နိဗ္ဗာန်သွေး။အံ့ဩသွားသည့် အဆိပ်နဂါး
Vol. 9 Ch. 135
စစ်စာချုပ် ချုပ်ဆိုရန်.... အက်ဂ်ယောကို အရတ်စ် ခြိမ်းခြောက်ခဲ့စဉ်က “ အက်ဂ်ယော ” ရှုံးနိမ့်လျှင် အက်ဂ်ယောနှင့် ဝတ်ရုံဂိုဏ်းတစ်ခုလုံးကို သတ်ပစ်မည်ဟု အရတ်စ် ပြောခဲ့သည်။ ၎င်းသည် တွန်းအားပေးသည့် ပြက်လုံးတစ်ခု မဟုတ်ခဲ့ဘဲ အမှန်တကယ် ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ယခုတွင် ရှုံးနိမ့်သွားသူမှာ အရတ်စ် ဖြစ်သည့်အတွက် ရလာဒ်ကို မှန်းဆနိုင်ပြီ ဖြစ်သည်။
“ ခင်ဗျားကို မသတ်ခင် ကျုပ်ပြောစရာရှိတယ်။စစ်စာချုပ်ကို ဖယ်ရှားပြီးပြီလား။ ”
ချန်လွေ့ သရော်ပြုံးပြုံး၍ မေးလိုက်သည်။
ယခုတွင် အားလုံးနီးပါး ကြားသွားပြီး အံ့အားသင့်စွာဖြင့် မတ်တပ်ရပ်လိုက်ကြသည်။ အမှောင်လ ပြိုင်ကွင်းဘုရင် အရတ်စ် တကယ်ကြီး ရှုံးသွားတာပဲ။
ဝတ်ရုံဂိုဏ်းသားများသည် ငရဲသို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်းကို မသိခဲ့ကြပေ။သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။အထူးသဖြင့် လူပုအိုကြီး ဒီဒီ ဖြစ်သည်။ ငါ့သခင်က တကယ့်ကို အစွမ်းထက်တာပဲ။သူတကယ်ပဲ အရတ်စ်ကို အနိုင်ယူ လိုက်နိုင်တယ်။အညံ့ခံဖို့ ငါဆုံးဖြတ်လိုက်တာက တကယ်မှန်ကန်တာပဲ။ အမှောင် နတ်သူငယ် ဂျက်စီ တစ်ယောက်တည်းသာ သက်ပြင်းချလိုက်သည်။လွန်ခဲ့သော၂လတွင် သူသည် “ အက်ဂ်ယော ”၏ လှုံ့ဆော်မှုကြောင့် အပြင်းအထန် လေ့ကျင့်ခဲ့ပြီး အလယ်ဆင့် နတ်ဆိုး၏ အစွမ်းအထက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။နောက်ထပ် ခြေလှမ်း တစ်ခုမှာ အမြင့်ဆင့်နတ်ဆိုးသို့ အဆင့်တက်ရန်ဖြစ်သည်။အဆင့်တူချင်းချင်းကြားတွင် ဂျက်စီသည် မယုံနိုင်စရာကောင်းလောက်အောင် တိုးတက်ခဲ့သည်။သို့သော်လည်း သူ၏ ခေါင်းဆောင်နှင့် ယှဉ်လိုက်သည့်အခါ ကွာခြားချက်မှာ ပို၍ပို၍ ကြီးမားလာသည်။
အထိတ်လန့်ဆုံးမှာ ငြိမ်ဝပ်ပိပြားရေး အရာရှိ အဲလန်ဖြစ်သည်။သူ ပိုက်ဆံအများကြီး ဆုံးရှုံးခဲ့ရသော်လည်း ပိုက်ဆံသည် ကိစ္စသေးသေးလေးသာ ဖြစ်သည်။အရတ်စ်ကို အနိုင်ယူခဲ့သည့် ဤကြောက်စရာလူကို ရန်မစမိရန် အဲလန်ဆုံးဖြတ် လိုက်တော့သည်။
အရတ်စ်သည် ဖြည်းဖြည်းချင်း လက်ကိုဖွင့်လိုက်သည်။ချန်လွေ့အရှေ့တွင် မီးတောက် လောက်နေသည့် စာလိပ် ထွက်ပေါ်လာပြန်သည်။၎င်းပေါ်တွင် သူတို့နှစ်ယောက်၏ လက်မှတ်များနှင့်အတူ ရွှေရောင်စာသားများ ယဲ့ယဲ့လေး ပေါ်နေသည်။ထို့နောက် စာရွက်သည် ဖြည်းဖြည်းချင်း ပြာဖြစ်သွားကာ ပျောက်ကွယ်သွားတော့သည်။
ချန်လွေ့သည် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်နှင့်အတူ အေးစက်စက် ပြောလိုက်သည်။
“ တကယ်တော့ ကျုပ် ခင်ဗျားကို သတ်လိုက်ပြီးရင် စာချုပ်က အလိုလို ပယ်ဖျက် သွားနိုင်တယ်။ဒါပေမဲ့ အန္တရာယ်ကင်းအောင်လို့ ခုနက ကျုပ်ခင်ဗျားကို မသတ်ခဲ့ဘူး။အခုတော့.... ”
အရတ်စ်သည် ရှောင်လည်းမရှောင် စကားလည်းမပြောဘဲ သေခြင်းတရားကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်၏။
“ ခဏနေပါဦး။ ”
အရေးကြီးပုဂ္ဂိုလ်များထိုင်ခုံမှ အသံတစ်သံ အချိန်မီ ထွက်လာသည်။ထိုအသံသည် ရွိုင့်စ်၏အသံပင် ဖြစ်သည်။
ရွိုင့်စ်သည် ပြိုင်ကွင်းထဲသို့ တယ်လီပို့ ခုန်လာပြီး ချန်လွေ့အား အသာလေး ဦးညွှတ်လိုက်သည်။
“ မစ္စတာ အက်ဂ်ယော။လွန်ခဲ့တဲ့ တစ်လတုန်းက ကျုပ်တို့ ဆုံခဲ့ကြတာကို မှတ်မိ သေးလား။ ”
“ မှတ်မိတာပေါ့။ ”
ချန်လွေ့သည် အချိန်မီ ရောက်ရှိလာသည့် ရွိုင့်စ်ကို စိတ်ထဲ၌ ချီးကျူးလိုက်ပြီး တမင်တာပင် ခပ်မာမာ ပြောလိုက်သည်။
“ အဲ့ဒီအချိန်တုန်းက ကျုပ်ရဲ့စွမ်းအားတွေ ချိပ်ပိတ်ခံထားရတော့ မီကတ်စ်ဆိုတဲ့ ငနဲကောင် ကြောင့် သေတော့မလို့။ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ကယ်တင်ခဲ့တယ်။ ”
ပရိတ်သတ်များ ကြားလိုက်သည့်အခါ လွန်ခဲ့သော တစ်လခန့်က အမှောင်လမြို့၌ အင်အားစုကြီးနှစ်စု တိုက်ခိုက်ခဲ့ကြသည်ကို ရုတ်တရက် သတိရသွားသည်။ ယခုအချိန်အထိ ဂျိုးဆက်ပ်နှင့် အဲလန်တို့၏ ဆက်ဆံရေး မကောင်းသေးပေ။၎င်းသည် ထို“အညတြ”ကြောင့် ဖြစ်ပုံရသည်။သို့သော်လည်း ထို“အညတြ”သည် ယခင်ကနှင့် လုံးဝကွဲပြားနေသည်။
ပရိသတ်အများစုလည်း အခြားကိစ္စတစ်ခုကို သတိထားမိလိုက်သည်။“အက်ဂ်ယော”၏ အစွမ်းသည် အင်အားတစ်ခုကြောင့် ချိပ်ပိတ်ထားခံခြင်း ဖြစ်နေသည်။ထို့ကြောင့်ပင် သူ၏တိုးတက်နှုန်းသည် အလွန် ထူးခြားနေခြင်း ဖြစ်သည်။သူ၏လက်ရှိအစွမ်းနှင့်ဆိုလျှင် မီကတ်စ်ကဲ့သို့ အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းကို ငနဲဟု ခေါ်ခဲ့ခြင်းမှာ ပုံကြီးချဲ့ခြင်းမျိုး မဟုတ်ပေ။
“ ခင်ဗျားက အရတ်စ်ရဲ့ မိတ်ဆွေ ဖြစ်မယ်။ဒီနေ့ပြိုင်ပွဲ ဖြစ်ရအောင်လို့ အဲ့ဒီတုန်းက ခင်ဗျားကျုပ်ကို ကယ်တင်ခဲ့တယ်။ကျုပ်ကို ခင်ဗျားရဲ့မိတ်ဆွေ ကိုယ်တိုင်သတ်စေချင်တာ ဖြစ်မယ်။ဒါက စေတနာနဲ့ လုံးဝမဖြစ်နိုင်ဘူး။ ”
ချန်လွေ့ အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။
“ ဒါပေမဲ့လည်း ကျုပ်ခင်ဗျားကို အကြွေးတင်ထားတယ်။ဒီတော့ ဒီနေ့ ကျုပ်ခင်ဗျားကို ပြန်ပေးဆပ်မယ်။ ”
“ ကျေးဇူးအများကြီး တင်ပါတယ်။ဆာ။နောက်ကျရင် ခင်ဗျားကျေနပ်လောက်တဲ့ လက်ဆောင်တွေ ပေးပါ့မယ်။ ”
ရွိုင့်စ် ပျော်ရွှင်သွားပြီး ဦးညွှတ်ကာ အရတ်စ်နှင့်အတူ ထွက်သွားလိုက်သည်။
“ နေဦး။ ”
ချန်လွေ့ အော်ပြောလိုက်သည်။
“ ကျုပ် ဘာလက်ဆောင်မှု မလိုဘူး။ကျုပ်နဲ့ ထိုက်တန်တာပဲ လိုချင်တယ်။အရတ်စ်နဲ့ ကျုပ် သဘောတူထားတဲ့အတိုင်းဆိုရင် သူ့အသက်ကိုရော ဒီပြိုင်ကွင်းကိုပါ ကျုပ်ပိုင်ဆိုင်ရမှာ။ အခု သူ့အသက်ကို ခင်ဗျားဆီ ပြန်ပေးလိုက်တယ်။ဒါပေမဲ့ ဒီပြိုင်ကွင်းကိုတော့..... ”
ရွိုင့်စ်၏ မျက်လုံးများ အရောင်လက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ အမှန်ပြောရရင်တော့ ဒီပြိုင်ကွင်းကို ဘဏ္ဍာရေးအရာရှိ ဆာ-ဂျိုးဆက်ပ် ပိုင်ဆိုင်တာပါ။ အခု ဆာ-ဂျိုးဆက်ပ်က အမှောင်လမြို့မှာ ရှိမနေဘူး။မှော်ဆက်သွယ်ရေး အဆောင်နဲ့ ကျုပ်သူ့ကို ဆက်သွယ်ရဦးမယ်။ပြီးရင် ကျုပ် ခင်ဗျားကို ကျေနပ်လောက်တဲ့အဖြေ ပေးမှာပါ။ ”
ယခုလက်ရှိတွင် အမှောင်လမြို့၌ ဂျိုးဆက်ပ် ရှိမနေကြောင်းကို ရွိုင့်စ် ရိုးရိုးပင် ထုတ်ဖော် ပြလိုက်ခြင်း ဖြစ်သည်။
“ မလိုပါဘူး။ဒီပြိုင်ကွင်းကို မင်းပိုင်သွားပြီ။ရွိုင့်။ဆာ-ဂျိုးဆက်ပ်ကို ဒီအကြောင်း ငါရှင်းပြလိုက်မယ်။ ”
အရတ်စ်သည် မျက်နှာချင်းဆိုင်မှ ဝတ်ရုံနှင့်လူကို စိုက်ကြည့်ပြီး လက်သီးဆုပ်လိုက်သည်။
“ ငါ့အသက်ကိုတော့ မင်းအချိန်မရွေး ယူလို့ရတယ်။ ”
ချန်လွေ့ အေးစက်စက်နှင့် ပြုံးလိုက်သည်။
“ ကောင်းပြီလေ။ခင်ဗျားပြောသလိုပေါ့။ရွှေ့ပြောင်းဖို့အတွက် နေ့တစ်ဝက် ကျုပ် အချိန် ပေးမယ်။မနက်ဖြန် မနက်ကျရင် ကျုပ်ကိုယ်တိုင် ပြိုင်ကွင်းကိုလာပြီး သိမ်းယူမယ်။ ”
အရတ်စ်သည် တစ်ခုခုပြောချင်နေပုံပေါ်သော်လည်း ရွိုင့်စ်က ပြိုင်ကွင်းထဲမှ ဆွဲထုတ်ခဲ့ လိုက်သည်။ပရိသတ်များအားလုံးသည် အစွမ်းထက်သူကို လေးစားကြသည့်အတွက် အားလုံးမတ်တပ်ရပ်လိုက်ကြပြီး ပြိုင်ကွင်း၏ အစွမ်းအထက်ဆုံးလူ အသစ်ကို အားပေးလိုက်ကြသည်။
ဤတိုက်ပွဲသည် နောက်ဆုံး၌ အဆုံးသတ်သွားခဲ့လေပြီ။အမှောင်လမြို့ရှိ အစွမ်း အထက်ဆုံး အမြင့်ဆင့်နတ်ဆိုး အရတ်စ်ကို လျို့ဝှက်ဆန်းကြယ်သည့် အက်ဂ်ယောက မမျှော်လင့်ဘဲနှင့် အနိုင်ရရှိခဲ့သည်။အက်ဂ်ယောသည် ရွိုင့်စ်ကို အကြွေးတင်ထားသည့် အတွက်ကြောင့် အရတ်စ် အသက်ချမ်းသာရာ ရခဲ့ပြီး ပြိုင်ကွင်းပိုင်ရှင်လည်း ပြောင်းလဲ သွားခဲ့သည်။
လူပုအိုကြီး ဒီဒီ ဦးဆောင်သည့် ဝတ်ရုံဂိုဏ်းသားများအားလုံးလည်း စိတ်လှုပ်ရှားနေ ကြသည်။ ယခုအချိန်မှစ၍ အမှောင်လမြို့ရှိ အထင်ကရ တစ်ခုဖြစ်သည့် ရှေးဟောင်း ပြိုင်ကွင်းသည် ဝတ်ရုံဂိုဏ်း၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်သွားလေပြီ။
ရှီရာသည် အရေးကြီးပုဂ္ဂိုလ်များ ထိုင်ခံမှ ထလိုက်ပြီး ပရိသတ်များ၏ အားပေးသံကို တိတ်ဆိတ်စွာ လက်ခံရင်း ရပ်နေသည့် “ အက်ဂ်ယော ” ကို တည်တည်ငြိမ်ငြိမ် ငေးကြည့်ပြီး လှည့်ထွက်သွားလိုက်သည်။သူ၏မျက်လုံးများ၌ သံသယ အရိပ်အယောင် ဖြစ်နေသည်။ ဝတ်ရုံဂိုဏ်းက တော်တော်လေးကို မြန်မြန်ဆန်ဆန် ကြီးထွားနေတယ်။ အခုဆိုရင် မြို့ထဲမှာ ဩဇာရှိတဲ့အင်အားစုတစ်ခု ဖြစ်သွားပြီ။သူတို့ကို ချန်လွေ့က အာမခံထားတယ်။သူတို့မှာ နန်းတော် အင်ပါယာအစောင့်တွေရဲ့ အရန်တပ်ဖွဲ့ဆိုတဲ့ ဂုဏ်ပုဒ်လည်း ရှိတယ်။ဒါပေမဲ့ ဒီလျို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းဆောင်ကိုငါ မဆက်သွယ် ရသေးဘူး။ ငါဆက်သွယ်ကြည့်လိုက်သင့်လား။
ချန်လွေ့သည် ပတ်ပတ်လည်မှု နားကွဲလုမတတ် အားပေးသံများကို မကြားသကဲ့သို့ပင် ပြိုင်ကွင်းထဲ၌ မတ်တပ်ရပ်နေခဲ့သည်။သူ့ကို ၂လလောက် စိတ်အနှောင့်အယှက် ပေးနေသည့် စစ်စာချုပ်ကို ဖြေရှင်းနိုင်ပြီးသွားလေပြီ။အမှန်တကယ်တွင် လေ့ကျင့်ရေး ကွင်း၌ တစ်နှစ်ကျော် ကြာမြင့်ခဲ့သည်။ချန်လွေ့သည် အိပ်မက်ကဲ့သို့ပင် နေ့ရောညပါ အစွမ်းထက်လာရန် လေ့ကျင့်ခဲ့ရသည်။အရတ်စ်ကို သူ ကျေးဇူးတင်ရပေလိမ့်မည်။ သေခြင်းရှင်ခြင်း ဖိအား မရှိဘဲနှင့် ပိုပြီးအစွမ်းထက်ရန် တွန်းအား မရှိလာနိုင်ပေ။ယနေ့ ကဲ့သို့လည်း အစွမ်းမရရှိလာနိုင်ပေ။
စစ်စာချုပ်တစ်ခုတည်းသာဆိုလျှင် ချန်လွေ့ ခဏနားဦးမည် ဖြစ်သည်။သို့သော်လည်း ယခုတွင် ချန်လွေ့သည် ရှီလန်တောင်၊အရိပ်နက်အင်ပါယာ နှင့် အသံတိတ်ညစိမ့်မြေတို့ဆီ သွားခဲ့သည့်အတွက် အမြင်ကျယ်သွားခဲ့သည်။နတ်ဆိုးဘုရင်၊ မဟာနတ်ဆိုးဘုရင်၊ နတ်ဆိုး ဧကရာဇ် နှင့် နတ်ဆိုးဧကရာဇ်ကို ကျော်လွန်သွားသူများနှင့်ပင် တွေ့ကြုံခဲ့ရသည်။ ထိုပုဂ္ဂိုလ်များနှင့်ယှဉ်လျှင် သူ၏လက်ရှိအစွမ်းမှာ အသေးအဖွဲပင် ဖြစ်သည်။ရှိနေသည့် အရာကိုသာ တင်းတိမ်နေမည် ဆိုလျှင် ချန်လွေ့သည် ထိုကဲ့သို့ စစ်မှန်သည့် အစွမ်းထက် ပုဂ္ဂိုလ်များနှင့်အတူတူ ရပ်တည်နိုင်မည် မဟုတ်ပေ။သူ၏ ပထမဆုံး မိန်းမသည် သူ့ကို အသေအချာ သတ်ပစ်နိုင်ခဲ့သည်။ သို့သော်လည်း သူ့ကို သွေးဖြင့် အသက်ပြန်ရှင် စေခဲ့သည်။၊
ချန်လွေ့သည် ထိုအချိန်က ခရစ္စတီးနား၏ ပထမဆုံးမျက်ရည်ကို မတွေ့ခဲ့ရသော်လည်း နောက်ဆုံးစကားလုံးများကို မှတ်မိနေသေးသည်။
“ နောက်တစ်ခါ ကျွန်မကိုပြန်တွေ့ရင် ရှင်သေပြီသာမှတ်။ ”
ဒါက တော်တော်ကြမ်းတမ်းတဲ့စကားပဲ။ဒါပေမဲ့ အဲ့ဒီမတိုင်ခင်တော့ သူ့ရဲ့သွေး ငါ့ကို ပေးခဲ့တယ်။ ပြီးတော့လည်း အနီရောင် ပလွေတိုတစ်ချောင်း ချန်ထားခဲ့တယ်။
နောက်တစ်ခါ မင်းနဲ့ပြန်တွေ့ရင် ကိုယ့်ရဲ့ မိုက်မဲမှုနဲ့ အားနည်းချက်တွေ ဘယ်လောက် တောင် သန်မာလာလဲဆိုတာကို ပြမယ်......
ငါ မိုင်ဇာအခြေအနေကို ဖောက်ထွက်နိုင်ရမယ်။ငါပိုပိုပြီးတော့ အစွမ်းထက်လာရမယ်။
ချန်လွေ့သည် အတွေးများကို စုစည်းပြီး လက်ကျန်ကြယ်စွမ်းအားကို တိတ်တဆိတ် ထိန်းညှိကာ နားနေခန်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
ထိုတိုက်ပွဲတွင် ချန်လွေ့သည် ခရစ္စတီးနားချန်ခဲ့သည့် စွမ်းအားများကို အပြည့်အဝ ခြေဖျက်နိုင်ခဲ့ပြီး မိုင်ဇာအခြေအနေကို လုံးဝကျွမ်းကျင်သွားခဲ့သည်။ကံမကောင်းစွာပင် အလီယော့သ်သို့ တစ်ခါတည်း အဆင့်မတက်သွားနိုင်ခဲ့ပေ။ပြိုင်ဘက်တစ်ယောက် အနေဖြင့် [ အရုဏ်ဦးပစ်ချက် ] ကို နှစ်ကြိမ်ခုခံနိုင်သည့် အရတ်စ်အား လေးစားထိုက် ပေသည်။အထူးသဖြင့် သေခါနီးနောက်ဆုံး အခြေအနေ၌ အကန့်အသတ်ကို ချိုးဖောက်တော့မည့် လက္ခဏာများကိုပင် ပြသခဲ့သည်။သို့သော်လည်း သန္ဓေပြောင်း မျိုးဆက် မရှိသည့် နတ်ဆိုးများကို မွေးရာပါစွမ်းပကားက လွှမ်းမိုးမှု ရှိသည့်အတွက် အကန့်အသတ်များကို ချိုးဖောက်ရန် အတော်လေး ခက်ခဲလှပေသည်။၎င်းသည်လည်း အရတ်စ်ကို ခေါ်ယူရန်အတွက် အရေးပါဆုံးအခြေအနေတစ်ခု ဖြစ်သွားနိုင်ပေသည်။
လူပုအိုကြီး ဒီဒီသည် သခင်ကို ဂုဏ်ပြုရန်နှင့် ယခုလအတွက် သူ၏အောင်မြင်မှုများကို သတင်းပို့ရန်အတွက် နားနေခန်းဆီသို့ စိတ်လှုပ်ရှားစွာ သွားလိုက်သည်။သို့သော်လည်း သခင်ဖြစ်သူ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။
ချန်လွေ့သည် ထိုနေရာ၌ ရပ်နေရန် အချိန်မရှိပေ။မြို့ဆင်ခြေဖုံး၌ ပုန်းအောင်းနေသည့် ဝိုင်ဗန်များကို ရှာမတွေ့အောင် ဂရုစိုက်ရန် လိုအပ်နေသည်။ထို ဝိုင်ဗန်များအားလုံးသည် နတ်ဆိုးဘုရင်အဆင့် ဖြစ်ကြသည်။သူတို့၏စွမ်းအားအဆင့်သည် ချန်လွေ့ထက် မြင့်မားသော်လည်း လမ်းတစ်လျှောက်လုံး ရင်းရင်းနှီးနှီးနှင့် စကားနားထောင်ခဲ့ကြသည်။ ၎င်းသည် ဝိုင်ဗန်ဘုရင်၏ အမိန့်ကြောင့်သာမဟုတ်ဘဲ ချန်လွေ့အပေါ် အသိအမှတ် ပြုသည့် အတွက်ကြောင့်လည်း ဖြစ်သည်။
အပြီးမသတ်ရသည့် ကိစ္စများစွာ ရှိသေးရာ ချန်လွေ့သည် အမှောင်လမြို့မှ ချက်ချင်း ထွက်ခွာသွား၍ မရနိုင်သေးပေ။နောက်ထပ် တစ်ရက် နေရဦးမည် ဖြစ်သည်။ သို့သော်လည်း ဤဝိုင်ဗန်များ၏ ပျံသန်းနိုင်စွမ်းသည် ခီဂူနှင့် မန္ဂဒါတို့ထက် သာလွန်သည့် အတွက် သဘောတူထားသည့် အချိန်အတွင်း ရှီလန်တောင်ဆီ ပြန်ကာ အသီနာနှင့် တွေ့ဆုံရန် ပြဿနာ မဟုတ်တော့ပေ။
ယခုတွင် ချန်လွေ့သည် ဝိုင်ဗန်စီးပြီး အခြားတစ်နေရာသို့ သွားနေသည်။
သူ၏မျက်လုံးရှေ့တွင် အချိန်အတော်ကြာ မရောက်လာရသည့် ရေကန်ပြာ ရှိနေသည်။
လေ့ကျင့်ရေးကွင်းမှ အချိန်ကို စဉ်းစားကြည့်လိုက်လျှင် ဤရေကန်ကို ချန်လွေ့ မမြင်ရသည်မှာ အတော်လေး ကြာလေပြီ။ထို့ပြင် မိတ်ဆွေတစ်ယောက် ဖြစ်သော “ပေကတ်ကတ် ပါးစပ်” ရှိသည့် အဆိပ်နဂါးလည်း ရှိသေးသည်။
“ ပါ့ဂ်လီအို ”
အဝေးမှ ချန်လွေ့ ဟစ်အော်လိုက်သည်။
တစ်စုံတစ်ယောက် လာနေကြောင်း သတိထားမိသည့်အတွက် ထောင့်တစ်နေရာ၌ ပုန်းအောင်းနေသည့် ပါ့ဂ်လီအိုသည် ရုတ်တရက် နားစွင့်ကာ ပြုံးစိစိလုပ်ရင်း သွားဖြူဖြူများကို ပြသလိုက်သည်။
နတ်ဆိုးဘုရင်အဆင့် ဝိုင်ဗန်များသည် ရုတ်တရက် အရှေ့၌ ပေါ်လာသူတွင် ကြောက်မက်ဖွယ်ရာ စွမ်းအား ရှိနေသည်ကို အာရုံခံမိပြီး မသက်မသာ ဖြစ်နေသည်။ ၎င်းသည် စွမ်းအားသာမဟုတ်ဘဲ သဘာဝအလျောက် ဖိနှိပ်ခြင်းလည်း ဖြစ်သည်။
“ မင်းက ဘယ်သူလဲ။ငါ့ပိုင်နက်ကို ကျူးကျော်ရဲတယ်ပေါ့။မင်း မသေချင်ဘူးဆိုရင်.... ”
ချန်လွေ့သည် ဝိုင်ဗန်များကို နှစ်သိမ့်နေပြီး ဘေးဘက်၌ အရင်စောင့်နေခိုင်း လိုက်သည်။ပါ့ဂ်လီအို ပြောသည်ကို ကြားလိုက်ရာ ချန်လွေ့ လန့်သွားပြီး သူ့ကို မေ့သွား ပြန်ပြီဟု ထင်မှတ်လိုက်သည်။ထို့နောက်တွင် အဆိပ်နဂါး၏မျက်လုံးထဲ၌ ဖုံးကွယ်၍ မရသည့် ရယ်ချင်စိတ်ကို ချန်လွေ့လိုက်ပြီး စနောက်ခြင်းဖြစ်ကြောင်း သိသွားသည်။ ချန်လွေ့သည် ချက်ချင်းပင် ပါ့ဂ်လီအို၏ ခြိမ်းခြောက်စကားကို ဖြတ်ပြောလိုက်သည်။
“ မဟုတ်ဘူး။ကျုပ်သေချင်တယ်။ခင်ဗျား ဘာမှလုပ်စရာမလိုဘူး။ကျုပ် ကိုယ့်ကိုယ်ကို သတ်သေလိုက်မယ်။ ”
“ သောက်လူသား။မင်းကို မတွေ့ရတာ တစ်လတောင်ရှိနေပြီ။ဒီလှည့်ကွက်ကို ထပ်ပြီး သုံးနေတုန်းပဲ။ ”
ပါ့ဂ်လီအို ရယ်မောနေရင်း ကြိမ်းမောင်း လိုက်မိသည်။
“ နဂါးတွေကို တစ်ခါပဲ လှည့်စားလို့ရမယ်။ဟိုကောင်မလေး မင်းကို ခေါ်သလိုမျိုး ငါ လုပ်ပေးရမလား။ ”
“ ခင်ဗျား အဲ့ဒီရွံစရာ လှည့်ကွက်မျိုး ထပ်သုံးရဲမယ်ဆိုရင် ကျုပ်တကယ် ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မှာ။ ”
ချန်လွေ့ သိမ့်သိမ့်တုန်သွားသည်။အဆိပ်နဂါး၏ ပါးစပ်ထဲမှ ထွက်လာသည့် “ အစ်ကို ” ဟူသော စကားလုံးသည် ညကောင်းကင်ရှိ လနှစ်စင်းထက် ပို၍ ကြက်သီးထစေသည်။
ပါ့ဂ်လီအို ခဏစစ်ဆေးကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။
“ မင်းရဲ့အစွမ်းက နောက်တစ်ဆင့် တက်သွားလိမ့်မယ် ဆိုတာကို သိနေပေမဲ့လည်း အခုလိုတွေ့ရတော့ ငါမင်းကို မဆဲဘဲ မနေနိုင်ဘူး။တစ်လတည်းနဲ့ မင်းက အမြင့်ဆင့် နတ်ဆိုး ကနဦးပိုင်းကနေ ထိပ်သီးပိုင်းကို ရောက်သွားတယ်။မင်းက နတ်ဆိုးဘုရားသခင်ရဲ့ သားလေးလို့တောင် ငါအခု သံသယဖြစ်လာပြီ...... ”
“ အဆိပ်နဂါးက ရဲရင့်တယ်။ထူးခြားတယ်။ပြီးတော့ ဒီလောဘသမား လူသားထက် အဆ တစ်ရာ အစွမ်းထက်တယ်။သူကတော့ ဘာလို့ဒီလို ကောင်းချီးမျိုး မရတာလဲ။ ”
ချန်လွေ့သည် ပါ့ဂ်လီအို၏ စကားကို ထပ်ဖြည့်ပြောပေးလိုက်သည်။
“ ဒီစကားတွေကို ကြားရတာ ဖန်တရာတေနေပြီ။မနာလိုတာက တကယ်ပဲ နဂါးတွေရဲ့ အားသာချက်လား။ ”
ပါ့ဂ်လီအို မကျေမချမ်းနှင့် ပြောလိုက်သည်။
“ မင်းရဲ့လက်ရှိ အစွမ်းနဲ့ ပင်ပန်းနေတာကိုကြည့်ရရင် စစ်စာချုပ်ကို ဖြေရှင်းပြီးသွားပြီ ထင်တယ်။ ”
“ အင်း။ဖြေရှင်းပြီးသွားပြီ။ ”
ပါ့ဂ်လီအိုသည် ချန်လွေ့ကို ခဏမျှ စစ်ဆေးကြည့်ပြီးနောက် မေးလိုက်သည်။
“ အရင်လတုန်းက မင်းတစ်ခုခု ထူးထူးခြားခြား ဖြစ်သွားသေးလား။ငါ့ရဲ့ကုန်ဆုံးသွားတဲ့ သက်တမ်းတစ်ဝက်မှာ တစ်ပိုင်းတစ်စ ပြန်ရလာတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ။ ”
ချန်လွေ့ အံ့အားသင့်သွားသည်။ ငါ ပထမဆုံး စူပါစနစ်ကို စတင်ပြီးတော့ ကြယ်စုဆောင်းသူ ဖြစ်လာတုန်းက အဆိပ်နဂါးရဲ့ သက်တမ်းတစ်ဝက်ကို စုပ်ယူခဲ့တယ်။ အခုတော့ တစ်ပိုင်းတစ်စ ပြန်ရသွားပြီတဲ့လား။သက်တမ်းဆိုတာက ရုပ်ပိုင်းဆိုင်ရာ ခွန်အား မဟုတ်ဘူး။မရှိတော့ရင် မရှိတော့ဘူးပဲ။တစ်ခုခု ထပ်တိုးသွားတာများလား။
ပြဿနာမှာ ချန်လွေ့၏ လက်ရှိ ကြယ်အဆင့်ဖြင့် လဲလှယ်ဌာနမှ ပစ္စည်းများကို ပို၍ မလဲလှယ်နိုင်တော့ခြင်းပင်။ဥပမာအနေဖြင့် နောက်ထပ် ကြယ်ဆင့်ကဲပြောင်းလဲခြင်း၌ ရရှိလာနိုင်သည့် အမြင့်ဆုံး ဆေးရည်မည်းဖြစ်သော ထာဝရအသက်ရှင်ခြင်း ဆေးရည် ဖြစ်သည်။
အခြား အထူးပစ္စည်းများအနေဖြင့်...တစ်စုံတစ်ခုကို ချန်လွေ့ ရုတ်တရက်သတိရလိုက်ပြီး အလန့်တကြား ဖြစ်သွားသည်။ ခရစ္စတီးနားရဲ့ သွေးကြောင့်များလား။
ချန်လွေ့၏ အမူအရာကိုမြင်ပြီး ပါ့ဂ်လီအို မေးလိုက်သည်။
“ တစ်ခုခုကို သတိရတာလား။ဘာလဲ။ ”
ချန်လွေ့ ခဏစဉ်းစားလိုက်ပြီး ဒဏ်ရာအပြင်းအထန်ရကာ သေမလိုဖြစ်သွားခဲ့ကြောင်း၊ ထို့နောက် အရိပ်နက်အင်ပါယာမှ တော်ဝင်အမျိုးသမီး တစ်ယောက်၏သွေးဖြင့် ကယ်တင် ခံလိုက်ရကြောင်း ပါ့ဂ်လီအိုအား ပြောပြလိုက်သည်။
“ ဒဏ်ရာအပြင်းအထန်ရပြီး သေတော့မလို ဖြစ်ခဲ့တယ်။ဟုတ်လား။ ”
ပါ့ဂ်လီအို ကျောချမ်းသွားပြီး ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။
“ မင်းငါ့ကို သေအောင် လုပ်နေတာလား။ မင်းရဲ့အသက်က မင်းတစ်ယောက်တည်းပဲ မဟုတ်ဘူးဆိုတာ မမေ့နဲ့ဦး။ ”
“ ကျုပ်ဒီလိုမလုပ်ရင် အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းအစွမ်းကို လွယ်လွယ်နဲ့ရမယ် ထင်နေလား။မဟာဆရာသခင်ရဲ့ အမွေအနှစ်နဲ့ဆိုရင်တောင် ကျုပ်ကြိုးစားရဦးမယ်လေ။ ”
ပါ့ဂ်လီအို ထိုကဲ့သို့ တုံ့ပြန်မည်ကို ချန်လွေ့ သိသည်။
“ ဒီတစ်ခေါက် ကျုပ်ဘယ်ကို သွားခဲ့လဲဆိုတာ သိလား။ အသံတိတ်ညစိမ့်မြေဆီကို သွားခဲ့တာ။ အဲဒါတွေအားလုံးက ခင်ဗျားရဲ့ ချိပ်ပိတ်ကြောင့်ပဲ။ ”
“ မင်း အသံတိတ်ညစိမ့်မြေဆီ သွားခဲ့တယ်။ဟုတ်လား။ ”
ပါ့ဂ်လီအို မျက်လုံးပြူးသွားသည်။
“ အင်း။ခုနက ဝိုင်ဗန်တွေက အသံတိတ်ည စိမ့်မြေကနေ ကျုပ်ခေါ်လာတဲ့ သန္ဓေပြောင်း အထူးဝိုင်ဗန်တွေပဲ။သူတို့က နတ်ဆိုးဘုရင်အဆင့် ရောက်နေပြီ။အဝေးကြီးကနေလည်း အဆိပ်တွေ မှုတ်ထုတ်နိုင်တယ်။ဒါပေမဲ့ ဒီတစ်ခေါက်က ကျုပ် စူးစမ်းကြည့်တာပဲ။ နောက်၃လနေမှ အဲ့ဒီကို သွားပြီးတော့ ရတနာသွားရှာဖို့ စီစဉ်ထားတယ်။အဲ့ဒီအချိန်ကျရင် ကျုပ်အရင်ဆုံး [ အလင်းအမှောင်လော့ခလောက် ]ကို ဖျက်ဆီးပေးမယ်။ပြီးရင် သဟဇီဝစာချုပ်ကို ပယ်ဖျက်ဖို့ နည်းလမ်းတစ်ခုရှာမယ်။ ကျုပ် ခင်ဗျားကို ဆွဲမခေါ် သွားချင်ဘူး။ ”
ပါ့ဂ်လီအို နှာမှုတ်လိုက်သည်။
“ သဟဇီဝစာချုပ်ကိုအခု ပယ်ဖျက်လို့ မရသေးဘူး။တကယ်တော့ တကယ်စွမ်းအားကို ရဖို့အတွက် သေလုမျောပါး အခြေအနေကို မကြုံတွေ့ရတဲ့သူ ဘယ်သူရှိလို့လဲ။ ဒီအကြောင်း မစဉ်းစားနဲ့ဦး။တစ်ခုခုဖြစ်သွားရင်တော့ ငါပဲ ကံဆိုးတာပေါ့။ ”
အဆိပ်နဂါး စိတ်ဆိုးနေပုံသော်လည်း သူ၏ထောက်ခံမှုကို ချန်လွေ့ ခံစားနေရသေးသည်။ ချန်လွေ့ ရင်ထဲထိသွားသည်။
“ ပါ့ဂ်လီအို.... ”
“ စကားလမ်းကြောင်း မပြောင်းနဲ့။ ”
ချန်လွေ့စကားပြောမည်ကို ပါ့ဂ်လီအို တားလိုက်ပြီး သံသယအကြည့်ဖြင့် ကြည့် လိုက်သည်။
“ အက်စ်မိုအက်စ် တော်ဝင်မိသားစုရဲ့ အမျိုးသမီးတစ်ယောက်က သူ့ရဲ့သွေးနဲ့ မင်းကို ကယ်ခဲ့တယ်လို့ ပြောခဲ့တယ်မလား။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ပါ့ဂ်လီအို အနည်းငယ်စဉ်းစားပြီးနောက် တုန်လှုပ် သွားသည်။
“ သူက အက်စ်မိုဒက်စ် တော်ဝင်မိသားစုဝင်တစ်ယောက်ဆိုတာ သေချာလား။ ”
“ အင်း။သေချာတယ်။ ”
“ နိဗ္ဗာန်သွေး။ဒါက နိဗ္ဗာန်သွေးပဲ ဖြစ်ရမယ်။ ”
စိတ်လှုပ်ရှားမှုကြောင့် အဆိပ်နဂါး၏အသံ တုန်ယင်နေသည်။
“ မင်းက တကယ့်ကို ကံကောင်းတဲ့ ခွေးသူခိုးပဲ။ ”