သူလျှို
Vol. 10 Ch. 137
နောက်တစ်နေ့ နံနက်ပိုင်း၌ အက်ဂ်ယောသည် ပြိုင်ကွင်း မှတ်ပုံတင်ခန်းမထဲသို့ သဘောတူထားသော ပြောင်းရွှေ့ချိန်အတွင်း ရောက်ရှိလာခဲ့သည်။
သူ့ကိုစောင့်နေကြသည်မှာ ဂျိုးဆက်ပ် လက်အောက်မှ အမြင့်ဆင့်နတ်ဆိုး သုံးယောက် ဖြစ်သော ရွိုင့်စ်၊အရတ်စ်နှင့် ဗာဆာရှာတို့ ဖြစ်ကြသည်။
ယမန်နေ့ကထက်စာလျှင် အရတ်စ်သည် ပို၍တက်ကြွနေသည်။သို့သော်လည်း စွမ်းအား ကုန်ဆုံးထားသည့်အတွက် အနည်းငယ် အားနည်းနေသည်။ ချန်လွေ့၏စွမ်းအားသည် အားမနည်းသွားရုံသာမက ပို၍တိုးမြင့်သွားသည်ကို ခံစားမိလိုက်ပြီး အရတ်စ် အနည်းငယ် အံ့အားသင့်သွားသည်။သို့သော်လည်း ဘာမျှ မပြောခဲ့ပေ။
“ မစ္စတာ အက်ဂ်ယော။ဆာ-ဂျိုးဆက်ပ်က ခင်ဗျား ဒီပြိုင်ကွင်းကို မသိမ်းယူခင် စကား ပြောချင်နေတယ်။ဒါပေမဲ့လည်း သူကအခု လိပ်ပြာနီနယ်မြေက ကိစ္စတချို့ကို ကိုင်တွယ် နေတယ်။အဲဒါကြောင့် သူ့နဲ့ဆက်သွယ်ဖို့အတွက် မှော်ဆက်သွယ်ရေး အဆောင်ကို သုံးခွင့် ပေးပါ။ ”
ဂျိုးဆက်ပ် မရှိသည့်အကြောင်းကို ယမန့်နေ့က ရွိုင့်စ်ထံမှ ချန်လွေ့ ကြားခဲ့သည်။ ချန်လွေ့သည် တမင်တကာပင် ဘေးပတ်ပတ်လည်ကို ခဏမျှ ကြည့်လိုက်သည်။အရတ်စ် သဘောပေါက်သွားပြီး ပြောသည်။
“ စိတ်ချပါ။ဒီမှာ ကျုပ်တို့ လေးယောက်ကလွဲပြီးတော့ ဘယ်သူမှ မရှိပါဘူး။ ”
ချန်လွေ့သည် မျက်နှာသေ ဖြစ်နေသည့် ဗာဆာရှာကို ဖြတ်ခနဲကြည့်ပြီးနောက် ရွိုင့်စ်ကို တစ်ဖန်ပြန်ကြည့်သည်။ထို့နောက် ခေါင်းညိတ်လိုက်သည်။
ဗာဆာရှာ၏ အလှတရားသည် သာလွန်သော်လည်း အသီနာနှင့်ယှဉ်လျှင် အနည်းငယ် ဝေးကွာနေသေးသည်။ သို့သော်လည်း ရွိုင်စ့်သည် ထိုမိန်းမလေးကို အလွန်ပင် စွဲလမ်းနေ၏။
ရွိုင့်စ်သည် မှော်ဆက်သွယ်ရေး အဆောင်ကို ထုတ်ပြီး စွမ်းအားအနည်းငယ် သုံးကာ စားပွဲပေါ်၌ တင်ထားလိုက်သည်။
မှော်ဆက်သွယ်ဆေး အဆောင်မှ အလင်းရောင်ခြည်တန်းများ ထွက်ပေါ်လာသည်။ မကြာမီတွင် ၎င်းသည် ချိတ်ဆက်သွားပုံရပြီး ရောင်ခြည်တန်းထဲ၌ ဂျိုးဆက်ပ်၏ပုံရိပ် ထွက်ပေါ်လာသည်။
မနေ့ညက ရွိုင့်စ်သည် ဂျိုးဆက်ပ်ဆီသို့ ဆက်သွယ်ခဲ့သည်။ ဂျိုးဆက်ပ်သည် ပုံမှန် အတိုင်းပင် ပြုံးနေပြီး ချန်လွေ့ကို ခေါင်းညိတ်ပြလိုက်သည်။
“ အရင်ဦးဆုံးအနေနဲ့ ဂုဏ်ယူပါတယ်။မစ္စတာ အက်ဂ်ယော။နှစ်ခုအတွင်းနဲ့ ခင်ဗျားက အလယ်ဆင့်နတ်ဆိုးကနေ အမြင့်ဆင့်နတ်ဆိုးဆီ ခုန်တက်သွားပြီးတော့ ကျုပ် လက်အောက်မှာရှိတဲ့ အစွမ်းထက်ဆုံး အမြင့်ဆင့်နတ်ဆိုးကို အနိုင်ယူနိုင်ခဲ့တယ်။ဒါက တကယ့်ကို အံ့ဩဖွယ်ရာပဲ။ ”
ချီးကို အံ့ဩဖွယ်ရာလား။ ဒီကြောင်သူတော် ကြွက်သူခိုးက မျက်နှာဖုံးနောက်မှာ သူအသည်းအသန် သတ်ဖို့ကြိုးစားနေတဲ့ လူသားရှိနေတာကိုသိမယ်ဆိုရင် သူ့မျက်နှာက တကယ့်ကို ကြောက်စရာ ကောင်းနေမှာပဲ။ ချန်လွေ့ စိတ်ထဲ၌ လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။
“ ကျုပ်အတွက်တော့ ဒါကဘာမှ အံ့ဩဖွယ်ရာ မဟုတ်ဘူး။ကျုပ်ခန္ဓာကိုယ်ပေါ်ကနေ ချိပ်ပိတ်တချို့ကို ဖယ်ရှားပြီးတော့ မပြောပလောက်တဲ့ အဆင့်နိမ့် ပြိုင်ဘက် တစ်ယောက်ကို အနိုင်ယူခဲ့တာပါပဲ။ ”
ချန်လွေ့ပြောသည်ကို နားထောင်နေရင်း အရတ်စ် လက်သီးကျစ်ကျစ် ဆုပ်လိုက်သည်။ သို့သော်လည်း သူ၏စွမ်းအားသည် ချန်လွေ့လောက် မကောင်းသည့်အတွက် သူငြင်း၍ မရပေ။ပြိုင်ဘက်၏ လက်ရှိအခြေအနေအရ သူတို့ထပ်ပြီး တိုက်ခိုက်မည်ဆိုလျှင် အကန့် အသတ်ကို မချိုးဖောက်နိုင်ပါက သူအနိုင်ရရန် အခွင့်အရေး အလွန်နည်းပါးလှသည်။
“ ချိပ်ပိတ်တချို့ ဟုတ်လား။ ”
ဂျိုးဆက်ပ် မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ ပြင်းထန်လာသည်။
“ ဒီအကြောင်း မပြောဘဲနေရအောင်။ ”
ချန်လွေ့ စကားလမ်းကြောင်း လွှဲလိုက်သည်။
“ အရတ်စ်ကို ကျုပ်အနိုင်ရခဲ့တာကိုပဲ မချီးကျူးသင့်ဘူးလို့ ထင်တယ်။သဘောတူ ထားတဲ့အတိုင်းဆိုရင် ဒီပြိုင်ကွင်းကို ကျုပ်ပိုင်ရမှာလေ။ ”
“ အဲ့ဒါက မင်းနဲ့အရတ်စ်ကြားက သဘောတူညီမှုပါပဲ။ ဒါပေမဲ့လည်း ငါအသိအမှတ် ပြုပေးနိုင်ပါတယ်။ ”
ဂျိုးဆက်ပ် ရယ်ပြီး ပြောလိုက်သည်။
“ ဒါပေမဲ့ အရင်တုန်းက ရွိုင့်စ်ကို ကတိပေးထားတာကိုရော ဝန်ခံလား။ ”
ချန်လွေ့ စကားမပြောဘဲ စဉ်းစားနေပုံပေါ်သည်။ခဏအကြာမှ ပြောလိုက်သည်။
“ ကျုပ်ပြောထားတာကို ကတိတည်မှာပါ။ဆာ-ဂျိုးဆက်ပ်ကို ကျုပ်ကူညီဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့လည်း ကျုပ်တို့ရဲ့ ပတ်သက်မှုက ပူးပေါင်းတာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က ကြီးစိုးတာပဲဖြစ်ဖြစ် သေသေချာချာတွေ့ပြီးမှ ဆုံးဖြတ်ချက် ချသင့်တယ်။ ဆာက အလတ်လွှာ ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်နိုင်လောက်တယ်။ ”
ပါ့ဂ်လီအို ယမန်ညက ပြောပြခဲ့သည် အမြင့်လွှာ၊အလတ်လွှာ၊အနိမ့်လွှာ အကြောင်းကို ချန်လွေ့ ချက်ချင်း အသုံးချလိုက်သည်။
“ အလတ်လွှာ ပြိုင်ဘက် ” ဟူသော စကားလုံးကို ကြားလိုက်သည့်အခါ ဂျိုးဆက်ပ်၏ မျက်လုံးထဲ၌ ထူးဆန်းသော အရောင်များ လင်းလက်သွားသည်။
“ ကောင်းတာပေါ့။ပတ်သက်မှုက ဘယ်လိုပဲဖြစ်ဖြစ် နွေးနွေးထွေးထွေး ကြိုဆိုနေမှာပါ။ ဒီပြိုင်ကွင်းကို မင်း တရားဝင် စီမံခန့်ခွဲဖို့ အပ်နှင်းလိုက်ပြီ။စာရွက်စာတမ်းတွေကို ရွိုင့်စ်ဆီ လွှဲအပ်ထားလိုက်ပြီ။အပြောင်းအရွှေ့ စာချုပ်မှာမင်းနဲ့သူနဲ့ လက်မှတ်ထိုးရုံပဲ။ ”
ချန်လွေ့ ခေါင်းညိတ်ပြီး အရတ်စ်ကို ဖြတ်ခနဲ ကြည့်လိုက်သည်။
“ ခန္ဓာကိုယ်ပေါ်က ချိပ်ပိတ်တွေကို ထပ်ပြီး ချိုးဖောက်ဖို့အတွက် လေ့ကျင့်ရဦးမယ်။ ပြိုင်ကွင်းကိစ္စတွေကို အရှုံးသမားဆီ ပေးထားလို့ ရမလား မသိဘူး။ ”
“ အရတ်စ်က မင်းဆီကို သူ့ရဲ့အသက် ဆုံးရှုံးသွားတယ်လို့ ကြားတယ်။ဒါက မင်းရဲ့ လုပ်ပိုင်ခွင့်ပါပဲ။ ”
ဂျိုးဆက်ပ် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ ဒီလောကရဲ့ စည်းမျဉ်းက အနိုင်ရတဲ့သူ ဘုရင်ပဲ။အရှုံးသမားကတော့ နင်းချခံရမယ်။ ”
အရတ်စ်လက်သီးဆုပ်လိုက်ရာ လက်ဆစ်များ အဖြူရောင်ပြောင်းသွား၏။၎င်းကို ချန်လွေ့ မြင်လိုက်ရာ ရယ်ပြီး ပြောလိုက်သည်။
“ ဒီတော့....ကျုပ်က မင်းသမီးရှီရာနဲ့ ပတ်သက်မှုကို လူသိရှင်ကြား ဖောက်ဖျက်ပြီးတော့ ကျုပ်တို့ရဲ့ ပူးပေါင်းမှုကို ကြေညာရမှာပေါ့။ ”
“ အဲ့ဒါက မင်းသမီးရှိရာအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြီး ဖြစ်သွားမယ်လို့ ယုံကြည်တယ်။ ”
ဂျိုးဆက်ပ်လည်း ရယ်လိုက်သည်။
“ ဒါပေမဲ့လည်း သူ့အနားမှာ နေတာက ငါတို့အတွက် အနာဂတ်မှာ ပိုအကျိုး ရှိမယ်။ခင်ဗျားရဲ့ ဝတ်ရုံဂိုဏ်းက အင်ပါယာ အစောင့်တွေရဲ့ အရန်တပ်ဖွဲ့ မဟုတ် ဘူးလား။ဒါက လှည့်စားလို့ရတဲ့ နေရာအများကြီးရှိတဲ့ အံ့ဩဖွယ်ရာ သရုပ်တစ်ခုပဲ။ ”
“ ဆာ-ဂျိုးဆက်ပ်က တကယ့်ကို ပါးနပ်တာပဲ။ ”
ထိုကမ်းလှမ်းမှုသည် ချန်လွေ့ လိုချင်နေသည့်အတိုင်းပင် ဖြစ်သည်။ချန်လွေ့သည် တစ်စုံ တစ်ခု စိုးရိမ်နေဟန်ဆောင်ပြီး ပြောလိုက်သည်။
“ ဒါပေမဲ့ ဒီလိုရင် ပြိုင်ကွင်းကို မင်းသမီး ရှီရာဆီ ပေးရမှာ။ဒါက ကျုပ်ရဲ့ ဒိုင်းဆု ဖြစ်သင့်တာ။ ”
ဂျိုးဆက်ပ် ချီးကျူးလိုက်သည်။
“ တော်တယ်။ပြိုင်ကွင်းက နဂိုကတည်းကနေ သူ့ဟာပါပဲ။သူ့ခမည်းတော်က ငါ့ရဲ့ ခမည်းတော် ဂျို့ရှ်ကို ကောင်းကင်တိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့လို့ ဒီလိုဖြစ်သွားတာပါ။မင်း ပိုပြီးဝေးဝေး မြင်ကြည့်သင့်တယ်။ငါတို့ ပူးပေါင်းတာ အောင်မြင်သွားမယ်ဆိုရင် ပြိုင်ကွင်း တစ်ခုတည်းက ဘာမှမဟုတ်ဘူး။အမှောင်လမြို့မှာ ငါပိုင်တဲ့ အရင်းအမြစ်တွေ တော်တော် များများရှိတယ်။မင်းလိုအပ်ရင် ကြိုက်သလောက် ထောက်ပံ့ပေးနိုင်တယ်။ဒါပေမဲ့ အမှောင်လမြို့ဆီ ငါပြန်ရောက်လာတဲ့အထိတော့ စောင့်ရမယ်။ဒီရက်ပိုင်းအတွင်း ငါပြန် ရောက်လာသင့်တာ။ဒါပေမဲ့ မမျှော်လင့်တာ တစ်ခုခု ဖြစ်သွားတယ်။အဲ့ဒါကြောင့် ပြန်လာဖို့ နည်းနည်းကြာဦးမယ်။အစောဆုံးဆိုရင် လဝက်လောက်ပေါ့။ကြာမယ်ဆိုရင်တော့ တစ်လ လောက်ရှိမယ်။ ”
“ ကောင်းပြီလေ။ခင်ဗျားပြန်လာတာနဲ့ ချက်ချင်း ကျုပ်လာတွေ့ပါ့မယ်။ ”
ချန်လွေ့သည် တမင်တကာပင် စိတ်လှုပ်ရှားနေသည့်လေသံဖြင့် ပြောလိုက်သည်။ ဂျိုးဆက်ပ်ပြောသည့် မမျှော်လင့်ထားသည့်အရာမှာ လိုင်ရာမြို့ရှိ ဘာနကယ်၏ “သူရတိုက်ပွဲမှတ်တမ်း” ဖြစ်ကြောင်း ချန်လွေ့ စိတ်ထဲ၌ မှန်းဆမိခဲ့သည်။ဘာနကယ်သည် ဂျိုးဆက်ပ်၏ လက်အောက်ငယ်သား ဖြစ်သည်။ထို့ကြောင့် ခါနီတာနှင့် အတွင်းရေး တိုက်ပွဲ၌ ဂျိုးဆက်ပ်ကို ဆက်လက် ဆွဲသွင်းနိုင်ခဲ့ပြီး ပို၍ပြင်းထန်စေခဲ့သည့်အတွက် ကြောင့် ၎င်းကို ချန်လွေ့၏ မရည်ရွယ်ထားသော အောင်မြင်မှုဟူ၍ သတ်မှတ်နိုင်ပေသည်။
“ ဒါဆိုရင်လည်း....ငါတို့ တရားဝင် တွေ့ဆုံမယ့်အချိန်ကို စောင့်မျှော်နေပါတယ်။ ”
ဂျိုးဆက်ပ် အသာလေးပြုံးလိုက်ပြီး သူ၏ပုံရိပ် လွင့်စင်သွားကာ လုံးဝပျောက်ကွယ် သွားခဲ့သည်။
မျက်နှာဖုံးနောက်တွင် ချန်လွေ့လည်း ပြုံးနေလေသည်။ အကြီးမားဆုံး သူလျှိုမှာသည် အောင်အောင်မြင်မြင်နှင့် စတင်သွားလေပြီ။
ရွိုင့်စ်သည် ပြိုင်ကွင်း လွဲပြောင်းမှု မှော်စာရွက်စာတမ်းများကို ထုတ်လိုက်သည်။ နှစ်ယောက်စလုံး လက်မှတ်ထိုးပြီးသွားသည့်အခါ လွဲပြောင်းမှုကိစ္စ ပြီးဆုံးသွားလေပြီ ဖြစ်သည်။
ချန်လွေ့သည် အရတ်စ်ကို ပြောလိုက်သည်။
“ အရတ်စ်။ခုနက ဆာ-ဂျိုးဆက်ပ် ပြောတာကို ခင်ဗျားလည်း ကြားလိုက်တာပဲ။ခင်ဗျားက ပြိုင်ကွင်းကိစ္စတွေအတွက် တာဝန်ရှိနေတုန်းပဲ။ဒါပေမဲ့ ကျုပ်က ပြိုင်ကွင်းရဲ့ တကယ့် ပိုင်ရှင် ဆိုတာကို ခင်ဗျား သေသေချာချာ မှတ်ထားရမယ်။ ”
အရတ်စ်သည် သွေးနီရောင် မျက်လုံးများသည် ဒေါသများ ပြည့်နှက်နေပြီး ချန်လွေ့၏ မျက်နှာဖုံးနောက်မှ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ချန်လွေ့ ပုံမှန်အတိုင်းပင် ပြောသည်။
“ တကယ်လို့ ခင်ဗျား ရှုံးနိမ့်တာကို လက်မခံနိုင်ဘူးဆိုရင်တော့ ချက်ချင်း ထွက်သွားလို့ ရတယ်။ကျုပ်တားမှာ မဟုတ်ဘူး။ ”
အရတ်စ် နှာမှုတ်လိုက်သော်လည်း ထွက်မသွားခဲ့ပေ။ ထို့နောက် အရတ်စ်သည် ဆိုဖာ ပေါ်တွင် ထိုင်ရင်း အရက်တစ်ပုလင်း ထုတ်လိုက်ရာ ဘာမှမပြောဘဲ သောက်နေလိုက် တော့သည်။
“ ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် မင်းတို့နှစ်ယောက်ကို ငါလိုက်မပို့တော့ပါဘူး။ ”
ရွိုင့်စ်နှင့် ဗာဆာရှာတို့ အချင်းချင်း ကြည့်ပြီး ထွက်သွားသည်။ပြိုင်ကွင်းအဝင်ဝသို့ ရောက်သည့်အခါ ရွိုင့်စ် ပြောလိုက်သည်။
“ ဗာဆာရှာ။မင်း အချိန်ရမယ်ဆိုရင် သွားသောက်ကြမလား။ ”
“ မအားဘူး။ ”
ဗာဆာရှာ မျက်နှာသေနှင့် ပြောလိုက်၏။
ရွိုင့်စ် တမင်ပြောလိုက်ခြင်းဖြစ်ပြီး အဖြေကို မျှော်လင့်ထားသော်လည်း သူ၏မျက်လုံးထဲ၌ သုန်မှုန်သွားသည်။
“ ဒါဆိုလည်း ကိုယ် အရတ်စ်နဲ့ သွားသောက်လိုက်မယ်။ ”
“ သဘောပါ။ ”
ဗာဆာရှာ စကားတစ်ခွန်းပြောပြီး လှည့်ထွက်သွားလိုက်သည်။
ရွိုင့်စ် သက်ပြင်းချပြီး ပြိုင်းကွင်းဆီ ပြန်လာ၏။
ပြိုင်ကွင်းဆီသို့ ရွိုင့်စ် ပြန်သွားသည့်အခါ ဗာဆာရှာ ခဏရပ်တန့်လိုက်သည်။ထို့နောက် ခပ်မြန်မြန် ရှေ့တက်သွားသည်။
ခန်းမထဲ၌ ချန်လွေ့သည် မြောင် သစ်သီးဝိုင်တစ်ပုလင်း ထုတ်ပြီး အရတ်စ်ဆီ ပစ်ပေးသည်။
“ ဒါက အရိပ်နက်အင်ပါယာရဲ့ အထူးသီးသန့်ပစ္စည်းပဲ။သောက်ကြည့်။ ”
“ လှည့်ကွက်တွေ လုပ်မနေနဲ့။ ”
အရတ်စ်သည် ကျေးဇူးမတင်ဘဲ ပုလင်းကို ယူလိုက်သည်။
“ နောက်၂လကြာရင် ငါမင်းကို ထပ်ပြီး စိန်ခေါ်မယ်။မင်း လက်ခံရဲလား။ ”
ချန်လွေ့ ချက်ချင်း သဘောမတူဘဲ မေးလိုက်၏။
“ မနေ့တုန်းက ခင်ဗျားက နတ်ဆိုးဘုရင်အဆင့်ရဲ့ ခံစားချက်ကို နည်းနည်းလေး ထိတွေ့မိ သွားတာ ထင်တယ်။ ”
အရတ်စ် ရုတ်တရက် အာရုံစိုက်လိုက်ပြီး သရော်ပြုံးပြုံးလိုက်သည်။
“ ဟုတ်တယ်။တကယ်လို့ မနေ့က ငါသာ နတ်ဆိုးဘုရင်ဆီကို အဆင့်တက်သွားရင် သေရ မှာက မင်းဖြစ်သွားမယ်။ ”
“ တကယ့်လက်တွေ့က တကယ့်လက်တွေ့ပါပဲ။အကယ်၍ဆိုတာ အများကြီး မရှိပါဘူး။ ”
ချန်လွေ့သည် အမှန်တကယ် ဆွဲဆောင်မှုရှိသည့် ကိစ္စတစ်ခုကို ပြောလိုက်သည်။
“ ဒါပေမဲ့ ကျုပ်က ခင်ဗျားရဲ့ အကယ်၍ ဆိုတာကို လက်တွေ့အဖြစ် ပြောင်းလဲနိုင်တယ်။ ”
အရတ်စ်၏ နားများ ရုတ်တရက် လှုပ်ရှားသွားသည်။
“ မင်းဘာကိုပြောနေတာလဲ။မင်းက ငါ့ကို နတ်ဆိုးဘုရင်ဖြစ်အောင် လုပ်နိုင်တာလား။ ”
“ အလယ်ဆင့်နတ်ဆိုး ကနဦးပိုင်းကနေ အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းအထိ ရောက်ဖို့ နှစ်လပဲ အချိန်ယူခဲ့ရတဲ့ လူတစ်ယောက်က ဒီလိုမျိုး မလုပ်နိုင်ဘူးလို့ ခင်ဗျားထင်လား။ ”
ချန်လွေ့ အသာလေး ပြုံးလိုက်သည်။
“ ငါ ယုံရမယ် ထင်ပါတယ်။ ”
အရတ်စ်၏ မျက်လုံးများ အရောင်တောက်သွားသည်။
“ မင်းရဲ့သတ်မှတ်ချက်က ဘာလဲ။ ”
ထိုအချိန်တွင် ခန်းမထဲ၌ အရွိုင့်စ်၏ ပုံရိပ် ထွက်ပေါ်လာသည်။အရတ်စ်သည် ပြန်ရောက်လာသည့် မိတ်ဆွေကို ထူးဆန်းစွာ ကြည့်လိုက်သည်။ထို့နောက် အံ့ဩစရာ တစ်ခုခု ချန်လွေ့ ပြောလိုက်သည်ကို ကြားသွားသည်။
“ သတ်မှတ်ချက်ကတော့ အညံ့ခံဖို့ပဲ။အညံ့ခံတာ။အမှန်တကယ် အညံ့ခံတာ။ရွိုင့်နဲ့ခင်ဗျား ဂျိုးဆက်ပ်ကို အညံ့တာလိုမျိုး မဟုတ်ဘူး။ ”
“ မင်းဘယ်လို သိတာလဲ။ ”
အရတ်စ် ချက်ချင်း တုံ့ပြန်လိုက်သည်။
“ ရွိုင့်စ်။မင်းသူ့ကို ဘာပြောလိုက်တာလဲ။ ”
ရွိုင့်စ် မပြောခင် ချန်လွေ့ တစ်စုံတစ်ခု ပစ်ပေးလိုက်သည်။
“ ရွိုင့်စ်။ဒါက ခင်ဗျားအတွက်။ခင်ဗျားရဲ့ အသိပညာနဲ့ဆိုရင် ဒါကဘာလဲဆိုတာ ကျုပ် ပြောစရာ မလိုဘူးထင်ပါတယ်။ ”
ရွိုင့်စ်သည် ထိုအရာကိုဖမ်းပြီး ကြည့်လိုက်သည်။၎င်းသည် အနီရောင် သစ်သီးလုံးလုံး ဖြစ်ပြီး အခွံမာရှိကာ ထူးဆန်းသော ပုံစံကွက်များဖြင့် ဖုံးလွှမ်းနေသည်။ထိုသစ်သီးသည် အငွေ့အသက် ဖျော့ဖျော့လေး ထုတ်လွှတ်နေပြီး ထိုအထဲ၌ မှော်စွမ်းအင်များ ပါဝင်နေ သည်ဟု ထင်ရသည်။
“ ဒီသစ်သီးက.... ”
ရွိုင့်စ်၏ မျက်လုံးများ ပြူးသွားပြီး လက်များ တုန်လာသည်။သူ၏ ပုံမှန်တည်ငြိမ်မှုနှင့် ဉာဏ်ပညာတို့သည် ချက်ချင်း ပျောက်ကွယ်သွားသကဲ့သို့ ထင်ရသည်။သူ တတွတ်တွတ် ပြောလိုက်သည်။
“ မဟုတ်ဘူး။ဒါ မဖြစ်နိုင်ဘူး။ ”
“ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ဒီမိစ္ဆာသစ်သီးကို အခု ခင်ဗျားပိုင်သွားပြီ။ ”
ချန်လွေ့ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ရွိုင့်စ် စိတ်လွတ်သွားမည်ကို ချန်လွေ့ တွက်ဆထားပြီးသား ဖြစ်သည်။အသီနာပင် ထိုကဲ့သို့ ဖြစ်သွားခဲ့သည်။
“ မိစ္ဆာသစ်သီး။ဟုတ်လား။ ”
အရတ်စ် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ရွိုင့်စ်လက်ထဲမှ သစ်သီးကို စိုက်ကြည့် လိုက်သည်။အရတ်စ်၏ အသက်ရှူသံများ မြန်ဆန်သွားခဲ့သည်။
ဒါက တကယ် မိစ္ဆာသစ်သီးပဲ။ ဒီသစ်သီးက နတ်ဆိုးတွေရဲ့ အလားအလာကို ကြီးကြီး မားမား တိုးမြှင့်ပေးနိုင်ပြီးတော့ အကန့်အသတ်တွေကို ချိုးဖောက်နိုင်ချေ မြင့်မား စေတယ်။ ထပ်ပြီးတော့လည်း အထူးစွမ်းရည်တစ်ခု ရရှိနိုင်မယ့် အခွင့်အရေး သေးသေးလေး ရှိသေးတယ်။ ဒါက နတ်ဆိုးတွေအတွက် အရေးအကြီးဆုံး အဖိုးမဖြတ် နိုင်တဲ့ ရတနာပဲ။မိစ္ဆာသစ်သီးရဲ့ သက်ရောက်မှုတွေကို သိတဲ့နတ်ဆိုးတွေ မရေမတွက် နိုင်အောင် ရှိကြတယ်။ဒါပေမဲ့ အဲ့ဒါကို အမှန်တကယ် ရနိုင်တဲ့သူ မရှိသလောက်ပဲ။
ထိုသစ်သီး၏ တန်ဖိုးသည် အဖိုးမဖြတ်နိုင်ပေ။အကယ်၍ ၎င်းကို ပြင်ပသို့ ယူဆောင် သွားခဲ့လျှင် စိတ်မကူးနိုင်လောက်သည့် ပဋိပက္ခများကို ဖြစ်စေနိုင်ပေသည်။သို့ရာတွင် “အက်ဂ်ယော” သည် ၎င်းကို ရွိုင့်စ်အား လွယ်လွယ်ပင် ပေးလိုက်သည်။