← Chapters

ခြိမ်းခြောက်မှု နှင့် လျော်ကြေး

Vol. 8 Ch. 118

ခြိမ်းခြောက်မှု နှင့် လျော်ကြေး

Vol. 8 Ch. 118

အရိပ်နက် တော်ဝင်မိသားစုမှ အမျိုးသမီးနှင့် စတင် စ‌ကားပြောကတည်းက သူ၏ ဉာဏ်ပညာမှာ ထူးခြားလှပြီး ခက်ခဲသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်မည်ဟု ချန်လွေ့ ခံစားမိခဲ့သည်။စကားပြောနေရင်း ချန်လွေ့စိတ်ထဲ၌ ပို၍အံ့အားသင့်လာသည်။ ပြိုင်ဘက်ဖြစ်သူ၏ ဉာဏ်ရည်ဉာဏ်ကဲကို ဖော်ပြရန်အတွက် “ နတ်ဘုရားသဖွယ် ” ဟူသော စကားလုံးကိုသာ အသုံးပြုနိုင်ပေသည်။မပြတ်သားသော ဇာမျက်နှာလွှား ရှိနေသော်လည်း ထိုမျက်လုံးများ၏ နက်ရှိုင်းမှုနှင့် တည်ငြိမ်မှုကို ချန်လွေ့ ခံစားမိနေသည်။ သူ၏အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ပင် ဖြစ်နေသည်။

ချန်လွေ့ တိတ်ဆိတ်သွားသည်ကိုမြင်ပြီး တော်ဝင်အမျိုးသမီး ပြောလိုက်သည်။

“ မစ္စတာ ရစ်ချတ်က ကျွန်မကို တော်တော်လေး သတိထားနေတဲ့ပုံပဲ။တကယ်တော့ ကျွန်မမှာ ဒေလီယာလိုမျိုး စိတ်ထဲဝင်ကြည့်လို့ရတဲ့ စွမ်းအားမရှိဘူး။ဒါပေမဲ့ ရှင် သတိလစ်နေတုန်းက လူစီဖာ တော်ဝင်မိသားစုရဲ့ လက်စွပ်ကို ကျွန်မ သတိထားမိခဲ့တယ်။ ရှင်က တော်တော် ကံဆိုးတာပဲ။ဘယ်ဖီဂေါ တော်ဝင်မိသားစု ပျက်စီးသွားပြီးကတည်းက နတ်ဆိုးဘုံမှာ လျို့ဝှက်ရတနာ အမှောင်ဆန္ဒအကြောင်း သိတဲ့သူ နည်းသထက် နည်းလာတယ်။ကျွန်မကလည်း အဲဒီသိတဲ့သူထဲက တစ်ယောက်ဖြစ်နေပြီးတော့ ရှင်က ကျွန်မရဲ့ ရထားလုံးရှေ့ကို တယ်လီပို့ခုန်ပြီးရောက်လာခဲ့တယ်။‌ လူစီဖာ တော်ဝင် မိသားစုဝင် တစ်ယောက်ဆိုတော့ အမိမြေနဲ့ တော်ဝင်မိသားစုကို ရှင်သစ္စာရှိတာ နားလည်ပါတယ်။ ”

“ ဒါပေမဲ့ ရှင်ကလည်း ပါးနပ်တဲ့သူတစ်ယောက်ပဲ။ ကျွန်မရဲ့ ယူဆချက်တွေကို ရှင် မဖြေရှင်းတော့ဘူးလား။ ”

ချန်လွေ့သည် အမှောင်ဆန္ဒ၏ မူလဇစ်မြစ်ကို သေသေချာချာမသိပေ။ တော်ဝင် အမျိုးသမီး၏ စကားများကို နားထောင်ပြီးမှသာ ရိုမန်၏ ဘယ်ဖီဂေါ တော်ဝင်မိသားစုနှင့် အဆက်အသွယ်တစ်ခု ရှိနိုင်ကြောင်း နားလည်သွားသည်။ထို့ကြောင့်သာ ထိုအချိန်က ချန်လွေ့ကို ရိုမန် သံသယဝင်သွားခြင်း ဖြစ်ပေမည်။

ဤတော်ဝင်မိန်းကလေးတွင် နတ်မိစ္ဆာမျက်လုံးမရှိသော်လည်း နတ်မိစ္ဆာမျက်လုံးထက် ကြောက်စရာကောင်းသည်မှာ အသေအချာပင် ဖြစ်သည်။လူစီဖာတော်ဝင်မိသားစုဝင် ဟူသော နောက်ဆုံးအချက်မှလွှဲ၍ ထို“ယူဆချက်များ”သည် အရေးကြီးသည့် နေရာများကို ထိမှန်သွားခဲ့သည်။

“ ပြောရမယ့်အရာတွေ အကုန်လုံးကို ခင်ဗျား ယူဆလိုက်ပြီလေ။ ကျုပ် ဘာထပ်ပြော ရမှာလဲ။ ”

ချန်လွေ့ သက်ပြင်းချလိုက်သည်။

“ ဆင်ခြေတွေ ထပ်ပေးမယ်ဆိုရင် ခင်ဗျားရဲ့ ဉာဏ်ပညာအရှေ့မှာ ကျုပ် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလို ဖြစ်နေမှာပေါ့။ ”

“ ဒါဆိုရင် မိစ္ဆာတလဲသီးတွေ အခုဘယ်မှာလဲ။လျို့ဝှက်နည်းလမ်းတစ်ခုနဲ့ သိမ်းထား တာလား။ဒါက ရှင် အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ”

“ မိစ္ဆာတလဲသီးက ခူးပြီး ၅မိနစ်ကျော်ရင် အာနိသင်မရှိတော့ဘူးလို့ ခင်ဗျားပြောခဲ့တာ မဟုတ်ဘူးလား။ ”

အသီးခူးပြီးလျှင် အပင်ခြောက်သွေ့ သွားမည် ဟူသော ကြယ်စင်စုဥယျာဉ်မှ အသိပေးချက်ကို ချန်လွေ့ သတိရသွားဟန် တူသည်။သို့သော်လည်း ထိုကဲ့သို့ အရာမျိုး ရှိမနေပေ။ချန်လွေ့သည် ချက်ချင်းပင် ရှက်သွားသည်။

“ ကျုပ် မလိမ်တော့ပါဘူး။ဒီအကြောင်းကို အခုမှ ကြားဖူးတာပါ။ ”

ထို့နောက် ချက်ချင်းပင် ပတ်လည် ဝိုင်းရံလာသည့် သတ်ဖြတ်ချင်စိတ် အနည်းငယ်ကို ချန်လွေ့ ခံစားလိုက်ရသည်။

ထိုကဲ့သို့ သတ်ဖြတ်ချင်စိတ်သည် မထူးခြားဟု ထင်ရသော်လည်း ချန်လွေ့၏ အရေပြား၊အရိုး၊သွေးနှင့် ဝိညာဉ်တစ်ခုလုံးကိုပင် ဖောက်ထွင်းဝင်ရောက်သွားသည်။ ချန်လွေ့လည်း သေရေးရှင်ရေး အခြေအနေသို့ ရောက်ရှိလာသည်ဟု ခံစားလာရသည်။ ပြိုင်ဘက်ဖြစ်သူသည် ထိုသတ်ဖြတ်ချင်စိတ်နှင့်အတူ တိုက်ခိုက်ခဲ့လျှင် ချန်လွေ့သည် ချက်ချင်းပင် ကိစ္စပြတ်သွားပေမည်။

ရှေးဟောင်းမှော်စာ ချိပ်ပိတ်ကြောင့် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ချင်စိတ်ကို အ‌ဆိပ်နဂါး ပါ့ဂ်လီအိုထံမှ ချန်လွေ့ တစ်ခါမျှ မခံစားဖူးခဲ့ပေ။

ချန်လွေ့သည်လည်း ထိုင်နေရင်း အသေမခံနိုင်ပေ။ထို့ကြောင့် အလျင်အမြန်ပင် စကားလမ်း‌ကြောင်း လွှဲလိုက်သည်။

“ ခုနက ခင်ဗျားရဲ့အထင်က တော်တော်လေး ကောင်းတယ်။ ဒါပေမဲ့ ခင်ဗျား မှားနေတာရှိတယ်။ ”

သတ်ဖြတ်ချင်စိတ်များ အနည်းငယ် တည်ငြိမ်သွားသည်။သို့သော် မပျောက်ကွယ် သွားသေးပေ။၎င်းသည် မြင့်မြင့် မြှောက်ထားသော သားသတ်သမား၏ ဓားကဲ့သို့ပင် ဖြစ်သည်။လည်ပင်းနှင့် နီးကပ်သည့်အခါ နောက်ပြန်ဆုတ်သွားသည်။သို့သော်လည်း ၎င်းသည် သူ၏ခေါင်းပေါ်၌ ရှိနေဆဲပင် ဖြစ်သည်။

“ အိုး။ဆက်ပြောပါဦး။ ”

“ ကျုပ်က လူစီဖာ တော်ဝင်မိသားစုလည်း မဟုတ်သလို ရှီရာစုဆောင်းထားတဲ့ လူတစ်ယောက်လည်း မဟုတ်ဘူး။သူက အရည်အချင်း မပြည့်မှီဘူး။ ”

ခေါင်းပေါ်၌ ချိတ်ဆွဲထားသည့် “ သားသတ်သမား၏ဓား ”ကို ဂရုမစိုက်တော့သကဲ့သို့ပင် ချန်လွေ့ ပင့်သက်ရှိုက်လိုက်သည်။ဤကဲ့သို့အခြေအနေ၌ ချန်လွေ့သည် စိတ်ပို၍ တည်ငြိမ်နေရပေမည်။ အကြောက်တရားသည် သူ့ကို ပို၍မြန်မြန်သာ သေသွားစေ နိုင်သည်။

ချန်လွေ့၏လေသံတွင် ဂုဏ်ယူသည့် အငွေ့အသက် ပေါ်လွှင်သွားသည်။

“ ရှီရာနဲ့ကျုပ်နဲ့က ယာယီ အလုပ်သဘော ဆက်ဆံရေးမျိုးပဲ။ကျုပ်သူ့ကို အားစိုက်ပြီး ကူညီပေးရင် အခုဆို သူက ကြယ်ကြွေတမန် အင်ပါယာရဲ့ ဘုရင်မ ဖြစ်နေလောက်ပြီ။ ဒါပေမဲ့ သူက ကျုပ်ရဲ့ ဆုကို လက်မခံနိုင်ဘူး။အမှောင်ဆန္ဒကလည်း ကိစ္စတစ်ခုခု ပြီးမြောက်သွားလို့ ရလာတဲ့ ဆုလာဒ်တစ်ခုပဲ။လူစီဖာ တော်ဝင်မိသားစုရဲ့ သွေးနှော လျို့ဝှက်ပညာရပ်ကြောင့် ကျုပ်က ဒီလက်စွပ်ရဲ့ ပိုင်ရှင် ဖြစ်လာခဲ့တယ်။အဲဒါကြောင့် ခင်ဗျားမှာရှိ‌ရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။ ”

ဒီတော်ဝင်အမျိုးသမီးရဲ့ ဉာဏ်ပညာက တကယ့်ကို ကြောက်စရာပဲ။သူထပ်ပြီး စုံစမ်းရင် ငါက လူသားမိုင်းတွင်းအရာရှိ ဆိုတဲ့အကြောင်းပါ ပေါ်သွားဖို့များတယ်။ အရေးကြီးဆုံး ကတော့ မိစ္ဆာတလဲသီးတွေ မရှိတော့ဘူး။အဲဒါကြောင့် ငါအသက် ဆက်ရှင်နိုင်ဖို့ ခက်ခဲ သွားပြီ။

နောက်၉ရက်ကြာရင် ကြယ်စင်စုဥယျာဉ်ထဲမှာ ရင့်မှည့်လာမယ့် မိစ္ဆာတလဲသီးနဲ့ လျော်ကြေးပေးမယ်လို့ ပြောလိုက်ရင် ကောင်းမလား။

ပထမဆုံးအနေဖြင့် ချန်လွေ့ ပြုလုပ်ရန် လိုအပ်သည်မှာ တော်ဝင်အမျိုးသမီး၏ အရာရာကို ထိန်းချုပ်နေနိုင်သည့် စိတ်ပိုင်းဆိုင်ရာ အားသာချက် မရှိတော့စေရန်အတွက် ဖွင့်ပြောလိုက်ရန်ပင် ဖြစ်သည်။ထို့နောက်တွင် တော်ဝင်အမျိုးသမီးကို ထပ်ပြီး စိတ်ရှုပ်အောင်လုပ်ကာ အသက်ဆက်ရှင်ရန်အတွက် ဝှက်ဖဲတစ်ချပ်ကို ဆုပ်ကိုင် ထားလိုက်မည် ဖြစ်သည်။

“ ထပ်ပြီးမပြောခင် လက်စွပ်ကို ပြန်ကိုင်ကြည့်လို့ ရမလား။ ”

ချန်လွေ့သည် ရုတ်တရက် ထူးထူးဆန်းဆန်း တောင်းဆိုလိုက်သည်။

“ ဒီလက်စွပ်ကို ပြန်အသုံးပြုနိုင်ဖို့အတွက် အနည်းဆုံး၁၀နာရီလောက် လိုသေးတယ်။ ရှင့်ကို ပြန်ပေးလို့ ဘာမှမဖြစ်ပါဘူး။ဒါပေမဲ့ ကျွန်မ သတိပေးလိုက်မယ်။ဒီမှော်အိမ်က ယန္တရား မဟာဆရာသခင် တစ်ယောက် ချန်ထားခဲ့တဲ့ လျို့ဝှက်ရတနာ တစ်မျိုးပဲ။ အဲဒါကြောင့် ဒီလက်စွပ်ကို ရှင်အသက်သွင်းလိုက်ရင်တောင် ပြင်ပလောကကို တယ်လီပို့ နိုင်မှာ မဟုတ်ဘူး။ ရှင့်ရဲ့ ဉာဏ်ပညာကို ကျွန်မ အသိအမှတ်ပြုပါတယ်။အဲဒါကြောင့် မိုက်မဲတာတွေကို မလုပ်စေချင်ဘူး။ ”

တော်ဝင်အမျိုးသမီးသည် စကားပြောနေရင်း လက်ဆန့်တန်းကာ ချန်လွေ့ကို လက်စွပ် ကမ်းပေးလိုက်သည်။

ယန္တရား မဟာဆရာသခင်တဲ့လား။ ကြည့်ရတာ ဝူခုံး မဟာဆရာသခင် ဆိုတဲ့နာမည်ကို ဒီတစ်ခေါက် သုံးတော့မရတော့ဘူးထင်တယ်။ပြီးတော့လည်း ဒီမိန်းမက အစွမ်းထက်လွန်းတယ်။ငါ့ရဲ့ အကြီးမားဆုံး လျို့ဝှက်ချက်ကို သူရှာတွေ့သွားရင်တော့ အားလုံးသွားပြီ။

“ ကျုပ်ကို ပြန်ပေးလို့ တကယ် အဆင်ပြေတာလား။ကျေးဇူးအများကြီး တင်ပါတယ်။ ”

ချန်လွေ့သည် လက်ထိပ်ခတ်ခံထားရသော လက်ကို ဆန့်တန်းလိုက်ပြီး တော်ဝင် အမျိုးသမီး၏ ကျောက်စိမ်းကဲ့သို့ လက်ဝါးကို မထိခဲ့ပေ။သိုလှောင်ဂိုဒေါင် ဆွဲယူနိုင်သည့် အကွာအဝေးအထိသာ လက်ကိုဆန့်တန်းခဲ့သည်။

သို့သော်လည်း သိုလှောင်ဂိုဒေါင်ထဲသို့ လက်စွပ်ရောက်သွားသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားပြီး ချန်လွေ့ အံ့အားသင့်သွားသည်။ လေဒီ၏အသံ ယဲ့ယဲ့လေး ပြန်ထွက်လာသည်။

“ တောင်းပန်ပါတယ်။ဒါက အတုအယောင် လှည့်ကွက်လေတစ်ခုပါ။ကျေနပ်လောက်တဲ့ အဖြေကို မရရင် ရှင့်ကို လက်စွပ် ပြန်မပေးနိုင်ဘူး။ ”

‘ တောင်းပန်ပါတယ် ’ ဟု ပြောသော်လည်း သူ၏လေသံတွင် တောင်းပန်သည့် အရိပ်အယောင် လုံးဝမရှိပေ။

တစ်ဖက်လူ၏ လှုပ်ရှားမှုတိုင်းသည် တိတိကျကျ တွက်ချက်ထားသည်ဟု ချန်လွေ့ ခံစားလိုက်ရပြီး ရုတ်တရက် ကူရာကယ်ရာမဲ့သွားသည်။

“ ရှင် ထူးထူးဆန်းဆန်း တောင်းဆိုရင် ထူးဆန်းတာတွေ ဖြစ်မယ်ဆိုတာ ကျွန်မ သိတယ်။ဒီလိုဖြစ်မယ်လို့ ကျွန်မ လုံးဝမထင်ထားခဲ့ဘူး။ ”

ဇာမျက်နှာလွှားနောက်ကွယ်၌ တော်ဝင်အမျိုးသမီး၏ မျက်လုံးများသည် ထူးဆန်းသော အလင်းရောင်တစ်ခု ဖြတ်ခနဲ လင်းလက်သွားသည်။

“ ရှင့်ရဲ့စွမ်းရည်က တကယ့်ကို အံ့ဖွယ်ပဲ။ရွှေသလင်းကျောက် လက်ထိပ်က ယန္တရား ဆရာသခင်ရဲ့ လက်ရာမြောက်ပဲ။ဒါက မဟာဆရာသခင်နဲ့ မယှဉ်နိုင်ပေမဲ့ တော်ဝင် မိသားစုရဲ့ သွေးမျိုးဆက်အပါအဝင် အစွမ်းအားလုံးကို ချုပ်ထိန်းဖို့ လုံလောက်တယ်။ဒါက ရှင့်ရဲ့စွမ်းရည်ကို မထိန်းချုပ်နိုင်ဘူးလို့ ကျွန်မ မထင်ထားခဲ့ဘူး။ ”

တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက် အပါအဝင် အစွမ်းအားလုံးကို ကန့်သတ် နိုင်တယ်လား။ဒါကြောင့် ဒီလက်ထိပ်က ကြယ်စွမ်းအားကို ထိန်းချုပ်နိုင်တာကိုး။ ပြီးတော့လည်း သိုလှောင်ဂိုဒေါင်က သုံးမရတော့ဘူး။သန့်စင်တဲ့ အရှိန်အဝါ အစွမ်းတွေ သုံးလို့ရသေးလို့ တော်သေးတယ်။အချိန်သာရမယ်ဆိုရင် ဆရာသခင်ရဲ့ ဒီလက်ရာမြောက် ပစ္စည်းလည်း အရှိန်အဝါ ချိုမြိန်ဖွယ်တစ်ခု ဖြစ်လာမှာပဲ။

လက်စွပ်မှရသည့် သင်ခန်းစာကြောင့် ချန်လွေ့ပို၍ သတိရှိသွားသည်။ပိုတော်သည့် စစ်တုရင် ကစားသမားကို ရင်ဆိုင်ရသလိုမျိုးပင် ဖြစ်သည်။သူ၏လှုပ်ရှားမှု နောက်ကွယ်မှ ရည်ရွယ်ချက်များကို ပြိုင်ဘက်အား အလွယ်တကူ အသိမခံနိုင်ပေ။

ချန်လွေ့သည် အမှားသေးသေးလေးအကြောင်းကို များများစားစား တွေးမနေတော့။ အမှန်တကယ်၌ ဤစစ်တုရင် ကစားပွဲသည် ယခုမှစမည် ဖြစ်သည်။

“ ကျုပ်ကနည်းနည်း ကြွားချင်ခဲ့တာပါ။ဒါပေမဲ့ ခင်ဗျားအရှေ့မှာ ကျုပ်ကိုယ်ကျုပ် အရှက်ခွဲမိသွားတယ်။ဒါပေမဲ့ ဒီစမ်းသပ်ချက်က ကျုပ်ဆရာရဲ့ လေဟာနယ် စွမ်းအားကို မကာနိုင်ဘူးဆိုတာ သက်သေပြနေတယ်။ ”

တော်ဝင်အမျိုးသမီး၏လေသံတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လွှင်လာသည်။

“ ဆရာ ဟုတ်လား။ ”

“ ကျုပ်ဆရာမှာ စိတ်ကူးလို့မရနိုင်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်တယ်။ချဲ့ကားပြောတာတော့ မဟုတ်ဘူး။ခင်ဗျားတို့အင်ပါယာရဲ့ ကတ်သရင်း လိုမျိုး နတ်ဆိုးအရှင်သခင်ဆိုရင်တောင် သူ့မျက်လုံးထဲမှာ မွေးကင်းစကလေး လိုမျိုးပဲ။ကျုပ်ဆရာက အရွယ်ရောက် နဂါး တစ်ကောင်ကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူပြီးတော့ ရှေးမှော်စာတွေနဲ့ ချိပ်ပိတ် ခဲ့တာကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးတယ်။ ”

ချန်လွေ့ ပြောခဲ့သည့် ဆရာဆိုသည်မှာ ပါ့ဂ်လီအိုကို ချိပ်ပိတ်ခဲ့သည့် အစွမ်းထက် ပုဂ္ဂိုလ်ထံမှ ဆွဲယူထားခြင်းဖြစ်သည်။

မည်ကဲ့သို့ပင် အစွမ်းထက်ပါစေ နောက်ခံကောင်းကောင်းရှိခြင်းထက် အရေးမကြီးပေ။ နတ်ဆိုးဘုံသည်လည်း နောက်ခံများနှင့် မိသားစု အဆက်အသွယ်များအပေါ် အခြေခံ ထားသည့် လောကတစ်ခုပင် ဖြစ်သည်။

သန်းကြွယ်သူဌေး သို့မဟုတ် အစွမ်းထက်ပုဂ္ဂိုလ်၏ ဒုတိယမျိုးဆက်အနေဖြင့် ဟန်ဆောင်ခြင်းသည် အသက်ဆက်ရှင် နိုင်ရန်အတွက် အခွင့်အရေးပိုများမည်မှာ အသေအချာပင် ဖြစ်သည်။

“ နတ်ဆိုးဘုံမှာ ဒီလိုမျိုးအစွမ်းထက်ပြီးတော့ ဂုဏ်သတင်းမရှိတဲ့သူတွေ ပုန်းနေတယ် ဆိုတာ ခင်ဗျား ယုံချင်မှယုံမှာပါ။ ”

“ ဒါပေမဲ့..... ”

“ ယုံပါတယ်။နတ်ဆိုးဘုံမှာ နတ်ဆိုးအရှင်သခင်ထက် သာလွန်တဲ့ နတ်ဆိုးဒိပ်တွေ ရှိတယ်ဆိုတာကို တော်ဝင်မိသားစုရဲ့ လျို့ဝှက် ရှေးမှတ်တမ်းတွေမှာ ရေးမှတ်ထားတယ်။ အဲဒါက နတ်ဘုရားတစ်ပိုင်းဆိုတဲ့ တည်ရှိမှုနဲ့ တူတူလောက်ပဲ။ ”

တော်ဝင်အမျိုးသမီးသည် အတော်လေး သတင်းနှံ့စပ်လှပြီး အမှန်တကယ်ပင် သံသယ မဖြစ်ခဲ့ပေ။ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များ တည်ရှိမှုကို ချက်ချင်းပင် အသိအမှတ် ပြုလိုက်သည်။

“ ဒါပေမဲ့ အဲဒီလိုပုဂ္ဂိုလ်က ရှင့်ရဲ့ ဆရာဖြစ်မယ်ဆိုတာ ကျွန်မ မယုံဘူး။ ”

“ ခုနက အမှောင်ဆန္ဒ...အဲ...ခင်ဗျား ဖန်တီးထားတဲ့ လက်စွပ်အတုကို ကျုပ်ဆရာ လုပ်ထားတဲ့ အထူးလေဟာနယ်တစ်ခုထဲကို ပို့လိုက်တာ။အဲဒါက ကျုပ်နဲ့ဆရာပဲ သုံးလို့ရတဲ့ အထူးလေဟာနယ် တစ်ခုပဲ။အဲဒါကို မှော်အိတ်လို့‌ ခေါ်တယ်။နောက်တစ်ခု ရှိသေးတယ်။ကျုပ်ရဲ့ဝိညာဉ် တစ်ပိုင်းတစ်စကို ဟော့ခရပ်စ်တစ်ခု ထဲမှာ သိုလှောင် ထားတယ်။အဲဒီ တစ်ပိုင်းတစ်စ မပျက်စီးသွားသရွေ့ အခုကျုပ်ကို သတ်ရင်တောင် ပြန်ပြီး ရှင်သန်လာဦးမှာပဲ။ဒါပေမဲ့ အဲဒါက တော်တော်လေး ဒုက္ခရောက်တယ်။ကျုပ်အစွမ်းက အလယ်ဆင့်နတ်ဆိုးကို ပြန်ရောက်သွားမှာ။ ”

“ ဒီကိစ္စကို ထိန်းချုပ်လို့မရတဲ့ အခြေအနေအထိ ကျုပ်မဖြစ်စေချင်ဘူး။.....အဲဒီလို အခြေအနေထိ ဖြစ်သွားရင် ခင်ဗျားရော အရိပ်နက်အင်ပါယာပါ မခံမိမရပ် နိုင်လောက်အောင် ထိခိုက်ပျက်စီးလိမ့်မယ်။ ”

တော်ဝင်အမျိုးသမီးရဲ့ ဉာဏ်ပညာနှင့် ဗဟုသုတများသည် ခန့်မှန်း၍ မရနိုင်အောင်ပင် ဖြစ်သည်။သူ၏ ဆုံးဖြတ်ချက်များကို ရှုပ်ထွေးရန်အတွက် အမည်မသိ အရာများကိုသာ ချန်လွေ့ အသုံးချ၍ ရပေတော့သည်။

ချန်လွေ့ ဖြည်းဖြည်းချင်း ထလိုက်သည်။

“ ဒါက ဟန်ဆောင်လိမ်ညာနေတာ မဟုတ်ပါဘူး။မိုင်လေဒီ။ကျုပ်ရဲ့ဆရာက အာဏာ လိုမျိုး အရာတွေကို စိတ်မဝင်စားဘူး။နတ်ဆိုးဘုံရဲ့ သာမန် ဖွဲ့စည်းပုံစနစ်ကိုလည်း လွယ်လွယ်နဲ့ ဝင်ရှုပ်မှာ မဟုတ်ဘူး။သူ တန်ဖိုးထားတာ နှစ်ခုပဲရှိတယ်။ပထမတစ်ခုက စွမ်းအားနှင့် ဒုတိယက အမွေအနှစ်ပဲ။အဲဒါက ဒဏ္ဍာရီထဲက နဂါးတွေရဲ့ ပြောင်းပြန်ကြေးခွံ တွေလိုမျိုးပဲ။တစ်ယောက်ယောက်က အဲဒါကို ထိမိတာနဲ့ နဂါးက ဒေါသထွက်မှာပဲ။ ခင်ဗျားရဲ့ ဉာဏ်ပညာနဲ့ဆိုရင် ကျုပ်ဆိုလိုတာကို နားလည်မှာပါ။ ”

မူလက ချန်လွေ့သည် သူ့မှာ ဟော့ခရပ်စ်၇မျိုးရှိသည်ဟု ပြောချင်ခဲ့သည်။သို့သော်လည်း သေချာစဉ်းစားပြီးနောက် တစ်ခုအနေဖြင့်သာ အကျဉ်းချုံး ပြောလိုက်သည်။

( ဟော့ခရပ်စ် = မသေမျိုးဖြစ်လာရန်အတွက် စုန်းမ သို့မဟုတ် အောက်လမ်းဆရာ တစ်ယောက်၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်း ဝှက်ထားသောပစ္စည်း။)

တော်ဝင်အမျိုးသမီးလည်း ခဏတိတ်ဆိတ်သွားပြီး ပြောလိုက်သည်။

“ ရှင်က တကယ်ပဲ အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ရဲ့ ဆက်ခံသူတစ်ယောက်ဆိုရင်တော့ ကျွန်မ သေချာစဉ်းစားဖို့ လိုတာပေါ့။ဒါပေမဲ့ အရင်ဆုံး ရှင် သက်သေပြဖို့ လိုမယ်။ ”

တော်ဝင်အမျိုးသမီးသည် ၁% သာ ယုံကြည်ကြောင်းနှင့် ထိုအကြောင်းရင်းမှာ “အမှောင်ဆန္ဒ”ကို သိမ်းယူရန်အတွက် သူအသုံးပြုခဲ့သည့် “ မှော်အိတ် ” ကြောင့်သာ ဖြစ်ကြောင်း ချန်လွေ့သိသည်။ထို့ကြောင့် ချန်လွေ့သည် တော်ဝင်အမျိုးသမီး၏ သံသယ များကို ဆက်လက် ဖယ်ရှားပစ်ရမည် ဖြစ်သည်။

“ ဒါဆို.... ”

ချန်လွေ့ လက်ထဲမှ တစ်စုံတစ်ခု ပေါ်ထွက်လာသည်။

“ ဒါဆိုရင်ကော။ ”

တော်ဝင်အမျိုးသမီးသည် ချန်လွေ့ကို ဆက်လက်ကြည့်နေလိုက်သည်။ချန်လွေ့သည် မည်သည့်နေရာလွတ် ကိရိယာကိုမှ မသုံးခဲ့ကြောင်း သေချာသွားသည့်အခါမှသာ တော်ဝင် အမျိုးသမီးသည် ပုလင်းအဖုံးကို ဖွင့်ပြီး သေသေချာချာ အနံ့ခံကြည့်လိုက်သည်။ နောက်ဆုံး၌ တော်ဝင်အမျိုးသမီးသည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

“ ဆေးရည်မည်း ပဲ။ ”

“ စစ်မှန် လေပေါ်လမ်းလျှောက် ဆေးရည်။ဒါကို ကျုပ်ဆရာ လုပ်ခဲ့တာ။ ”

ချန်လွေ့ အသာလေး ပြုံးလိုက်သည်။

“ ကျုပ်ပြောဖို့ မေ့သွားတယ်။ ”

“ ဆရာ့ရဲ့စွမ်းအားက ကြီးမားသလို သိပ္ပံပညာ အမျိုးမျိုးမှာလည်း ထူးချွန်တယ်။ ဆေးပညာလည်း တစ်ခုအပါအဝင်ပေါ့။ဒါပေမဲ့ ဆရာက ဗဟုသုတကြွယ်လွန်းပြီးတော့ အတွေ့အကြုံ နည်းတယ်လို့ သူကိုယ်တိုင် ပြောခဲ့တယ်။အဲဒါကြောင့် သူက စစ်မှန်တဲ့နတ်ဘုရား အဆင့်ကို မတက်လှမ်းနိုင်ခဲ့ဘူး။ ”

“ ဗဟုသုတ ကြွယ်လွန်းပြီး အတွေ့အကြုံ နည်းလွန်းတယ် တဲ့လား။ ”

တော်ဝင်အမျိုးသမီးသည် စဉ်းစားနေပုံပေါ်သည်။ဆေးရည်မည်းကို သူမသောက်ဘဲ ချန်လွေ့အား ပြန်ပေးလိုက်သည်။

“ ဆေးရည်မည်းရဲ့ သက်တမ်းက အနှစ်၁၀၀ ရှိတယ်။ဒီဆေးရည်မည်းက အာနိသင် ရှိသေးတာ အသေအချာပဲ။ဒီတော့ဒါက စုဆောင်းထားတာ မဖြစ်နိုင်ဘူး။ မဟာ ဆရာသလင် ရိုဆန်ဘာ့ဂ်ျ သေသွားတာ နှစ်ပေါင်းထောင်ချီနေပြီ။သူ့ရဲ့တပည့် ဆာမန်က လျို့ဝှက်ဆေးညွှန်းတွေ အားလုံးကို ခိုးယူသွားပြီးတော့ ပျောက်ကွယ်သွားခဲ့တယ်။ ရှင့်ရဲ့ဆရာက ဆာမန် လား။ ”

ဆေးရည်မည်း ပေါ်ထွက်လာခြင်းသည် နတ်ဆိုးဘုံတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည်။ တော်ဝင်အမျိုးသမီးသည် ခပ်မြန်မြန် စဉ်းစားပြီး လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီခန့်က ဆေးရည် မဟာဆရာသခင်၏ ကောလာဟလများနှင့် ဆက်စပ်ကြည့်လိုက်သည်။

ချန်လွေ့ ခေါင်းခါလိုက်ပြီး စက်ဆုပ်သည့်ပုံစံ ပေါက်သွားသည်။

“ ကျုပ်ဆရာနဲ့ နာမည်ကိုတော့ မသိဘူး။ကျုပ်က “ ဆရာ ” လို့ပဲ ခေါ်တာ။ဒါပေမဲ့ ဆရာက အဲဒီအရှက်မဲ့တဲ့ ဆာမန် မဟုတ်တာ သေချာတယ်။ဆာမန်က ဆေးရည်မဟာဆရာသခင် ဖြစ်သွားရင်တောင် သူ့မှာ အထူးလေဟာနယ်တစ်ခုကို ဖန်တီးနိုင်လောက်အောင် ကြီးမားတဲ့စွမ်းအား ရှိလို့လား။ ”

တော်ဝင်အမျိုးသမီး ခေါင်းညိတ်လိုက်သည်။ချန်လွေ့သည် ပါးနပ်လှသည်။“ ဆရာ ”၏ တည်ရှိမှုကို တော်ဝင်အမျိုးသမီး အနည်း ယုံကြည်လာကြောင်း သိသွားသည့်အခါ ချန်လွေ့သည် စကားဆက်ပြောလိုက်သည်။

“ ကျုပ် တောင်းပန်ပါရစေ။မိစ္ဆာတလဲသီးတွေအားလုံးကို ကျုပ်စားလိုက်ပြီးပြီ။အစေ့တွေပဲ ကျန်တော့တယ်။ ”

“ ဘာလို့လဲဆိုတော့ အစေ့တွေကို သုံးပြီးတော့ ထပ်ကာထပ်ကာ ရင့်မှည့်နိုင်တဲ့ မိစ္ဆာ တလဲသီးတွေကို စိုက်ပျိုးဖို့ ကြိုးစားချင်တယ်လို့ ဆရာပြောခဲ့လို့လဲ။ ”

“ အရင်ဆုံး ကျုပ်က ကြက်သွေးနီ အစောင့်တွေကိုပဲ တိုက်ခိုက်နေတာ။ မိစ္ဆာတလဲသီးအကြောင်းကြားတော့ ကျုပ်ရဲ့ အစီအစဉ်ကို ခဏပြောင်းပြီးတော့ မိစ္ဆာတလဲသီးကို အရယူခဲ့တယ်။ ”

“ အကုန်လုံးကို စားပစ်လိုက်တယ်။ဟုတ်လား။ ”

တော်ဝင်အမျိုးသမီး သိမ့်သိမ့်တုန်သွားသည့်အခါ လေထဲမှ သတ်ဖြတ်ချင်စိတ်များ ရုတ်တရက် သိပ်သည်းသွားကာ နှလုံသားထဲ တည့်တည့် ဖောက်ထွင်းဝင်ရောက် လာသည်ဟု ချန်လွေ့ ခံစားလိုက်ရပြီး တုန်လှုပ်သွားမိသည်။

ကြည့်ရတာတော့ ငါခြေလှမ်း မှားသွားပြန်ပြီနဲ့တူတယ်။ ဒုတိယ မျိုးဆက်အနေနဲ့ အကြာကြီး အချိန်ဆွဲပြီးတော့ ကြွားတယ်။ ခြိမ်းခြောက်တယ်။ ဒါပေမဲ့ နောက်ဆုံး တော့လည်း သစ်သီးက ပိုပြီး အရေးပါနေတုန်းပဲ။ဆေးရည်မည်းထက် ပိုပြီး တန်ဖိုး ရှိရအောင် ဒီအသီးမှာ ဘာအာနိသင်တွေ ရှိနေလို့လဲ။

အနည်းငယ် မခြင်မခြင် လုပ်မိလျှင် ချန်လွေ့အားလုံး ဆုံးရှုံးရပေမည်။ယခုတွင် ချန်လွေ့သည် စိုးရိမ်ဖွယ် အန္တရာယ်ထဲ ကျရောက်နေပြီ ဖြစ်သည်။

“ အကျိုးဆက်ကို တကယ်ပဲ မစဉ်းစားတော့ဘူးလား။ ”

ထိုအချိန်၌ အားနည်းမှုပြ၍မရတော့ကြောင်း ချန်လွေ့သိသည့်အတွက် မတ်မတ် ရပ်လိုက်သည်။

“ ကျုပ်ကိုသတ်တာက မတန်ပါဘူး။ကျုပ်ဆရာရဲ့ မိစ္ဆာတလဲသီး စမ်းသပ်ချက် အောင်မြင် သွားရင် ခင်ဗျား မိစ္ဆာတလဲသီးတွေ ပိုပြီးများများရနိုင်မယ်။ ”

“ အသုံးမဝင်ဘူး။ကျွန်မမှာ အချိန်၃ရက်ပဲ ကျန်တော့တယ်။အဲဒါကြောင့် အချိန်မရှိဘူး။ ပြီးတော့လည်း ကျွန်မရဲ့ တာဝန်က သစ်သီး၁၀လုံး ခူးဖို့ပဲ။ပိုများလို့ ဘာမှအသုံးမဝင်ဘူး။ ”

တော်ဝင်အမျိုးသမီးသည် ဖြေးညှင်းစွာ ခေါင်းခါလိုက်သည်။

“ မိစ္ဆာတလဲသီးရဲ့ အရေးပါပုံကို ရှင်နားမလည်ဘူး။ဒီတစ်ခေါက် ရှင်ဘယ်လောက် ပြဿနာရှာခဲ့တာလဲဆိုတာ ရှင်မသိဘူး။ဒါက အဲဒီကိစ္စ မဟုတ်ဘဲနဲ့ လိုင်ရာမြို့ ဖရိုဖရဲဖြစ်တဲ့ အကြောင်းပဲဆိုရင်တော့ ရှင့်ရဲ့ခြိမ်းခြောက်မှုက အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ”

“ မိစ္ဆာတလဲသီး ဆုံးရှုံးတာက အရိပ်နက်အင်ပါယာရဲ့ သေရေးရှင်ရေးကို လွှမ်းမိုးမှု ရှိတယ်လို့ ပြောတာလား။ ”

အကျိုးဆက်သည် ဤမျှပြင်းထန်လိမ့်မည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။

မိစ္ဆာတလဲသီးတွေက ၉ရက်နေမှ ရင့်မှည့်မှာ။၃ရက်အတွင်းတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

“ လေဒီ။လျော်ကြေးတစ်ခုခုများ ကမ်းလှမ်းလို့ ရမလား။ဥပမာ ဆေးရည်မည်းပေါ့။ ”

“ အသုံးမဝင်ဘူး။အဆင့်အမြင့်ဆုံး ပြန်လည်ရှင်သန်ခြင်း ဆေးရည် ဒါမှမဟုတ် ထာဝရ ရှင်သန်ခြင်း ဆေးရည်တောင် မိစ္ဆာတလဲသီးရဲ့ တန်ဖိုးကို အစားမထိုးနိုင်ဘူး။ ”

လေဒီ၏ လေသံသည် တင်းမာနေပြီး ညှိနှိုင်း၍မရသည့် ပုံစံ ဖြစ်နေသည်။

ချန်လွေ့သည်လည်း နောက်ဆုံးအကွက်ကို ထုတ်သုံးရတော့သည်။

“ ဒါကော အစားထိုးနိုင်မလား မသိဘူး။ ”

ထို့နောက် ချန်လွေ့လက်ထဲ၌ ငန်းဥအရွယ် အနီရောင်သစ်သီးတစ်လုံး ပေါ်ထွက် လာသည်။၎င်းသည် ဝိုင်းစက်ပြီး ကျောက်မျက်ကဲ့သို့ ချောမွေ့နေသည်။ တော်ဝင် အမျိုးသမီးကို တုန်လှုပ်သွားစေသည်မှာ ထိုအနီရောင် သစ်သီးသည် ထူးဆန်းသော အငွေ့အသက်တစ်မျိုး ထုတ်လွှတ်နေခြင်းပင် ဖြစ်သည်။

ဤကဲ့သို့ အငွေ့အသက်သည် တော်ဝင်အမျိုးသမီးအတွက် အနည်းငယ် ရင်းနှီးနေသည်။ ၎င်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်တွင် မိစ္ဆာတလဲသီးတစ်လုံးမှ သူ ခံစားခဲ့ဖူးသည်။ ဤသစ်သီး၏ စွမ်းအင်သည် မိစ္ဆာတလဲသီးထက် နှစ်ဆခန့် ပို၍ပြင်းထန်နေသည်။

လေထုထဲ၌ နေရာအနှံ့ပျံ့နှံနေသော သတ်ဖြတ်ချင်စိတ်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားတော့သည်။

All Chapters