ကြောက်မက်ဖွယ်ရာ အမြော်အမြင်။လျို့ဝှက်ဆန်းကြယ်သော တော်ဝင်လေဒီ
Vol. 8 Ch. 117
ဒေလီယာ၏ စကားများသည် အေးစက်နေသေးသော်လည်း သူ့ကိုဘေးချိတ်ထားခြင်း မဟုတ်ကြောင်း ချန်လွေ့ ပြောနိုင်သည်။ ချန်လွေ့ သိုသိုသိပ်သိပ် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ ကျေးဇူးပါပဲ။ဒေလီယာ။နောက်၃လကျလို့ အခွင့်သာမယ်ဆိုရင် ကျုပ် အသံတိတ်ည စိမ့်မြေဆီကိုလာပြီး ကူညီပေးမှာပါ။ကျုပ်က ခင်ဗျားနဲ့ ရိုမန်လောက် အစွမ်းမထက်ပေမဲ့ မှော်ထောင်ခြောက်တွေကိုတော့ ကျုပ်တော်တော်လေး နားလည်တယ်။ကျုပ် ကူညီပေး နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”
ထို“အကူအညီ”ဆိုသည်မှာ အဆင်ပြေသလို ပြောလိုက်ခြင်း ဖြစ်သည်။အမှန်တကယ်တွင် ချန်လွေ့၏ နောက်ထပ် အစီအစဉ်မှာ အသံတိတ်ည စိမ့်မြေသို့သွားပြီး ပါ့ဂ်လီအို၏ ရတနာသိုက်ကို ရှာဖွေရန် ဖြစ်သည်။ဒေလီယာ ရှာနေသည့်ရတနာသည် အဆိပ်နဂါး၏ စုဆောင်းမှုထဲ၌ ရှိနေလောက်ပေမည်။ ပြဿနာမှာ ထိုသတိမေ့တတ်သည့် အဆိပ်နဂါးသည် ရတနာသိုက်အတွင်း၌ အစွမ်းထက်ဆုံး အလိုအလျောက် ဖျက်ဆီးခြင်း ထွင်းစာကို ခင်းကျင်းထားခဲ့ခြင်းပင် ဖြစ်သည်။အကြောင်းပြချက်အချို့ကြောင့် ထွင်းစာ များသည် ၃နှစ်ကြာတိုင်း အားနည်းသွားသော်လည်း “အလိုအလျောက်ပျက်စီးခြင်း စနစ်” ကို လျှော့တွက်၍မရပေ။၎င်းကို ဒေလီယာနှင့်ရိုမန် အသက်သွင်းမိသွားခြင်း အားလုံး ရေစုံမျောပေတော့မည်။
“ ဟမ့်။အဲဒါက အဲဒီမျိုးမစစ်ကောင် ပြောခဲ့တာပဲ။နောက်၃လနေရင် ကျွန်မသွားမယ်လို့ မပြောခဲ့ပါဘူး.... ”
ဒေလီယာ မကျေနပ်သေးပေ။
“ ပြီးတော့ ရှင် အသီနာကို အနိုင်ကျင့်တယ်ဆိုတာ ကျွန်မသိရင် ရှင့်ကိုအလွတ်မပေးဘူး။ ”
“ ကျုပ် အနိုင်မကျင့်ရဲပါဘူး။အသီနာက အမြဲတမ်း ကျုပ်ကို အနိုင်ကျင့်တာပါ။ ”
ချန်လွေ့ ခေါင်းခါပြီး ခါးသက်သက် ပြုံးလိုက်သည်။
“ ခင်ဗျား သိမှာမဟုတ်ဘူး။အခု အသီနာက အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းကို ချဉ်းကပ် နေပြီ။ ”
“ အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းလား။ ”
ဒေလီယာ အံ့အားသင့်သွားသည်။
“ လွန်ခဲ့တဲ့ ၃နှစ်တုန်းက အသီနာက အလယ်ဆင့်နတ်ဆိုး အလတ်ပိုင်းပဲ ရှိသေးတယ်။ သူက သန္ဓေပြောင်းသွေးမျိုးဆက်ရှိတဲ့ မဟာနတ်ဆိုးတွေထဲမှာ ပါရမီရှင်ဆိုရင်တောင် ဒီလိုအချိန်တိုအတွင်းမှာ အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းကိုရောက်ဖို့ မဖြစ်နိုင်ဘူး။ ”
“ ကျုပ် ခင်ဗျားကို လိမ်ဖို့အကြောင်း မရှိပါဘူး။သူ့ရဲ့ စရိုက်အတိုင်းဆိုရင် နောက်၃လ အတွင်းမှာ အသံတိတ်ညစိမ့်မြေဆီကို သူသွားမှာပဲ။ ”
“ မဖြစ်ဘူး။ ”
ဒေလီယာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ အသံတိတ်ညစိမ့်မြေကို ရှင်ဘာထင်နေတာလဲ။ အဲဒီမှာ အမြင့်ဆင့်နတ်ဆိုးတွေ မရေမတွက်နိုင်အောင် ရှိတယ်။နတ်ဆိုးဘုရင်အဆင့်၊မဟာနတ်ဆိုးဘုရင်အဆင့်နဲ့ နတ်ဆိုး ဧကရာဇ်အဆင့် နတ်ဆိုးသားရဲတွေလည်း ရှိတယ်။နတ်ဆိုးဘုရင်အဆင့်ကို အသီနာ ရောက်သွားရင်တောင် အသံတိတ်ညစိမ့်မြေဆီကို သူမလာသင့်ဘူး။ ဒီရေခဲသလင်း ကျောက်ကို သူ့ဆီပြန်ပေးပြီးတော့ ကျွန်မရဲ့မိတ်ဆွေဖြ စ်ချင်သေးတယ်ဆိုရင် ကျွန်မရဲ့ ပြဿနာတွေကို ဝင်မရှုပ်ဖို့ပြောလိုက်။ရှင့်ရဲ့အစွမ်းနဲ့က ဝန်ထုတ်ဝန်ပိုးပဲ ဖြစ်မှာ။ဒီတော့ ရှင့်ကိုလည်း မကြိုဆိုဘူး။ ”
ချန်လွေ့သည် ရေခဲသလင်းကျောက်ကို လက်ခံပြီး ထပ်မပြောတော့ပေ။ဒေလီယာ၏ ရည်ရွယ်ချက်ကို ချန်လွေ့ နားလည်သည်။
ဒါက အသီနာရဲ့မိတ်ဆွေ တကယ့်ဒေလီယာပဲ ဖြစ်မယ်။
သူတို့နှစ်ယောက် ခဏတာ တိတ်ဆိတ်သွားကြသည်။ထို့နောက် ချန်လွေ့သည် တစ်စုံတစ်ရာကို သတိရသွားပြီး မေးလိုက်သည်။
“ ဒီမှော်ခြေထိပ်လက်ထိပ်ကို ရွှေသလင်းကျောက်ခြေထိပ်လက်ထိပ်လို့ ခေါ်တယ်လို့ ခင်ဗျားပြောခဲ့တာ မဟုတ်လား။ ”
ဒေလီယာ ခေါင်းညိတ်လိုက်ရာ ချန်လွေ့၏မျက်လုံး အရောင်တောက်သွားသည်။
ရွှေသလင်းကျောက်က နတ်ဆိုးဘုံရဲ့ အရှားပါးဆုံး ရတနာတွေထဲက တစ်ခုပဲ။သူ့ထက်ပို၍ အရည်အသွေးနိမ့်တဲ့ သလင်းကျောက်တွေထဲမှာ သွေးသလင်းကျောက်၊ သလင်းကျောက်နက်၊ခရမ်းသလင်းကျောက်၊သလင်းကျောက်ဖြူတို့ ရှိတယ်။ သွေးသလင်းကျောက်ကလွဲရင် အခြားသလင်းကျောက်တွေကို နတ်ဆိုးဘုံမှာ ငွေကြေး အနေနဲ့ သုံးစွဲကြတယ်။
ချန်လွေ့သည် သွေးသလင်းကျောက်များကို အရှိန်အဝါအဖြစ် ကူးပြောင်းခဲ့ဖူးသည်။ အတုံးသေးသေးလေး တစ်တုံးမှ အရှိန်အဝါ ၆၀၀ကျော် ရရှိနိုင်သည်။အဓိကသော့ချက်မှာ ဤအရာသည် ကူးပြောင်း၍ရသော ပစ္စည်း ဖြစ်နေခြင်းပင် ဖြစ်သည်။ကူးပြောင်း၍ရသော ပစ္စည်း ဖြစ်သည့်အတွက် ဤခြေထိပ်လက်ထိပ်များကို ခြေထိပ်လက်ထိပ်ဟု မခေါ်နိုင် တော့ပေ။
ထိုအချိန်၌ အစေခံ ဆယ်လီ ထွက်လာပြီး သတင်းပို့လိုက်သည်။
“ မဒမ်။လေဒီရဲ့ လေကျင့်ရေးက ပြီးသွားပြီ။ အကျဉ်းသား နိုးနေပြီဆိုတာသိတော့ ချက်ချင်းပဲ စစ်မေးဖို့ သူပြောတယ်။ ”
“ သိပြီ။နင် အခုသွားလို့ရပြီ။ ”
ဒေလီယာသည် ချန်လွေ့ကို မျက်လုံးမှိတ်ပြလိုက်ပြီး ချန်လွေ့လည်း သဘောပေါက်ဟန် ပြလိုက်သည်။ယခုတွင် ချန်လွေ့ ပို၍ ယုံကြည်ချက် ရှိသွားလေပြီ။ချန်လွေ့သည် ခုနက [အရှိန်အဝါကူးပြောင်း] အစွမ်းကို တိတ်တဆိတ် အသက်သွင်းကြည့်သောအခါ ကူးပြောင်းသည့် အသိပေးချက် အမှန်တကယ် ပေါ်ထွက်လာသည်။စွမ်းအားဖိနှိပ်ခံရမှုက လွတ်မြောက်နိုင်တော့မည်မှာ အနှေးနှင့်အမြန်ပင် ဖြစ်သည်။ယခုအဓိကမှာ ပထမဦးစွာ လေဒီ၏စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ရန်ပင် ဖြစ်သည်။
ဤကဲ့သို့ “ ဥမင်အိမ် ”သည် အလွန်အစွမ်းထက်လှသည်။နတ်ဆိုးဘုရင်အဆင့် ရှိနေသည့် ဒေလီယာပင် “ လေဒီ ”၏ ခွင့်ပြုချက်မရှိဘဲ ဤနေရာမှ ထွက်သွား၍ မရနိုင်ပေ။
ဒေလီယာသည် ခန်းမများ၊အခန်းများနှင့် စင်္ကြံလမ်းတစ်ခုကိုဖြတ်ပြီး ချန်လွေ့ကို ခေါ်သွားလိုက်သည်။ထိုအတွင်း၌ အမှန်တကယ်ပင် ခြံဝင်းတစ်ခုရှိနေ၏။သို့သော်လည်း ကောင်းကင်ပေါ်ရှိ ရှုခင်းများသည် အတော်လေး နည်းပါးလှသည်။ထိုဝင်းထဲ၌ ချန်လွေ့သည် အရိပ်နက်မြို့တော်မှ တော်ဝင်အမျိုးသမီးကို မြင်တွေ့လိုက်ရသည်။
ဒေလီယာ၏ ဇာမျက်နှာလွှားသည် မျက်နှာကိုသာ ဖုံးကွယ်ထားပြီး မျက်လုံးများကို ဖော်ထားသည်။ထိုတော်ဝင်အမျိုးသမီးသည် မျက်နှာတစ်ခုလုံးကို ဇာမျက်နှာလွှားဖြင့် ဖုံးအုပ်ထားလေ၏။ထိုဖောက်ထွင်းမြင်ရသည့် ဇာမျက်နှာလွှားသည် အထူးကုန်ကြမ်း တစ်မျိုးဖြင့် ပြုလုပ်ထားသည်။မျက်နှာအသွင်အပြင်ကို အနည်းငယ် မြင်နိုင်သလိုလိုနှင့် လုံးဝမမြင်နိုင်သကဲ့သို့ပင် ဖြစ်သည်။
တော်ဝင်အမျိုးသမီးသည် ရှေးမူမပျက် ခါးကြပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဒေလီယာထက် အနည်းငယ် အရပ်နိမ့်သော်လည်း သူ၏ပုံရိပ်သည် ရွှေရောင်အချိုးကဲ့သို့ ပို၍ပြီးပြည့်စုံလေသည်။သူ၏မျက်နှာကို သေသေချာချာ မမြင်ရသော်လည်း လျို့ဝှက် ဆန်းကြယ်ပြီး တော်ဝင်သည့် ဆွဲဆောင်မှုမျိုး ပေးစွမ်းသည်။အေးစက်စက် ဒေလီယာ သည်ပင် ထိုလေဒီ၏ လွှမ်းမိုးမှုအောက် ရောက်သွားပုံရသည်။
[ သရုပ်ခွဲမျက်လုံး ] မှ ပြသသည်မှာ-
မျိုးနွယ် = ကာမ တော်ဝင်မိသားစု။
စွမ်းအားအကဲဖြတ်မှု = မဆုံးဖြတ်နိုင်။
တကယ် “ မဆုံးဖြတ်နိုင် ” ဖြစ်နေတာပဲ။
ဒီ အရိပ်နက်တော်ဝင်အမျိုးသမီးရဲ့ အစွမ်းက အနည်းဆုံးတော့ မဟာနတ်ဆိုးဘုရင် အဆင့်လောက် ရှိမယ်။
ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] ဖြင့် “ မဆုံးဖြတ်နိုင် ”သည့် လူသုံးယောက်သာ ရှိသေးသည်။ပထမတစ်ယောက်မှာ ပါ့ဂ်လီအို ဖြစ်ပြီး ဒုတိယတစ်ယောက်မှာ ရှီရာ ဖြစ်သည်။နောက်ဆုံးတစ်ယောက်မှာ အရိပ်နက် အင်ပါယာမှာ ဤတော်ဝင်အမျိုးသမီးပင် ဖြစ်သည်။
“ အမှောင်ဆန္ဒ ” သည် တစ်ဖက်လူလက်ထဲသို့ ကျရောက်နေသည့်အတွက် ချန်လွေ့ မဆင်မခြင် မလုပ်ရဲပေ။ရွှေသလင်းကျောက် လက်ထိပ်ကို ဖယ်ရှားနိုင်လျှင်တောင် နတ်ဆိုးဘုရင်အဆင့်အား ရင်ဆိုင်ရမည်ဖြစ်၍ ထွက်ပြေးလွတ်မြောက်နိုင်ချေ မရှိပေ။
“ ဒေလီယာ။ရှင်ဘယ်လို ဒဏ်ရာရသွားတာလဲ။ ”
တော်ဝင်အမျိုးသမီး၏အသံ ထွက်ပေါ်လာသည်။ သူ၏လေသံသည် အဆုံးမဲ့ တည်ငြိမ်နေသည့် အတွက် ချိုသာသောအသံကိုပင် မေ့လျော့သွားစေသည်။
ဒေလီယာသည် သွေးပေနေသည့် ဇာမျက်နှာလွှားကို လဲပြီးသွားသော်လည်း တော်ဝင် အမျိုးသမီးထံမှ မဖုံးကွယ်နိုင်ခဲ့ပေ။ဒေလီယာ ပြန်ဖြေလိုက်သည်။
“ ဟုတ်ကဲ့။အကျဉ်းသားရဲ့ စိတ်စွမ်းအားက တော်တော်လေး အားကြီးတယ်။ခုနက ကျွန်မသူ့ကို စစ်မေးနေတုန်း သတိလက်လွတ်ဖြစ်သွားလို့ နည်းနည်း ထိခိုက်သွားတာပါ။ ဒါပေမဲ့ သတင်းတချို့တော့ ရခဲ့တယ်။သူ့နာမည်က ရစ်ချတ်။သူက လိုင်ရာမြို့ကနေ လာပြီးတော့ လမ်းမှာ ရန်ပွဲတစ်ခုနဲ့ ကြုံတွေ့ခဲ့တယ်.... ”
တော်ဝင်အမျိုးသမီးသည် အေးအေးဆေးဆေး နားထောင်ပြီး ဘာမှမပြောပေ။ ချန်လွေ့ကိုသာ ဖြတ်ခနဲ ကြည့်လိုက်သည်။ဇာမျက်နှာလွှား နောက်ဘက်ရှိ မျက်လုံးတွင် စိတ်ထဲထိုးဖောက်နိုင်သည့် ထူးဆန်းသော စွမ်းအားတစ်ခု ရှိသည်ဟု ချန်လွေ့ ခံစားလိုက်ရသည်။ချန်လွေ့သည် ချက်ချင်းပင် စိတ်ဓာတ်ကျနေပုံကို ပိုမိုယုတ္တိရှိအောင် ပြုလိုက်လိုက်ပြီး အကြည့်လွှဲလိုက်သည်။
“ လေဒီ။ခုနက ကျွန်မသူ့ကို လျှော့တွက်မိခဲ့ပေမဲ့ ဒါက ယောက်ျားတစ်ယောက်ဆီကနေ ကျွန်မ ပထမဆုံး ခံစားရတာပဲ။နောက်ကျရင် သူ့ကို ကျွန်မဆီ လွှဲပေးပါလား။ကျွန်မသူ့ကို မဒမ် ဘလက်ဝစ်ဒိုးရဲ့ အရသာကို မြည်းခိုင်းမယ်။ ”
ဒေလီယာသည် ဆွဲဆောင်မှုရှိသော အသံတွင် ခါးသီးမှု ပါဝင်နေသည်။ဒေလီယာ တမင်ကာကွယ်ပေးနေသည်ကို သိသည့်အတွက် ချန်လွေ့ ခေါင်းငုံ့ထားလိုက်သည်။
“ ငါတို့က အလျင်မလိုဘူးဆိုတော့ ဒါကိုနောက်မှ ပြောကြတာပေါ့။ ”
လေဒီသည် ဒေလီယာ၏ တောင်းဆိုမှုကို တစ်ခါတည်း သဘောမတူခဲ့ပေ။
“ မဒမ်-ဒေလီယာ။အခု ရထားလုံးအပြင်ထွက်ပြီးတော့ ဘော့ဘ်ကို ရပ်ခိုင်းလိုက်ပါ။ပြီးရင် ဆက်သွယ်ရေးအဆောင်ကိုသုံးပြီး အဖြစ်အပျက်တစ်ခုခု ဖြစ်လားဆိုတာ သိဖို့အတွက် လိုင်ရာမြို့ကို ဆက်သွယ်လိုက်။အမ္မာ။ဆယ်လီ။နင်တို့နှစ်ယောက် အခုသွားလို့ရပြီ။ ”
ဒီတော်ဝင်အမျိုးသမီးက ဒီလိုဆုံးဖြတ်ချက် ချခဲ့တာပဲ။
ချန်လွေ့ ခေါင်းငုံ့ထားသော်လည်း နှလုံးခုန်နှုန်း မြန်ဆန်နေသည်။
ဒါက တိုက်ဆိုင်တာလား။ဒါမှမဟုတ် တစ်ခုခုကိုများ သူသတိထားမိသွားတာလား။
သူတို့သုံးယောက် ထွက်သွားသည့်အခါ တော်ဝင်အမျိုးသမီးသည် ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး ချန်လွေ့အရှေ့သို့ ရောက်လာသည်။
“ ရစ်ချတ်။အခုတော့ ကျွန်မရှင့်ကို ဒီလိုပဲ ခေါ်မယ်။ ”
လေဒီ အသာလေး ပြောလိုက်သည်။
“ ရှင်က လိုင်ရာမြို့ကဆိုတော့ လိုင်ရာမြို့မှာ ဘာဖြစ်လဲဆိုတာကို ပြောပြပါလား။ ကျွန်မရှင့်ကို ပြောဖို့မေ့နေတာ။လိုင်ရာမြို့ကို ဆက်သွယ်ဖို့ ဒေလီယာကို ပြောတုန်းက ရှင့်ရဲ့ နှလုံးခုန်နှုန်းက နည်းနည်း မူမမှန် ဖြစ်သွားတယ်။....ရှင် အမှန်အတိုင်း ပြောနိုင်မလား။ ”
တော်ဝင်အမျိုးသမီးရဲ့ လေသံသည် တည်ငြိမ်ပြီး ချိုသာသည်။ဒေလီယာ၏ အေးစက်မှုနှင့် တခြားစီပင်။အကျဉ်းသားကို ဆက်ဆံသည့်ပုံစံမျိုးမဟုတ်ဘဲ မိတ်ဆွေတစ်ယောက်ကို ဆက်ဆံသည့် ပုံစံမျိုးဖြစ်နေသည်။သို့ရာတွင် ချန်လွေ့၏ စိတ်ထဲ၌ ပို၍ပင် နိုးကြား သွားသည်။ ခုနကပြောခဲ့သည့် စကားများသည် တော်ဝင်အမျိုးသမီး ကြောက်စရာ အမြော်အမြင်နှင့် ကြောင်းကျိုးဆင်ခြင်မှုကို ပြသနေလေပြီ။
ဒီတော်ဝင်အမျိုးသမီးရဲ့ ဉာဏ်ရည်ဉာဏ်ကဲက မရိုးရှင်းဘူး။ကြည့်ရတာ သူ့ကို သာမန် နည်းလမ်းတွေနဲ့ မလှည့်စားနိုင်လောက်ဘူး ထင်တယ်။
“ လေဒီက ပါးနပ်တဲ့အတွက် ကျုပ် အမှန်အတိုင်း ပြောပ့ါမယ်။မြို့ထဲမှာ တော်တော်လေး ကြီးမားတဲ့ အဖြစ်အပျက်တွေ တကယ်ပဲ ဖြစ်ခဲ့တယ်။ကြက်သွေးနီအစောင့်တွေ ပုန်ကန်ပြီးတော့ မြို့တော်ဝန်က ကာကွယ်ရေးတပ်ဖွဲ့ လွှတ်ပြီး သူတို့ကို ဖိနှိပ်ခဲ့တယ်လို့ ကြားတယ်။အသေးစိတ်ကိုတော့ မသိဘူး။ဒါပေမဲ့ မြို့ကတော့ တကယ့်ကို ဖရိုဖရဲ ဖြစ်နေတယ်။အဲဒီတုန်းက မြို့ကနေ ကျုပ်ထွက်သွားတော့မလို့ပဲ။ပုန်ကန်တာနဲ့ မပတ်သက် ရအောင် ကျုပ်အမြန် ထွက်ပြေးခဲ့တယ်။ဒါပေမဲ့ လမ်းမှာ ဘယ်ကမှန်းမသိတဲ့ အင်အားစုရဲ့ တိုက်ခိုက်ခံရပြီးတော့ သေတော့မလို ဖြစ်သွားတယ်။လေဒီ။ခုနက အမှန် အတိုင်း မပြောခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ။ကျုပ်က ခုနကမှ နိုးလာပြီးတော့ လက်ထိပ် ခတ်ခံထားရတော့ သတိထားနေတာ။ ”
တော်ဝင်အမျိုးသမီး ခေါင်းညိတ်လိုက်သည်။
“ ဒါဆိုရင် ရှင်ဘယ်ကို သွားမလို့လဲ။ကျွန်မက မြို့တော်နဲ့ ရင်းနှီးတယ်။ဒီတော့ ကျွန်မရှင့်ကို ကူညီနိုင်လောက်တယ်။ ”
ချန်လွေ့သည် အရိပ်နက်အင်ပါယာ၏ အခြေအနေအကြောင်း ဘာမှမသိပေ။မြို့တော်မှ ဧည့်သည်ကို ရင်ဆိုင်ရာ၌ လိုက်ရော၍မရနိုင်ပေ။သို့သော်လည်း ချန်လွေ့သည် ဉာဏ်ပြေးသည့် အတွက် အလျင်အမြန်ပင် စကားပြောင်းလိုက်သည်။
“ တကယ်တော့ ကျုပ်က သားရဲ မုဆိုးတစ်ယောက်ပါ။ထင်ယောင်ထင်မှား ဆေးရည်နဲ့ အဆိပ်အကြောင်းကိုလည်း နည်းနည်းသိတယ်။ဒီတစ်ခေါက် ကျုပ်ရဲ့ ပန်းဆိုင်က မြို့တော်မဟုတ်ဘူး။အသံတိတ်ည စိမ့်မြေပဲ။အဲဒီမှာ ဝိုင်ဗန်အသိုက် တစ်ခုရှိတယ်။ ဝိုင်ဗန်ငယ်လေး တစ်ကောင်နှစ်ကောင်ကို ဆေးဝါးတွေသုံး ထောင်ခြောက်ဆင်ပြီးတော့ ရောင်းချဖို့ ကျုပ် စဉ်းစားနေတာ။ ”
ထိုအချိန်၌ ဒေလီယာ ဝင်လာပြီး တော်ဝင်အမျိုးသမီးကို တီးတိုးပြောလိုက်သည်။၎င်းသည် လိုင်ရာမြို့ရှိ အဖြစ်အပျက်များဖြစ်ကြောင်းကို နားပိတ်ထားလျှင်တောင် ချန်လွေ့ မှန်းဆနိုင်ပေသည်။
“ မဒမ် ဒေလီယာ။အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ။ရှင့်ရဲ့ စိတ်ဝိညာဉ်က ဆိုးဆိုးဝါးဝါး ထိခိုက်နေတယ်။ဒီဆေးရည်တစ်ပုလင်း သောက်ပြီးတော့ အခန်းထဲမှာ နားနေလိုက်ဦး။ ”
လေဒီ၏ စကားများသည် အလွန်ယဉ်ကျေးသော်လည်း ငြင်းဆန်၍မရသော အဓိပ္ပာယ် ပေါ်လွင်နေသည်။ဆေးရည်ယူပြီးနောက် ဒေလီယာသည် ချန်လွေ့ကို ဖြတ်ခနဲကြည့်ပြီး ဝင်းထဲမှ ထွက်သွားလိုက်သည်။
လိုင်ရာမြို့ရှိ ပြောင်းလဲမှု ကြီးကြီးမားမားကို သိပြီးသွားသော်လည်း တော်ဝင် အမျိုးသမီးသည် အဆင်ပြေနေပုံပေါ်သည်။ထို့နောက် ချန်လွေ့ကို ပြောလိုက်သည်။
“ ဆက်ပါဦး။ ”
ဆက်ပြီးတော့ “လုပ်ဇာတ်ခင်း” ရဦးမှာလား။
ထိုတည်ငြိမ်မှုသည် ချန်လွေ့ကို အနည်းငယ် ဒေါသထွက်စေခဲ့သည်။ခီဂူနှင့် မဂ္ဂဒါတို့ထံမှ ရရှိခဲ့သည် အကြောင်းအရာများနှင့် အသံတိတ်ည စိမ့်မြေအကြောင်းနှင့် ဝိုင်ဗန် အသိုက်အကြောင်း ချန်လွေ့ အနည်းငယ်ပြောလိုက်သည်။ထို့နောက် ချန်လွေသည် ထင်ယောင်ထင်မှား ဆေးရည်နှင့် အဆိပ်များ၏ ဆေးညွှန်းများအကြောင်းကို အမှန်သကဲ့သို့ပင် ပြောလိုက်သည်။
“ ပြီးပြီလား။ဒါဆိုရင် ကျွန်မ နည်းနည်းပြောမယ်။ပြီးရင် ရှင်ဆက်ပြော။ဟုတ်ပြီလား။ ”
တော်ဝင်အမျိုးသမီးသည် ချန်လွေ့ စကားပြောပြီးသည်အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်း ပြီးနောက် အသာလေး သက်ပြင်းချလိုက်သည်။
“ ရှင်က တော်တော်လေး ဉာဏ်ပြေးတယ်။ဒါပေမဲ့ ရှင့်မှာ ရေရှည်အကြံအစည် မရှိဘူး။ ဒါက အချိန်မရှိလို့လည်း ဖြစ်မှာပါ။ကျွန်မရှင့်ကို မေးခွန်းနှစ်ခု မေးမယ်။ဝိုင်ဗန်တွေကို ဖမ်းပြီးရင် ဘယ်ကုန်သည်နဲ့ရောင်းဝယ်ဖို့ ရှင်ရည်ရွယ်ထားလဲ။ ဈေးနှုန်းကရော ဘယ်လောက်လဲ။ ”
ချန်လွေ့ ခဏတာမျှ ဆွံ့အသွားသည်။ထိုအတိုင်းအတာအထိ ချန်လွေ့ အမှန်တကယ် မစဉ်းစားထားခဲ့ပေ။ချန်လွေ့သည် တော်ဝင်အမျိုးသမီးကို သူ အတော်လေးရင်းနှီးသည့် ဆေးရည်များဆီသို့ အာရုံရောက်ရန် ကြိုးစားနေခြင်းဖြစ်သည်။တော်ဝင်အမျိုးသမီးသည် စိတ်ဝင်စားမှု ပြသသော်လည်း လုံးဝစိတ်မလှုပ်ရှားကြောင်း ချန်လွေ့သိသည်။
“ နောက်တစ်ခေါက်ကျရင် ပိုပြီးရင်းနှီးတဲ့ လုပ်ငန်းနဲ့ ဆင်ခြေပေးသင့်တယ်။ဟာကွက်တွေ နည်းအောင်ပေါ့။ ”
တော်ဝင်အမျိုးသမီးသည် စိတ်ရှည်ရှည်နှင့် ချန်လွေ့၏ ဟာကွက်များကို ထောက်ပြလိုက်သည်။
“ ရှင်က ထောက်လှမ်းရေး ဒါမှမဟုတ် သူလျှိုဆိုရင် တော်တော်လေးကို အရည်အချင်း မပြည့်မှီတာလို့ ပြောရမယ်။အဲဒါကြောင့် ရှင်က သူလျှို မဖြစ်နိုင်ဘူး။ ”
“ အခုတော့ လိုင်ရာမြို့က အဖြစ်အပျက် အကြောင်း ပြောတာပေါ့။ ”
ချန်လွေ့၏နှလုံးသား တင်းကြပ်သွားသည်။တော်ဝင်အမျိုးသမီး လက်ဝှေ့ရမ်းလိုက်ရာ ချန်လွေ့နောက်ဘက်၌ ကုလားထိုင်တစ်လုံး ပေါ်ထွက်လာသည်။
“ ထိုင်ပါဦး။ ”
ထိုကဲ့သို့ “ ယဉ်ကျေးမှု ”သည် ချန်လွေ့ကို ပိုပြီး မသက်မသာ ခံစားရစေသည်။ သို့သော်လည်း ချန်လွေ့ ထိုင်လိုက်သည်။
တော်ဝင်အမျိုးသမီး ဆက်ပြောလိုက်သည်။
“ လိုင်ရာမြို့ထဲက အပြောင်းအလဲတွေက ကျွန်မကို အံ့အားသင့်စေခဲ့တယ်။ မိစ္ဆာတလဲပင်က ဖျက်ဆီးခံလိုက်ရတယ်။မြို့တော်ဝန် ခန်ဒါ သေသွားတယ်။ကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ရော့စ် သေသွားတယ်။ကြက်သွေးနီအစောင့်တွေ အကုန်လုံး ပျက်စီးလုနီးပါးပဲ။ဒါကို....စိတ်ဝင်စားစရာ ဇာတ်ကွက်အနေနဲ့ မြင်ကြည့်လို့ရတယ်။အခု ဒီဇာတ်ကွက်နောက်ကွယ်မှာရှိတဲ့လူက ရှင်လို့ ကျွန်မ ယူဆလိုက်မယ်။မစိုးရိမ်ပါနဲ့။ ကျွန်မက ယူဆနေတာပါ။ဒီဇာတ်ကွက်ထဲမှာ ဟာကွက်တွေ အများကြီးပဲ။ဒါကဘာလို့ စိတ်ဝင်စားစရာကောင်းလဲဆိုတော့ ပြီးမြောက်ခဲ့တဲ့ ရလာဒ်တွေကြောင့်ပဲ။ အချိန် ကွာခြားချက်နဲ့ အချိန်ကိုက်မှုတွေက မယုံနိုင်စရာပဲ။ တစ်ခုခုလွဲနေတယ်လို့ တစ်ယောက်ယောက် ရှာတွေ့ရင်တောင် ဒီလိုပြင်းထန်တဲ့ အကျိုးဆက်ကို ဦးတည်သွား မှာပဲ။ဥပမာပြောရရင် မြို့တော်ဝန် ခန်ဒါရဲ့ အကြီးမားဆုံးအားနည်းချက်က မိစ္ဆာတလဲပင်ပဲ။ကျွန်မ အဖြေမရှာနိုင်တဲ့ အသေးစိတ်တွေ ရှိနေသေးပေမဲ့လည်း ရှင်လုပ်တာတော်တယ်လို့ ကျွန်မ ချီးကျူးရမယ်။ ”
“ လေဒီ။ကျုပ်က...မဟုတ်.... ”
“ မစိုးရိမ်ပါနဲ့။ကျွန်မက ယူဆနေတာပါ။ရှင်က ဆေးဝါးကျွမ်းကျင်တဲ့ သားရဲမုဆိုး တစ်ယောက်ပါပဲ။ရှင်က လိုင်ရာမြို့ကနေ ထွက်လာပြီးတော့ ကျွန်မရဲ့ရထားလုံးရှေ့ကို မတော်တဆ ကျလာတာ။ပြီးတော့ ရှင်က ဘာအပြစ်မှမရှိဘဲနဲ့ အဖမ်းခံလိုက်ရတယ်။ လိုင်ရာမြို့က အဖြစ်အပျက်တွေက ဘယ်လိုလုပ် ရှင်နဲ့ ပတ်သက်မှာလဲ။ ”
တော်ဝင်အမျိုးသမီး ပြောနေရင်း ချန်လွေ့၏နှလုံးသား ပို၍လေးလံလာသည်။
ကြည့်ရတာ ဒီမိန်းမလက်ထဲ ငါရောက်သွားတာ တကယ့်ကို ကံဆိုးတာပဲ။သူ့ရဲ့ အစွမ်းက ကြောက်စရာကောင်းတယ်။ဒါပေမဲ့ သူ့ရဲ့ ဉာဏ်ရည်ဉာဏ်ကဲက ပိုပြီး ကြောက်စရာ ကောင်းတယ်။ရှီရာရဲ့ စိတ်ကူးစိတ်သန်းကို ငါအားကျခဲ့တာ။ဒါပေမဲ့ ဒီမိန်းမရဲ့ရှေ့မှာတော့ အဲဒါက ကလေးကစားစရာလိုမျိုးပါလား။
“ နောက်တော့ ဆက်ပြီး ယူဆလိုက်ကြရအောင်။ ”
လေဒီသည် ချန်လွေ့၏ အလေးအနက်အမူအရာကိုမြင်ပြီး ဇာမျက်နှာလွှားနောက်မှ အသာလေးပြုံးလိုက်သည်။
“ ကြက်သွေးနီအစောင့်တွေက ဘာလို့ ပုန်ကန်ကြတာလဲ။လိုင်ရာမြို့အကြောင်းတော့ ကျွန်မလည်း မသိဘူး။ဒါပေမဲ့ မြို့တော်ကနေ သတင်းတွေတော့ ကြားဖူးတယ်။ ကြက်သွေးနီအစောင့်တွေက လိပ်ပြာနီနယ်မြေရဲ့ တပ်ဖွဲ့တစ်ခုပဲ။သူတို့ရဲ့ ရည်ရွယ်ချက်က ကြယ်ကြွေတမန် အင်ပါယာရဲ့ မင်းသား အိုဆိုင်ဒန် အမိန့်အရ အမှောင်လနယ်မြေရဲ့ အနောက်ဘက် လမ်းကြောင်းကို ပိတ်ပင်ဖို့ပဲ။ကြက်သွေးနီအစောင့်တွေ မိစ္ဆာတလဲပင်ကို ဘာလို့ခိုးယူရတဲ့ အကြောင်းရင်းကို စဉ်းစားလို့မရဘူး။ လိပ်ပြာနီနယ်မြေက တစ်စုံတစ်ယောက်အတွက် မိစ္ဆာတလဲသီးက သိပ်ကို အရေးကြီးနေရင်တောင်၊ခူးပြီးရင် ၅မိနစ်အတွင်း အာနိသင်ကုန်သွားမယ့် မိစ္ဆာတလဲသီးကို ထိန်းသိမ်းနိုင်မယ့် လျို့ဝှက် နည်းလမ်း ရှိရင်တောင် ဒီလို သတ်သေတဲ့နည်းလမ်းက တကယ့်ကို မထိုက်တန်ဘူး။ အဲဒီအသီးရဲ့တန်ဖိုးက မင်းသားရဲ့ အမိန့်ကို ဆန့်ကျင်ပြီးတော့ ကျွန်မတို့ အရိပ်နက် အင်ပါယာနဲ့ ရန်ဘက်ဖြစ်ဖို့အထိ တန်ဖိုးရှိလို့လား။ ”
ချန်လွေ့၏ကျောဘက်တွင် ချွေးစေးများ ပြန်နေလေပြီ။မိစ္ဆာတလဲသီးသည် ခူးဆွတ် ပြီးနောက် ၅မိနစ်ကြာလျှင် အာနိသင် မရှိတော့ကြောင်း ယခုမှ ချန်လွေ့သိသွားသည်။ ကံကောင်းစွာပင် တစ်ခါတည်း စားလိုက်၍ တော်ပေသေးသည်။လုံးဝအောင်မြင်သည်ဟု ချန်လွေ့ ထင်ထားခဲ့သော အကြံအစည်သည်တော်ဝင်အမျိုးသမီး ပြောသည့်အတိုင်းပင် ဤကဲ့သို့ သိသာသည့် ဟာကွက်တစ်ကွက် ရှိနေလေသည်။
“ လိပ်ပြာနီနယ်မြေ ပျက်စီးသွားရင် ဘယ်သူက အကျိုးအမြတ် အများဆုံးရမှာလဲ။ ”
တော်ဝင်အမျိုးသမီး နောက်ထပ်ပြောသည့် စကားများကို ကြားသည့်အခါ ချန်လွေ့ ထိုင်ပင်မထိုင်နိုင်တော့ပေ။
“ ကျွန်မထင်တာကတော့.....အမှောင်လနယ်မြေရဲ့ သနားစရာ တော်ဝင်မင်းသမီးပဲ ဖြစ်မယ်။အခုတော့ မင်းသမီးရှီရာကို ကျွန်မတော့ နည်းနည်း လေးစားမိသွားပြီ။ အတွင်းအပြင် အခက်အခဲတွေ ဖြစ်နေတာတောင် သူက ရှင့်လို လူတော်တွေကို ခေါ်ယူနိုင်သေးတယ်။ ”
“ အခုတော့ ကျွန်မဘာမှပြောစရာ မရှိသေးဘူး။ ”
တော်ဝင်အမျိုးသမီးသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသောလက်ကို ဆန့်တန်းလိုက်သည်။ သူ၏လက်ထဲ၌ အနက်ရောင် လက်စွပ်တစ်ကွင်း ရှိနေသည်။
“ အခု ရှင် ရှင်းပြတာကို ကျွန်မ ကြားချင်တယ်။အမှောင်ဆန္ဒရဲ့ ပိုင်ရှင် မစ္စတာ ရစ်ချတ်။ ”
ချန်လွေ့သည် စိတ်ထဲ၌ ဖော်မပြနိုင်လောက်အောင် ကြောက်လန့်သွား၏။
ဒီမိန်းမရဲ့ ဉာဏ်ရည်ဉာဏ်ကဲက လုံးဝကို ကြောက်စရာပဲ။ရတနာရှိရာ ရတနာစု ဆိုတဲ့ အတိုင်းပဲလား။အရိပ်နက်အင်ပါယာမှာ ထိပ်ဆုံးပဏ္ဍိတဖြစ်တဲ့ ဧကရီ ရှိနေသလို တော်ဝင်မိသားစုထဲမှာလည်း ဒီလိုအမြော်အမြင်ရှိတဲ့ တော်ဝင်အမျိုးသမီး ရှိနေတယ်။