လျို့ဝှက်သိုင်း။“လောကမှာ ငါ အင်အားအကြီးဆုံး” ၏ နတ်ဆိုးဗားရှင်း
Vol. 9 Ch. 127
“ အမ်း.. ”
ဝိုင်ဗန်ဘုရင်၏ မျက်လုံးထဲမှ မျှော်လင့်ချက်များကို မြင်သွားပြီး ချန်လွေ့ ရုတ်တရက် အကြံရသွားသည်။
“ ဒီလိုလုပ်ကြည့်ပါလား။ဟိုက်ဒြာအမက ဥဥပြီးခါစပဲ ရှိသေးတာ မဟုတ်လား။ ကျုပ်တို့တွေ ဟိုက်ဒြာရဲ့ ဥတွေကို ခိုးပြီးတော့ ဝိုင်ဗန်အသိုက်ကို မတိုက်ခိုက်ဖို့နဲ့ အသံတိတ်ညစိမ့်မြေကနေ ထွက်ခွာသွားဖို့အတွက် ဟိုက်ဒြာတွေကို ခြိမ်းခြောက်လို့ ရတယ်လေ။ ”
ဝိုင်ဗန်ဘုရင်သည် ထိုအကြံအစည် ဖြစ်နိုင်ချေကို ခဏစဉ်းစားပြီးနောက် ငြင်းပယ် လိုက်သည်။ဟိုက်ဒြာနှစ်ကောင်ရှိသည့်အတွက် ဝိုင်ဗန်များသည် သူတို့ကို မယှဉ်နိုင်ပေ။ ဟိုက်ဒြာဥများကို ခိုးယူရန်လည်း မဖြစ်နိုင်ပေ။ဟိုက်ဒြာများသည် အငြှိုးအတေးလည်း ထားတတ်ကြသည်။အကယ်၍ သူတို့သည် ဟိုက်ဒြာဥများကို ခိုးယူပြီး၍ ဟိုက်ဒြာများကို ယာယီ နောက်ဆုတ်အောင် လုပ်နိုင်လျှင်လည်း အနာဂတ်တွင် ဟိုက်ဒြာများသည် ပို၍ပြင်းပြင်ထန်ထန် လက်စားချေပေလိမ့်မည်။
ချန်လွေ့၏ အစီအစဉ်သည် လက်တန်းသာ ဖြစ်သည်။အကယ်၍ ဝိုင်ဗန်ဘုရင်ကို ချန်လွေ့ ကူညီနိုင်လျှင်တောင် ၎င်းသည် ယာယီသာ ဖြစ်ပေလိမ့်မည်။၎င်းသည် ယခု အချိန် အတွက် ခရစ္စတီးနား၏ လုံခြုံရေးအတွက် စိတ်ချရစေသည်။သို့သော်လည်း ခရစ္စတီးနား အစွမ်းပြန်ရသွားသည့်နှင့် သူပထမဆုံးလုပ်မည်မှာ ချန်လွေ့ကို သတ်ရန်ပင် ဖြစ်ပေ လိမ့်မည်။ဟိုက်ဒြာများကို ရင်ဆိုင်ရန်အတွက် ဝိုင်ဗန်များကို ကူညီပေးလိမ့်မည် မဟုတ်ပေ။ဝိုင်ဗန်မျိုးနွယ်ကိုပင် အမြစ်ဖြတ် သုတ်သင်လိုက်နိုင်သည်။ပို၍အရေးကြီး သည်မှာ ဝိုင်ဗန်ဘုရင်၏ အကူအညီမပါဘဲနှင့် ဝိုင်ဗန်ဥများကို ချန်လွေ့ တစ်ယောက် တည်း ခိုးယူနိုင်မည် မဟုတ်ခြင်းပင် ဖြစ်သည်။
ထိုအချိန်၌ ဝိုင်ဗန်တစ်ကောင်သည် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ဝိုင်ဗန်ဘုရင်ကို တိုးတိုးလေး ရှူးရှူးရှဲရှဲ အသံပြုလိုက်သည်။
ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] အသုံးပြုနေသည်။ထိုအသံဆိုလိုသည်ကို သိလိုက်ရာ ချန်လွေ့ထိတ်လန့်သွားသည်။
ငွေချပ်ကာ ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် လရေကန်၌ ဝိုင်ဗန်နှစ်ကောင်ကို သတ်ပစ်ခဲ့သည်ဟု ထိုဝိုင်ဗန် ပြောခဲ့ခြင်း ဖြစ်သည်။
ဘရော့ခ်က ဒီနေရာကို ရောက်တာ မြန်လိုက်တာ။
“ ချန်လွေ့။အဲ့ဒီ ငွေချပ်ကာနဲ့ လူက မင်းရဲ့ အဖော်လား။သူက ဝိုင်ဗန်နှစ်ကောင်ကို သတ်ခဲ့တယ်။သားရဲငယ်လေး တစ်ကောင်လည်း ပါတယ်။ ”
ဝိုင်ဗန်ဘုရင်၏ အသံထဲတွင် ဒေါသများ စိမ့်ထွက်နေသည်။
“ သူကကျုပ်ရဲ့အဖော် မဟုတ်ဘူး။ကျုပ်ရဲ့ ရန်သူ။ ”
ချန်လွေ့ ခေါင်းခါရင်း ပြောလိုက်သည်။
“ လရေကန်က ဘယ်နေရာမှာလဲ။ ”
ဝိုင်ဗန်ဘုရင် ပြောသည့်အတိုင်းဆိုလျှင် လရေကန်သည် ဤနေရာနှင့် အတော်လေး ဝေးကွာလှသည်။ထိုနေရာရှိ မြေပြင်အနေအထားသည် အလွန်ရှုပ်ထွေးလှသည်။ ဝိုင်ဗန်တစ်ကောင်အတွက် လေထဲမှ ပျံသန်းလျှင်တောင် နေ့တစ်ဝက် ကြာလေသည်။ သို့သော်လည်း သားကောင်များသည် လရေကန်၌ မြောက်မြားလှစွာ ရှိသည့် အတွက်ကြောင့် အမဲလိုက်ရန်အတွက် အကောင်းဆုံး နေရာပင် ဖြစ်သည်။ သားရဲငယ်လေးကို ဘရော့ခ် မတော်တဆ သတ်လိုက်မိသည့်အတွက် အရွယ်ရောက် ပြီးသား ဝိုင်ဗန်နှစ်ကောင် လက်စားချေရန်ကြိုးစားကာ သူတို့ပါ ပြန်သေသွားခြင်း ဖြစ်နိုင်ပေသည်။
အချိန်ကိုတွက်ချက်ကြည့်လျှင် ချန်လွေ့နှင့်ခရစ္စတီးနားတို့ တယ်လီပို့ခုန်သွားပြီးနောက် ခဏအကြာ၌ ဖြစ်သည်။ဘရော့ခ်သည် ဒေါသပြေအောင် လုပ်နေခြင်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ချန်လွေ့သည် ကံတရားပေါ်တွင် မှီခို၍မရတော့ပေ။ကြီးမားသော ဘေးအန္တရာယ်တစ်ခုက ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီ ဖြစ်သည်။ခရစ္စတီးနားကို ချန်ထားခဲ့ပြီး ထွက်မပြေးလျှင် ချန်လွေ့သည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ရန်သူကို တစ်ယောက်တည်း ရင်ဆိုင်ရပေမည်။
မကြာမီ ညအမှောင်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ဘရော့ခ်သည် နတ်မိစ္ဆာမျက်လုံးကို သုံးပြီး ရှေ့ဆက်လမ်းကို ရှာဖွေနေလိုက်သည်။သို့မှသာ နောက်နေ့ မနက် သို့မဟုတ် နေ့လယ်လောက်ရှိ ရောက်ရှိလိမ့်မည် ဖြစ်သည်။
“ လေးစားရတဲ့ ဝိုင်ဗန်ဘုရင်။ဝိုင်ဗန်အသိုက်နဲ့ ဟိုက်ဒြာအကြောင်းကို ကျုပ် အရေးတကြီး သိဖို့လိုတယ်။ကျုပ်ကို အသေးစိတ် ပြောပြပေးပါ။ ”
ဝိုင်ဗန်ဘုရင်သည် အစွမ်းအထက်ဆုံး သန္ဓေပြောင်း ဝိုင်ဗန်ဖြစ်သည်။သူ၏စွမ်းအားသည် နတ်ဆိုးဘုရင်အဆင့် သန္ဓေပြောင်း ဝိုင်ဗန်များထက် များစွာ သာလွန်ပေသည်။ [သရုပ်ခွဲမျက်လုံး ]မှရသည့် သတင်းအချက်အလက်အရ ဝိုင်ဗန်ဘုရင်သည် မဟာ နတ်ဆိုးဘုရင် အဆင့်အထိ ရောက်နေနိုင်ပေသည်။အရွယ်ရောက်ပြီး သာမန် ဝိုင်ဗန်တစ်ကောင်သည် အမြင့်ဆင့်နတ်ဆိုး အဆင့်ရှိသည်။နတ်ဆိုးဘုရင်အဆင့်အထိ သန္ဓေပြောင်းနိုင်ချေ အလွန်အမင်း သေးငယ်လှသည်။ဝိုင်ဗန်ဘုရင်ကဲ့သို့ မဟာ နတ်ဆိုးဘုရင် အဆင့်သည် ဝိုင်ဗန်တစ်ကောင် ရောက်ရှိနိုင်သည့် အထွတ်အထိပ်ပင် ဖြစ်သည်။ဝိုင်ဗန်တစ်မျိုးနွယ်လုံးမှာပင် သူ့ကို အလွန်အမင်း ရှားပါးလှသည့် “ ပါရမီရှင် ” တစ်ယောက် အနေဖြင့် သတ်မှတ်ရပေမည်။
သို့သော်လည်း ဟိုက်ဒြာနှစ်ကောင်သည် ပို၍ပင် အစွမ်းထက်နေသည်။ဟိုက်ဒြာအထီး၏ စွမ်းအားသည် ဝိုင်ဗန်ဘုရင်ထက် တစ်ဆင့်မြင့်သည်။ဟိုက်ဒြာအမသည် အထီးထင် ပိုပြီး ကြောက်စရာကောင်းသော်လည်း ဥဥထားသည့်အတွက် ခန္ဓာကိုယ်မှာ အလွန် အားနည်း နေသည်။ထို့ကြောင့် ဥများစွာ စောင့်ရှောက်ရန် အသိုက်တွင်နေနေခဲ့ပြီး ဟိုက်ဒြာ အထီးသာ ဝိုင်ဗန်အသိုက်ဆီကို ကျူးကျော်ခြင်း ဖြစ်သည်။
လက်အောက်ငယ်သားများ၏ အကူအညီကြောင့် ဝိုင်ဗန်ဘုရင်သည် ဟိုက်ဒြာအထီး၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်။သို့သော်လည်း ဝိုင်ဗန်များသည် ကြီးကြီးမားမား ပေးဆပ် ခဲ့ရသည်။လက်ရှိတွင် ဟိုက်ဒြာအထီး၏ ဒဏ်ရာများသည် ပြန်ကောင်းနေလောက်ပြီ ဖြစ်သည်။ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ဟိုက်ဒြာအမ၏ ခန္ဓာကိုယ်သည် သက်သာလုနီးပါး ဖြစ်နေခြင်းပင်ဖြစ်ပြီး နောက်တစ်ခေါက် တိုက်ခိုက်ရန်အတွက် သိပ်မကြာလောက်တော့ပေ။
ဟိုက်ဒြာနှစ်ကောင်သာ တစ်ပြိုင်နက် တိုက်ခိုက်လျှင် ဝိုင်ဗန်များသည် ရွေးစရာမရှိဘဲ ထွက်ပြေးရပေတော့မည်။အသံတိတ်ညစိမ့်မြေကဲ့သို့သော စားကျက်မြေမျိုးကို ရှာဖွေ ရခြင်းသည် အလွန်ခက်ခဲလှသည်။ဝိုင်ဗန်များသည် ရှင်သန်ရေး ပြဿနာများကိုပင် ကြုံတွေ့ရနိုင်သည်။
ထို့ကြောင့်ပင် မန္ဂဒါနှင့် ခီဂူကို ပြန်မခေါ်လာရန် ချန်လွေ့အား ဝိုင်ဗန်ဘုရင် ပြောခဲ့ခြင်း ဖြစ်သည်။
ဟိုက်ဒြာနှစ်ကောင်သည် အနည်းဆုံး မဟာနတ်ဆိုးဘုရင်အဆင့် ရှိကြသည်။ဟိုက်ဒြာ အမသည် နတ်ဆိုးဧကရာဇ် အဆင့်အထိပင် ရောက်နေနိုင်သည်။အနိုင်တိုက်ရန် မဖြစ်နိုင်သည့် နောက်ထပ်ရန်သူ တစ်ယောက်ပင် ဖြစ်သည်။
ချန်လွေ့ အကြာကြီး စဉ်းစားလိုက်သည်။အကောင်းဆုံးနည်းလမ်းမှာ နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုကို ရှောင်ရှားပြီး ရန်သူနှစ်ယောက်ကို အချင်းချင်း ရင်ဆိုင်စေခြင်းပင် ဖြစ်သည်။ပြီးမှသာ ဝိုင်ဗန်များသည် အစီအစဉ်တစ်ခုနှင့် ထွက်ပေါ်လာပြီး အကျိုး အမြတ်များကို ကောက်သိမ်းလိုက်မည် ဖြစ်သည်။သို့သော်လည်း ဘရော့ခ်သည် အလွန် ပါးနပ်သည့်အတွက် ထောင်ဖမ်းရန် ခက်ခဲလှပေမည်။ထို့ပြင် မည်သည့်အချိန်၌ ဟိုက်ဒြာ တိုက်ခိုက်မည်ကိုလည်း ဆုံးဖြတ်၍ မရနိုင်ပေ။ချန်လွေ့သည်လည်း နတ်ဆိုးဧကရာဇ် အဆင့်ရှိသည့် ရန်သူကို ရူးရူးမိုက်မိုက်နှင့် တိုက်ခိုက်၍လည်း မရပေ။အသေးစိတ်များကို သေသေချာချာ စဉ်းစားရန် လိုအပ်လှပေမည်။
“ လေးစားရတဲ့ ဝိုင်ဗန်ဘုရင်။ကျုပ်မှာ အကြံတစ်ခုရှိတယ်။အဲ့ဒါ အောင်မြင်မယ် ဆိုရင် ဟိုက်ဒြာတွေကိုရော သုတ်သင်နိုင်မယ်။ငွေချပ်ကာနဲ့လူကိုလည်း တားဆီးနိုင်မယ်။ ”
နက်နက်နဲနဲ တွေးတောပြီးနောက် ချန်လွေ့ပြောလိုက်သည်။
“ ဒါပေမဲ့ ခင်ဗျားကျုပ်ကို လုံးဝယုံကြည်ပြီးတော့ အကူအညီပေးရမယ်။ ”
ဝိုင်ဗန်ဘုရင်သည် ချန်လွေ့ကိုကြည့်ရင်း ထရပ်လိုက်သည်။
“ ဝိုင်ဗန်ဘုရင် ဂယ်လန်ဆိုတဲ့ကျုပ် ချန်လွေ့ကို လုံးဝယုံကြည်မယ်လို့ ကျုပ်ရဲ့သွားတွေ၊ လက်သည်းတွေနဲ့ ကျိန်ဆိုပါတယ်။ကျုပ်တို့ရဲ့ရန်သူ ဟိုက်ဒြာတွေကို အဆုံးသတ်ဖို့ ချန်လွေ့ ကူညီနိုင်သရွေ့ ဂယ်လန်နဲ့ ဝိုင်ဗန်အသိုက်က ဝိုင်ဗန်တွေအားလုံးက ချန်လွေ့ကို တစ်သက်သာ အပေါင်းအဖော်အဖြစ် သတ်မှတ်မှာပါ။ကျုပ်တို့တွေ သူ့ကို ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ပါဘူး။ ”
ဝိုင်ဗန်ဘုရင်၏ ကျိန်ဆိုမှုကြောင့် ချန်လွေ့ အံ့အားသင့်သွားရသည်။ သူက အရင်တုန်းက ငါ့ကို သတိထားနေတာပဲ။ဒါပေမဲ့ ရုတ်တရက်ကြီး ပိုပြီး ရင်းနှီးလာတယ်။ မိန်းမလှ တစ်ယောက်နဲ့ အချိန်တွေ ကုန်ဆုံးပြီးတော့ ငါ့ရဲ့ကံက ပြောင်းလဲသွားတာလား။ ဒီအကြံသာ အောင်မြင်ရင်တော့ ခရစ္စတီးနားကိုလည်း အန္တရာယ်ကနေ ကယ်တင်နိုင် မယ်။ရှီရာ အမြဲတမ်း လိုချင်နေခဲ့တဲ့ အမှောင်လ နဂါးနိုင်သူရဲကောင်းစစ်တပ်လည်း အစပျိုးလာနိုင်မယ်။
အရင်ဆုံးတော့ အောင်မြင်ရမှာပေါ့။
“ ယုံကြည်ပေးတဲ့အတွက် ကျေးဇူးပါပဲ။ဝိုင်ဗန်ဘုရင် ဂယ်လန်။ဝိုင်ဗန်သုံးလေးကောင်ကို လရေကန်ဆီ လွှတ်ပြီးတော့ လေကြာင်းကနေ စောင့်ကြည့်ဖို့ လွှတ်စေချင်ပါတယ်။ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငွေချပ်ကာနဲ့လူကို လုံးဝမတိုက်ခိုက်ပါနဲ့။သူ့ရဲ့လှုပ်ရှားမှုတွေနဲ့ တည်နေရာ အကြောင်း သတင်းတွေကို ပြန်ယူလာရင်ရပြီ။ပြီးတော့လည်း လက်ရွေးစင် ဝိုင်ဗန်တွေကို စုစည်းပေးပါ။ညသန်းခေါင်ကျရင် ကျုပ်တို့တွေ တိုက်ခိုက်ရနိုင်တယ်။ ”
ဝိုင်ဗန်ဘုရင်သည် ချက်ချင်းပင် ဝိုင်ဗန်များကို အမိန့်ပေးလိုက်သည်။ချန်လွေ့ ခဏ စဉ်းစားလိုက်ပြီး မှော်တဲအိမ်အပြင်ဘက်သို့ မသိလိုက်ဘဲ လျှောက်သွားမိလိုက်သည်။ ချန်လွေ့ အတော်ကြာ တုံ့ဆိုင်းသွားပြီး နောက်ဆုံး၌ အထဲသို့ လမ်းလျှောက်သွား လိုက်သည်။
တဲအိမ်ထဲ၌ ခရစ္စတီးနား၏ မျက်လုံးများ အေးချမ်းစွာ ပိတ်နေသည်။သူသည် အိပ်ယာခင်း ပါးပါးလေးပေါ်၌ လှဲလျောင်းနေပြီး ပုံမှန်အသက်ရှူနေသည်။ခရစ္စတီးနား အိပ်မောကျ နေသည်မှာ အသေအချာပင် ဖြစ်သည်။
အနက်ရောင်အငွေ့ဖျော့ဖျော့လေးများ ခရစ္စတီးနား၏ ခန္ဓာကိုယ်ကို ဝိုင်းရံနေသည်။ ခရစ္စတီးနားမှာ ပြန်လည်ဖြည့်တင်းနေသည့် အခြေအနေ၌ ရှိနေပြီး မနှောင့်ယှက် သင့်ကြောင်း သိသာနေသည်။
စောင်အောက်၌ လှဲလျာင်းနေသည့် ထိတ်လန့်ဖွယ်ရာ ပြီးပြည့်စုံသော အမျိုးသမီး၏ ခန္ဓာကိုယ်ကို တွေးမိလိုက်သည့်အခါ ချန်လွေ့ ပူလောင်သွားသည်။တစ်ညတည်းဖြင့် ချန်လွေ့ အကြိမ်များစွာ ပြုလုပ်ခဲ့သော်လည်း အကြောင်းပြချက် တချို့ကြောင့် ခရစ္စတီးနား၏ ရာဂစိတ်ကို ဖြည့်ဆည်းပြီးသည့်အခါ၌ပင် ချန်လွေ့သည် ရစ်မူးနေပြီး တောင်တင်းနေပေသေးသည်။ယခင်တစ်ခေါက်မှ စိတ်ဆန္ဒသည် လုံးဝအရှိန် မသေသေးပေ။
ပြန်လည်မွေးဖွားပြီးတော့ ငါက စူပါဟီးရိုး တစ်မျိုးမျိုး ဖြစ်သွားတာများလား။ဒါက ဒိုင်မန်းရှင်း ခရီးသွားတစ်ယောက်ရဲ့ “ အကျိုးခံစားခွင့် ” များလား။
ချန်လွေ့သည် စောင်လွှားပေးလိုက်သောသူ ဖြစ်ပြီး ၎င်းသည် အထူးအဓိပ္ပာယ်တစ်ခု ဖော်ဆောင်ပေသည်။ခရစ္စတီးနားသည် ပြန်လည်ဖြည့်တင်းခြင်း အခြေအနေ၌ မရှိနေ လျှင်တောင် ချန်လွေ့သည် တစ်ကိုယ်ရည် လိုအပ်ချက်များကြောင့် စောင်ကိုအတင်း မလှန်လိုက်သင့်ပေ။သို့မဟုတ်ပါက ချန်လွေ့ ယခင်က လုပ်ခဲ့သမျှအားလုံး အဓိပ္ပာယ်မရှိ ဖြစ်သွားပေလိမ့်မည်။ ချန်လွေ့သည် ခရစ္စတီးနား ဘေးတွင် အေးအေးဆေးဆေး ထိုင်ရင်း ချစ်စဖွယ်မျက်နှာလေးကို ကြည့်နေလိုက်သည်။ရုတ်တရက် ချန်လွေ့ အံ့အားသင့်သွားသည်။
ရင်းနှီးပြီး ပြီးပြည့်စုံသည့် မျက်နှာအသွင်အပြင်များ ရှိနေသေးသည်။သို့သော်လည်း... မှော်မီးအိမ်၏ အလင်းရောင်အောက်၌ ခရစ္စတီးနား၏ ပုံစံသည် တစ်နည်းတစ်ဖုံ ပြောင်းလဲသွားပုံရသည်။
ယခင်က ခရစ္စတီးနားသည် အသက်၁၈နှစ်အရွယ် ကောင်မလေး တစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။ယခုတွင်တော့ သူသည် ၁၃နှစ်၊၁၄နှစ်အရွယ် ဖြစ်သွားလေပြီ။
သူက ပြောင်းပြန် အသက်ကြီးနေတာလား။
သူ၏ရုပ်ရည်နှင့် အသက်သာမက စွမ်းအားတစ်ခုလုံးပါ ပြောင်းလဲသွားပြီး [ F ] အဆင့်မှ “မဆုံးဖြတ်နိုင်” အဖြစ်သို့ ပြောင်းလဲသွားသည်။
ထို “ မဆုံးဖြတ်နိုင်” ဟူသည်မှာ ကိန်းဂဏန်း တအားနိမ့်လွန်းမှ လျစ်လျူရှုခံရခြင်း ဖြစ်နိုင်ပေသည်။
အရှိန်အဝါသစ်သီး တစ်လုံးကို ခရစ္စတီးနား ပုံမှန်စားနေခဲ့စဉ်က ထိုကဲ့သို့ပြောင်းလဲမှုများ ဖြစ်ခဲ့သည်ကို ချန်လွေ့ သတိရလိုက်သည်။ထိုစဉ်က ခရစ္စတီးနား၏အရပ် အနည်းငယ် နိမ့်သွားခြင်း ဖြစ်သည်။အစက ချန်လွေ့သည် ထင်ယောင်ထင်မှား ဖြစ်သည်ဟု ထင်ခဲ့မိသည်။ယခုတွင်တော့ ၎င်းသည် အမှန်တကယ်ဖြစ်ကြောင်း ချန်လွေ့ သိသွားသည်။
ဒီပြောင်းလဲမှုတွေက ဘာကိုဆိုလိုတာလဲ။
ရုတ်တရက် ချန်လွေ့သည် ဖတ်ခဲ့ဖူးသည့် သိုင်းဝတ္ထုတစ်ပုဒ်ဖြစ်သော “ တိမ်လွှာနဂါး သူရဲကောင်းများ ” ကို သတိရလိုက်သည်။ထိုထဲတွင် “လောကမှာ ငါ အင်အားအကြီးဆုံး” ဟူသော အတွင်းအား သိုင်းပညာရပ်တစ်ခု ရှိသည်။
၎င်းသည် တော်တော်လေး အစွမ်းထက်တဲ့ အတွင်းအား သိုင်းပညာတစ်မျိုးဖြစ်သည်။ ဇာတ်ကောင်မှာ လင်ကျိုး နန်းတော်မှ ထျန်ရှန်ထုံလောင် ဖြစ်သည်။နှစ်၃၀ကြာတိုင်း ထျန်ရှန်ထုံလောင်သည် ပြန်လည်နုပျိုသွားသည်။နုပျိုသွားပြီးနောက် သူ၏အစွမ်း များသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။သူ၏အစွမ်းများကို ပြန်လည်ရရှိရန်အတွက် နေ့တိုင်းလေ့ကျင့်ရပြီး တစ်ရက်သည် တစ်နှစ်ကို ကိုယ်စားပြုသည်။
ခရစ္စတီးနားက “ လောကမှာ ငါ အင်အားအကြီးဆုံး ” ဆိုတဲ့ လျို့ဝှက်သိုင်းနဲ့ ဆင်တူ တာကို လေ့ကျင့်နေတာ ဖြစ်ရမယ်။အရှိန်အဝါသစ်သီးက စိတ်ဝိညာဉ်ဖြစ်စဉ်ကို မြန်ဆန် စေပြီးတော့ သက်ရောက်မှုကို တိုးမြှင့်စေနိုင်မယ့် ဓာတ်ကူပစ္စည်းလိုမျိုး ဖြစ်မယ်။ ဒါကြောင့် သူ့ရဲ့စွမ်းအားက အရှိန်အဝါသစ်သီး တစ်လုံးစားပြီးတိုင်း လျော့ကျ သွားတာကိုး။
ခရစ္စတီးနားသည် အရိပ်နက် အင်ပါယာ တော်ဝင်မိသားစုမှ တော်ဝင်အမျိုးသမီး တစ်ယောက် ဖြစ်ပြီး အနာဂတ် အရိပ်နက်ဧကရီတစ်ယောက် ဖြစ်လာနိုင်ချေများ လေသည်။ လက်ရှိ အရိပ်နက်ဧကရီ မဟာကတ်သရင်းသည်ပင် နတ်ဆိုးဘုံ၌ ပထမဆုံးမိန်းမလှဖြစ်ပြီး ပရိတ်သတ် မြောက်မြားစွာ ရှိသည်။ခရစ္စတီးနား၏ အသက် အရွယ်နှင့် ရုပ်ရည်သည် ပြဿနာ မရှိနိုင်လောက်ပေ။
“ထျန်ရှန်ထုံလောင်” လိုမျိုး ပူပန်စရာတွေ မရှိလောက်ပါဘူး။
ဒါဆိုရင် သူ့ရဲ့နဂို စွမ်းအားက....…သူနဲ့ငါနဲ့ကြားက ကွာခြားချက်က တော်တော်လေး ကြီးမားတဲ့ပုံပဲ။ ဒါပေမဲ့ အခုက ဒါကို စဉ်းစားရမယ့် အချိန်မဟုတ်ဘူး။ဘရော့်ခ်ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို စဉ်းစားနေရမှာ။
ချန်လွေ့သည် ဆံပင်နက်နက်အား ထိကိုင်ချင်စိတ်ကို ထိန်းကာ ထပြီးထွက်သွား လိုက်သည်။
ခရစ္စတီးနားသည် မည်သည်ကိုမျှ မသိလိုက်ဘဲ ကလေးတစ်ယောက်ကဲ့သို့ အေးအေး ဆေးဆေး အိပ်ပျော်နေသည်။
ထို့နောက်တွင် ချန်လွေ့သည် ခရစ္စတီးနားကို သွားပြန်တွေ့ရန် တဲအိမ်ဆီ မသွားသကဲ့သို့ လေ့ကျင့်ရေးကွင်းဆီကိုလည်း သွားဝင်ခဲ့ပေ။ချန်လွေ့သည် အခြားအလုပ်များရှုပ်နေ လေသည်။
ညဥ့်နက်ချိန်တွင် ကျယ်ပြန့်လှသည့် အနက်ရောင်အရိပ်တစ်ခုသည် ဝိုင်ဗန်အသိုက်ကို ဖြန်သန်းသွားသည်။ရုတ်တရက် ခရမ်းရောင်လသည် နက်မှောင်သွားသကဲ့သို့ ဖြစ်သွားသည်။
တစ်ညလုံး၌ အနီးအနားရှိ နတ်ဆိုးသားရဲများသည် ကြောက်မက်ဖွယ်ရာ အူသံများ၊ တုန်ခါမှုများနှင့် တိုက်ခိုက်မှုများကြောင့် အေးအေးဆေးဆေးမအိပ်ရဘဲ အလန့်တကြား ဖြစ်နေသည်။အဆင့်မြင့် နတ်ဆိုးသားရဲများ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် အတော်လေး အားနည်းသည့် နတ်ဆိုးသားရဲများသည် ညတွင်းချင်းပင် ထွက်ပြေး သွားရသည်။
နောက်တစ်နေ့ နံနက်၌ ပွစာကြဲနေသည့် စိမ့်မြေပေါ်ကို ငွေဘွတ်ဖိနပ်တစ်စုံ တက်နင်း လိုက်သည်။ထိုသူ၏ ခန့်ညားလှသော မျက်နှာပေါ်ရှိ အပြာရောင် မျက်လုံးတစ်စုံသည် ဖျော့ဖျော့လေး တောက်ပေနေပေသည်။
နတ်မိစ္ဆာမျက်လုံးသည် အကြွင်းမဲ့ မဟုတ်ပေ။ တိုက်ပွဲအတွင်း၌ ဘရော့ခ်သည် ခရစ္စတီးနားတို့နှစ်ယောက်ကို အထူးစွမ်းအားတစ်ခုသုံးပြီး အသေမှတ်ထားသော်လည်း အသံတိတ်ညစိမ့်မြေသည် အလွန်ကျယ်ပြောလွန်းလှသည်။ဤနေရာသို့ ရောက်လာ ခြင်းကပင် ကံကောင်းနေပြီဖြစ်သည်။သဲလွန်စအနည်းနောက် လိုက်ရင်း ဘရော့ခ်သည် ယေဘုယျ ဦးတည်ဘက်ကို မှန်းဆနိုင်ခဲ့သည်။
ထို့ပြင် ခံစားချက်သည် ပိုပို၍ နီးကပ်လာသည်။
ယခုတွင် ခရစ္စတီးနား၏လက်ထဲ၌ အရိပ်နက်ဝတ်ရုံ ရှိနေပြီး အနာဂတ်ဧကရီ တစ်ယောက်ဖြစ်လာမည်မှာ မလွဲနိုင်ပေ။ယခုအချိန်သည် ခရစ္စတီးနားကို သုတ်သင်ရန် အကောင်းဆုံးအချိန် ဖြစ်လေသည်။အရိပ်နက်အင်ပါယာ၏ ဆက်ခံသူကို သုတ်သင် လိုက်လျှင် ဘရော့ခ်၏ ရည်မှန်းချက်ကြီး ဖြစ်မြောက်ရန်အတွက် ခြေတစ်လှမ်း နီးလာမည်ဖြစ်ပြီး လီဗျာသန်တော်ဝင် မိသားစုကို ပြန်လည်တည်ဆောက်ရန် အတွက်လည်း မဖြစ်နိုင်သည် မဟုတ်တော့ပေ။
အမှန်တကယ်မှာ အရိပ်နက်ဝတ်ရုံ ပေါ်ထွက်လာမှုကြောင့် ဘရော့ခ်သည် မဖြစ်နိုင်သည့် တစ်စုံတစ်ရာကို ထင်မြင်လိုက်မိသည်။သို့သော်လည်း ထိုထင်မြင်ချက်သည် စိတ်ကူး ကြည့်ရန် မဖြစ်နိုင်ကာ ခရစ္စတီးနား၏ လက်ရှိအခြေအနေနှင့် နေရာတော်တော်များများ မဆီလျော်သည့်အတွက် ထိုထင်မြင်ချက်ကို ဘရော့ခ် ပယ်ချလိုက်သည်။
မည်ကဲ့သို့ ထင်မြင်စေကာမူ ခရစ္စတီးနားကို လုပ်ကြံသတ်ဖြတ်ရန် အရေးပါနေတုန်းပင် ဖြစ်သည်။