နတ်မိစ္ဆာမျက်လုံး။ဒေလီယာ၏ ထိတ်လန့်မှု
Vol. 8 Ch. 116
ချန်လွေ့သည် ယခုမှ နတ်ဆိုးဘုံသို့ရောက်သည့် အားနည်းသူ တစ်ယောက် မဟုတ်တော့။မြောက်မြားလှစွာသော စမ်းသပ်ချက်များ၊လေ့ကျင့်ရေးကွင်းနှင့် လက်တွေ့ တိုက်ခိုက်မှုတို့၌ သူသေကိုယ်သေ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပြီးပြီ ဖြစ်သည်။ထို့ကြောင့် သူ၏စိတ်စွမ်းအားသည် ကြံ့ခိုင်မာကြောနေပြီ ဖြစ်သည်။ စွမ်းအား ဖိနှိပ်ခံထား ရသည့်အပြင် ဒေလီယာ၏မျက်လုံးထဲရှိ ထူးဆန်းသော စွမ်းအား လွှမ်းမိုးမှုကို ခံထားရသည့်အတွက် မသိစိတ်ဖြင့် ပြောလိုက်မိသော်လည်း အဖြေသည် အတူတူပင် ဖြစ်သည်။
“ ကျုပ်နာမည်က ရစ်ချတ်။ ”
“ ကျုပ်က လိုင်ရာမြို့ကပါ...... ”
ဒေလီယာသည် ချန်လွေ့၏ စိတ်စွမ်းအား ကြံ့ခိုင်မှုကို ခံစားလိုက်ရပြီး သရော်ပြုံး ပြုံးလိုက်သည်။အပြာရောင် ညာဘက်မျက်လုံးသည် ဖြည်းဖြည်းချင် ပိုနက်မှောင်လာပြီး ထိုဆွဲဆောင်မှု စွမ်းအားသည်လည်း ပို၍အစွမ်းထက်လာသည်။ အသိစိတ်ကို အိပ်မက်ကဲ့သို့ ဝဲစလုတ်ထဲသို့ ပြင်းထန်သည့် အားတစ်ခုက နက်နက်ရှိုင်းရှိုင်း ဆွဲယူသွားကဲ့သို့ ချန်လွေ့ ခံစားလိုက်ရသည်။ချန်လွေ့၏ စိတ်စွမ်းသည်လည်း ထိုဖြစ်စဉ် အတွင်း၌ ပို၍အားနည်းလာသည်။သို့သော်လည်း အံကြိတ်ကာ ဆက်လက် ခုခံနေရင်း ခေါင်းပေါ်မှ ချွေးစက်များ ကျဆင်းလာတော့သည်။
ငါ ကျရှုံးလို့ မဖြစ်ဘူး။
ဒေလီယာ၏ ညာဘက်မျက်လုံး လုံးဝနက်မှောင်သွားပြီး ခန်းမတစ်ခုလုံးရှိ မှော် အလင်းရောင်များ မှိန်ကျသွားသည်။ချန်လွေ့၏စိတ်ထဲ၌ ဝုန်းခနဲ အသံမြည်ကာ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ထွက်သွားသလို ဖြစ်သွား၏။ချန်လွေ့သည် ကြက်သီးထစရာ အိပ်စက်ဆိုးအတွင်း၌ လုံးဝပိတ်မိနေပြီ ဖြစ်သည်။တင်းတင်းဆွဲထားသော လေးကြိုးသည် နောက်ဆုံး၌ ပြတ်ထွက်သွားသကဲ့သို့ပင် ဖြစ်၏။
ဒေလီယာသည် ချန်လွေ့၏ခုခံမှုကို ဖောက်ထွင်းသွားနိုင်သော်လည်း မအံ့ဩဘဲ မနေနိုင်ပေ။ ထိုသူ၏အစွမ်းသည် ဖိနှိပ်ခြင်းခံထားရသည်။သို့သော်လည်း သူ၏ စိတ်စွမ်းအားသည် နတ်မိစ္ဆာမျက်လုံးကို အချိန်အတော် ကြာသည်အထိ ပြန်လည် တိုက်ခိုက် နိုင်လောက်ရန် အစွမ်းထက်လိမ့်မည်ဟု ဒေလီယာ မထင်ထားခဲ့ပေ။ထို့ပြင် ချန်လွေ့၏အသိစိတ်ကို ဒေလီယာလုံးဝ လွှမ်းမိုးနိုင်သွားသော်လည်း ချန်လွေ့၏ ဦးနှောက်ထဲရှိ အတွေးများကို ရှင်းရှင်းလင်းလင်း မကြည့်နိုင်သေးပေ။၎င်းသည် ချဉ်းကပ်ရန်ခက်ခဲသော မိုးကုတ်စက်ဝိုင်းရှိသည့် ပင်လယ်ပြင်ကျယ်ကြီး ကဲ့သို့ပင် ဖြစ်သည်။
“ ဟမ့်။အိပ်မက်ဆိုးမျက်လုံးကို ထိုးဖောက်ကြည့်ရှုမှုကို ခုခံနိုင်တာ ဘာမှမရှိဘူး။ရှင့်ရဲ့ အမှတ်ရဆုံး မှတ်ဉာဏ်က ဘာလဲဆိုတာ အရင်ကြည့်လိုက်မယ်။ ”
ဒေလီယာ၏ ညာဘက်မျက်လုံးရှိ အလင်းရောင် ပို၍တောက်ပလာသည်။ထိုစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ချန်လွေ့၏ မူလကအကန့်အသတ်မဲ့နေသော အသိစိတ် ဖြည်ဖြည်းချင်း တောက်ပလာသော်လည်း အတော်လေး အားနည်းနေသေးသည်။ ဒေလီယာသည် နတ်မိစ္ဆာမျက်လုံးကို အပြည့်အဝ အသက်သွင်းလိုက်သည့်အခါမှသာ ထိုရောင်ခြည်များကို နည်းနည်းချင်း စုစည်းနိုင်သွား၏။ဒေလီယာ၏ခေါင်းပေါ်မှ ချွေးများ ကျဆင်းလာပြီး နတ်ဆိုးဘုရင်အဆင့် စွမ်းအားရှိသော်လည်း အတော်လေး ကြိုးစား အားထုတ်ခဲ့ရသည်။
အလင်းရောင်များ ဖြည်းဖြည်းချင်း ဖြန့်ကျက်သွားပြီး ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ပွေ့ဖက်နေသည့် မြင်ကွင်းအဖြစ် ပြောင်းလဲသွားသည်။
ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် အချင်းချင်း တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်ခွာလိုက်ကြသည်။ယောက်ျားလေးသည် မျက်နှာ လွှဲနေပြီး မိန်းကလေး၏မျက်နှာကိုလည်း သေသေချာချာ မမြင်ရပေ။နတ်မိစ္ဆာမျက်လုံး၏ စွမ်းအားအပြည့် သုံးလိုက်သည့်အခါ ထိုမြင်ကွင်းသည် တဖြည်းဖြည်း ကြည်လင် လာသည်။
ချန်လွေ့ နဝေတိမ်တောင် ဖြစ်နေသော်လည်း သူ၏စိတ်အတွင်းထဲသို့ တစ်စုံတစ်ခု ခိုးကြည့်နေကြောင်း ခံစားရသည်။သူ၏ ပြန့်ကျဲနေသော အသိစိတ်သည် ခုခံရန်ကြိုးစား သော်လည်း နတ်မိစ္ဆာမျက်လုံးသည် အစွမ်းထက်ပြီး ထူးခြားလှသည်။နောက်ဆုံး၌ ချန်လွေ့၏ ခုခံမှု လုံးဝပြိုကွဲသွားတော့သည်။
အချိန်၌ ချန်လွေ့၏ခေါင်းထဲတွင် အသံတစ်သံ ထွက်ပေါ်လာ၏။
“ အမည်မသိ စိတ်စွမ်းအားကို ရှာတွေ့သည်။အရှိန်အဝါအဖြစ် ပြောင်းလဲမည်လား။ ”
မူးနောက်နေရင်း ချန်လွေ့ အတည်ပြုလိုက်မိသည်။
“ လုပ်လိုက်။ ”
ဒေလီယာ၏ မျက်လုံးတွင် ယောက်ျားလေးနှင့်မိန်းကလေး ပွေ့ဖက်နေသည့် မြင်ကွင်းသည် ပို၍ထင်ရှားပြတ်သားလာသည်။မိန်းကလေး၏မျက်နှာလည်း ပို၍ပြတ်သား ထင်ရှားလာသည်။မိန်းကလေး၏မျက်နှာကို သေသေချာချာ မြင်လိုက်ရသည့်အခါ ဒေလီယာ အလွန်ထိတ်လန့်သွားသည်။ထိုအချိန်၌ မြင်ကွင်းတစ်ခုလုံး လုံးဝချက်ချင်း ပြောင်းလဲသွားပြီး အဆုံးမဲ့တိမ်နီများ ဖြစ်သွားကြသည်။မီးကဲ့သို့ပူနေသည့် ထိုတိမ်နီ များတွင် လောကကြီးများကို ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ်ရော စွမ်းအင်များ ပါရှိနေလေသည်။
ဒေလီယာ၏ အနက်ရောင် နတ်မိစ္ဆာမျက်လုံးသည် ရုတ်တရက် အနီရောင်ဟပ်သွားသည်။ တစ်ဖက်လူ၏ အသိစိတ်ထဲ ဝင်ရောက်နေသည့် သူ၏ဝိညာဉ်သည် အဖက်ဖက်မှ ပေါ်ထွက်လာသည့် ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် စုတ်ပြဲသွားပြီး ဝါးမျိုခံ လိုက်ရသည်။ ဒေလီယာ စူးခနဲ အော်ဟစ်လိုက်ပြီး နောက်သို့ သုံးလေးလှမ်း ဆုတ်လိုက်သည်။သူ၏ ညာမျက်လုံး၌ အမှန်တကယ်ပင် သွေးများ ယိုစီးနေ၏။
ထို့နောက် ချက်ချင်းပင် သွေးအန်သွားပြီး သူ၏ ဇာမျက်နှာလွှား နီရဲသွားသည်။
ဒေလီယာသည် အလွန်နာကျင်နေသည့် ညာမျက်လုံးကို ဖုံးထားလိုက်ပြီး မယုံကြည် နိုင်လောက်အောင် ဖြစ်သွားသည်။
နတ်မိစ္ဆာမျက်လုံးသည် လီဗျာသန် တော်ဝင်မိသားစုရဲ့ အစွမ်းထက် သွေးပါရမီများထဲမှ တစ်ခုဖြစ်သည်။၎င်းတွင် မယုံနိုင်စရာစွမ်းအားရှိပြီး နတ်ဆိုးဘုံ၌ ၎င်းကို “ မိစ္ဆာ ညာမျက်လုံး ” ဟု ခေါ်ကြသည်။စွမ်းအား ဖိနှိပ်ခံထားရသည့်အချိန်တွင် နတ်မိစ္ဆာ မျက်လုံးကို ချန်လွေ့ တန်ပြန်တိုက်ခိုက်နိုင်မည်ဟု ဒေလီယာ မမျှော်လင့်ထားခဲ့ပေ။
နတ်မိစ္ဆာမျက်လုံး၏ “ ဝိပါက် ”ဖြစ်သော ဘယ်ဖီဂေါ သွေးမျိုးဆက်စွမ်းအား ဖြစ်သည့် “မိစ္ဆာမျက်လုံး”သည်ပင် ဤစွမ်းအားကို မယှဉ်နိုင်ပေ။
နောက်ဆုံး၌ ချန်လွေ့ သတိပြန်ဝင်လာသည်။ကြီးကြီးမားမား ဆုံးရှုံးခဲ့သည့် ဒေလီယာကို ကြည့်ရင်း ၎င်းသည် စူပါစနစ်၏ အရှိန်အဝါပြောင်းလဲခြင်း အံ့ဩဖွယ်ရာ အာနိသင်ကြောင့် ဖြစ်မည်ဟု ချန်လွေ့ သိလိုက်သည်။သူ၏စွမ်းအား ပြန်မပြည့်သေးသည့်အတွက် ဝမ်းနည်းစရာပင် ဖြစ်သည်။ထို့ကြောင့် ထွက်ပြေး၍လည်းမရ။ခုခံ၍လည်း မရသေးပေ။ တစ်ဖက်လူသည် သူ့ကို သေချာပေါက် လက်စားပြန်ချေကာ နှိပ်စက်ပေလိမ့်မည်။
ဒေလီယာသည် မျက်လုံးကို ဖုံးထားသည်။ ထို့နောက် ချန်လွေ့ကို ဒေါသတကြီးဖြင့် မတိုက်ခိုက်ဘဲ အေးစက်စက် ကြည့်နေလိုက်သည်။
အချန်အတော်ကြာပြီးနောက် ဒေလီယာ ရုတ်တရက် ပြောလိုက်သည်။
“ ရှင်နဲ့အသီနာ ဘယ်လိုပတ်သက်လဲ။ ”
သူ၏စိတ်ထဲ၌ ဒေလီယာ ဝင်ကြည့်နိုင်ခဲ့ကြောင်း ချန်လွေ့ သဘောပေါက်သွားပြီး ရုတ်တရက် ထိတ်လန့်သွားသည်။
နေပါဦး။အသီနာ နဲ့ ဒေလီယာ....ဧကန္တ....
နတ်ဆိုးဘုံ၌ နာမည်တူများစွာရှိသည်။သံသယ အနည်းငယ်ရှိသော်လည်း ချန်လွေ့ သတိလက်လွတ် မနေခဲ့ပေ။တစ်ဖက်လူသည် သူ၏အသိစိတ်ထဲ၌ အသီနာ၏နာမည်ကို သိသွားပြီး သတင်းအချက်အလက် ပိုရရှိရန် အသုံးချနေခြင်းလည်း ဖြစ်နိုင်ပေသည်။
ချန်လွေ့ ခဏစဉ်းစားပြီး ခေါင်းခါလိုက်သည်။
“ ဘယ် အသီနာကိုမှတော့ ကျုပ်မသိဘူး။ဒါပေမဲ့ တဏှာကြီးပြီးတော့ လောင်းကစားနဲ့ အရက် စွဲလမ်းနေတဲ့ လူတစ်ယောက်ကိုတော့ ကျုပ်သိတယ်။ပြီးတော့ သူက တော်တော်လေး ပျင်းရိပျင်းတွဲပုံစံ ပေါက်နေတယ်။ခင်ဗျား သူ့ကိုသိလား။ ”
ဒေလီယာ၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။သို့သော်လည်း ချက်ချင်းနီးပါးပင် ပြန်လည် တည်ငြိမ်သွား၏။
“ ကျွန်မ သူ့ကို မသိဘူး။ ”
“ သူ ကျုပ်ကို ဒါပေးခဲ့တယ်။ ”
ဒေလီယာ၏ တုံ့ပြန်မှုသည် ချန်လွေ့ကို စိတ်ချစေခဲ့သည်။ချန်လွေ့သည် လက်ထိပ်ကို အတင်းမလိုက်သည်။ထို့နောက် လက်ထဲ၌ အထူးအေးစက်မှုတစ်ခု ထုတ်လွှတ်နေသည့် စိန်ပုံသဏ္ဍာန် ကျောက်မျက်တစ်ခု ပေါ်လာသည်။
“ ရေခဲသလင်းကျောက်ပဲ။ ”
ဒေလီယာသည် ထိုကျောက်မျက်ကို ယူလိုက်သည်။
“ ဟမ့်။စမ်းသပ်မနေနဲ့တော့။အဲဒီ မျိုးမစစ်ကောင်က ဒီလိုမရှိဘူး။အသီနာနဲ့ရှင် ဘယ်လို ပတ်သက်နေတာလဲ။ ”
တိုက်ဆိုင်ချက်ပဲ။သူက တကယ် ဒေလီယာပဲ။
ဒေလီယာသည် အသီနာနှင့် စိတ်နေသဘောထားဆင်တူပြီး နွေးထွေးကာ သဘောထား ကြီးသည့် မိန်းမတစ်ယောက်ဖြစ်မည်ဟု ချန်လွေ့ ထင်ထားခဲ့သည်။ဒေလီယာသည် မဒမ် ဘလက်ဝစ်ဒိုး ဖြစ်မည်ဟု ချန်လွေ့ လုံးဝမထင်ထားခဲ့ပေ။ထို့ပြင် မနာလိုခြင်း တော်ဝင်မိသားစု...ဖြစ်သည်ကိုလည်း အသီနာပင် သိလိမ့်မည် မဟုတ်ပေ။
“ ခင်ဗျားက တကယ် ဒေလီယာပဲကိုး။ ”
ချန်လွေ့ သက်ပြင်းချလိုက်သည်။မည်သို့ပင် ဆိုစေကာမူ အသက်ရှင်ရန်အတွက် မျှော်လင့်ချက် အနည်းငယ် ရှိသွားပြီ ဖြစ်သည်။
“ ကျုပ်တို့က မိတ်ဆွေတွေဆိုတော့ ဒီလက်ထိပ် ခြေထိပ်တွေကို အရင်ဆုံး ဖြုတ်ပေး နိုင်မလား။ ”
“ ကျွန်မသိတဲ့ မိတ်ဆွေက အသီနာပဲ။ရှင်မဟုတ်ဘူး။တကယ်လို့ ရှင်က အသီနာရဲ့လူ ဖြစ်ရင်တောင်......။ဒါပေမဲ့လည်း သူ့ရဲ့အကြိုက်က သိပ်ပြီးကောင်းတဲ့ပုံ မပေါ်ဘူး။ ”
အသီနာနှင့် ရန်သူဖြစ်နေသကဲ့သို့ပင် ဒေလီယာသည် အတော်လေး အေးစက်သည့် လေသံဖြင့် ခက်ထန်စွာ ပြောလိုက်သည်။
အသီနာရဲ့လူ တဲ့လား။ အဲဒီဂုဏ်ပုဒ်ကို ငါတော်တော်လေး သဘောကျတယ်။ပြောရ ရင်တော့ အဲဒီအဆင့်အထိ ငါတို့ရောက်တော့မယ်။
ဒေလီယာ၏ သဘောထားဆိုးဝါးသော်လည်း သူ၏မျက်လုံးထဲ၌ အမုန်းတရားမရှိတော့ဘဲ အေးစက်သော အမူအရာ ရှိတော့ကြောင်း ချန်လွေ့ မြင်နေရသည်။
“ တကယ်တော့ အကြိုက်ဆိုတာက ကိုယ့်ရဲ့အတွင်းစိတ်နဲ့ပဲ ဆိုင်ပါတယ်။လူတိုင်းမှာ ကိုယ်ကြိုက်တာ ရှိတယ်ဆိုတဲ့ စကားလည်း ရှိတာပဲ။ကျုပ်သိချင်တာက ခုနက ခင်ဗျား ဘာမြင်သွားလဲ ဆိုတာပဲ။ ”
၎င်းသည် ချန်လွေ့ အစိုးရိမ်ဆုံး မေးခွန်းဖြစ်သည်။
“ ဟမ့်။မစိုးရိမ်ပါနဲ့။ရှင်နဲ့အသီနာ ဖက်နေတာကိုပဲ ကျွန်မ မြင်ခဲ့တာပါ။အဲဒါက ရှင့်ရဲ့ အမှတ်ရဆုံး မှတ်ဉာဏ်ပဲ။ကြည့်ရတာတော့ ရှင့်မှာ အသိတရားနည်းနည်း ရှိတဲ့ပုံပဲ။ ”
ဒေလီယာသည် မျက်လုံးကို ဖုံးထားသည့် လက်အား ဖြေလျော့လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“ ရှင့်ရဲ့ပါရမီက ကျွန်မရဲ့ နတ်မိစ္ဆာမျက်လုံးကို တန်ပြန်နိုင်ပြီးတော့ ကျွန်မကိုပါ ထိခိုက်နိုင်တဲ့အထိ ထူးခြားလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ပြီးတော့ ရှင့်ရဲ့ သိုလှောင်လက်ပတ်ကိုလည်း သိမ်းထားပြီးပြီ။ရှင့်ကိုယ်ပေါ်မှာလည်း အပိုမရှိဘူး။အဲဒီ ရေခဲသလင်းကျောက်ကို ရှင်ဘယ်ကနေ ရတာလဲ။ ”
“ ကျုပ်က အသီနာရဲ့လူဆိုတော့ နည်းနည်းပါးပါးတော့ စွမ်းတာပေါ့။ ”
ထိုမြင်ကွင်းကိုသာ မြင်ခဲ့ကြောင့် ဒေလီယာ ပြောသည်ကိုကြားလိုက်ရာ ချန်လွေ့ စိတ်အေးသွားသည်။
တစ်စုံတစ်ယောက်၏ စိတ်ကို အမှန်တကယ် သိရန် လုံးဝမဖြစ်နိုင်ပေ။
ဒေလီယာသည် အသီနာ၏ မိတ်ဆွေတစ်ယောက် ဖြစ်သော်လည်း အန္တရာယ်ရှိမရှိ ချန်လွေ့ မသေချာသေးပေ။ထို့ကြောင့် အသနားခံသည့်သဘောဖြင့် ချန်လွေ့ ပြောလိုက်သည်။
“ ခုနက နားလည်မှုလွဲသွားတာပါ။ကျုပ် ခင်ဗျားကို စိတ်မကျေမနပ် ဖြစ်စေခဲ့ရင် ခွင့်လွှတ်ပေးပါ။ဒါပေမဲ့ ကျုပ်တကယ်ပဲ ရိုမန်နဲ့ တွေ့ခဲ့တာပါ။သိပ်တော့ မကြာသေးဘူး။ အဲဒီအချိန်တုန်းက ခင်ဗျားတို့နှစ်ယောက်ကြားက ကိစ္စတွေကို ကျုပ်မသိသေးဘူး။ ”
ရိုမန်၏ နာမည်သည် ဒေလီယာ၏လေသံကို ပို၍အေးစက်သွားစေသည်။
“ အဲဒီမျိုးမစစ်ကောင်က ကျွန်မနဲ့ ဘာမှမဆိုင်ဘူး။ကျွန်မက မြို့တော်ရဲ့ မဒမ် ဘလက်ဝစ်ဒိုးနဲ့ ဘဏ္ဍာရေး ဝန်ကြီးချုပ်ရဲ့ မုဆိုးမပဲ။ ”
မုဆိုးမ လား။ အဲဒါကြောင့် အဲဒီ လောင်းကစားစွဲနေတဲ့ လူဆိုးငပျင်းကောင်က အိမ်ထောင်သည် မိန်းမတွေနဲ့ မုဆိုးမတွေကို ပိုပြီး သဘောကျတာကိုး။သူတို့က လုံးဝပြီးပြည့်စုံတဲ့ စုံတွဲပဲ။ ချန်လွေ့ စိတ်ထဲ၌ ဝေဖန်လိုက်သည်။
“ နောက်သုံးလနေရင် အသံတိတ်ည စိမ့်မြေဆီကို အဲဒီမျိုးမစစ်ကောင် သွားလိမ့်မယ်။ သူကိုယ်တိုင် ကျုပ်ကို အဲဒါ ပြောခဲ့တာ။ ”
ဒေလီယာ တစ်စုံတစ်ခု ပြောချင်ခဲ့သော်လည်း တိတ်ဆိတ်သွားပြန်သည်။ထူးဆန်းသော စုံတွဲကြား၌ ချန်လွေ့ မပတ်ချင်ပေ။
“ အသီနာက အခု အမှောင်လမြို့မှာ မင်းသမီးရှီရာကို ကူညီပေးနေတယ်။ကျုပ်မှာ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုရှိတယ်။အမှောင်လမြို့ကို ၁၀ရက်အတွင်း ပြန်သွားဖို့ လိုတယ်။ဒေလီယာ။ကျုပ်ကို လွှတ်ပေးနိုင်မလား။ ”
“ ဒီရွှေသလင်းကျောက် ခြေထိပ်လက်ထိပ် တစ်စုံက အထဲမှာရှိတဲ့ လေဒီရဲ့ မှော်ပစ္စည်း တစ်မျိုးပဲ။ကျွန်မ မဖွင့်ပေးနိုင်ဘူး။ရှင့်ရဲ့ ပိုင်ဆိုင်မှုတွေကလည်း သူ့လက်ထဲမှာပဲ။ ”
ဒေလီယာ ခေါင်းခါပြီး ပြောလိုက်သည်။
“ ကျွန်မတို့က လိုင်ရာမြို့ဆီ အမြန်သွားနေတုန်း ရထားလုံးရှေ့မှာ ရှင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီးတော့ ရထားလုံးဆွဲတဲ့ မြင်းတွေကို ထိတ်လန့်သွားစေခဲ့တယ်။ပြီးတော့ လေဒီထွက်လာပြီးတော့ ရှင့်ကို ရထားလုံးထဲခေါ်ပြီးတော့ ရွှေသလင်းကျောက် ခြေထိပ် လက်ထိပ် ခတ်ထားဖို့ ပြောခဲ့တယ်။သူ့ရဲ့လေ့ကျင့်ရေး ပြီးတဲ့အချိန်ကျရင် သူရှင့်ကို ကိုယ်တိုင် စစ်မေးလိမ့်မယ်။ရှင့်ဒဏ်ရာက တော်တော်လေး ပြင်းထန်တယ်။ရှင် သတိလစ် နေတာ အခုဆိုရင် ၇နာရီ ၈နာရီလောက် ရှိနေပြီ။ ”
“ ရထားလုံး ဟုတ်လား။ကျုပ်က ၇နာရီ ၈နာရီလောက် သတိလစ်နေခဲ့တာလား။ ”
ချန်လွေ့ မဲ့ရွဲ့ပြီး ပြုံးလိုက်သည်။သူသည် ထူးထူးခြားခြား ကံဆိုးခဲ့ပြီး အမြန်သွားနေသည့် ရထားလုံးရှေ့၌ “ အမှောင်ဆန္ဒ ”၏ တယ်လီပို့ဖြင့် ရောက်ရှိသွားခဲ့လေသည်။
“ အခု ကျုပ်က ဘယ်မှာလဲ။ ”
ဒေလီယာ အသားလေး ခေါင်းညိတ်လိုက်သည်။
“ ကျွန်မတို့ကအခု ရထားလုံးထဲမှာပဲ။ဒါကလည်း လေဒီရဲ့ မှော်ပစ္စည်းတစ်မျိုးပဲ။ တော်တော်လေး အစွမ်းထက်တယ်။သူ့ရဲ့ခွင့်ပြုချက်မရှိရင် ကျွန်မ နတ်ဆိုးဘုရင်အဆင့် အစွမ်းနဲ့တောင် အပြင်ထွက်လို့ မရဘူး။ဒါက တကယ့်ကို မယုံနိုင်စရာ ကောင်းတယ်။ ”
ချန်လွေ့ ထိတ်လန့်သွားသည်။
ဒီခန်းမအကြီးကြီးနဲ့ အတွင်းအခန်းတွေက ရထားလုံးထဲမှာ တကယ်ပဲ ရှိနေတာပဲ။
ဒါက လေဟာနယ် ကိရိယာတစ်ခု မဟုတ်ဘူး။တကယ့် သက်ရှိနေရာလွတ်ပဲ။ဒါက ဝတ္ထု ထဲမှာ သူတော်စင်တစ်ယောက်ရဲ့ အိမ်ရှိတဲ့ အစေ့သေးသေးလေး တစ်ခုလိုမျိုးပဲ။ နတ်ဆိုးဘုံမှာ ဒီလိုအံ့ဩစရာကောင်းတဲ့ မှော်ပစ္စည်း တကယ်ရှိတာပဲ။
“ အဲဒီ လေဒီက ဘယ်သူလဲ။ခင်ဗျားတို့ ဘယ်ကိုသွားမလို့လဲ။ ”
“ လေဒီရဲ့ တကယ့်အဆင့်အတန်းကို ကျွန်မ မသိဘူး။သူက အရိပ်နက်အင်ပါယာရဲ့ တော်ဝင်အမျိုးသမီးတစ်ယောက် ဆိုတာကိုပဲ သိထားတယ်။သူ့ရဲ့ တည်နေရာကို အမြဲလျို့ဝှက်ထားသည်။ပြီးတော့ သူ့ကို အရှင်မ ကတ်သရင်းက တော်တော်လေး တန်ဖိုး ထားတယ်။ ”
ဒေလီယာ ခေါင်းခါလိုက်သည်။
“ ကျွန်မကို ဧကရီ ကတ်သရင်းက ပစ္စည်းတစ်ခုခုအတွက် လေဒီကို လိုင်ရာမြို့ဆီ လိုက်ပို့ပေးဖို့ တာဝန်ပေးထားခဲ့တာ။ ”
လိုင်ရာမြို့ကိုလား။
ချန်လွေ့သည် လိုင်ရာမြို့၌ သူပြုလုပ်ခဲ့သည့် “ ကောင်းမွန်သော ကိစ္စများ ”ကို တွေးမိ သွားပြီး ချက်ချင်း သဘောပေါက်လိုက်သည်။
ဒေလီယာနဲ့ အဲဒီ လေဒီတို့က မိစ္ဆာတလဲသီးကို လာခူးဖို့ အရိပ်နက်အင်ပါယာက လွှတ်လိုက်တဲ့ သံတမန်တွေပဲ။
ပြဿနာက လိုင်ရာမြို့မှာ အခု ဖရိုဖရဲ ဖြစ်နေတာပဲ။ မြို့တော်ဝန် ခန်ဒါကြီးကလဲ အဆိပ်မိပြီး သေသွားတယ်။ မိစ္ဆာတလဲသီးတွေ အားလုံးကိုလည်း ငါစားလိုက်ပြီး အသီးအစေ့ကတော့ ကြယ်စင်စု ဥယျာဉ်ထဲမှာပေါ့။ဒေလီယာနဲ့အဖွဲ့ကတော့ လက်ဗလာနဲ့ ပြန်ကြရမှာပဲ။
လိုင်ရာမြို့၌ သူပြုလုပ်ခဲ့သည့်ကိစ္စသည် အတော်လေး ကြီးမားသည်။ဒေလီယာသည် အသီနာ၏မိတ်ဆွေတစ်ယောက်သာ ဖြစ်ပြီး သူနှင့်လည်း မရင်းနှီးပေ။ထို့ကြောင့် ဤကိစ္စကို ပြောပြ၍ မဖြစ်ပေ။ချန်လွေ့ အမြန်ဆုံး ထွက်သွားမှ ဖြစ်ပေမည်။
“ လေဒီက လမ်းတစ်လျှောက်လုံးနီးပါး တံခါးပိတ်ပြီး လေ့ကျင့်နေခဲ့တာ။ကျွန်မက ဒီခရီးစဉ်မှာ သူ့ရဲ့ လက်အောက်ငယ်သား တစ်ယောက်ပဲ။ကျွန်မတို့ သိပ်ပြီး အဆက်အဆံမရှိပေမဲ့ သူက ကျွန်မကို မမေ့နိုင်စရာ ခံစားချက်တစ်ခု ပေးခဲ့တယ်။ နောက်ပိုင်း သူရှင့်ကို ကိုယ်တိုင် စစ်မေးရင် ကျွန်မတို့ အချင်းချင်း သိကြတယ်ဆိုတာ မပြောနဲ့။ဒီစမ်းသပ်ချက်ကို ရှင်ကျော်လွှားနိုင်ရင် ရှင့်ကိုဒီကနေ ထွက်သွားနိုင်ဖို့ နည်းလမ်းရှာပေးမယ်။ ”