ဆက်သွယ်စကားပြော၍မရသည့် ထူးဆန်းသော နတ်ဆိုးယင်ကောင်များ
Vol. 10 Ch. 143
သို့သော် ကော်နာ၏ အပြုံးသည် အလျင်အမြန်ပင် အေးခဲသွားသည်။ပစ်လိုက်သည့် ပစ်မှတ်အရှေ့တွင် လက်တစ်ဖက် ပေါ်ထွက်လာပြီး မြန်ဆန်လှသည့် မြှားနှစ်ချောင်းကို စွမ်းအားမဲ့သည် လူသားက လက်ချောင်းများဖြင့် အသာလေး ဖမ်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကော်နာသည် ရင်ဘတ်၌ ရုတ်တရက် နာကျင်မှုတစ်ခု ခံစားလိုက်ရပြီး မြေပြင်ပေါ် လဲကျသွားသည်။သူ မတုံ့ပြန်နိုင်ခင်မှာပင် လူသားသည် သူ့ကိုတက်နင်းနေပြီ ဖြစ်သည်။ ကော်နာသည် ခုခံရန်အတွက် အင်အားမစုစည်း နိုင်တော့ပေ။
“ ပြောစမ်း။မှော်အစီအရင်ကို ဘယ်လိုပြန်ပြင်ရမလဲ။ ”
“ သေစမ်း။ ”
ကော်နာ အော်ဟစ်လိုက်သည်။ရုတ်တရက် သူ မွန်းကြပ်သွားပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခုက သူ့ကို ဝိုင်းရံထားလိုက်သည်။သူ၏ခန္ဓာကိုယ် တုန်လှုပ်သွား၏။
ဒါက...အနည်းဆုံး အမြင့်ဆင့်နတ်ဆိုးစွမ်းအားပဲ။ ကော်နာ ထိတ်လန့်သွားသည်။ စွမ်းအားမဲ့သည်ဟု သူအမြဲယူဆထားသည့် ထိုလူသားသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအား ဖုံးကွယ်ထားခဲ့လေသည်။
“ မှော်အစီအရင်ကို ဘယ်လိုပြန်ပြင် ရမလဲဆိုတာ ငါ့ကိုပြောပြ။ပြီးတော့ မင်းရဲ့သခင်က ဘယ်သူလဲ။ဒါက မင်းအသက်ဆက်ရှင်နိုင်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ။ ”
ကော်နာ မရုန်းကုန်ခဲ့ပေ။စွမ်းအားခြားနားမှုကို သေချာသိသည့်အတွက် ကော်နာသည် အသက်ချမ်းသာပေးရန် မတောင်းပန်ဘဲ ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။ သူ၏အပြာရောင် မျက်လုံးသည် ရုတ်တရက် ငွေရောင်ပြောင်းသွားပြီး ခေါင်းပေါ်ရှိ ဒွာရ၇ပေါက်မှလည်း ငွေရောင်အလင်းတန်းများ တစ်ပြိုင်နက်တည်း ထွက်လာသည်။ ချန်လွေ့သည် အန္တရာယ်ကို အာရုံခံမိလိုက်ပြီး ဖြတ်ခနဲပျောက်သွားသည်။ ကော်နာ၏ ခန္ဓာကိုယ်သည် ဝုန်းခနဲ ပေါက်ကွဲသွားသည်။ငွေရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး အပေါ်အောက် ကျောက်နံရံများ ပြင်းပြင်းထန်ထန် တုန်ခါသွားကာ ကျောက်တုံး အပိုင်းအစများ ပြုတ်ကျလာတော့သည်။
ချန်လွေ့ ခပ်စောစော သတိမထားမိခဲ့လျှင် ထိုပေါက်ကွဲမှုသည် သူ့ကို ထိခိုက်သွား စေလိမ့်မည်။အမြင့်ဆင့်နတ်ဆိုး စွမ်းအားရှိလျှင်တောင် ဒဏ်ရာရပေလိမ့်မည် ဖြစ်သည်။ကော်နာသည် အပိုင်းပိုင်းပြတ်သွားပြီး ဘာမျှမကျန်ရှိတော့ပေ။ကော်နာသည် သစ္စာရှိသူတစ်ယောက်ဆိုသည်မှာ အသေအချာပင် ဖြစ်သည်။သူသည် လျို့ဝှက်ချက် ထုတ်မပြောမိစေရန်အတွက် လျို့ဝှက်အစွမ်းတစ်ခု အသုံးပြုကာ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်ခြင်း ဖြစ်သည်။
ယခုသည် ကော်နာ၏ လျို့ဝှက်ဆန်းကြယ်သော သခင်ကို စူးစမ်းလေ့လာရန် အချိန်မဟုတ်ပေ။ချန်လွေ့သည် နက်ရှိုင်းလှသည့် ဝင်ပေါက်ကိုကြည့်ရင်း ချက်ချင်း ခုန်ဆင်းလိုက်သည်။
ဒါက တစ်လမ်းသွားဖြစ်တော့ရော ဘာဖြစ်လဲ။
ဘယ်လိုပဲ အန္တရာယ်ရှိရှိ သူနဲ့အတူတူ ငါရင်ဆိုင်မယ်။
သူပြောခဲ့သလိုပေါ့။
မင်းက တစ်ယောက်တည်း မဟုတ်ဘူး။
အသီနာ။အားတင်းထားဦး။
ထိုလမ်းကြောင်းသည် ချန်လွေ့ ထင်ထားသည်ထက် ပို၍ရှည်လျားကာ ပို၍အသက် မရှူနိုင်ဖြစ်စေသည်။အောက်လွှာနှင့် အပေါ်လွှာတို့၏အကွာအဝေးသည် ထင်ထားသည် ထက် ပိုဝေးကွာပုံရသည်။နောက်ဆုံးတွင် လမ်းကြောင်း၏ အောက်ခြေ၌ မှော်မီးအိမ် အလင်းရောင် ပေါ်ထွက်လာသည်။ချန်လွေ့သည် ခပ်မြန်မြန်ပင် အမြန်နှုန်းတင် လိုက်သည်။
လမ်းကြောင်း၏ထွက်ပေါက်ကို ဖြတ်သွားပြီးသည့်အခါ ချန်လွေ့သည် ရေလှိုင်းတစ်ခုကို ဖြတ်သွားရသကဲ့သို့ ခံစားလိုက်ရပြီး အောက်ပိုင်းထွက်ပေါက်သို့ တွန်းပို့ခံလိုက်ရသည်။ အပေါ်သို့ပြန်တက်ရန် မည်သို့ပင် ကြိုးစားစေကာမူ လှိုင်းဂယက်ကဲ့သို့ အားတစ်ခုသည် ချန်လွေ့ကို နောက်သို့ ပြန်ကန်သွားစေသည်။မှော်အစီအရင်ကို ဖျက်ဆီးလိုက်သည်ဟု ကော်နာပြောခဲ့ခြင်းသည် အမှန်တကယ် ဖြစ်ပုံရသည်။
ဘယ်လိုပဲဖြစ်ဖြစ် အရင်ဆုံး အသီနာကို အရင်ရှာရမယ်။
အောက်လွှာရှိ အလင်းရောင်သည် အလွန်မှိန်ပြီး လေထုသည်လည်း ပို၍စိုစွတ်သည်။ စူးရှသည့် အနံ့တစ်မျိုးက ရံဖန်ရံခါ လေထုသို့ စိမ့်ဝင်သွားတတ်သည်။ မှော်မီးအိမ် အများအပြား ဖျက်ဆီးခံထားရသည်။မြေပြင်ပေါ်၌လည်း အရိုးစုများကို ရံဖန်ရံခါ တွေ့ရသည်။
အသီနာအကြောင်း ချန်လွေ့ စဉ်းစားမိသွားပြီး စိတ်ထဲ၌ ပို၍လာသည်။အနီးအနားရှိ ကြက်ခြေခတ်ကိုကြည့်ခြင်းအားဖြင့် ၎င်းသည် မိုင်းလုပ်သား ပြုလုပ်ထားကြောင်း သိနိုင်သည်။
ချန်လွေ့လက်ထဲရှိ အလင်းလက်စွပ်၏ အလင်းရောင်သည် တောက်ပလွန်းလှသည်။ နတ်ဆိုးသားရဲများ၏ ပစ်မှတ်ဖြစ်နိုင်သော်လည်း ချန်လွေ့ ဂရုမစိုက်ဘဲ အသားကုန် အော်ဟစ်လိုက်သည်။
“ အသီနာ။အသီနာ။ ”
မှော်သံလိုက်အိမ်မြှောင်၏ အကူအညီနှင့်အတူ ချန်လွေ့သည် ရှေ့သို့ အလျင်အမြန် ပြေးသွားသွားပြီး လမ်းကြောင်းများစွာကို စမ်းသွားကြည့်ခဲ့သည်။သူသည် အသီနာ၏ နာမည်ကို ကျယ်ကျယ်လောင်လောင် အော်ဟစ်ခဲ့သည်။သူ၏အသံသည် လမ်း တစ်လျှောက်လုံး ပဲ့တင်ထပ်သွားတော့သည်။
သူ၏အရှေ့၌ အသံတစ်သံ ထွက်လာပုံရသည်။ချန်လွေ့ အရှိန်တင်လိုက်ရာ ဝီခနဲ မြည်ပြီး ဖြတ်ခနဲသွားလိုက်သည့် အရိပ်မည်းတစ်ခုကို မြင်လိုက်သည်။အနီးအနားရှိ မှော်မီးအိမ်များ သည်လည်း အရိပ်များစွာ၏ တရစပ်လှုပ်ရှားမှုကြောင့် တဖျပ်ဖျပ် လှုပ်သွားပြီး ငြိမ်းလုနီးပါး ဖြစ်သွားခဲ့သည်။[ သရုပ်ခွဲမျက်လုံး ]၌ ဖော်ပြထားသည်မှာ-
မျိုးနွယ် = [ သွေးဆာသော နတ်ဆိုးယင်ကောင် ]
စွမ်းအားအကဲဖြတ်မှု = [ E ]
လက်စသတ်တော့ ဒီယင်ကောင်တွေရဲ့ အသံဖြစ်နေတာကိုး။
စွမ်းအားအကဲဖြတ်မှု [ E ] ဖြစ်ခြင်းမှာ သူတို့သည် အလယ်ဆင့်နတ်ဆိုးသာ ရှိနေသေးကြောင်းကို ဖော်ပြနေသည်။သို့သော်လည်း အရေအတွက်သည် ကြောက်မက်ဖွယ် ကောင်းလှသည်။[ သရုပ်ခွဲမျက်လုံး ] တွင် [ E ] များဖြင့် ပြည့်နှက်နေသည်။မိုင်းလုပ်သားများကို ထူးဆန်းသော ယင်ကောင်ကဲ့သို့ အကောင်များ တိုက်ခိုက်သည်ဟု ကော်နာပြောခဲ့သည်ကို ချန်လွေ့ သတိရလိုက်သည်။၎င်းသည် ခန္ဓာကိုယ်မှ အသွေးနှင့်အသား အားလုံးကို စုပ်ယူနိုင်သည်။၎င်းတို့သည် ဤသွေးဆာသော နတ်ဆိုးယင်ကောင်များပင် ဖြစ်ရပေမည်။
နတ်ဆိုးယင်ကောင်သည် လက်သီးဆုပ် အရွယ်အစားခန့်ရှိပြီး အလင်းလက်စွပ်၏ အလင်းရောင်အောက်၌ အတော်လေး အရုပ်ဆိုးလှသည်။သူတို့သည် ချန်လွေ့ ထုတ်လွှတ်နေသာ ခြိမ်းခြောက်သည့် အမြင့်ဆင့်နတ်ဆိုး အငွေ့အသက်ကို လျစ်လျူရှုပြီး စုပြုံလိုက်ကြသည်။
ချန်လွေ့ လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။သူသည် အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်း ရောက်နေပြီဖြစ်ပြီး ပင်လယ်လှိုင်းကြမ်း၌ လေ့ကျင့်ထားခဲ့သည့် စွမ်းအားကို ထုတ်လွှတ် လိုက်သည်။သူ၏လက်သီး ရောက်ရှိသည့် နေရာများတွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများ တလိမ့်လိမ့်တက်လာသည်။ထိုအလယ်ဆင့်နတ်ဆိုး ယင်ကောင်များ စမ်းတဝါးဝါးဖြစ်သွားပြီး ပြုတ်ကျသွားကြသည်။သို့သော်လည်း ထိုနတ်ဆိုးယင်ကောင် များသည် အလွန့်အလွန် အကြမ်းခံလှသည်။သေလည်းမသေသကဲ့သို့ တိုက်ခိုက်ရေး စွမ်းအားလည်း မရှုံးဆုံးသွားခဲ့ပေ။ခဏအကြာ၌ သူတို့သည် မြေပြင်ပေါ်မှ ပျံတက်လာပြီး ချန်လွေ့ကို ဆက်လက်ဝိုင်းရံလိုက်သည်။သူတို့ကို သတ်ပစ်ရန် မဖြစ်နိုင်ပေ။
နတ်ဆိုးယင်ကောင်များသည် လေထဲ၌ ပျံသန်းနေသည့်အတွက်ကြောင့် ထိအောင် တိုက်ခိုက်ရန် ချန်လွေ့အတွက် ခက်ခဲနေသည်။တည့်တည့် ထိလျှင်ဖြစ်စေ၊မြေပြင်ပေါ်၌ အသေတက်နင်း၍ဖြစ်စေ အသေသတ်နိုင်မည် ဖြစ်သည်။သို့မဟုတ်ပါက ထို“ယင်ကောင်” အုပ်လိုက်ကြီးကို လုံးဝအဆုံးသတ်ရန် မဖြစ်နိုင်ပေ။
ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ]ကို အသုံးပြု၍ သွေးဆာသော နတ်ဆိုး ယင်ကောင်များနှင့် ဆက်သွယ်စကားပြောကြည့်ခဲ့သည်။သို့သော်လည်း အံ့အားသင့်စွာပင် မအောင်မြင်ခဲ့ပေ။နတ်ဆိုးသားရဲများနှင့် ဆက်သွယ်စကားပြောနိုင်သည့် ထိုမှော်ဆန်ဆန် အစွမ်းသည် ချန်လွေ့ကို တစ်ခါမျှ စိတ်မပျက်စေခဲ့ပေ။သို့သော်လည်း ဤသွေးဆာသော ယင်ကောင်များအပေါ်၌ လုံးဝသက်ရောက်မှု ရှိမနေပေ။၎င်းသည် အသိဉာဏ်ရှိသည့် သက်ရှိများ မဟုတ်သကဲ့သို့ပင် ဖြစ်နေသည်။
ချန်လွေ့သည် အသီနာ၏ လုံခြုံရေးအတွက် စိုးရိမ်နေသည့်အတွက် [ သရုပ်ခွဲမျက်လုံး ] ကျဆုံးရသည့် အကြောင်းရင်းကို အဖြေရှာရန် စိတ်မဝင်စားနေပေ။သူသည် လမ်းတစ်လျှောက်လုံး နတ်ဆိုးယင်ကောင်များကို ပစ်ထိုးကာ အရှေ့ရှိအပေါက်ဆီသို့ အပြေးသွားလိုက်သည်။
ထိုရှည်လျားသည့် အပေါက်ကို ဖြတ်သန်းပြီးနောက် ချန်လွေ့အရှေ့တွင် လမ်းဆုံသုံးခု ပေါ်ထွက်လာသည်။မည်သို့ရွေးချယ်ရမည်ဖြစ်ကြောင်း ချန်လွေ့မသိပေ။ရှေ့တွင် နတ်ဆိုးယင်ကောင်များ ပို၍ရှိနေပြီး နောက်မှ နတ်ဆိုးယင်ကောင်များလည်း လိုက်မှီလာသည်။နတ်ဆိုးယင်ကောင်များကို ကာကွယ်နေရင်း ချန်လွေ့သည် အသီနာ၏နာမည်ကို ကျယ်လောင်စွာ အော်ဟစ်နေလိုက်သည်။
နတ်ဆိုးယင်ကောင်များ ပေါ်ထွက်လာခြင်းသည် ချန်လွေ့ကို ပို၍ပင် စိုးရိမ်သွားစေသည်။အသီနာရင်ဆိုင်နေရမည့် ကြီးမားလှသော အမည်မသိ အန္တရာယ်များကို တွေးမိလိုက်သည့်အခါ ချန်လွေ့သည် နှလုံးခုန်ရပ်လုနီးပါး ဖြစ်သွားသည်။အကယ်၍ အသီနာ တစ်ခုခုဖြစ်သွားမည်ဆိုလျှင် ချန်လွေ့သည် ဘဝတစ်လျှောက်လုံး ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်တော့မည် မဟုတ်ပေ။
နောက်ဆုံးတွင် ညာဘက်အပေါက်မှ တုံ့ပြန်မှု ဖျော့ဖျော့လေးတစ်ခု ထွက်လာသည်။ ၎င်းသည် ဖျော့ဖျော့လေးသာ ဖြစ်သော်လည်း ချန်လွေ့၏အာရုံသည် အလွန်စူးရှနေပြီ ဖြစ်သည်။ထိုအသံသည် နတ်ဆိုးယင်ကောင်များ၏ အသံကဲ့သို့ မဟုတ်ပေ။ချန်လွေ့သည် ချက်ချင်းပင် စိတ်အားတက်ကြွလာပြီး လက်သီး တစ်လုံးပြီးတစ်လုံး ပစ်သွင်းကာ ညာဘက်အပေါက်ဆီသို့ အရှိန်ကုန် ပြေးသွားတော့သည်။
ရှေ့တွင် တိုက်ခိုက်နေသည့် အသံများကို ကြားနေပြီ ဖြစ်သည်။ချန်လွေ့ ထပ်ပြီး အော်ခေါ်လိုက်သည်။
“ အသီနာ။ ”
“ ဒီမှာ။ ”
၎င်းသည် အသီနာ၏အသံပင် ဖြစ်သည်။ချန်လွေ့သည် စိတ်အား ပြန်လည်တက်ကြွသွားပြီး ကြယ်စွမ်းအားကို အဆုံးထိ ရုတ်တရက် တိုးမြှင့်လိုက်ရာ လမ်းတစ်လျှောက်ရှိ နတ်ဆိုးယင်ကောင်များ လွင့်စင်သွားကြသည်။
ချန်လွေ့ လမ်းတစ်လျှောက်လုံး ပြေးနေပြီး သုံးလေးခေါက် ကွေ့လိုက်ရသည်။ နောက်ဆုံးတွင် ခန်းမကြီးတစ်ခုထဲရှိ အလင်းရောင်ကို တွေ့သွားသည်။၎င်းသည် နတ်ဆိုးမီးတောက်ကို လောင်ကျွမ်းထားသည့် အလင်းရောင်ဖြစ်သည်။
နတ်ဆိုးမီးတောက်ထဲတွင် အသီနာသည် တိုက်ခိုက်ရေးအသွင်သို့ ပြောင်းထားပြီးပြီ ဖြစ်သည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ သားရေချပ်ကာသည်လည်း လုံးဝနီးပါး ပျက်စီးနေပြီး လက်ထဲရှိ မဟာဓားကြီးကို အဆက်မပြတ် ဝှေ့ရမ်းနေသည်။အသီနာသည် ခေါင်း အရွယ်အစားခန့်ရှိသည့် ထူးဆန်းသော နတ်ဆိုးယင်ကောင်များနှင့် တိုက်ခိုက် နေလေသည်။
ပတ်ဝန်းကျင်၌လည်း မီးခိုးရောင်အရိပ်များ အုပ်စုလိုက်ရှိနေကြသည်။၎င်းတို့သည် သွေးဆာသော နတ်ဆိုးယင်ကောင်များ ဖြစ်သည်။
အသီနာ ဘာမှမဖြစ်လို့ တော်သေးတာပေါ့။
နောက်ဆုံး၌ ချန်လွေ့သည် စိုးရိမ်မှုများကို လွှတ်ချလိုက်နိုင်သည်။သူ၏နှလုံးသားထဲ၌ ပြင်းထန်သည့် ပျော်ရွှင်မှုကိုသာ ခံစားနေရသည်။ကြယ်စွမ်းအားများသည် သူ၏ တစ်ကိုယ်လုံးသို့ လိမ့်တက်သွားပြီး အနားကပ်လာသည့် နတ်ဆိုးယင်ကောင်များကို မမြင်ရသည့် အားတစ်ခုက ကာရံထားလိုက်သည်။
အသီနာဘေးတွင် အမြန်ရွေ့လျားနေသည့် ဖောက်ထွင်းမြင်ရသောအရိပ်တစ်ခုရှိနေပြီး အနီးကပ်လာသည့် နတ်ဆိုးယင်ကောင်များကို အဆက်မပြတ် တွန်းထုတ်နေသည်။ ၎င်းသည် ဒိုဒိုဖြစ်ပေမည်။အသီနာ၏နောက်ဘက်တွင် နံရံအားကျောမှီကာ စက်ဝိုင်းခြမ်း ပုံစံ ဖွဲ့စည်းထားသည့် ထူးဆန်းသော သတ္တဝါများ ရှိနေကြသည်။သူတို့သည်လည်း နတ်ဆိုးယင်ကောင်များကို တိုက်ခိုက်နေကြသည်။သူတို့သည် အသီနာနှင့်အတူတူ တိုက်ခိုက်နေကြပုံပေါ်သည်။ထိုသတ္တဝါများသည် မိန်းမပုံစံ ကိုယ်ပိုင်းရှိကြပြီး သာမန်ချပ်ကာ ဝတ်ဆင်ထားကြသည်။သူတို့၏အောက်ပိုင်းသည် စိမ်းပြာရောင် ဖျော့ဖျော့ ရှိသည့် မြွေခန္ဓာကိုယ်ဖြစ်သည်။အရှေ့မှ သုံးလေးယောက်သည် ကျောက်ဓားများ ကိုင်ဆောင်ထားကြပြီး အနီးကပ်လာသည့် သွေးဆာသော နတ်ဆိုးယင်ကောင်များကို တွန်းကန် တားဆီးနေကြသည်။နောက်ဘက်တွင် လေးနှင့်မြှား ကိုင်ဆောင်ထားသူ တစ်ယောက်ရှိပြီး အသီနာကို တိုက်ခိုက်နေသည့် နတ်ဆိုးယင်ကောင်ကြီးများကို ရံဖန်ရံခါ ပစ်ခတ်နေသည်။မြေပြင်ပေါ်တွင် အလောင်းများ ပုံနေသည်။နတ်ဆိုးများနှင့် မြွေကဲ့သို့ မိန်းမများ အပါအဝင်ဖြစ်သည်။
ဒါက မယ်ဒူဆာပဲ။ ဒဏ္ဍာရီထဲမှ အသိဉာဏ်ရှိသည့် နတ်ဆိုးသားရဲတစ်မျိုးကို ချန်လွေ့ သတိရလိုက်သည်။သူတို့သည် မြွေမ ခန္ဓာကိုယ်ရှိကြပြီး လေးနှင့်မြှားကို ကျွမ်းကျင်သည်။ မယ်ဒူဆာအများစုသည် ရန်သူများကို ကျောက်ရုပ်ဖြစ်စေနိုင်သည့် စွမ်းရည် ရှိကြသည်။ဤနတ်ဆိုးသားရဲများသည်လည်း မိုင်းတွင်းကို အန္တရာယ်ကျရောက်စေခဲ့သည့် မြေအောက် နတ်ဆိုးသားရဲများဖြစ်ကြသည်။သို့သော်လည်း သူတို့သည် မည်သည့် အတွက်ကြောင့် အသီနာဘက်တွင် ရှိနေကြောင်း ချန်လွေ့ မသိပေ။ နတ်ဆိုး ယင်ကောင်ဟူသော ဘုံရန်သူရှိသည့်အတွက်ကြောင့် ယာယီ မဟာမိတ်ဖွဲ့ထားခြင်း ဖြစ်နိုင်သည်။
“ အသီနာ။အားတင်းထားဦး။ငါရောက်လာပြီ။ ”
ထိုအတွေးသည် ချန်လွေ့ခေါင်းထဲသို့ ဖြတ်ခနဲရောက်ရှိလာသည်။သူ၏ခြေထောက်သည် လုံးဝမရပ်သွားပေ။ဆက်လက်ပြေးနေဆဲပင် ဖြစ်သည်။
အသီနာ၏ မဟာဓားကြီး စတင်နှေးကွေးလာခဲ့သည်။ချန်လွေ့၏အသံကို ကြားသည့်အခါ စိတ်ချင်းဆက်နေသကဲ့သို့ပင် အသီနာသည် အကြောင်းရင်းမရှိဘဲ အားအင်ပြည့်သွားကာ လှုပ်ရှားမှုများသည်လည်း မြန်ဆန်ပြင်းထန်သွားတော့သည်။
ခန်းမထဲရှိ နတ်ဆိုးယင်ကောင် အရေအတွက် အလွန်များပြားလှသည်။ချန်လွေ့ကို သူတို့ရှာတွေ့သွားသည့်အခါ ဝိုင်းရံလိုက်ကြသည်။သူတို့၏ ကြက်သီးထစရာအသံ များသည် လေထဲ၌ ပြည့်နှက်နေလေသည်။
“ သတိထား။ ”
အသီနာသည် ထိုနတ်ဆိုးယင်ကောင်များ၏ စွမ်းအားကို သိသည်။သူ စိုးရိမ်နေသော်လည်း နတ်ဆိုးယင်ကောင်ကြီး သုံးကောင်နှင့် တိုက်ခိုက်နေရသည့်အတွက် သွားကူ၍လည်း မရပေ။
ချန်လွေ့ကိုယ်ထဲမှ ကြယ်စွမ်းအားသည် အဆုံးစွန်အထိ မြင့်တက်သွားပြီး အသစ်လေ့ကျင့်ထားသည့် မိုင်ဇာစွမ်းအားအမြင့်ဆုံးသည် ချက်ချင်း ပေါက်ကွဲထွက် သွားသည်။ချန်လွေ့ အကြံတစ်ခု ရသွားသည်။သူ၏လက်ဝါး၌ အလင်းရောင်ဖျော့ဖျော့ ပေါ်ထွက်လာပြီး [ အရှိန်အဝါဓားသွား ]ကို အသက်သွင်းလိုက်သည်။ထို့နောက် ချန်လွေ့ အော်ဟစ်လိုက်သည်။
“ [ ဖျက်ဆီးခြင်း အရှိန်အဝါ ခုတ်ချက် ] ”
“ [ ဖျက်ဆီးခြင်း အရှိန်အဝါ ခုတ်ချက် ] ”
[ အရှိန်အဝါဓားသွား ] ၏ နေရာပြန့်အစွမ်းသည် ငါးမီတာ ပတ်လည်ရှိ ရန်လိုသော သတ္တဝါများကို အလျင်အမြန် ခုတ်ပိုင်းခြင်းဖြစ်သည်။ကြယ်စွမ်းအား ကုန်ဆုံးသည့်အပြင် အရှိန်အဝါ ၁၀၀လည်း ထပ်ပေးရသည်။
ချက်ချင်းပင် ငါးမီတာအတွင်း၌ သွေးဆာသော နတ်ဆိုးယင်ကောင်များအားလုံးသည် မရေတွက်နိုင်သည့် ထက်လှသော အားများ၏ အရှိန်မြန်ခုတ်ပိုင်းခြင်းကို ခံလိုက်ကြ ရသည်။သူတို့၏ ခန္ဓာကိုယ်တစ်ခုစီသည် စာရေးထားသကဲ့သို့ ဓားသွားအလင်းရောင်များ လင်းလက်နေသည်။ထိုအလင်းရောင်များ ပျောက်ကွယ်သွားသည့်အခါ သူတို့၏အသက်ပါ ပါခဲ့သည်။[ ဖျက်ဆီးခြင်း အရှိန်အဝါခုတ်ချက် ] စွမ်းအားအောက်တွင် အလွန်အကြမ်းခံ လှသည့် သွေးဆာသော နတ်ဆိုးယင်ကောင်များသည် မရေတွက်နိုင်သည့် အမှုန်များကဲ့သို့ ကြေမွသွားပြီး မိုးပေါက်များကဲ့သို့ ပြုတ်ကျလာကြသည်။
မိုးသစ်တော၌ ဒိုဒို၏ပြန့်ကျဲနေသည့် ခန္ဓာကိုယ်အပေါ်၌ အသုံးပြုခြင်းကလွဲလျှင် ယခုအကြိမ်သည် တကယ်တိုက်ပွဲအတွင်း၌ ရန်သူအမြောက်အမြားအား [ ဖျက်ဆီးခြင်း အရှိန်အဝါခုတ်ချက် ]ကို ပထမဆုံး အသုံးပြုခြင်း ဖြစ်သည်။ထို သွေးဆာသော နတ်ဆိုးယင်ကောင်များသည် ဒိုဒိုကဲ့သို့ မသေနိုင်သည့် ခန္ဓာကိုယ်မရှိပေ။သူတို့၏ လုံးဝကြွေမွသွားသည့် ခန္ဓာကိုယ်များကို ပြန်လည်မတည်ဆောက်နိုင်တော့ပေ။၎င်းသည် အတော်လေး အသုံးဝင်ပုံရသည်။
သွေးဆာနေသည့် နတ်ဆိုးယင်ကောင်များသည် အပေါင်းအဖော်များ သေဆုံးမှုကြောင့် မကြောက်လန့်သွားပေ။ချန်လွေ့ကို ဝိုင်းအုံနေကြသည်။[ ဖျက်ဆီးခြင်း အရှိန်အဝါ ခုတ်ချက် ] ၏ ဖော်ပြချက်သည် ၅မီတာပတ်လည်ရှိ ရန်လိုသော သက်ရှိများကို တိုက်ခိုက်သည်ဟူ၍ ဖြစ်သည်။သို့သော်လည်း ဤတိုက်ခိုက်မှုသည် မိတ်ဆွေများကို ခွဲခြားနိုင်မနိုင် ချန်လွေ့ မသိသေးသည့်အတွက် အသီနာတို့ထံ အနားမကပ်ရဲပေ။ ချန်လွေ့သည် အမြန်လာနေသည့် နတ်ဆိုးယင်ကောင်များကို အလျှော့ပေးလိမ့်မည် မဟုတ်ပေ။အမြန်နှုန်းသုံးပြီး နတ်ဆိုးယင်ကောင် အရေအတွက် အတော်များများကို စုစည်းပြီးသည့်အခါ [ ဖျက်ဆီးခြင်း အရှိန်အဝါခုတ်ချက် ] ကို ထပ်ပြီး သုံးလိုက်ပြန်သည်။
၎င်းသည် အရှိန်အဝါ အနည်းငယ်ပို၍ ကုန်ကျသည်။သို့သော်လည်း အရှိန်အဝါ ၁၀၀သာ ဖြစ်သည်။ကြယ်စွမ်းအား ကုန်ဆုံးနှုန်းသည် [ အရှိန်အဝါဓားသွား ] ထက် သုံးလေးဆ ပိုများသော်လည်း ဤကဲ့သို့ ပျံ့နှံ့အစွမ်းမျိုးသည် အတော်လေး ထိရောက်သည်။ နတ်ဆိုးသားရဲများကို မချိမခံသာအောင် ပြောပြီး [ ဖျက်ဆီးခြင်း အရှိန်အဝါခုတ်ချက် ] ကို အကြိမ်ကြိမ် ထပ်သုံးပြီးနောက်တွင် သွေးဆာနေသည့် နတ်ဆိုးယင်ကောင် အနည်းငယ်သာ ခန်းမထဲ၌ ကျန်တော့သည်။
နတ်ဆိုးယင်ကောင်ကြီး သုံးကောင်သည် ထိုအန္တရာယ်ပုံရိပ်ကို သတိထားမိသွားကြပြီး တစ်ကောင်သည် အသီနာဆီမှ ချန်လွေ့ထံ ပျံသန်းလာခဲ့သည်။၎င်း၏အမြန်နှုန်းသည် ထို သွေးဆာနေသည့် နတ်ဆိုးယင်ကောင်များထက် သုံးလေးဆ ပို၍မြန်ဆန်နေသည်။
မျိုးနွယ်= [ ယိုယွင်းနတ်ဆိုးယင်ကောင် ]
စွမ်းအားအကဲဖြတ်မှု = [ D ]
ယိုယွင်းနတ်ဆိုးယင်ကောင်သည် အမြင့်ဆင့်နတ်ဆိုး ဖြစ်နေလေသည်။