← Chapters

နတ်ဆိုးဧကရာဇ်။အရိပ်ဗိုလ်ချုပ် ဘရော့ခ်

Vol. 9 Ch. 121

နတ်ဆိုးဧကရာဇ်။အရိပ်ဗိုလ်ချုပ် ဘရော့ခ်

Vol. 9 Ch. 121

တောအုပ်ရှေ့မှလူသည် ဒေလီယာ ကဲ့သို့ပင် မနာလိုခြင်း တော်ဝင်မိသားစုဝင် ဖြစ်သည်။ သူ၏စွမ်းအားသည်လည်း ဒေလီယာထက် သာလွန်နေသည်။

မဟုတ်မှလွဲရော.....

“ ငါဘာကို တွေ့သွားတာလဲ။ ”

အေးစက်စက် ယောက်ျားအသံတစ်သံ ထွက်ပေါ်လာသည်။

“ အဆင့်နိမ့်တွားတွားသတ္တဝါလေး တစ်ကောင်ပါလား။ ”

သူ၏အေးစက်သောလေသံသည် စိမ့်မြေထဲ၌ အာရုံတက်ချိန် လေအေးထက်ပို၍ အရိုးထဲ စိမ့်အောင် အေးနေသည်။

တစ်ဖက်လူသည် မိမိ၏တည်နေရာကို သိသွားပြီဖြစ်ကြောင်း ချန်လွေ့ သိလိုက်သည့် အတွက် သစ်ပင်နောက်မှ ထွက်လာလိုက်သည်။အရုဏ်ဦးမြူနှင်းများကြားထဲ၌ အရပ်မြင့် ယောက်ျားတစ်ယောက် မတ်တပ်ရပ်နေသည်။ထိုလူတွင် အပြာရောင် ဆံပင်ရှည်ရှိပြီး ခန့်ညားသည့် မျက်နှာအသွင်အပြင်များကို ယဲ့ယဲ့လေး မြင်နိုင်ပေသည်။ထိုသူသည် ငွေချပ်ကာတစ်ပိုင်း ဝတ်ဆင်ထားပြီး အပေါ်ဝတ်ရုံရှည်သည်လည်း လေထဲ၌ လွင့်နေ၏။

ထိုသူသည် စွမ်းအားကို တမင်တကာ မထုတ်လွှတ်သော်လည်း ချန်လွေ့သည် မသိစိတ်ဖြင့် ထိတ်လန့်ကြောက်ရွံ့သွားသည်။ထိုသူသည် ရက်စက်ပြီး အေးစက်သော မျက်လုံးများဖြင့် ချန်လွေ့ကို စိုက်ကြည့်လိုက်ရာ ချန်လွေ့သည် ထူးခြားသော စိတ်စွမ်းအားရှိသော်လည်း ကျောရိုးတစ်လျှောက် ကြက်သီးများထသွားသည်။ အဆိပ် ရှိသော မြွေတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသော ဖားတစ်ကောင်ကဲ့သို့ ချန်လွေ့ ခံစားနေရလေ၏။

ဒီစွမ်းအားက ရင်းနှီးသလိုပဲ.......ဒါက နတ်မိစ္ဆာမျက်လုံးပဲ။

ထိုသူ၏ နတ်မိစ္ဆာမျက်လုံးသည် အထူးတလည် အသက်သွင်းစရာမလိုပေ။ သဘာဝ အလျောက် ဖြစ်နေသကဲ့သို့ပင် ဖြစ်သည်။တစ်စုံတစ်ယောက်ကို တစ်ချက်ကြည့်ရုံဖြင့် အစွမ်းထက်အဟန့်အတား တစ်ခုကို ထုတ်လုပ်ပေးနိုင်သည်။၎င်းသည် ဒေလီယာ၏ နတ်မိစ္ဆာမျက်လုံးနှင့် အတူတူပင် ဖြစ်သည်။သို့ရာတွင် ထိုသူနှင့် ဒေလီယာတို့၏ ကွာခြားချက်မှာ အလွန်အမင်း ကြီးမားနေသည်။

“ ချည်နှောင်ခံထားရတဲ့ တွားတွားသတ္တဝါ တစ်ကောင်ပဲ။ ”

ဆံပင်အပြာနှင့်လူသည် အထင်သေးမှုကို မဖုံးကွယ်ထားခဲ့ပေ။

“ ကြိုးလွတ်သွားရင်တောင် တွားတွားသတ္တဝါက တွားတွားသတ္တဝါပါပဲ။ ငါ့ကို ပြောစမ်း။ခရစ္စတီးနား ဘယ်မှာလဲ။ ”

တော်ဝင်အမျိုးသမီး၏နာမည်သည် ခရစ္စတီးနားဖြစ်ကြောင်း ယခုမှ ချန်လွေ့ သိရှိသွားသည်။နတ်မိစ္ဆာမျက်လုံး၏ အကျပ်ကိုင်မှုကို အသည်းအသန် ခုခံနေရင်း ချန်လွေ့သည် လက်ထိပ်ကို မြှောက်ပြလိုက်သည်။

“ ဒီလိုအခြေအနေနဲ့ ကျုပ်က ဘယ်လိုလုပ် သိမှာလဲ။ ”

မည်သူမှ မပြောရဲသည့် အမူအရာကို မြင်လိုက်ပြီး ထိုသူ ဟွန်းခနဲ နှာမှုတ်လိုက်သည်။ နှလုံးသားကိုတူဖြင့် ရိုက်ခံရသကဲ့သို့ ချန်လွေ့ခံစားလိုက်ရပြီး ခဏတာမျှ အသက်ရှူ ရပ်သွားခဲ့သည်။

ထိုကဲ့သို့ ရုတ်တရက် တိုက်ခိုက်မှုသည် ဒေလီယာ၏ အတွင်းကျကျ စိတ်ဝိညာဉ် ခွဲခြမ်းစိတ်ဖြာမှုနှင့် လုံးဝကွဲပြားနေသည်။စူပါစနစ်သည် ထိုတိုက်ခိုက်မှုကို မကူးပြောင်း နိုင်ပေ။ထို့ပြင် ယခုတွင် ချန်လွေ့သည် ကြယ်စွမ်းအားကို အသုံးမပြုနိုင်ပေ။ ထိုတိုက်ခိုက်ချက်သည် ချန်လွေ့ကို အကြီးအကျယ် ဒဏ်ရာရစေခဲ့သည်။တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းကို စုပ်ယူပေးသည့် [ ထိခိုက်မှုစုပ်ယူခြင်း ]၏ အတွင်းစွမ်းရည် ကြောင့်သာ မဟုတ်လျှင် ထိုတိုက်ခိုက်မှုသည် ချန်လွေ့ကို ချက်ချင်းပင် သေသွား စေနိုင်သည်။

ချန်လွေ့၏မျက်နှာ နီရဲသွားပြီး သွေးတစ်လုတ် အန်လိုက်မိသည်။ ချန်လွေ့၏ စိတ်ထဲ ၌လည်း ကြက်သီးထသွား၏။

ဒီလူက တော်တော်လေးကိုအစွမ်းထက်ပြီးတော့ ရက်စက်တာပဲ။ နှာတစ်ချက်မှုတ်ရုံနဲ့ လူတစ်ယောက်ကို သတ်ပစ်နိုင်တယ်။

စွမ်းအားမဲ့သည့် မည်သူမှမဟုတ်သူ သေမသွားသည်ကို မြင်လိုက်သည် ထိုသူ အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏မျက်လုံး အနည်းငယ် တောက်ပသွားသည်။ ဘေးနား ပတ်ပတ်လည်ရှိ မြူနှင်းများ အလျင်အမြန်ပြောင်းလဲသွားသည်ကို ချန်လွေ့မြင်လိုက်ပြီး ချပ်ကာများဝတ်ဆင်ထားကာ ထက်မြက်သော ဓားများကိုင်ဆောင်ထားသည့် စစ်သည် တစ်တပ်သည် ချန်လွေ့ထံသို့ အမြန်ပြေးလာတော့သည်။

မြူနှင်းများကြောင့် ဖြစ်လာသည့် စစ်သည်များသည် ထင်ယောင်ထင်မှား မဟုတ်ဘဲ အမှန်တကယ် အစွမ်းထက် တိုက်ခိုက်ရေးစွမ်းအားများ ပိုင်ဆိုင်ကြောင်း ချန်လွေ့ သေချာခံစားနေရသည်။

အန္တရာယ်အခိုက်အတန့်တွင် ချန်လွေ့ အရှေ့ရှိ မြင်ကွင်းသည် ရုတ်တရက် ဝေဝါး သွားသည်။မြူနှင်းစစ်သည်များ ပိုပိုနီးလာလေလေ ပို၍ပါးလွှာလေလေ ဖြစ်သွားသည်။ ချန်လွေ့ဆီသို့ မရောက်နိုင်ခင်မှာပင် သူတို့သည် မြူနှင်းဖျော့ဖျော့လေး အဖြစ်သို့ ပျောက်ကွယ်သွားတော့သည်။

“ အင်ပါယာမှာရှိတဲ့ ဗိုလ်ချုပ်သုံးယောက်ရဲ့အကြီးအကဲ ဖြစ်တဲ့ ‌ဘရော့လ်လီဗျာသန်က အကျဉ်းကျခံထားရတဲ့ အားနည်းသူတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ သတ်မယ်လို့ မထင်ခဲ့ဘူး။ ”

တော်ဝင်အမျိုးသမီး၏အသံသည် ချန်လွေ့နောက်မှ ထွက်လာသည်။အသံဆုံးသည်နှင့် တော်ဝင်အမျိုးသမီးသည် ချန်လွေ့အရှေ့၌ ပေါ်ထွက်လာတော့သည်။

ထိုသူ၏နာမည်ကို ကြားလိုက်ရသည့်အခါ ချန်လွေ့သည် သံသယဖြစ်နေသည်များကို အတည်ပြုလိုက်နိုင်သည်။

ဘရော့ဆိုတာက ဒေလီယာရဲ့အစ်ကို၊အရိပ်နက်အင်ပါယာမှာရှိတဲ့ ဗိုလ်ချုပ်သုံးယောက်ရဲ့ အကြီးအကဲ၊ဒေလီယာကို ဘဏ္ဍာရေးဝန်ကြီးနဲ့ အတင်းအကျပ် လက်ထပ်ခိုင်းတဲ့သူ။

ဘရော့ခ်သည် နတ်ဆိုးဘရင် အဆင့်ရောက်နေသည့် ဒေလီယာထက် ပိုပြီးအစွမ်းထက် လိမ့်မည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ဘရော့ခ်၏ စွမ်းအား အစစ်အမှန်သည် နတ်ဆိုးဘုရင်အဆင့်ထက် ကျော်လွန်ပြီး ခရစ္စတီးနားနှင့် အတူတူ ဖြစ်လိမ့်မည်ဟု ချန်လွေ့ ခံစားနေရသည်။

ချန်လွေ့သည် အားနည်းသော လူသားတစ်ယောက်အဖြစ်မှ စတင်လာပြီး အမြင့်ဆင့် နတ်ဆိုးများနှင့် ယှဉ်နိုင်ရင်လေ့ကျင့်လာခဲ့ရသော်လည်း ထိုကဲ့သို့အစွမ်းထက်သူများနှင့် ယှဉ်လိုက်သည့်အခါ ခရစ္စတီးနား ပြောသကဲ့သို့ပင် “ အားနည်းသူ ” တစ်ယောက်သာ ဖြစ်သည်။ဘရော့ခ်နှင့် ခရစ္စတီးနားတို့ထက် ပို၍အစွမ်းထက်သူများလည်း ရှိရပေမည်။ နတ်ဆိုးအရှင်သခင်သည်ပင် အစွမ်းအထက်ဆုံး မဟုတ်နိုင်ပေ။

ချန်လွေ့၏ ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေမှုသည် ချက်ချင်းပင် လုံးဝပျောက်ကွယ်သွားပြီး ပိုပြီးအစွမ်းထက်လာရန်အတွက် မယိမ်းယိုင်သည့် ခံယူချက်တစ်ခု ဖြစ်လာတော့သည်။

“ လေဒီက အင်ပါယာရဲ့ တော်ဝင်မိသားစုထဲမှာ လျို့ဝှက်ဆန်းကြယ်ဆုံး တော်ဝင် အမျိုးသမီး ခရစ္စတီးနားပဲ ဖြစ်ရမယ်။ ”

ဘရော့ခ်သည် တော်ဝင်မျိုးနွယ်တစ်ယောက်၏ ယဉ်ကျေးမှုအတိုင်း ရည်ရည်မွန်မွန် ဆက်ဆံလိုက်သည်။ ခုနက ရက်စက်မှုများ၊ ကြမ်းကြုတ်မှုများနှင့် ယှဉ်လိုက်လျှင် ဘရော့ခ်သည် အခြားလူတစ်ယောက် ဖြစ်သွားသည်ဟုပင် ထင်ရသည်။

“ ခင်ဗျားကို တွေ့ရတာ ဝမ်းသာစရာပါပဲ။မိုင်လေဒီ။ ”

ခရစ္စတီးနားလည်း တော်ဝင်မျိုးနွယ် ယဉ်ကျေးမှုအတိုင်း ဆက်ဆံလိုက်သည်။ တည်ငြိမ်လှသာ လေသံဖြင့် ခရစ္စတီးနား ပြောလိုက်သည်။

“ ဗိုလ်ချုပ်ဘရော့ခ်။မိန်းကလေး တစ်ယောက်ရဲ့ အနောက်ကိုလိုက်တာက ရိုင်းတယ် ဆိုတာကို ရှင်မသိဘူးလား။ ”

“ ဒါက တကယ်တော့ နည်းနည်း မယဉ်မကျေး ဖြစ်ပါတယ်။ ”

ဘရော့ခ် ယဲ့ယဲ့လေး ပြုံးလိုက်သည်။

“ ဒါပေမဲ့လည်း ကျုပ်က ပိုးပန်းတဲ့သူ တစ်ယောက်ဆိုတော့ မဆုတ်မနစ် လိုက်‌နေတာကို ခွင့်လွှတ်နိုင်လောက်ပါတယ်။ကျုပ်ရဲ့စံအိမ်ဆီကို ဖိတ်ကြားဖို့ လေဒီကို ကိုယ်တိုင် လာတွေ့တာပါ။ကျုပ်ဆီကို လာလည်နိုင်မလာ မသိဘူး။ ”

“ စိတ်မကောင်းပါဘူး။ကျွန်မမှာ လက်တွဲဖော် တစ်ယောက် ရှိနေပြီ။ ”

ခရစ္စတီးနားသည် ချန်လွေ့ကို ဖြတ်ခနဲ ကြည့်လိုက်သည်။

“ ဗိုလ်ချုပ်ရဲ့ ပျူငှာမှုကို ငြင်းငယ်ရလိမ့်မယ် ထင်တယ်။ ”

“ မိုင်လေဒီက ဒီလိုအသုံးမကျတဲ့ လူတစ်ယောက်ကို လက်တွဲဖော်အဖြစ် ရွေးချယ်တယ် ဆိုတာ ယုံရခက်ခက်ပဲ။ ”

ဘရော့ခ်သည် ချန်လွေ့ကို အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“ ပြီးတော့လည်း မိုင်လေဒီက လက်တွဲဖော်ကို ဘာလို့ အမြဲတမ်း လက်ထိပ်ခတ် ထားရတာလဲ။ ”

“ မိန်းကလေးတစ်ယောက်ရဲ့ မနာလိုခြင်းကို အထင်မသေးနဲ့။သူ ထွက်ပြေးသွားပြီးတော့ တခြားမိန်းမတွေ သွားရှာလာတာ စိုးလို့ပါ။ ”

ခရစ္စတီးနားသည် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ ဗိုလ်ချုပ်မှာ တခြားကိစ္စ မရှိတော့ဘူးဆိုရင်တော့ ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို နှောင့်နှေးအောင် မလုပ်ပါနဲ့တော့။ ”

ကိုယ်ရေးကိုယ်တာ ကိစ္စတွေ။လက်ထိပ်ခတ်တာတွေ။ကြိုးချည်တာတွေတဲ့လား။

ခရစ္စတီးနား၏ ရဲတင်းလှသေည စကားလုံးများသည် ချန်လွေ့ကို အနည်းငယ် လွှမ်းမိုးသွားသည်။

“ မိုင်လေဒီက တကယ် ထူးခြားတာပဲ။ ”

ဘရော့ခ်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

“ ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ဒီမှာ အဆုံးသတ်လိုက်ပြီ။ ဗိုလ်ချုပ် တစ်ယောက်အနေနဲ့ မိုင်လေဒီကို အလုပ်ကိစ္စတွေ မေးဖို့လိုမယ်လို့ ထင်တယ်။မိုင်လေဒီက ကျုပ်ညီမကို ကာကွယ်ပေးဖို့ လွှတ်လိုက်တဲ့ ကျုပ်ရဲ့ လက်အောက်ငယ်သားတွေကို သတ်ပစ်လိုက်တာလေ။ ”

“ ဒါဆို ဘုရင်မ ကတ်သရင်းရဲ့ တာဝန်ကို ပြီးမြောက်အောင်လုပ်တာကို တားဆီး နေခဲ့တာက ဗိုလ်ချုပ်ရဲ့ လက်အောက်ငယ်သားတွေပေါ့။ဒီတစ်ခေါက် ကျွန်မရဲ့ခရီးကို ဘုရင်မကိုယ်တိုင် အတည်ပြုထားတာ။ဧကန္တ...ဗိုလ်ချုပ်ရဲ့ လက်အောက်ငယ်သား‌တွေ ဘုရင်မရဲ့ အမိန့်ကို မနာခံကြတာက ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ဗိုလ်ချုပ်ရဲ့အကျိုး အတွက်များကြောင့်လား။ ”

“ ဘုရင်မက မင်းနဲ့ယောက်ျားတစ်ယောက်ကို ဒီနေရာမျိုးလာခိုင်းပြီးတော့ မတော်တရော် လုပ်ခိုင်းဖို့ အမိန့်ပေးခဲ့တာလား။ ”

ဘရော့ခ် သရော်ပြုံးပြုံးလိုက်သည်။သူ၏ စကားလုံးများသည် ကြမ်းတမ်းလှသည်။

“ ဒါနဲ့ ပတ်သက်ပြီး မတော်မရော်တာ ဘာမှမရှိဘူး။ကျွန်မရဲ့ တော်ဝင်မိသားစုကလည်း အခြား တော်ဝင်မိသားစုတွေထက် ပေါင်းသင်းဆက်ဆံမှု ကဏ္ဍမှာ ပိုပြီးဖွံ့ဖြိုး တိုးတက်တယ်။ ”

ခရစ္စတီးနားသည် သဘောထားကြီးစွာ ပြောနေသော်လည်း နောက်ထပ်စကားသည် ဘရော့ခ်ကို ဦးတည်နေ၏။

“ ဗိုလ်ချုပ် ဘရော့ခ်က ညီ‌မဖြစ်သူကို လိုက်ဖမ်းခိုင်းပြီးတော့ အမည်မသိ အကြောင်းအရင်း အတွက်နဲ့ လူအို ဘဏ္ဍာရေးဝန်ကြီးတစ်ယောက်နဲ့ အတင်းလက်ထပ်ခိုင်းခဲ့တာ မဟုတ်လား။ ”

“ ဒါက ကျုပ်မိသားစု ကိစ္စပဲ။အပြင်လူတွေ ဝင်ပါဖို့ မလိုဘူး။ ”

ဘရော့ခ်၏ မျက်နှာအမူအရာသည် ပို၍ မည်းမှောင်လာသည်။

“ မိုင်လေဒီက ကျုပ်ရဲ့ လက်အောက်ငယ်သားတွေကို အကြောင်းပြချက်မရှိဘဲနဲ့ သတ်ပစ်ခဲ့တယ်။မိုင်လေဒီ ကျုပ်ကို ဖြေရှင်းချက်တစ်ခု ပေးရမယ်။ ”

“ ကျွန်မမှာ ဒီခရီးအတွက် ဘုရင်မရဲ့ ခွင့်ပြုစာရှိတယ်။ဘုရင်မရဲ့ အမိန့်တွေကို ရှင် ဆန့်ကျင်ချင်တာလား။ ”

“ ခွင့်ပြုစာ ဘယ်မှာလဲ။ ”

“ လိုင်ရာမြို့က ကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် ကိုယ်စားလှယ် လုပ်ပိုင်ခွင့်ကို ဒေလီယာဆီ ကျွန်မ ပေးခဲ့တယ်။ဒါပေမဲ့ ဒါက ဘုရင်မရဲ့ တော်ဝင်လက်စွပ်ပဲ။အဲ့ဒါကြောင့် ကျွန်မမှာ ပြောပိုင်ခွင့်ရှိတယ်။ ”

ခရစ္စတီးနားသည် ညာလက် လက်ခလယ်မှ လက်စွပ်ကို မြှောက်ပြလိုက်သည်။

“ ကျုပ်က စစ်သည်တစ်ယောက်ပါ။ဒါပေမဲ့ ဘယ်တော်ဝင်လက်စွပ်မျိုးကိုမှ မကြားဖူးဘူး။ ဘုရင်မကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ခွင့်ပြုစာကိုပဲ နာခံနိုင်မယ်။ ”

ဘရော့ခ်၏အသံသည် ရုတ်တရက်ပင် အန္တရာယ်ပြုတော့မည့်ဟန် ဖြစ်သွားပြီး ပတ်ဝန်းကျင် မြူနှင်းများ အလျင်အမြန်ပင် စုစည်းနေတော့သည်။

“ ကောင်းပြီလေ။ ဒါဆိုလည်း ကျုပ်မှာ ရွေးစရာ မရှိတော့ဘူး။မိုင်လေဒီကို အတင်း ခေါ်သွားပြီးတော့ ဘုရင်မ ကတ်သရင်း အရှေ့မှာ ရှင်းလင်းနိုင်ဖို့အတွက် မြို့တော်ဆီ ခေါ်သွားရမှာပဲ။ ”

ထိုစကားဆုံးသွားသည်နှင့် ထောင်ချီသော စစ်သည်များသည် ရုတ်တရက် မြူနှင်းမှ ရုပ်အသွင် ပြောင်းသွားပြီး ခရစ္စတီးနားဆီသို့ ညီညီညာညာ ဦးတည်သွားတော့သည်။ ခရစ္စတီးနားလည်း အလျင်အမြန်ပင် လက်နှစ်ဖက်ဖြင့် စက်ဝိုင်းတစ်ဝိုင်း ရေးဆွဲလိုက်ရာ လေထဲ၌ ကြီးမားသော လှိုင်းဂယက်များ ဖြစ်သွားသည်။ စစ်သည်များသည် ထိုလှိုင်းဂယက်များကြောင့် ပတ်ချာလည်သွားပြီး မူလမြူနှင်းအသွင်သို့ ချက်ချင်းပင် ပြန်လည်ရောက်ရှိသွားသည်။

“ [ ဒြပ်စင်အားနည်းခြင်း ] လား။ ”

ဘရော့ခ်၏ မြူနှင်းစစ်တပ် ပျက်စီးသွားသော်လည်း အနည်းငယ်မျှ လှုပ်ရှားပုံ မပေါ်ပေ။ဘရော့ခ်သည် ခရစ္စတီးနားကို ချီးကျူးလိုက်သည်။

“ မိုင်လေဒီက တော်တော်လေး ပါရမီရှိတာပဲ။အက်စ်မိုဒက်စ်ရဲ့ သဘာဝပါရမီကို ဒီလောက်အတိုင်းအတာအထိ နိုးထနိုင်တယ်။ကံမကောင်းစွာနဲ့ပဲ မိုင်လေဒီ၏ အစွမ်းက တော်တော်လေး အားနည်းနေတယ်။မိုင်လေဒီက နတ်ဆိုးဧကရာဇ် အဆင့်ရောက်ဖို့ တော်တော်လေး နီးကပ်နေပြီးတော့ စွမ်းအားကို ထိန်းချုပ်ပုံတွေကလည်း တော်တော်လေး အထင်ကြီးစရာပဲ။ ကံဆိုးတာကတော့ ကျုပ်က နတ်ဆိုးဧကရာဇ် စွမ်းအားကို အပြည့်အဝ နားလည်သဘောပေါက်သွားပြီ။ခဏနေရင် ကျုပ်တို့နှစ်ယောက် ကြားက အကြွင်းမဲ့ကွာဟချက်ကို မိုင်လေဒီ တွေ့ကြုံခံစားရလိမ့်မယ်။ ”

ငါထင်ထားတဲ့အတိုင်း နတ်ဆိုးဧကရာဇ် အဆင့်ပဲ။

ချန်လွေ့ တုန်လှုပ်သွားသည်။ချန်လွေ့သည် ဘာနကယ်၏ စွမ်းအားကိုသာ အံ့သြသွားရုံ သာမက ခရစ္စတီးနား၏ စွမ်းအားကြောင့်လည်း အံ့အားသင့်သွားသည်။အကြောင်းရင်းမှာ ခရစ္စတီးနားသည် အရှိန်အဝါသစ်သီး၇လုံး စားပြီးနောက်၌ အဆင့်တစ်ဆင့်လျော့ကျ သွားကြောင်း ချန်လွေ့သိ၍ဖြစ်သည်။

ဒါဆိုရင် ခရစ္စတီးနားရဲ့ နဂိုအစွမ်းက...

မည်သို့ပင် ဆိုစေကာမူ ခရစ္စတီးနားသည် အားနည်းသောအခြေအနေ၌ ရှိနေပြီး ဘရော့ခ်၏ အကောင်းဆုံးအခြေအနေ၌ ရင်ဆိုင်ရန် အလွန်ခက်ခဲလှသည်။

လေးမီတာ အမြင့်ရှိသည့် စတုရန်းပုံ သတ္တုတစ်ခုသည် လေထဲ၌ ရုတ်တရက် ပေါ်ထွက်လာပြီး ဘရော့ခ်၏ ခေါင်းပေါ်သို့ ကျလာသည်။ဘရော့ခ်၏ ခန္ဓာကိုယ် ရိပ်ခနဲဖြစ်သွားပြီး နောက်ဘက်၌ ပြန်ပေါ်လာသည်။သတ္တုသည် မြေကြီးထဲသို့ အရွယ်အစား တစ်ဝက်ခန့် မြှုပ်ဝင်သွားကာ သစ်တောတစ်ခုလုံးကို မြေပြင်ကို တုန်ခါသွားစေပြီး ကြီးမားလှသည့်စွမ်းအားကို ပြသလိုက်သည်။ခရစ္စတီးနားသည် ချန်လွေ့ကို ဆွဲယူပြီး အန္တရာယ်ကင်းသော နေရာတစ်ခုဆီသို့ ခေါ်သွားခဲ့ပြီးပြီ ဖြစ်သည်။

သတ္တုသည် အသက်ရှိနေသကဲ့သို့ပင် မြေကြီးထဲမှ မြင့်တက်လာပြီး လေထဲ၌ပင် ၅မီတာအမြင့်ရှိ လူပုံစံအဖြစ် အလျင်အမြန် ပြောင်းလဲသွားသည်။၎င်း၏မျက်နှာပေါ်တွင် မျက်လုံးမှလွဲ၍ အခြားအင်္ဂါများ ရှိမနေဘဲ ခန္ဓာကိုယ်တွင် ထူးဆန်းသော သင်္ကေတအမျိုးမျိုး ထွင်းထားကာ အပြာရောင် တောက်ပနေသည်။မြေပြင်ပေါ်သို့ မကျခင်မှာပင် သတ္တုလူသည် အထက်ကို ပျံဝဲတက်ပြီး ဘရော့ခ်ဆီ ဝှီးခနဲ သွားလိုက်သည်။ခန္ဓာကိုယ်ကြီးမားလှသော်လည်း ၎င်း၏လှုပ်ရှားမှုများ မနှေးကွေးနေဘဲ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြန်ဆန်နေသည်။

ချန်လွေ့ ကြောင်သွားသည်။

စက်ရုပ်ကြီးလား။မဟုတ်ဘူး။အသွင်ပြောင်းကောင်လား။မဟုတ်သေးဘူး။နတ်ဆိုးဘုံမှာ ဒီလိုအရာ တကယ်ကြီး ရှိနေတာလဲ။

“ စစ်ရုပ်သေးလား။ခရစ္စတီးနား ဆိုတဲ့အတိုင်းပဲ။မင်းက အက်စ်မိုဒက်စ် တော်ဝင်မိသားစုရဲ့ အစွမ်းထက်ဆုံး ပါရမီတောင် နိုးထနေပြီပဲ။ ”

သက်ရှိစစ်သည် တစ်ယောက်ကဲ့သို့ပင် စစ်ရုပ်သေးသည် ဘရော့ခ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။ မြေပြင်သည်လည်း အနည်းငယ် စတင်တုန်ခါလာပြီး လမ်းတစ်လျှောက်ရှိ သစ်ပင်များသည်လည်း တစ်ပင်ပြီးတစ်ပင် အမြစ်မှကြွတက် သွားသည်။မြေပြင်တွင် အလွန်ကြီးမားသော ချိုင့်များ ပြည့်နေ‌သည်။အဝေးမှပင် ပြင်းထန်သည့် လေလှိုင်းများကို ခံစားရနိုင်ပေသည်။ ဤကဲ့သို့ အတိုင်းအထိ တိုက်ခိုက်မှုမျိုးကို ချန်လွေ့ ယခုမှ တွေ့ဖူးခြင်းဖြစ်ပြီး ငေးစိုက်ကြည့်ရုံသာ လုပ်နိုင်သည်။ လက်ရှိအစွမ်းဖြင့်ဆိုလျှင် ချန်လွေ့သည် စစ်ရုပ်သေးကြောင့် ချက်ချင်း သေဆုံး သွားပေလိမ့်မည်။

စစ်ရုပ်သေး၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ဘရော့ခ်သည် မည်သည်မှ ထိခိုက်မှုမရှိဘဲ အလွယ်တကူပင် ရှောင်တိမ်းနေခဲ့သည်။ခဏတာ ရှောင်တိမ်းပြီးနောက် ဘရော့ခ်သည် အနည်းငယ် စိတ်မရှည်ဖြစ်လာပုံရပြီး မရှောင်တိမ်း တော့ပေ။သူ၏ညာဘက်ကို ဖွင့်ထုတ်ပြီး လေထဲသို့ ထိုးသွင်းလိုက်သည်။ ဧရာမ စစ်ရုပ်သေးကြီး ဘရော့ခ်နှင့် ဆယ်မီတာအကွာရောက်လာသောအခါ ကိုယ်ပျောက် အကာအရံတစ်ခုနှင့် ရင်ဆိုင်မိသွားသလို ဖြစ်သွားသည်။၎င်း၏ မြန်ဆန်သော လှုပ်ရှားမှု များသည် ရုတ်တရက်ပင် စတင်နှေးကွေးလာတော့သည်။

ဘရော့ခ်၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး သူ၏မျက်လုံးအပြာသည် အနက်ရောင် ပြောင်းလဲသွားသည်။စစ်ရုပ်သေး၏ အမြန်နှုန်းသည်လည်း နှေးသထက်နှေးလာပြီး ဘရော့ခ်နှင့် သုံးမီတာ အကွာသို့ ရောက်သည့်အခါ ရှေ့သို့လုံးဝ မရွေ့နိုင်တော့ပေ။ ၎င်း၏သတ္တုခန္ဓာကိုယ်သည် အနည်းငယ် စတင်တုန်ခါလာပြီး ကြီးမားလှသော ဖိအား တစ်ခုကို ခံစားနေရပုံပေါ်သည်။

ဘရော့ခ် အင့်ခနဲ ညည်းလိုက်ပြီး စစ်ရုပ်သေးအပေါ်၌ ရုတ်တရက် ပေါ်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်ကို တည့်တည့်ပင် ထိုးဆင်းလိုက်ပြီး သူ၏ခြေထောက် နှစ်ဖက်စလုံးသည့် စစ်ရုပ်သေးပေါ်သို့ ကျရောက်သွား၏။ဝုန်းခနဲအသံမြည်ပြီး ၁၂မီတာခန့် ကျယ်သည့် ဧရာမချိုင့်တစ်ခု ပေါ်လာကာ စစ်ရုပ်သေး၏ ခန္ဓာကိုယ်တစ်ဝက်လည်း ဗဟို၌ မြုပ်ဝင် သွားသည်။၎င်းသည် ခဏတာ မလှုပ်ရှားနိုင်တော့ပေ။စစ်ရုပ်သေးသည် နာကျင်မှုကို မခံစားရသော်လည်း ခန္ဓာကိုယ်ကို လွတ်မြောက်ရန် ရုန်းကန်နေပြီး ဆက်လက် တိုက်ခိုက်နေဆဲပင် ဖြစ်သည်။

ဘရော့ခ်၏ လက်သီးနှစ်ဖက်စလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားသွားကာ လေထဲ၌ ဝေဝါးမှုတစ်ခုကိုသာ မြင်တွေ့ရသည်။လက်သီးချက် မည်မျှထိခဲ့ကြောင်း မသိပေ။ ပြင်းထန်သည့် အမြန်နှုန်းထိချက်များကိုသာ ကြားရသည်။အလယ်ဗဟိုရှိ တွင်းချိုင့်၏ နက်ရှိုင်းမှုသည်လည်း မြန်ဆန်စွာပင် တိုးတက်သွားသည်။

ဘရော့ခ် ရပ်တန့်လိုက်သည့်အခါ ၅မီတာ အမြင့်ရှိ စစ်ရုပ်သေးသည် ပျက်စီးယိုယွင်း နေသာ သတ္တုတုံးအဖြစ် ပြောင်းလဲသွားသည်။အနီးအနားတွင်လည်း ပြန့်ကျဲနေသာ သတ္တုအပိုင်းအစများပင် ရှိနေသည်။ယခင်ကကဲ့သို့ လူသားပုံစံနှင့် လုံးဝမတူတော့ပေ။

ဘရော့ခ် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ချိုင့်ထဲမှ ခုန်ထွက်လိုက်သည်။ သို့သော်လည်း ခရစ္စတီးနား နှင့် ချန်လွေ့တို့ ပျောက်ကွယ်သွားလေပြီ။

All Chapters