ကြမ်းတမ်းလှသော တိုက်ခိုက်မှု
Vol. 8 Ch. 114
လရောင်အောက်၌ မြင်းနှစ်ကောင်သည် အချင်းချင်း အမြန်လိုက်နေကြပြီး နောက်ဘက် တွင်လည်း အငွေ့အတန်းလိုက် ဖြစ်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ညအချိန်ကုန်ဆုံးသွားသော်လည်း လိုက်ဖမ်းသည့် “ကစားပွဲ”မှာတော့ မပြီးဆုံးသေးပေ။သို့ရာတွင် မြင်းထပ်မပြေးနိုင်တော့သည်ကို ချန်လွေ့ သေသေချာချာ သိသည်။
သို့သော်လည်း ထိုနည်းဗျူသာသည် အောင်မြင်နိုင်သည် ။သူ၏အစွမ်းသည် ဘာနကယ်ထက် အနည်းငယ် နိမ့်ပါးကြောင်း ချန်လွေ့သိသည်။ထို့ကြောင့် အချိန် ဆွဲနေခြင်းဖြစ်သည်။နတ်ဆိုးမီးတောက်ကို ထိန်းချုပ်ပြီး မြင်းမောင်းရသည့် ဘာနကယ်အတွက် ထိုညသည် စွမ်းအင်သက်သက် ကုန်ဆုံးခြင်းသာ ဖြစ်သည်။ သို့သော်လည်း [ သရုပ်ခွဲမျက်လုံး ]နှင့် မြင်းကို ဆက်သွယ်ကာ ကုသရန်အတွက် ဆေးရည်နှင့် [ နက္ခတ်သဏ္ဍာန် ] သုံးသည့် ချန်လွေ့အဖို့ ပြန်လည်ဖြည့်တင်းခြင်းပင် ဖြစ်သည်။
ဤသို့ဖြင့် ချန်လွေ့သည် သူတို့၏စွမ်းအား ခြားနားချက်ကို ထပ်ပြီး လျှော့ချပေးနိုင်ပြီး တိုက်ပွဲ၏ ကြမ်းကြုတ်မှုနှင့် တစ်ဆို့မှုကို ချိုးဖောက်နိုင်ခြေအား တိုးမြှင့်နိုင်သည်။ သေချာသည်မှာ နောက်ဆုံးရလာဒ်သည် အရှုံးအနိုင်သာမဟုတ်ဘဲ သူသေကိုယ်သေ ဖြစ်ရန်များလေသည်။
ချန်လွေ့သည် ဆေးရည်၄ပုလင်း လဲလှယ်ပြီး သောက်လိုက်သည်။ယခုတစ်ခေါက်တွင် ၎င်းတို့သည် ဖြည့်တင်းဆေးရည်များမဟုတ်ဘဲ စစ်မှန်ဆေးရည်မည်းများဖြစ်သည့် ခွန်အား၊စိတ်ဝိညာဉ်၊သံမဏိတံတိုင်းနှင့် လေပေါ်လမ်းလျှောက် ဆေးရည်တို့ပင် ဖြစ်နေသည်။၎င်းတို့သည် သက်ဆိုင်ရာအစွမ်းတစ်ခုစီကို ၆၀% တိုးတက်စေပြီး မိနစ်၂၀ အထိ အာနိသင်ရှိလေသည်။
ရန်သူသည် ဆေးရည်ပုလင်းများကို နောက်သို့ပစ်ထည့်လိုက်ပြန်သည်ကို ဘာနကယ် တွေ့လိုက်ပြီး စိတ်ထဲ၌ ကျိန်ဆဲနေတော့သည်။ထိုကဲ့သို့ “ ဗုံးကြဲ ” တိုက်ခိုက်မှုသည် မသေစေနိုင်သော်လည်း သူ့ကို အရှက်ရစေသည်။
ရုတ်တရက်ပင် ရန်သူသည် သူ့ကိုယ်သူပါ “ ပစ်ဝင် ” လာတော့သည်။
ထိုအခိုက်တွင် ပြေးနေသည့် မြင်းများ နှေးသွားသလို ဖြစ်သွား၏။ရန်သူ၏လက်သည် ဓားပုံစံဖြစ်သွားပြီး ပြင်းထန်သည့် အီနားရှားကို အမှီပြုပြီး သူ့ကို ခုတ်ပိုင်း လိုက်သည်။ ဆယ်စုနှစ်ချီသည့် တိုက်ပွဲအတွေ့အကြုံများက ထိုလက်သည် တကယ့်ဓားသွား ကဲ့သို့ဖြစ်ကြောင်း ဘာနကယ်ကို ပြောပြနေသည်။ဘာနကယ်သည် သူ၏အာရုံကို အမြဲပင် ယုံကြည်သည့်အတွက် အမှန်ကန်ဆုံး တုံ့ပြန်ကာ တယ်လီပို့ ခုန်လိုက်၏။
သို့သော်လည်း ဘာနကယ်သည် နှေးနေသေးသည်။ပြိုင်ဘက်ဖြစ်သူ၏လက် ဖြတ်သန်း သွားပြီး ချက်ချင်းပင် မြင်းခေါင်း လွင့်ထွက်သွားသည်။ထိုအားသည် ချန်လွေ့မှ မီတာဝက်ခန့် ကွာဝေးသော်လည်း မလျော့သွားပေ။ဘာနကယ်သည် ပုခုံးပေါ်၌ နာကျင် ခံစားလိုက်ရပြီး ပုခုံးချပ်ကာ နှစ်ပိုင်းပြတ်သွားကာ အောက်ဘက်မှ သွေးများ ပန်းထွက် လာတော့သည်။
အမှန်တကယ်ပင် ၎င်းသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ချန်လွေ့သည် မြင်းပေါ်မှ ချက်ချင်းခုန်ချပြီး ကျွမ်းထိုးကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ဘာနကယ်သည် အဝေးတစ်နေရာသို့ တယ်လီပို့ခုန်လိုက်သည်။ သူ၏ ပုခုံးပေါ်၌ ဒဏ်ရာတစ်ချက် ရသွားပြီး စီးနေသည့် မြင်းသည်လည်း ခေါင်းပြတ်သွားခဲ့သည်။
ဘာနကယ်သည် ပုခုံးပေါ်မှ ဒဏ်ရာကို လျစ်လျူရှုထားလိုက်ပြီး အရောင်ဖျော့ဖျော့ တောက်ပနေသည့် ချန်လွေ့၏လက်ကို စူးစိုက်ကြည့်လိုက်သည်။ဘာနကယ် ဂုဏ်တက်သွားပြီး နတ်ဆိုးမီးတောက် တောက်လောင်သွားသည်။ထို့နောက်တွင် ကောက်ရိတ်ဓားကိုကိုင်ကာ ခုခံသည့်ပုံစံ ရပ်နေလိုက်သည်။
ဆေးရည်မည်း၏ အာနိသင်ကြာချိန် အကန့်အသတ်ရှိကြောင်းကို ချန်လွေ့သိသည့် အတွက် [ အရှိန်အဝါဓားသွား ]ဖြင့် ခုတ်ပိုင်းလိုက်ပြန်သည်။[ အရှိန်အဝါဓားသွား ] သည် ဘာနကယ်၏ ကောက်ရိတ်ဓား အရိုးပေါ်ထိသွားပြီး အသံကြည်ကြည်လင်လင် ထွက်ပေါ်လာသည်။သို့သော်လည်း ဘာမှမဖြစ်ပေ။ထိုကောက်ရိတ်ဓားတွင် ဘာနကယ်၏ စွမ်းအား စီးဝင်နေရုံသာမက အထူးကုန်ကြမ်းများနှင့်လည်း ပြုလုပ်ထားပုံရသည်။ ချန်လွေ့၏ [ အရှိန်အဝါဓားသွား ]သည် အသီနာ၏ မဟာဓားကြီးကို ပိုင်းဖြတ်နိုင် သော်လည်း ထိုကောက်ရိတ်ဓားကိုမူ အနည်းငယ်သာ ထိခိုက်မှုဖြစ်စေသည်။
ယခုတစ်ခေါက်တွင် ဘာနကယ် သင်ခန်းစာ ရသွားပြီးဖြစ်သည့်အတွက် ကိုယ်ပျောက် ဓားချီကို ရှောင်တိမ်းလိုက်ပြီး အနည်းငယ်ပို၍ တည်ငြိမ်သွားသည်။ချန်လွေ့သည် အနားကပ်လာပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။ပြိုင်ဘက်ဖြစ်သူ၏ ခွန်အား၊အမြန်နှုန်းနှင့် အခြားစွမ်းရည်များ သိသိသာသာ တိုးတက်သွားသည်ကို မြင်လိုက်ပြီး ဘာနကယ် အံ့အားသင့်သွားသည်။ တစ်ခါတစ်လေ သူက ထူးဆန်းပြီး ချွန်ထက်တဲ့ ဓားသွားနဲ့ ခုတ်ပိုင်းတယ်။တစ်ခါတစ်လေကျတော့လည်း လှိုင်းလုံးအားနဲ့ တိုက်ခိုက်တယ်။သူ၏ ခုခံမှုကလည်း တကယ်ပဲ တိုးတက်လာတယ်။ငါတောင်နည်းနည်း နိမ့်ကျသလို ခံစားရတယ်။
သို့သော်လည်း ဘာနကယ်သည် ခုခံရာ၌သာ တော်သည် မဟုတ်ဘဲ ကြမ်းတမ်းစွာ တိုက်ခိုက်နိုင်သည်။ဆေးရည်မည်းများကို ချန်လွေ့သောက်ခဲ့သော်လည်း ဘာနကယ်သည် နတ်ဆိုးဘုရင်စွမ်းအားကို သဘောပေါက်လုနီးပါး ဖြစ်နေသော အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်း ဖြစ်သည့်အတွက် ဘာနကယ်၏ ခွန်အားသည် ပို၍သာလွန်သည်။ ခဏအကြာတွင် ချန်လွေ့သည် ပြင်းထန်သည့် တိုက်ခိုက်မှုများကို ခံစားလိုက်ရသည်။ ဒဏ်ရာများမှာ အတော်လေး ပြင်းထန်ပေသည်။
ဘာနကယ်သည် တယ်လီပို့ခုန်ပြီး ချန်လွေ့၏ [ အရှိန်အဝါဓားသွား ]ကို ရှောင်တိမ်း လိုက်သည်။ဘာနကယ် မြဲမြံစွာ ရပ်နေသည့်အချိန်တွင် ချန်လွေ့သည် လက်ဖြန့်ပြီး သူ၏နေရာကို ချိန်ထားလိုက်သည်။တစ်ခုခုလွဲနေကြောင်း ဘာနကယ် ခံစားနေရစဉ် အလင်းလုံးတစ်လုံးသည် အရှိန်မြန်စွာဖြင့် သူ့ထံသို့ ရောက်ရှိလာသည်။
ထိုကဲ့သို့တိုက်ခိုက်မှုသည် အနီးကပ် တိုက်ခိုက်ကြသည့် သိုင်းပညာရှင်များကြား၌ ပစ္စတိုတစ်လက်ထုတ်ကာ ရုတ်တရက် ပစ်လိုက်သလိုမျိုးပင် ဖြစ်သည်။ အထူးကြိုတင် ကာကွယ်ခြင်းများ၊စောလျင်သည့် တုံ့ပြန်မှုများ မရှိခဲ့လျှင် ထိုပစ်ချက်ကို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။အတင်းခုခံ၍သာ ရနိုင်ပေမည်။
၎င်းသည် ပင်လယ်လှိုင်းကြမ်း၌ ချန်လွေ့ ရက်ပေါင်း၂၀၀ လေ့ကျင့်ပြီးနောက် တိုက်ပွဲ အတွင်း၌ ပထမဆုံး အသုံးပြုသည့် [ အရုဏ်ဦးပစ်ချက် ] ပင် ဖြစ်သည်။
ပါ့ဂ်လီအိုသာ ရှိနေလျှင် သေချာပေါက် အံ့အားသင့်သွားပေမည်။အကြောင်းရင်းမှာ ထို [ အရုဏ်ဦးပစ်ချက် ] သည် မူလထက် သုံးပုံတစ်ပုံ သေးငယ်သွားသော်လည်း ဖျက်ဆီးမှု စွမ်းအားမှာ သုံးပုံတစ်ပုံ တိုးတက်သွားခြင်း ဖြစ်သည်။
အလင်းလုံးသည် ဘာနကယ်ထံသို့ ချက်ချင်းပင် ရောက်ရှိသွားသည်။ဘာနကယ် မရှောင်နိုင်တော့ပေ။နီးကပ်လာသည့် အလင်းလုံးမှ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို သူခံစားလိုက်ရသည်။ရုတ်တရက် သူ၏တစ်ကိုယ်လုံး၌ မီးတောက်များ ဖုံးလွှမ်းသွားပြီး လက်နှစ်ဖက်ဖြင့် ကောက်ရိတ်ဓားကိုကိုင်ရာ [ အရုဏ်ဦးပစ်ချက် ]အား ခုခံလိုက်သည်။
ကောက်ရိတ်ဓားနှင့် အဖြူရောင် အလင်းလုံး ထိမိသွားသည့်အခိုက်တွင် ဘာနကယ်၏ ခန္ဓာကိုယ် သိမ့်သိမ့်တုန်သွားပြီး မသက်မသာ ခံစားလိုက်ရသည်။သူဂုဏ်ယူခဲ့ရသည် ခုခံမှုစွမ်းရည်သည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်အခါ ဆိုးဆိုးဝါးဝါး ကြိုးစားအားထုတ်နေရသည်။သူ၏ခြေထောက်သည် နောက်သို့ စတင်ဆုတ်ခွာရလာပြီး ယန္တရားဆရာသခင်တစ်ယောက်ရဲ့ လက်ရာမြောက် တစ်ခုဖြစ်သည့် မှော်ကောက်ရိတ်ဓားသည်လည်း ပျက်စီးတော့မည့် လက္ခဏာများ ပြသနေတော့သည်။
ဘာနကယ်သည် ပို၍မြန်မြန်ဆန်ဆန် နောက်ဆုတ်သွားရသည်။သူ၏နောက်ဘက်မှ သစ်ပင်များပင် အဟုန်ကို မတားဆီးနိုင်ခဲ့ပေ။ခုခံရန်နည်းလမ်းတစ်ခုသာရှိသည့်အတွက် ဘာနကယ်အံကြိတ်ပြီး အတင်းခုခံနေတော့သည်။သူ၏ခုခံမှု ပြိုကွဲသွားသည်နှင့် ခန္ဓာကိုယ်လည်း ပြိုလဲသွားမည်ဖြစ်သည်။
အမြင်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းကို မရောက်သေးသည့် ဤရန်သူတွင် ကြောက်မက်ဖွယ်ရာ ပါရမီများနှင့် အစွမ်းများ ရှိနေလေသည်။
မြေပြင်ပေါ်ရှိ ခြေရာအတန်းကြီးသည့် မီတာတစ်ရာကျော် ရှိသွားပြီး လမ်းတစ်လျှောက် ပျက်စီးမှုများသည်လည်း ဆက်လက်ဖြစ်ပွားခဲ့သည်။သို့သော်လည်း နောက်ဆုံး၌ ရပ်တန့်သွားခဲ့၏။တလက်လက် ဖြစ်နေသည့် အလင်းလုံးကြီးသည် ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားပြီး အစအနမရှိအောင် ပျောက်ကွယ်သွားတော့သည်။
ယခုတစ်ခေါက်တွင် ချန်လွေ့ မျက်မှောင်ကြုတ်သွားခဲ့သည်။
ပင်လယ်လှိုင်းကြမ်းမှာ လေ့ကျင့်ခဲ့တဲ့ [ အရုဏ်ဦးပစ်ချက် ]ကို ဘာနကယ် တကယ်ပဲ ခုခံနိုင်ခဲ့တယ်။သူ လမ်းကြောင်း လွှဲခဲ့တာ မဟုတ်ဘူး။သူလုံးဝကို ခုခံခဲ့တာပဲ။
ချန်လွေ့တွေ့ဆုံဖူးသည့် အဆင့်တူ ပြိုင်ဘက်များထဲတွင် ဘာနကယ်သည် [ အရုဏ်ဦး ပစ်ချက် ]အား ပထမဆုံးအနေဖြင့် လုံးဝခုခံနိုင်ခဲ့သည်။ဘာနကယ်သည် အလွန်အမင်း အားစိုက်ရသည့်ပုံပေါက်နေပြီး သားရေချပ်ကာသည်လည်း အနီးကပ်ဖိအားကြောင့် ပျက်စီး သွားတော့သည်။သူ၏ပုခုံးပေါ်ရှိ ဒဏ်ရာ ပြန်ပွင့်သွားပြီး သွေးများ ယိုစီး လာပြန်သည်။ထို့ပြင် သူ၏ခန္ဓာကိုယ်နှင့် လက်များတွင်လည်း အရေတွက်နိုင်သည့် စုတ်ပြဲဒဏ်ရာများ ပြည့်နှက်နေ၏။သို့သော်လည်း သူ၏မျက်လုံး၌ ရက်စက်သည့် အလင်းရောင် တောက်ပနေသည်။
“ ဒီလိုတိုက်ခိုက်မှု အတိုင်းအတာအထိ ကြုံတွေ့ရလိမ့်မည်လို့ ငါမထင်ထားခဲ့ဘူး။ငါမင်းကို ချီးမွမ်းရမယ်။မင်းရဲ့ တကယ့်အဆင့်က ထိပ်သီးပိုင်းကိုရောက်ဖို့ နည်းနည်း ဝေးနေသေးတယ်။ဒါပေမဲ့ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားကတော့ ပေါ်လို နဲ့ လာ့ခ်စ် တို့ထက် မနိမ့်ဘူး။သူတို့ထက် သာရင်တောင် သာနိုင်တယ်။အခုငါနဲ့ တိုက်ခိုက်နေရင်း မင်းသိလာတာတွေ အများကြီးရှိမှာပဲ။မင်းဒီနေ့ အသက်ရှင်ပြီးတော့ အဲဒီသဘောတရားကို နားလည်သဘောပေါက်သွားမယ်ဆိုရင် အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းကိုရောက်ဖို့ ဝေးတော့မှာ မဟုတ်ဘူး။ ”
ထိုသို့ပြောပြီးနောက် ဘာနကယ်သည် ပုခုံးပေါ်မှ သွေးထွက်နေသည့် ဒဏ်ရာကို မကြည့်ဘဲ သားရေချပ်ကာကို ဆွဲဖြဲလိုက်သည်။သူ၏ ကောက်ရိတ်ဓားကိုသာ ကိုင်ဆောင်ပြီး ဖြည်းဖြည်းချင်း လျှောက်လာတော့သည်။
“ ကံဆိုးတာက မင်းမှာ အဲဒီလို အခွင့်အရေးရှိမှာ မဟုတ်ဘူး။မင်းရဲ့ တိုက်ခိုက်ရေး စွမ်းအားက ပေါ်လိုနဲ့ လာ့ခ်စ်တို့နဲ့ ယှဉ်နိုင်တော့ကော ဘာဖြစ်လဲ။သူတို့နှစ်ယောက် ပေါင်းတိုက်တာတောင် ငါအနိုင်ရခဲ့တာ။ဒီတော့ မင်းနိုင်ဖို့ အခွင့်အရေး လုံးဝမရှိဘူး။ ”
[ အရုဏ်ဦးပစ်ချက် ]သည် ချန်လွေ့၏ ကြယ်စွမ်းအား အတော်များများကို ကုန်ဆုံး စေခဲ့သည်။သို့သော်လည်း ဘာနကယ်၏စကားများကို ချန်လွေ့ နားမယောင်ခဲ့ဘဲ ကြယ်စွမ်းအားများကို စုစည်းကာ နောက်ထပ်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
“ မင်းခုနက သောက်လိုက်တာက ခွန်အားဆေးရည်လိုမျိုး ဆေးရည်ဖြူဖြစ်မယ်။ ပြောရရင်တော့ နောက်မိနစ်အနည်းငယ်ကျရင် မင်း အားနည်းသွားမှာပဲ။ ”
ဘာနကယ် ရပ်တန့်လိုက်ပြီး ကောက်ရိတ်ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
“ ဒါပေမဲ့ အဲဒီအချိန်ကျရင် ငါမင်းကို တိုက်ခိုက်မှာ မဟုတ်ဘူး။မင်းကိုယ်မင်း အစွမ်းထက်ဆုံး ထင်နေတဲ့အခြေအနေဲ့ အခုမင်းရဲ့ယုံကြည်မှုလွန်ကဲနေတာကို ငါပျက်ဆီးပစ်မယ်။ ”
ထိုသို့ပြောရင်း ဘာနကယ်သည် ကောက်ရိတ်ဓားကို စတင်လှည့်တော့သည်။ ချန်လွေ့သည် အနည်းငယ် ဝေဝါးသလို ခံစားလိုက်ရပြီး အာရုံပြန်စိုက်လိုက်သည့်အခါ ဘာနကယ် နှစ်ကိုယ်ခွဲသွားလေသည်။
ပေါ်လိုနဲ့ လာ့ခ်စ်တို့နှင့် ဘာနကယ် တိုက်ခိုက်နေစဉ်တွင် ဘေးဘက်မှ ချန်လွေ့ ချောင်းကြည့်နေခဲ့သည်။ထိုအစွမ်းဖြင့် ပေါ်လိုအသတ်ခံခဲ့ရသည်။ထိုအစွမ်းသည် ဂျက်စီ၏ [ နောက်ကျန်ပုံရိပ် ] နှင့် မတူပေ။၎င်းတို့သည် တကယ့်ခန္ဓာကိုယ်များ ဖြစ်သည်။ နှစ်ယောက်စလုံးပင် ဖြစ်သည်။
သူ၏ [ သရုပ်ခွဲမျက်လုံး ]၌ ဘာနကယ် နှစ်ယောက်စလုံးကို [ မဟာနတ်ဆိုး ]
စွမ်းအားအကဲဖြတ်မှု = [ D ] ဟူ၍သာဖော်ပြသည်။
ချန်လွေ့၏ [ အရှိန်အဝါဓားသွား ]သည် ၂မိနစ်သာ ကျန်ပြီး [ အရုဏ်ဦးပစ်ချက် ]သည် တစ်ခုသာ ကျန်တော့သည်။ချန်လွေ့ မဆင်မခြင်သုံး၍ မရပေ။အကြောင်းရင်းမှာ တည့်တည့်ထိသွားလျှင်တောင် ဘာနကယ်၏ခုခံမှုသည် အစွမ်းထက်လှသည့်အတွက် သေစေနိုင်လောက်မည် မဟုတ်ပေ။ကြယ်စွမ်းအားအကုန် အသုံးပြုမိသွားလျှင် ချန်လွေ့သေရုံသာ ကျန်တော့သည်။
ဘာနကယ်နှစ်ယောက်သည် မီးတောက်များ တောက်လောင်နေရင်း တစ်ပြိုင်နက်တည်း အားကုန်တိုက်ခိုက်ကြတော့သည်။
သူတို့တိုက်မိသည်နှင့် ချန်လွေ့သည် အားသွန်ခွန်စိုက်လိုက်ရပြီး သုံးလေးချက်လောက် ထိုးခံမိသွားသည်။သူ အမြန်မရှောင်နိုင်ခဲ့လျှင် အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်သည်။ ဘာနကယ်တစ်ယောက်စီသည် မူလခန္ဓာကိုယ်အစွမ်း၏ ၇၀% ခန့်ရှိသည်။သို့သော်လည်း သူတို့နှစ်ယောက် ပေါင်းလိုက်သည့်အခါ ၁၄၀% ဖြစ်သွားသည်။ နဂိုကတည်းက ဘာနကယ်ထက် အစွမ်းနိမ့်နေသည့် ချန်လွေ့အတွက် အန္တရာယ် နှစ်ဆတိုး သွားတော့သည်။ ချန်လွေ့ စဉ်းစားကြည့်လိုက်ပြီး လက်သန်းကြွယ်၌ “ အမှောင်ဆန္ဒ ” လက်စွပ် ပေါ်ထွက်လာသည်။
စက္ကန့်ပိုင်းခန့်တွေဝေသွားသည့်အခိုက်တွင် ဘာနယ်သည် ချန်လွေ့၏ နံရိုးကို ပြင်းပြင်းထန်ထန် ကန်ထည့်လိုက်သည်။ အရိုးကျိုးသည့်အသံကိုပင် သေသေချာချာ ကြားနေရ၏။ ချန်လွေ့ နောက်သို့ ယိမ်းယိုင်သွားစဉ် နောက်ဘက်မှ ထပ်ပြီး တိုက်ခိုက်ခံရပြန်သည်။
ဘာနကယ်တစ်ယောက်သည် ချန်လွေ့ရှေ့၌ ချက်ချင်းပေါ်လာပြီး ကောက်ရိတ်ဓားသုံးကာ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် လည်မျိုကို ရမ်းလိုက်သည်။ချန်လွေ့လည်း အလျင်အမြန်ပင် ဘေးဘက်သို့ ရှောင်တိမ်းလိုက်ပြီး သုံးလေးမီတာ ကွာလိုက်သည်။ မြေသို့ကျသွားသည့် အခါတွင် ချန်လွေ့သည် ပြင်းထန်သည့်အန္တရာယ်တစ်ခုကို ခံစားလိုက်ရပြီး ကြွက်သား များသည် နောက်ဘက်မှ အားနည်းသည့် တုန်ခါမှုတစ်ခုကို သေသေချာချာ ခံစားလိုက်ရသည်။
ပေါ်လိုကို ဘာနကယ်တိုက်ခိုက်ခဲ့သည့် မြင်ကွင်းတစ်ခု ချန်လွေ့စိတ်ထဲ၌ ပေါ်လာသည်။ ထို့ကြောင့် အခြားခန္ဓာကိုယ်တစ်ခုသည် သူ၏နောက်ဘက်သို့ တယ်လီပို့ခုန်ပြီး အဆုံးသတ်တိုက်ခိုက်မည်ကို ချန်လွေ့သိသည်။
ချက်ချင်းပင် ချန်လွေ့စိတ်ထဲ၌ အတွေးများစွာ ရောက်ရှိလာခဲ့သည်။ထို့နောက်တွင် သူ၏မျက်လုံးများ အရောင်လင်းလက်သွားပြီး “ အမှောင်ဆန္ဒ ”အား အသက်သွင်းချင်စိတ်ကို အတင်းတားဆီးလိုက်သည်။ သတ္တိရှိတဲ့သူ အနိုင်ရမှာပဲ။ငါဒါကို လောင်းကြေးထပ်လိုက်မယ်။
ချန်လွေ့ ချက်ချင်းပင် နောက်လှည့်လိုက်သည်။သူ၏နှလုံးကို ထိုးဖောက်သွားနိုင်သည့် ဓားသွားသည် ညာဘက်ရင်ဘတ်ကို ထိုးဖောက်သွားသည်။သို့သော်လည်း ချန်လွေ့သည် စိတ်ဖြင့် ကြွက်သားများကို ကျုံ့လိုက်သည့်အတွက် မဖောက်ထွင်းနိုင်ဘဲ ထင်ထား သည်ထက် ပိုတိမ်သွား၏။သို့သော်လည်း ထိခိုက်မှု ကြီးကြီးမားမားဖြစ်သွားစေသည်။
ဘာနကယ် အနည်းငယ် အံ့အားသင့်သွားသည်။ ကောက်ရိတ်ဓားကို ဆွဲထုတ်ရန် ပြင်လိုက်စဉ် ဘာနကယ်သည် ဒဏ်ရာအပြင်းအထန်ရနေသည့် ချန်လွေ့၏မျက်နှာပေါ်၌ ထူးဆန်းသည့် အပြုံးတစ်ခုကို တွေ့လိုက်ရသည်။ချန်လွေ့သည် အလျင်အမြန်ပင် ကောက်ရိတ်ဓားကိုအရိုးကို ဆုပ်ကိုင်ပြီး အခြားတောက်ပနေသည့် လက်တစ်ဖက်ဖြင့် အောက်ဘက်သို့ ခုတ်ပိုင်းလိုက်သည်။
ဘာနကယ်၏မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ချန်လွေ့၏ ဓားသွား ချိန်ထားသည်မှာ သူ့ကိုမဟုတ်ခဲ့ပေ။ကောက်ရိတ်ဓားအရိုးကိုလည်း မဟုတ်ပေ။ ကောက်ရိတ်ဓား အစွန်းရှိ အရိုးခေါင်း ကျောက်မျက်ကိုပင် ဖြစ်သည်။
ထိုအချိန်၌ အခြားဘာနကယ်လည်း တယ်လီပို့ မသုံးနိုင်တော့ဘဲ လက်ထဲရှိ ကောက်ရိတ်ဓားနှင့် လွှင့်ပစ်လိုက်သည်။ချန်လွေ့လည်း မတုံ့ဆိုင်းဘဲ [အရှိန်အဝါဓားသွား] ကိုသုံးကာ အားကုန် ခုတ်ပိုင်းလိုက်ပြန်သည်။အသံကျယ်ကြီး ထွက်လာပြီးနောက် အတော်လေးမာကျောသည့် အရိုးခေါင်း ကျောက်မျက်သည်လည်း နှစ်ပိုင်းပိုင်း သွားတော့သည်။
ချန်လွေ့ ဖျက်ဆီးလိုက်သည့် ကျောက်မျက်မှာ သူ၏ကိုယ်ထဲ စိုက်ဝင်နေသည့် ကောက်ရိတ်ဓားအစွန်းရှိ ကျောက်မျက်ဖြစ်သည်။သို့ရာတွင် သူ့ထံသို့ ပျံဝင်လာသည့် အရိုးခေါင်း ကျောက်မျက်လည်း တစ်ချိန်တည်းမှာပင် ပျက်စီးသွားလေ၏။
ထိုကောက်ရိတ်ဓား အရှိန်မသေသေးဘဲ ချန်လွေ့၏ဘယ်ဘက်ပုခုံးကို နက်နက်ရှိုင်းရှိုင်း ထိမိသွားသည်။ ကျောက်မျက်သာ မပျက်စီးခဲ့ဘဲ ထိခိုက်မှု မလျော့ကျခဲ့လျှင် ထိုတိုက်ခိုက်မှုသည် ချန်လွေ့၏ ဘယ်ဘက်လက်တစ်ခုလုံးကို ပြတ်သွားစေနိုင် လောက်သည်။
အော်သံများသည် ဘာနကယ် နှစ်ယောက်ထံမှ ထွက်ပေါ်လာရုံသာမက ကောက်ရိတ်ဓားနှစ်လက်ပေါ်ရှိ ပျက်စီးသွားသော အရိုးခေါင်းကျောက်မျက် နှစ်ခုဆီမှလည်း ထွက်ပေါ်လာသည်။