← Chapters

အညံ့ခံခြင်း

Vol. 10 Ch. 138

အညံ့ခံခြင်း

Vol. 10 Ch. 138

ခုနက “အက်ဂ်ယော” မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ကတိပေးခဲ့ကြောင်း အရတ်စ် သဘောပေါက်သွားခဲ့သည်။သူသည် အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းသို့ ရောက်ရှိနေပြီး တစ်ဆို့မှုကို ဖောက်ထွက်နိုင်မည့် ခံစားချက်ကို ဆုပ်ကိုင်လုနီးပါး ဖြစ်နေခဲ့သည်။ အကယ်၍ သူ့မှာ ထိုမိစ္ဆာသစ်သီး ရှိမည်ဆိုလျှင် အဆင့်တက်နိုင်မည့် အခွင့်အရေးသည် ဆယ်ဆခန့် ပို၍တိုးသွားပေလိမ့်မည်။

အရတ်စ် ပြင်းပြင်းထန်ထန် အသက်ရှူသွင်းလိုက်ပြီး ရွိုင့်စ်လက်ထဲမှ မိစ္ဆာသစ်သီးအား လုယူချင်စိတ်ကို ထိန်းထားသည်။ရွိုင့်စ် ပြောလိုက်သည်။

“ သခင်။ ကျုပ်ရဲ့ မိတ်ဆွေကို ဒီသစ်သီး ပေးခွင့်ပြုပါ။ သူကအခု ဒီရတနာကို အလိုအပ်ဆုံးပဲ။ ”

အရတ်စ် ကြက်သေသေသွားပြီး စိတ်ထဲ၌ ခံစားသွားရသည်။ ရွိုင့်စ်ကငါ့ကို မိစ္ဆာသစ်သီး လက်ဆောင်ပေးချင်တယ်။ ဒါပေမဲ့ ခုနကတုန်းက ငါ ရှက်စရာကောင်းတဲ့ လုယူချင်စိတ် ဖြစ်ခဲ့တာပဲ။

နေပါဦး.....ရွိုင့်စ်က အက်ဂ်ယောကို ဘယ်လိုခေါ်လိုက်တာလဲ။

“ ရွိုင့်စ်။မင်းသူ့ကို ဘယ်လိုခေါ်.... ”

အရတ်စ် မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်ပြီး သူ၏မျက်နှာ၌ ထိတ်လန့်မှုများ ပြသနေလေသည်။

ရွိုင့်စ် တည်ငြိမ်သွားလေပြီ။သူ ပြန်‌ဖြေလိုက်သည်။

“ လွန်ခဲ့တဲ့ တစ်လတုန်းက သခင့်ဆီမှာ ငါ့ကိုယ်ငါ ပေးအပ်ခဲ့တယ်။ ”

လွန်ခဲ့တဲ့ တစ်လ တုန်းကလား။ အရတ်စ် ပို၍ပင် အံ့အားသင့်သွားသည်။ အဲဒီတုန်းက အက်ဂ်ယော အမြင့်ဆင့်နတ်ဆိုးတောင် မဖြစ်သေးဘူး မဟုတ်လား။ရွိုင့်စ်က မီကတ်စ်ကို သတ်ပြီးတော့ “ အက်ဂ်ယော ” ကိုတောင် ကူညီပေးလိုက်သေးတယ်။ဒါက အဲလန်နဲ့ ဂျိုးဆက်ပ် ကြားမှာ ပြဿနာဖြစ်ရတဲ့ အကြောင်းအရင်းပဲ။ ဧကန္တ.......။ ထိုအချိန်၌ ချန်လွေ့ ပြောလိုက်သည်။

“ ခင်ဗျားတောင်းဆိုတာကို ကျုပ်ငြင်းတယ်။ရွိုင့်စ်။ဒါက ကျုပ်ရဲ့ အရည်အချင်း အရှိဆုံး ညာလက်ရုံး ခင်ဗျားအတွက် ကျုပ်ပြင်ဆင်ထားတာပဲ။ အရတ်စ် အတွက်ကတော့ သူသာအညံ့ခံမယ်‌ဆိုရင် ကျုပ်ကတိတည်နေဦးမှာပါ။ ”

အရတ်စ် တော်တော်များများ သိနေပြီ ဖြစ်သည်။အကယ်၍ သူသာ အညံ့မခံလျှင် သေခြင်းတရားသာ သူ့ကို စောင့်နေတော့သည်။

အက်ဂ်ယောတွင် နတ်ဆိုးဘုံရှိ တော်ဝင်မိသားစုများမှ လွဲ၍ နတ်ဆိုးအားလုံးကို ရူးသွပ်စေနိုင်သည့် မိစ္ဆာသစ်သီးများ တစ်လုံးထက် ပိုရှိနေကြောင်းအရတ်စ်နှင့် ရွိုင့်တို့ သိရှိသွားသည်။

ထိုအချိန်တွင် ဝိုင်ဗန်တစ်ကောင်သည် ခန်းမတံခါး၌ ပေါ်ထွက်လာသည်။ထိုဝိုင်ဗန်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် စွမ်းအားသည် အရတ်စ်ကိုပင် တုန်လှုပ်စေနိုင်သည်။ ဒါက နတ်ဆိုးဧကရာဇ်အဆင့် နတ်ဆိုးသားရဲပဲ။

၎င်းဆီသို့ ချန်လွေ့ လျှောက်သွားသည်။ထိုနတ်ဆိုးဧကရာဇ်အဆင့် ဝိုင်ဗန်သည် ချန်လွေ့ ပွတ်သတ်နေသည်ကို အေးအေးဆေးဆေး ငြိမ်ခံနေသည်။၎င်းသည် အစွမ်းထက် ကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲမျိုး မဟုတ်တော့ဘဲ နှစ်ပေါင်းများစွာ မွေးမြူထား ခဲ့သည့် ငရဲခွေးသေးလေး တစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။

“ မိတ်ဆွေကြီး။မင်း ဆုံးဖြတ်ချက်ချရမယ့် အချိန်ရောက်ပြီ။ ”

ရွိုင့်စ်သည် သခင်ဖြစ်သူ၏ စွမ်းအားများကို လုံးဝယုံကြည်သွားပြီ ဖြစ်သည်။သူသည် အရတ်စ်ရှေ့သို့ သွားလိုက်သည်။

“ မင်း ဂျိုးဆက်ပ်ကို ကိုယ်တိုင် အနိုင်ယူပြီးတော့ နှစ်တစ်ရာ အရှက်ရခဲ့တာကို မဖယ်ရှားချင်ဘူးလား။ ”

“ သူ့ကို အလုပ်အကျွေး ပြုရတာကကော အရှက်မရဘူးလား။ ”

အရတ်စ် လက်မခံနိုင်သေးပေ။

“ သူက ငါ့ထက်နည်းနည်း ပိုပြီးအစွမ်းထက်တဲ့ အမြင့်ဆင့်နတ်ဆိုး တစ်ယောက်ပါပဲ။ ”

“ ပြီးခဲ့တဲ့ တစ်လတုန်းကရော။ အဲဒီတုန်းကဆိုရင် သူက မင်းထက် အစွမ်းနိမ့်ကျတဲ့ အလယ်ဆင့်နတ်ဆိုးပဲ ရှိသေးတယ်။ ”

ရွိုင့်စ် သက်ပြင်းချလိုက်သည်။

“ သူ့ဆီမှာ ငါ့ကိုယ်ငါ အပ်နှင်းလိုက်တော့ သူက အမြင့်ဆင့်နတ်ဆိုးကို အဆင့်တက်ခါစပဲ ရှိသေးတယ်။အဲဒီအချိန်တုန်းကဆို သူ့ရဲ့ သဟဇီဝ အပေါင်းအဖော်က ငါ့ကို အလွယ်လေး အနိုင်ယူခဲ့တယ်။သူက အစွမ်း ၁% လောက်ပဲ သုံးခဲ့တာ။ ”

“ သဟဇီဝ အပေါင်းအဖော် ဟုတ်လား။ ”

အရတ်စ် မျက်မှောင်ကြုတ်လိုက်သည်။

ရွိုင့်စ် ခါးသက်သက်ပြုံးပြီး ပြောသည်။

“ ရေကန်ပြာအောက်မှာ ဘာကြီး အိပ်စက်နေတာလဲဆိုတာ မင်းမှတ်မိသေးလား။ ”

အရတ်စ်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။

“ မင်းပြောတာ အဆိပ်နဂါးလား။အစွမ်းထက်တဲ့ နဂါးတစ်ကောင်က သူ့နဲ့ သဟဇီဝစာချုပ် ချုပ်ထားတာလား။ ”

ရွိုင့်စ် ခေါင်းညိတ်လိုက်သည်။တစ်ဘဝလုံးတွင် ယနေ့လောက် မအံ့ဩဖူးသလိုမျိုး အရတ်စ် ခံစားလိုက်ရသည်။ထို့နောက် “ အက်ဂ်ယော ” ကို ရှုထောင့်တစ်မျိုးဖြင့် ကြည့်လိုက်သည်။

“ ဗာဆာရှာကို ပြန်ရအောင် ကူညီပေးမယ်လို့ သခင် ငါ့ကို ကတိပေးပြီး သွားပြီ။အဲ့ဒါတင်မကဘူး။တစ်နေ့ကျရင် ခွန်ဒါမိသားစုရဲ့ ဂုဏ်ကျက်သရေကို ငါကိုယ်တိုင် ပြန်တည်ဆောက်နိုင်မယ်လို့ ငါယုံကြည်တယ်။ ”

ချန်လွေ့ ယူဆောင်လာသည့် ထိတ်လန့်စရာနှင့် အံ့ဩစရာများကို မြင်ပြီးနောက် ရွိင့်စ်သည် ထိုကဲ့သို့ မတွေးမိဘဲ မနေနိုင်တော့ပေ။ဗာဆာရှာ အခြေအနေနှင့် ပတ်သက်ပြီး ရွိုင့်စ် အနည်းငယ် စိုးရိမ်နေခဲ့သော်လည်း ယခုတွင် ချန်လွေ့ လုပ်ဆောင်နိုင်မည်ဟု လုံးဝယုံကြည်သွားခဲ့လေပြီ။သူ၏မိသားစု ဂုဏ်ကျက်သရေကို ပြန်လည်တည်ဆောက် နိုင်မည့် ဝေးကွာလှသော ရည်မှန်းချက်ကိုပင် တွေးတောမိခဲ့သည်။

“ ယုံကြည်‌ပေးတဲ့အတွက် ကျေးဇူးပါပဲ။ရွိုင့်စ်။ ”

ချန်လွေ့ လက်ထဲ၌ နောက်ထပ် မိစ္ဆာသစ်သီးတစ်လုံး ထွက်ပေါ်လာသည်။

“ ကျုပ်က ဂျိုးဆက်ပ်လိုမျိုး မဟုတ်ဘူး။ကျုပ်ရဲ့ လက်အောက်ငယ်သားတွေက ကျုပ်လုံးဝ ယုံကြည်ပြီး အားကိုးရတဲ့ ညာလက်ရုံးတွေပဲ။သူတို့တွေက အလွယ်တကူ စွန့်ပစ်ခံရမယ့် စတေးခံ နယ်ရုပ်တွေ မဟုတ်ဘူး။အရတ်စ်။ခင်ဗျား ကျုပ်ကို ယုံကြည်ဖို့ ရွေးချယ်မယ် ဆိုရင် ဒီသစ်သီးက ခင်ဗျားဟာပဲ။ ”

အရတ်စ် ပင့်သက်ရှိုက်ကာ ခံစားချက်များကို ဖိနှိပ်ပြီး လက်ဆန့်တန်းလိုက်သည်။

သိပ်မကြာခင်တွင် အရှေ့တောင်နယ်မြေ (၄)လမ်းရှိ လှေကားထစ်အိမ်ရှေ့တွင် “အက်ဂ်ယော” ‌ထွက်ပေါ်လာခဲ့သည်။

ပြိုင်ကွင်းရှိ ကိစ္စများ ပြီးဆုံးသွားလေပြီ။ထင်ထားသည့်အတိုင်းပင် အရတ်စ်သည် ချန်လွေ့နှင့် ကျွန်-သခင် စာချုပ် ချုပ်ဆိုခဲ့သည်။ယခုအချိန်အထိ ချန်လွေ့နှင့် စာချုပ်ချုပ် ထားသည့် အစေခံများမှာ လေးယောက်ရှိပြီး စလီ၊ရွိုင့်စ်၊ဒိုဒိုနှင့် အရတ်စ်တို့ ဖြစ်ကြသည်။ ချန်လွေ့၏ သဟဇီဝစာချုပ် အပေါင်းအဖော်မှာ ပါ့ဂ်လီအို ဖြစ်သည်။ထို့ကြောင့် စာချုပ်၅ခု ရှိနေပြီ ဖြစ်ပြီး စူပါစနစ်၏ အကန့်အသတ်ကို ချန်လွေ့ မသိသေးပေ။

ချန်လွေ့လက်ထဲ၌ မိစ္ဆာသစ်သီး တစ်လုံးသာ ကျန်တော့သည်။မိုးသစ်တောမှ မိစ္ဆာသစ်သီး ၆လုံးရရှိခဲ့သည်။အသီနာ နှစ်လုံး စားသည်။ချန်လွေ့ တစ်လုံးစားသည်။အရတ်စ်နှင့် ရွိုင့်စ်ကို တစ်လုံးစီ ပေးခဲ့သည်။သို့သော်လည်း ကြယ်စင်စု ဥယျာဉ်ထဲရှိ မိစ္ဆာသစ်သီး အပင်ကို တစ်လအတွင်း ခူးနိုင်မည် ဖြစ်သည်။ပါ့ဂ်လီအိုအား မိစ္ဆာသစ်သီး ပြခဲ့စဉ်က အဆိပ်နဂါး၏မျက်နှာပေါ်ရှိ အံ့အားသင့်မှုကို ချန်လွေ့ သေသေချာချာ မှတ်မိနေ သေးသည်။ကံဆိုးစွာပင် ၎င်းသည် နဂါးများအတွက် အကျိုးမရှိပေ။

မည်သို့ပင်ဆိုစေကာမူ ပါ့ဂ်လီအို၏ အံ့အားသင့်မှုများ ဆက်နေသည်။ပါ့ဂ်လီအိုသည် သူ့ကို ထာဝရဆေးရည် လေးပုလင်း လက်ဆောင်ပေးခဲ့သည်။အဆိပ်နဂါးသည် ချန်လွေ့၏ခန္ဓာ ကိုယ်ပေါ်ရှိ “ အံ့ဩဖွယ်ရာ ” များနှင့် အသားကျနေပြီ ဖြစ်သော်လည်း ထပ်မရှိတော့သည့် ထာဝရဆေးရည်ပုလင်းများ လက်ခံရရှိသည့်အခါ ငိုကြွေးလုမတတ် ဖြစ်သွားသည်။ ဆေးရည်ပုလင်း လေးပုလင်းနှင့်ဆိုလျှင် [ အလင်းအမှောင်သော့ခလောက် ]ကို ဖျက်ဆီးပြီးသည်နှင့် ရှေးမှော်စာ ချိပ်ပိတ် ရှိနေသေးသော်လည်း အဆိပ်နဂါး၏ စွမ်းအားတစ်စိတ်တစ်ပိုင်း ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။နတ်ဆိုးဧကရာဇ် အဆင့်အထိပါ ရောက်ရှိနိုင်ချေများလှသည်။

လှေကားထစ်အိမ်သည် မူလက မှောင်ခိုကုန်သည် ဆယ်လ်ဗာ၏ ရိပ်မြုံဟောင်း ဖြစ်သည်။ သူ့ဆီမှ လင်းလက်ကျောက်တုံးများ ချန်လွေ့ ဝယ်ခဲ့စဉ်က သူသည် ချန်လွေ့ကို သတ်ပြီး လုယူရန် ကြိုးစားခဲ့သည်။သို့သော်လည်း သူ၏အသက်ကို ပေးဆပ်ခဲ့ရသည်။ထို့နောက် လှေကားထစ်အိမ်သည် ဝတ်ရုံဂိုဏ်း၏ အခြေစိုက်စခန်း ဖြစ်လာသည်။အစောင့်များ အလွန်တင်းကြပ်လှသည်။ဝတ်ရုံနှင့်အရိပ် တော်တော်များများ ဝင်လိုက်ထွက်လုပ် လုပ်နေကြသည်။

သရုပ်မှန်ကို ဖုံးကွယ်ရန် အသုံးပြုခဲ့သည့် အပြင်အဆင်သည် ယူနီဖောင်း ဖြစ်သွားလိမ့်မည်ဟု ချန်လွေ့ လုံးဝ မထင်မှတ်ထားခဲ့ပေ။၎င်းသည် အမှန်တကယ်ပင် အဖွဲ့အစည်းကြီးတစ်ခု၏ သက်သေအမှတ်အသား ဖြစ်သွားခဲ့သည်။ယမန်နေ့က တိုက်ပွဲကြောင့် အက်ဂ်ယော၏ နာမည်သည် အမှောင်လတစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ဝတ်ရုံဂိုဏ်းသား မဟုတ်သူများပင် ထိုကဲ့သို့ အကျော်အမော်၏ ဝတ်စားမှုအတိုင်း အတုခိုးကြတော့သည်။ဝတ်ရုံဝတ်ဆင်ခြင်း ခေတ်စားသွားခဲ့သည်။

သူတို့အားလုံးသည် ဝတ်ရုံတစ်ပုံစံတည်း ဝတ်ဆင်ထားကြသော်လည်း ခန္ဓာကိုယ်ပုံစံ၊ မျက်နှာဖုံးနှင့် ထုတ်လွှတ်နေ‌သည့် အမြင့်ဆင့်နတ်ဆိုး စွမ်းအားများကြောင့် ချန်လွေ့ဖြစ်ကြောင်း သူတို့သိကြသည်။သူတို့အားလုံး ချန်လွေ့ကို အရိုအသေပေးပြီး လမ်းဖယ်ပေးလိုက်ကြသည်။တစ်စုံတစ်ယောက်သည် ဒီဒီကို သတင်းပေးလိုက်ရာ ဒီဒီသည် လူတစ်အုပ်ခေါ်လာပြီး ချန်လွေ့အား ဂီတနှင့် ကြိုဆိုတော့သည်။သူတို့သည် ခေါင်းဆောင်အကြောင်း ကြွေးကြော်သံများကို သီဆိုကြသည်။ မဆိုးလှသော်လည်း အတော်လေး ကိုးရိုးကားရား နိုင်လှသည်။

လူပုအိုကြီး တမင်ပြင်ဆင်ထားခဲ့သည့် ခမ်းကြီးနားကြီး အစီအစဉ်ကို ချန်လွေ့ ကြည့်ရှုလိုက်သည်။အကြောင်းတစ်စုံတစ်ရောကြောင့် “ လျှမ်းလျှမ်းတောက် အကျော် အမော်၊ အကျင့်စာရိတ္တသာလွန်သူ၊ လောကမုန်တိုင်းထန်စေခြင်း ” ကြွေးကြော်သံ များသည် ကြီးကျယ်လွန်းလှသည်ဟု ချန်လွေ့ ခံစားရသည်။ထို့နောက် ချန်လွေ့သည် အသံအက်အက်ဖြင့် ပြောလိုက်သည်။

“ မင်းတို့အားလုံး သွားလို့ပါ။ဒီဒီ။ကျုပ်နောက်လိုက်ခဲ့။ ”

“ ဟုတ်ကဲ့ပါ။ခေါင်းဆောင်။ ”

ထိုစကားများထွက်လာပြီးနောက် “ သရုပ်ပြမှု ” ပျက်သွားသည့် ဝတ်ရုံဂိုဏ်းသားများသည် ညီညီညာညာ ဦးညွတ်ကြပြီး ချက်ချင်း ထွက်ခွာသွားလိုက်ကြသည်။၎င်းသည် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ အရှိန်အဝါပင် ဖြစ်သည်။။ဒီဒီသည် စွမ်းအားနည်းသည့် အတွက် သခင်ဖြစ်သူ၏ နာမည်ကိုသုံးကာ အဖွဲ့ဝင်များကို ထိန်းချုပ်သည်။အခုတွင် သခင်သည် သူ့ကို တစ်ယောက်တည်း တွေ့ချင်သည်ဟု ပြောလိုက်သည့်အတွက် “ လူယုံ ” ဆိုသည့်ရာထူးကို ထပ်မံအတည်ပြုလိုက်သလို ဖြစ်သွားသည်။ဒီဒီသည် ပျော်ရွှင်စွာဖြင့် ခြံဝင်းထဲသို့ ချန်လွေ့နှင့်အတူ ခပ်မြန်မြန် သွားလိုက်သည်။သူသည် အနီးအနားမှ လူများကို တမင်းထွက်သွားခိုင်းလိုက်ပြီး ခေါင်းဆောင်တွင် လျို့ဝှက်ကိစ္စများ ပြောရန် ရှိနေသည့်ပုံစံ လုပ်လိုက်သည်။

“ ခင်ဗျားကို ဖွင့်ခိုင်းထားတဲ့ ဆိုင်ရော ဘယ်လိုအခြေအနေရှိလဲ။ ”

လူပုအိုကြီး ရိုရိုသေသေ ပြောလိုက်သည်။

“ သခင့်ရဲ့ အမိန့်အတိုင်း ဒီဒီ ကုန်စုံဆိုင် ဖွင့်ခဲ့ပါတယ်။ဆိုင်မှာ ပစ္စည်း အမျိုးမျိုး ရောင်းတယ်။စီးပွားရေးက တော်တော်လေး ‌အဆင်ပြေတယ်။ဟုတ်သား။သိုင်ကုံ လက်ခံဖို့ အတွက်လည်း ဒီဒီကိုယ်တိုင် ဆုံးဖြတ်ခဲ့တယ်။ဈေးဝယ်သူတွေက အပိုကြေးနည်းနည်းပဲ ပေးရတယ်။ပြီးရင် သူတို့တွေက ဘာအန္တရာယ်မှမရှိဘဲနဲ့ မြို့ထဲမှာ ပစ္စည်းတွေကို ဘေးကင်းကင်း ဝယ်လို့ရတယ်။ခုနကတုန်းကပဲ ဂျက်စီက လူတချို့ခေါ်သွားပြီးတော့ မြို့မြောက်ဘက်မှာ ပစ္စည်းသွားဝယ်တယ်။ ”

“ သိုင်ကုံ ဟုတ်လား။ ”

ကမ္ဘာပေါ်ရှိ ရှိသည့် ထောင်ပေါင် နှင့် ကြူကြူအွန်လိုင်းစတိုး စသည့် သိုင်ကုံ ဝန်ဆောင်မှုများအကြောင်း ချန်လွေ့ တွေးမိလိုက်သည်။၎င်းသည် အင်တာနက် သို့မဟုတ် အွန်လိုင်းငွေချေစနစ် အသုံးမပြုသူများအတွက် အဆင်ပြေသည့် ဝန်ဆောင်မှု ဖြစ်သည်။ သူတို့သည် ဈေးနှုန်းများကိုင်‌တွယ်ခြင်းနှင့် လျှော့ငွေများမှ အနည်းငယ် ဝင်ငွေရရှိ ကြသည်။လူပုအိုကြီး၏ သိုင်ကုံသည် ဆယ်ဗာ၏ မှောင်ခိုဈေးကွက်ကို အုပ်စိုးပြီး ဝတ်ရုံဂိုဏ်း၏ ဩဇာကိုအသုံးချကာ စွန့်စားရသည့် ရောင်းဝယ်မှုများအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“ သိုင်ကုံ စီးပွားရေးက ဘယ်လိုနေလဲ။ ”

“ အစကတော့ အခက်အခဲ နည်းနည်းရှိတယ်။တချို့ ကုန်သည်တွေက ပိုက်ဆံ မပေးချင် ကြဘူး။သခင်က ဒီမှာရှိမနေတော့ ပိုက်ဆံ ဆုံးရှုံးတာတွေ ဒီဒီ သေမလို ဖြစ်ခဲ့တာ တွေတောင် ရှိတယ်။တစ်ခေါက်ဆို ဂျက်စီတောင် အကြီးအကျယ် ဆုံးရှုံးတော့မလို့ပဲ။ သူ့ဆရာ ရောက်လာပြီးတော့ ပြဿနာကို ရှင်းပေးသွားလို့ တော်သေးတာပေါ့။ နောက်ပိုင်းကျတော့ စီးပွားရေးက တော်တော်လေး တိုးတက်သွားတယ်။အခု သခင်က အရတ်စ်ကို အနိုင်ယူလိုက်ပြီဆိုတော့ ကျုပ်တို့ဝတ်ရုံဂိုဏ်း နာမည်ကျော်သွားမှာပဲ။အဲ့ဒီ လှည့်ဖျားတတ်တဲ့ကုန်သည်တွေတောင် ဘာလှည့်ကွက်မှ မလုပ်ရဲတော့ဘူး။ ”

“ ဂျက်စီရဲ့ ဆရာ ဟုတ်လား။ ”

ချန်လွေ့ အနည်းငယ်အံ့ဩသွားသည်။

“ အဲ့ဒါက စကိုင်းလို့ခေါ်တဲ့ အမှောင်နတ်သူငယ် တစ်ယောက်ပဲ။သူက အမြင့်ဆင့် နတ်ဆိုးတစ်ယောက်။ပြီးတော့ သူ့မှာ တော်တော်လေး နေမကောင်းတဲ့ သမီးနှစ်ယောက် ရှိတယ်။စကိုင်း ကိုယ်တိုင်လည်း ဒဏ်ရာကြီးကြီးမားမား ရထားခဲ့ပြီးတော့ ပြန်မကောင်း တော့တဲ့ပုံပဲ။သူက ပုံမှန်ဆိုရင် ခြံဝင်းနောက်ကွယ်မှာပဲ နေကြတယ်။လွယ်လွယ်နဲ့ လူလုံးထွက်မပြဘူး။ ”

“ နောက်ကျရင် အဲ့ဒီစကိုင်းကို ကျုပ် သွားကြည့်လိုက်မယ်။ ”

ချန်လွေ့ ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။

“ အခု ဝတ်ရုံဂိုဏ်းမှာ ဂိုဏ်းသား ဘယ်နှစ်ယောက် ရှိနေပြီလဲ။ ”

လူပုအိုကြီး တိတိကျကျ ပြန်ဖြေသည်။

“ စုစုပေါင်း ၂၂၁ ယောက် ရှိတယ်။အမြင့်ဆင့်နတ်ဆိုး စကိုင်းနဲ့ အလယ်ဆင့်နတ်ဆိုး ၃၅ယောက် ရှိတယ်။ကျန်တာတွေကတော့ အနိမ့်ဆင့်နတ်ဆိုးနဲ့ ပိုပြီးနိမ့်ကျတာတွေပေါ့။ အရတ်စ်ကို သခင်အနိုင်လိုက်တော့ အရေအတွက်တွေက အကြီးအကျယ် ပိုတိုးတက် လာမှာပါ။ ”

၂၀၀ကျော်လား။ ဒါက တော်တော်မြန်တာပဲ။ အစပိုင်းတွင် ၂၀...၃၀ သာ ရှိခဲ့ကြောင်း ချန်လွေ့ မှတ်မိပြီး အနည်းငယ် ထိတ်လန့်သွားသည်။

“ ကုန်စုံဆိုင်နဲ့ သိုင်ကုံ အပြင် ဂိုဏ်းအတွက် တခြားဝင်ငွေတွေ ရှိသေးလား။ ”

“ ....လက်ဝယ်ထားရှိတာတွေလည်း ရှိသေးတယ်။ ”

လူပုအိုကြီး သိမ့်သိမ့်တုန်သွားသည်။

“ အခုလက်ရှိတော့ ဝင်ငွေက တည်ငြိမ်နေပါပြီ။အဖွဲ့အစည်းရဲ့ ဝင်ငွေကလည်း တော်တော်လေး ကောင်းတယ်။ ”

လူပုအိုကြီး ပြောသည်ကို ချန်လွေ့သိသည်။ထို “ လက်ဝယ်ထားရှိ ” သည့် ပစ္စည်းများမှာ ခိုးခြင်း၊လုယက်ခြင်းများမှ ရရှိလာသည်များ ဖြစ်ပေသည်။၎င်းသည် ၎င်းသည် ရေရှည် အစီအစဉ် မဟုတ်ပေ။ဂျိုးဆက်ပ်အပေါ် “ အမှီပြုရန် ” ချန်လွေ့ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည့်အတွက် ဝတ်ရုံဂိုဏ်းသည် မရှိလည်းဖြစ်သည့် ကစားစရာ တစ်ခုမဟုတ်တော့ဘဲ အရေးပါသည့် နယ်ရုပ်တစ်ရုပ် ဖြစ်လာသည်။

“ အိုး။ဟုတ်သားပဲ။သခင်။ခုနတုန်းက အင်ပါယာအစောင့်အဖွဲ့ရဲ့ ခေါင်းဆောင် ခါဂူရွန် ကိုယ်တိုင် ဝတ်ရုံဂိုဏ်းဆီ ရောက်လာတယ်။မင်းသမီးရှီရာက အလုပ်ကိစ္စ ဆွေးနွေးဖို့ အတွက် သခင့်ကို နန်းတော်ဆီ ဖိတ်လိုက်တယ်လို့ သူပြောတယ်။ ”

လူပုအိုကြီးသည် ဂုဏ်ယူသည့်မျက်နှာထား လုပ်လိုက်သည်။

“ အရတ်စ်ကို သခင်အနိုင်ယူပြီးတော့ လူတိုင်းက သခင့်ကို သဘောကောင်း နေကြတယ်။မင်းသမီးရှီရာတောင် ဖိတ်စာတစ်စောင် ပို့လိုက်တယ်။ ”

“ သိပြီ။ ”

ရှီရာ မဖိတ်ခေါ်လျှင်တောင် ချန်လွေ့သည် နန်းတော်သို့ သွားလည်ရန် စီစဉ်ထားပြီး ဖြစ်သည်။

“ အဲဒီအမှောင်နတ်သူငယ် စကိုင်းဆီ သွားကြမယ်။ ”

ဝတ်ရုံဂိုဏ်းကို ပြန်ဖွဲ့စည်းရမယ်။အနာဂတ်မှာ ဒီဂိုဏ်းရဲ့ အခန်းကဏ္ဍက မသေးဘူး။ဒါပေမဲ့လည်း ရှီရာနဲ့ တွေ့ပြီးတော့မှ ဆုံးဖြတ်လို့ရမယ်။ဒါပေါ့။“ အက်ဂ်ယော ” ဆိုတဲ့ သရုပ်နဲ့ သွားတွေ့ရမှာ။

All Chapters