လျို့ဝှက်ဆန်းကြယ်သော အမှောင်နတ်သူငယ် စကိုင်း
Vol. 10 Ch. 139
လူပုအိုကြီးသည် ချန်လွေ့ကို နောက်ဖေးသို့ ခေါ်သွားသည်။
ရှေးလှေကားထစ်အိမ်သည် မူလက ဆယ်ဗာ၏ စခန်းဖြစ်ပြီး အလွန် ကျယ်ဝန်း လှသည်။နောက်ဖေးမှာပင် အခန်းလွတ် သုံးလေးခန်းရှိသည်။နောက်ဖေးတွင် မှော် စစ်တုရင် ကစားနေသည့် အမှောင်နတ်သူငယ် မိန်းကလေးနှစ်ယောက်ကို ချန်လွေ့ တွေ့လိုက်ရသည်။သူတို့ဘေးတွင် လူပုအိုကြီး၏သမီး ဆာဆာ ရှိနေပြီး အကြံဉာဏ်များ ကူစဉ်းစားပေးနေသည်။“ မိသားစု ” များ၌ ရင်းရင်းနှီးနှီး ဆက်ဆံမှု ရှိကြလေသည်။
အကြီးမနာမည်မှာ အိဗ်ဖြစ်ပြီး အငယ်မသည် အလျံ ဖြစ်ကြောင်း လူပုအိုကြီးထံမှ ချန်လွေ့ သိခဲ့ရသည်။အိဗ်သည် အသက်၁၇နှစ်ဖြစ်ပြီး အလျံသည် ၁၅နှစ်ဖြစ်သည်။သူတို့၏ အသားအရေများသည် အတော်လေး ခြောက်သွေ့နေသည်။ဇာမျက်နှာလွှားမှတစ်ဆင့် သူတို့၏ လှပသော မျက်နှာများကို ဝိုးတိုးဝါးသားသာ မြင်ရသည်။
လူပုအိုကြီး ဒီဒီက ဝတ်ရုံနက်နှင့် မျက်နှာဖုံးတပ် လူတစ်ယောက် ခေါ်လာသည်ကို မြင်လိုက်ပြီး မိန်းကလေးနှစ်ယောက် အနည်းငယ် ကြောက်လန့်သွားသည်။ သူတို့ဘေးနားမှ ဆာဆာသည် အလျင်အမြန် ထလိုက်ပြီး ဝတ်ရုံဂိုဏ်းခေါင်းဆောင်ကို အရိုအသေပေးကာ ခင်မင်ရင်းနှီးစွာဖြင့် မျက်လုံးမှိတ်လိုက်သည့်အတွက် ခေါင်းဆောင် အတော်လေး ထိတ်လန့်သွားသည်။
ထိုဝတ်ရုံနှင့်လူသည် ဝတ်ရုံဂိုဏ်း ခေါင်းဆောင်ဖြစ်ပြီး ဤနေရာ၏ ပိုင်ရှင်ဖြစ်ကြောင်း အိဗ် နှင့် အလျံတို့ သဘောပေါက်သွားကြသည်။သူတို့လည်း အလျင်အမြန် ဦးညွှတ်လိုက် ကြသည်။သူတို့၏ မျက်လုံးများထဲ၌ ရှက်ရွံ့မှုများ ရှိနေသည်။
အမှောင်နတ်သူငယ်မ နှစ်ယောက်သည် ပိန်ပါးပြီး အားနည်းကာ စိတ်အားပျက် နေကြောင်း ချန်လွေ့ မြင်နေရသည်။လူပုအိုကြီး ပြောသလိုပဲပင်ဖြစ်သည်။သူတို့သည် “အပြင်းအထန်နေမကောင်း” ဖြစ်နေကြပေသည်။ချန်လွေ့ ညင်ညင်သာသာ ပြောလိုက်သည်။
“ ရပါတယ်။မင်းတို့တွေ စစ်တုရင် ဆက်ကစားလို့ ရပါတယ်။ငါက ဆာ-စကိုင်းကို လာတွေ့တာပါ။ ”
အိမ်တံခါးပွင့်သွားပြီး အမှောင်နတ်သူငယ် တစ်ယောက် ထွက်လာသည်။ ထိုအမှောင်နတ်သူငယ်၏ မျက်နှာသည် အရေတွန့်နေပြီး အသက်အရွယ်ကြီးရင့် နေကြောင်း ပြသနေသည်။အမှောင်နတ်သူငယ် မျိုးနွယ်သည် ပုံမှန်အားဖြင့် လှပပြီး ခန့်ညားသော အသွင်အပြင်များရှိပြီး အချိန်အတော်ကြာသည်အထိ နုပျိုမှုကို ထိန်းထားနိုင် ကြသည်။မသေခင် ဆယ်နှစ်အတွင်းမှပင် ရုတ်တရက် အသက်ကြီးသွားတတ်ကြသည်။ စကိုင်း၏ လက်ကျန်နေ့ရက်များ သိပ်မကျန်တော့ဟု ထင်ရပေသည်။
ချန်လွေ့ ထိတ်လန့်သွားသည်။ စကိုင်း၏ အသက်ကြောင့်မဟုတ်။စကိုင်း၏ စွမ်းအားများ ကြောင့်ပင်။
[ သရုပ်ခွဲမျက်လုံး ] ၌ ပြသသည်မှာ-
မျိုးနွယ် = [ အမှောင်နတ်သူငယ် ]
စွမ်းအားအကဲဖြတ်မှု = [ မဆုံးဖြတ်နိုင် ]
ဒါက လူပုအိုကြီး ပြောတဲ့ “ အမြင့်ဆင့်နတ်ဆိုး ” လား။
လက်ရှိချန်လွေ့၏ စွမ်းအားအရဆိုလျှင် အကဲဖြတ်သည့်အရာမှ “ မဆုံးဖြတ်နိုင် ” ဟုပေါ်လာရခြင်းမှာ အနည်းဆုံး နတ်ဆိုးဘုရင်အဆင့် ဖြစ်၍ပင် ဖြစ်သည်။အမှောင် နတ်သူငယ်မျိုးနွယ်သည် သာမာန်နတ်ဆိုးများကဲ့သို့ တင်းကြပ်သည့် အလားအလာ အထက်ကန့်သတ်ချက် မရှိသော်လည်း သူတို့၏စွမ်းအားများသည် ယေဘုယျအားဖြင့် အလယ်ဆင့်နတ်ဆိုး၌ ရပ်တန့်သွားတတ်ကြသည်။ စကိုင်း၏စွမ်းအားများသည် အမှောင် နတ်သူငယ် မျိုးနွယ်အတွင်း၌ပင် ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်သည်။ ၎င်းသည် သန္ဓေပြောင်းခြင်း၏ ရလာဒ်တစ်ခု ဖြစ်နိုင်ပေသည်။
ချန်လွေ့တွင် [ သရုပ်ခွဲမျက်လုံး ] မရှိဘဲ ထုတ်လွှတ်နေသည့် စွမ်းအင်ကိုသာ စစ်ဆေးကြည့်လျှင် စကိုင်းကို အမြင့်ဆင့်နတ်ဆိုးဟုသာ အမှန်တကယ် ထင်မှတ်နေပေလိမ့်မည်။
နတ်ဆိုးဘုံသည် ပုန်းကွယ်နေသော နဂါးများနှင့် ဝပ်နေသည့်ကျားများ ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည်ကို ငြင်း၍မရနိုင်ပေ။သို့သော်လည်း ဤအဆင့်ကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်သည် အမှောင်လတစ်မြို့လုံး၌ပင် အလွန်အမင်း ရှားပါးလှသည်။မမျှော်လင့်ဘဲနှင့် ထိုကဲ့သို့ ပုဂ္ဂိုလ်သည် ဝတ်ရုံဂိုဏ်း၌ ပုန်းအောင်းနေလေသည်။
စကိုင်းသည် အကျင့်ပါပြီး ချောင်းဆိုးလိုက်မိသည်။ချန်လွေ့ကို လူပုအိုကြီး ခေါ်ဆော င်လာသည်ကို သူတွေ့လိုက်ပြီး ချန်လွေ့အား ခဏစစ်ဆေးကြည့်ပြီးနောက် ဦးညွှတ်လိုက်သည်။
“ ခင်ဗျားက ခေါင်းဆောင် ဆာ-အက်ဂ်ယော ဖြစ်မယ်။ ကျုပ်နာမည်က စကိုင်းပါ။အလုပ်ရှုပ်စေမိတဲ့အတွက် တောင်းပန်ပါတယ်။ဆာ။ ”
ချန်လွေ့ ခပ်မြန်မြန် တုံ့ပြန်ပြီး စကိုင်း အရိုအသေပေးသည်ကို လက်ခံလိုက်သည်။ချန်လွေ့ ပြန်ဦးညွှတ်ပြီး ပြောသည်။
“ ရပါတယ်။ကျုပ်ကလည်း ဝတ်ရုံဂိုဏ်းကို ဆာ-စကိုင်း ကူညီပေးခဲ့လို့ ကျေးဇူးတင် ချင်နေတာပါ။ဂျက်စီက အခုလက်ရှိ ကျုပ်ရဲ့ အရေးကြီးဆုံး ညာလက်ရုံး တစ်ယောက် ဖြစ်နေတာ။ဖြစ်နိုင်မယ်ဆိုရင် ဝတ်ရုံဂိုဏ်းမှာပင် နလန်ပြန်ထူတဲ့အထိ နားနေပေးပါ။ တစ်ခုခု လိုအပ်ရင် ပြောသာပြောလိုက်ပါ။ ”
စကိုင်းကဲ့လို့ လူမျိုးသည် အခြားသူများ၏ လက်အောက်ခံလုပ်ရန် လုံးဝမဖြစ်နိုင်ပေ။ အခြားလျို့ဝှက်ချက်တစ်ခု သို့မဟုတ် ရည်ရွယ်ချက်တစ်ခု ရှိရပေမည်။သို့သော်လည်း သူ၏လက်ရှိအခြေအနေနှင့် သမီးနှစ်ယောက်၏ ရောဂါများကို စစ်ဆေးကြည့်ရလျှင် သူတို့သည် ရန်သူ သို့မဟုတ် တစ်ခုခုကို ရှောင်နေနိုင်ချေများသည်။ပုန်းကွယ်ရန် ကြိုးစားနေပြီး ဝတ်ရုံဂိုဏ်းကိုလည်း ကူညီခဲ့သည့်အတွက် သူ့အား အလွန်ရိုသေလေးစား နေလျှင် အလုပ်မတွင်နိုင်ပေ။မျက်လုံးမှိတ်ထားပြီး မသိချင်ယောင်ဆောင်ခြင်းသည်သာ ပိုကောင်းသည်။လက်ရှိအခြေအနေအရ ဝတ်ရုံဂိုဏ်းတွင် ဂျက်စီရှိနေသရွေ့ စကိုင်းအား ခေါ်ယူထားလျှင် ကောင်းကျိုးပိုများပေလိမ့်မည်။
ချန်လွေ့၏ အပြုအမူကို စကိုင်း အလွန်ကျေနပ်သွားပြီး ပြောသည်။
“ ကျုပ်တို့ သားအဖကို ယာယီနေစရာ တစ်ခုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကျုပ်တို့ တကယ့်ကို ဝမ်းမြောက်မိပါတယ်။ပြီးတော့လည်း ဂျက်စီကို စိတ်အားတက်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။မဟုတ်ရင် သူက အလယ်ဆင့်နတ်ဆိုး အမြင့်ပိုင်းကို ရောက်တော့မှာ မဟုတ်ဘူး။ ”
“ ဒါက သူ့ရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှု ရလာဒ်ပါပဲ။ဆာ ဒဏ်ရာရထားတယ်လို့ ကြား တယ်။ကျုပ် ဆေးပညာရှင် တစ်ယောက်ကို သိတယ်။သူ ကူညီပေးနိုင်လောက်မှာပါ။ ”
“ ဒါက ဒဏ်ရာဟောင်းပါ။နှစ်ပေါင်းတော်တော်လေး ကြာနေပြီ။ဆေးပညာရှင်တောင် မကုသနိုင်တော့ဘူး။ဘယ်လိုပဲဖြစ်ဖြစ်ပါ။ကျုပ်လို လူအိုတစ်ယောက်က အကြာကြီး နေရမှာ မဟုတ်တော့ပါဘူး။ ”
စကိုင်း သက်ပြင်းချလိုက်သည်။
“ တကယ်လို့ ခင်ဗျားမှာ ဆရာသခင်အဆင့် ဖြေဆေးတွေရှိမယ်ဆိုရင် ကျုပ်ကို တစ်ပုလင်းနှစ်ပုလင်းလောက် ရောင်းပေးပါ။ကျုပ်ရဲ့ သမီးနှစ်ယောက်က ပုံမှန်အချိန်တိုင်း ရောဂါထလာတတ်တဲ့ ရောဂါတစ်မျိုးနဲ့ ထိတွေ့ထားတယ်။ဆရာသခင်အဆင့် ဖြေဆေးက သူတို့ရဲ့နာကျင်မှုကို ပိုပြီးသိသိသာသာ သက်သာစေမှာပါ။ ”
ချန်လွေ့ ခပ်မြန်မြန် တွေးတောလိုက်သည်။ ဒီစကိုင်းက အမှောင်လမြို့က မဟုတ်နိုင် လောက်ဘူး။သူတို့က ရန်သူတွေကြောင့် အပြင်းအထန်ရသွားပြီးတော့ သူ့သမီး တစ်ယောက်ဖြစ်တဲ့ အိဗ် နဲ့ အလျန်တို့ရဲ့ ရောဂါက အဆိပ်ခတ်ခံရလို့ ဖြစ်မယ်။ဒါကြောင့် အမှောင်လမြို့ဆီကို ထွက်ပြေးလာကြတာ။ဂျက်စီက သူဒီကိုရောက်ပြီးတော့မှ လက်ခံလိုက်တဲ့ တပည့်ဖြစ်မယ်။
“ ဆရာသခင်အဆင့် ဖြေဆေးလား။ဟုတ်သားပဲ။ကျုပ်မှာ နှစ်ပုလင်းရှိတယ်။အိဗ်နဲ့ အလျံတို့ကို ကျုပ်ပေးလိုက်မယ်။ ”
ချန်လွေ့သည် စကိုင်း၏ စွမ်းအားကို ငှားရမ်းရန် စီစဉ်ထားသည်။သိုလှောင်ဂိုဒေါင်ထဲမှ ဖြေဆေး နှစ်ပုလင်း ချန်လွေ့ထုတ်လိုက်သည်။၎င်းတို့သည် ရှီလန်တောင်မသွားခင် အဲဒက်စ် ပေးခဲ့သည့် ဆေးရည်များထဲမှ ဖြစ်သည်။၎င်းသည် အမှန်တကယ်ပင် ဆရာသခင်အဆင့် ဖြေဆေး ဖြစ်သည်။
စကိုင်း တုံ့ဆိုင်းနေသည်ကိုမြင်ပြီး ချန်လွေ့ ရှင်းပြသည်။
“ ကျုပ်က လေ့ကျင့်ဖို့အတွက် အပြင်သွားရမှာ။ဝတ်ရုံဂိုဏ်းမှာ အမြင့်ဆင့်နတ်ဆိုးက ဆာ-စကိုင်း တစ်ယောက်ပဲ ရှိတာ။တစ်ခုခုလုပ်စရာဆိုရင် ခင်ဗျားရဲ့ အစွမ်းနဲ့ ကူညီပေး လိုက်ပါ။ကျုပ် လေ့ကျင့်ရေးကနေ ပြန်လာရင် အဲ့ဒီဆရာသခင်ဆီကို သွားပြီး ဖြေဆေး အသစ် ပြန်လုပ်ခိုင်းလိုက်ပါ့မယ်။ဝတ်ရုံဂိုဏ်းကို ကူညီတဲ့အတွက် ဆုလာဒ်အနေနဲ့ သဘောထားလိုက်ပါ။ ”
“ အက်ဂ်ယော ”၏ လုပ်ရပ်သည် အကျပ်ကိုင်သကဲ့သို့ ဖြစ်နေသော်လည်း စကိုင်း စိတ်သက်သာရာ ရသွားသည်။ထို့ကဲ့သည့် တူညီသည့် အလဲအလှယ်ကိုသာ သူလိုချင်ခဲ့သည်။တကယ်၍ တစ်ဖက်လူသည် အကြောင်းရင်းမရှိဘဲ ဖော်ရွေနေမည် ဆိုလျှင် စကိုင်းပို၍ သတိထားနေရပေတော့မည်။
သူတို့နှစ်ယောက်သည် ယခုမှ ဆုံကြသည့်အတွက် ကြီးမားသည့်အရာ တစ်ခုခုကို တောင်းဆိုရန် မဖြစ်နိုင်ပေ။စကားအနည်းငယ် ပြောပြီးနောက် ချန်လွေ့သည် လူပုအိုကြီးကိုခေါ်ကာ နောက်ဖေးမှ ထွက်သွားသည်။
အမှန်တကယ်တွင် ချန်လွေ့၌ ဆရာသခင်အဆင့် ဖြေဆေးသာမက လဲလှယ်၍ရသည့် မဟာဆရာသခင်အဆင့် ဖြေဆေးလည်း ရှိသည်။သို့သော်လည်း ယခုအချိန်၌ မဟာဆရာသခင်အဆင့် ဖြေဆေးကို ထုတ်ဖော်ပြရန် မဖြစ်နိုင်ပေ။ထို့ပြင် ချန်လွေ့သည် စကိုင်း၏ နောက်ခံနှင့် ရည်ရွယ်ချက်ကို သေချာ မသိသေးပေ။လက်ရှိအချိန်၌ အခြေအနေကို ယခုအတိုင်း ထိန်းထားခြင်းသည် ပိုကောင်းပေလိမ့်မည်။အနာဂတ်၌ အခွင့်အရေး ပေးလာသည့်အခါ ချန်လွေ့သည် ပို၍ အသေးစိတ်သည့် အစီအစဉ်ကို စဉ်းစားပေလိမ့်မည်။
စကိုင်း ပေါ်ထွက်လာခြင်းသည် မမျှော်လင့်ထားသည့် အံ့ဩစရာတစ်ခုပင် ဖြစ်သည်။ အရတ်စ်အပြင် လျို့ဝှက်ဆန်းကြယ်သည့် ဆရာသခင်တစ်ယောက်လည်း ရှိနေသည့် အတွက် ဝတ်ရုံဂိုဏ်းကို စိတ်ချလက်ချ ထားခဲ့နိုင်ပြီး ချန်လွေ့သည်လည်း အစီအစဉ်များကို ဆက်လုပ်နိုင်ပေမည်။
လူပုအိုကြီးအား အမိန့်များ ပေးပြီးနောက် ချန်လွေ့သည် ဝတ်ရုံဂိုဏ်းမှ ထွက်သွားပြီး နန်းတော်ဆီ ဦးတည်သွားခဲ့သည်။
လမ်းမကြီးသို့ ရောက်သောအခါ ချန်လွေ့ ရုတ်တရက် အကြံတစ်ခုရသွားပြီး အရောင်စုံလင်သည့် ခမ်းနားထည်ဝါသော စတိုးဆိုင်ဆီ လမ်းလျှောက်သွား လိုက်သည်။ထိုစတိုးဆိုင်သည် လက်ရှိတွင် အမှောင်လမြို့၌ နာမည်အကြီးဆုံးဖြစ်သော မင်းသမီးလက်လီ စတိုးဆိုင်ပင် ဖြစ်သည်။
မင်းသမီး လက်လီစတိုးဆိုင်သည် ယခင်ကနှင့် လုံးဝမတူတော့ပေ။“ ရိုးသားမှု ” အဖြစ်အပျက်သည် အမှောင်လမြို့ကို ကြီးကြီးမားမား ရိုက်ခတ်သွားစေသည်။ လူအများစုက မင်းသမီးလေးကို ငွေအမြောက်အမြားအား အကြောင်းရင်းမရှိဘဲ လက်လွှတ်လိုက်သည့် ငတုံးမဟု ထင်မှတ်ကြသည်။သို့သော်လည်း ထိုအဖြစ်အပျက်မှ တစ်ဆင့် မင်းသမီး လက်လီစတိုးဆိုင်သည် ယခင် ကြော်ငြာ ဗျူဟာများမှ မရရှိခဲ့သည့် နာမည်ကောင်းများ ရလာခဲ့သည်။အထက်လွှာသာမက အနိမ့်လွှာ ဈေးဝယ်သူများပါ မိုးထိအောင် ထိုးတက်သွားခဲ့သည်။သူတို့သည် အလိမ်ခံရမည်ကို စိုးရိမ်စရာ မလိုဘဲ စိတ်အေးလက်ဆေး ဈေးဝယ်နိုင်ကြသည်။
မင်းသမီးလေးက ဘယ်သူလဲ။သူကအမှောင်လမြို့ အရှင်သခင်ရဲ့ ညီမတော်ပဲ။သူက သလင်းကျောက်နက်ဒင်္ဂါး သောင်းချီရှေ့မှာတောင် မျက်တောင် မခတ်ခဲ့ဘူး။သူက ပိုက်ဆံအရင်ပေးတဲ့ ဈေးဝယ်သူကိုပဲ ရောင်းမှာ။ဒါက တော်ဝင်မျိုးနွယ်ရဲ့ စစ်မှန်တဲ့ သဘောထားကြီးခြင်းပဲ။မင်းသမီး လက်လီစတိုးဆိုင်မှာ ရောင်းချတဲ့ ပစ္စည်းတွေက အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာတို့ရဲ့ သင်္ကေတပဲ။ပစ္စည်းတော်တော်များများကိုလည်း အကန့်အသတ်နဲ့ ရောင်းချတယ်။အဲ့ဒါတွေ ရောင်းကုန်သွားတာနဲ့ ပိုက်ဆံဘယ်လောက်ပဲ ရှိပါစေ နောက်တစ်သုတ် ရောက်လာတဲ့အထိ စောင့်ကြရတယ်။အဲ့ဒါတွေက တကယ့်ကို အရည်အသွေးရှိပြီးတော့ စစ်မှန်တဲ့ ကုန်ပစ္စည်းတွေပဲ။တခြားဆိုင်တွေမှာ တစ်ပုံစံတည်း တူတဲ့အတုအပတွေ ရောင်းချရင်တောင် စစ်မှန်တဲ့ ထုတ်ကုန်တွေမှာပါဝင်တဲ့ တော်ဝင်မှုနဲ့ ဂုဏ်ကျက်သရေ လုံးဝပါဝင်မှာ မဟုတ်ဘူး။
မင်းသမီးလက်လီစတိုးဆိုင်၏ လက်လီဈေးနှုန်းများမှာ “အလိမ်အညာ” ဟုတ်မဟုတ်နှင့် သူတို့မည်မျှ “ အလိမ် ” ခံလိုက်ရကြောင်းကို အပြင်လူများ သိကြမည် မဟုတ်ပေ။
မင်းသမီးလက်လီစတိုးဆိုင်ထဲသို့ ချန်လွေ့ ဝင်သွားသည်။ပရိဘောဂ အသေးစိတ်များ အများအပြားပြင်ဆင်ထားသည်ကို သတိထားမိလိုက်သည်။နေရာလည်း အတော်လေး ကျယ်ဝန်းသွားသည်။ဤစတိုးဆိုင်ကို လည်ပတ်စေရန်အတွက် အဲလစ် အတော်များများ ကြိုးစားအားထုတ်ထားခဲ့ကြောင်း ချန်လွေ့ ပြောနိုင်သည်။
ဆိုင်ထဲရှိ အရောင်းဝန်ထမ်း အရေအတွက်လည်း တိုးလာသည်။ချန်လွေ့ တံခါးအတွင်းသို့ ဝင်သွားသည်နှင့် နွေးနွေးထွေးထွေး ကြိုဆိုခံလိုက်ရသည်။အချို့လူများက ဤဝတ်ရုံနှင့် လူသည် ယမန်နေ့က ပြိုင်ကွင်း၌ အရတ်စ်အား အနိုင်ယူခဲ့သည့် ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်ဂ်ယောမှန်း သတိထားမိသွားပြီး လမ်းဖယ်ပေးလိုက်ကြသည်။
ချန်လွေ့သည် ဒုတိယအထပ်အထိ တစ်ခါတည်းသွားလိုက်ရာ အချိန်အတော်ကြာပြီးမှ ခီရာ၏အသံကို ပထမဆုံးပြန်ကြားလိုက်ရသည်။
“ ဒါက အကန့်အသတ်ထုတ် မှော်စစ်တုရင်ပါ။မင်းသမီးလေးရဲ့ လက်မှတ်လည်း အနောက်မှာ ပါတယ်။အခုတော့ ၅စုံပဲ ကျန်တော့တယ်။ကျွန်မတို့ရဲ့ စတိုးဆိုင်က ထုတ်လုပ်ရေးနဲ့ ကုန်ကြမ်းရွေးချယ်တာနဲ့ပတ်သက်ပြီးတော့ တော်တော်လေး တင်းကြပ်တယ်။ နောက်တစ်သုတ်က တစ်လနေမှ ထုတ်လုပ်မှာ။ရှင် ဘယ်နှစ်စုံ လိုချင်တာလဲ။ ”
အစောကြီး ရှိနေသေးသည့်အတွက် ဒုတိယထပ်တွင် ဈေးဝယ်သူ သိပ်မရှိသေးပေ။ အဲလစ်လည်း ရှိမနေပါ။အပြင်ထွက်သွားမည်ဟု ထင်ရသည်။
ခီရာအရှေ့တွင် မဟာနတ်ဆိုးတစ်ယောက်ရှိနေပြီး သူ၏အနောက်ကို မှင်စာတစ်ကောင် လိုက်နေသည်။ခီရာ၏ တက်ကြွနေမှုကြောင့် ဖမ်းစားခံရပြီး နှစ်ယောက်သား အပြန် အလှန် ကြည့်ကာ ပြောလိုက်သည်။
“ ကောင်းပြီလေ။ကျုပ် တစ်စုံ....အဲ..မဟုတ်ဘူး... နှစ်စုံယူမယ်။ ”
ခီရာ၏ အသွင်အပြင်သည် လှပဆဲ ချောမောဆဲပင် ဖြစ်သည်။အဖြူရောင် အသားအရေ၊ပြီးပြည့်စုံသည့်မျက်နှာ၊အထူးသဖြင့် ဆွဲဆောင်မှုရှိသည့် အနီရောင်နှုတ်ခမ်း များနှင့် အပြုံးတစ်ပွင့်ချင်းစီတိုင်းသည် ကြီးမားလှသည့် မက်လုံးများကို ပေးစွမ်းနိုင် လေသည်။ခီရာသည် အထူးညှို့ဓာတ်ကို မသုံးခဲ့သော်လည်း မဟာနတ်ဆိုးသည် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပေ။ထို့ပြင် မင်းသမီးလေး အဲလစ်လည်း ရှိမနေသည့် အတွက် အကန့်အသတ်များ ရှိမနေတော့ပေ။မှော်စစ်တုရင်ကို လက်ခံသည့်အခါ မဟာနတ်ဆိုးသည် အခွင့်ကောင်းယူပြီး ခီရာ၏လက်ကိုကိုင်ရန် ကြိုးပမ်းခဲ့သည်။ ခီရာဘေးမှ ခါဂူလီက မဟာနတ်ဆိုးကို တားဆီးရန် ပြင်လိုက်စဉ် အနောက်ဘက်မှ အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ ထွက်သွား။ ”
ဤမဟာနတ်ဆိုးသည်လည်း အမြင့်ဆင့် နတ်ဆိုးဖြစ်သည်။မိန်းမလှတစ်ယောက် အရှေ့၌ သူ့ကို တစ်စုံတစ်ယောက် အော်ဟစ်နေသည်ကို ကြားလိုက်ပြီး နောက်ပြန်လှည့် ကြည့်လိုက်ရာ ဝတ်ရုံနှင့်မျက်နှာဖုံး ဝတ်ဆင်ထားသူတစ်ယောက်ကို တွေ့လိုက်ရသည်။ စွမ်းအင်ကို ကြည့်ခြင်းအားဖြင့် ထိုသူသည်လည်း အမြင့်ဆင့်နတ်ဆိုး ဖြစ်ပြီး မိမိထက်အစွမ်းပိုထက်ကြောင်း သိလိုက်သည်။
မဟာနတ်ဆိုးသည် မိမိ၏ နောက်ခံအကြောင်း ကြွားဝါလိုက်ပြီး ဝတ်ရုံနှင့်လူသည် မိသားစုကြီးတစ်ခုမှ ဖြစ်ဟန်မတူသည့်အတွက် သတ္တိမွေးပြီး ဝင့်ကြွားစွာ ပြောလိုက်သည်။
“ ချာလီစ်မယ်လွန် ဆိုတဲ့ငါ့ကို ဒီလိုပြောရအောင် မင်းက ဘယ်သူမို့လို့လဲ။ ”
“ မယ်လွန် မိသားစုလား။ ”
ချန်လွေ့၏လေသံသည် အတော်လေး ခက်ထန်နေသေးသည်။
“ ငါထပ်ပြောမှာ မဟုတ်ဘူး။မင်းမသေချင်ဘူးဆိုရင် တစ်မိနစ်အတွင်း ငါ့မျက်စိရှေ့ကနေ သွားလိုက်တော့။ ”
မယ်လွန်မိသားစုနှင့် စိုင်ဖူမိသားစုတို့သည် အမှောင်လမြို့ရှိ အကြီးမားဆုံး မိသားစု နှစ်စုဖြစ်သည်။သူတို့သည် အမှောင်လမြို့ စီးပွားရေး တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားကြသည်။စိုင်ဖူမိသားစုသည် မင်းသမီးရှီရာကို သစ္စာခံထားကြသော်လည်း အပြောင်းအလဲလွယ်သည့် မယ်လွန်မိသားစုသည် လိပ်ပြာနီနယ်မြေထံ၌ အညံ့ခံ ထားသည်မှာ ကြာခဲ့လေပြီ။မယ်လွန်မိသားစု၏ ယန္တရားဆရာသခင် ကာလ်သည် လက်ရှိတွင် လိပ်ပြာနီအရှင် ဂျို့ရှ်အယ်ဗင်ထံ အလုပ်အကျွေးပြုနေသည်။
မယ်လွန်မိသားစု၏ စစ်မှန်သည့် နှီးနွှယ်မှုမှာ ဂျိုးဆက်ပ် ကိုယ်တိုင်မဟုတ်ဘဲ ဂျိုးဆက်ပ်၏ ဖခင်ဖြစ်ပေမည်။ထို့ပြင် “ အက်ဂ်ယော ” သည် ဂျိုးဆက်ပ်၏ လက်အောက်ခံကဲ့သို့ ဖြစ်နေပြီ ဖြစ်သည့်အတွက် ထိုကဲ့သို့ “ အတွင်းရေးတိုက်ပွဲ ” သည် ချန်လွေ့ ကြည့်ချင်သည့် အရာတစ်ခု ဖြစ်သည်။