← Chapters

သတ္တိ

Vol. 9 Ch. 130

သတ္တိ

Vol. 9 Ch. 130

ပျံသန်းနိုင်သည့် မျိုးနွယ်များထဲ၌ အစွမ်းထက်ဆုံးအဖြစ် သတ်မှတ်ခံထားရသည့် ဝိုင်ဗန်သည် ချန်လွေ့ကို ကောင်းကင်ပေါ်မှ မပြုတ်ကျစေခဲ့ပေ။၎င်းသည် အကောင်းဆုံး ကြိုးစားကာမြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

ဆင်းသက်ပြီးသည်နှင့် ချန်လွေ့သည် ပို၍ပင် ရင်းရင်းနှီးနှီး ခံစားချက်လာရသည်။ သူထင်သည့်အတိုင်းပင် မြေဆွဲအား ပြောင်းလဲနေခြင်း ဖြစ်သည်။အနက်ရောင် ပိုင်နက် အတွင်းရှိ မြေဆွဲအားသည် အပြင်ဘက် မြေဆွဲအား၏လေးဆနှင့် တူညီသည်။ ဟိုက်ဒြာများတွင် ဧရာမ ခန္ဓာကိုယ်များရှိကြသည့်အတွက် မြေဆွဲအား လေးလံမှုနေရာ များကို အများကြီး ခံစားကြရသည်။သူတို့၏လှုပ်ရှားမှုများ ပို၍ပို၍ လေးလံလာသည်။

ဟိုက်ဒြာအမသည် အစွမ်းထက်ဆုံး ဖြစ်သည့်အတွက် အနက်ရောင်ပိုင်နက်အပေါ် ခုခံမှုအမြင့်ဆုံး ဖြစ်သည်။၎င်းသည် ပါးစပ်ဟပြီး မီးတောက်များ၊အဆိပ်များ မှုတ်ထုတ် ကြည့်လိုက်သည်။အကြောင်းတစ်ခုခုကြောင့် သုံးလေးကြိမ်ခန့် မှုတ်ထုတ်ပြီးနောက်တွင် အဆိပ်များ၊မီးတောက်များ လုံးဝထွက်မလာတော့ပေ။

ဘရော့ခ်၏ နှာမှုတ်သံသည် အနက်ရောင်မီးခိုးထဲမှ ထွက်လာသည်။ကြီးမားလှသည့် မြူခိုးတိမ်တိုက်တစ်ခုသည် ဟိုက်ဒြာများထံသို့ စတင်ပျံ့နှံ့လာသည်။ဟိုက်ဒြာများ၏ တိုက်ခိုက်မှုများသည် အနက်ရောင်မီးခိုးများကိုသာ အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။ သို့သော်လည်း မီးခိုးများသည် ချက်ချင်းပင် စုစည်းသွားပြန်သည်။ဟိုက်ဒြာနှစ်ကောင်ကို ဝိုင်းရံနေသည့် မီးခိုးများ ပို၍ပို၍ များပြားလာသည်။

အနက်ရောင်မီးခိုးသည် အသက်ရှိနေသကဲ့သို့ပင် ဖြစ်သည်။၎င်းသည် ဟိုက်ဒြာများ၏ ဒဏ်ရာများကို သိပ်သည်းစွာ ဝိုင်းရံပြီး အတွင်းထဲသို့ စိမ့်ဝင်သွားသည်။ပို၍အားနည်းသည့် ဟိုက်ဒြာအထီးသည် နာကျင်စွာအော်ဟစ်လိုက်သည်။၎င်း၏တစ်ကိုယ်လုံးရှိ အသားများ ဖြည်းဖြည်းချင်း တိုက်စားခံရသကဲ့သို့ ဖြစ်နေသည်။၎င်း၏ဧရာမ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ရှုံ့တွသွားပြီး နောက်ဆုံး၌ ဘာမျှမရှိသည့် သားရေအိတ်တစ်ခု ဖြစ်သွားသည်။

ထိုအခြင်းအရာကိုမြင်ပြီးနောက် ဟိုက်ဒြာအမ ထိတ်လန့်ပြီး ဒေါသထွက်သွားသည်။ သို့သော်လည်း ၎င်းသည် မြေဆွဲအားကို ခုခံနေရကာ တစ်ချိန်တည်းမှာပင် အသက်ကို ကာကွယ်ရန်အတွက် အနက်ရောင်မီးခိုးကို လွင့်ပြယ်အောင် လုပ်နေရသည်။ ဟိုက်ဒြာ အမ၏ စွမ်းအားများ အလျင်အမြန် ကျဆင်းလာသည်။၎င်းတစ်ဝိုက်ရှိ အနက်ရောင် မီးခိုးများသည် ဖြည်းဖြည်းချင်း သိပ်သည်းသွားပြီး လွင့်ပြယ်သွားသည်ထက် ပို၍မြန်မြန် ဆန်ဆန် စုစည်းသွားသည်။ဟိုက်ဒြာအမသည်လည်း အနှေးနှင့်အမြန်ပင် ဟိုက်ဒြာ အထီး၏ ခြေလှမ်းအတိုင်း လိုက်သွားရပေမည်။

နတ်ဆိုးဧကရာဇ်အဆင့် ရောက်လုနီးပါးနှင့် ‌နတ်ဆိုးဧကရာဇ်အဆင့် ရောက်နေပြီ ဖြစ်သူတို့ကြားရှိ ကွာခြားချက်သည် အလွန်တရာကြီးမားလှသည်။ဟိုက်ဒြာကဲ့သို့ နတ်ဆိုး သားရဲတစ်ကောင်ပင် အဆုံးသတ်၌ ဘရော့ခ်ကို အနိုင်မယူနိုင်ခဲ့ပေ။

မြေဆွဲအားစက်ကွင်းမပြောနှင့်။အနက်ရောင်မီးခိုးအဖြစ် ဘရော့ခ်ပြောင်းလဲသွားခြင်း သည်ကပင် အမှန်တကယ် ကြောက်စရာကောင်းနေလေပြီ။သူ့ကို တိုက်ခိုက်မှုများ မတိုးတော့ရုံသာမက မိစ္ဆာတစ်ကောင်ကဲ့သို့ပင် အသားများကို ဝါးမျိုနိုင်လေသည်။ ချန်လွေ့ စိတ်ထဲ၌ တုန်လှုပ်သွားပြီး အလျင်အမြန်ပင် ဝိုင်ဗန်ဘုရင်ကို ထွက်ပြေးရန် ပြောလိုက်သည်။သူကိုယ်တိုင်ကမူ အခြားတစ်ဖက်သို့ ပြေးသွားလိုက်သည်။

ရုတ်တရက်ပင် သူ၏အရှေ့ရှိ မီးခိုးများ သိပ်သည်းသွားပြီး အနက်ရောင် မြူခိုးလုံး တစ်လုံးဖြစ်သွားကာ ချန်လွေ့၏လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်သည်။ ထိုထူးဆန်းသည့် မီးခိုးအတွင်းမှ ‌စိုက်ကြည့်နေသည့် အနက်ရောင်မျက်လုံးတစ်စုံကို ချန်လွေ့ ယဲ့ယဲ့လေး ခံစားလိုက်ရသည်။

“ သားရဲထိန်းကျောင်းသူ။မှော်စက်ဝိုင်းပညာရှင်။ကောင်းသားပဲ။ခရစ္စတီးနားက အထင်ကြီးစရာ အကျဉ်းသားတစ်ယောက်ကို ဖမ်းမိခဲ့တဲ့ပုံပဲ။ငါမင်းကို ပြောပြမယ်။ဒီ နတ်မိစ္ဆာပိုင်နက်ထဲမှာ ငါ့ကိုဘာနဲ့မှ တိုက်ခိုက်လို့မရဘူး။မင်းလည်း အထူးမှော် စွမ်းအားတွေ၊ မှော်လက်နက်တွေ ဘာတွေကိုလည်း သုံးလို့မရဘူး။ ”

ဘရော့ခ်တွင် စွမ်းအားများနှင့် မှော်လက်နက်များကို အသုံးပြု၍မရစေနိုင်သည့် နတ်မိစ္ဆာ ပိုင်နက်တစ်ခု ရှိလိမ့်မည်ဟု ချန်လွေ့ လုံးဝ မထင်ထားခဲ့ပေ။ထို့ကြောင့်ပင် ဟိုက်ဒြာများသည် ထူးခြားသည့် အလှမ်းဝေးစွမ်းရည်များကို အသုံးပြု၍မရတော့ခြင်း ဖြစ်သည်။ချန်လွေ့သည် လက်ကျန် မိုးကြိုး‌လုံးကို အသက်သွင်းကြည့်သည်။ သို့သော်လည်း ထင်ထားသည့်အတိုင်းပင် ဘာမှဖြစ်မလာပေ။ချန်လွေ့ မထိတ်လန့်ဘဲ မနေနိုင်တော့ပေ။

အမှန်တကယ်တွင် ဘရော့ခ်၏စကားများသည် လုံးလုံးမမှန်ကန်ပေ။ဘရော့ခ်ထက် အစွမ်းထက်သူဆိုလျှင် စွမ်းအားချုပ်နှောင်ခံရမည်မဟုတ်ပေ။ထိုသူသည် အရိပ်နက် ဝတ်ရုံကဲ့သို့ အဆောင်ပစ္စည်းတစ်ခု သုံးထားသူတစ်ယောက် မဟုတ်နိုင်ပေ။သို့သော်လည်း နတ်မိစ္ဆာမျက်လုံးသည် အမှန်တကယ်ပင် အစွမ်းထက်လှသည်။သာမန် တိုက်ခိုက်မှု များသည် မီးခိုးဖြစ်နေသည့် ဘရော့ခ်ကို မထိခိုက်နိုင်ပေ။၎င်းသည် ဘရော့ခ်၏ ဝှက်ဖဲ တစ်ချပ် ဖြစ်သည်။မူလက ဘရော့ခ်သည် ၎င်းကို ခရစ္စတီးနားအတွက် ချန်ထား ချင်ခဲ့သည်။သို့သော်လည်း ထိုအဆင့်နိမ့်သတ္တဝါကြောင့် ဒေါသထွက်ပြီး သုံးလိုက်မိသည်။

“ ငါထပ်ပြီး အမှားလုပ်တော့မှာ မဟုတ်ဘူး။မင်းငါ့ကို ခရစ္စတီးနားရဲ့ လျို့ဝှက်ချက်ရော၊ ရတနာသိုက်အ‌ကြောင်းရော ပြောပြစရာမလိုတော့ဘူး။မင်း အရိုးခြောက် ဖြစ်မသွားခင် မင်းစိတ်ထဲကနေ သတင်းအချက်အလက်တွေကို ငါအရင်ဆုံး ဆွဲထုတ်ပစ်မယ်။ ”

ချန်လွေ့သည် ပြင်းထန်သည့် အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။အနက်ရောင် မီးခိုးအတွင်းမှ မျက်ခုံးနက်နက်ကို စိုက်ကြည့်ရင်း တစ်လောကလုံး ချာချာလည် နေသည်ဟု ခံစားလိုက်ရသည်။ထို့နောက် ချန်လွေ့သည် မြူခိုးများအတွင်း၌ ဖုံးလွှမ်းသွား တော့သည်။

ဘရော့ခ်၏ နတ်ဆိုးဧကရာဇ်အဆင့် နတ်မိစ္ဆာမျက်လုံးသည် ဒေလီယာထက် အဆပေါင်း များစွာ အစွမ်းထက်သည်။ချက်ချင်းပင် ၎င်းသည် ချန်လွေ့၏ ဆန္ဒကို ဖောက်ထွင်းသွားပြီး စိတ်အတွင်းသို့ တည့်တည့်ရောက်သွားသည်။

ခရစ္စတီးနားရဲ့ အခြေအနေနဲ့ တည်နေရာကို ရအောင်လုပ်ရမယ်။အသံတိတ်ညစိမ့်မြေရဲ့ ရတနာမြေပုံကို ရရမယ်။

နတ်ဆိုးသားရဲတွေကို ယဉ်ပါးအောင်လုပ်နိုင်တဲ့ လျို့ဝှက်စွမ်းရည်ကိုပါ ငါရနိုင်တယ်။ ပြီးရင် ဒီမျိုးမစစ်ကောင်ရဲ့ အသားကို စုပ်ယူပစ်မယ်။

ထိုရည်ရွယ်ချက်များကြောင့် မဟုတ်လျှင် ဘရော့ခ်သည် ဝိုင်ဗန်ဘုရင်အား စီးနေသည့် အချိန် လေထဲမှာပင် ချန်လွေ့အား လျို့ဝှက် အလှမ်းဝေးအစွမ်းသုံးကာ သတ်ပစ်လိုက်မည် ဖြစ်သည်။

ဘရော့ခ်သည် သေသေချာချာ တွက်ချက်ထားခဲ့သည်။သို့သော်လည်း သူဂုဏ်ယူနေသည့် နတ်မိစ္ဆာမျက်လုံးဖြင့် ချန်လွေ့၏အသိစိတ်ထဲ ဝင်ကြည့်လိုက်သည့်အခါတွင် သူ၏ ကံအကြောင်းတရား သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ခရစ္စတီးနားလည်း မရှိဘူး။ ရတနာမြေပုံလည်း မရှိဘူး။ ဘာလျို့ဝှက်စွမ်းရည်မှလည်း မရှိဘူး။

...အနီရောင်ချည်းပဲ။ ကြောက်စရာကောင်းတဲ့ နီရဲရဲ အပူရှိန်။ အရာအားလုံးကို ဖျက်ဆီး နိုင်တဲ့ စွမ်းအား။

၎င်းတို့သည် ချန်လွေ့၏ အသိစိတ်အတွင်းမှ ဘရော့ခ်ရရှိလိုက်သည့် ခံစားချက်များဖြစ်ပြီး ထိုသုံးမျိုးသာ ရှိသည်။

အမှန်တကယ်တွင် ချန်လွေ့၏အသိစိတ်သည် ခုခံမှုကို လုံးဝအာရုံမစိုက်ထားပေ။ စူပါစနစ်၏ ကူးပြောင်းခြင်းကိုသာ အတည်ပြုပေးရန် လုံးဝအာရုံစိုက်နေခဲ့သည်။၎င်းသည် ဒေလီယာ၏ နတ်မိစ္ဆာမျက်လုံးအား ရင်ဆိုင်တွေ့ခဲ့ရာမှ ရရှိခဲ့သည့် အတွေ့အကြုံ ဖြစ်သည်။၎င်းသည် နတ်ဆိုးဧကရာဇ်အဆင့်အပေါ် အလုပ်ဖြစ်မဖြစ် မသိသော်လည်း အခြေအနေအရ ချန်လွေ့ လောင်းကြေးထပ်လိုက်ရခြင်း ဖြစ်သည်။

ချန်လွေ့၏ လောင်းကြေးထပ်ခြင်း မှန်ကန်သွားပုံရသည်။

ဘရော့ခ် မတုံ့ပြန်နိုင်ခင်မှာပင် ထိုကြောက်မက်ဖွယ်ရာ ဖျက်ဆီးမှု စွမ်းအားသည် ဆတိုး ကြီးထွားလာပြီး ကြောက်မက်ဖွယ်ရာ နီနီရဲကိုသာ သူမြင်ရပေတော့သည်။

ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ရေစီးဆင်းသကဲ့သို့ လွှမ်းမိုးသွားပြီး အသားသည် သားရဲ လှောင်ချိုင့်ထဲရောက်သွားကာ ဝါးမျိုခံလိုက်ရသည်ဟု ဘရော့ခ် ခံစားလိုက်ရသည်။ သူ၏စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးမှု စွမ်းအားသည် မျက်လုံးဆီသို့ ပြန်ကန်လာသည်။ဘရော့ခ်၏ အနက်ရောင်မျက်လုံး များသည် ချက်ချင်းပင် နီရဲသွားသည်။ထို့နောက် ဘရော့ခ်သည် နာကျင်စွာအော်ဟစ် လိုက်ပြီး အနက်ရောင်မီးခိုးသည် လူသားအသွင်သို့ ပြန်ပြောင်းသွားသည်။

ဘရော့ခ်သည် နာကျင်စွာဖြင့် မျက်လုံးကို ဖုံးအုပ်ထားလိုက်သည်။ သူ၏ လက်ချောင်းများကြားမှ သွေးများစီးကျနေသည်။ဘရော့ခ်၏ စွမ်းအားသည် ဒေလီယာထက် ကြီးမားသည့်အတွက် ခံစားရသည့် တန်ပြန်မှုသည်လည်း ပို၍ပင် ပြင်းထန်နေခြင်း ဖြစ်သည်။ဘရော့ခ်သည် အထုံပါရမီပါသည်။ပုံမှန်အားဖြင့် လီဗျာသန် တော်ဝင်မိသားစုသည် ညာဘက် နတ်မိစ္ဆာမျက်လုံးကိုသာ နှိုးထနိုင်သည်။သို့သော်လည်း သူ၏မျက်လုံးနှစ်လုံးသည် နတ်မိစ္ဆာမျက်လုံးများ ဖြစ်ကြသည်။ဘရော့ခ်သည် ရုပ်ပိုင်း ဆိုင်ရာ တိုက်ခိုက်မှုများအားလုံးမတိုးနိုင်တော့သည့် စိတ်နှင့်ခန္ဓာကို ဝါးမျိုနိုင်သည့် အစွမ်းထက် အနက်ရောင်ပိုင်နက်ကိုပင် ဖန်တီးနိုင်သည်။“ မနာလိုခြင်း တော်ဝင်မိသားစု ” အတွင်းမှာပင် ဘရော့ခ်ကို အစွမ်းအထက်ဆုံး ပါရမီရှင်မျက်လုံး ပိုင်ရှင်ဟု သတ်မှတ်၍ ရပေသည်။

သို့သော်လည်း ယနေ့တွင် ဘရော့ခ်သည် ပုရွက်ဆိတ်သဖွယ် ပြိုင်ဘက်တစ်ယောက်နှင့် ဆုံခဲ့ပြီး လီဗျာသန်တော်ဝင်မိသားစုအတွင်းရှိ အစွမ်းအထက်ဆုံး ပါရမီရှင်မျက်လုံးကိုပင် တန်ပြန်ခံခဲ့ရသည်။

ဒီစွမ်းရည်က ဘယ်တော်ဝင်မိသားစု ပိုင်ဆိုင်တာလဲ။ဘယ်ဖီဂေါ တော်ဝင်မိသားစုရဲ့ “နတ်ဆိုးဘယ်မျက်လုံး” လို့ သိကြတဲ့ “ မိစ္ဆာမျက်လုံး ” တောင် ဒီလိုစွမ်းအား မရှိဘူး။

မည်သည့်အရာဖြစ်ပျက်သွားကြောင်း ချန်လွေ့မသိပေ။သူ၏အမြင် ရုတ်တရက် တောက်ပသွားပြီး မူလပတ်ဝန်းကျင်သို့ ပြန်ရောက်သွားသည်။သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်း နေသည့် အနက်ရောင် မီးခိုးများလည်း ပျောက်ကွယ်သွားပြီး နတ်မိစ္ဆာပိုင်နက်၏စွမ်းအား သိသိသာသာ အားနည်းသွားသည်ဟု ခံစားလိုက်ရသည်။ချန်လွေ့ ယောင်မနေရဲပေ။ ချက်ချင်းပင် လွှားခနဲခုန်ပြီး တတ်နိုင်သမျှ အဝေးဆုံးကို ပြေးသွားပြီး ဤကဲ့သို့ အန္တရာယ်ရှိသည့် နတ်မိစ္ဆာပိုင်နက်မှ လွတ်မြောက်နိုင်ရန် ပြင်လိုက်သည်။

“ ချီးထုပ် တွားတွားသတ္တဝါ။ ”

ဘရော့ခ် မျက်လုံးကို ဖုံးထားရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ နတ်မိစ္ဆာ ပိုင်နက်တစ်ခုလုံး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။ထိုကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားမည်ဟု ချန်လွေ့ မမျှော်လင့်ထားခဲ့ပေ။ကံကောင်းစွာပင် ချန်လွေ့သည် ပေါက်ကွဲမှုအားကြောင့် ရှေ့သို့ လွင့်စင်သွားပြီး မြင့်မားသော အရိပ်တစ်ခု၏အရှေ့သို့ ကျသွားသည်။ထိုအရိပ်သည် ချက်ချင်းပင် အတောင်ပံဖြန့်ကာ ကာကွယ်ပေးလိုက်သည်။

ပေါက်ကွဲမှုများ ရပ်တန့်သွားသည့်အခါ နောက်ဆုံး၌ နတ်မိစ္ဆာပိုင်နက် ပျောက်ကွယ် သွားတော့သည်။သို့သော်လည်း ပတ်ဝန်းကျင်မြေသားများသည် လှန်တင်ခံလိုက် ရသကဲ့သို့ ဖြစ်သွားသည်။နေရာအနှံ့၌ ဖျက်ဆီးမှုလက္ခဏာများ ပြည့်နှက်နေလေသည်။

ဟိုက်ဒြာ၏ခုခံမှုသည် အစွမ်းထက်လှသော်လည်း အနက်ရောင်မီးခိုးကြောင့် စွမ်းအား တော်တော်များများ တိုက်စားခံလိုက်ရပြီး ပေါက်ကွဲမှုမှ ကြောက်ရွံ့မှုများနှင့် ပူးပေါင်း လိုက်သည့်အခါ ဟိုက်ဒြာအမသည် ယိုင်တိယိုင်တိုင်နှင့် ခြေတစ်လှမ်း တစ်လှမ်း လျှောက်ပြီး မြေပြင်ပေါ်သို့ ငြီးငြူကာ လဲကျသွားတော့သည်။သို့သော်လည်း အဆိုးဆုံးမှာ ဟိုက်ဒြာ အမ မဟုတ်ပေ။ချန်လွေ့ကို ကာကွယ်ခဲ့သည့် ဝိုင်ဗန်ဘုရင်ပင် ဖြစ်သည်။

ဝိုင်ဗန်ဘုရင်ဆီသို့ ချန်လွေ့ လွင်စင်သွားသည်မှာ တိုက်ဆိုင်၍သာ ဖြစ်သည်။ သို့သော်လည်း ဝိုင်ဗန်ဘုရင်သည် ချန်လွေ့ကို ချက်ချင်း ကာကွယ်ပေး လိုက်သည်။ ဝိုင်ဗန်ဘုရင်သည် သာမန်ဝိုင်ဗန်ထက် ဉာဏ်ပညာ ပိုသာသော်လည်း နတ်ဆိုးသားရဲ တစ်‌ကောင်၏ အတွေးသည် လူတစ်ယောက် သို့မဟုတ် နတ်ဆိုးတစ်ယောက်ထက် အမြဲပင် ပို၍ရိုးရှင်းလှသည်။ ရှုထောင့်တစ်ခုမှကြည့်လျှင် “ ရိုးရှင်းမှု ” သည် ပြတ်သားခြင်း နှင့် သစ္စာရှိခြင်းဟု အဓိပ္ပာယ်ရသည်။

ဝိုင်ဗန်ဘုရင်၏ တောင်ပံရှိ မာကြောလှသော အမြှေးပါးများ လုံးဝစုတ်ပြတ်သွားပြီး ခန္ဓာကိုယ်၏ ကြေးခွံများ၊အရေပြားများတွင် ပြတ်ရှရာများ ပြည့်နှက်သွားသည်။ စုတ်ပြတ်သတ်နေသည့် အသားထဲမှ အရိုးဖြူများ ငေါထွက်နေသည်။၎င်းတွင် သန္ဓေပြောင်း ပါရမီ [ ကြံ့ခိုင်မှု ] ရှိ၍ တော်ပေသေးသည်။သို့မဟုတ်ပါက သေသွားပြီ ဖြစ်သည်။သို့သော်လည်း ထိုအတိုင်းအတာအထိ ဒဏ်ရာရနေပြီဖြစ် သည့်အတွက် ဝိုင်ဗန် ဘုရင်တွင် တိုက်ခိုက်မှုစွမ်းရည် ရှိမနေတော့ပေ။

ချန်လွေ့၏ ဒဏ်ရာများမှာလည်း မသက်သာလှပေ။ပေါက်ကွဲမှုတစ်ခုကိုသာ ခုခံခဲ့ရပြီး ကျန်သည့် ပေါက်ကွဲမှုများကို ဝိုင်ဗန်ဘုရင် ခုခံပေးခဲ့သော်လည်း နတ်ဆိုးဧကရာဇ်အစွမ်း၏ ပေါက်ကွဲမှု အကျိုးဆက်ဆိုလျှင်တောင် ချန်လွေ့၏ လက်ရှိအခြေအနေဖြင့် ခုခံနိုင်သည့် အရာ မဟုတ်ပေ။အရိုး‌ခြောက်၊ကိုယ်အင်္ဂါနှင့် ဝိညာဉ်ပင် စုတ်ပြဲသွားသကဲ့သို့ ချန်လွေ့ ခံစားလိုက်ရသည်။သူ၏ ကြယ်စွမ်းအား လုံးဝ ပျယ်ပြက်သွားပြီ ဖြစ်သည်။

မပြီးပြည့်စုံသည့် တိုက်ခိုက်မှု တစ်ခုကပင် ချန်လွေ့၏ခုခံမှုကို လုံးဝချိုးဖောက် နိုင်ခဲ့သည်။ချန်လွေ့တွင် အထူးခန္ဓာကိုယ် အမျိုးအစား ရှိနေ၍တော်သေးသည်။ သို့မဟုတ်ပါက ချန်လွေ့ သေသွားပေလောက်ပြီ။နတ်ဆိုးဧကရာဇ်နှင့် အမြင့်ဆင့် နတ်ဆိုးတို့၏ ခြားနားချက်သည် မိုးနှင့်မြေကဲ့သို့ပင် ဖြစ်သည်။

ဘရော့ခ်သည် မျက်လုံးဖွင့်ရန် အတင်းကြိုးစားလိုက်ရသည်။သူ၏မျက်လုံးထောင့်နားတွင် ထိတ်လန့်စရာ ကောင်းလောက်အောင် သွေးများဖြင့် စွန်းထင်းနေသည်။သူ၏အမြင်သည် ဝေဝါးနေသေးသော်လည်း ဒဏ်ရာရထားသော နတ်မိစ္ဆာမျက်လုံးသည် ထိုမျိုးမစစ် ကောင်ကို အသေမှတ်ထားလိုက်သည်။ဘရော့ခ်သည် ခြေထောက်ကို မလိုက်ပြီး ချန်လွေ့ အရှေ့၌ ပေါ်လာကာ လက်မောင်းကို တက်နင်းလိုက်သည်။

ချန်လွေ့သည် သတိပေးချက် အရိပ်အယောင်တစ်ခုကိုသာ ခံစားလိုက်ရသည်။မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ဘဲ အရိုးကျိုးသံကိုသာ ကြားလိုက်ရသည်။ ညာလက်တစ်ဖက်လုံးကို မပိုင်ဆိုင်တော့သကဲ့သို့ပင် ဖြစ်သွားသည်။ခဏတာ ထုံထိုင်းသွားပြီးတော့ ချန်လွေ့သည် မချိမဆံ့ နာကျင်ခံစားလိုက်ရသည်။

ကြောက်မက်ဖွယ်ရာ အကောင်းဆုံးမှာ မမြင်ရသည့် ထိုဖိအားပင် ဖြစ်သည်။ချန်လွေ့သည် ၎င်းကို လုံးဝမခုခံနိုင်ပေ။တိုက်ပွဲဖိအားကို မခံရအောင် စူပါစနစ် လုပ်ပေးနိုင်သော်လည်း နတ်ဆိုးဧကရာဇ်၏ သဘာဝ အဟန့်အားကြောင့် ချန်လွေ့သည် လက်ကျန် ကြယ်စွမ်းအား များကို စုစည်းရန် မဖြစ်နိုင်တော့ပေ။

ဒဏ်ရာအပြင်းအထန် ရနေသည့် ဝိုင်ဗန်ဘုရင်သည် ချန်လွေ့ထိခိုက်နေကြောင်း တွေ့လိုက်သည်အခါ ရုန်းကန်ထလာရင်း ဘရော့ခ်ကို တိုက်ခိုက်တော့သည်။ဘရော့ခ် လက်ဆန့်တန်းလိုက်ရာ ဝိုင်ဗန်ဘုရင်၏ ခန္ဓာကိုယ်သည် သုံးလေးမီတာသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျသွားကာ ထပ်ပြီး ထမနိုင်တော့ပေ။

ထိုအချိန်၌ လေထဲမှ ဟိန်းသံတစ်သံ ထွက်လာသည်။အဆိပ်များကို ဘရော့ခ်အား ချိန်ကာမှုတ်ထုတ်လိုက်သည်။ဧရာမအရိပ် ဒါဇင်ကျော်သည် ကောင်းကင်ပေါ်၌ ပေါ်ထွက်လာခဲ့သည်။၎င်းတို့မှာ ဝိုင်ဗန်ဘုရင်နှင့် ချန်လွေ့တို့ အန္တရာယ် ကျရောက် နေသည်ကိုမြင်ပြီး အမြန်လာကယ်ကြသည့် ဝိုင်ဗန်များ ဖြစ်နေသည်။

ဘရော့ခ်သည် နတ်မိစ္ဆာပိုင်နက်ကို ထပ်မသုံးခဲ့ပေ။အကြောင်းရင်းမှာ ခုနက ပြန်ကန်မှုနှင့် ပေါက်ကွဲမှုကြောင့် နတ်မိစ္ဆာမျက်လုံး၏ စွမ်းအား တော်တော်များများကို သုံးစွဲပြီး၍ ဖြစ်သည်။သို့သော်လည်း သူ၏နတ်ဆိုးဧကရာဇ် စွမ်းအားသည် အလွန်အစွမ်းထက် နေသေးသည်။လက်ထဲရှိ နီရဲရဲဓားရှည်မှာလည်း အလွန်ထက်မြက်လှသည်။ချန်လွေ့ကို လာကယ်သည့် ဝိုင်ဗန်များကို ဘရော့ခ် ခုတ်ပိုင်းသတ်ဖြတ်လိုက်သည်။ဤကဲ့သို့ တိုက်ပွဲမျိုးတွင် “ အရေအတွက် ”သည် “ အရည်အချင်း ” ကို လိုက်မမှီပေ။

သူတို့သည် ဘရော့ခ်ကို မယှဉ်နိုင်ကြောင်း သိကြသော်လည်း မတုံ့ဆိုင်းဘဲ အတင်းဝင်သွား လိုက်ကြသည်။တစ်ကောင်ပြီးတစ်ယောက်နှင့်... .အသေအကြေမှာ အတော်လေး များပြားလှသည်။

“ တွားတွားသတ္တဝါ။မင်းရဲ့ နတ်ဆိုးသားရဲတွေအကုန်လုံး သေသွားတာကို မင်းကိုယ်တိုင် မြင်သွားစေရမယ်။ ”

အပြစ်မရှိဆုံးမှာ ဟိုက်ဒြာအမပင် ဖြစ်သည်။၎င်းသည် ချန်လွေ့၏ “ အရေးအပါဆုံး ” နတ်ဆိုးသားရဲအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။၎င်းသည် သူ့ကိုယ်သူ အတင်းဆွဲပြီး ဘရော့ခ်အား မီးတောက်စိမ်းနှစ်ခု မှုတ်ထုတ်လိုက်သည်။သို့သော်လည်း စိတ်မပါဘဲနှင့် ၎င်း၏ ခေါင်း၉လုံးစလုံး အဖြတ်ခံလိုက်ရသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ ချန်လွေ့ ခံစားလိုက်ရသည်။ ချန်လွေ့သည် မိမိ၏အသက်ရှူသံကိုသာ ကြားနေရသည်။ သူ၏အမြင်ထဲတွင် လာကူညီရန် ရုန်းကန်နေသည့် ဒဏ်ရာအပြင်းအထန် ရနေသော ဝိုင်ဗန်ဘုရင်နှင့် ဘရော့ခ်ဆီသို့ အကြောက်အလန့်မရှိ ပြေးဝင်နေသည့် ဝိုင်ဗန်တစ်ကောင်ပြီး တစ်ကောင်ကို မြင်နေရသည်။တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ ပြုတ်ကျ သွားသည်။ချန်လွေ့လည်း အသက်ရှူရ ခက်ခဲသွားသည်။ ခေါင်းထဲသို့ သွေးများ ဆောင့်တက်သွားသကဲ့သို့ ခံစားရပြီး အံကြိတ်လိုက်သည်။

“ မင်းကြည့်နေတာလား။ တွားတွားသတ္တဝါ။ ဒါကမင်းငါ့ကို အာခံလို့ပဲ။ ခရစ္စတီးနားရဲ့ ကံကြမ္မာ လည်း ဒီလိုပဲ ဖြစ်ရမယ်။ ”

ဘရော့ခ်၏ ဒေါသထွက်နေသည့် အသံသည် ချန်လွေ့စိတ်ထဲ၌ ပဲ့တင်ထပ်နေ၏။ မြေပြင်တွင် ဝိုင်ဗန်အသေကောင်များ၊ခြေလက်များနှင့် သွေးများ ပြည့်နှက်သွားသည်။

ဤအတိုင်းသာဆက်သွားလျှင် ဝိုင်ဗန်အားလုံး သေသွားမည်ဖြစ်ပြီး ဘရော့ခ်လည်း ခရစ္စတီးနားကို မြန်မြန် ရှာတွေ့သွားမည် ဖြစ်သည်။ယခုအချိန်၌ ခရစ္စတီးနားတွင် ပြန်တိုက်ခိုက်ရန် အားအင်မရှိပေ။

ချန်လွေ့ အကြံတစ်ခု ရလိုက်သည်။“ အမှောင်ဆန္ဒ ” သည် သူ၏ ဒဏ်ရာမရထားသော လက်ချောင်း၌ ပေါ်ထွက်လာပြီး တယ်လီပို့ခုန်ခြင်း စတင်တော့သည်။

တယ်လီပို့မခုန်မီ ချန်လွေ့သည် ကိုယ့်ကိုယ်ကိုယ် လုပ်လိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ဖူးသည့်အရာကို ပြုလုပ်လိုက်သည်။

ဘရော့ခ်သည် ညာခြေထောက်ပေါ်၌ ဖိအားခံစားလိုက်ရသည်။စစ်ပွဲဖိအားကို ဖယ်ရှား နိုင်သည့် ထိုခွေးကောင်သည် ညာခြေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ဒေါသတကြီး အော်ဟစ် လိုက်သည်။

“ ချီးကို တွားတွားသတ္တဝါလား။အရူးကောင်။ ”

ထို့နောက်တွင် ခန္ဓာကိုယ်တစ်ခုလုံး ထူးထူးဆန်းဆန်း ချာလည်သွားသည်ဟု ဘရော့ခ် ခံစားလိုက်ရသည်။တစ်ခုခုလွဲနေကြောင်း သူသိလိုက်သည်။ချန်လွေ့သည် အမှောင်ဆန္ဒ၏ တယ်လီပို့အစွမ်းကို အသက်သွင်းလိုက်ပြီး ဘရော့ခ်ကိုပါ ခေါ်သွားရန် ကြိုးစားနေခြင်း ဖြစ်သည်။

ဝိုင်ဗန်တွေရဲ့ အဝေးမှာ၊အဲဒီတဲအိမ်ရဲ့အဝေးမှာ.....

“ မိုက်မဲလိုက်တာ.... ”

အသံတစ်ခု ချန်လွေ့နားထဲသို့ ရောက်ရှိလာသည်။

ချန်လွေ့ ရုတ်တရက် ရယ်လိုက်သည်။

တော်တော်လေးရှားပါးတဲ့ အခွင့်အရေး တစ်ခုပဲ။ငါတကယ်ပဲ ထွက်မပြေးခဲ့ဘူး။ ငါကတကယ့်ကို မိုက်မဲတာပဲ။စိတ်လိုက်မာန်ပါလုပ်တာက တကယ့်ကို ဆိုးဝါးတာပဲ။

မဆင်မခြင် ပြုလုပ်ခြင်းသည် သတ္တိရှိခြင်းနှင့် မတူညီသော်လည်း သတ္တိရှိခြင်းကို မဆင်မခြင် ပြုလုပ်ခြင်းမှ ခွဲခြား၍မရပေ။အကယ်၍ ထိုအရာသာမရှိလျှင် ယောက်ျား တစ်ယောက်ကို တစ်ယောက်ျားတစ်ယောက်ဟု မခေါ်ထိုက်တော့ပေ။မိုက်မဲပြီး တုံးအ နေလျှင်တောင် သွေးပူနေသည့် ယောက်ျားသည် ယောက်ျားတစ်ယောက်သည် ဖြစ်သည်။

မှန်သည်ထင်သောအရာများကို နောင်တမရဘဲ လုပ်ဆောင်ပေလိမ့်မည်။၎င်းသည် သူ၏ ပုံစံဖြစ်သည်။မည်မျှပင် အစွမ်းထက်လာစေကာမူ သူသည် ဤကဲ့သို့ပင် အမြဲတမ်း ဖြစ်နေမည်သာ ဖြစ်သည်။

နှလုံးသားထဲရှိ အခြေခံကျင့်ဝတ် ထပ်ပြီးကျိုးပျက်သွားသည့်အခါ၊ခံစားချက်များ စတင် ထုံထိုင်းလာပြီး ရက်စက်လာသည့်အခါ၊ဆင်ခြင်တုံတရားကို သတ္တိက လုံးဝဖုံးလွှမ်း သွားသည့် အခါတွင် နတ်ဆိုးဘုံထက် ပိုမိုကြောက်မက်ဖွယ်ရာ ကောင်းသည့် နက်မှောင်ပြီး အေးစက်သည့် လောကတစ်ခု ဖြစ်လာပေသည်။

ဝိုင်ဗန်များ၏ အကြည့်အောက်တွင် ချန်လွေ့နှင့်ဝိုင်ဗန်တို့၏ ပုံရိပ်များ စတင်ဝေဝါး လာတော့သည်။အာကာသသည် ထူးထူးဆန်းဆန်း တွန့်လိမ်သွားပြီး သူတို့နှစ်ယောက် ပျောက်ကွယ်သွားကြတော့သည်။

ဝိုင်ဗန်များသည် အတွေးတိမ်သည်။သို့သော်လည်း ထိုကြောက်မက်ဖွယ်ရာရန်သူသည် ထိုလူမန်းမှုတ်လိုက်သည့် မန္တန်ကြောင့် အဝေးသို့ရောက်သွားကြောင်း သူတို့ သဘောပေါက်ကြသည်။ဝိုင်ဗန်ဘုရင် ညည်းတွားလိုက်သည်။ထို့နောက် သည်းတွားသံများ ထပ်ပြီး ထွက်လာတော့သည်။

သို့သော်လည်း ခဏအကြာတွင် အရူးအမူး ရယ်သံတစ်ခုသည် လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

“ ဟားဟား။ တွားတွားသတ္တဝါက တွားတွားသတ္တဝါပါပဲ။ မင်းသုံးနေ တာက မှော်လက်နက် ပဲကိုး။ ”

စကားပြောနေသူမှာ ဘရော့ခ် ဖြစ်သည်။

“ နတ်မိစ္ဆာမျက်လုံး ပိုင်ဆိုင်တဲ့ လီဗျာသန် တော်ဝင်မိသားစုဝင်တစ်ယောက်ကို ရွှေ့ပြောင်း နိုင်မယ်လို့ မင်းထင်တယ်ပေါ့။မင်းအခု ဘာလုပ်ရမှန်းမသိ ဖြစ်နေမှာပဲ။ ”

ချန်လွေ့၏ နှလုံးသားသည် တစ်လျှောက်လုံး တည်ငြိမ်နေခဲ့သည်။နတ်မိစ္ဆာမျက်လုံးသည် “ အမှောင်ဆန္ဒ ”၏ တယ်လီပို့အစွမ်းကို နှောင့်ယှက်နိုင်လိမ့်မည်ဟု ချန်လွေ့ လုံးဝ မထင်ထားခဲ့ပေ။ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် စတေးသည့် တယ်လီပို့ခုန်ခြင်းမှာ မီတာ သုံးလေးရာလောက်ကိုသာ ရောက်ရှိသွားစေသည်။

ဝိုင်ဗန်ဘုရင် အော်ဟစ်လိုက်သည်။ကျန်သည့် ဝိုင်ဗန်များလည်း တောင်ပံခတ်ကာ အသံလာရာသို့ ပျံသန်းသွားတော့သည်။

“ တွားတွားသတ္တဝါ။ငါ..... ”

ထိုသွေးရူးသွေးတန်း အသံ ရုတ်တရက် ရပ်တန့်သွားပြီး ကမ္ဘာတုန်လောက်သည့် အော်သံအဖြစ် ပြောင်းလဲသွားသည်။၎င်းသည် ချန်လွေ့၏အသံမဟုတ်ဘဲ ဘရော့ခ်၏ အသံ ဖြစ်နေသည်။

အကြောင်းရင်းမှာ ချန်လွေ့သည် တစ်စုံတစ်ရာကို ဖောက်ခွဲပစ်လိုက်၍ ဖြစ်သည်။၎င်းမှာ မိုးကြိုးလုံးပင် ဖြစ်သည်။

မူလမိုးကြိုးလုံးသည် နတ်ဆိုးဧကရာဇ်အဆင့် ဘရော့ခ်ကို မထိခိုက်စေနိုင်သော်လည်း ယခုမိုးကြိုးလုံးမှာ အစိမ်းဖျော့ရောင် အရည်များရှိနေသည့် ပုလင်းတစ်လုံးနှင့်အတူ ဖောက်ခွဲလိုက်ခြင်း ဖြစ်သည်။

ပါ့ဂ်လီအို၏ အဆိပ်ပေတည်း။

All Chapters