကြောင်း အတည်ပြုပြီးနောက် ဖွင့်ကြည့်လိုက်၏။ စာဖတ်ပြီးသည့်အခါ သူ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားတော့သည်။

ခန်ဒါကြီးသည် ရာ့ခ်ျကို အော်ပြောလိုက်သည်။

“ ဒီစာ မင်းကို ဘယ်သူပေးခဲ့တာလဲ။ ”

ရာ့ခ်ျသည် မြို့တော်ဝန် စိုးရိမ်နေသည်ကို သတိထားမိပြီး အမှန်အတိုင်း ဖြေလိုက်သည်။

“ ကျုပ်တို့ ကြက်သွေးနီအစောင့် အဖွဲ့ရဲ့ ဆာ-ကယ်လီရာ ပါ။ ဒီစာကိုပို့ဖို့အတွက် ဆာ-ဘာနကယ် ထွက်သွားတဲ့အထိ စောင့်ရမယ်လို့ သူပြောသွားခဲ့တယ်။မဟုတ်ရင် ဆာ-ဘာနကယ် သတိထားမိပြီးတော့ ကျုပ်တို့တွေ အန္တရာယ် ကျရောက်နိုင်တယ်။ဆာ-ကယ်လီရာက ဆာ-ဘာနကယ်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တာ။ အဲဒါကြောင့် အရင်သုံးလေးရက်တုန်းက သူပုန်းရှောင်နေခဲ့တာ။ ”

ခန်ဒါကြီး စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်ယောက်ယောက် ပြေးဝင်လာပြီး အလျင်အမြန် သတင်းပို့လိုက်သည်။

“ မြို့တော်ဝန်။မကောင်းတော့ဘူး။ ”

“ လူရေးတောင်ကြားကနေ အရေးပေါ် သတင်းပို့လိုက်တယ်။သူတို့ကို ကြက်သွေးနီ အစောင့်တွေက တိုက်ခိုက်ခဲ့တယ်။ဒုတိယခေါင်းဆောင် ဘာနကယ် ဦးဆောင်လာခဲ့တာ။ လူအများကြီး အသတ်ခံလိုက်ရတယ်။သူတို့တွေ မထိန်းထားနိုင်တော့ဘူး။ ချက်ချင်း အကူအညီပေးဖို့ သူတို့ တောင်းဆိုနေကြတယ်။ ”

“ ဘာ ”

ခန်ဒါကြီး၏ နှလုံးသား တုန်လှုပ်သွားပြီး နောက်သို့ သုံးလေးလှမ်းဆုတ်လိုက်ကာ ရင်ဘတ်ပေါ် လက်တင်လိုက်သည်။ခန္ဓာကိုယ်ထဲ၌ တစ်ခုခု မူမမှန်ဖြစ်နေသည်ဟု ခံစားလိုက်မိသည်။ထို့နောက် ချက်ချင်းပင် အရေးပေါ် အဆိပ်ဖြေဆေး တစ်ပုလင်း သောက်လိုက်သည်။ခန်ဒါကြီး မောဟိုက်နေရင်း ညွှန်ကြားလိုက်သည်။

“ပေါ်လို။လူရေး တောင်ကြားကို ထောက်ပံ့ဖို့အတွက် စစ်တပ်အင်အားကို ချက်ချင်း ပြောင်းရွှေ့လိုက်။ လက်ဇ်။ငါ့လက်မှတ်ထိုးထားတဲ့ အမိန့်စာကို ယူသွားပြီးတော့ ရော့စ်ရဲ့ တာဝန်အားလုံးကို ပယ်ဖျက်လိုက်။ပြီးရင်သူ့ကိုငါ့ဆီ ချက်ချင်း ခေါ်လာခဲ့။ ”

ခန်ဒါကြီး ပင့်သက်ရှိုက်ရင်း ထပ်ပြောလိုက်ပြန်သည်။

“ ရောဘတ်။ကြက်သွေးနီအစောင့် အဖွဲ့ကို ပိတ်ဆို့ဖို့အတွက် တပ်ဖွဲ့တစ်ဖွဲ့ ချက်ချင်း ပြင်ဆင်လိုက်။ ပြီးရင် ကယ်လီရာကလွဲပြီးတော့ ပတ်သက်တဲ့သူတွေအားလုံးကို ရှာပြီး ဖမ်းဆီးလိုက်။သူ့ကိုတွေ့ရင် သေချာကာကွယ်ပြီး ငါ့ဆီကို ခေါ်လာ။မြန်မြန်သွားတော့။ ”

ထိုစာသည် ဤမျှလောက် ပြောင်းလဲမှု ကြီးကြီးမားမား ဖြစ်သွားလိမ့်မည်ဟု ရာ့ခ်ျ မထင်ထားခဲ့ဘဲ တုန်လှုပ်သွားမိသည်။ခန်းမထဲမှ ဧည့်သည်များလည်း အခြေအနေ တင်းမာမှုကို သတိထားမိကြလာသည်။၎င်းသည် သာမန် အင်အားစု ပြဿနာမျိုး မဖြစ်နိုင်ပေ။ထို့ကြောင့် ခန်ဒါကြီး သံသယဖြစ်မည်ကို စိုးရိမ်ကြသည့်အတွက် မည်သူမှ မထွက်သွားရဲကြပေ။

အမှန်တကယ်တွင် ဘာနကယ်၌လည်း အပြစ်မရှိပေ။ ခံတပ်သို့ သူအပြေး သွားလိုက်သည့်အခါတွင် မူလက စုစည်းနေကြသည့် အဖွဲ့သားများ တစ်ယောက်မျှ ရှိမနေ ကြတော့ပေ။ထိုနေရာကို စောင့်ကြပ်သည့် အဓိကတပ်ဖွဲ့များလည်း ရှိမနေတော့ပေ။ ဘာနကယ်သည် သူတို့ကို လျှောက်မသွားရန်နှင့် အမိန့်အတွက် အမြဲပြင်ဆင်ထားရန် သေသေချာချာ ပြောထားခဲ့သည်။

ယခုတွင် ခံတပ်ထဲ၌ မည်သူမှ ရှိမနေကြ‌တော့ပေ။ထို့ပြင် ထူးဆန်းသည့် ရနံ့ပြင်းပြင်းတစ်ခု ရှိနေသည်။ထူးဆန်းသည်ဟု ခံစားနေရစဉ် ဘာနကယ်သည် ရုတ်တရက် မူးဝေသွားပြီး ရှေ့မှမြင်ကွင်းများ ဝေဝါးလာတော့သည်။

ဘာနကယ် ခေါင်းခါလိုက်ပြီး ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။ သေသေချာချာ ကြည့်လိုက်သည့်အခါ ၎င်းသည် ဂျိုးဆက်ပ် ဖြစ်နေသည်။ဘာနကယ်လည်း အလျင်အမြန် ဦးညွှတ်လိုက်သည်။

“ ဆာ-ဂျိုးဆက်ပ်။ ”

“ ဘာနကယ်။မင်းရဲ့တာဝန်က တော်တော်လေး အရေးကြီးတယ်။ ငါမင်းကို လက်ထောက်ခေါင်းဆောင် နေရာရအောင် ကူညီထားပြီးပြီ။ ရှယ်လီနဲ့ ယာဂတ်စ်တို့က မင်းကို ကူညီနိုင်တယ်။မင်းတို့ရဲ့ ခေါင်းဆောင် စနိုးဒင်က ခါနီတာ ဘက်မှာပဲ။ စနိုးဒင်က မှော်ပညာရော သိုင်းပညာမှာပါ ကျွမ်းကျင်တဲ့ သန္ဓေပြောင်း မဟာနတ်ဆိုး တစ်ယောက်ပဲ။ သူ့ရဲ့အစွမ်းက နတ်ဆိုးဘုရင်အဆင့်အထိ ရောက်သွားပြီ။ အဲဒါကြောင့် မင်းသူ့နဲ့ လွယ်လွယ် ပြဿနာ မဖြစ်သင့်ဘူး။ မင်း စိတ်ရှည်ရမယ်။ အရေးကြီးဆုံးက အမှောင်လမြို့ရဲ့ အနောက်ဘက်သွားတဲ့လမ်းကို ထိန်းချုပ်ဖို့ပဲ။ ”

“ သိပါပြီ။ဆာ။ ”

ဂျိုးဆက်ပ်၏ ညွှန်ကြားချက်များကို နားထောင်နေရင်း ဘာနကယ် ရုတ်တရက် နိုးထသွားသည်။ ဒါက လိပ်ပြာနီ နယ်မြေမှာ ဖြစ်ခဲ့တာ မဟုတ်ဘူးလား။အခုငါက လိုင်ရာမြို့ကို ရောက်နေပြီလေ။

“ ဟား..... ”

ဘာနကယ်၏ ကိုယ်ပေါ်၌ နတ်ဆိုးမီးတောက် ကျွမ်းလောင်သွားပြီး ခေါင်းမူးဝေခြင်း သည်လည်း ပျောက်ကွယ်သွား၏။

သူ၏ရှေ့ရှိ မြင်ကွင်းသည်လည်း လိုင်ရာမြို့ရှိ ကြက်သွေးနီအစောင့်အဖွဲ့ ခံတပ်အဖြစ်သို့ ပြန်ရောက်သွားသည်။

ဒါက ပုံရိပ်ယောင်ပဲ။ ဘာနကယ်သည် ထိုထူးဆန်းသည့်ရနံ့ဖြင့် ကြုံတွေ့ဖူးသည့်အတွက် ချက်ချင်းပင် သဘောပေါက်သွားသည်။ ဒါက ထင်ယောင်ထင်မှား သစ်သီးပဲ။

ခံတပ်မှာ တကယ်ပဲ ထင်ယောင်ထင်မှား သစ်သီးရည် ရနံ့တွေပြည့်နှက်နေတယ်။ သစ်သီးတွေ ဘယ်လောက်တောင် သုံးလိုက်တာလဲ။ဒီလောက် အများကြီးဆိုရင် ပြဿနာတစ်ခုခု ရှိကိုရှိရမယ်။

ဘာနကယ်သည် အားအင်စုစည်းလိုက်ရာ နတ်ဆိုးမီးတောက်၏ အပူရှိန် ပိုတိုးသွားပြီး ရနံ့အားလုံးကို အငွေ့ပျံ စေခဲ့သည်။ အငွေ့မပျံလျှင်ပင် ထင်ယောင်ထင်မှား သစ်သီး‌ရည်သည် တစ်နာရီကြာပြီးနောက် အလိုအလျောက် ပျောက်ကွယ်သွား ပေလိမ့်မည်။

ရနံ့သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော်လည်း ထိုနေရာတွင် သွေးနံ့ယဲ့ယဲ့လေး တစ်ခုက အစားထိုးလာသည်။

ဘာနကယ်၏လက်ထဲ၌ လှံရှည်တစ်‌လက် ပေါ်ထွက်လာပြီး သွေးနံ့အပြင်းဆုံးဖြစ်သည့် ဒုတိယထပ်သို့ ချဉ်းကပ်လာလိုက်သည်။ထို့‌နောက် အရှေ့အခန်းဆီသို့ သွားပြီး တံခါးကို ကန်ဖွင့်လိုက်ရာ မြေပြင်ပေါ်၌ လဲကျနေသည့် ပြတ်တောက်နေသော အလောင်း တစ်လောင်းကို တွေ့လိုက်ရသည်။

ကယ်လီရာပဲ။

လိုင်ရာမြို့ကို ပြန်လာတဲ့ ကယ်လီရာ အသတ်ခံလိုက်ရပြီ။

ကယ်လီရာသည် ခါနီတာဘက်မှ ဖြစ်သော်လည်း ကြက်သွေးနီအစောင့်( တစ္ဆေနီ )၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။ ယခုတွင် ကယ်လီရာသည် ခံတပ်၌ သေဆုံးသွားသည့် အတွက် ဘာနကယ် တာဝန်ယူရပေတော့မည်။ထို့ပြင် ခါနီတာသည်လည်း ၎င်းကို အခွင့်ကောင်းယူပြီး ပြဿနာရှာနိုင်‌သည်။

ကယ်လီရာက ရှီလန်တောင်ဆီကို သွားတာ မဟုတ်ဘူးလား။သူဘာလို့ ပြန်လာတာလဲ။ ပြီးတော့ သူပြန်လာတော့ ကြက်သွေးနီအစောင့် ခံတပ်မှာ ဘာလို့ အသတ်ခံလိုက် ရတာလဲ။

“ ဖောက်ပြန်တဲ့ကောင် ”ကို သင်ခန်းစာပေးဖို့အတွက် နှစ်လိုဖွယ်ပန်းပွင့် တည်းခိုခန်းက အဖွဲ့ဝင်တွေကို ကယ်လီရာ အမိန့်ပေးခဲ့တာ မဟုတ်လား။ခဏပဲကြာသေးတယ်။အခုသူက သေသွားပြီတဲ့လား။ သွေးစက်တွေကို ကြည့်ရတာကတော့ သူသေတာ သိပ်မကြာသေးတဲ့ပုံပဲ။ ဒါပေမဲ့ မျက်လုံးပုံစံကို ကြည့်ရတာတော့ သေတာတော်တော်လေး ကြာနေပြီ ဖြစ်တဲ့ပုံပဲ။ ဘာနကယ် ‌ဇဝေဇဝါ ဖြစ်သွား၏။

လူသတ်သမားက ဘယ်သူလဲ။ မြို့စောင့်တွေနဲ့ ပတ်သက်နေတာလား။ ဒါက စိတ်ဆွတာလား။ ဒါမှမဟုတ် လျို့ဝှက်ကြံစည် ထားတာလား။ပြီးတော့လည်း ဒီနေရာမှာဘာလို့ ထင်ယောင်ထင်မှား သစ်သီးတွေ ရှိနေရတာလဲ။

ဘာနကယ်သည် ရှီလန်တောင်ရှိ ရှယ်လီနှင့် ယာဂတ်စ်တို့ကို ဆက်သွယ် ကြည့်ခဲ့သည်။သို့သော်လည်း မှော်ဆက်သွယ်ရေး အဆောင် သုံးလေးခုသုံးကြည့်ပြီးသည့် အခါတွင်တောင် သူတို့ကို မည်သည်ကြောင့် မဆက်သွယ်နိုင်မှန်း သူမသိပေ။

ဘာနကယ် စိတ်ရှုပ်နေသည့်အချိန်၌ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ ထွက်လာကြည့်လိုက်သည့်အခါ နှစ်လိုဖွယ်ပန်းပွင့် တည်းခိုခန်း၌ ပြဿနာရှာခဲ့သည့် အဖွဲ့ဝင် နှစ်ယောက်သည် ခန္ဓာကိုယ်၌ သွေးအပြည့်ဖြင့် ပြန်လာနေသည်ကို တွေ့လိုက်ရသည်။

“ ဆာ-ဘာနကယ်။ ”

ထိုသူနှစ်ယောက် ဘာနကယ်ကို တွေ့လိုက်ရာ အလျင်အမြန်ပင် အကူအညီ တောင်းတော့သည်။

“ ဘာလို့လဲတော့ မသိဘူး။ဒါပေမဲ့ ကျုပ်တို့ရဲ့ ကြက်သွေးနီအစောင့်တွေကို တစ်မြို့လုံးက ဖမ်းဝရမ်းနဲ့ လိုက်ဖမ်းနေကြပြီ။ မြို့တော်ဝန်ရဲ့မိတ်ဆွေ ရောဘတ် ဦးဆောင်ခဲ့တာ။ ညီအစ်ကို သုံးလေးယောက် အဖမ်းခံလိုက်ရပြီ။ ”

“ မင်း ဘာပြောလိုက်တာလဲ။ ”

ဘာနကယ်သည် နားကြားမှားသည်ဟု ထင်မိသွားခဲ့သည်။ ခုနက ဘာနကယ်သည် မွေးနေ့ဧည့်ခံပွဲအတွက် မြို့တော်ဝန်စံအိမ်ထဲရှိ အဖိတ်ကြားခံ ဧည့်သည်တစ်ယောက် ဖြစ်ခဲ့သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ဘာနကယ်သည် ဝရမ်းပြေးတစ်ယောက် ဖြစ်သွားတော့သည်။

“ ဘာတွေဖြစ်ကုန်တာလဲ။ ”

အမြဲတမ်း တည်ငြိမ်နေသည့် ဘာနကယ်သည် မနေနိုင်တော့ဘဲ ငေါက်လိုက်တော့သည်။

ဘာနကယ် မြို့တော်ဝန်စံအိမ်သို့ ရောက်ချိန်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော “ကယ်လီရာ”သည်လည်း ခံတပ်သို့ လာခဲ့သည်ကို သူမသိခဲ့ပေ။ကယ်လီရာသည် နှစ်လိုဖွယ်ပန်းပွင့် တည်းခိုခန်းကို အလစ်ဝင်တိုက်ပြီး “ မယားခိုး ”ကို ဖမ်းဆီးရန် လူတစ်အုပ်ကို ပြောခဲ့သည်။ထို့နောက် အခန်းထဲ၌ သုန်သုန်မှုန်မှုန် နေနေခဲ့သည်။ စားစရာပို့ရန် အဖွဲ့ဝင်တစ်ယောက်ကိုသာ ဝင်လာခိုင်းသည်။

ထိုအဖွဲ့ဝင် စားစရာပို့ပြီးသည့်အခါ ချက်ချင်းပင် ပြန်ထွက်လာပြီး ဘာနကယ်အား သတင်းပို့ရန် အကြောင်းပြပြီး ခံတပ်မှ ထွက်ခွာသွားခဲ့သည်။

ထို့နောက်တွင် သတင်းရရှိထားသည့် လက်ထောင်ခေါင်းဆောင် ဘာနကယ် ရောက်လာပြီး ခံတပ် အပေါ်ထပ်အခန်းဆီသို့ သွားလိုက်သည်။တံခါးအပြင်ဘက်မှ အဖွဲ့ဝင်များသည် ကြမ်းကြမ်းတမ်းတမ်း ခိုက်ရန်ဖြစ်သံများနှင့် လေးလံသော အရာဝတ္ထုများ ပြုတ်ကျသံများကိုပင် ကြားခဲ့ရသည်။

အချိန်အတော်ကြာပြီးနောက်တွင် ဘာနကယ်သည် အခန်းထဲ၌ထွက်လာပြီး မျက်နှာသုန်မှုန်ကာ ခန္ဓာကိုယ်၌ သွေးစက်များစွန်းထင်းနေသည်ကို အဖွဲ့ဝင်များ မြင်တွေ့ခဲ့ရသည်။ အဖွဲ့ဝင်များသည် အဖြစ်အပျက်ကို မှန်းဆမိသွားကြသည်။ အဖွဲ့နှစ်ဖွဲ့ကြားရှိ ပြဿနာများကို သူတို့ သဘောပေါက်ကြသည်။သို့သော်လည်း လူတိုင်း၏ အရှေ့တွင် သတ်ဖြတ်ခြင်းသည် ယခင်တစ်ခါမှ မဖြစ်ဖူးသည့်အတွက် တစ်ယောက်မျှ စကားမပြောရဲကြပေ။

“ ညီအစ်ကိုတို့။ငါ မင်းတို့ကို ပြောစရာ သတင်းနှစ်ခုရှိတယ်။ပထမတစ်ခုက သတင်းကောင်းပဲ။ပစ္စည်းတစ်ခုခု ရယူဖို့အတွက် လိုင်ရာမြို့အနောက်ဘက်မှာရှိတဲ့ လူရေးမြို့ကို ချက်ချင်း တိုက်ခိုက်ဖို့ အထက်လူကြီးကနေ အမိန့်ရထားတယ်။အဲဒါကိုရရင် လိုင်ရာမြို့နဲ့ ရှီလန်တောင်မှာရှိတဲ့ ငါတို့ရဲ့တာဝန်တွေကို မြန်မြန်အဆုံးသတ်နိုင်မယ်။ ပြီးရင် လိပ်ပြာနီ နယ်မြေဆီကို ပြန်လို့ရမယ်။ဒုတိယ တစ်ခုကတော့ သတင်းဆိုးပဲ။ ခုနကတုန်းက ဒီအမိန့်ကို ကယ်လီရာ ဆန့်ကျင်ပြီးတော့ ငါ့ကိုတောင် အလစ်တိုက်ခိုက် ခဲ့တယ်။နောက်ဆုံးတော့လည်း ငါ့လက်ထဲမှာ သူသေသွားခဲ့တယ်။ ဒီကိစ္စအတွက် ငါအပြည့်အဝ တာဝန်ယူတယ်။ ငါမင်းတို့အားလုံးကို မေးချင်တယ်။ မင်းတို့ ပြန်သွားချင်ကြလား။ ”

“ ဟုတ်ကဲ့။ ”

အဖွဲ့ဝင်များ အတူတူ အော်ပြောလိုက်ကြသည်။သူတို့၏ခေါင်းဆောင် စနိုးဒင် မရှိသည့် အတွက်ကြောင့် ဘာနကယ်သည် ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်နေသည်။ထို့ပြင် သူတို့သည်လည်း ဤမြို့၌ ပျင်းရိနေပြီး အကြီးအကျယ် တင်းကြပ်နေခဲ့သည်။သူတို့ ထွက်မသွား နိုင်သည့်အပြင် နွမ်းပါးလှသော ရှီလန်တောင်ဆီသို့ နှစ်စဉ် အလှည့်ကျ သွားနေကြ ရသည်။လိပ်ပြာနီ နယ်မြေသို့ ပြန်နိုင်ကြောင်း ကြားလိုက်သည့်အခါ မပျော်သည့်သူ မရှိကြပေ။လက်ထောက် ခေါင်းဆောင်ကို ဆန့်ကျင်ခဲ့၍ အသတ်ခံခဲ့ရသည့် “ဆာ-ကယ်လီရာ” အတွက် သူတို့သည် အနည်းငယ်သာ မကျေမချမ်းဖြစ်ခဲ့ပြီး ဖြစ်သင့်သည်ဟူ၍သာ ခံစားရခဲ့သည်။

“ ကောင်းတယ်။ငါတို့တွေအခုပဲ ပစ္စည်းကိရိယာတွေ စုဆောင်းမယ်။ ပြီးရင် လူရေးတောင်ကြားဆီကို ချက်ချင်း ထွက်သွားမယ်။အဲဒီပစ္စည်းကို ရတာနဲ့ ငါတို့ ပြန်ဆုတ်ခွာမယ်။ငါတို့ကိုကူညီဖို့ အထက်လူကြီးက တစ်ယောက်ယောက် စီစဉ် ထားပေးတယ်။ဒီတာဝန်က အောင်မြင်မှရမယ်။ကျဆုံးလို့ မဖြစ်ဘူး။ ”

အဖွဲ့ဝင်တိုင်း လိုအပ်သလို တုံ့ပြန်လိုက်ကြသည်။“ဘာနကယ်”၏ စုစည်းမှုအောက်တွင် ကြက်သွေးနီအစောင့်အဖွဲ့၏ အဓိကအင်အားစုသည် မြို့အနောက်ဘက်သို့ ချက်ချင်း ထွက်ခွာသွားတော့သည်။သူတို့၏အဟုန်သည် ကြီးမားပြီး အစွမ်းထက်လွန်းသည့်အတွက် လမ်းတစ်လျှောက်ရှိ အစောင့်များပင် မတားဆီးရဲကြပေ။ကပ္ပတိန်ရော့စ်ကို သတင်းပို့ရန် အတွက် တစ်စုံတစ်ယောက်ကို သူတို့အမြန်လွှတ်လိုက်ကြသည်။

ကြက်သွေးနီအစောင့်များ အပြေးသွားကြတော့သည်။ လူရေးတောင်ကြားသို့ ရောက်ရှိသည့်အခါ ခုခံသူများကို အမြန် တိုက်ခိုက်ကြသည်။ ချန်လွေ့သည်လည်း အမိန့်ပေးခြင်းကို ကျေနပ်နေသည်။ ချန်လွေ့သည် လူသစ်တစ်ယောက် ဖြစ်သည့်အတွက် အမှားများစွာရှိသည်။ သို့သော်လည်း အပျက်အစီးများသည် ရှီလန်တောင် မိစ္ဆာနီ “သူခိုးဓားပြများ”ဘက်မှသာ ဖြစ်သည်။ ထို့ကြောင့် အခမဲ့အသုံးချခြင်းဟု သတ်မှတ်၍ ရပေသည်။

လူရေးတောင်ကြား ခုခံမှုကို တိုးမြှင့်ထားသော်လည်း ကြက်သွေးနီအစောင့်များသည် လိပ်ပြာနီနယ်မြေမှ လက်ရွေးစင်များ ဖြစ်ကြသည်။အရေအတွက် သာလွန်ရုံသာမက တစ်ယောက်စီ၌လည်း ကြမ်းတမ်းသော လူရမ်းကားများ ဖြစ်ကြသည်။အနည်းငယ် ပေးဆပ်ရပြီးနောက်တွင် သူတို့သည် အကာအကွယ်ကို ဖောက်ဝင်နိုင်ခဲ့သည်။

“ အပြင်ဘက်မှာ စောင့်နေ။တစ်ယောက်မှ အနားမကပ်လာစေနဲ့။ ”

ဘာနကယ်အဖြစ် ရုပ်ဖျက်ထားသော ချန်လွေ့သည် အမိန့်တစ်ခုပေးလိုက်ပြီး ကွင်းတစ်ခုအလယ်ရှိ သစ်ပင်တစ်ပင်ဆီ သွားလိုက်သည်။

ဒါက နာလီနီပြောတဲ့ မိစ္ဆာတလဲပင် ဖြစ်မယ်။ ချန်လွေ့သည် လူတစ်ရပ်ခန့်ရှိသော ထိုသစ်ပင်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။အရွက်များမှာ အပြာရောင်ဖြစ်ပြီး အဝါရောင်အသီး ၁၀လုံး ရှိနေသည်။အသီးများသည် လိမ္မော်သီး အရွယ်အစားခန့်ရှိပြီး အလင်းရောင်မှိန်မှိန် ထုတ်လွှတ်ပေးနေသည်။မည်သည်ကြောင့် မသိပေ။ချန်လွေ့သည် မိစ္ဆာတလဲပင်မှ...အထူးသဖြင့် အသီးမှ ရင်းနှီးသည့် ခံစားချက်တစ်မျိုး ခံစားနေရသည်။

ချန်လွေ့သည် သစ်သီးတစ်လုံးကိုခူးပြီး အနံ့ခံကာ စားကြည့်လိုက်သည်။ထို့နောက် လန်းဆန်းသွားပြီး သန့်စင်ခံရသကဲ့သို့ စိတ်ရှင်းလင်းသွားသည်။ထို့ပြင် ထိုအသီး၏ အစွမ်းသည် ဤမျှသာ မဟုတ်ပေ။ချန်လွေ့၏ အရှိန်အဝါ ၁၀၀၀ ထပ်တိုးသွားလေသည်။

သေချာပြီး။နောက်ဆုံး၌ ထိုရင်းနှီး‌သောရနံ့ကို ချန်လွေ့ အတည်ပြုနိုင်ခဲ့သည်။ ဒါက နဂါးငွေ့တန်းဥယျဉ်ထဲက ခူးဆွတ်ခဲ့တဲ့ အရှိန်အဝါသစ်သီးကနေ ထုတ်လွှတ်တဲ့ ရနံ့မျိုးပဲ။အရှိန်အဝါတွေ‌ပေါ့။နတ်ဆိုးဘုံမှာ အရှိန်အဝါတွေ ထုတ်လွှတ်နိုင်တဲ့ သစ်ပင်တွေ ရှိတယ်ဆိုတာ ငါမယုံနိုင်‌သေးဘူး။

All Chapters