← Chapters

အဆုံးသတ်၏အစ။မျှော်လင့်နေကြသည့် တိုက်ပွဲ

Vol. 9 Ch. 132

အဆုံးသတ်၏အစ။မျှော်လင့်နေကြသည့် တိုက်ပွဲ

Vol. 9 Ch. 132

ကောင်းကင်တွင် တိမ်ထူနေသော်လည်း ခရမ်းရောင်လ၏ အလင်းရောင်သည် တိမ်များကြားထဲမှ ထိုးထွက်နေသည်။တိုက်ခိုက်ရန်အသင့်ရှိနေကြသည့် အမှောင်လမြို့မှ နတ်ဆိုးများအတွက် ယနေ့သည် အလွန်အရေးကြီးသော နေ့တစ်နေ့ ဖြစ်သည်။

ပြိုင်ကွင်းထဲ၌ တိုက်ပွဲတစ်ပွဲ စတင်တော့မည် ဖြစ်သည်။

ထူးဆန်းစွာပင် ယနေ့ညတွင် ပြိုင်ကွင်းထဲ၌ အခြားပွဲများကို မစီစဉ်ထားပေ။ အကြောင်းရင်းမှာ ထိုတိုက်ပွဲများသည် ဤတိုက်ပွဲနှင့်ယှဉ်လျှင် အသေးအဖွဲ ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။

လွန်ခဲ့သော တစ်ရက်နှစ်ရက်ခန့်ကတည်းက ဤတိုက်ပွဲသည် တကြွကြွတရွရွ ဖြစ်နေခဲ့ လေသည်။

ဤတိုက်ပွဲ၌ ယှဉ်ပြိုင်မည့်သူနှစ်ယောက်မှာ ပြိုင်ကွင်းပိုင်ရှင် အမြင့်ဆင့်နတ်ဆိုး အရတ်စ်နှင့် ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်ဂ်ယောတို့ ဖြစ်ကြသည်။

အရတ်စ်သည် ဘဏ္ဍာရေးအရာရှိ ဂျိုးဆက်ပ် အယ်လ်ဗင် လက်အောက်ရှိ အစွမ်းအထက်ဆုံး ငယ်သား သုံးယောက်၏ ခေါင်းဆောင်ဖြစ်ပြီး ထိပ်သီး အမြင့်ဆင့် နတ်ဆိုး တစ်ယောက် ဖြစ်သည်။လွန်ခဲ့သော တစ်လခန့်က အရတ်စ်သည် ခါရွန်မိသားစုနှင့် ပြဿနာဖြစ်ခဲ့ပြီး ခါရွန်မိသားစုရှိ အစွမ်းထက်ဆုံး ထိပ်သီးအမြင့်ဆင့်နတ်ဆိုး ဆာရာဒို နှင့် တိုက်ခိုက်ခဲ့သည်။နှစ်ကြိမ်လုံး ဒဏ်ရာရပြီး ရှုံးနိမ့်ခဲ့သည်။ လဝက်ကြာပြီးသည့်အခါ အရတ်စ်သည် ဆယ်လာဒေါကို ထပ်စိန်ခေါ်ပြီး အနိုင်ယူခဲ့သည်။

တိုက်ပွဲပြီးနောက်တွင် ဆာရာဒိုသည် အရတ်စ်ကို မယှဉ်နိုင်ကြောင်း ဝန်ခံခဲ့သည်။ အရတ်စ်သည် အမြင့်ဆင့်နတ်ဆိုး၏ အကန့်အသတ်များကို ကျော်လွန်ရန် နီးကပ်နေပြီ ဖြစ်သည်။အခွင့်အရေးရသည်နှင့် အရတ်စ်သည် သန္ဓေပြောင်း‌မျိုးဆက် မဟုတ်သည့် မဟာနတ်ဆိုးဟူသော ဂုဏ်ပုဒ်ဖြင့် နတ်ဆိုးဘုရင်အဆင့်သို့ ကူးပြောင်းနိုင်မည်ဖြစ်သည်။

နတ်ဆိုးဘုရင်အဆင့်သို့ ကူးပြောင်းပြီးသည်နှင့် ပြောင်းလဲမှုများ မဖြစ်လျှင်တောင် အရတ်စ်၏ အနာဂတ်မျိုးဆက်သည် သန္ဓေပြောင်းမျိုးဆက် မဟာနတ်ဆိုးတစ်ယောက် ဖြစ်လာပေမည်။သူ၏စွမ်းအား ပိုမြင့်လေလေ အနာဂတ်မျိုးဆက်သစ်များ၏ သန္ဓေပြောင်း မျိုးဆက် စွမ်းအားများလည်း ပို၍အစွမ်းထက်လေလေ ဖြစ်သည်။၎င်းသည် တော်ဝင် မိသားစု မဟုတ်သည့် နတ်ဆိုးများအတွက် အားကျစရာပင် ဖြစ်သည်။

အတွင်းစွမ်းရည်သည် အမြဲပင် နတ်ဆိုးများအတွက် အကြီးမားဆုံး တစ်ဆို့မှု ဖြစ်နေ ခဲ့သည်။အကန့်အသတ်များကို ချိုးဖောက်ရန်အတွက် ထင်သလောက် မလွယ်ကူပေ။ ထိုအခွင့်အရေးကို အရယူပြီး အရတ်စ် အဆင့်တက်နိုင်မနိုင်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

အက်ဂ်ယောသည်လည်း လျို့ဝှက်ဆန်းကြယ်သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

အစပိုင်းသည် အက်ဂ်ယောသည် အဆင့်နိမ့် အလယ်ဆင့်နတ်ဆိုး တိုက်ပွဲများတွင်သာ ပါဝင်ရသည့် ပမွှားလေးသာ ဖြစ်သည်။ထို့နောက်တွင် ဖြည်းဖြည်းချင်း အဆင့်တက် လာသည်။ တစ်လနှစ်လ အတွင်းမှာပင် သူသည် အလယ်ဆင့်နတ်ဆိုးကနဦးပိုင်းဖြစ်သည့် “ သွေးရောင်လက် ” လန့်စ်၊အလယ်ဆင့်နတ်ဆိုးအလတ်ပိုင်းဖြစ်သည့် “ ဝံပုလွေလျင် ” ဂျက်စီ နှင့် အလယ်ဆင့်နတ်ဆိုး၌ အစွမ်းထက်ဆုံးဖြစ်သည့် “ ဘယ်ရော့ ” ရီကာ.... ထိုပြိုင်ဘက်သုံးယောက်ကို အနိုင်ယူခဲ့သည်။တိုက်ပွဲတိုင်းသည် အဆင့်ခြားနားပြီး တိုက်ပွဲတိုင်း၌ သူအနိုင်ရခဲ့သည်။မည်သို့ပင် ဆိုစေကာမူ သူ၏လက်ရှိ ပြိုင်ဘက်မှာ အရတ်စ်ဖြစ်သည်။အလယ်ဆင့်နတ်ဆိုးနှင့် အမြင့်ဆင့်နတ်ဆိုး ကြား၌ နယ်နိမိတ် ကြီးကြီးမားမား ခြားနားလေသည်။နယ်နိမိတ်ခြားနားချက်သည် အဆင့်တူထဲ၌ အပိုင်းမတူ သကဲ့သို့ မဟုတ်ပေ။အစွမ်းထက်ဆုံး အလယ်ဆင့်နတ်ဆိုးဖြစ်သည့် ရီကာကို အက်ဂ်ယော အနိုင်ယူခဲ့သော်လည်း အဆင့် အတူတူသာ ဖြစ်သည်။အမြင့်ဆင့်နတ်ဆိုးကို အနိုင်ယူရန် လုံးဝ မဖြစ်နိုင်ပေ။

ထို့ပြင် “ ရီကာ ” ကို အက်ဂ်ယော အနိုင်ယူခဲ့ပြီးသည်မှာ တစ်လသာ ရှိသေးသည်။ တစ်နည်းပြောရလျှင် အက်ဂ်ယော ပထမဆုံး ယှဉ်ပြိုင်စဉ်တွင် အမြင့်ဆင့်နတ်ဆိုး၌ အားအနည်းဆုံးတစ်ယောက် ဖြစ်ခဲ့ပြီး တစ်လနှစ်လ ကြာပြီးသည့်အခါ အစွမ်းထက်ဆုံး အမြင့်ဆင့်နတ်ဆိုး ဖြစ်သည့် အရတ်စ်နှင့် တိုက်ခိုက်ရပေတော့မည်။

အများစုသည် အက်ဂ်ယော အနိုင်ရရန် အခွင့်အရေးမရှိဟု အများစု ထင်နေကြသည်။ သို့သော်လည်း မဖြစ်နိုင်သည့် ပြိုင်ဘက်များကို ယခင်တိုက်ပွဲများ၌ အနိုင်ယူနိုင်ခဲ့ သလိုမျိုးပင် အက်ဂ်ယောသည် အံ့ဩဖွယ်ရာများ လုပ်ပြနိုင်လိမ့်ဦးမည်ဟု ထင်နေကြသူ များလည်း အနည်းငယ် ရှိကြသည်။အထူးသဖြင့် ဤတိုက်ပွဲကို အရတ်စ်ကိုယ်တိုင် ကြေညာထားခြင်းကြောင့် ဖြစ်သည်။

ပြိုင်ကွင်းထဲ၌ အစွမ်းအထက်ဆုံးဖြစ်ပြီး အမှောင်လမြို့၌လည်း အစွမ်းထက်ဆုံး အမြင့်ဆင့်နတ်ဆိုးဖြစ်သည့် အရတ်စ်သည် တိုက်ခိုက်ရေးဝါသနာကြောင့် နာမည် ကျော်ကြားလေသည်။သူကိုယ်တိုင် သတ်မှတ်ထားသည့် ပြိုင်ဘက်သည် မည်သည့် အတွက်ကြောင့် အားနည်းသူတစ်ယောက် ဖြစ်နိုင်မည်နည်း။တစ်လကြာ ပျောက်ကွယ် သွားပြီးနောက်တွင် အလယ်ဆင့်နတ်ဆိုးများကိုသာ စိန်ခေါ်နိုင်သည့် အက်ဂ်ယောသည် အမြင့်ဆင့်နတ်ဆိုးသို့ အဆင့်တက်သွားနိုင်မည်လား။ထို့ပြင် အက်ဂ်ယောသည် ထိပ်သီ အမြင့်ဆင့်နတ်ဆိုး အရတ်စ်ကို ရင်ဆိုင်ရမည် ဖြစ်သည်။

လူအများ အက်ဂ်ယောကို စိတ်ဝင်စားနေကြသည့်နည်းတူ အက်ယော တည်ထောင်ခဲ့သည့် ဝတ်ရုံဂိုဏ်းကိုလည်း တဟုန်ထိုး စိတ်ဝင်စားနေကြသည်။နန်းတော်၏ အင်ပါယာအစောင့် အရန်တပ်ဟူသည့် ဂုဏ်ပုဒ်နှင့်အတူ ဝတ်ရုံဂိုဏ်းသည် အမှောင်လမြို့၌ အင်အားစုကြီး တစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။သို့သော်လည်း အဓိကပုဂ္ဂိုလ်မှာ အက်ဂ်ယော ဖြစ်သည်။သူရှုံးနိမ့်သွားသည်နှင့် ဝတ်ရုံဂိုဏ်းလည်း သူနှင့်အတူ ပျောက်ကွယ်သွားပေမည်။

မည်သို့ပင် ဆိုစေကာမူ ပရိသတ်များသည် ဤတိုက်ပွဲအတွက် မျှော်လင့်ချက်များ ပြည့်နှက်နေကြသည်။

ပြိုင်ကွင်းထဲ၌ အမြင့်ဆင့်နတ်ဆိုးတိုက်ပွဲ မလုပ်ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ထိပ်သီးအမြင့်ဆင့်နတ်ဆိုး တိုက်ပွဲဆိုလျှင် ပို၍ပင် ကြာနေပြီ ဖြစ်သည်။ ယနေ့တိုက်ပွဲသည် လူအုပ်ကြီးကို ဆွဲဆောင်နိုင်ခဲ့ပြီး ပြိုင်ကွင်းတစ်ခုလုံး ပြည့်နှက်သွားရုံ သာမက အခြားအမြင့်ဆင့်နတ်ဆိုးများဖြစ်ကြသော ဆာရာဒို၊ရွိုင့်စ်နှင့် ဗာဆာရှာ တို့လည်း လာရောက်ကြည့်ရှုကြသည်။အမှောင်လမြို့ ဘုရင်မ ရှီရာကိုယ်တိုင်လည်း တိုက်ပွဲကို လာရောက်ကြည့်ရှုသည်။

လူထောင်ပေါင်းများစွာ၏ မျက်လုံးအောက်တွင် အရတ်စ်သည် ဝင်းလက်လက် ချပ်ကာနှင့်အတူ ပြိုင်ကွင်းအလယ်၌ ပေါ်ထွက်လာသည်။နတ်ဆိုးဘုံတွင် စွမ်းအားကို အရာအားလုံးထက် တန်ဖိုးထားကြသည်။ ပရိသတ်များလည်း ဤတိုက်ပွဲအတွက် ပြိုင်ပွဲဝင်ကို အားပေးလိုက်ကြသည်။

ယနေ့တွင် ပြိုင်ကွင်းရှိ ထောင့်လေးဘက်၌ သေရွာပြန် လေးယောက် ရှိနေသည်။သူတို့၏ ရည်ရွယ်ချက်မှာ ပရိသတ်များကို ဒဏ်ရာမရစေရန်အတွက် လိုအပ်သည့်အခါ အကာအကွယ် မန္တာန်များ မန်းမှုတ်ရန် ဖြစ်သည်။၎င်းသည် အမြင့်ဆင့်နတ်ဆိုး တိုက်ပွဲ တစ်ခု၌ လိုအပ်ချက်တစ်ခု ဖြစ်သည်။

စက္ကန့်များ၊မိနစ်များ ကုန်ဆုံးသွားသည်။သို့ရာတွင် ချန်လွေ့ မပေါ်လာသေးပေ။အရတ်စ် မျက်မှောင်ကြုတ်လိုက်သည်။ယခင်တိုက်ပွဲများကိုကြည့်ခြင်းအားဖြင့် အက်ဂ်ယောသည် ကြောက်ရွံ့တတ်သည့် လူမျိုးဖြစ်ဟန် မတူပေ။

လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်တုန်းက ဒီနေ့တိုက်ပွဲအတွက် ငါ လျို့ဝှက်လေ့ကျင့်ခဲ့ သေးတယ်။သူဘာလို့ မပေါ်လာသေးတာလဲ။ငါ အချိန်ပြည့်တဲ့အထိ စောင့်ပြီးတော့မှ စစ်စာချုပ်ကိုသုံးပြီး သူ့ကို လိုက်ဖမ်းရမှာလား။

ပရိသတ်များလည်း စိတ်မရှည်ကြတော့ဘဲ အက်ဂ်ယောသည် အရတ်စ်၏ ဂုဏ်သတင်းကို ကြောက်နေ၍ အသက်မသေစေရန်အတွက် ထွက်ပြေးရန် ဆုံးဖြတ်လိုက်ကြောင်း တီးတိုးပြောနေကြတော့သည်။

အထူးဧည့်သည်များထိုင်ခုံ အလယ်တွင် မင်းသမီးရှီရာ၏ မျက်နှာသည် မပြောင်းလဲဘဲ အေးစက်စက်သာ ရှိနေသည်။သို့သော်လည်း လက်သီးကို ကျစ်ကျစ်ဆုပ်နေသည်။ ရှီရာသည် အခြားတစ်ခုခုကို စိုးရိမ်နေခြင်းဖြစ်သည်။အက်ဂ်ယောနှင့် ချန်လွေ့တို့သည် သဟဇီဝစာချုပ် ချုပ်ဆိုထားကြသည်။ အကယ်၍ အက်ဂ်ယော မပေါ်လာခဲ့လျှင် မိုင်းတွင်း၌ တစ်စုံတစ်ခု ဖြစ်သွားနိုင်မည်လား။

ချန်လွေ့ မိုင်းတွင်းဆီသို့ သွားစဉ် ရှီရာသည် မှင်စာ စလီကို လျို့ဝှက် ထိန်းချုပ် ထားလိုက်သည်။အကြောင်းရင်းမှာ အမှောင်လမြို့၌ စလီပေါ်ထွက်လာပြီး ဂျိုးဆက်ပ်အား အဖြစ်မှန်ကို မသိစေရန် ဖြစ်သည်။ကျွန်-သခင် စာချုပ်ကြောင့် သခင်သေဆုံးသွားလျှင် ကျွန်လည်း အသက်ဆုံးရှုံးရမည် ဖြစ်သည်။တစ်နည်းပြောရလျှင် မှင်စာ အသက်ရှင် နေသရွေ့ ချန်လွေ့ အသက်ရှင်နေဦးမည် ဖြစ်သည်။သို့သော်လည်း ၎င်းသည် အသက်ရှင်နေသေးသည်ကိုသာ သက်သေပြနိုင်သည်။ထို့ပြင် စလီသည်ယခုအချိန်၌ ရှီရာအနားတွင်လည်း ရှိမနေပေ။

ဆူးညှောင့်တစ်ခုဟု ရှီရာ အမြဲထင်နေသည့် ရွိုင့်တွင် မှင်စာနှင့် သခင်တစ်ယောက်တည်း ရှိနေသည်ကို မသိထားခဲ့ပေ။

နှစ်ရာရီ ကုန်ဆုံးသွားလေပြီ။ပရိတ်သတ်များ စိတ်ပျက်ပျက်နှင့် ထွက်ခွာတော့မည့်အချိန်၌ အရတ်စ်၏မျက်လုံးများ ရုတ်တရက် အရောင်တောက်သွားသည်။

ထိုအချိန်တွင် ပြိုင်ကွင်းထဲ၌ နောက်ထပ် အရိပ်တစ်ခု ပေါ်ထွက်လာသည်။

ဝတ်ရုံဝတ်ထားသည့် အရိပ်တစ်ခု ဖြစ်သည်။

ပရိသတ်များ အော်ဟစ်လိုက်ကြသည်။ထနေသူများ ချက်ချင်းပင် ပြန်ထိုင်လိုက်သည်။

လူပုအိုကြီး ဒီဒီနှင့် အမှောင်နတ်သူငယ် ဂျက်စီတို့ ဦးဆောင်သည့် ဝတ်ရုံ ဂိုဏ်းသားများလည်း စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။နောက်ဆုံး၌ ခေါင်းဆောင် ထွက်ပေါ်လာခဲ့လေပြီ။

ထိုပုဂ္ဂိုလ်၏ မြန်ဆန်လှသော လှုပ်ရှားမှုကြောင့် ဝတ်ရုံသည် ခေါင်းနောက်သို့ ပြုတ်ကျသွားသည်။သို့သော်လည်း သူ၏မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားပြီး မျက်လုံးသာ ပေါ်သည့်အတွက် ထိုသူ၏ သရုပ်မှန်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးပေ။

အရတ်စ် အေးစက်စက်နှင့် ပြောလိုက်သည်။

“ နောက်ဆုံးတော့ မင်းရောက်လာပြီပဲ။ ”

“ တောင်းပန်ပါတယ်။ ”

မျက်နှာဖုံးနှင့်လူသည် ဝတ်ရုံကို ပြန်ပြင်ဆင်လိုက်သည်။

“ ကျုပ်က အဝေးကနေ အပြေးလာခဲ့ရတာ။အဲ့ဒါကြောင့် နည်းနည်း နောက်ကျသွားတယ်။ အချိန်မီသေးလို့ တော်သေးတာပေါ့။ ”

မျက်နှာဖုံးနှင့်လူသည် ချန်လွေ့ပင် ဖြစ်သည်။ဘရော့ခ်နှင့် တိုက်ခိုက်စဉ်က သူ၏ အစွမ်းအားလုံးကို သုံးလိုက်ရပြီး စွမ်းအားခြားနားမှုကြောင့် သေလုမျောပါး ဖြစ်သွားခဲ့ရသည်။သူ မသေခင်တွင် ခရစ္စတီးနားသည် စွမ်းအားပြန်လည် ရရှိသွားပြီး ဘရော့ခ်ကို ခြောက်လှန့်ထုတ်လိုက်သည်။

ခရစ္စတီးနား ကယ်တင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ခရစ္စတီးနားသည် သွေးလတ်လတ် ဆတ်ဆတ်များ ရင်ဘတ်ထဲသို့ စီးကျသွားသည့်အခါ ချန်လွေ့သည် မီးလောင်သကဲ့သို့ ပူပူလောင်လောင် ခံစားခဲ့ရသည်။၎င်းသည် ခရစ္စတီးနား၏ သွေးထဲရှိ အထူးစွမ်းအား ကြောင့်လည်း ဖြစ်နိုင်သည်။ခရစ္စတီးနား၏ တည်ငြိမ်မှု နောက်ကွယ်၌ ဝှက်ထားသည့် ခံစားချက်များကြောင့်လည်း ဖြစ်နိုင်ပေသည်။

ချန်လွေ့ နိုးလာသည့်အခါ ခရစ္စတီးနား ရှိမနေတော့ပေ။ပလွေတိုတစ်ချောင်းကိုသာ ချန်ရစ်ထားခဲ့သည်။ ထိုပလွေတိုသည် ၁၅ စင်တီမီတာခန့် ရှည်ပြီး အလွန် အနုစိတ်လှသည်။“ လရောင်အောက်တွင် တစ်ကိုယ်တည်း ကခုန်ခြင်း ” ကို ခရစ္စတီးနား တီးမှုတ်ခဲ့စဉ်က အထီးကျန်မှုများနှင့် ဟာဟာဖြစ်နေမှုများကို ချန်လွေ့ မှတ်မိနေ သေးသည်။ဤပလွေတိုသည် ထိုအချိန်က ခရစ္စတီးနား အသုံးပြုခဲ့သည့် တူရိယာ တစ်မျိုးပင် ဖြစ်ပေလိမ့်မည်။

ခရစ္စတီးနား၏ စွမ်းအား အစစ်အမှန်သည် ဘရော့ခ်ကဲ့သို့ နတ်ဆိုးဧကရာဇ်ကိုပင် ခြောက်လှန့်ထုတ်နိုင်သည်။ခရစ္စတီးနားသည် နတ်ဆိုးဧကရာဇ်အဆင့် ထိပ်ဆုံး သို့မဟုတ် ပို၍ပင် ရောက်ရှိနေနိုင်သည်။ထိုကဲ့သို့ အစွမ်းထက်သည့် မိန်းမသည် ချန်လွေ့၏ ပထမဆုံးမိန်းမ ဖြစ်လာခဲ့သည်။ချန်လွေ့သည်လည်း ခရစ္စတီးနား၏ ပထမဆုံးယောက်ျား ဖြစ်လာခဲ့သည်။ယခုစဉ်းစားကြည့်လိုက်သည့်အခါ ၎င်းသည် အိပ်မက်တစ်ခုကဲ့သို့ပင် ရုတ်တရက် ခံစားလိုက်ရသည်။ချန်လွေ့သည် ခရစ္စတီးနားကို ရှာဖွေရန်အတွက် အရိပ်နက်မြို့ဆီ သွားမည်မဟုတ်ပေ။ခရစ္စတီးနားနှင့် အစွမ်းတူတူဖြစ်သည့်အထိ သို့မဟုတ် ခရစ္စတီးနား ခေါ်ထုတ်သွားနိုင်သည့် အစွမ်းရရှိသည်အထိ ချန်လွေ့သည် ပလွေတိုကို သေသချာချာသိမ်းထားမည် ဖြစ်သည်။

ခရစ္စတီးနားနှင့် ခဏတာ တွေ့ဆုံခြင်းပေလား။သို့မဟုတ် ခရစ္စတီးနားကို တစ်သက်လုံး သိမ်းပိုက်ထားမည်လား။ဆုံးဖြတ်ချက်သည် ချန်လွေ့၏ လက်ထဲ၌သာ ရှိသည်။

ချန်လွေ့ ပင့်သက်ရှိုက်ပြီး အတွေးများကို ပြန်လည်စုစည်းလိုက်ကာ ခန္ဓာကိုယ်ထဲရှိ ကြယ်စွမ်းအားကို လည်ပတ်စေလိုက်ပြီးနောက် လမ်းခရီးတစ်‌လျှောက်ရှိ ပင်ပန်းမှုများကို ပြေလျော့သွားစေလိုက်သည်။ချန်လွေ့သည် အသံတိတ်ညစိမ့်မြေမှ အမှောင်လမြို့သို့ ရောက်အောင် လိပ်ပြာနီနယ်မြေကို ဖြတ်သွားခဲ့ရသည်။တစ်နေ့လုံး တစ်ညလုံးခရီး သွားရန်အတွက် ဝိုင်ဗန်ဘုရင် လွှတ်ပေးလိုက်သည့် အစွမ်းအထက်ဆုံး ဝိုင်ဗန်များ ရှိနေ၍ တော်ပေသေးသည်။လက်ရှိတွင် သူတို့သည် မြို့အစွန်အဖျား တစ်နေရာရာ၌ ပုန်းအောင်း နေကြပေသည်။

ယခုတွင် ချန်လွေ့သည် ဝိုင်ဗန်ဘုရင် အပါအဝင် ဝိုင်ဗန်အားလုံး၏ အသိအမှတ်ပြုခြင်းကို ရရှိသွားခဲ့လေပြီ။သို့သော်လည်း ဝိုင်ဗန်ဘုရင်၏ ဒဏ်ရာများမှာ အလွန်ပြင်းထန်လှသည်။ လဲလှယ်ဌာနမှ ကုသဆေးရည် အမြောက်အမြားကို ချန်လွေ့ အသုံးပြုလိုက်လျှင်တောင် လုံးဝပြန်ကောင်းရန်အတွက် အနည်းဆုံး တစ်လခန့် လိုအပ်နေသေးသည်။

အရတ်စ်သည် ‌အရှေ့မှ ပြိုင်ဘက်ဖြစ်သူကို ကြည့်လိုက်ပြီး စွမ်းအား ယဲ့ယဲ့လေး ခံစားမိလိုက်သည်။ထင်ထားသည့်အတိုင်းပင် အက်ဂ်ယောသည် လွန်ခဲ့သော တစ်လကထက်ပို၍ အစွမ်းထက်လာသည်။အရတ်စ်၏ မျက်လုံးထဲရှိ တိုက်ခိုက်ချင် စိတ်သည် တောက်ပစွာ စတင်လောင်ကျွမ်းသွားသည်။

“ ကောင်းတယ်။မင်းငါ့ကို စိတ်မပျက်စေခဲ့ဘူး။ ”

ချန်လွေ့၏အကြည့်သည့် အရေးကြီးပုဂ္ဂိုလ်များ ထိုင်ခုံ၌ရှိနေသည့် ရှီရာထံသို့ ရောက်ရှိ သွားသည်။

“ ကောင်းပြီ။ဒါဆိုလည်းစကြတာ‌ပေါ့။ဒါကို အဆုံးသတ်ရမယ့် အချိန်ပဲ။ ”

နှစ်လကြာ စစ်စာချုပ်သည် ချန်လွေ့ကို အယ်ခိတ်အခြေအနေ ကြယ်စုဆောင်းသူမှ ယနေ့ကြယ်ဦးစီးအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ထိုကြီးမားလှသည့် ဖိအားသည် ချန်လွေ့အတွက် တွန်းအားတစ်ခု ဖြစ်သွားခဲ့သည်။

“ မင်း အရင်အနားမယူတော့ဘူးလား။ငါလိုအပ်တာက အကောင်းဆုံးအခြေအနေမှာ ရှိနေတဲ့ ပြိုင်ဘက်ပဲ။ဒီနေ့တိုက်ပွဲက မင်းရဲ့ သေရေးရှင်ရေးကို အဆုံးအဖြတ် ပေးမှာ။ ”

“ မလိုပါဘူး။ ”

ခရစ္စတီးနား၏သွေးကြောင့် ချန်လွေ့ ပြန်လည်ရှင်သန်လာပြီးနောက် သူ၏စွမ်းအင်နှင့် ခွန်အားတို့ အဆတိုးသွားသည်ဟု ခံစားလိုက်ရသည်။ထို့ပြင် ချန်လွေ့တွင်လည်း [နက္ခတ်သဏ္ဍာန်]၏ အထူးလက္ခဏာရှိသည့်အတွက်ကြောင့် ဤကဲ့သို့ ပင်ပန်းနွမ်းနယ်မှု သည် ကိစ္စကြီး မဟုတ်ပေ။

ယခုတွင် သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားသည် ပြင်းထန်စွာလိမ့်တက်နေပြီး ထွက်ပေါက် လိုအပ်နေသည်။ထို့ကြောင့် ချန်လွေ့သည် နောက်တစ်ဆင့် ထိုးထွင်းအမြင်ကို ရရှိရန် ဤတိုက်ပွဲကို အသုံးချနိုင်ပေသည်။

“ ဟမ့် ”

အရတ်စ်သည် အချိန်မဖြုန်းတော့ဘဲ နတ်ဆိုးမီးတောက်ကို တောက်လောင်စေ လိုက်သည်။အရတ်စ်၏ ပတ်လည်၌ ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကဲ့သို့ စွမ်းအင်လှိုင်းလုံးကြီးများ အဆက်မပြတ် ဖြန့်ကျက်နေတော့သည်။

၎င်းသည် ပရိသတ်များကို သက်ရောက်မှုရှိသွားသည်။အရတ်စ်သည် တိုက်ပွဲ စစချင်းမှာပင် နတ်ဆိုးမီးတောက်ကို အသုံးပြုလိုက်သည်။သူသည် အားကုန်ထုတ်ရန်အတွက် ပြင်ဆင် ထားပုံရသည်။

အရတ်စ်တွင် အဟန့်ကောင်းသော စွမ်းအင် ရှိနေသော်လည်း “ အက်ဂ်ယော ” မှာမူ......

အက်ဂ်ယောသည် မည်သည့် လှုပ်ရှားမှုမှ ပြုလုပ်နေဟန်မတူပေ။သူ၏ဝတ်ရုံသာ အနည်းငယ် လှုပ်ရှားသွားသည်။အရတ်စ်၏ စွမ်းအင်ကြောင့် သက်ရောက်မှု မရှိသကဲ့သို့ပင် ဖြစ်သည်။

မမြင်ရသည့် စွမ်းအင် တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်သည် လက်ရည်တူ နေကြောင်း သိနိုင်သည်။

ပရိသတ်များသည် အသက်အောင့်ထားပြီး တကယ့်တိုက်ပွဲစတင်မည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြတော့သည်။

All Chapters