နောက်ဆုံးရလာဒ်
Vol. 9 Ch. 134
စကားဆုံးသည်နှင့် အရတ်စ်လက်ထဲမှ ကောက်ရိတ်ဓားနှစ်ချောင်းသည် အရိုးရှည် ကောက်ရိတ်ဓားတစ်လက်အဖြစ် ပေါင်းစည်းသွားသည်။ သူ၏ လက်နှစ်ဖက်ကို အလျင် အမြန် လှုပ်ရမ်းလိုက်ရာ ကောက်ရိတ်ဓားသည် အရှိန်မြန်စွာ စတင်လည်ပတ်တော့သည်။ ပရိသတ်များသည် အမြင်များ ဝေဝါးလာပြီး ပုံပျက်လာသည်ဟု ခံစားလာရသည်။အရတ်စ် ရှိနေသည့်နေရာတွင် ထူးထူးဆန်းဆန်း ပြောင်းလဲမှုတစ်ခု ဖြစ်ပျက်နေသကဲ့သို့ပင် ဖြစ်သည်။အနည်းငယ်လှုပ်ရှားရုံဖြင့် ပြိုင်ကွင်း၏ကြမ်းပြင်သည် ဖိအားဒဏ်မခံနိုင်တော့ဘဲ ကွဲအက်လာတော့သည်။မြောက်မြားလှစွာသော ကျောက်တုံး အပိုင်းအစများသည် စွမ်းအား၏လွမ်းမိုးမှုအောက်တွင် ဖြည်းဖြည်းချင်း ကြွတက်လာသည်။ သို့သော်လည်း အမြင့်ကြီး မရောက်သေးခင်မှာပင် ကြေမွသွားခဲ့သည်။
အလွန်မြန်ဆန်နေသည့် ကောက်ရိတ်ဓား၏ ကြောက်မက်ဖွယ်ရာဖိအားကို ချန်လွေ့ ပထမဆုံး ခံစားလိုက်ရသည်။ထိုတိုက်ကွက်သည် ကမ္ဘာတုန်လှုပ်စေနိုင်သဖြင့် တည့်တည့် မခုခံသင့်ပေ။ချန်လွေ့သည် ခြေထောက်မှ အားအင်ကိုစုစည်းပြီး အရတ်စ်ကို အဝိုင်းပတ်ပတ်တော့သည်။သို့သော်လည်း ဖိအားသည် အလွန်ပြင်းထန်လှသောကြောင့် ခြေထောက်ကို ရွေ့လျားရန်အတွက်ပင် အလွန်အမင်း ခက်ခဲနေပေသည်။
ကောက်ရိတ်ဓားကို လှည့်နေရင်း အရတ်စ်၏ အဟုန် အလွန်မြင့်တက်သွားကာ မျက်စိကျိန်းလောက်သည့် အလင်းရောင်တစ်ခု ထုတ်လွှတ်လိုက်သည်။အလွန်လျင်မြန် နေသည့်အတွက် အရတ်စ်၏လက်များ ပျောက်ကွယ်သွားသကဲ့သို့ ထင်ရသည်။ထို အခိုက်တွင် ချန်လွေ့သည် အရတ်စ်၏ အနောက်ဘက်သို့ ရောက်သွားပြီး အရှိန်ယူ နေသည်ကို နှောင့်ယှက်ရန် ပြင်ဆင်လိုက်သည်။ရုတ်တရက် အရတ်စ်၏ပုံရိပ် ပျောက်ကွယ် သွားသည်။တယ်လီပို့ခုန်ခြင်းပေတည်း။
နောက်ဘက်မှလာသည့် ကြောက်မက်ဖွယ်ရာ အသက်ရှူသံတစ်ခုကို ချန်လွေ့ ခံစားလိုက်ရသည်။မကောင်းသည့်အရာတစ်ခုခု ဖြစ်နေပြီဟု သိလိုက်ပြီး ချန်လွေ့ ချက်ချင်း နောက်လှည့်ကြည့်လိုက်သည်။နောက်ဘက် ၇မီတာ ၈မီတာအကွာ၌ အရတ်စ်၏ ပုံရိပ်သည် လက်ထဲ၌မီးလောင်နေရင်း ပေါ်ထွက်လာသည်ကို တွေ့လိုက် ရသည်။ မီးတောက်များ ဖုံးလွှမ်းနေပြီး ကြီးမားကြမ်းကြုတ်သည့် သားရဲတစ်ကောင်သည် မာန်ဖီနေရင်း ချန်လွေ့ဆီ ပြေးလာတော့သည်။
ချန်လွေ့သည် မိမိဆီသို့လာနေသည့် လောင်ကျွမ်းမှုအား တစ်ခုကို ခံစားလိုက်ရသည်။ ၎င်းတွင် ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းစွမ်းအား ပါဝင်နေသည်။၎င်းသည် ပုံရိပ်ယောင်မဟုတ်ကြောင်း ချန်လွေ့ ခံစားမိနေသည်။ယခုတွင် ရှောင်တိမ်း၍ မရ တော့သည့်အတွက် ချန်လွေ့အော်ဟစ်လိုက်ကာ လက်နှစ်ဖက်လုံးတွင် ကြယ်စွမ်းအားများ စုစည်းပြီး သားရဲကို ရင်ဆိုင်လိုက်သည်။
ယခင်က အမြဲကင် ချန်လွေ့သည် [ အရုဏ်ဦးပစ်ချက် ] ပစ်ပြီး တစ်ဖက်လူက ခုခံရ လေသည်။ယနေ့၌ ချန်လွေ့သည် အလှမ်းဝေး စွမ်းအင်တိုက်ခိုက်မှုရှိသည့် ပြိုင်ဘက် တစ်ယောက်နှင့် ရင်ဆိုင်ရလေပြီ။ချန်လွေ့ ခုခံရမည့် အလှည့်ရောက်ပြီ ဖြစ်သည်။
ထိတွေ့လိုက်သည့် အခိုက်တွင် ချန်လွေ့တစ်ကိုယ်လုံး တုန်ခါသွားပြီး ကြောက်စရာ ဖိအားကြောင့် ပုံပျက်သွားသလို ခံစားလိုက်ရသည်။သူ၏ကြယ်စွမ်းအားပင် ပြိုလဲလုနီးပါး ဖြစ်သွားသည်။ထို့ကြောင့် ချန်လွေ့ စိတ်အေးနေ၍မရပေ။ခုခံမှု ပြိုလဲသွားသည်နှင့် ထိုကြောက်မက်ဖွယ်ရာအားသည် ချန်လွေ့ကိုလုံးဝ ဝါးမျိုသွားမည် ဖြစ်သည်။
ချန်လွေ့လည်း တွန်းအားကြောင့် နောက်ဆုတ်သွားရသည်။ သားရဲဖြတ်သွားသည့် နေရာတိုင်းတွင် ကြေမွသွားပြီး ဆက်လက်ကြေမွနေသည့်အတွက် ချန်လွေ့သည် ခုခံသည့်အနေအထား၌သာ နေနေရသည်။ကြယ်စွမ်းအား အလျင်အမြန် ကုန်ခမ်း နေသည်ဟု ချန်လွေ့ ခံစားနေရသည်။
“ ဘုန်း ”
ချန်လွေ့၏ကျောဘက်သည် ခိုင်မာသည့် နံရံနှင့် တိုက်မိသွားပြီး နောက်သို့ ဆက်ဆုတ်၍ မရတော့ပေ။
မသိလိုက်ဘဲနှင့် ချန်လွေ့သည် သားရဲကြောင့် ကွင်းဘေးဘက်သို့ ရောက်ရှိလာသည်။ ဘေးဘက်ရှိ နံရံများတွင် ခုခံမှုတိုးမြှင့်ထားသည့်အတွက် သက်ရောက်မှုကို ပယ်ဖျက်ရန် ချန်လွေ့ နောက်ဆုတ်နေ၍ မရတော့ပေ။သားရဲအားကို အတင်း ခုခံရပေတော့မည်။ ထိုအချိန်မှာပင် ချန်လွေ့ ခံစားနေရသည့်ဖိအားသည် တစ်ဆနှစ်ဆခန့် တိုးသွားသည်။
ကြမ်းတမ်းသော သားရဲသည် မီးလုံးအသွင် ပြောင်းသွားပြီး မရှောင်နိုင်တော့သည့် ချန်လွေ့ကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားလိုက်သည်။နံရံတွင် မီးလုံးကြီး ပြင်းပြင်း ထန်ထန် ယိမ်းထိုးလှည့်ပတ်နေသည်ကိုသာ ပရိသတ်များ မြင်နိုင်ကြသည်။မှော်ခုခံမှုများ ရှိနေသည့် နံရံများပင် စတင်အက်ကွဲလာသည်။ထို့ကြောင့် “ အက်ဂ်ယော ” ခုခံနေရသည့် စွမ်းအားသည် မည်မျှကြောက်မက်ဖွယ် ကောင်းကြောင်း သူတို့ မှန်းဆနိုင်သည်။
တဖြည်းဖြည်းနှင့် မီးလုံး၏ လှုပ်ရှားနေမှု ရပ်တန့်သွားသည်။အက်ဂ်ယောကို သားရဲက လုံးဝဝါးမျိုလိုက်ပြီ ထင်ရသည်။ရွိုင့်၏ အမူအရာလည်း ချက်ချင်း ပြောင်းလဲ သွားသည်။အကယ်၍ ချန်လွေ့ သေမည်ဆိုလျှင် သူကိုယ်တိုင်လည်း သေမည် ဖြစ်သည်။ သူခေါင်းလှည့်လိုက်စဉ်တွင် ဗာဆာရှာ၏ ဇဝေဇဝါအကြည့်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူတည်တည်ငြိမ်ငြိမ် နေလိုက်ရသည်။
လူပုအိုကြီး ဒီဒီလည်း ကြောက်လန့်သွားသည်။သူ၏သခင် အက်ဂ်ယောသည် ဝတ်ရုံဂိုဏ်း၏ ကျောရိုး ဖြစ်သည်။အက်ဂ်ယောသေသွားလျှင် ဝတ်ရုံဂိုဏ်းလည်း ပျက်စီးသွားမည် ဖြစ်သည်။
အဲလန်ပြုံးလိုက်သည်။ ဒီသောက် အက်ဂ်ယောရဲ့အစွမ်းက အချိန်တိုအတွင်းမှာပဲ တော်တော်လေး တိုးတက်သွားတာပဲ။အရတ်စ်က ပိုပြီးအစွမ်းထက်လို့ တော်သေး တာပေါ့။ နောက်ဆုံးတေ့ ဒီကောင် သေသွားပြီ။ ယခုတွင် အဲလန်သည် ပြိုင်ကွင်း၌ နောက်ထပ် ကြီးကြီးမားမား လောင်းကြေးထပ်ခဲ့သည်။အနိုင်ရခြင်းမှ ကြွယ်ဝလာစေရန် အတွက် အဲလန်သည် အရတ်စ် အနိုင်ရမည်ဟု လောင်းကြေးထပ်ထားခဲ့သည်။
ရှီရာ၏ အမြင်သည် ထိုသူတို့ထက် သာလွန်သည်။သူ၏ ရေခဲတုံးကဲ့သို့ အမူအရာသည် လုံးဝပြောင်းလဲမှု မရှိပေ။သို့သော်လည်း သူ၏မျက်လုံးထဲရှိ အလင်းရောင်ဖျော့ဖျော့လေး ရှိနေသည်။ ဒီ အက်ဂ်ယောက မရိုးရှင်းဘူး။
ထိုအချိန်၌ ရပ်တန့်လုနီးပါး ဖြစ်နေသည့် မီးလုံးသည် ရုတ်တရက် တုန်ခါ သွားသည်။ချက်ချင်းပင် တုန်ခါမှု ပို၍ပို၍ ပြင်းထန်လာသည်။ထို့နောက် ဝုန်းခနဲ အသံမြည်ကာ မီးပွင့်များ ထွက်ပေါ်လာပြီး မှော်ခုခံမှုအစီအရင် ရှိသည့် နံရံသည်လည်း မီးလုံး ပြိုလဲသွားခြင်းကြောင့် ပျက်စီးသွားသည်။ထို့နောက်တွင် မီးခိုးမြောက်မြားစွာ ဖုံးလွှမ်းနေသည့် ပုံရိပ်တစ်ခုသည် ဖြည်းဖြည်းချင်း ထင်ရှားလာသည်။
အက်ဂ်ယော ပေတည်း။
သူက တကယ်ပဲ အရတ်စ်ရဲ့ အနှိုင်းမဲ့တိုက်ကွက်ကို ခုခံနိုင်ခဲ့တယ်။
ချန်လွေ့သည် ပြင်းပြင်းထန်ထန် မောဟိုက်နေသည်။ခုနက သူ၏ဝတ်ရုံ အစိတ်စိတ် အမွှာမွှာ စုတ်ပြဲနေပြီး ကြယ်စွမ်းအားလည်း ကုန်ခမ်းလုနီးပါး ဖြစ်ခဲ့သည်။သို့သော်လည်း ခန္ဓာကိုယ်ထဲရှိ ပြင်ပအားတစ်ခုသည် ရုတ်တရက် တစ်ကိုယ်လုံးကို ဖြည့်တင်းသွားပြီး သားရဲကို ခုခံလိုက်သည်။ချန်လွေ့သည် ရဲတင်းသည့် အကြံတစ်ခု ရသွားခဲ့သည်။ အသစ်ရရှိထားသည့် ထိုးထွင်းအမြင်ကို အသုံးချပြီး သားရဲ၏အစွမ်းထက် တိုက်ခိုက်မှုမှ တစ်ဆင့် ခရစ္စတီးနားထံမှ အမည်မသိ အားတစ်ခုကို သန့်စင်ကာ အရှိန်မြန်မြန် ချေဖျက်လိုက်သည်။ထိုကဲ့သို့ လောင်းကြေးထပ်ပြီး သန့်စင်ခြင်းသည် အတော်လေး အောင်မြင်သွားခဲ့သည်။ချန်လွေ့သည် အသစ်စက်စက် ခံစားချက်ကို ဆုပ်ကိုင်မိသွား သော်လည်း ထပ်ပြီး အဆင့်တက်ရန် မအောင်မြင်ခဲ့ပေ။နောက်ဆုံး၌ ပြည့်ဝနေသော အင်အားဖြင့် သားရဲတိုက်ခိုက်မှုကို ဆွဲဖြဲနိုင်ခဲ့သည်။
သုံးဖက်မြင် လူခန္ဓာကိုယ်ရှိ ကြယ်မှုန်များသည် အဆုံးစွန်အထိ တောက်ပနေပြီး ချန်လွေ့၏ အတွေ့အကြုံတန်ဖိုး အပြည့်ဖြစ်သွားသည်။
ချန်လွေ့သည် အဆင့်တက်ရန် တစ်လှမ်းပင် လိုတော့သည်။ကံဆိုးစွာပင် တစ်လှမ်းလို နေသေးသည်။အနည်းငယ် ကွာခြားမှုသည် အလွန့်အလွန် ကြီးမားလှသည်။
အနှိုင်းမဲ့တိုက်ကွက်ကို ချန်လွေ့ ဖြေရှင်းနိုင်လိုက်သည့်အတွက် အရတ်စ် ထိတ်လန့်သွား သော်လည်း အလျင်အမြန် တုံ့ပြန်လိုက်သည်။အရတ်စ်သည် ချန်လွေ့၏ ခေါင်းပေါ်သို့ တယ်လီပို့ခုန်ပြီး နှစ်ဖက်ဓားသွား ကောက်ရိတ်ဓားဖြင့် ခေါင်းကို ခုတ်ပိုင်းချလိုက်သည်။ ချန်လွေ့ အားအနည်းဆုံးအချိန်၌ အရတ်စ် အသေသတ်ရမည် ဖြစ်သည်။
ထို့နောက် နောက်စေ့တွင် မျက်လုံးရှိသကဲ့သို့ပင် ချန်လွေ့သည် လက်နှစ်ဖက်ကို ဓားပုံစံဖြင့် နောက်သို့ခုတ်လိုက်သည်ကို အရတ်စ်မြင်လိုက်သည်။
ဆယ်စုနှစ်ကျော် တိုက်ခိုက်မှု အတွေ့အကြုံများသည် အရတ်စ်အား သေရေးရှင်ရေး ခံစားချက်တစ်ခုကို ခံစားမိစေသည်။အရတ်စ်သည် ကောက်ရိတ်ဓားကို အတင်းရုပ်သိမ်း လိုက်ပြီး အချိန်မီ ခုခံလိုက်သည်။ အကွာအဝေးကြောင့် ဓားလက်သည် ကောက်ရိတ်ဓားနှင့် အမှန်တကယ် မထိခဲ့ပေ။၎င်းသည် လေကို ခုတ်လိုက်မိသော်လည်း ကောက်ရိတ်ဓား၌ မီးပွင့်များထွက်လာကာ အမှန်တကယ် တုန်ခါသွားသည်။
ထို့နောက်တွင် အရတ်စ်သည် မမြင်နိုင်သည့် ကြောက်မက်ဖွယ်ရာ ချီတစ်ခုကို ခံစားလိုက်ရသည်။ကောက်ရိတ်ဓားနှင့် ရိုက်ခတ်မိပြီးနောက် ၎င်း၏အဟုန် မကွယ်ပျောက်သွားခဲ့ပေ။၎င်းသည် အမှန်တကယ်ပင် ကောက်ရိတ်ဓားကို ဖောက်ထွင်း သွားပြီး အရတ်စ်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။ရုတ်တရက် သူ၏ရင်ဘတ် ပေါ်ရှိ ချပ်ကာ၌ အက်ကွဲမှုတစ်ခု ထပ်တိုးသွားသည်။
အလင်းလုံးအပြင် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ တိုက်ကွက်မျိုး ချန်လွေ့ဖုံးကွယ် ထားလိမ့်မည်ဟု မထင်ထားသည့်အတွက် အရတ်စ် ထိတ်လန့်သွားသည်။သူ၏ ကြိုးစားမှုကြောင့် ရရှိလာသည့် ပင်ကိုအသိစိတ်ကြောင့်သာ မဟုတ်လျှင် မမြင်ရသည့် ချီစွမ်းအင်ကြောင့် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားပေလိမ့်မည်။
အရတ်စ်သည် [ အရှိန်အဝါဓားသွား ]၏ အင်အားကို အခွင့်ကောင်းယူပြီး နောက်လှည့်ကာ ချန်လွေ့နှင့် ဝေးကွာအောင် ပြုလုပ်လိုက်သည်။မြေသို့ကျသွားသည်နှင့် သေရေးရှင်ရေး ခံစားချက်တစ်ခု ခံစားလိုက်ရပြန်သည်။ ချန်လွေ့သည် သူ့ကို လက်ဖြန့်ပြီး ချိန်ထားကြောင်း အရတ်စ် မြင်လိုက်သည်။
အရတ်စ် ရုတ်ခြည်း မျက်မှောင်ကြုတ်သွားသည်။သူသည် ခုနကမှ တယ်လီပို့ ခုန်ပြီးသည့်အတွက် အချိန်တစ်ခုအထိ ထပ်ပြီး အသုံးမပြုနိုင်တော့ပေ။
အလင်းလုံး တောက်ပလာပြီး အရတ်စ်ဆီ ပြေးထွက်သွားသည်။မျက်လုံးရှေ့သို့ ချက်ချင်း ရောက်လာသည့် အလင်းလုံးကို အရတ်စ် ခံကြိတ်ရင်း အရိုးရှည် ကောက်ရိတ်ဓားဖြင့် ခုခံလိုက်သည်။
လွန်ခဲ့သော တစ်လခန့်က အရတ်စ်သည် အလင်းလုံးကို လက်ဗလာဖြင့် ဆွဲဖြဲခဲ့သည်။ သို့သော် တစ်လအတွင်းမှာပင် နတ်ဆိုးမီးတောက် အသုံးပြုထားသော်လည်း အရတ်စ်သည် ထိုအလင်းလုံးကို မထိန်းနိုင်တော့သလို ခံစားနေရသည်။
အလင်းလုံး အရွယ်အစား တစ်ဆ ငယ်သွားသော်လည်း အထဲတွင် ပါဝင်သည့် ကြောက်မက်ဖွယ် စွမ်းအားသည် လွန်ခဲ့သော တစ်လကျော်ကထက် ဆယ်ဆ ကျော်သွားသည်။
အရတ်စ် အော်ဟစ်လိုက်ရာ နှစ်ဖက်ဓားသွား ကောက်ရိတ်ဓားပေါ်၌ မီးတောက်များ ပေါ်ထွက်လာသည်။သူ၏ခန္ဓာကိုယ်သည် အနောက်ဘက်သို့ ဖြည်းဖြည်းချင်း စတင် ဆုတ်ခွာသွားသည်။၎င်းသည် သားရဲကို ချန်လွေ့ခုခံနေသည့် မြင်ကွင်းနှင့်ဆင်တူသည်။ နှေးကွေးသော်လည်း မြေပြင်ပေါ်ရှိ ဖျက်ဆီးမှု လက္ခဏာများသည် ပို၍ပင် မယုံနိုင်စရာ ကောင်းလှသည်။
ကောက်ရိတ်ဓားကို ကိုင်ထားသည့် အရတ်စ်၏လက် ဖြည်းဖြည်းချင်း သွေးထွက်လာပြီး တစ်ကိုယ်လုံးရှိ စွမ်းအားများ သိသိသာသာ လျော့ကျလာကာ အကန့်အသတ်ကို ရောက်လုနီးပါး ဖြစ်နေလေပြီ။
နောက်ဆုံး၌ [ အရှိန်အဝါဓားသွား ] ထိမိထားသည့် ကောက်ရိတ်ဓားသည် ထိုကဲ့သို့ လေးလံသည့်ဖိအားမျိုးကို မခံစားနိုင်တော့ဘဲ ချွမ်းခနဲ အသံမြည်ကာ နှစ်ပိုင်းပြတ် သွားတော့သည်။သို့သော်လည်း အရတ်စ်သည် အတွေ့အကြုံ ရင့်ကျက်လှသည်။ ကောက်ရိတ်ဓား ကျိုးပဲ့မှုကြောင့် ပြင်းထန်သောဖိအားကို လျော့ကျစေသည့် အခိုက် အတန့်အား အခွင့်ကောင်းယူပြီး နောက်ဆုတ်နေသည်ကို တားဆီးရန်အတွက် ခြေဆောင့် နင်းလိုက်သည်။ဓားသွားကျိုးနှစ်ခုကို ကိုင်ထားသည့် လက်သီများ ရုတ်တရက် စွမ်းအား ပြည့်သွားပြီး [ အရုဏ်ဦးပစ်ချက် ]ကို အဝေးသို့ တွန်းထုတ်လိုက်သည်။ တွန်းဖယ်ခံလိုက်ရသည့် [ အရုဏ်ဦးပစ်ချက် ]သည် အကာအကွယ် မှော်အစီအရင် ပါရှိသည့် နံရံကို ထိုးဖောက်သွားပြီး ကြောက်မက်ဖွယ်ရာ အပေါက်တစ်ပေါက် ဖြစ်သွားစေသည်။
အရတ်စ်သည် အင်အားအကုန်လုံး ဖွင့်ထုတ်လိုက်ရသည့်အတွက် ရုတ်တရက် ပြိုလဲတော့မလိုဖြစ်သွားပြီး ပြင်းပြင်းထန်ထန် မောဟိုက်နေတော့သည်။ရုတ်တရက် မျက်နှာချင်းဆိုင်ဘက်မှ အဖြူရောင်အလင်း တောက်ပလာသည်။နောက်ထပ် အလင်းလုံးတစ်လုံး ရောက်ရှိလာသည်ကို အရတ်စ် မြင်လိုက်ရသည်။
ဒုတိယမြောက် [ အရုဏ်ဦးပစ်ချက် ]ပေတည်း။
အရတ်စ်၏စိတ်ထဲ၌ ရုတ်တရက် ငေါင်သွားသည်။ အက်ဂ်ယောသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ဆက်တိုက် အသုံးပြုနိုင်နေသည်။ထို့ပြင် တယ်လီပို့လည်း အသုံးပြု၍မရသေးပေ။
ရှောင်လွှဲ၍ မရတော့သည့်အတွက် အရတ်စ်သည် ဓားကျိုးနှစ်ချောင်းကို လွှင့်ပစ် လိုက်သည်။ ခန္ဓာကိုယ်ပေါ်ရှိ ပျောက်ကွယ်လုနီးပါး မီးတောက်လည်း ပြန်လည် တောက်ပလာသည်။ပြင်းပြင်းထန်ထန် အော်ဟစ်ပြီးနောက် အရတ်စ်သည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ [ အရုဏ်ဦးပစ်ချက် ] ကို ထပ်ပြီး ခုခံလိုက်ပြန်သည်။ ယခုတွင် အရတ်စ် ပင်ပန်းနေပြီဖြစ်သည့်အတွက် ယခင်ကထက်ပို၍ အားထုတ်နေရသည်။ ခန္ဓာကိုယ်ပေါ်ရှိ သတ္တုချပ်ကာလည်း ပြင်းထန်လှသည့် ဖိအားကြောင့် စုတ်ပြတ်သတ် သွားသည်။ လက်ဝါး၊လက်မောင်းနှင့် ပုခုံးပေါ်ရှိ ကြွက်သားများလည်း စတင်သွေးယိုစီး လာသည်။သူ၏ခန္ဓာသည်လည်း ယခင်တစ်ခေါက်ထက် ပို၍မြန်မြန် နောက်ဆုတ် သွားသည်။
လက်ရှိအခြေအနေအရ ထိုတိုက်ခိုက်မှုကို မခုခံနိုင်လျှင် သူသေသွားမည်ဖြစ်သည်။
ခုခံမှု ပြိုလဲပြီး နတ်ဆိုးမီးတောက်လည်း ငြိမ်းတော့မည်ဟု အရတ်စ် ခံစားလိုက်ရသည်။ သူသည် ရဲရင့်သောစိတ်ဆန္ဒဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားနေသော်လည်းသူ၏စိတ် ဆန္ဒသည် ပြိုလဲလုနီးပါး ဖြစ်နေခဲ့လေပြီ။
“ ငပျော့။မင်းငါ့ကို သတ်နိုင်လား။ ”
သူ၏ရှေ့တွင် ဂျိုးဆက်ပ်၏ သရော်သည့်မျက်နှာ ပေါ်လာပြန်သည်။
“ ငါမင်းကို အသက်ရှင်ခွင့်ပေးပြီးတော့ ငါ့ကိုစိန်ခေါ်ခွင့်ပေးမယ်။မင်းငါ့ကို အနိုင်မယူနိုင် သေးခင်တော့ င့ါဘေးနားမှာ အနိမ့်ကျဆုံး ခွေးတစ်ကောင်လို နေရမယ်။ ”
အရတ်စ် မျက်လုံးထဲရှိ တိုက်ခိုက်ချင်စိတ်များ အဆုံးစွန်အထိ လောင်ကျွမ်းသွားပြီး မျက်ဝန်းများ ရုတ်တရက် ခရမ်းရောင် ပြောင်းသွားသည်။သေလုဆဲဆဲမှာပင် သူ၏ အစွမ်းသည် အကန့်အသတ်ကို ကျော်လွန်၍ ပေါက်ကွဲထွက်သွားသည်။သူ၏ ကိုယ်ပေါ်၌ မီးတောက်နီ ပြန်လည်တောက်ပလာပြီး အရောင်ပိုနက်လာသည်။တွန်းခံနေရသည့် ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်းရပ်တန့်သွားပြီး တည်တည်ငြိမ်ငြိမ် ရပ်တည်နေ တော့သည်။
ပရိသတ်များ၏ ကျယ်ကျယ်လောင်လောင် အားပေးသံအောက်တွင် ဒုတိယမြောက် [အရုဏ်ဦးပစ်ချက်] အလင်းရောင်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ အရတ်စ်၏ ခရမ်းရောင်မီးတောက်သည်လည်း မူလအတိုင်း အနီရောင်ပြန်ပြောင်းသွားပြီး တဖြည်းဖြည်း ငြိမ်းသွားသည်။စွမ်းအင်အားလုံး ထုတ်သုံးလိုက်ရသည့် မဟာနတ်ဆိုးလည်း အားနည်းလာတော့သည်။
ထိုအချိန်၌ သေရေးရှင်ရေးခံစားမှုတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ တယ်လီပို့ခုန်အတွက် ရှိသမျှအင်အားများကို အရတ်စ် မစုစည်းနိုင်သေးခင်မှာပင် ကျောဘက်မှ လက်ဝါးတစ်ခုသည် လည်ပင်းထံ ရောက်ရှိသွားသည်။
ထိုလက်ဝါးသည် အားမပါဘဲနှင့် အရတ်စ်၏ လည်ပင်းကို အသာလေး ပွတ်သွားသည်။ သို့သော်လည်း အရတ်စ်၏ မျက်လုံးနီနီထဲ၌ အလင်းရောင် ရုတ်တရက် ပျောက်ကွယ် သွားသည်။
“ ငါအရှုံးပေးတယ်။ ”
ထိုအသံသည် မကျယ်လှသေည်လည်း နားပါးသည့် နတ်ဆိုးအများအပြား သေသေချာချာ ကြားလိုက်ရသည်။နားကြားမှားနေသည်ဟု သူတို့ခဏတွေးလိုက်မိသည်။
အရတ်စ်သည် တယ်လီပို့ခုန်ရန် စက္ကန့်အနည်းငယ်သာ ကျန်တော့ကာ တယ်လီပို့ခုန် ပြီးနောက် ဆက်လက်တိုက်ခိုက်၍ ရသော်လည်း အရတ်စ် ဖြစ်သည့်အတွက် ထိုကဲ့သို့ မလုပ်ခဲ့ပေ။
ရှုံးတယ်ဆို ရှုံးတယ်ပဲ။
အရတ်စ်သည် ပြိုင်ပွဲအတွင်း၌ အလေးစားရဆုံးသူ ဖြစ်လျှင်တောင် ပြိုင်ဘက်ကို မတုံ့မဆိုင်းဘဲ ခေါင်းဖြတ်လိုက်မည် ဖြစ်သည်။လုံးဝအလျှော့မပေးပေ။သို့သော်လည်း အရတ်စ်တွင် ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် ဇွဲလုံ့လ ရှိသည်။စစ်မှန်သောတိုက်ပွဲကို မလေးမစား ပြုလုပ်မည့်အစား အသက်သာ အသေခံလိုက်မည် ဖြစ်သည်။
တစ်ခုတည်းသော ဝမ်းနည်းစရာမှာ အလင်းလုံးကို ခုခံနေခဲ့သည့် သေရေးရှင်ရေးကာလ၌ တစ်ဆို့နေမှုကို လုံးဝချိုးဖောက်နိုင်တော့မည့်ခံစားချက် ပို၍ပင် နီးကပ်လာခဲ့ခြင်း ဖြစ်သည်။သို့သော်လည်း သူ မဆုပ်ကိုင်နိုင်ခဲ့ပေ။တစ်ဆို့မှုကို စိန်ခေါ်နိုင်မည့် နောက်ထပ် အခွင့်အရေးတစ်ခု သူ့ထံတွင် မရှိလောက်တော့ပေ။