← Chapters

ထောင်ခြောက်။နဂါးထွင်းစာများ

Vol. 9 Ch. 128

ထောင်ခြောက်။နဂါးထွင်းစာများ

Vol. 9 Ch. 128

လမ်းခရီးသည် အတော်လေး ထူးဆန်းလှသည်။ဘရော့ခ်သည် ကောင်းကင်ပေါ်၌ ဝိုင်ဗန်များ ပျံသန်းနေသည်ကို ရံဖန်ရံခါ မြင်နေရသည်။ရေကန်ဘေး၌ ဘရော့ခ်သည် ရိုင်းပျသော ဝိုင်ဗန်နှစ်ကောင်ကို သတ်ပစ်ခဲ့သည်။ထို့ကြောင့် ထိုသတ္တဝါများသည် လက်စားချေရန် လာခြင်း ဖြစ်ပေလိမ့်မည်။သို့သော်လည်း ယခုအချိန်၌ ဘရော့ခ်သည် သူတို့ကို တုံ့ပြန်ရန် အချိန်မရှိနေပေ။ဘရော့ခ်သည် နတ်ဆိုးဧကရာဇ်အဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ထင်ထားသည့်အတိုင်းပင် ဝိုင်ဗန်များ အနားကပ်မလာရဲတော့ပေ။

နတ်မိစ္ဆာမျက်လုံး၏ တုံ့ပြန်မှုသည် ပို၍ပို၍ ပြင်းထန်လာပြီး ဘရော့ခ်လည်း ခြေလှမ်း သွက်သွက် လှမ်းလိုက်သည်။မြူနှင်းထဲရှိ အငွေ့အဝှေ့ကဲ့သို့ပင် ဘ‌ရော့ခ်သည် ရှေ့သို့ အမြန်သွားလိုက်သည်။ထင်သည့်အတိုင်းပင် သစ်တောရှေ့ သစ်ပင်ငယ်တစ်ပင်ရှေ့၌ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်။၎င်းသည် ခရစ္စတီးနားဘက်မှ “ အမျိုးသား အဖော် ” ဖြစ်သော သနားစရာတွားတွား သတ္တဝါပင် ဖြစ်သည်။

ဒီကောင်က ဒီမှာရှိမှတော့ ခရစ္စတီးနားလည်း အနီးအနားမှာ ရှိမှာပဲ။ဒီလို‌ဆိုတော့ ခရစ္စတီးနားလည်း လိပ်ပြာလွင့်မတတ် ဖြစ်နေလောက်ပြီ။ဒီကောင်မှာပဲ တယ်လီပို့ ခုန်နိုင်တဲ့ ပစ္စည်းရှိတာထင်တယ်။အဲ့ဒါကလည်း တော်တော်လေး စိတ်ရှုပ်စရာပဲ။သူ ခရစ္စတီးနားနဲ့ လူကွဲနေတုန်း ချက်ချင်း သတ်ပစ်သင့်တယ်။ငါ့ရဲ့အစွမ်းနဲ့ဆိုရင် ဒါက လေပြေလေညင်းလေးပါပဲ။

ဘရော့ခ်သည် ရှေ့သို့အမြန်သွားလိုက်ပြီး ချန်လွေ့ဘေး၌ ပေါ်ထွက်လာသည်။ လက်တစ်ချက်ရမ်းပြီး တိုက်ခိုက်လိုက်သော အချိန်၌ တစ်စုံတစ်ခုလွဲမှားနေကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။ထင်ထားသည့်အတိုင်းပင် အရိုးတခြား အသားတခြား ဖြစ်သွားရမည့်သူသည် ဘာမျှမဖြစ်နေဘဲ ဘရော့ခ်၏တိုက်ခိုက်မှုကြောင့် အခြား‌မြေပြင် ဘက်မှ သဲများသာ လွင့်စင်သွားသည်။

ပုံရိပ်ယောင် တစ်ခုပဲ။တော်တော့်ကို ယုတ္တိရှိတဲ့ ပုံရိပ်ယောင်ပဲ။ငါ့ကိုတောင် လှည့်စား နိုင်တယ်။

သို့သော်လည်း နတ်မိစ္ဆာမျက်လုံး၏ တုံ့ပြန်မှုအရ ထိုကောင်လေးသည် အနီးအနား၌ ရှိနေရပေမည်။ထိုအချိန်၌ ထိုကောင်လေး၏ ပုံရိပ်ယောင် အမြောက်အမြားသည် ဘရော့ခ် ပတ်ပတ်လည်၌ ပေါ်ထွက်လာသည်။

“ ‌ဗိုလ်ချုပ်ဘရော့ခ်က ကျုပ်ကို အားနည်းတဲ့သူကို အထင်ကြီးနေတာပဲ။တကယ်ကို အလစ်ဝင်တိုက်တယ်။ ”

ဘရော့ခ်၏ ပတ်လည်ရှိ အသံများသည် တညီတညွတ်တည်း ထွက်လာသည်။ လူဒါဇင်လိုက် တစ်ခါတည်း စကားပြောနေသကဲ့သို့ပင် ဖြစ်သည်။

ဘရော့ခ်၏ အလစ်တိုက်ခိုက်မှုသည် ကျရှုံးသွားခဲ့ရသည်။အရှက်ကွဲသလို ခံစားလိုက်ရပြီး သူ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ခနဲဖြစ်သွားသည်။

ဒီသောက်ကောင် အညတြလေးက ငါ့လို နတ်မိစ္ဆာမျက်လုံးပိုင်ရှင်အရှေ့မှာ ‌ဒီလိုသနားစရာ လှည့်ကွက်မျိုး လုပ်ရဲတယ်ပေါ့။

ဘရော့ခ်၏ မျက်လုံးနှစ်လုံးစလုံး အလင်းရောင် တောက်ပသွားပြီး ခန္ဓာကိုယ် ပတ်လည်တွင် နက်ပြာအလင်းရောင် စက်ဝိုင်းတစ်ခု ကျယ်ပြန့်သွားသည်။ ထိုအလင်းရောင် ဖြတ်သွားတိုင်း ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကာ မီတာ၃၀အကွာမှ ထိတ်လန့်နေသူ တစ်ယောက်သာ ကျန်ရစ်ပေတော့သည်။

“ မင်းက ယုံကြည်မှု လွန်ကဲနေတာပဲ။ ”

ဘရော့ခ် လှောင်ပြုံးပြုံးလိုက်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ နတ်မိစ္ဆာ မျက်လုံးကြောင့် ပျောက်ကွယ်သွားသင့်သည့် ပုံရိပ်ယောင်များ တစ်ဖန်ပြန်ပေါ်လာသည်။

“ ပုံရိပ်ယောင်မှော်စက်ဝိုင်းပါလား။ဒီလှည့်ကွက်က စိတ်ဝင်စားစရာ ကောင်းသားပဲ။ဒါပေမဲ့ အသုံးမဝင်သေးဘူး။ ”

ဘရော့ခ်သည် ရှေ့သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာလိုက်သည်။ ခြေတစ်လှမ်း လှမ်းတိုင်း ၁၀မီတာပတ်လည်အတွင်းရှိ မြေကြီးသည် စတင်တုန်ခါလာပြီး ထူးထူး ဆန်းဆန်း တလိပ်လိပ်တက်လာသည်။ပုံရိပ်ယောင်များ ပျောက်ကွယ်သွားသည့်အခါ ထပ်ပြီး မပေါ်လာတော့ပေ။

ချန်လွေ့ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။သူ၏စွမ်းအားများသည် နတ်ဆိုး ဧကရာဇ်နှင့် ရင်ဆိုင်သည့်အခါ အားနည်းလွန်းလှသည်။သူ အပတ်တကုတ် ကြိုးစား လေ့လာခဲ့ရသည့် [ ကြေးမုံရုပ်သွင် ] နှင့် [ ပဲ့တင်သံ ] နဂါးထွင်းစာတို့သည် ဤကဲ့သို့ပင် ဖြေရှင်းခံလိုက်ရသည်။

ချန်လွေ့သည် ထွင်းစာများအား [ အထူးစိစစ်မှု ]ကို အသုံးပြုကာ အသက်သွင်းလိုက်ခြင်း ဖြစ်သည်။အချိန်ခဏကာ ထိန်းထားနိုင်ပြီး သက်ရောက်မှုမှာလည်း အနည်းငယ်သာ ရှိသည်။၎င်းကို လောက၌ အစွမ်းအနည်းဆုံး နဂါးထွင်းစာဟု သတ်မှတ်၍ရပေသည်။ အကြောင်းရင်းမှာ ထိုထွင်းစာများကို နဂါးမျိုးနွယ် အသုံးပြုသည့်အတွက်ဖြစ်သည်။ မွေးကင်းစ နဂါးတစ်ကောင်သည်ပင် နတ်ဆိုးဘုရင်အဆင့် စွမ်းအားရှိလေသည်။

“ ဆာ-ဘရော့ခ် ”

ကြေးမုံပုံရိပ်များကို သုတ်သင်ပြီးရင် ဘရော့ခ်သည်သူ့ကိုလာသတ်မည်ကို သိသည့် အတွက် ချန်လွေ့ အရင်ပြောလိုက်သည်။

“ ကျုပ်က ခင်ဗျားနဲ့ ခရစ္စတီးနားတို့ကြားက တိုက်ပွဲကြားကို မရည်ရွယ်ဘဲ ရောက်သွား တာပါ။ကျုပ်က သူဖမ်းထားတဲ့ အကျဉ်းသားတစ်ယောက်ပါ။ကျုပ်အသက်ကို ချမ်းသာပေး နိုင်မလား။ ”

“ မင်းမှာ တယ်လီပို့ခုန်တဲ့စွမ်းအား ရှိတယ်မဟုတ်လား။ခရစ္စတီးနားက အခုမင်းနားမှာ ရှိမနေဘူးလေ။ဘာလို့တစ်ယောက်တည်း ထွက်မပြေးတာလဲ။ ”

ဘရော့ခ် စကားပြောနေသော်လည်း သူ၏ခြေထောက်အောက်ရှိ စွမ်းအားများ လုံးဝမရပ် သွားပေ။မျက်စိတစ်မှိတ်အတွင်းမှာပင် ထွင်းစာအားလုံး ပျက်စီးသွားကြပြီး ဘရော့ခ် အရှေ့၌ ချန်လွေ့တစ်ယောက်တည်းသာ ကျန်တော့သည်။

“ ဆာ။ဒီလိုပါ။ ”

ဘရော့ခ်သည် ချန်လွေ့ကို အေးစက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ အဆိပ်ရှိ မြွေတစ်ကောင် ဖားကိုကြည့်နေသကဲ့သို့ ခံစားချက်မျိုး ပြန်ပေါ်လာသည်။တစ်ခုခု မှားပြောလိုက်တိုင်း တစ်ဖက်လူ ချက်ချင်း သတ်ပစ်မယ်ကို သိနေပြီး ချန်လွေ့ အသာလေး ဦးညွှတ်လိုက်သည်။

“ ကျုပ်က လျို့ဝှက်ဆန်းကြယ်တဲ့ အဆိပ်ဆေးတစ်လုံး သောက်ခံထားရတာပါ။ အသက် ဆက်ရှင်ဖို့အတွက် အချိန်တစ်ခုရောက်ရင် ဖြေဆေးလိုတယ်။ကျုပ်အသက်ကို ဆာ ချမ်းသာပေးနိုင်မယ်ဆိုရင် ကျုပ် လျို့ဝှက်ချက်ကြီးတစ်ခုနဲ့ ‌ကျေးဇူးပြန်ဆပ်မှာပါ။ ”

ဘရော့ခ်၏ သတ်ဖြတ်ချင်စိတ်သည် ချန်လွေ့ကို လုံးဝ အသေမှတ်ထားသည်။ချန်လွေ့ တယ်လီပို့သုံးလျှင်တောင် သုံးရန်ကြိုးစားသည်နှင့် ဘရော့ခ် ချက်ချင်း သတ်ပစ်မည် ဖြစ်သည်။

“ ဘာလျို့ဝှက်ချက်လဲ။ ”

ပြိုက်ဘက်ဖြစ်သူ၏ အသေမှတ်ခံထားရကြောင်း ချန်လွေ့သိသည်။ချန်လွေ့သည် ပင့်သက်ရှိုက်ကာ ရင်ထဲရှိ ကြောက်လန့်မှုများကို အတင်းဖိနှိပ်ရင်း ပြန်ဖြေလိုက်သည်။

“ အသံတိတ်ညစိမ့်မြေမှာ လျို့ဝှက်ရတနာသိုက်တစ်ခုရှိတယ်။အဲ့ဒီမှာ ရတနာတွေ အများကြီးရှိတယ်။တော်ဝင်မိသားစုကြီး ၇စုရဲ့ ပျောက်ဆုံးသွားတဲ့ ရတနာတွေတောင် ရှိနေတယ်။ ”

ဘရော့ခ် စိတ်ဝင်စားသွားပြီး မူလက ထုတ်လွှတ်ချင်နေသည့် စွမ်းအားများကို ချက်ချင်းပင် ရပ်တန့်လိုက်သည်။သူ၏မျက်လုံးများ အရောင်တောက်နေသည်။

“ အဲဒီရတနာသိုက် ဘယ်မှာလဲ မင်းသိလား။ ”

မိသားစု၏ ပျောက်ဆုံးနေသော ရတနာများကို ရှာဖွေရန်အတွက် ဒေလီယာသည် သုံးနှစ် တစ်ကြိမ် အသံတိတ်ညစိမ့်မြေဆီသို့ လာသည်ဟု အသီနာပြောခဲ့ဖူးသည်။“ မနာလိုခြင်း ” တော်ဝင်မိသားစုဝင် ဖြစ်သည့် ဘရော့ခ်လည်း ထိုရတနာသိုက်အကြောင်းကို သိလောက်သည်။ ထို့ကြောင့် ဘရော့ခ်၏ သတ်ဖြတ်ချင်စိတ်ကို ယာယီလျှော့ချနိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။အမှန်တကယ်တွင် ချန်လွေ့သည် ထိုရတနာသိုက် အကြောင်းကို ဒေလီယာထက် ပိုသိသည်။၎င်းသည် သူ၏ အပေါင်းအဖော်၏ အရေးကြီးသော စုဆောင်းမှုများ ဖြစ်လေသည်။

“ ကျုပ်အရင်က ရတနာမြေပုံတစ်ခု ရခဲ့တယ်။ရတနာသိုက်ရဲ့ အကြမ်းဖျဉ်း တည်နေရာကို သိသည်။ဒီစိမ့်မြေထဲမှာပဲ။ဒါပေမဲ့ ရတနာသိုက်နားမှာ ကြောက်စရာကောင်းတဲ့ မှော် စက်ဝိုင်းတွေ အများကြီး ရှိတယ်။အတင်းဝင်သွားလို့ မရဘူး။မတော်တဆ တစ်ခုခု မှားသွားရင် အထူးယန္တရားတစ်ခုကို အသက်သွင်းမိသွားနိုင်ပြီးတော့ ရတနာသိုက် တစ်ခုလုံးကိုပါ ပျက်စီးစေနိုင်တယ်။ ”

ဘရော့ခ်၏မျက်လုံးထဲ၌ အနည်းငယ် အေးစက်မှုများ ရောင်ဖြာထွက်သွားသည်။

“ ရတနာမြေပုံ ဘယ်မှာလဲ။ ”

“ တောင်းပန်ပါတယ်။ဆာ။ရတနာမြေပုံကို ကျုပ် ဖျက်ဆီးပစ်လိုက်ပြီ။ ”

ချန်လွေ့သည် အသက်ကို ကာကွယ်ပေးနိုင်သည့် အပေးအယူကို ဖွင့်ထုတ်မည် မဟုတ်ပေ။

“ ဆာမြင်တဲ့အတိုင်းပဲ ကျုပ်က မှော်စက်ဝိုင်း ပညာရှင်တစ်ယောက်။မှော်စက်ဝိုင်းတွေကို ကျုပ်နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့တယ်။တကယ်လို့ ဆာ.... ”

“ ဟမ့် ”

ဘရော့ခ်သည် ရုတ်တရက် ချန်လွေ့ကို နှောင့်ယှက်လိုက်သည်။

“ ရတနာသိုက်ကို ငါဂရုမစိုက်ဘူး။ခရစ္စတီးနား ဘယ်မှာရှိလဲဆိုတာကို ပြောပြဖို့ မင်းမှာ အချိန် တစ်မိနစ် ရမယ်။မင်း ဖုံးကွယ်ရဲရင်တော့ အရိုးတခြား အသားတခြား ဖြစ်ပြီလို့သာ မှတ်လိုက်တော့။ ”

ဘရော့ခ်သည်ဆုံးဖြတ်ချက်ပြတ်သားပြီး ဉာဏ်ရှိသည်။ရတနာသိုက် အရေးကြီးသည်မှာ မှန်သော်လည်း ယခုအချိန်၌ ခရစ္စတီးနားကို သတ်ဖြတ်ခြင်းသည် အဓိကဦးစားပေးပင် ဖြစ်သည်။

သူသည် ဤအညတြကို ယခု အသက်ရှင်ခွင့်ပေးလိုက်၍ရသည်။ခရစ္စတီးနားကို ရရှိပြီး သည်နှင့် ဘရော့ခ်သည် ချန်လွေ့ကို ရတနာများအကြောင်း စစ်မေးမည် ဖြစ်သည်။ နတ်မိစ္ဆာမျက်လုံးလည်း ရှိနေသဖြင့် ဘရော့ခ်သည် အလိမ်ခံရရန် မစိုးရိမ်ပေ။

“ သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတယ်။ပြီးတော့ ကျုပ်ကို အမိန့်ပေးထား သေးတယ်....ဆာ။ခဏ.... ”

ဘရော့ခ်၏ ခြိမ်းခြောက်မှုသည် ချန်လွေ့ကို ကြောက်လန့်စေခဲ့သည်။သူ၏စကားများသည် ဗလုံးဗထွေးဖြစ်နေပြီး သူ၏အနောက်ဘက်မှ သစ်တောကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ချန်လွေ့သည် ကိုးယိုးကားယားနှင့် ထွင်းစာကို မန်းမှုတ်ရန် ကြိုးစားနေပြီး ပုံရိပ်ယောင် မှော်စက်ဝိုင်းကို ဖယ်ရှားနေပုံရသည်။ထင်ထားသည့်အတိုင်းပင် တောအုပ်ထဲ၌ တဲအိမ် တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာတော့သည်။

တဲအိမ်ပေါ်လာသည်နှင့် ဘရော့ခ်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာပင် တဲအိမ်အရှေ့သို့ ရောက်နေပြီဖြစ်သည်။ထို့နောက် သူအချိန်အတော်ကြာ အားစုစည်းထားသည့် လက်သီး တစ်ချက် ပစ်သွင်းလိုက်သည်။ထိုတဲအိမ်သည် ပုံရိပ်ယောင် မဟုတ်သည်မှာ အသေ အချာပင် ဖြစ်သည်။အတွင်းထဲမှ ခရစ္စတီးနား၏ တည်ရှိမှုကို သူခံစားနေရသည်။ အညတြပြောသည်မှာ အမှန်ပင် ဖြစ်လောက်ပေမည်။ခရစ္စတီးနားသည် ဒဏ်ရာအပြင်း အထန် ရနေပြီး တုံ့ပြန်နိုင်မည် မဟုတ်လောက်ပေ။

ခရစ္စတီးနား မည်သည်ကို ကြံစည်နေပါစေ အကြွင်းမဲ့စွမ်းအားသည် အရာအားလုံးကို အဆုံးအဖြတ်ပေးလေသည်။ဘရော့ခ်၏ လက်သီးတစ်ချက်သည် ခရစ္စတီးနား၏ ခုခံမှုကို လုံးဝပြိုပျက်သွားစေပြီး ယခုတစ်ခေါက် ခရစ္စတီးနားကို သူသေချာပေါက် သတ်နိုင်ပြီ ဖြစ်သည်။ရုတ်တရက် ဘရော့ခ်သည် တစ်ခုခုလွဲနေကြောင်း ခံစားလိုက်ရသည်။တဲအိမ် ထဲရှိ သက်ရှိသည် နတ်မိစ္ဆာမျက်လုံး အသေမှတ်ထားသည့်အရာ မဟုတ်နေပေ။ ဒါက ခရစ္စတီးနား မဟုတ်ဘူးလား။ ထိုအတွေး ခေါင်းထဲဝင်လာပြီး ဘရော့ခ် စွမ်းအားရုတ်သိမ်း လိုက်သည့်အချိန်၌ ကျယ်လောင်လှသည့် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။တဲအိမ်သည် ရုတ်တရက် ပေါက်ကွဲသွားပြီး ‌သစ်တောတစ်ခုလုံး တုန်ခါသွားသည်။အနီးအနားရှိ များစွာသော သစ်ပင်များ ပျက်စီးသွားသည်။ထိုပေါက်ကွဲမှုသည် ဘရော့ခ်၏ လက်သီးချက် ကြောင့် မဟုတ်ဘဲ အခြားတစ်ခုခုကြောင့် ဖြစ်သည်။

၎င်းသည် ခရစ္စတီးနား ယခင်က ချန်ခဲ့သည့် မှော်လက်နက်ပင် ဖြစ်သည်။

ပထမဆုံး ပုံရိပ်ယောင်သည် ဘရော့ခ်ကို စိတ်ရှုပ်စေရန်ဖြစ်သည်။ထိုတဲအိမ်သည် ပုံရိပ်ယောင်မဟုတ်ပေ။အမှန်တကယ်ပင် ဖြစ်သည်။ချန်လွေ့သည် တဲအိမ်အပြင်ဘက်ရှိ [ရုပ်ဖျက်] ထွင်းစာကိုသာ ဖယ်ရှားခဲ့သည်။တကယ့်ထောင်ခြောက်မှာ တဲအိမ်အတွင်းထဲရှိ [ခလုတ်] ထွင်းစာ ဖြစ်သည်။ထို [ ခလုတ် ] ထွင်းစာသည် ဘရော့ခ် လက်သီးထိုး လိုက်သောအချိန်၌ မိုးကြိုးလုံးများကို ပေါက်ကွဲစေသည်။အကယ်၍ ဘရော့ခ်သည် တဲအိမ်ကို မတိုက်ခိုက်လျှင်တောင် ပတ်ဝန်းကျင်မြေသားကို တက်နင်းသည်နှင့် ထိုကဲ့သို့ပင် ဖြစ်ပျက်မည် ဖြစ်သည်။၎င်းတို့အပြင် တဲအိမ်အတွင်းထဲ၌ သက်ရှိအရင်းအမြစ် တစ်ခုကို ခရစ္စတီးနားပုံစံ အတုခိုးစေပြီး ပုံကြီးချဲ့လိုက်သည့် [ ပုံကြီးချဲ့ ] နှင့် [ အတုခိုး ] ဟူသော အဓိကသော့ချက် ထွင်းစာနှစ်ခုလည်း ရှိသည်။

၎င်းတို့သည် ချန်လွေ့ စွမ်းအင် အများဆုံး သုံးခဲ့ရသည့် ထွင်းစာများဖြစ်သည်။၎င်းတို့တွင် အမှားရော အမှန်ရော ပါဝင်နေပြီး ဘရော့ခ်ကိုပင် လှည့်စားနိုင်လေသည်။

မည်သို့ပင် ဆိုစေကာမူ မိုးကြိုးလုံး၏ စွမ်းအားသည် နတ်ဆိုးဧကရာဇ်အဆင့် ရောက်နေပြီ ဖြစ်သည့် ဘရော့ခ်ကို ဒဏ်ရာပြင်းပြင်းထန်ထန် မရစေခဲ့ပေ။ဘရော့ခ်ကို ဖုံးလွှမ်း သွားစေပြီး ငွေချပ်ကာကို အနည်းငယ်သာ ထိခိုက်သွားစေသည်။ထို့ပြင် မြေသား၊ မိုးကြိုးလုံး အစအနနှင့် အခြားသိပ်သည်းသော အမည်မသိအရာများလည်း ဘရော့ခ်၏ ခန္ဓာကိုယ်ပေါ်သို့ ကပ်နေလေသည်။

ငါ သူ့လှည့်ကွက်ထဲ ရောက်သွားတာပဲ။

ဘရော့ခ်၏စိတ်ထဲရှိ ဒေါသသည် ပို၍ပင် အဆတိုးပွားလာတော့သည်။

နိမ့်ကျတဲ့ ဘာမှမဟုတ်တဲ့ တွားတွားသတ္တဝါရဲ့ လှည့်စားမှုကို ငါတကယ်ပဲ ခံလိုက်ရတယ်။

ဘရော့ခ်သည် အလျင်အမြန်ပင် နောက်သို့ လှည့်လိုက်သည်။သို့သော်လည်း ဝိုင်ဗန် တစ်ကောင်သည် ချန်လွေ့ကို ကုတ်ချီသွားပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွား လေပြီ။နတ်ဆိုးသားရဲ‌တစ်ကောင်၏ ဟိန်းသံကို အဝေးတစ်နေရာမှ ကြားနေရသည်။ ၎င်းသည် အလျင်အမြန်ပင် ချဉ်းကပ်လာနေသည်။

လေထဲသို့ ထိုနတ်ဆိုးသားရဲ ကုတ်ချီသွားသည်ကို ချန်လွေ့လုံးဝ ကြောက်မနေပေ။

“ တကယ်တော့ ကျုပ်က မှော်စက်ဝိုင်း ပညာရှင်ပဲ မဟုတ်ဘူး။သားရဲထိန်းကျောင်းသူ တစ်ယောက်လည်း ဟုတ်တယ်။ဗိုလ်ချုပ် ဘရော့ခ်။ခရစ္စတီးနားရဲ့ တည်နေရာကို သိရဖို့က မခက်ပါဘူး။အရင်ဆုံးတော့ ကျုပ်ရဲ့ မဟာမိတ်တွေကို အရင် အနိုင်ယူလိုက်ဦး။ ”

ချန်လွေ့စကားဆုံးသွားသည်နှင့် ဝိုင်ဗန်တစ်ကောင်သည် ဘရော့ခ်‌ဆီ ပြေးဝင်သွားသည်။ ထိုဝိုင်ဗန်နှစ်ကောင်သည် အမြင့်ဆင့်နတ်ဆိုး အထွတ်အထိပ်နှင့် ညီမျှပြီး အဆိပ်ရှိ နတ်ဆိုးသားရဲသည် သာမန်အမြင့်ဆင့်နတ်ဆိုးသားရဲထက် ပို၍ရင်ဆိုင်ရခက်သော်လည်း ဘရော့ခ်အတွက် မလုံလောက်သေးပေ။ချက်ချင်းပင် သူ၏လက်ထဲ၌ နီရဲရဲ ဓားရှည် တစ်ချောင်း ထွက်ပေါ်လာသည်။

ပြေးဝင်လာသည့် ဝိုင်ဗန်သည် ချက်ချင်းပင် နှစ်ပိုင်းပြတ်သွားပြီး စိမ်းပြာရောင်အရည်များ နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။ထို့နောက် အခြားဝိုင်ဗန်နှစ်ကောင် ထပ်ရောက်လာသည်။ သို့သော်လည်း သူတို့အားလုံးကို ဘရော့ခ် သုတ်သင်ပစ်လိုက်သည်။

ဘရော့ခ်သည် ကောင်းကင်ပေါ်မှ ချန်လွေ့ကို ‌ကြည့်ပြီး အေးစက်စက်နှင့် တတွတ်တွတ် ပြောလိုက်သည်။သူ၏ကိုယ်ပေါ်မှ အနီရောင်အလင်းများ ထွက်လာပြီး ချန်လွေ့ဆီသို့ စတင်လွင့်မျော လာတော့သည်။ချန်လွေ့ ထိတ်လန့်သွားသည်။ဘရော့ခ်တွင် ပျံသန်း နိုင်သည့် စွမ်းရည်ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ချန်လွေ့ကို ကုတ်ချီထားသည့် ဝိုင်ဗန်သည် ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး ပါးစပ်ဟကာ စိမ်းပြာရောင် အဆိပ်တစ်လုတ် ထွေးထုတ်လိုက်သည်။ဘရော့ခ်၏ လှုပ်ရှားမှုများသည် မြေပြင်မှာကဲ့သို့ မပေါ့ပါးမဖျတ်လတ်နေသော်လည်း အမြန်နှုန်းသည် အတော်လေးမြန်နေသည်။၎င်းကို ဘရော့ခ် ရှောင်တိမ်းလိုက်သည်။ထို့နောက် ချက်ချင်းပင် ဝိုင်ဗန်သုံးကောင်သည် ဘရော့ခ်ဆီ ပျံသန်းလာလိုက်သည်။

ဘရော့ခ်သည် အတော်လေး မပေါ့ပါးမဖျတ်လတ်သော်လည်း လက်ထဲမှ နီရဲရဲ ဓားရှည်၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှသည်။သူ လေထဲသို့ ခုတ်ပိုင်းလိုက်ရာ ဝိုင်ဗန်သုံးကောင် အော်ဟစ်လိုက်ပြီး တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျသွားတော့သည်။ သို့သော်လည်း ချန်လွေ့သည် ဘရော့ခ်နှင့် အတော်လေး ဝေးသည့်နေရာသို့ ရောက်နေပြီ ဖြစ်သည်။

ဘရော့ခ်၏ နတ်မိစ္ဆာမျက်လုံး အနက်ရောင်‌ ပြောင်းသွားပြီး အကျယ်ကြီး အော်ဟစ် လိုက်ရာ ချန်လွေ့သည် ပြင်းထန်လှသည် မူးနောက်နောက် လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ကံကောင်းစွာပင် ချန်လွေ့သည် ရွှေသလင်းကျောက် ခြေထိပ် လက်ထိပ်မှ လွတ်မြောက်နေပြီ ဖြစ်သည့်အတွက် ကြယ်စွမ်းအားကို ချောချောမွေ့မွေ့ အသုံးချကာ ခုခံနိုင်ပေသည်။‌တောအုပ်ထဲ၌ အသံတစ်ချက်တည်းဖြင့် သေသွားနိုင်သကဲ့သို့ မဟုတ်တော့ပေ။သို့သော်လည်း မျက်နှာရှိ အင်္ဂါရပ်များမှ သွေးများ ဖြည်းဖြည်းချင်း စီးကျ လာနေသေးသည်။

၎င်းသည် အော်ဟစ်သံ တစ်သံသာဖြစ်ပြီး အတော်လေးဝေးလှသော်လည်း ထိုကဲ့သို့ စွမ်းအားမျိုး ထုတ်လွှတ်နိုင်ပေသည်။နတ်ဆိုးဧကရာဇ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ချန်လွေ့ကို ကုတ်ချီထားသည့် ဝိုင်ဗန်သည် သန္ဓေပြောင်း နတ်ဆိုးဘုရင်အဆင့်ဖြစ်ပြီး အဆိပ်ပန်းထုတ်နိုင်သည့် အလှမ်းဝေး စွမ်းရည်ရှိသော်လည်း ဝိုင်ဗန်များ၏ အားနည်းချက်သည် စိတ်စွမ်းအား ဖြစ်သည်။ နတ်မိစ္ဆာမျက်လုံး၏ သက်ရောက်မှုကြောင့် ၎င်း၏တောင်ပံ လှုပ်ရှားမှုများ မူမမှန်တော့ဘဲ အရက်မူးနေသကဲ့သို့ပင် ကောင်းကင်ထဲ၌ ယိမ်းယိုင်နေတော့သည်။

ဝိုင်ဗန်၏ လက်သည်းများ လွတ်သွားပြီး ချန်လွေ့သည်လည်း ကောင်းကင်အမြင့်ကြီးပေါ်မှ ပြုတ်ကျလာတော့သည်။ထိုအမြင့်မှပြုတ်ကျလျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရမည်မှာ အသေအချာပင် ဖြစ်သည်။ထိုကဲ့သို့ အရေးပေါ် အခိုက်အတန့်တွင် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ချန်လွေ့၏ခန္ဓာကိုယ်သည် နတ်ဆိုးသားရဲတစ်ကောင်၏ ကျောပေါ်သို့ ရောက်ရှိသွားသည်။နတ်ဆိုးသားရဲ အနည်းငယ် တုန်ခါသွားသော်လည်း အဆင်ပြေနေ တုန်းပင်ဖြစ်ပြီး တည်ငြိမ်မှာ ပျံသန်းနေ၏။၎င်းသည် စိမ်းညိုညို ဝိုင်ဗန်တစ်ကောင်ဖြစ်ပြီး သာမန်ဝိုင်ဗန်များထက် အကောင်ပိုကြီးသည်။၎င်း၏နောက်တွင် ဝိုင်ဗန် ရာနှင့်ချီ အုပ်လိုက်ကြီးရှိနေပြီး နီးနီးကပ်ကပ် လိုက်လာနေသည်။

ထို စိမ်းညိုညို ဝိုင်ဗန်၏ လက်သည်းပေါ်တွင် ပိုက်ကွန်တစ်ခု ချိတ်ဆွဲထားပြီး အထဲ၌ ဥပုံသဏ္ဍာန်အရာဝတ္ထုတစ်ခု ရှိနေသည်ကို ဘရော့ခ် တွေ့လိုက်သည်။ဝိုင်ဗန်၏ ကျောကုန်းပေါ်ရှိ မျိုးမစစ်ကောင် လက်ဆန့်တန်းလိုက်ရာ ထိုပိုက်ကွန်သည် ထပ်ပြီး ပျောက်ကွယ်သွားပြန်သည်။

၎င်းသည် ဝိုင်ဗန်ဘုရင်ဖြစ်နိုင်ပြီး မဟာနတ်ဆိုးဘုရင်အဆင့်ထိ ရောက်နေပြီဖြစ်ကြောင်း ဘရော့ခ်ပြောနိုင်သည်။

ထိုအညတြသည် အမှန်တကယ်ပင် သားရဲထိန်းကျောင်းသူဖြစ်နေပြီး မဟာနတ်ဆိုးဘုရင် အဆင့်ရှိသည့် ဝိုင်ဗန်ဘုရင်ကိုပင် ယဉ်ပါးအောင် လုပ်နိုင်လေသည်။

All Chapters