← Chapters

အခြားရန်သူကိုအသုံးချကာ ဘရော့အား သတ်ဖြတ်ခြင်း။ ဘရော့ခ်၏ အနက်ရောင်ပိုင်နက်

Vol. 9 Ch. 129

အခြားရန်သူကိုအသုံးချကာ ဘရော့အား သတ်ဖြတ်ခြင်း။ ဘရော့ခ်၏ အနက်ရောင်ပိုင်နက်

Vol. 9 Ch. 129

ကောင်းကင်ပေါ်၌ တိုက်ခိုက်ခြင်းသည် အဆင်မပြေလှကြောင်း ဘရော့ခ် တွေးမိ လိုက်သည်။ထို့ပြင် သူ၏ပြိုင်ဘက်များမှာ ဝိုင်ဗန်ဘုရင်နှင့် ဝိုင်ဗန်အုပ်လိုက်ကြီး ဖြစ်နေသည်။၎င်းတို့ကို အဆုံးသတ်ရန်အတွက် စွမ်းအင်အတော်များများ သုံးစွဲရ ပေလိမ့်မည်။နတ်မိစ္ဆာမျက်လုံး၏ တုံ့ပြန်မှုအရ ခရစ္စတီးနားသည် အနီးအနားတစ်ဝိုက်တွင် ပုန်းအောင်းနေလောက်ပေမည်။ခရစ္စတီးနားသည် သူ၏ စွမ်းအင်ကုန်ဆုံးသွားသည့်အချိန် သို့မဟုတ် အားနည်းမှုပြသလာသည့်အချိန်၌ အဆုံးသတ်တိုက်ခိုက်ရန် စောင့်‌ဆိုင်းနေခြင်း ဖြစ်‌ပေမည်။

ခရစ္စတီနား၏ စွမ်းအားများသည် နတ်ဆိုးဧကရာဇ်အဆင့် မရောက်သေးပေ။အစပိုင်းတွင် ခရစ္စတီးနားသည် စိုးရိမ်စရာ မဟုတ်သေးပေ။သို့သော် ယခုတွင် သူသည် အက်မိုဒက်စ် တော်ဝင်မိသားစု၏ အဆောင်ပစ္စည်းဖြစ်သော အရိပ်နက်ဝတ်ရုံကို အသုံးပြုခဲ့ပြီ ဖြစ်သည်။ခရစ္စတီးနားသည် အဆောင်ပစ္စည်း၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကိုသာ အသုံးချနိုင်သေးသော်လည်း ထိုစဉ်က ဘရော့ခ်အတွက် ပြဿနာ အများအပြား ဖြစ်စေ ခဲ့သည်။ထို့ကြောင့် ဘရော့ခ် သတိထားရပေမည်။

သို့သော်လည်း အခြားရှုထောင့်မှကြည့်လျှင် ခရစ္စတီးနားကို သုတ်သင်နိုင်သည်နှင့် အရိပ်နက်အင်ပါယာ၏ အစွမ်းအထက်ဆုံး အဆောင်ပစ္စည်းကို ဘရော့ခ်အရယူနိုင်မည် ဖြစ်သည်။၎င်းကို သူအသုံးပြု၍မရလျှင်တောင် သူ၏မဟာဗျုဟာအတွက် အလွန် အရေးကြီးသည့် ညှိနှိုင်းရေးပစ္စည်းတစ်ခုအနေဖြင့် အသုံးချ၍ ရပေသည်။

ဝိုင်ဗန်သည် အလွန်မြန်ဆန်သော်လည်း အဝေးကြီးသို့ ပျံမသွားခဲ့ဘဲ အနီးနား တစ်ဝိုက်တွင်သာ ဝဲဝဲလည်နေသည်။စွမ်းအားအကုန်လုံးကိုသုံးပြီး နတ်မိစ္ဆာမျက်လုံးကို အသက်သွင်းကာ ဝိုင်ဗန်ဘုရင်အားသတ်ရန် ဘရော့ခ် ပြင်ဆင်လိုက်စဉ်တွင် ရုတ်တရက် မြေပြင်ပေါ်မှ အုန်းအုန်းမြည်သံများ ချဉ်းကပ်လာသည်ကို ကြားလိုက်ရသည်။အလွန် ကြီးမားလှသော နတ်ဆိုးသားရဲများ ပြေးလွှားလာသကဲ့သို့ပင် ဖြစ်သည်။

နတ်ဆိုးသားရဲများ ပေါ်လာသည့်အခါ ဘရော့ခ်သည်ပင် မျက်ခုံးပင့်လိုက်သည်။

ဟိုက်ဒြာတွေပဲ။တစ်ကောင်မကဘူး။

ဟိုက်ဒြာနှစ်ကောင်သည် ၇မီတာ၊၈မီတာ မြင့်မားပြီး ခန္ဓာကိုယ်အား အစိမ်းနက်ရောင် ကြေးခွံများ ဖုံးလွှမ်းထားသည်။ရင်ဘတ်အဖြူရောင်ဖြစ်ပြီး အလွန်အမင်း တုတ်ခိုင်သည့် ခြေလက်များနှင့် အမြှီးများ ရှိကြသည်။အထင်ရှားဆုံးမှာ မြွေနှင့်တူသော ခေါင်းကိုးလုံး ရှိနေခြင်းပင် ဖြစ်သည်။ခေါင်းတစ်လုံးစီသည် အလွန် ရက်စက်ကြမ်းကြုတ်လှသည်။

ပို၍နက်သော ကြေးခွံရှိကာ အကောင်ပိုကြီးသည့် ဟိုက်ဒြာသည် အမဖြစ်ပြီး အကောင်သေးမှာ အထီးဖြစ်သည်။ဧရာမ သားရဲများ၏ စွမ်းအင်များသည် ဝိုင်ဗန် ဘုရင်ထက် ပိုပြီးအစွမ်းထက်သည်။အထူးသဖြင့် ဟိုက်ဒြာအမသည် ပို၍အစွမ်း ထက်သည်။ ဟိုက်ဒြာအမသည် နတ်ဆိုးဧကရာဇ်အဆင့်နား ကပ်နေပြီဖြစ်သည်။ထို့ပြင် နတ်ဆိုးသားရဲ၏ စွမ်းအားသည် သာမန်နတ်ဆိုးထက် သာလွန်နေသည်။ဘရော့ခ်သည်ပင် သူတို့ကို လျော့တွက်၍မရနိုင်ပေ။

မူလက ဝိုင်ဗန်ဆီသို့ ဦးတည်သွားနေသည့် ဟိုက်ဒြာများသည် မည်သည့်အတွက်ကြောင့် လေထဲရှိသူ့ကို အာရုံစိုက်သွားကြောင်း ဘရော့ခ် ဇဝေဇဝါ ဖြစ်နေလေသည်။ သူတို့၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေလေသည်။

“ ကျုပ်ရဲ့အစွမ်းထက်ဆုံး အပေါင်းအဖော်ဖြစ်တဲ့ ဟိုက်ဒြာတွေနဲ့ တွေ့လိုက်ပါဦး။ ”

အတုအယောင် နတ်ဆိုးသားရဲ ထိန်းကျောင်းသူက ပြောလိုက်သည်။

အမှန်တကယ်မှာ ချန်လွေ့သည် တစ်ချိန်တည်းမှာပင် [ သရုပ်ခွဲမျက်လုံး ]ကို သုံးပြီး ‌ဘရော့ခ်၏ “ မကောင်းမှုများ ”အား ဟိုက်ဒြာများထံ ပြောပြနေခြင်း ဖြစ်သည်။

ခေါင်း၉လုံးမြွေသည် ဝိုင်ဗန်ဘုရင်နှင့် ၎င်း၏ကျောပေါ်မှ မျိုးမစစ်ကောင်အပေါ် ပြင်းပြင်း ထန်ထန် မုန်းတီးသော်လည်း အကြီးမားဆုံး “ မဲပေါက်သွားသူ ” မှာ ချွဲကျိကျိ အရည်များ ဖုံးလွှမ်းနေသည့် ငွေချပ်ကာဝတ်ဆင်ထားသော ဘရော့ခ်ပင် ဖြစ်နေသည်။

ဉာဏ်ပညာ။အဖွဲ့အစည်း။ခွန်အား။ ၎င်းတို့သည် ဝိုင်ဗန်များ သူတို့ကိုယ်သူတို့ ဂုဏ်ယူနေ ကြသည့် အမူအကျင့်များ ဖြစ်ကြသည်။ဟိုင်ဒြာ၏ခွန်အားသည် ဝိုင်ဗန်မျိုးနွယ်နှင့် နီးစပ် သော်လည်း ဉာဏ်ပညာချင်းယှဉ်လျှင် အဝေးကြီးနိမ့်ကျပေသည်။ဝိုင်ဗန်ဘုရင်နှင့် ယှဉ်ပြိုင်နိုင်သည့် ဝိသေသလက္ခဏာတစ်ခုလည်း ရှိနေပြီး ၎င်းမှာ အငြှိုးထားခြင်း ဖြစ်သည်။

ဟိုက်ဒြာများ၏ မျက်လုံးထဲတွင် ဝိုင်ဗန်ဘုရင်သည် သေချာပေါက် ရန်သူဖြစ်သည်။ သူတို့၏ ပဍိပက္ခသည် မကြာသေးမီကကိစ္စကြောင့် မဟုတ်ပေ။သို့သော်လည်း ဟိုက်ဒြာ အမုန်းတီးဆုံးမှာ ကောင်း‌ကင်ပေါ်ရှိ ငွေချပ်ကာ ဝတ်ဆင်ထားသော မျိုးမစစ်ကောင်ပင် ဖြစ်သည်။

မူလက ဟိုက်ဒြာများသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်မည် မဟုတ်ပေ။ တစ်ကောင်သည် အသိုက်တွင်နေနေပြီး ဥသုံးလုံးကို စောင့်ရှောက်မည် ဖြစ်သည်။ သို့သော်လည်း ယခုတွင် ထိုကဲ့သို့ လုပ်စရာ မလိုတော့ပေ။အကြောင်းရင်းမှာ ယမန်ညက ငွေချပ်ကာ မျိုးမစစ်ကောင်သည် ဝိုင်ဗန်ဘုရင်နှင့်ပူးပေါင်းကာ ဥများကို ခိုးယူသွား၍ပင် ဖြစ်လေသည်။

ယမန်ညက ဟိုက်ဒြာအသိုက်တွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပျက်ခဲ့သည်။ဝိုင်ဗန်ဘုရင်သည် ဟိုက်ဒြာအထီးကို စတင်တိုက်ခိုက်ခဲ့သည်။ထိုစဉ် အခြားဝိုင်ဗန်တစ်အုပ်သည် ဟိုက်ဒြာ အမကို ထပ်ကာထပ်ကာ ရန်စနေတော့သည်။ဟိုက်ဒြာအမလည်း သည်းမခံနိုင်တော့ဘဲ တိုက်ခိုက်လိုက်သည်။အသံတိတ်ညစိမ့်မြေရှိ အစာကွင်းစက်၏ ထိပ်ဆုံး နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်သည့်အလျောက် ဤကဲ့သို့အားနည်းသည့်သတ္တဝါများ၏ ရန်စမှုကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။

ထို့နောက် ဟိုက်ဒြာအမ လွှမ်းမိုးချုပ်ကိုင်ပြီးသည့်အခါ ဆိုးဆိုးဝါးဝါးတစ်ခုခု ဖြစ်ပျက် သွားခဲ့သည်။ထိုငွေချပ်ကာ မျိုးမစစ်ကောင် ရုတ်တရက် ပေါ်ထွက်လာပြီး ဥများကို ခိုးယူသွားကာ ဝိုင်ဗန်ဘုရင်၏ ကျောပေါ်သို့ ထွက်ပြေးသွားလိုက်သည်။

ဟိုက်ဒြာများသည် ဝိုင်ဗန် အတော်များများကို သတ်ပစ်နိုင်ခဲ့သော်လည်း ဟိုက်ဒြာဥများ ဆုံးရှုံးခဲ့ရခြင်းသည် ခွင့်မလွှတ်နိုင်သည့် အမှားတစ်ခုပင် ဖြစ်သည်။

စက်ဆုပ်စရာကောင်းသည့် ဝိုင်ဗန်ဘုရင်သည် ဟိုက်ဒြာဥတစ်လုံးကို ကိုင်ပြီး အသိုက် ပတ်လည်၌ ဝဲဝဲလည်မနေခဲ့လျှင် ဟိုက်ဒြာများသည် ဝိုင်ဗန်အသိုက်ဆီလာပြီး လက်စားချေနေပြီ ဖြစ်သည်။သို့သော်လည်း သူတို့သည် အဖိုးတန်သည့် ဟိုက်ဒြာဥ သုံးလုံးကို ဦးစွာကယ်တင်မှ ရမည်သာဖြစ်မည်။

ဘရော့ခ်သည် ယမန်ညက ဟိုက်ဒြာဥများကို ခိုးယူခဲ့ရုံသာမက အခြားဆိုးဝါးသည့် ကိစ္စများလည်း ပြုလုပ်ခဲ့ကြောင်း ဟိုက်ဒြာများကို ချန်လွေ့ “ ထုတ်ဖော်ပြောပြ ” လိုက်သည်။ချန်လွေ့၏ စိတ်ထဲရှိ စကားများကို နားထောင်ပြီးနောက်တွင် ဟိုက်ဒြာ အမသည် ထိန်းမထားနိုင်တော့ပေ။အလယ်မှ ခေါင်းတစ်လုံးသည် ပါးစပ်ဟလိုက်ပြီး ဝိုင်ဗန် ဘုရင်အား မီးတောက်စိမ်းများ မှုတ်ထုတ်တော့သည်။

ချန်လွေ့သည် ထိုအကွက်ကို ယမန်ညက ဘရော့ခ်ပုံစံ ရုပ်ဖျက်ပြီး ဟိုင်ဒြာဥ သွားခိုးစဉ်တွင် သိရှိခဲ့ပြီးဖြစ်သည်။ဝိုင်ဗန်ဘုရင်လည်း ပြင်ဆင်ထားသည်မှာ ကြာလှပြီ ဖြစ်သည့်အတွက် တောင်ပံခတ်ကာ ရှောင်တိမ်းလိုက်သည်။

ဝိုင်ဗန်ဘုရင်ပေါ်ရှိ ထိုမျိုးမစစ်ကောင်တွင် အလွန် သံသယဖြစ်စရာ စွမ်းအင် ရှိနေသော်လည်း ဥခိုးသည့် တရားခံသည် ကောင်းကင်ပေါ်၌ပင် ရှိနေသေးသည်။ ဟိုက်ဒြာနှစ်ကောင်ကို ပို၍ဒေါသထွက်စေသည်မှာ ငွေချပ်ကာနှင့်လူ၏ ကိုယ်ပေါ်မှ ရင်းနှီးသည့်အနံ့ ရနေခြင်းပင် ဖြစ်သည်။

ဟိုင်ဒြာဥတွေ။

သူတို့အသက်နှင့်အမျှ တန်ဖိုးထားရသည့် ဟိုက်ဒြာဥများသည် ဝိုင်ဗန်ဘုရင်ပေါ်ရှိ မျိုးမစစ်ကောင် ပြောသည့်အတိုင်းပင် ဖြစ်ပျက်သွားခဲ့လေပြီ။၎င်းတို့ကို ငွေချပ်ကာနှင့်လူ ဖျက်ဆီးခဲ့လေသည်။

ဟိုက်ဒြာနှစ်ကောင်၏ ခေါင်း၁၈လုံးသည် ဝမ်းနည်းကြေကွဲဖွယ် အော်သံများ တစ်ပြိုင်နက်တည်း ဟစ်ကြွေးလိုက်ကြသည်။သူတို့၏အသံများထဲတွင် ဖော်ပြ၍မရသော ဒေါသများ ပြည့်နှက်နေသည်။ဟိုက်ဒြာအမတွင် အလှမ်းဝေး တိုက်ခိုက်မှု ရှိသည်။၎င်း၏ ခေါင်းသုံးလုံးသည် မီးတောက်နှင့် အဆိပ်များ မှုတ်ထုတ်နိုင်သည်။ချက်ချင်းပင် မီးတောက်နှင့် အဆိပ်များကို လေထဲရှိ ဘရော့ခ်ထံသို့ မှုတ်ထုတ်လိုက်သည်။ခုနက ဖျက်ဆီးလိုက်သည့် တဲအိမ်ထဲ၌ ဝိုင်ဗန်ဥများ ရှိနေလိမ့်မည်ဟု ဘရော့ခ်လုံးဝ မသိခဲ့ပေ။ မိုးကြိုးလုံးပေါက်ကွဲသွားသည့်အခါ သူ့ကိုယ်ပေါ်သို့ လွင့်စင်လာသည့် အစအနများနှင့် စေးကပ်ကပ် အရည်များသည် ဟိုက်ဒြာဥများမှဖြစ်ကြောင်းကိုလည်း သူမသိခဲ့ပေ။ လက်ရှိတွင် ဘရော့ခ်သည် အနီးအနားတစ်ဝိုက်မှ အခြေအနေကို သေချာသတိထား လေ့လာနေသည်။ခရစ္စတီးနား ကြီးကြီးမားမား တိုက်ခိုက်လိမ့်မည်ဟု သူ၏စိတ်ထဲ၌ မှတ်ထားသည်။အဆောင်ပစ္စည်း အရိပ်နက်ဝတ်ရုံ၏စွမ်းအားကို လျှော့တွက်၍မရပေ။

“ သားရဲထိန်းကျောင်းသူ ” ချန်လွေ့ကို ဟိုက်ဒြာတိုက်ခိုက်သည့်အခါ ဘရော့ခ် သံသယ ဖြစ်သွားသည်။ရုတ်တရက် ဟိုက်ဒြာသည် သူ့ကို အရူးအမူး တိုက်ခိုက်နေသည်ကို တွေ့လိုက်ပြီး ချက်ချင်းပင် အာရုံစိုက်လိုက်သည်။

ဟိုက်ဒြာများသည် အလှမ်းဝေး တိုက်ခိုက်နိုင်သည့်အတွက် ကောင်းကင်ထဲ၌ နေနေခြင်းသည် အဓိပ္ပာယ်မရှိဖြစ်နေပြီး အခွင့်လည်းမသာပေ။ဘရော့ခ်သည် မြေပြင် ပေါ်သို့ ပြန်လည်ဆင်းသက်လိုက်သည်။မြေပြင်ပေါ်သို့ ဆင်းလိုက်သည့်အခါ ဟိုက်ဒြာ နှစ်ကောင်၏ အရူးအမူး တိုက်ခိုက်မှုများကို ရင်ဆိုင်ရတော့သည်။

အမှန်တကယ်သည် ဘရော့ခ် ထုတ်လွှတ်နေသည့် စွမ်းအားများသည် ဟိုက်ဒြာများထက် သာလွန်သည်။ဟိုက်ဒြာများသည် နတ်မိစ္ဆာမျက်လုံး၏ စွမ်းအားကို ကြောက်ရွံ့ကြသည်။ သို့သော်လည်း ဟိုက်ဒြာဥများ ဖျက်ဆီးခံလိုက်ရသည့်အတွက် သူတို့၏ အငြှိုးသည် အလွန် ကြီးမားနေပြီ ဖြစ်သည်။ထို့ကြောင့် ဟိုက်ဒြာများသည် မည်သည်ကိုမှ ဂရုမစိုက်တော့ဘဲ သွေးရူးသွေးတန်း တိုက်ခိုက်နေခြင်းပင် ဖြစ်သည်။

ဟိုက်ဒြာများ၏ အနီးကပ် တိုက်ခိုက်စွမ်းရည်များသည် အတော်လေး ကြောက်မက်ဖွယ် ကောင်းလှသည်။၎င်း၏ ခေါင်း၉လုံးသည် အဆိပ်ရှိသော သီးခြားရန်သူ ၉ယောက်ကဲ့သို့ပင် ဖြစ်သည်။သူတို့ တစ်ပြိုင်တည်း တိုက်ခိုက်ခြင်းသည် ၉နှင့်မြှောက်ခြင်းကဲ့သို့ မရိုးရှင်းပေ။ အထူးသဖြင့် ဟိုက်ဒြာအမသည် နတ်ဆိုးဧကရာဇ်အဆင့်နား နီးကပ်နေပြီ ဖြစ်သည်။ ဤကဲ့သို့ ထူးခြားသည့် တိုက်ခိုက်ရေးဗျူဟာကို ရင်ဆိုင်ရသည့်အခါ ဘရော့ခ်သည်ပင် အခက်တွေ့နေသည်။

ဝိုင်ဗန်ဘုရင်၏ အမိန့်‌ကြောင့် ဝိုင်ဗန်များသည် အဝေးသို့ ဆုတ်ခွာသွား ကြလေပြီ။ချန်လွေ့နှင့် ဝိုင်ဗန်ဘုရင်သည် ကောင်း‌ကင်ပေါ်မှနေ၍ တိုက်ပွဲကို ဆက်လက် ကြည့်ရှုနေကြသည်။အကယ်၍ ချန်လွေ့ ထွက်သွားလျှင် ဘရော့ခ်သည် ဟိုက်ဒြာများနှင့် မတိုက်ခိုက်တော့ဘဲ သဲလွန်စများနောက်လိုက်ကာ ခရစ္စတီးနား ရှိနေသည့် ဝိုင်ဗန် အသိုက်ကို ရှာတွေ့သွားနိုင်သည်။ထိုသို့ဆိုလျှင် အရာအားလုံး အချည်းနှီး ဖြစ်သွား ပေလိမ့်မည်။

ဘရော့ခ်သည် တဟုန်ထိုး သွားလိုက်ပြီး ဟိုက်ဒြာနှစ်ကောင်နှင့် အလှမ်းဝေးအောင် ပြုလုပ်လိုက်သည်။ရုတ်တရက်ပင် နောက်ဘက်မှ အန္တရာယ်တစ်ခုကို ခံစားလိုက် ရသည်။သူသည်အလျင်အမြန် ရွေ့လျားလိုက်ရာ အဆိပ် အလုံးတစ်လုံးသည် ဘေးမှ ဝှီးခနဲ ဖြတ်သွားသည်ကိုတွေ့လိုက်ရသည်။၎င်းသည် သူ၏ဝတ်ရုံကို အပေါက်အကြီးကြီး ဖြစ်သွားစေသည်။ချန်လွေ့သည် ဝိုင်ဗန်ဘုရင်ကို တိုက်ခိုက်ရန် ပြောလိုက်ခြင်း ဖြစ်သည်။ဘရော့ခ် ချဉ်းကပ်လာနေသည်ကို မြင်သည့်အခါ ဝိုင်ဗန်ဘုရင်သည် ပို၍မြင့်မြင့် ပျံသန်းလိုက်ပြန်သည်။

ဘရော့ခ် ဒေါသထွက်သွားသည်။သူသည် အလှမ်းဝေးတိုက်ကွက်တစ်ခုကိုသုံး၍ ဝိုင်ဗန် ဘုရင်ရော ချန်လွေ့ကိုပါ သတ်ပစ်နိုင်သည်။သို့သော်လည်း အသံတိတ်ညစိမ့်မြေရှိ ရတနာများကို ဘရော့ခ်လိုချင်နေသေးသည်။မည်ကဲ့သို့ပင်ဖြစ်ပါစေ ချန်လွေ့ကို အသက်ရှင်လျက်ထားထားပြီး စစ်မေးရန်အတွက် ချန်ထားခြင်းသည် ပိုကောင်းပေသည်။ ထိုရတနာသည် လီဗျာသန် တော်ဝင်မိသားစုအတွက် အရေးအကြီးဆုံး ဖြစ်သည်။၎င်းကို အရယူနိုင်လျှင် ဘရော့ခ်၏စွမ်းအားများ သိသိသာသာ တိုးတက်သွားမည် ဖြစ်သည်။

ဟိုက်ဒြာသည် ဘရော့ခ်ဆီသို့ ချဉ်းကပ်လာပြန်သည်။၎င်းသည် ဝိုင်ဗန်ဘုရင်နှင့် ငွေချပ်ကာလူကြား၌ မည်သည်ကြောင့် “ အတွင်းရေးပြဿနာ ” ဖြစ်ရကြောင်း နားမလည်ပေ။သို့သော်လည်း ဟိုက်ဒြာဥများကို ခိုးယူပြီး ဖျက်ဆီးခဲ့သည့် တရားခံကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲရပေလိမ့်မည်။

ဘရော့ခ် အကြံတစ်ခု ရသွားသည်။အနီးအနားရှိ ဗွက်အိုင်တစ်အိုင်မှ ရေစက်များသည် လေထဲသို့ တညီတညွတ်တည်း မြင့်တက်လာပြီး သေးငယ် ချွန်ထက်သည့် ရေခဲပန်းဆွဲများဖြစ်သွားကာ ဟိုက်ဒြာများထံသို့ ပျံသန်းသွားလိုက်သည်။သို့သော်လည်း ဟိုက်ဒြာများ၏ အရေပြားသည် အလွန်မာကျောလှသည်။ရေခဲပန်းဆွဲများသည် သူတို့၏ ကြေးခွံများကိုသာ ထိုးဖောက်နိုင်ပြီး အရေပြားကို မထိုးဖောက်နိုင်ကြပေ။

ထိုအချိန်၌ ရေခဲပန်းဆွဲများကြောင့် ဟိုက်ဒြာများ၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ဘရော့ခ်သည် ဟိုက်ဒြာအထီးအပေါ်၌ ရုတ်တရက် ပေါ်ထွက်လာသည်။ထို့နောက် ဘရော့ခ်သည် ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ ဟိုက်ဒြာ၏အော်သံ ထွက်ပေါ်လာသည်။ ဟိုက်ဒြာအထီး၏ ခေါင်းသုံးလုံး တစ်ပြိုင်တည်း ပြုတ်ကျသွားသည်။ဒဏ်ရာများမှ ခရမ်းရောင် အရည်များ အများအပြားစိမ့်ထွက်လာသည်။တစ်ချိန်တည်းမှာပင် ဟိုက်ဒြာ အမ၏ ရင်ဘတ်ပေါ်တွင်လည်း အရိုးထိနက်ရှိုင်းသည့် ဒဏ်ရာတစ်ခုပေါ်လာသည်။ ၎င်းသည် ထူထဲသည့် ကြေးခွံများနှင့် မာကြောသော အရေပြားသည် ထိုဓား၏ ထက်မြက်မှုကို မခုခံနိုင်ပေ။ထိုခုတ်ပိုင်းချက်ကြောင်း မြေပြင်တွက်လည်း ဆယ်မီတာ ရှည်သည့် မြောင်းတစ်ခု ဖြစ်သွားသည်။

ဟိုက်ဒြာတွင် အထူးဝိသေန လက္ခဏာတစ်ခုရှိသည်။ခေါင်းတစ်လုံးကျန်နေသရွေ့ အသက်ရှင်နေနိုင်သေးသည်။ထို့ပြင် ၎င်းသည် ဒဏ်ရာရလေလေ တိုက်ခိုက်ရေး စွမ်းအားများသည် ပို၍ကြောက်စရာ ကောင်းလေလေပင် ဖြစ်သည်။ဒဏ်ရာများကြောင့် ဟိုက်ဒြာများကို ကြောက်ရွံ့မသွားစေဘဲ ရက်စက်မှုကို နှိုးဆွပေးလိုက်သလို ဖြစ်သွားကာ သူတို့၏ တိုက်ခိုက်မှုများသည် ပို၍ပင် ရက်စက်လာခဲ့သည်။

ဘရော့ခ်သည် ဟိုက်ဒြာအမ၏ ခေါင်းနှစ်လုံးကို ဖြတ်တောက်ပစ်လိုက်သည်။ ဖန်သားအကာအရံသည် ဟိုက်ဒြာအထီး၏ အဆက်မပြတ် အဆိပ်ဖြင့် တိုက်ခိုက်မှု များကြောင့် အလွန်အားနည်းနေလေပြီ။ဟိုက်ဒြာ၏အမြှီး ရိုက်မိသွားသည့်အခါ ၎င်းသည် ချက်ချင်းပင် ပြိုကွဲသွားသည်။ဘရော့ခ်၏ နီရဲရဲ ဓားရှည် လျှပ်တစ်ပြတ် ဝှေ့ရမ်းလိုက်ရာ ဟိုက်ဒြာအထီး၏ အမြှီးရည်ကြီး နှစ်ပိုင်းပြတ်သွားသည်။သို့သော်လည်း သူ၏ပုခုံး ချပ်ကာသည် ဟိုက်ဒြာအမ မှုတ်ထုတ်လိုက်သည့် မီးတောက်စိမ်းကြောင့် ပျက်စီးသွား လေသည်။

ထိုမီးတောက်စိမ်း၏ သက်ရောက်မှုသည် လောင်ကျွမ်းစေရန်မဟုတ်ဘဲ ချပ်ကာမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ရန် ဖြစ်သည်။ဘရော့ခ်၏ပုခုံး ထုံထိုင်းသွားပြီး သူ၏လှုပ်ရှားမှုများ အနည်းငယ် နှေးကွေးသွားသည်။အဆိပ်မိသွားသည်မှာ အသေအချာပင် ဖြစ်သည်။ ဘ‌ရော့ခ် အာရုံပျံ့လွင့်နေသည့်အချိန်၌ ဟိုက်ဒြာအမသည် သူ၏ကျောကို အမြှီးနှင့် ရိုက်ထည့်လိုက်သည်။ဘရော့ခ် မွန်းကြပ်သွားပြီး ကျောဘက်ရှိ ချပ်ကာလည်း ပြင်းပြင်းထန်ထန် ပုံပျက်သွားသည်။ဒေါသအလျောက် ဘရော့ခ်သည် နောက်လှည့်ပြီး သုံးလေးချက် ခုတ်ပိုင်းလိုက်သည်။နာကျင်သည့် အော်သံများ ထွက်လာပြီးနောက် ဟိုက်ဒြာအမတွင် ခေါင်း၄လုံးသာ ကျန်တော့သည်။

ဘရော့ခ်သည် နတ်ဆိုးဧကရာဇ်အဆင့် ဖြစ်သည်။သို့သော်လည်း နတ်ဆိုးဧကရာဇ် အဆင့်ပင် မရောက်သေးသည့် “ သားရဲထိန်းကျောင်းသူ ” ထိန်းချုပ်သည့် နတ်ဆိုးသားရဲ နှစ်ကောင်ကြောင့် ရှုံးနိမ့်နေရသည်။ဘရော့ခ် ဒေါသထွက်သွားပြီး ဒေါင့်တစ်နေရာမှ ခရစ္စတီးနား တိတ်တဆိတ် ကြည့်နေမနေကို ဂရုမစိုက်တော့ဘဲ အော်ဟစ်လိုက်သည်။ သူ၏အပြာရောင် မျက်လုံးများသည် ရုတ်တရက် မည်းနက်သွားသည်။

အသံတိတ်ညစမ့်မြေရှိ ကောင်းကင်တစ်ခုလုံး ‌နက်မှောင်သွားသည်ဟု ချန်လွေ့ ခံစားလိုက်ရသည်။သူ၏နှလုံးခုန်သံပင် စတင်နှေးကွေးလာသည်။အနက်ရောင် လှိုင်း တစ်ခုသည် ဘရော့ခ်ကို ဗဟိုပြုကာ အနီးအနားသို့ လျင်မြန်စွာ ဖြန့်ကျက်နေတော့သည်။ မီတာ၁၀၀ပတ်လည်ရှိ ပတ်ဝန်းကျင်သည် အနက်ရောင် ပိုင်နက်အဖြစ် ပြောင်းလဲသွားပြီး အငွေ့ဖျော့ဖျော့လေး ပြည့်နှက်နေသည်။ဘရော့ခ်၏ ခန္ဓာကိုယ်သည်လည်း ထူးထူး ဆန်းဆန်းပင် စတင်ပြောင်းလဲလာသည်။နောက်ဆုံး၌ သူသည် သိပ်သည်းပြီး ဒြပ်မရှိသော အနက်ရောင်အငွေ့အဖြစ် ပြောင်းလဲသွားတော့သည်။

ဟိုက်ဒြာနှစ်ကောင်၏ လှုပ်ရှားမှုများ ရုတ်ခြည်း နှေးကွေးသွားသည်။ကောင်းကင်ပေါ်မှ ဝိုင်ဗန်ဘုရင်သည်ပင် ရုတ်တရက် လေးလံလှသည့် ခန္ဓာကိုယ်ကို မထိန်းထားနိုင်တော့ဘဲ တောင်ပံကို အတင်းခတ်ရန် ကြိုးစားလိုက်သည်။သို့သော်လည်း ကိုးရိုးကားရားနှင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

All Chapters