နိဗ္ဗာန်။ဇာမဏီနက်
Vol. 9 Ch. 131
ပစ်ထည့်လိုက်သည့်အရာသည် ပါ့ဂ်လီအို၏ အဆိပ်တစ်ခုတည်းသာဆိုလျှင် ဘရော့ခ်ကို ထိနိုင်မည်မဟုတ်ပေ။သို့သော်လည်း မိုးကြိုးလုံး၏ စွမ်းအားပါ ပါလာသည့်အတွက် ဤကဲ့သို့ဖြစ်သွားခြင်း ဖြစ်သည်။
မိုးကြိုးလုံး၏ ပေါက်ကွဲမှုအရှိန်ကြောင့် အဆိပ်များသည် ပြင်းထန်သည့် တိုက်စားမှု တစ်ခုပါဝင်သော လက်ပစ်ဗုံးနှင့် တူညီသွားသည်။၎င်းတို့သည် ဘရော့ခ်၏ အပေါ်ယံ ခုခံမှုများကို ထိုးဖောက်သွားပြီး ခန္ဓာကိုယ်အတွင်းထဲသို့ စိမ့်ဝင်သွားသည်။ ထို့နောက် မီးခိုးစိမ်းများ တစ်လိမ့်ပြီးတစ်လိမ့် ထွက်လာသည်။ အဆိပ်များသည် ဘရော့ခ်၏ မျက်နှာနှင့် မျက်လုံးများကိုပင် စင်သွားသည်။
ချန်လွေ့သည် မြေပြင်ပေါ်၌ လဲကျနေရင်း ဖောက်ခွဲလိုက်သည့်အတွက် ဘရော့ခ်၏ ခန္ဓာကိုယ်အောက်ပိုင်းသည် ကြီးကြီးမားမား ထိခိုက်သွားခဲ့သည်။
ဘရော့ခ်သည် အဆိပ်စင်သွားသော ညာမျက်လုံးကို တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထား လိုက်ပြီး ခန္ဓာကိုယ်အောက်ပိုင်းရှိ နေရာတစ်ခုကိုလည်း ဖုံးအုပ်ထားကာ စူးစူးဝါးဝါး အော်လိုက်သည်။ ထိုသနားစရာ ပုရွက်ဆိတ်သည် နတ်ဆိုးဧကရာဇ်တစ်ယောက်ကို ဤမျှလောက် ထိခိုက်စေနိုင်လိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။ ပြင်းထန်လှသော ဒဏ်ရာများသာမက ပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့် အဆိပ်များ အလျင်အမြန် လည်ပတ်နေသည်ကို ဘရော့ခ် စိုးရိမ်နေသည်။သူ၏ နတ်ဆိုးဧကရာဇ် စွမ်းအားများဖြင့်ပင် ၎င်းကို မတားဆီးနိုင်ပေ။
အော်ဟစ်နေရင်း ဘရော့ခ်သည် ချန်လွေ့၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ဆောင့်နင်း လိုက်သည်။ရုတ်တရက် အရိုးအားလုံး ကျိုးကြေသွားပြီး ရင်ဘတ်ကို ထိုးစိုက်ကာ မြေကြီးအထိ ရောက်ရှိသွားပြီးနောက် ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။ချန်လွေ့လည်း နာကျင်မှုကိုပင် မခံစားရတော့ချေ။သူ၏ခန္ဓာကိုယ်သည်လည်း နတ်ဆိုးဧကရာဇ် တစ်ယောက်နှင့် မယှဉ်နိုင်ပေ။ ခုနက မိုးကြိုးလုံး ဖောက်ခွဲမှုသည် ယုတ္တိရှိရှိ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသာ ဖြစ်သည်။သူကိုယ်တိုင်သည် သေလုနီးပါး ဒဏ်ရာ ရနေခဲ့ပြီ ဖြစ်သည်။
[ ထိခိုက်မှုစုပ်ယူခြင်း ] နှင့် [ နက္ခတ်သဏ္ဍာန် ] တို့၏ အထူးလက္ခဏာများ မည်မျှပင် အစွမ်းထက်စေကာမူ ၎င်းတို့သည် ပြန်လည်တည်ဆောက်ခြင်း အစွမ်းမျိုး မဟုတ်ပေ။ ကုသဆေးရည်များလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ထို့ပြင် ချန်လွေ့သည်လည်း ဆေးရည် ထုတ်ယူနိုင်ရန်ပင် အားမရှိတော့ပေ။
ယခုတစ်ခေါက်တွင် ချန်လွေ့သည် ဘာမှထပ်မလုပ်နိုင်သည်အထိ အမှန်တကယ် ကြိုးစား ခဲ့လေသည်။
ချန်လွေ့၏အသိစိတ်သည် ရုတ်တရက် ပိုမိုကြည်လင်သွားသည်။ကြောက်မက်ဖွယ်ရာ ဘရော့ခ်နှင့် လေထဲမှ ပျံလာနေသည့် ဝိုင်ဗန်များကို ချန်လွေ့ သေသေချာချာ မြင်နေ ရသော်လည်း ခန္ဓာကိုယ်သည် ငှက်မွှေးကဲ့သို့ပင် ပေါ့ပါးနေသည်ဟု ခံစားနေရသည်။
ဒါက ငါမသေခင် နောက်ဆုံး အခိုက်အတန့်လား။
ချန်လွေ့ ပထမဆုံး တွေးမိသည်မှာ အသီနာ ဖြစ်သည်။အသီနာ၏ နွေးထွေးသော အပြုံးသည် နေရောင်ကဲ့သို့ပင် ဖြစ်သည်။ကံမကောင်းစွာပင် ချန်လွေ့သည် ဂတိတစ်ခုကို မဖြည့်ဆည်းနိုင်တော့ပေ။
ချန်လွေ့သည် လူပျိုရည်ကို အသီနာအတွက် သိမ်းထားချင်ခဲ့သည်။သို့သော်လည်း ကံမကောင်းစွာပင် ၎င်းကို နာမည်အရင်းပင် မသိရသေးသည့် မိန်းမတစ်ယောက်က “လုယူ” သွားခဲ့သည်။အကယ်၍ သစ်သားအိမ်ငယ်ဘေး၌ ၎င်းကို လုပ်ရမည်ဆိုလျှင် ချန်လွေ့သည် အသီနာအား ခံစားချက်များကို ကောင်းကောင်းမွန်မွန် ပြောပြချင် ခဲ့သည်။တစ်ချိန်တည်းမှာပင် ချန်လွေ့သည် အရိုက်ခံရလျှင်တောင် သူ၏ “ အချစ်ဇာတ် ” ကို အမှန်အတိုင်း ပြောမည်ဖြစ်သည်။သို့သော်လည်း ချန်လွေ့တွင် အခွင့်အရေး ထပ်မရှိတော့ပေ။
ခရစ္စတီးနား။ အခုတော့ အဲ့လိုပဲ ခေါ်လိုက်ဦးမယ်။ မတော်တဆကြောင့် သူကငါ့ရဲ့ ပထမဆုံးမိန်းမ ဖြစ်သွားတယ်။ ဒီမိန်းမက လုံးဝပြီးပြည့်စုံတယ်။ ငါ့ရဲ့စိတ်ကို လှုပ်ရှားသွား စေတယ်။ဒါပေမဲ့လည်း သူ့ရဲ့အတွေးက ရှုပ်ထွေးလွန်းတယ်။သူ့ရဲ့စွမ်းအားတွေကလည်း အစွမ်းလွန်းတယ်။နောက်ခံကလည်း ကောင်းလွန်းတယ်။အနာဂတ်မှာ ငါတို့ အတူတူ ရှိချင်မှရှိမယ်။ငါ့ခန္ဓာကိုယ်ကို အခု သူတွေ့ရန် ပထမဆုံးပြောမယ့်စကားက “ ငတုံး ” ဖြစ်မယ်လို့ ဟိုကောင်ရိုမန်နဲ့ ငါလောင်းကြေး ထပ်ချင်တယ်။
ရေခဲတုံးအစ်မ ရှီရာနဲ့ငါနဲ့က မရေရာတဲ့ ပတ်သက်မှုရှိတယ်။ အဆိပ်နဂါး ပြောတဲ့ အတိုင်းဆိုရင်တော့ ရင်းနှီးမှုက အချစ်ရဲ့အစပဲ။ သူ့ရဲ့ အရည်ပျော် အပြုံးကို ငါတကယ် သဘောကျတယ်။ခဏပဲ ဖြစ်ဖြစ်ပေါ့။ ကံမကောင်းတာကတော့ ငါထပ်ပြီးတွေ့နိုင်တော့မှာ မဟုတ်ဘူး။
ငါ့ရဲ့ပထမဆုံးအနမ်းကို အတင်းခိုးယူသွားတဲ့ လိုလီလေးကတော့......ငါဘာကို ခံစားခဲ့ရ တာလဲဆိုတာ နားမလည်ဘူး။ဟူး။အထင်သေးခံရတဲ့ ကျောချမ်းစရာ ဦးလေးတစ်ယောက် ဖြစ်ရတာကလဲ....အခုတော့ ငါသူ့ကို ကူညီချင်ရင်တောင် ထပ်ပြီးကူညီလို့ မရတော့ဘူး။
သေခါနီးမှာတောင် ငါက မိန်းမတွေ အများကြီးအကြောင်း တွေးနေသေးတယ်။ ယောက်ျား တွေက တကယ့်ကို လူယုတ်မာတွေပဲ။
နောက်ဆုံး၌ ချန်လွေ့သည် သူနှင့်အတူ သဟဇီစာချုပ် ချုပ်ဆိုထားသည့် ပ့ါဂ်လီအိုကို တိတ်တဆိတ် ဂုဏ်ပြုချင်ခဲ့သည်။ထိုကံဆိုးသည့် နဂါးသည် သူ့ကြောင့် ဆွဲချခံလိုက် ရပေတော့မည်။ဤလောက၌ ငရဲပြည်တကယ် ရှိပြီး အဆိပ်နဂါးနှင့် ပက်ပင်းသွားတိုးလျှင် သေချာပေါက် နားပူခံရပေလိမ့်မည်။
ဒေါသထွက်နေသည့် ဘရော့ခ်သည် ချန်လွေ့၏ ခြေလက်များကို ရက်ရက်စက်စက် တက်နင်းချပြီး ကျိုးကြေအောင် ပြုလုပ်လိုက်သည်။ချန်လွေ့ကို ဦးခေါင်းကို ဘရော့ခ် ခြေထောက်ဖြင့် မနင်းခြေခင်မှာပင် ထူးဆန်းသော အသံတစ်သံသည် အဝေးတစ်နေရာမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအသံသည် သွေးရူးသွေးတန်း ဖြစ်နေသည့် ဘရော့ခ်ကို သတိပြန်လည် လာစေပြီး သူ၏မျက်နှာအမူအရာ စိုးရိမ်ဖွယ် ပြောင်းလဲသွားတော့သည်။
၎င်းသည် အသက်ရှူသံ ဖြစ်သည်။
အသက်ရှူသံ တစ်ချက်စီနှင့်အတူ ကျဆင်းနေသည့် သစ်ရွက်များ လေထဲ၌ ကခုန်နေ၏။မြေပြင်ပေါ်ရှိ မြေသား၊သစ်တောထဲရှိ သစ်ပင် နှင့် ဘရော့ခ် ကိုယ်တိုင်ပင် လှုပ်ရှားနေမိသည်။ကောင်းကင်ပေါ်ရှိ တိမ်တိုက်များလည်း ထိုအသက်ရှူသံ တစ်ချက်စီ အလိုက် ကျုံ့လိုက်ဆန့်လိုက် ဖြစ်နေသည်။
ထိုအသက်ရှူသံသည် အမှန်တကယ်ပင် ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။
ဘရော့ခ်သည် အဆိပ်မိထားသည့် ညာမျက်လုံးကိုအုပ်ထားပြီး ထိတ်လန့်မှုကို ဖုံးကွယ် မထားနိုင်တော့ပေ။
အသက်ရှူသံသည် ပို၍ရှည်လာပြီး နက်ရှိုင်းလာသည်။မြေပြင်သည်လည်း အနည်းငယ် စတင်လှုပ်ခါလာသည်။
နောက်ဆုံး၌ ကြည်လင်သည့် ကျည်ကျည်ကျာကျာမြည်သံတစ်သံ ထွက်လာသည်။ ၎င်းသည် ငှက်တစ်မျိုးမျိုး ဥပေါက်လာသကဲ့သို့ပင် ဖြစ်သည်။
ထိုသီကျူးသံတွင် ထူးဆန်းသော စွမ်းအင်တစ်ခု ပြည့်နှက်နေသည်။ထိုအသံသည် စိတ်ဝိညာဉ်ပျောက်ဆုံးလုနီးပါး ဖြစ်နေသည့် ချန်လွေ့ကိုပင် စွမ်းအင်အချို့ ပြန်လည် ရရှိသွားစေသည်။
ဘရော့ခ်သည်လည်း တစ်စုံတစ်ခုကို ခံစားနေရသည်။ထိုအသံ၏ပတ်ဝန်းကျင်များ၌ လျို့ဝှက်ဆန်းကြယ်သော ဥပဒေသ တစ်ခုရှိနေသည်။၎င်းသည် အဆင့်မြင့်မားသည့် စွမ်းအားတစ်ခုကို ကိုယ်စားပြုနေသည်။ ဘရော့ခ်ကဲ့သို့ နတ်ဆိုးဧကရာဇ် တစ်ယောက် ပင်လျှင် တအံ့တဩနှင့်သာ စိုက်ကြည့်နိုင်ပြီး တုန်လှုပ်နေလေသည်။
ထိုသီကျူးသံအထက်တွင် အနက်ရောင် မီးတောက်တစ်ခု လောင်ကျွမ်းနေသည်။ သီကျူးသံကိုကြားရသည့် နေရာများ၌ မီးတောက်၏စွမ်းအားကို ခံစားနေရသည်။
အနက်ရောင်မီးတောက်၏ အရောင်သည် လူစီဖာ တော်ဝင်မိသားစုနှင့် အတော်လေး ဆင်တူသော်လည်း ဖျက်ဆီးမှုစွမ်းအားနှင့် လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်သည်။၎င်းသည် အသက်ဓာတ် မီးတောက် ဖြစ်သည်။မီးတောက် အောက်ဘက်ရှိ အပင်များသည် အားအင်ပြည့်ဝနေရင်း ရောင်ခြည်ဖြာထွက်နေသည်။
မီးတောက်ထဲ၌ ဧရာမငှက်တစ်ကောင်ပုံစံ တဖြည်းဖြည်း စုစည်းလာသည်။၎င်းသည် လုံးဝနက်မှောင်နေပြီး ရွှေရောင်အကြောင်းများ ရေးရေးလေး ရှိနေသည်။၎င်းတွင် အလွန်ကြီးမားသော တောင်ပံနှစ်ဖက်ရှိပြီး လှပသော အမြှီးသုံးခုရှိလေသည်။
“ နိဗ္ဗာန်.....ဇာမဏီနက် ”
ဘရော့ခ်သည် အကြီးမားဆုံး အကြောက်တရားကို မြင်သွားသကဲ့သို့ပင် ထိုစကားလုံး များကို ညည်းညူမတတ် ဖြစ်သွားသည်။သူ၏လေသံသည် ပြင်းထန်သည့် အကြောက် တရားဖြင့် ရောနှောနေသည်။ဘရော့ခ်သည် ဒဏ်ရာများ၊အဆိပ်များကို လုံးဝဂရုမစိုက် တော့ဘဲ လေထဲတွင် လက်သင်္တေတ ပြုလုပ်လိုက်သည်။လေထဲ၌ အပြာရောင်အလင်း စတင်လင်းလင်လာပြီး အနက်ရောင်မီးတောက်၏ သက်ရောက်မှုကြောင့် ချက်ချင်း ပျောက်ကွယ်သွားသည်။ဘရော့ခ်သည် စွမ်းအားကို လုံးဝစုစည်း၍ မရတော့ပေ။
ဘရော့ခ်၏ခန္ဓာကိုယ် တုန်ခါလာတော့သည်။သူသည် လက်ခလယ်ကို ကိုက်ဖောက် လိုက်ရာ မျက်လုံးအပြာသည် လုံးဝအနက်ရောင် ဖြစ်သွားသည်။ဘရော့ခ်သည် အနီနှင့် အပြာဂိတ်တံခါးကို ရေးဆွဲရန်အတွက် သွေးလတ်လတ်ဆတ်ဆတ်ကို သုံးကာ လျို့ဝှက်အစွမ်းကို အသက်သွင်းလိုက်တော့သည်။ဘရော့ခ်သည် တံခါးဆီသို့ ယိုင်တိ ယိုင်တိုင် သွားလိုက်ပြီး ချက်ချင်းပင် တံခါးရော ဘရော့ခ်ပါ အစအနမကျန် ပျောက်ကွယ် သွားသည်။သန့်စင်သော ဇာမဏီနက်၏ အရိပ် ပြီးပြည့်စုံသွားသည့်အခါ မီးတောက် များသည် ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်ဝင်သွားသည်။သိသာမြင်သာသည့် လှုပ်ရှားမှု တစ်ခုမျှ မရှိဘဲနှင့် ၎င်း၏အရိပ်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်လွေ့အပေါ်၌ ပေါ်ထွက်လာသည်။၎င်း၏ခန္ဓာကိုယ်မှ မမြင်ရသော ဖိအားတစ်ခု ထုတ်လွှတ်နေပြီး ကူညီရန်အတွက် ပျံသန်းလာကြသည့် ဝိုင်ဗန်များ တစ်ကောင်ပြီး တစ်ကောင် ပြုတ်ကျသွားသည်။သူတို့သည် ဖိအားအောက်၌ ရောက်နေပြီး မလှုပ်ရှား နိုင်ကြတော့ပေ။
ဇာမဏီနက် ချက်ချင်းပျောက်ကွယ်သွားပြီး မိန်းကလေးတစ်ယောက်၏အရိပ်သည် မြေပြင် ပေါ်၌ ပေါ်ထွက်လာသည်။ထိုမိန်းကလေးသည် ရှေးမူမပျက် ဂါဝန်ရှည် ဝတ်ဆင်ထားပြီး မီးခိုးဖျော့ရောင် ဝတ်ရုံတစ်ခု ခြုံထားသည်။သို့သော်လည်း သူ၏ မျက်နှာကို ဇာမျက်နှာလွှားဖြင့် မဖုံးကွယ်ထားပေ။
ထိုမိန်းကလေး၏ အနက်ရောင်ဆံပင်၊အနက်ရောင် မျက်လုံးများ၊မယုံကြည်နိုင် လောက်စရာ အလှတရားနှင့် ယှဉ်ကြည့်လျှင် ကောင်းကင်ပေါ်မှ လနှစ်စင်းပင် သိမ်ငယ်သွားပေမည်။
သူ၏ လှပသော ကြယ်တာရာ မျက်လုံးများထဲ၌ ရေကန်တစ်ကန်၏ တည်ငြိမ်မှုနှင့် နက်ရှိုင်းမှုကို ကိုယ်စားပြုနေသည့် အရောင်ဖျော့ဖျော့လေးတစ်ခု ရှိနေသည်။
“ ကျိုးထျန်ရွှမ်အရှိန်အဝါသစ်သီး ” ရဲ့ သက်ရောက်မှုက တကယ်ပဲ မိစ္ဆာတလဲသီးထက် ပိုပြီးသာလွန်တာပဲ။ စိတ်ဆန္ဒကို မထိန်းချုပ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးကလွဲရင် [ နိဗ္ဗာန် ] စွမ်းရည်ကိုပါ အထောက်အပံ့ ဖြစ်စေတယ်။ ဒါက ငါထင်ထားတာထက်ကို သာလွန် နေတာပဲ။
အခုအချိန်မှာ နတ်ဆိုးဘုံရဲ့ အစွမ်းထက်ဆုံး ပြိုင်ဘက်ကို ရင်ဆိုင်ရမယ်ဆိုရင်တောင် ငါအပြည့်အဝ ယုံကြည်ချက် ရှိတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ငါအရင်ဆုံး ရင်ဆိုင်ရမယ့် လူတစ်ယောက်ရှိတယ်။သေလုမျောပါး ဒဏ်ရာရနေတဲ့ လူတစ်ယောက်။
ထိုအမျိုးသမီးသည် ထိုနေရာ၌ ရပ်နေရင်း ချန်လွေ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
အိပ်မောကျနေစဉ်၌ နိုးထပြီးနောက်တွင် ပထမဆုံးလုပ်ဆောင်မည့်အရာမှာ ဘရော့ခ်ကို သတ်ရန်မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်ကို ရရှိခဲ့သောချန်လွေ့ကို သတ်ရန်ဟူ၍ ခရစ္စတီးနား စိတ်ပိုင်းဖြတ်ထားခဲ့သည်။၎င်းသည် မတော်တဆသာ ဖြစ်သော်လည်း၊ တိတိကျကျ ပြောရလျှင် ထိုလူ၏ အမှားမဟုတ်သော်လည်း ခရစ္စတီးနား၏ ဂုဏ်ပုဒ်၊စွမ်းအားနှင့် သိက္ခာတို့သည် ထိုလူကို အသက်ဆက်ရှင်ခွင့် မပေးနိုင်ပေ။
သို့သော်လည်း သတ်ရမည့်လူ၏ အခြေအနေကို တွေ့လိုက်သည့်အခါ ခရစ္စတီးနား ရုတ်တရက် တိတ်ဆိတ်သွားသည်။ သူ၏သတ်ဖြတ်ချင်စိတ်များသည် သူကိုယ်တိုင် မသိလိုက်ဘဲ ပျောက်ကွယ်သွားတော့သည်။
ချန်လွေ့၏ စိတ်ဝိညာဉ် အားနည်းမှုသည် ဇာမဏီ သီကျူးသံကြောင့် အနည်းငယ် နှေးကွေးသွားသော်လည်း အသက်သေနိုင်ခြင်းကို မတားဆီးနိုင်သေးပေ။ချန်လွေ့၏အမြင် ဝေဝါးလာသည်။မျက်နှာပုံစံအရ ဤအမျိုးသမီးသည် ခရစ္စတီးနားပင် ဖြစ်ရမည်။ ထင်သည့်အတိုင်းပင် ခရစ္စတီးနား ပြန်သက်သာလာခဲ့သည်။အမြန်ထွက်ပြေးသွားသည့် ဘရော့ခ်သည် ခရစ္စတီးနားကို ရင်ဆိုင်ရန်အတွက် သတ္တိ တစ်စက်ကလေးမျှ ရှိမနေခဲ့ပေ။
မူလ အကြံအစည်အရ ဆိုလျှင် အခုအချိန်တွင် တယ်လီပို့ အသက်သွင်းကာ ထွက်ပြေး ရမည် ဖြစ်သည်။ကံမကောင်းစွာပင် “ အမှောင်ဆန္ဒ ” ကို အသုံးပြု၍ မရတော့ပေ။ထို့ပြင် ကိုယ်တိုင်ကလည်းသေတော့မည် ဖြစ်သည့်အတွက် ထွက်ပြေးခြင်းသည် အဓိပ္ပာယ် မရှိတော့ပေ။
“ ရှင်ဘာလို့ ဘရော့ခ်နဲ့တူတူ တယ်လီပို့ ခုန်သွားလိုက်ရတာလဲ။ ”
ခရစ္စတီးနားသည် ယခင်ကပြင်ဆင်ထားခဲ့သည့် သတ်ဖြတ်မည့်အကြောင်းကို ပြောရပေမည်။သို့သော်လည်း သူစကားပြောလိုက်သည့်အခါ ထိုစကားတစ်ခွန်းသာ ထွက်လာသည်။
ခရစ္စတီးနား၏ [ နိဗ္ဗာန် ] သည် အိပ်မောကျနေသည့် အထူးအခြေအနေ တစ်ခုဖြစ်သည်။ ထိုအခြေအနေတွင် ခရစ္စတီးနားသည် လုံးဝအားနည်းနေပြီး မည်သည့်စွမ်းအားကိုမျှ အသုံးပြု၍ မရပေ။ သို့သော်လည်း ၁၀ကီလိုမီတာ ပတ်လည်ရှိ ဖြစ်ပျက်သမျှကို အိပ်မက်ထဲ၌ ခံစားနိုင်လေသည်။
ချန်လွေ့ လုပ်ခဲ့သမျှကို ခရစ္စတီးနား သိသည်။
ခရစ္စတီးနားပြောသည်ကို ချန်လွေ့ အနည်းငယ် ကြားလိုက်သော်လည်း ပြန်မပြော နိုင်တော့ပေ။ဟူး။ တော်သေးတာပေါ့။ ဟိုကောင်နဲ့ငါ မလောင်းမိလိုက်ဘူး။သူ့ရဲ့ ပထမဆုံး စကားက “ ငတုံး ” မဟုတ်ဘူးပဲ။
“ ငတုံး။ ”
ဪ။ဒုတိယမြောက်ပဲ။
ချန်လွေ့သည် အားကုန်သုံးပြီး ပါးစပ်အစွမ်းကို ရွေ့လျားကာ အတင်းပြုံးရန် ကြိုးစားလိုက်သည်။
ငါ့ရဲ့ဝိညာဉ် ပျောက်ကွယ်တော့မယ်။
ဝမ်းနည်းစရာပဲ။မလုပ်ပြီးသေးတာတွေ အများကြီး ကျန်နေသေးတယ်။
စိတ်လိုက်မာန်ပါ လုပ်တာက တကယ့်ကို ဆိုးဝါးတာပဲ။နောက်တစ်ခေါက်ကျရင် ငါ မိုက်ကန်းကန်း လုပ်ဦးမှာလား။
မလုပ်လောက်...တော့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ငါက ငတုံးတစ်ကောင်ပါပဲ။
ချန်လွေ့၏ သွေးပေနေသော မျက်နှာပေါ်ရှိ ထိုအပြုံးသည် အနည်းငယ် ကြမ်းတမ်း သော်လည်း ခရစ္စတီးနား၏ လှပသော မျက်လုံးများသည် ရေကဲ့သို့ တည်ငြိမ်နေသည်။ မျက်ရည်တစ်စက်သာ ခရစ္စတီးနား၏မျက်နှာပေါ်မှ တိတ်ဆိတ်စွာ ကျဆင်းလာခဲ့သည်။
ခရစ္စတီးနား ကိုယ်တိုင်ပင် အနည်းငယ် အံ့ဩသွားသည်။နောက်ဆုံးငိုခဲ့သည့် အချိန်ကိုပင် သူ မမှတ်မိတော့ပေ။သူပုန်ဆွေမျိုးများကို ရှင်းလင်းပြီးသည့် အချိန်မှစ၍ ခရစ္စတီးဆီမှ မျက်ရည်နှင့် သံယောစဉ်များ မရှိတော့ပြီ ဖြစ်သည်။ရက်စက်သည့် တည်ငြိမ်မှုနှင့် အထီးကျန်ဆန်မှု တို့သာ ကျန်ရှိတော့သည်။အေးစက်စက် ပလ္လင်ပေါ်တွင် မှီနေရင်း ရက်စက်မှုများ၊အန္တရာယ်များ၊လှည့်ဖြားမှုများ၊လောဘ၊လိုအင်ဆန္ဒများ....စသည်တို့ကို ခရစ္စတီးနား တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခဲ့သည်။
ဒီငတုံးက မသေခင်မှာတောင် ငါ့ကို ခံစားရအောင် လုပ်သွားသေးတယ်။တောက်။
ဒါပေမဲ့.....ဒီတစ်ခေါက်တော့ ငါ့နှလုံးသားနောက်ကို လိုက်သင့်တယ်။ဒါက...သူ့အတွက် မဟုတ်ဘူး။ဒီတစ်ခေါက် ငါ့ရဲ့ ရှားပါးတဲ့ အပြောင်းအလဲ အတွက်ပဲ။ ဒါကိုငါ့ရဲ့ ကာလရှည်ကြာ စိတ်ဖိစီးမှုကနေ လွတ်မြောက်အောင်လုပ်တာလို့ သဘောထား လိုက်မယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ငါက မကြာခင် အဲ့ဒီ ပလ္လင်ဆီကို ပြန်ရမှာပဲ။ငါက အေးစက်ပြီး မာနကြီးတဲ့ အုပ်စိုးသူ တစ်ယောက် ဖြစ်နေတုန်းပဲ။
ခရစ္စတီးနားသည် လက်ကိုဆန့်တန်းလိုက်ပြီး အင်္ကျီလက် ဆွဲတင်လိုက်သည်။သူ၏ ကြွေထည်ကဲ့သို့ လက်ထဲမှ သွေးများ ရုတ်တရက် စီးကျလာသည်။ထိုသွေးများသည် ချန်လွေ့၏ ရင်ဘတ်ပေါ်ရှိ ကြောက်စရာဒဏ်ရာအတွင်းသို့ စီးကျသွားသည်။ထို့နောက် ဒဏ်ရာများသည် သာမန်မျက်လုံးဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာသည်။ထူးဆန်းသောစွမ်းအင်ကြောင့် ဒဏ်ရာများသာမက ချန်လွေ့၏ ပျောက်ကွယ်နေသည့် စိတ်ဝိညာဉ်ပင် ပြန်လည် ဖြည့်တင်းလာသည်။
“ ဒါပြီးရင် ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ဘာမှ အကြွေးမတင်တော့ဘူး။ ”
ချန်လွေ့ကိုယ်တိုင် မမြင်နိုင်သော်လည်း ခရစ္စတီးနား၏ သွေးထဲတွင် ဇာမဏီပုံစံ အမှတ်အားတစ်ခု ရေးရေးလေး ပေါ်လာပြီး ချန်လွေ့၏ ပြန်ကောင်းနေသည့် ရင်ဘတ်ထဲသို့ မြုပ်ဝင်သွားသည်။
ထိုအံ့ဩစရာစွမ်းအားကြောင့် ချန်လွေ့၏ ပြင်းပြင်းထန်ထန် ရနေသော် ရင်ဘတ်နှင့်ခြေလက်များသည် ဖြည်းဖြည်းချင်း ပြန်ကောင်းလာတော့သည်။ အတွင်းဒဏ်ရာများမှာ ပြင်းထန်နေသေးသော်လည်း ပြန်လည်သစ်လွင်လာပြီ ဖြစ်သည်။ထို့ကြောင့် ခုနကလိုမျိုး သေလုမျောပါး မဟုတ်တော့ဘဲ လုံးဝကွာခြား သွားသည်။ချန်လွေ့၏ မျက်ခွံများသည် အလွန်အမင်း လေးလံနေသည်။သူ၏နားထဲသို့ ပြောလိုက်သည့် စကားတစ်ခွန်းကိုသာ ရေးရေးလေး ကြားလိုက်ရသည်။
“ နောက်တစ်ခါ ကျွန်မတို့ပြန်တွေ့ရင် ရှင်သေပြီသာမှတ်..... ”
ချန်လွေ့သည် မျက်လုံးအတင်းဖွင့်ပြီး ခရစ္စတီးနားကို ကြည့်လိုက်သည်။သို့သော်လည်း နောက်ဆုံး၌ ချန်လွေ့သည် ပင်ပန်းမှုကို မတွန်းလှန်နိုင်တော့ဘဲ အိပ်မောကျသွား တော့သည်။