တော်ဝင်အမျိုးသမီး၏ ဆုံးဖြတ်ချက်
Vol. 9 Ch. 122
“ ထူးဆန်းတယ်။စစ်ရုပ်သေးမှာ သခင်ရဲ့ စိတ်ဝိညာဉ်နဲ့ အထူးချိတ်ဆက်မှုတစ်ခု ရှိတယ်လို့ ငါကြားဖူးတာ။စစ်ရုပ်သေး ပျက်စီးသွားတာနဲ့ သခင်ကလည်း ပြင်းပြင်းထန်ထန် ထိခိုက်မှာပဲ။ သူက ဘယ်လိုလုပ် ငါ့အရှေ့ကနေ ထွက်ပြေးဖို့ အားအင်ရှိနေသေးတာလဲ။ ”
ဘရော့ခ် ကိုယ့်ကိုယ်ကိုယ် ပြောလိုက်၏။
“ တော်တော်ရှုပ်တဲ့ စစ်ရုပ်သေးပဲ။ ”
ဘရော့ခ် မျက်မှောင်ကြုတ်လိုက်သည်။
“ ဟုတ်သား။ဒါက ကြေးရုပ်သေးပဲ။ခရစ္စတီးနားရဲ့ အစွမ်းနဲ့ဆိုရင် အနည်းဆုံးတော့ ငွေရုပ်သေးကို သုံးနိုင်လောက်တယ်။သူက စစ်ရုပ်သေး တစ်ခုထက်ပိုပြီး သုံးနိုင်တာ များလား။ ”
စစ်ရုပ်သေးသည် အရိပ်နက်အင်ပါယာရှိ အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ အစွမ်းထက်ဆုံး သွေးမျိုးဆက်ပါရမီ ဖြစ်သည်။၎င်းသည် သူတို့၏ ပင်ကိုစွမ်းရည်များနှင့် လျို့ဝှက်နည်းစနစ် တစ်မျိုးကို ပူးပေါင်းပြီး ရရှိလာသည့် အစွမ်းထက် တိုက်ခိုက်ရေး ယန္တရား တစ်ခုဖြစ်သည်။ခုနက ကြေးရုပ်သေးကဲ့သို့ပင် နာကျင်မှုကိုလည်း မခံစားရသလို ပင်ပန်းခြင်းလည်း မရှိပေ။လုံးဝပျက်စီးသွားခြင်း သို့မဟုတ် ၎င်း၏သခင် သေဆုံးသွားခြင်း မဖြစ်သရွေ့ ၎င်းသည် ဆက်လက်တိုက်ခိုက်နိုင်ပေသည်။
စစ်ရုပ်သေး၏ အဆင့်များမှာ ကြေး၊ငွေနှင့်ရွှေတို့ ဖြစ်ကြသည်။ဘိုးဘွားစဉ်ဆက် အမွေအနှစ်ဟူ၍ သတ်မှတ်၍ရသည်။အစွမ်းထက်ဆုံး စစ်ရုပ်သေးမှာ အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ ဒဏ္ဍာရီလာ လျို့ဝှက်ရတနာဖြစ်သော အမတ ရွှေနက် စစ်ရုပ်သေး ဖြစ်သည်။၎င်းကို လုံးဝ ဖျက်ဆီး၍မရနိုင်ပေ။သို့သော်လည်း ကံမကောင်းစွာပင် ထိုရုပ်သေး ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့လေပြီ။
အက်စ်မိုဒက်စ် မိသားစုထဲ၌ စစ်ရုပ်သေးပါရမီ နိုးထပြီး ရုပ်သေးတစ်ရုပ်ကို ထိန်းချူပ်နိုင်သူသည်ပင် ရှားပါးနေပြီ ဖြစ်သည်။ရုပ်သေးနှစ်ရုပ် သို့မဟုတ် ပို၍ထိန်းချုပ် နိုင်သူများသည် ပါရမီရှင်များကြားထဲမှ ပါရမီရှင်တစ်ယောက်ပင် ဖြစ်သည်။လက်ရှိဧကရီ ကတ်သရင်းသည် ရွှေ စစ်ရုပ်သေး ၄ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်သည်။သူ၏ ကိုယ်ပိုင်အစွမ်းဖြင့် ပေါင်းလိုက်သည့်အခါတွင် နတ်ဆိုးဘုံ၌ အစွမ်းထက်ဆုံးဖြစ်သည့် မဟာရိုင်ဇန်ပင် ကြောက်ရွံ့ရပေမည်။
ယခုတွင် ခရစ္စတီးမားသည် မဟာနတ်ဆိုးဘုရင် အဆင့်သာရှိသေးသော်လည်း ရုပ်သေး နှစ်ရုပ်ကို ထိန်းချုပ်နိုင်သည့် ကြီးမားလှသော ပါရမီကို ပိုင်ဆိုင်ထားလေသည်။ နောက်ပိုင်းကျရင်.....
ဘရော့၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွားလေသည်။
ကြီးမားလှသည့် ထိခိုက်မှုနှင့်အတူ ပါလာသည့် မြူနှင်းပါးပါးလေးသည် ဖြည်းဖြည်းချင်း စုစည်းသွားသည်။သို့သော်လည်း ဘရော့ခ်သည် မြူနှင်းထဲ၌ ရှိမနေတော့ပေ။
ခရစ္စတီးနား၏ သယ်ဆောင်ခြင်းကို ခံနေရင်း ချန်လွေ့သည် လေတိုးသံများကို ကြားနေရသည်။ခေါင်းမမူးစေရန်အတွက် ချန်လွေ့ မျက်လုံးမှိတ်ထားလိုက်သည်။ ရုတ်တရက် ခရစ္စတီးနား၏ ခန္ဓာကိုယ် တုန်လှုပ်ပြီး ရပ်တန့်သွားသည်။ချန်လွေ့ မျက်လုံးဖွင့်လိုက်ရာ ရင်ဘတ်ကို ဖုံးအုပ်ရင်း ချောင်းဆိုးနေသည့် ခရစ္စတီးနားကို တွေ့လိုက်ရသည်။သူဒဏ်ရာရနေသည်မှာ အသေအချာပင် ဖြစ်သည်။
ခရစ္စတီးနား ခေတ္တရပ်တန့်လိုက်ပြီး မရပ်မနား ဆက်ပြေးလွှားတော့သည်။ထူထဲလှသော တောအုပ်ရှိ အတော်လေး လျို့ဝှက်သော တောင်ခါးပန်းတစ်ခုသို့ ရောက်ရှိမှသာ ရပ်တန့်လိုက်သည်။ထို့နောက် ခရစ္စတီးနားသည် ချက်ချင်းပင် အနီးအနားပတ်ဝန်းကျင်ကို စတင်ပြင်ဆင်တော့သည်။
သူတို့ပတ်လည်၌ သတ္တုတိုင်၆တိုင် ပေါ်လာသည်။တိုင်များပေါ်တွင် ထိုတန်မ်ကဲ့သို့ သင်္ကေတအလွှာများ ရှိနေသည်။၎င်းသည်လည်း နောက်ထပ် အထူးမှော်ကိရိယာတစ်မျိုး ဖြစ်ပေလိမ့်မည်။
( ထိုတန်မ် = မြောက်အမေရိက တိုင်းရင်းမျိုးနွယ်စုတစ်ခုကို ကိုယ်စားပြုသော တိရစ္ဆာန်စသည် အရုပ်။ )
“ လေဒီ။ခင်ဗျား ဒဏ်ရာရထားတာပဲ။ ”
ချန်လွေ့ ခဏစဉ်းစားလိုက်ပြီး ဖြည့်တင်းဆေးရည် တစ်ပုလင်း ထုတ်ပေးလိုက်သည်။
“ ဒီမှာ။ဒီဖြည့်တင်းဆေးရည်က ကျုပ်ရဲ့ဆရာ ကိုယ်တိုင် ဖော်စပ်ထားတာ။ ပုံမှန်ထက် ပိုပြီးတော့ အစွမ်းထက်တယ်။ ”
“ မလိုပါဘူး။ကျေးဇူးပဲ။ ”
ခရစ္စတီးနား ခေါင်းခါလိုက်သည်။သူ၏ ယဉ်ကျေးသိမ်မွေ့မှုအတွင်း၌ သတိထားမှု အနည်းငယ်လည်း ရှိနေသည်။
“ ခုနက စစ်ရုပ်သေးကို ဘရော့ခ် ဖျက်ဆီးလိုက်ပြီထင်တယ်။အဲ့ဒါကြောင့် ကျွန်မ နည်းနည်း ထိခိုက်သွားတာ။ဒါပေမဲ့ ဒါက ဘာမှ မပြောပလောက်ဘူး။ ”
“ မစ်-ခရစ္စတီးနား။ခင်ဗျားရဲ့ဘရော့ခ်ကြားမှာ ဘယ်လိုရန်ညှိုးမျိုး ရှိလဲဆိုတာတော့ ကျုပ်မသိဘူး။ကျုပ် အမှန်အတိုင်း ပြောတာကို ခွင့်လွှတ်ပေးပါ။ခင်ဗျားရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် ဘရော့ခ်ကို မယှဉ်နိုင်လောက်ဘူး။ပြီးတော့လည်း သူက ကျုပ်တို့ နောက်ကို ဆက်ပြီး လိုက်နေဦးမှာပဲ။ ”
“ ကျုပ် အကြံတစ်ခုပေးမယ်။တယ်လီပို့ သုံးပြီးတော့ ထွက်ပြေးလို့ရအောင် ကျုပ်ကို အမှောင်ဆန္ဒ အရင်ပေးထား။ ”
ချန်လွေ့ ခေတ္တ တိတ်ဆိတ်သွားသည်။ထို့နောက် ပြန်မဖြေဘဲ ပြန်မေးလိုက်သည်။
“ အမှောင်ဆန္ဒပဲလား။ရွှေသလင်းကျောက် ခြေထိပ်လက်ထိပ် ကရော။ ”
“ ကျုပ်ရဲ့ ရိုးသားမှုကို ပြသတဲ့အနေနဲ့ ကျုပ်တို့တွေ အန္တရာယ်ကနေ လုံးဝကင်းလွတ်သွားမှ ဖြုတ်လို့ရတယ်။ ”
“ ကျုပ်တစ်ယောက်တည်း တယ်လီပို့ခုန်ပြီးတော့ ဒီလိုကြောက်စရာကောင်းတဲ့ အသံတိတ်ည စိမ့်မြေဆီ ထွက်ပြေးသွားရင်လည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ”
“ ကျွန်မ ကတိမတည်မှာကို ရှင် မစိုးရိမ်ဘူးလား။ ”
ဇာမျက်နှာလွှားနောက်ကွယ်မှ ခရစ္စတီးနား၏ မျက်လုံးများသည် ချန်လွေ့၏စိတ်ထဲကို မြင်ကြည့်နိုင်သလို ဖြစ်နေသည်။
“ ရှင့်ရဲ့ဉာဏ်ပညာနဲ့ဆို ရှင့်ကိုယ်ရှင် ဒီလိုမျိုး အန္တရာယ်ရှိတဲ့ အခြေအနေရောက်အောင် လုပ်မှာ မဟုတ်ဘူး။ကျွန်မတို့တွေ ဆွေးနွေးတုန်းက လက်ထိပ်ခြေထိပ်တွေ မဖြုတ်ခင် လက်စွပ်အရင်ပြန်ပေးဖို့ ရှင်တောင်းဆိုခဲ့တယ်။ကျွန်မ ဒီအတိုင်း စဉ်းစားကြည့်မယ်။ရှင့်မှာ ခြေထိပ်လက်ထိပ်ကို ဖယ်ရှားနိုင်တဲ့ အထူးနည်းလမ်းတစ်ခု ရှိနေတာလား။ ”
ထပ်ပြီး မယူဆလို့ မရဘူးလား။
ချန်လွေ့၏နှလုံးသား အေးစက်သွားသည်။ဤကဲ့သို့ အရေးကြီးအခြေအနေသို့ ရောက်နေ သော်လည်း ခရစ္စတီးနားသည် မကြောက်လန့်ရုံသာမက ကြောက်မက်ဖွယ် ကောင်းလောက်အောင် တည်ငြိမ်နေမည်ဟု ချန်လွေ့လုံးဝ မထင်ထားခဲ့ပေ။ချန်လွေ့၏ ဝှက်ဖဲပင် ပေါ်လုနီးပါး ဖြစ်သွားခဲ့သည်။
“ မှော်ခြေထိပ်လက်ထိပ်တွေကို ကျုပ်ဖယ်ရှားနိုင်ရင် ရွက်နီတောအုပ်ကနေ ခင်ဗျား ထွက်သွားတုန်း ကတည်းက ကျုပ်ထွက်ပြေးသွားလိုက်ပြီ။ ”
ချန်လွေ့သည် တမင်တကာပင် မကျေနပ်သည့် ပုံစံဟန်ဆောင်လိုက်သည်။
“ ခုနတုန်းက ဘရော့ခ်ရဲ့ လက်ထဲမှာ ကျုပ်သေတော့မလို့ပဲ။ဒီလိုတောင်းဆို ရတာကလည်း ကျုပ် အန္တရာယ်ကင်းဖို့အတွက်ပဲ။ခင်ဗျားကျုပ်ကို သံသယဖြစ်မယ် ဆိုရင်လည်း ကျုပ်မှာ ဘာမှပြောစရာ မရှိဘူး။ခင်ဗျားရဲ့အစွမ်းနဲ့ ဘရော့ခ်ကို အနိုင်ယူပြီးမှ ကျုပ်ကို သတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ”
“ ရစ်ချတ်။ကျွန်မ သံသယဖြစ်တာကို ခွင့်လွှတ်ပေးပါ။ရှင်လည်း ကျွန်မလိုမျိုး လှည့်ကွက်တွေ၊အကြံအစည်တွေ ကြားမှာ အမြဲတမ်း ဝိုင်းရံခံရတဲ့သူဆိုရင် ကျွန်မလိုမျိုး သတိထားမှာပဲ။ပြီးတော့လည်း ရှင့်လိုမျိုး ပါးနပ်တဲ့လူကို ရင်ဆိုင်တဲ့အခါ ကျွန်မ ပိုပြီးတွေးမိတယ်။ခရစ္စတီးနားက မိန်းမတစ်ယောက်ပဲလေ။မိန်းမတစ်ယောက်ရဲ့ သံသယ ဖြစ်တတ်တဲ့ သဘောကို မမေ့နဲ့ဦး။ ”
ခရစ္စတီးနား ရုတ်တရက် ချီးမွမ်းမှုကြောင့် ချန်လွေ့သည် စိတ်တိုသည့် အမူအရာကို ထိန်းမထားနိုင်တော့ပေ။သို့သော်လည်း နောက်ဆုံးစကားကို ချန်လွေ့ သဘောမတူပေ။
မင်းလိုမျိုး မိန်းမတွေသာ ထပ်ပြီးရှိဦးမယ်ဆိုရင် နတ်ဆိုးဘုံမှာ ယောက်ျားတွေအားလုံး ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။
“ ကောင်းပါပြီ။အခုက အဲ့ဒီလို ယူဆချက်တွေကို ဆွေးနွေးဖို့ အချိန်မဟုတ်ဘူး။ ရှင်ပြောတာတွေကို ကျွန်မ သေသေချာချာ စဉ်းစားပေးမှာပါ။ ”
ခရစ္စတီးနား သက်ပြင်းချလိုက်သည်။
“ ပြီးတော့လည်း ရှင်က ဒီကိစ္စကို လွယ်ကူရှင်းလင်းသလို လုပ်လိုက်တာပဲ။အမှောင်ဆန္ဒရဲ့ တယ်လီပို့အစွမ်း အကွာအဝေးက အကန့်အသတ်ရှိတယ်။လီဗျာသန်တော်ဝင်မိသားစုရဲ့ နတ်မိစ္ဆာမျက်လုံးမှာ ပစ်မှတ်ကို အသေမှတ်တဲ့ စွမ်းရည်ရှိတယ်။ကျွန်မတို့ကို အသေမှတ် ထားဖို့ ဘရော့ခ် နည်းလမ်းတစ်ခုခုကို သုံးခဲ့မှာပဲ။ကျွန်မတို့ တယ်လီပို့ခုန်ပြီး ထွက်ပြေးရင်တောင် သူ့ဆီကနေ တကယ်လွတ်နိုင်သေးမှာ မဟုတ်ဘူး။ရှင်က အမှောင်ဆန္ဒရဲ့ ပိုင်ရှင်ပဲ။ဒီတော့ အမှောင်ဆန္ဒရဲ့ ကျပမ်းတယ်လီပို့အစွမ်းကို ရှင်သိမှာပဲ။ ကျွန်မတို့ ကံဆိုးမယ်ဆိုရင် ဘရော့ခ်ရဲ့ အမြင်ထဲက လွတ်မြောက်နိုင်အောင် တယ်လီပို့ နိုင်မှာမဟုတ်ဘူး။ပြီးတော့လည်း လက်စွပ်ကို ၂၄နာရီမှတစ်ခါ သုံးလို့ရတယ်။အဲ့ဒါကြောင့် ဖြုန်းတီးလို့ မဖြစ်ဘူး။အရေးကြီးတဲ့ အခိုက်အတန့်မှာပဲ သုံးလို့ရမယ်။ ”
ခရစ္စတီးနားသည် အမှောင်ဆန္ဒနှင့် အတော်လေး ရင်းနှီးပုံရသည်။ထို့ပြင် ခရစ္စတီးနားသည် အမြဲသတိထားနေကြောင်း ချန်လွေ့ သိသည်။
“ ကျွန်မလည်း မသိတော့ဘူး ရှင်ပြောတဲ့ ဆရာကို ဆက်သွယ်လို့ရလား။အဲ့ဒါကို ကျွန်မ သံသယရှိနေသေးပေမဲ့ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ တကယ့်တော့ မှော်အိတ်ရဲ့ နေရာလွတ်ထဲက ကျုပ်ရဲ့ ဆရာကို ဆက်သွယ်ဖို့ ကြိုးစားနေတာကြာပြီ။ဒါပေမဲ့လည်း အဆက်အသွယ်မရတာ တော်တော်ကြာပြီ။ ကျုပ်ရဲ့ဆရာက တံခါးပိတ်လေ့ကျင့်နေပြီနဲ့တူတယ်။ခံစားချက်တွေအားလုံး ချိပ်ပိတ် ပြီးတော့ လေ့ကျင့်တာလေ။ အဆင့်တစ်ခုထိ မရောက်မချင်း သူဘယ်တော့မှ မထွက်လာဘူး။ ”
“ ထင်တဲ့အတိုင်းပဲ..... ”
ခရစ္စတီးနားသည် ချန်လွေ့ကို တည်ငြိမ်စွာ ငေးကြည့်လိုက်သည်။သို့သော်လည်း ဘာမှမပြောခဲ့ပေ။
“ ဒါဆိုရင် တစ်နည်းပဲရှိတော့တယ်....။ကျန်တဲ့ သစ်သီး သုံးလုံးစလုံး ကျွန်မကိုပေးပါ။ ”
ချန်လွေ့ ထိတ်လန့်သွားပြီး သံသယဖြစ်သွားသည်။ချန်လွေ့ စိုးရိမ်နေသည်ကို သိသည့်အတွက် ခရစ္စတီးနားသည် ညာလက်ရှိ တော်ဝင်လက်စွပ်ကို မြှောက်ပြီး သတ်သတ်မှတ်မှတ် ပြောလိုက်သည်။
“ ဒီတော်ဝင်လက်စွပ်နဲ့ ကျွန်မ ကျိန်ဆိုတယ်။ဒီတာဝန်ကိုပြီးမြောက်ပြီးတော့ မြို့တော်ဆီ မပြန်ရောက်မချင်း ကျွန်မ အရှေ့ကလူကို ထိခိုက်အောင် မလုပ်ပါဘူး။ကျွန်မဒါကို ချိုးဖောက်ရင် ကျွန်မရဲ့ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ အဆုံးမဲ့နာကျင်ခံစားရမှုထဲမှာ ပိတ်မိပါစေသား။ ”
မြို့တော်ဆီကို ပြန်မရောက်ခင် အချိန်အထိပဲလား။ဒီ တော်ဝင်အမျိုးသမီးက အပေါ်ယံ မှာတော့ ယဉ်ကျေးသလိုပဲ။ဒါပေမဲ့ ငါ့ကို သတ်ချင်နေတုန်းပဲ။
ချန်လွေ့ ခါးသက်သက် ပြုံးလိုက်သည်။
“ ကျိန်ဆိုဖို့အတွက် ကျုပ်တို့နာမည်တွေ မလိုအပ်ဘူးလား။ ”
ခရစ္စတီးနား တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ ခရစ္စတီးနားဆိုတဲ့ နာမည်က ရစ်ချတ်ဆိုတဲ့ နာမည်လိုမျိုးပဲ။ကျိန်ဆိုဖို့အတွက် အသုံးပြုဖို့ မသင့်တော်ဘူး။ ”
ယခုမှသာ ခရစ္စတီးနားသည် နာမည်ဝှက်သာ ဖြစ်ကြောင်း ချန်လွေ့ သိသွားသည်။
ဘရော့ခ်လည်း ခရစ္စတီးနားရဲ့ နာမည်အရင်းကို သိမယ့်ပုံ မပေါ်ဘူး။ သူ ဒီလိုပြောတယ်ဆိုတော့ စိတ်ရင်းအတိုင်းပဲ ဖြစ်ရမယ်။
အများကြီးရွေးစရာမရှိကြောင်း ချန်လွေ့သိသည်။အကယ်၍ သူသာ ဘရော့ခ်လက်ထဲ ရောက်သွားလျှင် သေချာပေါက် သေသွားပေလိမ့်မည်။ချန်လွေ့သည် ချက်ချင်းပင် မတုံ့ဆိုင်းတော့ဘဲ သဘောတူလိုက်ပြီးနောက် မေးလိုက်ပြန်သည်။
“ လေဒီ။ခင်ဗျား ဒီလို သစ်သီး အကုန်လုံး စားသုံးတယ်ဆိုတော့ ဘေးထွက် ဆိုးကျိုးတွေရော ရှိနိုင်မလား။ ”
“ ကျွန်မ မသိဘူး။ဒါပေမဲ့ ဒါက ကျွန်မအတွက်တော့ အရေးအကြီးဆုံး အခိုက်အတန့်ပဲ။ ကျွန်မ ကျဆုံးလို့ မဖြစ်ဘူး။ ”
ခရစ္စတီးနားသည် အရှိန်အဝါသစ်သီးများကို ယူပြီး မှော်တဲကို ပြင်ဆင်လိုက်သည်။
“ သေချာမှတ်ထား။ကျွန်မအခု တဲထဲဝင်ပြီးတော့ သစ်သီးရဲ့စွမ်းအားတွေကို စုပ်ယူ တော့မယ်။တော်တော်လေးကြာနိုင်တယ်။အဲ့ဒါကြောင့် ရှင်အပြင်မှာပဲ စောင့်နေ။ ဘာတွေပဲဖြစ်လာဖြစ်လာ အနားမကပ်လာနဲ့။မဟုတ်လို့ကတော့ ကျိန်ဆိုထားတာကို ဆန့်ကျင်ပြီးတော့ ရှင့်ကိုသတ်ပစ်မယ်။ ”
ခရစ္စတီးသည် အရေးကြီးသော အခိုက်အတန့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ချန်လွေ့သိသည်။သို့မဟုတ်ပါက ဘရော့ခ်ကဲ့သို့ အစွမ်းထက် ရန်သူတစ်ယောက်ကို ရင်ဆိုင်သည့်အခါ၌ အရဲစွန့်လိမ့်မည် မဟုတ်ပေ။ထို့ကြောင့် ချန်လွေ့ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက် ခဏမျှ ဆွေးနွေးလိုက်သည်။ထို့နောက် ခရစ္စတီးနားသည် ချန်လွေ့ပေးသည့် “ ကျိုးထျန်ရွှမ် အရှိန်အဝါ သစ်သီး ” သုံးလုံးကို စိတ်ပိုင်းဖြတ်ကာ ကြည့်လိုက်ပြီး တဲထဲသို့ ဝင်သွားလိုက်သည်။
တစ်နာရီကြာပြီးနောက် ချန်လွေ့သည် အချိန်ကုန်နှေးလာသည်ဟု ခံစားလာရသည်။ သို့သော်လည်း ချန်လွေ့သည် ဒီအတိုင်းကြီး စောင့်မနေဘဲ [ အရှိန်အဝါကူးပြောင်းခြင်း ] ကို အသက်သွင်းကာ ရွှေသလင်းကျောက် ခြေထိပ်လက်ထိပ်များကို ကူးပြောင်းနေလေသည်။
ရွှေသလင်းကျောက်သည် အမှန်တကယ်ပင် သွေးသလင်းကျေက်ထက် ပိုပြီးအဆင့် မြင့်သည့် အစွမ်းထက်ဆုံး သလင်းကျောက်ပင် ဖြစ်သည်။ထို့ပြင် ဤခြေထိပ်လက်ထိပ် များသည်လည်း အရည်အသွေးအမြင့်ဆုံး ရွှေသလင်းကျောက်များကို အသုံးပြုထား ရပေမည်။ခြေထိပ်ကို ကူးပြောင်းပြီးနောက်တွင် ချန်လွေ့သည် အရှိန်အဝါ ၅သိန်း ရရှိသွားကာ စုစုပေါင်း အရှိန်အဝါသည်လည်း ၁၆သိန်း ဖြစ်သွားတော့သည်။ယခုတွင် ချန်လွေ့၌ အရှိန်အဝါ များစွာရှိသော်လည်း အသုံးပြုနိုင်သည့်နေရာ မရှိသလောက်ပေ။ [ရုပ်ဖျက်ခြင်း] ကို ထိန်းသိမ်းထားရန်အတွက် တစ်မိနစ်လျှင် အရှိန်အဝါ တစ်ခုသာ သုံးရသည့်အတွက် တစ်ရက်လျှင် အရှိန်အဝါ ၁၄၀၀ ကျော်သာ ကုန်ကျပေမည်။
ချန်လွေ့သည် ရွှေသလင်းကျောက် လက်ထိပ်ကို တစ်ခုလုံး မကူးပြောင်းခဲ့ဘဲ တစ်စိတ် တစ်ပိုင်းကိုသာ ဖျက်ဆီးခဲ့သည်။သူ၏အစွမ်းကို ဖိနှိပ်ထားသည့် မှော်အစီအရင် ပျက်စီးသွားသည့်အခါ ချန်လွေ့၏အစွမ်းများသည် ချက်ချင်းပင် ပြန်လည်ရောက်ရှိ လာသည်။အပေါ်ယံတွင် ချန်လွေ့သည် ခြေထိပ်လက်ထိပ်များ အခတ်ခံထားနေရသည်။ သို့သော်လည်း အမှန်တကယ်၌ သူ၏ခြေထိပ်သည် [ ရုပ်ဖျက်ခြင်း ] သုံးထားသည့် ပုံရိပ်ယောင် တစ်ခုသာ ဖြစ်သည်။အဝတ်အစား ကဲ့သိုပင် ဖြစ်သည်။လက်ထိပ်သည်လည်း ယုတ္တိရှိရှိပင် ဖြစ်သည်။ခရစ္စတီးနားပင် သတိထားမိလိမ့်မည် မဟုတ်ကြောင်း ချန်လွေ့ ယုံကြည်နေသည်။
ယခုသည် နောက်ဆုံးအခိုက်အတန့်ကို ချဉ်းကပ်လာနေပြီဖြစ်သည်။ခရစ္စတီးနား လိမ်နေ သည်ဟု မခံစားရသော်လည်း ချန်လွေ့သည် ကျိန်ဆိုမှုကို လုံးဝမယုံကြည်နိုင်ပေ။ “အမှောင်ဆန္ဒ” ရသွားသည်နှင့် ချန်လွေ့သည် တယ်လီပို့ကာ ချက်ချင်း ထွက်ပြေးပေမည်။
သစ်သီးကိုစုပ်ယူနေရင်း ခရစ္စတီးနား လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သည်ကို မမြင်ဖူးခဲ့လျှင် ယခုချန်လွေ့သည် အစွမ်းပြန်ရပြီဖြစ်သည့်အတွက် လက်စွပ်ပြန်ပေးရန် ခြိမ်းခြောက်မိပေလိမ့်မည်။သို့သော်လည်း ခုနက ခရစ္စတီးနား ပြောခဲ့သောစကားများသည် ခြောက်လှန့်ခြင်းသာ မဟုတ်နိုင်ပေ။ချန်လွေ့ မဆင်မခြင် လုပ်ရဲလျှင် ခရစ္စတီးနားသည် သေချာပေါက် သတ်ပစ်ပေလိမ့်မည်။
နောက်ထပ် တစ်နာရီ ကုန်ဆုံးသွားလေပြီ။သစ်သီးတစ်လုံးတည်းသာ ဆိုလျှင် စုပ်ယူခြင်း ပြီးစီးသွားပြီ ဖြစ်သည်။သို့သော်လည်း ခရစ္စတီးနားသည် သစ်သီး၃လုံးကို တစ်ပြိုင်နက်တည်း စုပ်ယူနေသည့်အတွက် ခက်ခဲမှုသည် ၁ နှင့် ၁ ပေါင်း ၂ ရကဲ့သို့ ရိုးရှင်းလိမ့်မည် မဟုတ်ပေ။
ထိုအခိုက်တွင် ဘရော့ခ်၏ပုံရိပ်သည် ထူထဲလှသော တောအုပ်ထဲ၌ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။