အသံတိတ်ည စိမ့်မြေ
Vol. 8 Ch. 119
လေဒီသည် ချန်လွေ့လက်ထဲမှ သစ်သီးကို သတိထား၍ ယူလိုက်သည်။ အချိန်အတော်ကြာသည်အထိ တော်ဝင်အမျိုးသမီးသည် မည်သည့်အရာကမှ ထိတ်လန့်အောင် မလုပ်နိုင်သည့်ပုံစံမျိုးဖြစ်နေသည်။ဆေးရည်မည်းကို တွေ့သည့် အခါ၌ပင် သူ၏တုံ့ပြန်မှုသည် အတော်လေး ထိုင်းမိုင်းနေသည်။
သို့သော်လည်း သစ်သီးကို တွေ့သည့်အခါ ဇာမျက်နှာလွှားမှတဆင့် ထိတ်လန့်မှုနှင့် ကျေနပ်မှုတို့ကို ချန်လွေ့ ခံစားလိုက်မိသည်။
ထိုအနီရောင် သစ်သီးသည် ကြယ်စင်စုဥယျာဉ်မှ အရှိန်အဝါသစ်သီးပင် ဖြစ်သည်။မူလက ချန်လွေ့သည် ၎င်းကို အသီနာအား စားကြည့်စေမည်ဟု စဉ်းစားထားခဲ့သည်။ သို့သော်လည်း မမျှော်လင့်ဘဲ ထိုလျို့ဝှက်ဆန်းကြယ်သော မိန်းမဆီ ပထမဆုံး ထုတ်ဖော်ပြသခဲ့ရသည်။
“ ဒါက ဘာအသီးလဲ။ဘယ်ကနေ ရတာလဲ။ ”
လေဒီ၏ လှုပ်ရှားနေသော ခံစားချက်များ ချက်ချင်း တည်ငြိမ်သွားသည်။သို့သော်လည်း အရှိန်အဝါသစ်သီး၏ တန်ဖိုးသည် မိစ္ဆာတလဲသီးထက် မနိမ့်ကြောင်း ချန်လွေ့ သိလိုက်သည်။နတ်ဆိုးဘုံမှ လူများသည် အရှိန်အဝါကို အသုံးပြုနိုင်ကြလိမ့်မည်ဟု ချန်လွေ့ လုံးဝ မထင်ထားမိခဲ့ပေ။
“ ဒါကို ကျုံးထျန်ရွှမ် အရှိန်အဝါ သစ်သီးလို့ ခေါ်တယ်။ဒါက မိစ္ဆာတလဲသီးလိုမျိုး ထူးခြားတဲ့ စွမ်းအင်ရှိပြီးတော့ ပိုပြီးတော့လည်း အရည်အသွေးမြင့်တယ်။ဒါက ကျုပ်ဆရာ စိုက်ပျိုးထားတဲ့ ရှေးဟောင်း ဇီနွန်အပင် တစ်မျိုးပဲ။လေ့ကျင့်ရေးအတွက် တော်တော်လေး အသုံးဝင်တယ်။ဒါပေမဲ့ ဆရာ့ရဲ့ လေဟာနယ်မှာ ၁၂လုံးလောက်ပဲ ရှိတော့တယ်။ ”
အမှန်အတိုင်း ချန်လွေ့ ပြော၍မဖြစ်ပေ။အမှန်တကယ်တွင် သူ၏ ဂိုဒေါင်ထဲ၌ အရှိန်အဝါသစ်သီး ၄၉ လုံးရှိနေပြီး ကြယ်စင်စုဥယျာဉ်၌လည်း သစ်ပင်၅ပင် ရှိနေသည်။
“ ကျုံးထျန်ရွှမ် အရှိန်အဝါ သစ်သီးလား။ ”
လေဒီသည် မှတ်ဉာဏ်ထဲ၌ သက်ဆိုင်ရာ အချက်အလက်များကို စဉ်းစားနေဟန်တူသည်။ ကံမကောင်းစွာပင် ဘာကိုမျှ ရှာမတွေ့ခဲ့ပေ။
အကြောင်းရင်းမှာ ထိုနာမည်သည် ထိုနေရာ၌ပင် ချန်လွေ့ကိုယ်တိုင် ဖန်တီးထားခြင်း ကြောင့်ပင် ဖြစ်သည်။
လေဒီ သံသယဖြစ်နေသေးကြောင်း ချန်လွေ့သိသည်။ချန်လွေ့လက်ထဲ၌ အရှိန်အဝါ သစ်သီး နောက်တစ်လုံး ပေါ်ထွက်လာပြီး ပါးစပ်ဟကာ စားလိုက်သည်။စွမ်းအားလွန် ရနံ့များနှင့် ကြွယ်ဝလှသည့် အရှိန်အဝါများ ထွက်လာသည့်အခါ လေဒီ ခေါင်းညိတ်ပြီး မေးလိုက်သည်။
“ ဒီအသီးလည်း မိစ္ဆာတလဲသီးလိုပဲ အချိန်တစ်ခုအတွင်းမှာ စားသုံးရမှာလား။သူ့ရဲ့ အာနိသင်ကို ထိန်းထားဖို့အတွက် လျို့ဝှက်နည်းလမ်းတွေ လိုအပ်သေးလား။ ”
တစ်ခါမျှ မစမ်းကြည့်ဖူးသည့်အတွက် အရှိန်အဝါ သစ်သီးတစ်လုံးကို မည်မျှကြာသည် အထိ အထားခံကြောင်း ချန်လွေ့ မသိပေ။တော်ဝင်အမျိုးသမီး သံသယဖြစ်မည်ကို စိုးရိမ်သည့်အတွက် ချန်လွေ့ ပြန်ဖြေလိုက်သည်။
“ အင်း။ဒါကို လတ်ဆတ်စေဖို့ တစ်ခုတည်းသော နည်းလမ်းက ဆရာဖန်တီးထားတဲ့ ဒီမှော်အိတ် ထဲမှာ ထည့်သိမ်း ထားဖို့ပဲ။ ”
လေဒီသည် အရှိန်အဝါအသီးကို ချန်လွေ့ဆီ ပြန်ပေးပြီး “ မှော်အိတ် ” ထဲ ပြန်ထည့်ခိုင်း လိုက်သည်။သူ စကားဆက်မပြောတော့ဘဲ နက်နက်ရှိုင်းရှိုင်း တွေးတောနေတော့သည်။
ခဏကြာပြီးနောက် တော်ဝင်အမျိုးသမီး စကားထပြောလိုက်သည်။သို့သော်လည်း ချန်လွေ့ကို မဟုတ်ပေ။
“ မစ္စစ်-ဒေလီယာ။ဒီကိုလာပါဦး။ ”
ဒေလီယာသည် ချက်ချင်းပင် ဝင်းထဲ သွားလိုက်သည်။
“ လေဒီ။ဘာလိုလို့လဲ မသိဘူး။ ”
တော်ဝင်အမျိုးသမီးသည် မှော်စာလိပ် တစ်ခုထုတ်ပြီး ဒေလီယာအား ပေးကာ ပြောလိုက်သည်။
“ မစ္စစ်-ဒေလီယာ။ဘုရင်မ ကတ်သရင်းက ဒီခရီးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေအားလုံးကို ကျွန်မအပေါ် တာဝန်ပေးအပ်ထားတယ်။အခု ကျွန်မ ရှင့်ကို အမိန့်ပေးမယ်။ ကသောင်းကနင်းဖြစ်တဲ့ ကိစ္စတွေကို ဖြေရှင်းဖို့အတွက် အခုချက်ချင်း ရထားလုံး စီးပြီးတော့ လိုင်ရာမြို့ဆီကိုသွား။ဒါက ဘုရင်မ ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ကိုယ်စားလှယ် လုပ်ပိုင်ခွင့်ပဲ။ဒါနဲ့ဆိုရင် မြို့တော်ဝန် ရာထူးကို ရှင် ဆက်ခံလို့ရပြီးတော့ မြို့ကာကွယ်ရေးကို ပြုပြင်လိုက်။တစ်ရက်အတွင်း အခြေအနေ တည်ငြိမ်သွားအောင် သေချာလုပ်ပေးပါ။ ”
“ သိပါပြီ။ ”
ဒေလီယာသည် ကိုယ်စားလှယ် လုပ်ပိုင်ခွင့်ကို ယူပြီး ချီတုံချတုံဖြင့် မေးလိုက်သည်။
“ လေဒီ။ရှင်ကရော။ဒီနေရာက လိုင်ရာမြို့နဲ့ သိပ်ပြီး မဝေးပါဘူး။ ”
တော်ဝင်အမျိုးသမီးသည် ချန်လွေ့ကို ဖျက်ခနဲ ကြည့်လိုက်သည်။
“ ဆာ-ရစ်ချတ် နဲ့ ကျွန်မတို့မှာ ရုတ်တရက် အရေးကြီးလုပ်စရာ ကိစ္စတွေ ရှိသွားတယ်။ ကျွန်မတို့ တစ်နေရာရာကို သွားကြရမယ်။ ”
ချန်လွေ့ ထိတ်လန့်သွားသည်။
ဘာအရေးတကြီး လုပ်စရာလဲ။ဘာလို့ ငါမသိရတာလဲ။
ဒေလီယာလည်း ထိတ်လန့်သွား၏။
“ ရစ်ချတ် ” က ဒါကိုသေသေချာချာ ကိုင်တွယ်ပြီးတော့ ငါက အကြံတစ်ခု ထုတ်ပြီး သူ့ကို လွတ်အောင် လုပ်ပေးရမှာ မဟုတ်ဘူးလား။ဘာလို့ ဒေလီက “ ရစ်ချတ် ” ကို ခေါ်သွားဖို့ ဘာလို့ ရုတ်တရက် ဆုံးဖြတ်လိုက်တာလဲ။
“ ဒီ ရစ်ချတ်... ”
“ မစ္စစ်-ဒေလီယာ။ဒါက ကျွန်မရဲ့ ဆုံးဖြတ်ချက်ပါ။သေသေချာချာ အကောင်အထည် ဖော်ပေးပါ။ ”
လေဒီ၏ တည်ငြိမ်လှသော လေသံတွင် ထူးဆန်းသောဩဇာသက်ရောက်မှု တစ်ခု ရှိနေပြီး ၎င်းသည် သာမန်ခေါင်းဆောင်များ ပိုင်ဆိုင်သည့်အရာမျိုး မဟုတ်ပေ။နတ်ဆိုးဘုရင် အစွမ်းရှိသည့် ဒေလီယာပင် သူ့ကို မလွန်ဆန်နိုင်ဘဲ “ နားလည်ပါပြီ ” ဟုသာ ပြောနိုင် လေသည်။
“ အကူအညီအတွက် ကျေးဇူးပါပဲ။ ”
တော်ဝင်အမျိုးသမီး အသာလေး ခေါင်းညိတ်လိုက်သည်။မည်သည့် လှုပ်ရှားမှုကိုမျှ ချန်လွေ့ မမြင်ခဲ့ပေ။သို့သော်လည်း သူ၏အရှေ့မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲ သွားသည်။ ခြံဝင်းနှင့် ခန်းမလည်း မရှိကြတော့ပေ။ရထားလုံးတစ်ခုထဲ ချန်လွေ့ ရောက်နေလေသည်။ရထားလုံးသည် အတော်လေး ကျယ်ဝန်းလှသော်လည်း ခုနက ခြံဝင်းနှင့် မယှဉ်နိုင်ပေ။
တော်ဝင်အမျိုးသမီးသည် မှော်အိမ် ကိရယာကို ဖယ်ရှားလိုက်ပြီး ရထားလုံးထဲမှ ထွက်သွားလိုက်သည်။မငြင်းနိုင်ကြောင်း သိသည့်အတွက် ချန်လွေ့သည် တော်ဝင် အမျိုးသမီးနောက်သို့ လိုလိုလားလားနှင့် လိုက်သွားတော့သည်။
“မစ္စစ်-ဒေလီယာ။ကျုပ်ကို မစိုးရိမ်ပါနဲ့။ခင်ဗျားရဲ့ အံ့ဩလောက်စရာ နတ်မိစ္ဆာ မျက်လုံးနဲ့....အဲဒီ မက်လောက်စရာ ခန္ဓာကိုယ်ကို သတိရနေမှာပါ။တစ်နေ့ကျရင် မဒမ် ဘလက်ဝစ်ဒိုးရဲ့ ပိုပြီး အံ့ဩစရာကောင်းတဲ့ အစိတ်အပိုင်းတွေကို ကျုပ် အရသာခံ နိုင်လောက်မှာပါ။ ”
ဒေလီယာ စိုက်ကြည့်နေသည်ကို မြင်သည့်အခါ ချန်လွေ့ ပြုံးရင်း ပြောလိုက်သည်။
ထိုစကားများ ပြောသည့်အလါ အမြင့်ဆင့်နတ်ဆိုး အစေခံနှစ်ယောက်သည် ချန်လွေ့ကို ဒေါသတကြီး စိုက်ကြည့်နေလိုက်သည်။
အကျဉ်းသားက ဘယ်လိုလုပ် မဒမ်ကို စနောက်ရဲရတာလဲ။
“ ဟမ့်။နောက်တစ်ခေါက် ရှင် ကျွန်မလက်ထဲ ရောက်လာခဲ့ရင်တော့ ရှင့်ကို လေဒီလိုမျိုး ပျူပျူငှာငှာ ဆက်ဆံမှာ မဟုတ်ဘူး။အဲဒီနေ့အထိ ရှင် အသက်ရှင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ”
ဒေလီယာသည် ပါးနပ်လှသည်။တော်ဝင်အမျိုးသမီး သံသယဝင်မည်ကို ချန်လွေ့ စိုးရိမ်နေကြောင်း သိသည့်အတွက် ဒေလီယာသည် အေးစက်စက်နှင့် နှုတ်ဆက် စကားပြောခဲ့ခြင်း ဖြစ်သည်။ဒေလီယာသည် လေဒီကို ဦးညွှတ်ပြီး ရထားလုံးကို မောင်းနှင်ရန် မြင်းမောင်းသမားကို အမိန့်ပေးလိုက်သည်။
“ ဒေလီယာ ဒဏ်ရာမရခဲ့ဘူးဆိုရင် ရှင်တို့နှစ်ယောက်ကို မိတ်ဆွေတွေလို့ ကျွန်မထင်မိမှာ။”
တော်ဝင်အမျိုးသမီးသည် ရထားလုံး ထွက်သွားသည်ကို ကြည့်ပြီးနောက် ချန်လွေ့ကို နက်နက်ရှိုင်းရှိုင်း ငေးစိုက်ကြည့်လိုက်သည်။
“ ဒါပေမဲ့ ရှင်တကယ် ဒေလီယာကို လိုချင်တာလား။ ကျွန်မ ကူညီပေးနိုင် လောက်ပါတယ်။”
“ ဒါက ထွက်မသွားခင် နှုတ်ဆက်တာပါပဲ။အဲဒီ နတ်မိစ္ဆာမျက်လုံးကြောင့် ကျုပ် တော်တော်လေး ထိခိုက်သွားခဲ့တယ်။ ”
ချန်လွေ့သည် ကြောက်ရွံ့နေသည့် မျက်နှာဖြင့် ပုခုံးတွန့်လိုက်သည်။
“ ပြီးတော့လည်း အဲဒီမိန်းမက သူ့ကိုယ်သူ ဘလက်ဝစ်ဒိုးလို့ ပြောထားတာ။ သူစားတာခံရတဲ့ ယောက်ျား မဖြစ်ချင်ဘူး။အဲဒါကြောင့် ဒီသတ်မှတ်ချက်ဖြစ်ဖြစ် ကတိဖြစ်ဖြစ်ကို လေဒီ ဖြည့်ဆည်းပေးစရာ မလိုပါဘူး။အရေးကြီးကိစ္စအတွက် ကျုပ်တို့ ဘယ်ကိုသွားမလဲ မသိဘူး။ ”
“ ပါးနပ်တဲ့သူတွေက ဒီလိုမေးခွန်းမျိုး မမေးသင့်ဘူး။ ”
ထိုစကားဆုံးသွားသည်နှင့် လေဒီသည် ချန်လွေ့၏ပုခုံးကို ရုတ်တရက် ဆုပ်ကိုင် လိုက်သည်။မြူများကြားထဲ၌ မြင့်တက်နေသည့် တိမ်တိုက်ကဲ့သို့ ချန်လွေ့ ခံစားလိုက်ရသည်။ပတ်ဝန်းကျင် ရှုခင်းများသည်လည်း လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားကြပြီး ချန်လွေ့ကို ခေါင်းအကြီးအကျယ် ကိုက်စေခဲ့သည်။လေဒီ၏ စွမ်းအားကြောင့် ချန်လွေ့ ပြောစရာစကား ဆွံ့အသွားခဲ့သည်။
ထိုအမြန်နှုန်းသည် ချိပ်ပိတ် မပျက်သေးသည့် ပါ့ဂ်လီအိုထက်ပင် ကျော်လွန်နေသည်။
လေဒီသည် ချန်လွေ့ကို ဆုပ်ကိုင်ပြီး တဟုန်ထိုး ပြေးလွှားနေခဲ့ပြီး တောအုပ်တစ်ခုထဲ ခုန်ဝင်သွားကာ ရပ်တန့်လိုက်သည်။ ခဏအကြာ၌ တော်ဝင်အမျိုးသမီးသည် သေသေချာချာ နားစွင့်နေလိုက်ပြီး တစ်စုံတစ်ယောက် နောက်လိုက်နေခြင်းကို ချန်လွေ့ အနည်းငယ် ရိပ်မိသွားသည်။
တော်ဝင်အမျိုးသမီး၏ ဇာမျက်နှာလွှားနောက်ကွယ်မှ ငြင်သာသော ညည်းသံတစ်သံ ထွက်လာပြီး ရုတ်တရက် တစ်ကိုယ်လုံး ပျောက်ကွယ်သွား၏။သစ်တောထဲ၌ ချန်လွေ့ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။“ အမှောင်ဆန္ဒ ” သာ ရှိနေလျှင် ချန်လွေ့သည် မတုံ့မဆိုင်းဘဲ တယ်လီပို့သုံးကာ ဤကဲ့သို့ အန္တရာယ်များပြီး လျို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီး အနားမှ ထွက်ခွာသွားမည် ဖြစ်သည်။ကံဆိုးစွာပင် လက်စွပ်သည် တော်ဝင်အမျိုးသမီးရဲ့ လက်ထဲ၌ ရှိနေပြီး ထပ်အသုံးပြုရန် ၁၀နာရီကျော် လိုအပ်နေသေးသည်။ခြေထိပ်နှင့်လက်ထိပ်ကို ချက်ချင်း ဖွင့်နိုင်လျှင်တောင် တော်ဝင်အမျိုးသမီး၏ စွမ်းအားဖြင့်ဆိုလျှင် ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။
ရွှေသလင်းကျောက် ခြေထိပ် လက်ထိပ်များကို ကူးပြောင်းရန်အတွက် အချိန်အချို့ လိုအပ်ပြီး ယခုအချိန်သည် အကောင်းဆုံးအချိန် မဟုတ်ပေ။၎င်းသည် ထွက်ပြေးရန် အတွက် ချန်လွေ့၏ ဝှက်ဖဲ တစ်ချပ်ဖြစ်သည်။ထိုမတိုင်ခင် ဤခြေထိပ် လက်ထိပ် များသည် အကာအကွယ်ကောင်းတစ်ခု ဖြစ်သည်။
ခဏအကြာတွင် တော်ဝင်အမျိုးသမီးသည် ချန်လွေ့ဘေးနား၌ ချက်ချင်း ပေါ်ထွက် လာသည်။ချန်လွေ့ ထွက်ပြေးချင်စိတ် မရှိသည်ကို မြင်ပြီး သူ အသာလေး ပြောလိုက်သည်။
“ ရှင်က တကယ် ပါးနပ်တာပဲ။ ”
“ အစကတော့ ကျုပ်တို့နောက်ကို ဘယ်သူလိုက်နေတာလဲ။ဒါမှမဟုတ် သူတို့ကို ခင်ဗျား ရှင်းပစ်ပြီးပြီလားလို့ မေးချင်ခဲ့တာ။ဒါပေမဲ့ စဉ်းစားကြည့်လိုက်တော့....ကျုပ်က အဲလိုမျိုး ပါးနပ်တဲ့သူ တစ်ယောက်ပဲလေ။အဲဒါကြောင်း အများကြီး မမေးတော့ဘူး။ ”
“ ရှင် မေးပြီးပြီလေ။ ”
ဇာမျက်နှာလွှား နောက်ကွယ်၌ အပြုံးယဲ့ယဲ့လေး တစ်ခု ပေါ်ထွက်လာပုံရသည်။
“ ဒါပေမဲ့လည်း ရှင် အဖြေကို သိရမှာ မဟုတ်ဘူး။စိတ်မကောင်းပါဘူး။ရှင်အခု ခဏနား လိုက်ဦး။ ”
ချန်လွေ့ ကာကွယ်ရန် အချိန်မရခင်မှာပင် ခေါင်းပေါ်၌ ပြင်းထန်သည့် ရိုက်ခတ်မှုတစ်ခုကို ခံစားလိုက်ရပြီး ချက်ချင်းပင် သတိလစ်သွားတော့သည်။
ချန်လွေ့ မျက်လုံးဖွင့်လိုက်သည့်အခါ ခြုံပင်ကြီးများ ဝိုင်းရံနေသည့် အခြားနေရာတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။မြေကြီးသည် နူးညံ့ပြီး စိုစွတ်နေသည်။လေထဲ၌ မြူနှင်း ဖျော့ဖျော့လေး ရှိနေပြီး ထင်ထင်ရှားရှား မရှိလှပေ။
တော်ဝင်အမျိုးသမီး၏ တည်ငြိမ်သော အသံ ထွက်လာ၏။
“ ရှင် နိုးပြီလား။ရှင့်ရဲ့ စိတ်ခွန်အားနဲ့ ခန္ဓာကိုယ်က တော်တော်လေး ထူးခြား တာပဲ။ဒါကြောင့် လီဗျာသန် မိသားစုရဲ့ နတ်မိစ္ဆာမျက်လုံးက ရှင့်ဆီမှာ ခံစားခဲ့ရတာကိုး။ ပြီးတော့ ရှင့်ဒဏ်ရာတွေကလည်း တော်တော်လေး မြန်မြန် ပြန်ကောင်းနေတယ်။ဒီလိုမျိုး ပြင်းထန်တဲ့ ဒဏ်ရာတောင် လုံးဝ ပြန်ကောင်းနေပြီ။ ”
“ ချီးကျူးတာကို အရင် ကျေးဇူးတင်ရမလား။ပြီးရင် ကျုပ်ကို သတိလစ်အောင် လုပ်တာကို ဆန့်ကျင်ရမှာလား။ ”
ချန်လွေ့သည် ခေါင်းကို ခပ်ကြမ်းကြမ်း ပွတ်လိုက်သည်။
“ နေ့လယ်တောင် ရောက်သွားပြီလား။ဒါဆိုရင် ကျုပ်သတိလစ်သွားတာ... တစ်ရက် လောက် ရှိပြီလား။ ”
“ မဟုတ်ဘူး။၃ရက်ပြည့်တော့မယ်။ ”
“ သုံးရက် ဟုတ်လား။ ”
ချန်လွေ့ ထိတ်လန့်သွားသည်။
ငါတကယ်ကြီး သုံးရက် သတိလစ်သွားတာပဲ။အရတ်စ်ရဲ့ စစ်စာချုပ်အချိန်ပြည့်ဖို့ တစ်ပတ်ကျော်ကျော်ပဲ ကျန်တော့တယ်။အခုတော့ ငါအရင်ဆုံး အသက်ရှင်အောင် လုပ်ရမယ်။ဒီ တော်ဝင်အမျိုးသမီးက အနည်းဆုံးတော့ နတ်ဆိုးဘုရင် အဆင့်လောက် ရှိမယ်။ပြီးတော့လည်း အမှောင်ဆန္ဒက သူ့လက်ထဲမှာပဲ ရှိနေသေးတယ်။ထွက်ပြေးဖို့ ခက်ခဲနေဦးမှာပဲ။
“ အခု ကျွန်မကို ကျုံးထျန်ရွှမ် အရှိန်အဝါ သစ်သီး ပေးပါ။ ”
“ လေဒီ။စုစုပေါင်း ဘယ်လောက် လိုချင်တာလဲ။ ”
တော်ဝင်အမျိုးသမီး ပြန်ဖြေလိုက်သည်။
“ မိစ္ဆာတလဲသီး အရေအတွက် လောက်ပါပဲ။ ဆယ်လုံးလောက်ပေါ့။အဲလောက် ပေးနိုင်လား။ ”
စကားထပ်မပြောဘဲ အရှိန်အဝါ သစ်သီးတစ်လုံးကို ချန်လွေ့ ကမ်းပေးလိုက်သည်။ မည်သည့် သတ်မှတ်ချက်မျှ မပြောဘဲ ထုတ်ပေးမည်ဟု တော်ဝင်အမျိုးသမီး မထင်မှတ်ထားခဲ့ပေ။သူ ခဏတုံ့ဆိုင်းသွားပြီး နောက်ဆုံး၌ လက်ခံလိုက်သည်။ တော်ဝင် အမျိုးသမီးသည် မီးခိုးဖျော့ရောင် ဝတ်ရုံကို လွှမ်းခြုံထားသည်။သူ တစ်ဖက်လှည့်ကာ သစ်သီးကို စားလိုက်သည်။
စားပြီးနောက် တော်ဝင်အမျိုးသမီး ထိုင်ချလိုက်သည်။သူ၏ ဝတ်ရုံမှ အငွေ့များ ထွက်လာသည်။တော်ဝင်အမျိုးသမီး၏ စွမ်းအင် အားနည်းသွားသကဲ့သို့ ချန်လွေ့ ရုတ်တရက် ခံစားလိုက်ရသည်။
အချိန်အတော်ကြာပြီးနောက် တော်ဝင်အမျိုးသမီး မတ်တပ်ရပ်လိုက်သည်။
“ ရှင့်ရဲ့ဆရာက နတ်ဘုရားတစ်ပိုင်း ဟုတ်ဟုတ်မဟုတ်ဟုတ် သေချာတာကတော့ သူက ရုက္ခဗေဒ မဟာဆရာသခင် ဆိုတာပဲ။ဒီ အရှိန်အဝါ သစ်သီးက မိစ္ဆာတလဲသီးနဲ့ နည်းနည်း မတူပေမဲ့ ပြောရရင်တော့ ဒါက ကျွန်မအတွက် ပိုပြီးတော့ အကျိုးရှိတယ်။ ”
ချန်လွေ့ အသာလေးပြုံးလိုက်သည်။ ဤတော်ဝင်အမျိုးသမီးသည် လိုင်ရာမြို့သို့လာပြီး မိစ္ဆာတလဲသီးကို ကိုယ်တိုင်စားသုံးရန် ညွှန်ကြားခံရကြောင်း ချန်လွေ့ သေချာသိသွားသည်။သူ၏ အဆင့်အတန်းမှာ အရိပ်နက်အင်ပါယာက ပျိုးထောင် ထားသည့် တော်ဝင်ပါရမီရှင် တစ်ယောက်ဖြစ်နိုင်ပြီး အနာဂတ်တွင် ဧကရီ၏ ဆက်ခံသူတစ်ယောက်ပင် ဖြစ်လာနိုင်သည်။
“ ကျန်တဲ့အချိန်တွေမှာ ရှင်ကျွန်မကို တစ်နာရီတိုင်း ဒါမှမဟုတ် အများဆုံး နှစ်နာရီတိုင်း အရှိန်အဝါသစ်သီး တစ်လုံး ပေးရမယ်။နောက်ဆုံတစ်လုံးကျရင် ရှင့်အတွက် ခြေထိပ်လက်ထိပ်တွေ ဖြုတ်ပေးမယ်။ပြီးရင် ကျွန်မရှင့်ကို “အမှောင်ဆန္ဒ” ပြန်ပေးမယ်။ ဒါက အဆင်ပြေမယ် ထင်လား။ ”
ယခုသစ်သီးတစ်လုံးစားပြီးလျှင် နောက်ထပ် ဆက်ပြီး လိုအပ်နေသေးသည်ကို တော်ဝင်အမျိုးသမီး သိသည်။ထို့ကြောင့် သတ်မှတ်ချက်အချို့ကို သူအရင် ပြောလိုက်ခြင်း ဖြစ်သည်။
“ ကျုပ်မှာ တခြားရွေးစရာလည်း ရှိတဲ့ပုံ မပေါ်ဘူး။ ”
တော်ဝင်အမျိုးသမီးသည် အရှိန်အဝါ သစ်သီး တစ်လုံးထက် ပို၍လိုအပ်ကြောင်း ချန်လွေ့သိသည်။ခုနက ချန်လွေ့သည် တော်ဝင်အမျိုးသမီးကို လိုလိုလားလားနှင့် သစ်သီး တစ်လုံးပေးလိုက်သော်လည်း စိတ်ထဲ၌ အရန်အကြံအစည် တစ်ခုရှိနေသည်။
“ ဒါပေမဲ့လည်း နောက်ထပ် အတုအယောင် ကစားပွဲတွေကို ကျုပ် မလိုချင်ဘူး။ ”
“ အချိန်ကျလာရင် ကျုပ် သစ်သီးတွေအားလုံးကို ရိုးရိုးသားသားနဲ့ ပေးမှာပါ။ဒါပေမဲ့ ကျုပ်ရဲ့ အသက်ကို အာမ မခံနိုင်ဘူး။အဲဒါကြောင့် ကျုပ် အစီအစဉ် ပြောင်းချင်တယ်။ အမှောင်ဆန္ဒကို ကျုပ် အရင်ယူမယ်။ပြီးရင် ရွှေသလင်းကျောက် လက်ထိပ်ဖွင့်ဖို့ အလဲအလှယ် အနေနဲ့ နောက်ဆုံး သစ်သီးတစ်လုံး ပေးမယ်။ ”
တော်ဝင်အမျိုးသမီး ခဏစဉ်းစားပြီးနောက် ထိုတောင်းဆိုချက်ကို သဘောတူလိုက်သည်။
“ ဒါဆိုရင် ခုနက ကျုပ်ပေးလိုက်တဲ့ သစ်သီးအတွက် အလဲအလှယ်အနေနဲ့ ဒါက ဘယ်နေရာလဲဆိုတာကို ပြောပြနိုင်မလား။ ”
ဇာမျက်နှာလွှားနောက်ကွယ်၌ အပြုံးတစ်ခု ပေါ်ထွက်လာသည်။
“ ကျွန်မတို့ ပထမဆုံး ပြောခဲ့တာကို မှတ်မိလား။ဆာ-ရစ်ချတ်က သားရဲမုဆိုး ဖြစ်လာဖို့ အတွက် ဒီနေရာကို လာတာ မဟုတ်ဘူးလား။ ”
ချန်လွေ့ ချက်ချင်း တုံ့ပြန်ပြီး အက်ကွဲကွဲ အသံဖြင့် ပြောလိုက်သည်။
“ အသံတိတ်ည စိမ့်မြေ။ ”