← Chapters

လောင်းကြေးနိုင်သွားခြင်း

Vol. 8 Ch. 115

လောင်းကြေးနိုင်သွားခြင်း

Vol. 8 Ch. 115

အရိုးခေါင်းကျောက်မျက် အက်ကွဲရာထဲမှ အငွေ့အဖြူအမြောက်အမြား ထွက်လာပြီး သက်ရှိကဲ့သို့ပင် အော်ဟစ်နေခဲ့သည်။ ဘာနကယ်နှစ်ယောက်၏ မျက်နှာများမှာလည်း ‌ဖြူဖျော့သွားကာ ခေါင်းကိုကိုင်ရင်း အော်ဟစ်လိုက်ကြသည်။ သူတို့၏လက်ထဲမှ လက်နက်များကိုပင် ပစ်ချလိုက်သည်။ သူတို့ခန္ဓာကိုယ်နှစ်ခု ဖြည်းဖြည်းချင်း ပေါင်းစပ် လာသည်။ သို့သော်လည်း ပုံရိပ်သည် မတည်မငြိမ်ဖြစ်နေသည်။

ချန်လွေ့၏ပုခုံးထဲသို့ စိုက်ဝင်နေသည့် ကောက်ရိတ်ဓား ပျောက်ကွယ်သွားပြီး ရင်ဘတ် ပေါ်၌ အရိုးသာကျန်ခဲ့သည်။ ဒဏ်ရာအပြင်းအထန်ရနေသော်လည်း ချက်လွေ့သည် မတုံ့ဆိုင်းဘဲ ကြယ်စွမ်းအား အားလုံးကို စုစည်းလိုက်သည်။ထို့နောက် အော်ဟစ်လိုက်ပြီး သုံးလေးစက္ကန့်အတွင်းမှာပင် [ အရှိန်အဝါဓားသွား ] ဖြင့် အချက်ပေါင်း မြောက်မြားစွာ ခုတ်ပိုင်းလိုက်သည်။

သူ၏လက်ပေါ်ရှိ အလင်းရောင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ကြယ်စွမ်းအား များလည်း ခမ်းခြောက်လုနီးပါး ဖြစ်သွားသည်။ချန်လွေ့ အပြင်းအထန် မောဟိုက်နေသည်။ [ နက္ခတ်သဏ္ဍာန် ] နှင့် [ ထိခိုက်မှုစုပ်ယူခြင်း ] တို့၏ ဝိသေသလက္ခဏာများကြောင့်သာ မဟုတ်လျှင် ထိုဒဏ်ရာများကြောင့် ချန်လွေ့ သေသွားပေလိမ့်မည်။ချန်လွေ့သည် ကောက်ရိတ်ဓားအရိုးကို ဆုပ်ကိုင်ပြီး အံကြိတ်ကာ ဆွဲထုတ်လိုက်ရာ သွေးများပန်းထွက် လာတော့သည်။ တရပ်စပ် တိုက်ခိုက်ပြီးနောက်တွင် ချန်လွေ့၏ ‌ကြယ်စွမ်းအား ကုန်ဆုံးသွားပြီး အားနည်းလာကာ မတ်တပ်ပင် မရပ်နိုင်တော့ဘဲ လဲကျသွားတော့သည်။ ချန်လွေ့သည် အင်တင်တင်နှင့် ခန္ဓာကိုယ်ကို လှုံ့ရှားလိုက်ပြီး ကုသဆေးရည် တစ်ပုလင်း သောက်လိုက်ရာ သွေးတိတ်သွားတော့သည်။

အငွေ့ဖြူများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ဘာနကယ်၏ ခန္ဓာကိုယ်သည်လည်း မတည်မငြိမ်မဖြစ်တော့ပေ။ နောက်ဆုံးလက်ကျန် အင်အားဖြင့် ဘာနကယ် မေးလိုက်သည်။

“ မင်း ဘယ်လိုလုပ် သိတာလဲ..... ”

အဖြေကိုကြားလိုက်ရာ ဘာနကယ် ပြောစရာစကားမဲ့သွား၏။

“ ကျုပ် ခန့်မှန်းခဲ့တာ။ ”

ချန်လွေ့ ဒဏ်ရာအပြင်းအထန် ရနေပြီး အပြုံးတစ်ခုသည်ပင် ဒဏ်ရာကို ပိုဆိုး‌စေသည်။ သူ၏မျက်လုံးများ၌ အရောင်စုံ တောက်ပသွားသည်။ ဒီတိုက်ပွဲမှာ ငါ လောင်းကြေး နိုင်သွားတယ်။

“ ငါဒါကို လက်မခံနိုင်ဘူး .... ”

ဘာနကယ် စကားအနည်းငယ် ပြောလိုက်သည်။ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် အပိုင်းပိုင်း ကွဲထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ဘာနကယ် မည်သည့်အတွက်ကြောင့် လက်မခံနိုင်ကြောင်းကို ချန်လွေ့နားလည်သည်။ အမြင့်ဆင့်နတ်ဆိုးအဆင့် ရောက်နေသည့် သာမန်မဟာနတ်ဆိုးတစ်ယောက် ဖြစ်သည့် အလျောက် နတ်ဆိုးဘုရင်စွမ်းအားကို အနည်းငယ် ‌ဆုပ်ကိုင်မိရန် ဘာနကယ်အတွက် ခက်ခဲနေပြီဖြစ်သည်။၎င်းသည် အလွန့်အလွန် ရှားပါးလှသည့် အတွေ့အကြုံဖြစ်သည်။ သို့သော်လည်း သူသည် ဤနေရာ၌ သေသွားခဲ့ရပြီး သူ့ထက် အားနည်းသူ တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ထိုတိုက်ပွဲကို အနိုင်ရရှိခြင်းမှာ အဓိကအားဖြင့် ကံကောင်း၍သာ ဖြစ်သည်။

ခုနက ချန်လွေ့ လောင်းကြေးထပ်နေခြင်းသာ ဖြစ်သည်။ဘာနကယ် ကိုယ်ပွားခြင်းကို မြင်ခဲ့ရသည့် ပထမဆုံးအကြိမ်သည် ပေါ်လို၊လာ့ခ်စ်တို့နှင့် တိုက်ခိုက်သော အချိန်တွင် ဖြစ်သည်။ထိုအချိန်တွင် အခြေအနေသည် အလွန်အရေးကြီးသည့်အတွက် ဘာနကယ်၌ အရိုးခေါင်းကျောက်မျက် တောက်ပသည်ကို ဖုံးကွယ်ရန် အချိန်မရှိခဲ့ပေ။ပေါ်လိုနှင့် လာ့ခ်စ်တို့ သတိမထားမိ ခဲ့ကြသော်လည်း ဘေးမှရပ်ကြည့်သူဖြစ်သော ချန်လွေ့သည် ၎င်းကို တွေ့ရှိသွားခဲ့သည်။ ဘာနကယ်၏ကိုယ်ပွား လက်တစ်ဖက် ပြတ်သွားပြီး ခန္ဓာကိုယ်နှစ်ခု ပြန်ပေါင်းသည့်အခါ အရိုးခေါင်းကျောက်မျက် အရောင်တောက် သွားပြန်ခဲ့သည်။ လက်ပြတ်သွားသည့် ကိုယ်ပွားနှင့် မူလခန္ဓာကိုယ် ပြန်ပေါင်းလိုက် သည့်အခါ အမှန်တကယ်ပင် ထိခိုက်မှု မရှိတော့ပေ။

ဘာနကယ်၏ [ ကိုယ်ပွား ] သည် ထိုကျောက်မျက်နှင့် သက်ဆိုင်နေကြောင်း ထိုအချိန်၌ ချန်လွေ့ သေချာသွားခဲ့သည်။ ခုနက ဘာနကယ် ကိုယ်ပွားတော့မည့်အချိန်၌ ကျောက်မျက်၏ အလင်းရောင်ကို ဖုံးကွယ်ရန်အတွက် ကောက်ရိတ်ဓားကို တမင်လှည့်လိုက် ခြင်းကြောင့် ချန်လွေ့၏အတွေးကို ပို၍သေချာသွားစေသည်။

သို့သော်လည်း အစီအစဉ်သည် အပြောင်းအလဲများအတိုင်း လိုက်မမှီပေ။ချန်လွေ့၏ နဂိုရည်ရွယ်ချက်မှာ ဘာနကယ်၏ ကိုယ်ပွားအစွမ်းကို ဖျက်ဆီးရန် ဖြစ်သည်။ အရိုးခေါင်းကျောက်မျက်ကို ဖျက်ဆီးလိုက်ပြီးနောက် ဘာနကယ်၏ ဒဏ်ရာများမှာ ထင်ထားသည်ထက် ပိုနေလိမ့်မည်ဟု ချန်လွေ့မထင်ထားခဲ့ပေ။ထို့ကြောင့် ဒဏ်ရာ အပြင်းအထန်ရထားသော်လည်း ဘာနကယ်ကို သူသတ်ပစ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဘာနကယ်၏လက်နက်သာ ပျက်စီးသွားလျှင် ချန်လွေ့သည် “ အမှောင်ဆန္ဒ ”၏ တယ်လီပို့ အစွမ်းကို အသက်သွင်းလိုက်ပေမည်။ရန်သူ၏ အစွမ်းထက်ဆုံး အစွမ်းကို တစ်နည်းတစ်ဖုံ ချိုးဖျက်ခဲ့ပြီဖြစ်၍ နောက်လာမည့် တိုက်ပွဲတွင် ချန်လွေ့ ပို၍ ယုံကြည်ချက်ရှိသွားပေမည်။

လေပြေညှင်းတစ်ခု တိုက်ခတ်လာပြီး ချန်လွေ့ အနည်းငယ် မူးဝေသွား၏။ရန်သူကို အနိုင်ယူပြီးနောက် စိတ်စွမ်းအားကို မှီခိုထားရသည့်ခွန်အား ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားပြီး အာရုံမစိုက်နိုင်တော့ပေ။

ယခုတစ်ခေါက် ဒဏ်ရာများမှာ အမှောင်လမြို့ပြင်၌ မီကတ်စ်နှင့် တိုက်ခိုက်စဉ်ကထက် ပို၍ပြင်းထန်သည်။ထိုအချိန်က မိုင်ဇာအခြေအနေသို့ အဆင့်တက်သွားသည့်အတွက် အဓိကမှာ ရင်ဘတ်ဒဏ်ရာနှင့် စိတ်ဒဏ်ရာ အချို့သာ ဖြစ်သည်။ယခုတွင်တော့ အတွင်းရောအပြင်ပါ ဖြစ်သည်။ထို့ပြင် ချန်လွေ့သည် သွေးအမြောက်အမြား ဆုံးရှုံး ခဲ့ရသည်။ကုသဆေးရည်တစ်ပုလင်းသောက်ထားသော်လည်း ၎င်းသည် သွေးကိုသာ တိတ်စေသည်။သွေးကို ပြန်မဖြည့်ပေးနိုင်ပေ။

ချန်လွေ့၏အမြင် စတင်ဝေဝါးလာပြီး ပြင်းပြင်းထန်ထန် အိပ်ငိုက်လာတော့သည်။ ဘာနကယ်၏အလောင်းကို ဝှက်ရန်ပင် အားအင်မရှိတော့ပေ။

ဘာနကယ်နှင့် တိုက်ခိုက်သည့်နေရာသည် အဓိကလမ်းမနှင့် နီးကပ်သည်။ ကောင်းကင် မှာလည်း လင်းနေပြီဖြစ်ဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌ဆက်နေလျှင် တစ်ယောက်ယောက် တွေ့သွားပေလိမ့်မည်။ဤနေရာသည် နတ်ဆိုးဘုံ ဖြစ်ရုံသာမက မရင်းနှီးသည့် အရိပ်နက် အင်ပါယာလည်း ဖြစ်နေသည်။ထို့ကြောင့် စိတ်ကောင်းသည့် နတ်ဆိုးတစ်ယောက်နှင့် တွေ့လိမ့်မည်ဟု မျှော်လင့်၍မရနိုင်ပေ။

ချန်လွေ့ သတိမလစ်သွားခင်၌ .....“ အမှောင်ဆန္ဒ ” ကို အသက်သွင်းလိုက်၏။

ပင်ပန်းလိုက်တာ။ငါအရမ်းကို ပင်ပန်းနေပြီ။

ဒီအန္တရာယ် ဘယ်တော့မှ အဆုံးသတ် ပြီးတော့ ဘယ်တော့များ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မှာလဲ။

အခုငါဖြစ်ချင်တာက အရင်က လိုပဲ .....ကမ္ဘာဆီ ပြန်ချင်တာလား။

တကယ့်နေရောင်ခြည်ကို မခံစားရတာ တော်တော်ကြာနေပြီ ထင်တယ်....

ဒီလောကမှာ ကမ္ဘာကလိုမျိုး နွေးထွေးတဲ့ နေရောင်ခြည် ရှိနိုင်မလား။

ဝေးဝါးမှုများအတွင်း၌ အသီနာကို ချန်လွေ့ မြင်တွေ့လိုက်ရသည်။

အတော်လေးရယ်ရသော ပန်းချီမျက်နှာနှင့် သူ၏နောက်ဘက်၌ အလင်းရောင် တောက်ပနေသည်။

နေအလင်းရောင်က အမြဲတမ်း အနားမှာ ရှိနေတာပဲ။

သူ ဘယ်မှာပဲရှိရှိ နွေထွေးမှုရှိတယ်။

သူ ဘယ်မှာပဲရှိရှိ နေ‌အလင်းရောင် ရှိတယ်။

အချိန်မည်မျှ ကြာသွားသည်ကို မသိဘဲ ချန်လွေ့ မျက်လုံးဖွင့်လိုက်၏။

သူ၏ပထမဆုံး တုံ့ပြန်မှုမှာ အံ့အားသင့်သွားခြင်းပင် ဖြစ်သည်။

သူ၏ခြေလက်များကို ဖောက်ထွင်းမြင်ရသည့် ရွှေနက်သံကြိုးများဖြင့် ချည်နှောင် ထားလေသည်။ ၎င်းပေါ်တွင် ရှုပ်ထွေးလှသည့် သင်္ကေတများကိုအတွဲလိုက် ရှိနေပြီး သဘာဝအ‌လျောက်ဖြစ်သည့် မျက်နှာပြင် ကဲ့သို့ပင်ဖြစ်သည်။၎င်းသည် မွမ်းမံထားသည့် မှော်အစီအရင်တစ်မျိုး ဖြစ်နိုင်ပေသည်။ထိုသံကြိုးတစ်စုံတွင် သူ၏ကြယ်စွမ်းအားကို ဖိနှိပ်ထားသည့် အထူးစွမ်းအားတစ်မျိုး ရှိနေသည်။ထို့ကြောင့် အခြေခံအားဖြင့် ချန်လွေ့တွင် တိုက်ခိုက်ရေးစွမ်းအား ရှိမနေတော့ပေ။

အမှန်တကယ်၌ ခြေထိပ်လက်ထိပ် မခတ်ထားလျှင်တောင် ချန်လွေ့သည် ဒဏ်ရာများ ရရှိထားသည့်အတွက် သူ၏အစွမ်း ကြီးကြီးမားမား လျော့ကျနေမည် ဖြစ်သည်။ချန်လွေ့ အစွမ်းသုံးကြည့်လိုက်ရာ ထိုမှော်လက်ထိပ်များသည် ကြယ်စွမ်းအားကို ချုပ်ထိန်း နိုင်ကြောင်း သိရှိသွားသည်။သို့သော်လည်း ၎င်းသည် [ သရုပ်ခွဲမျက်လုံး ] နှင့် [ ရုပ်ဖျက်ခြင်း ] အစွမ်းတို့ကို မကန့်သတ်နိုင်ပေ။သူ၏မျက်နှာသည် “ကမ္ဘာပေါ်ရှိ ချန်လွေ့” ၏ မျက်နှာအတိုင်းပင် ဖြစ်နေသေးသည်။သို့သော်လည်း သတိလစ်နေစဉ်၌ အရှိန်အဝါ မည်မျှ ဖြုန်းခဲ့ကြောင်း ချန်လွေ့ မသိခဲ့ပေ။

ဘာနကယ်အား ခေါင်းဖြတ်ပြီး သတိမလစ် သွားခင်၌ ရှာမတွေ့စေရန် အမှောင်ဆန္ဒ၏ [တယ်လီပို့] အစွမ်းကို အသက်သွင်းခဲ့ကြောင်း ချန်လွေ့ သတိရလိုက်သည်။သို့သော်လည်း ယခုတစ်ခေါက်တွင် ကံကောင်းခြင်း နတ်ဘုရားမသည် သူ့ဘက်တွင် ရှိမနေတော့ပေ။ ကံဆိုးခြင်းနတ်ဘုရား၏ ဝင်စီးခံလိုက်ပြီး ရှာတွေ့ခံလိုက်ရကာ အကျဉ်းကျခံလိုက်ရသည်။

ပို၍ဆိုးသည်မှာ ဘယ်ဘက် လက်သန်းကြွယ်ရှိ ထွက်ပြေးလက်စွပ် “ အမှောင်ဆန္ဒ ” ပျောက်ဆုံးသွားခြင်းပင် ဖြစ်သည်။

ဒါက တော်တော်ကြီးမားတဲ့ ပြဿနာပဲ။

ချန်လွေ့သည် ပတ်ဝန်းကျင်ကို သေသေချာချာ စစ်‌ဆေးကြည့်လိုက်သည်။လက်ရှိတွင် သူသည် နံရံနှစ်ဖက်၌ မှော်မီးအိမ်များ တပ်ဆင်ထားသော အလုံပိတ် ခန်းမတစ်ခု၌ ဖြစ်သည်။နေ့လား၊ညလား မပြောတတ်ပေ။ သူ၏ဘေးတွင် ဇာပုဝါခြုံထားသည့် အမျိုးသမီး အစေခံနှစ်ယောက်ရှိသည်။ချန်လွေ့ နိုးလာသည်ကို သူတို့တွေ့လိုက်ရာ အစေခံ တစ်ယောက် ပြောလိုက်သည်။

“ ဆယ်လီ။သူ နိုးလာပြီ။မဒမ် ဒေလီယာကို သွားပြီး သတင်းပို့လိုက်။ ”

ဆယ်လီ သဘောတူလိုက်ပြီး အတွင်းခန်းမထဲသို့ ချက်ချင်း လှည့်သွားလိုက်သည်။ အစေခံနှစ်ယောက်၏ မျိုးနွယ်မှာ မဟာနတ်ဆိုးဖြစ်ပြီး သူတို့၏အစွမ်းမှာ အမြင့်ဆင့် နတ်ဆိုး ဖြစ်သည်ဟု [ သရုပ်ခွဲမျက်လုံး ] ၌ ဖော်ပြထား၏။

ထိုအမျိုးသမီး အစေခံနှစ်ယောက်သည် လူသားအသွင်ဖြစ်သည်။ဆိုလိုသည်မှာ သူတို့သည် သန္ဓေပြောင်း သွေးမျိုးဆက်ရှိသည့် မဟာနတ်ဆိုးများပင် ဖြစ်သည်။ထို့ပြင် သူတို့ နှစ်ယောက်စလုံးသည် အမြင့်ဆင့်နတ်ဆိုးများ ဖြစ်သော်လည်း သူတို့၏အဆင့်အတန်းမှာ အစေခံများသာ ဖြစ်ကြသည်။

ချန်လွေ့ ထပြီး အစ်အောက်ကြည့်လိုက်သည်။

“ တစ်ဆိတ်လောက်။ဒါက ဘယ်နေရာလဲ။ ”

အစေခံသည် အေးစက်စက်နှင့် ပြောလိုက်သည်။

“ အပိုတွေ မပြောနဲ့။ရှင်ဘာမေးခွန်းမှ မေးစရာမလိုဘူး။မဒမ် ဝင်လာတဲ့အခါကျရင် အမှန်အတိုင်းဖြေလိုက်။ဒါဆိုရင် ရှင့်ရဲ့ သနားစရာဘဝကို ကယ်တင်နိုင်ရင် ကယ်တင် နိုင်မယ်။ ”

ဒီ မဒမ်က ဘယ်လို နတ်ဆိုးမျိုးလဲ။သူ့ရဲ့ အစေခံတွေကတောင် အမြင့်ဆင့်နတ်ဆိုး အဆင့်ရောက်နေတဲ့ သန္ဓေပြောင်း မဟာနတ်ဆိုးတွေ ဖြစ်နေတယ်။

ချန်လွေ့သည် အရိပ်နက်အင်ပါယာနှင့် လုံးဝမရင်းနှီးပေ။ယခုတွင် အမှောင်ဆန္ဒသည် တစ်ဖက်လူလက်ထဲ ရောက်ရှိသွားပြီး ချန်လွေ့၏အစွမ်းလည်း ဖိနှိပ်ခံထားရသည့်အတွက် ပထမဦးစွာ အသက်ရှင်ရန်အတွက် စဉ်းစားရပေမည်။

ခဏအကြာ၌ ချန်လွေ့ ခြေသံများ ကြာလိုက်ပြီး အမျိုးသမီးတစ်ယောက်သည် ချန်လွေ့၏ မျက်လုံးအရှေ့၌ ပေါ်ထွက်လာသည်။ ထိုအမျိုးသမီးသည် ခန္ဓာကိုယ် ကျစ်လစ်ပြီး အသား ဖြူသည်။ဆံပင်အပြာကို နောက်စေ့ကပ်ဆံထုံး ထုံးထားသည်။သူ၏မျက်နှာကို ဇာမျက်နှာလွှား အုပ်ထားပြီး လှပသော အပြာရောင်မျက်လုံးများကိုသာ မြင်နိုင်ပေသည်။သူ၏ ကိုယ်ကျပ် အဝတ်အစားများသည် မလှစ်ဟာပြနေသော်လည်း ခန္ဓာကိုယ်ရှိ အရေးကြီးသော အကွေ့ အကောက်များကို အပြည့်အဝ ပြသနေပေသည်။သူ၏ လုပ်ရပ်တိုင်းတွင် ညှို့ဓာတ်များ ထုတ်လွှင့်ပေးနေ၏။

[ သရုပ်ခွဲမျက်လုံး ] ဖော်ပြထားသော အချက်အလက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

- [ မနာလိုခြင်း တော်ဝင်မိသားစု ]

- စွမ်းအားအကဲဖြတ်မှု = [ C ]

- ခန္ဓာအမျိုးအစား = မသိရှိ။

- ခွန်အား = မသိရှိ။

- စိတ်ဝိညာဉ်= မသိရှိ။

- မြန်ဆန်နှုန်း = မသိရှိ။

မနာလိုခြင်း တော်ဝင်မိသားစု ဆိုပဲ။ နတ်ဆိုးဘုရင်အဆင့်လည်း ဖြစ်နေတယ်။

အရိပ်နက်အင်ပါယာကို အုပ်ချုပ်သူသည် မိသားစုနာမည် လီဗျာသန်ဖြစ်သည့် “မနာလိုခြင်း” တော်ဝင်မိသားစုမဟုတ်ဘဲ ထိပ်ဆုံးမိန်းမလှဖြစ်သော မဟာကတ်သရင်း အက်စ်မိုဒက်စ်၏ “ ကာမ ” တော်ဝင်မိသားစု ဖြစ်သည့် အက်စ်မိုဒက်စ် မိသားစုဖြစ်သည်။

ရိုမန်၏ “ပျင်းရိခြင်း” တော်ဝင်မိသားစု ကဲ့သို့ပင် “ မနာလိုခြင်း ” တော်ဝင်မိသားစုသည် ဟိုးယခင်က အင်ပါယာတစ်ခုကို အုပ်ချုပ်ခဲ့ကြသည်။ဤမဒမ်သည် မနာလိုခြင်း တော်ဝင် မိသားစု၏ မျိုးဆက်ဖြစ်ပေမည်။သူသည် အသက်ရှင်ရန်အတွက် အရိပ်နက်အင်ပါယာ၌ ခိုလှုံခဲ့ပုံရသည်။

“ မဒမ်။ ”

အစေခံများ ဦးညွှတ်လိုက်သည်။

“ အမ္မာ။သူ့ကို ကုလားထိုင်ပေါ် ပေးထိုင်လိုက်။ပြီးရင် အထဲဝင်ပြီးတော့ ဆယ်လီနဲ့တူတူ လေဒီကို သွားကာကွယ်လိုက်။သေချာမှတ်ထား။လေဒီကိုယ်တိုင် မထွက်လာမချင်း နင်တို့ ထွက်သွားလို့မရဘူး။ဘယ်လိုပဲဖြစ်ဖြစ် မနှောင့်ယှက်နဲ့။ ”

အမ္မာ သဘောတူလိုက်ပြီး ချန်လွေ့ကို ကုလားထိုင်ပေါ်သို့ ဆွဲတင်လိုက်သည်။ထို့နောက် ဦးညွတ်ကာ ခန်းမနောက်ဘက်သို့ လမ်းလျှောက်သွားလိုက်သည်။

အမ္မာ ဝင်သွားပြီး နောက်တွင် မဒမ်၏ မျက်လုံးများသည် ချန်လွေ့ ပေါ်သို့ ကျရောက် လာ၏။

“ ရှင်မြန်မြန် သေချင်လား။ဒါမှမဟုတ် ဖြည်းဖြည်းချင်း နှိပ်စက်ခံပြီးတော့ သေချင်လား။ ” အနည်းငယ် အက်ကွဲနေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းသည် ဆွဲငင်ညို့ယူမှု နှင့်အတူ ထူးထူးခြားခြား စိတ်ကြွစေသည်။သို့သော်လည်း ထိုစကားလုံးများ၏ အဓိပ္ပာယ်သည် ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေ၏။

ချန်လွေ့ ခါးသီးစွာ ပြုံးလိုက်သည်။

ခုနတုန်းက သူ ယဉ်ကျေးသလိုလိုနဲ့ ငါ့ကို ကုလားထိုင်ပေါ် တင်ထားခိုင်းတယ်။အခုတော့ သူပထမဆုံးပြောတာက ငါ့ကိုသတ်ဖို့ပါလား။

“ ကျုပ် အသက်ရှင်ချင်တယ်။ ”

မဒမ် ရုတ်တရက် ရယ်လိုက်သော်လည်း သူ၏ဆွဲဆောင်မှုရှိသော ရယ်သံအတွင်း၌ အေးစက်မှုများနှင့် အမုန်းတရားများ ပြည့်နှက်နေ၏။

“ ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပေးမယ်။ကျွန်မနာမည်က ဒေလီယာ။မြို့တော်က တော်တော် များများကတော့ ကျွန်မကို မဒမ် ဘလက်ဝစ်ဒိုးလို့ ခေါ်ကြတယ်။နတ်ဆိုးဘုံက ဘလက်ဝစ်ဒိုးတွေအကြောင်း ရှင်သိလား။အထီးနဲ့ပတ်သက်ရင် မိတ်လိုက်ဖက် ဆိုရင်တောင် ဘလက်ဝစ်ဒိုး အမတွေက မတုံ့ဆိုင်းဘဲ စားပစ်ကြတယ်။အဲဒါကြောင့် ကျွန်မလည်း ယောက်ျားတွေကို အသက်ရှင်ခွင့် ပေးရတာ မကြိုက်ဘူး။ ”

( ဘလက်ဝစ်ဒိုး = အထီးကို စားပစ်သည့် အဆိပ်ပြင်း ပင့်ကူတစ်မျိုး။ )

ဒေလီယာကို ယခင်က မတွေ့ဖူးကြောင်း ချန်လွေ့သိသည်။ထို့ကြောင့် ထိုအမုန်းတရား မည်သည့်နေရာမှ လာကြောင်း ချန်လွေ့ မသိပေ။ သူက ယောက်ျားတွေအားလုံးကို မုန်းတာလား။ ရက်စက်တယ်။ ကြောက်စရာကောင်းတယ်။သူက တကယ့်ကို မဒမ် ဘလက်ဝစ်ဒိုး ဆိုတဲ့ နာမည်အတိုင်းပဲ။

နတ်ဆိုးဘုရင်အဆင့်က တကယ် ကြောက်စရာကောင်းတယ်။ဒါပေမဲ့ အမုန်းတရား ကတော့ ပိုပြီးကြောက်စရာကောင်းတယ်။

ချန်လွေ့ စိတ်ထဲ၌ တုန်လှုပ်သွားသော်လည်း ထိုအကြောင်းကိုစဉ်းစားရန် အချိန်မရှိပေ။ သူ၏ပထမဦးစားပေးမှာ ဤထူးဆန်းပြီး ကြောက်စရာကောင်းသည့် မိန်းမထံမှ အသက်ရှင်လွတ်မြောက်ရန်ပင် ဖြစ်သည်။

တခြားအရာတွေအကြောင်း မစဉ်းစားခင် အရင်ဆုံး အသက်ရှင်အောင် လုပ်ရမယ်။

“ ဒါပေမဲ့ ရှင်ဒီနေ့ ကံကောင်းတယ်။ကျွန်မ စိတ်ပျော်နေတယ်... ”

ဒေလီယာ၏မျက်လုံးများ၌ ဂုဏ်ယူမှုများ ပြန်ရောက်ရှိသွားသည်။

“ ဒီတော့ အခု အမှန်အတိုင်းဖြေ။ဒါဆိုရင် ရှင် တကယ် အသက်ရှင်နိုင်ရင်ရှင်မယ်။ ”

အခုတွင် ချန်လွေ့၌ ရွေးစရာ မရှိတော့ပေ။ချန်လွေ့တွင် အမြဲတမ်း ဗျူဟာ ထောင်ချီရှိသော်လည်း ယခုချိန်အတွက် အသုံးပြု၍မရသည့်အတွက် ရွေးစရာ မရှိတော့ဘဲ ခေါင်းညိတ်လိုက်ရသည်။

“ ရှင့်နာမည်က... ”

“ ရစ်ချက် ”

ထိုနာမည်သည် သူ့နာမည်၏ မူကွဲတစ်ခုမှလွဲပြီး ဘာမှမဟုတ်ခဲ့ပေ။အက်ဂ်ယော ဟူသောနာမည်ကို ချန်လွေ့ အလွယ်တကူ မသုံးရဲပေ။

“ ရှင်ဘယ်ကနေ လာတာလဲ။ရှင်ဘာလုပ်တာလဲ။ ”

“ ကျုပ်က လိုင်ရာမြို့ကနေ လာတာ။ကျုပ်က မြို့တော်ဆီကို သွားချင်တာ။လမ်းမှာ တိုက်ခိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲဒါကြောင့် လိုက်ဖမ်းခံရပြီးတော့ သတိလစ်သွားတာ။ကျုပ်နိုးလာတော့ ဒီကို ရောက်နေတာပဲ။ ”

ချန်လွေ့ သေသေချာချာ ဖြေလိုက်သည်။ဒေလီယာ၏အသံသည် ပို၍နူးညံ့သွားပြီး ပိုရင်းနှီးသွားသည်ဟု ချန်လွေ့ ခံစားလိုက်ရသည်။၎င်းသည် ဆွဲဆောင်မှုများ ပြည့်နေသည့် ဝဲစလုတ်ကဲ့သို့ပင် ဖြစ်သည်။ထိုဝဲစလုတ်ထဲဝင်လျှင် အန္တရာယ်ရှိသည်ကို သိသော်လည်း ချန်လွေ့ မခုခံနိုင်ခဲ့ပေ။တဖြည်းဖြည်းနှင့် ချန်လွေ့သည် မီးတောက်ထဲသို့ ပျံသန်းနေသော ပိုးဖလံတစ်ကောင်ကဲ့သို့ ပိတ်မိသွားသည်။

ထိုအချိန်တွင် ဒေလီယာ၏ ရေကန်ပြာ ညာမျက်လုံးအတွင်း၌ ထူးဆန်းသော အလင်းရောင်တစ်ခု ဖြည်းညှင်းစွာ တောက်ပလာသည်။

တစ်ခုခုလွဲနေကြောင်း ချန်လွေ့ သိလိုက်သော်လည်း ပြောစကားများသည်လည်း ဆန္ဒအတိုင်းမဟုတ်တော့ပေ။တဖြည်းဖြည်းနှင့် တစ်ဖက်လူ၏ စည်းချက်ထဲသို့ ချန်လွေ့ ကျရောက်သွားတော့သည်။

All Chapters