← Chapters

မြေအောက်လောက စစ်ပွဲ

Vol. 10 Ch. 145

မြေအောက်လောက စစ်ပွဲ

Vol. 10 Ch. 145

တင်သည် အမှောင်လမြို့ရှိ ရှေးအကျဆုံး မိသားစုတစ်ခုဖြစ်သည့် စိုင်ဖူမိသားစု အကြီးအကဲဖြစ်သူ ကာတာ၏ သားဖြစ်သည်။လွန်ခဲ့သော ၂နှစ်ခန့်က သူသည် ဂျိုးဆက်ပ်၏ အကြံအစည်အရ ရှီလန်တောင်သို့ မိုင်းတွင်းအရာရှိ အနေဖြင့် ပြောင်းရွှေ့ခြင်းခံရသည်။သို့သော်လည်း သူသည် အဓိကတွင်းသို့ လေ့လာရန်အတွက် ပထမဆုံး ဝင်ရောက်လိုက်ပြီးနောက်တွင် ပျောက်ကွယ်သွားကာ အလောင်းကိုလည်း မရှာတွေ့ခဲ့ပေ။

သူ အသက်ရှင်နေပြီးတော့.....ဒီ မယ်ဒူဆာရဲ့ ယောက်ျား ဖြစ်သွားမယ်လို့ ဘယ်သူ ထင်မှာလဲ။

အဲဒါဆို အဲ့ဒီအချိန်တုန်းက ဝင်ပေါက် မှော်အစီအရင် မပျက်စီးသေးဘူး။ဒီ၂နှစ်အတွင်းမှာ တင် ဘာဖြစ်လို့ မြေပြင်ပေါ်ကို ပြန်တက်ဖို့ မကြိုးစားရတာလဲ။

မသိရသေးတဲ့ အကြောင်းကိစ္စတချို့ ရှိနေလို့ ဖြစ်မယ်။

ချန်လွေ့ ခဏစဉ်းစားပြီး ပြောလိုက်သည်။

“ ကျုပ်တို့က တင်ရဲ့ မိတ်ဆွေတွေပါ။သူပျောက်သွားတာ ၂နှစ်ကျော်နေပြီ။ သူအသက်ရှင်နေဦးမယ်လို့ မထင်ထားခဲ့ဘူး။ခင်ဗျားရဲ့ ယောက်ျား‌ဆီ ကျုပ်တို့ကို ခေါ်သွားပေးနိုင်မလား။ ”

လက်ရှိတွင် ထွက်ပေါက်ကို အသုံးပြု၍ မရနိုင်တော့ပေ။အကြံကောင်းလည်း ရှိ‌မနေပေ။ပို၍အစွမ်းထက်သည့် နတ်ဆိုးသားရဲများနှင့် တွေ့ကြုံရမည့်အစား မယ်ဒူဆာ နောက်လိုက်ပြီး တင်ကို သွားတွေ့ခြင်းသည် ပို၍ကောင်းပေမည်။လက်ရှိအခြေအနေကို ပိုကောင်းသွားအောင် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်။သို့သော်လည်း မယ်ဒူဆာနှင့် ပတ်သက်ပြီး သတိလက်လွတ်နေ၍ မရေပေ။ချန်လွေ့တွင် “ အမှောင်ဆန္ဒ ” ရှိသည်။လုံးဝ လိုအပ်သည့်အခါတွင် အန္တရာယ်မှ လွတ်မြောက်ရန်အတွက် တယ်လီပို့ ခုန်နိုင်လေသည်။

ကံမကောင်းစွာပင် အမှောင်ဆန္ဒသည် လေဟာနယ်(နေရာလွတ်)ကို မဖြတ်သွားနိုင်ပေ။ သို့မဟုတ်ပါက ချန်လွေ့သည် ၎င်းကို အသုံးပြုကာ တယ်လီပို့ ခုန်သွားလိုက်မည် ဖြစ်သည်။

လူဆာ ခဏစဉ်းစားပြီး နောက်‌ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

“ အဲဒီ နတ်ဆိုးယင်ကောင်တွေ အချိန်မရွေး ပြန်လာနိုင်တယ်။သွားရအောင်။ကျွန်မနောက် လိုက်ခဲ့။ ”

လူဆာ၏ အဆင့်အတန်းသည် မနိမ့်လှပေ။လူဆာသည် မယ်ဒူဆာသုံးယောက်ကို ရှူးရှူးရှဲရှဲ အသံပြုလိုက်ရာ သူတို့သည် ချက်ချင်းပင် ရှေ့မှသွားလိုက်တော့သည်။

ချန်လွေ့သည် တင်အကြောင်းကို အသီနာအား ပြောပြသည်။အသီနာလည်း အံ့အားသင့်သွားပြီး ချန်လွေ့၏ဆုံးဖြတ်ချက်ကို မကန့်ကွက်ခဲ့ပေ။သူတို့နှစ်ယောက် ဒိုဒိုကို ခေါ်ကာ မယ်ဒူဆာနှင့်အတူ လမ်းလျှောက်သွားတော့သည်။

ဝင်ပေါက် တစ်ပေါက်ပြီးတစ်ပေါက် ဖြတ်သန်းသွားပြီးနောက်တွင် ချန်လွေ့တို့ အုပ်စုသည် အက်ကွဲ‌ပွင့်ထွက်နေသည့် ဝင်ပေါက်ကြီးတစ်ခုဆီ ရောက်ရှိသွားသည်။၎င်းသည် အဆုံးမရှိသကဲ့သို့ ဖြစ်သည်။လေအေးများကလည်း ထိုဝင်ပေါက်မှ တိုက်ခတ်နေသကဲ့သို့ ထင်ရပြီး အနည်းငယ် အေးစိမ့်စိမ့် ဖြစ်နေသည်။

ဒါက အဓိကတွင်းကနေ မြေအောက်လောကဆီသွားတဲ့ ဝင်ပေါက်ဖြစ်မယ်။

မယ်ဒူဆာများ မရပ်နေဘဲ ဝင်ပေါက်ထဲသို့ ဝင်လိုက်ကြသည်။ချန်လွေ့နှင့် အသီနာလည်း အချင်းချင်း ကြည့်ပြီး သူတို့နောက် လိုက်သွားတော့သည်။

၎င်းသည် အလွန်မှောင်ပြီး နက်ရှိုင်းလှသည့် ဝင်ပေါက်တစ်ခု ဖြစ်သည်။အသီနာနှင့် ချန်လွေ့တို့၏ အမြင်ဖြင့်ပင် အနည်းငယ်သာ မြင်နိုင်သည်။အသီနာသည် သတိထားနေပြီး ရုတ်တရက် လက်သီးဆုပ်သည်။ထို့နောက်တွင် သူ၏လက်ကို နွေးထွေးလှသော လက်ဝါးတစ်ခုက ဆုပ်ကိုင်ထားလိုက်သည်။

အသီနာ၏လက် အနည်းငယ် တုန်ခါသွားပြီးနောက် ချက်ချင်းပင် ချန်လွေ့ကို ပေးကိုင်လိုက်သည်။ယခုတစ်ခေါက်သည် မိုးသစ်တောမည်း၌ နဂါးထွင်းစာများကို ရင်ဆိုင်သကဲ့သို့ မဟုတ်ဘဲ ဆင်ခြေပေးစရာမရှိပေ။ချန်လွေ့သည် အသီနာ၏လက်ကို တည့်တည့်ကြီး စတင်ကိုင်လိုက်ခြင်း ဖြစ်သည်။

အသီနာ၏မျက်နှာ ပူနွေးလာပြီး နှလုံးခုန်နှုန်းလည်း ပိုမြန်လာသည်။သို့သော်လည်း မိုးသစ်တောမည်းမှာကဲ့သို့ မကြောက်နေဘဲ ချိုမြိန်သော ‌ယစ်မူးခြင်းကို ခံစားနေလိုက်သည်။ရှေ့တွင် အန္တရာယ်များ ရှိနိုင်သော်လည်း ထိုလက်ကိုကိုင်ထားလျှင် မည်သည့်ကိုမှ ကြောက်စရာမလိုဟု ခံစားနေရသည်။

သူတို့နှစ်ယောက် စိတ်ချင်းဆက်နေ၍ ဖြစ်ကောင်းဖြစ်နိုင်သည်။လက်ကိုင်ထားရင်းနှင့်ပင် ချန်လွေ့သည် အသီနာ၏ခံစားချက်များကို ထူးထူးခြားခြား ခံစားနေရသည်။သူသည် အသီနာ၏လက်ကို ပို၍တင်းတင်းကြပ်ကြပ် ‌ဆုပ်ကိုင်လိုက်သည်။သူတို့နှစ်ယောက် ခွဲခွာခဲ့ရသည်မှာ တစ်လရှိနေပြီဖြစ်ပြီး ပြောစရာအများကြီး ရှိနေသည်။သူတို့ နှစ်ယောက်သည် လက်ချင်းချိတ် ဘေးချင်းကပ် လမ်းလျှောက်ရင်း စကားပြော၍ ရသော်လည်း ယခုအချိန်သည် စကားပြောခြင်းထက် ဆိတ်ဆိတ်နေရမည့်အချိန် ဖြစ်သည်။

နောက်ဆုံး၌ ရှေ့တွင် အလင်းရောင် ပေါ်ထွက်လာခဲ့လေပြီ။ဤကဲ့သို့ နက်မှောင်သည့် ဝင်ပေါက်ကို ဖြတ်သန်းသွားပြီးနောက် သူတို့၏အမြင်အာရုံထဲ ဝင်ရောက်လာသည့် အရာသည် လွန်စွာထူးဆန်းနေသည်။

ထိုနေရာသည် အဓိကတွင်းကဲ့သို့ ဝင်္ကပါမျိုး မဟုတ်ပေ။၎င်းသည် ကျယ်ပြောလှသည့် အခြားလောက တစ်ခုကဲ့သို့ပင် ဖြစ်သည်။

အထက်နှင့်အောက်တွင် အလွန်ကြီးမားသည့် နေရာလပ်ကြီးတစ်ခု ရှိသည်။အတော်လေး ကျယ်ဝန်းကြီး တောက်ပသလို ခံစားနေရသည်။အဓိကတွင်းရှိ မျက်နှာကြက်များကဲ့သို့ ဖိနှိပ်ခံရသည့် ခံစားချက်မျိုး ရှိမနေပေ။ချန်လွေ့ မြင်နေရသည့်အရာများမှာ ထူးဆန်းသော ကျောက်စက်မိုးမျှော်များနှင့် ကျောက်စက်ပန်းဆွဲများ ဖြစ်ကြသည်။အရောင်ဖျော့ဖျော့နှင့် အရောင်တောက်တောက်များ ထုတ်လွှတ်နေသည့် အထူးကုန်ကြမ်းများစွာလည်း ရှိနေသည်။

၎င်းတို့သည် အရောင်စုံပြီး ပုံသဏ္ဍာအမျိုးမျိုး ရှိကြပြီး ရင်သပ်ရှူမောဖွယ် မြင်ကွင်းမျိုးပင် ဖြစ်သည်။တစ်ခါတစ်ရံတွင် အရောင်လက်နေသည့် ကြည်လင်သော ရေကန်များကို မြေပြင်ပေါ်၌ မြင်တွေ့နိုင်သည်။ရေစက်များသည် ထိပ်ပိုင်းမှ ရေကန်ထဲသို့ တစ်စက်ချင်း ကျနေသည်။အပူချိန်သည်လည်း အဓိကတွင်းထက် သိသိသာသာ ပို၍နိမ့်ကျနေသည်။

ချန်လွေ့သည် ဤကဲ့သို့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ချန်လွေ့ စိတ်ထဲ၌ အံ့ဩသွားသည်။အသီနာလည်း အံ့အားသင့်သွားသည်။

ရင်သပ်ရှုမောဖွယ် ရှူခင်းနောက်တွင် မမျှော်လင့်ထားသည့် အန္တရာယ်များ ရှိသည်။ ဤနေရာတွင် မြေအောက် နတ်ဆိုးသားရဲများ နှစ်၄၀၀ကျော် လှည့်ပတ်သွားလာ နေခဲ့ကြသည်။၎င်းသည် ကမြင်းကြော ထနေခြင်း မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။ယခုတွင် သူတို့သည် မယ်ဒူဆာ အသိုက်သို့ သွားမည်ဖြစ်သော်လည်း အန္တရာယ် မကင်းနိုင်လောက်ပေ။၎င်းကို သူတို့နှစ်ယောက်လည်း သိကြသည့်အတွက် သတိ လက်လွတ် မနေနေကြပေ။

အတော်လေး လမ်းလျှောက်ပြီးပြီးနောက်တွင် သူတို့သည် မည်သည့်အန္တရာယ်နှင့်မျှ မရင်ဆိုင်ခဲ့ရပေ။ဤနေရာရှိ လေသည် ပို၍လတ်ဆတ်နေသည်။ဓာတ်သတ္တုများထဲတွင် အပင်ကဲ့သို့ပင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင် ထုတ်လွှတ်နိုင်သည့် အထူးပစ္စည်းတစ်မျိုးမျိုး ရှိ၍ဖြစ်ပေမည်။

ရုတ်တရက် မယ်ဒူဆာ ရှေ့ဆက်မသွားတော့ဘဲ ရှေ့သို့ သတိထားပြီးကြည့်လိုက်သည်။ ချန်လွေ့နှင့်အသီနာတို့သည်လည်း တိုက်ခိုက်နေသည့်အသံကဲ့သို့ ပုံမှန်မဟုတ်သော အသံများကို သတိထားမိလိုက်သည်။ထို့ပြင် ထိုအသံများသည် သူတို့ဆီ ရွေ့လျား လာနေသည်။

ကျောက်တုံးများမှ အလင်းပြန်မှုကြောင့် တိုက်ပွဲအတွင်းမှ နှစ်ဖက်စလုံး တဖြည်းဖြည်း ထင်ရှားလာသည်။

တစ်ဖက်သည် မြင့်မားပြီး သန်မာသည့် လူပုံစံ နတ်ဆိုးသားရဲဖြစ်ပြီး တစ်ကိုယ်လုံးတွင် အမွှေးရှည်များ ဖုံးလွှမ်းနေသည်။၎င်းတွင် နွားခေါင်းနှင့် ခွာများရှိပြီး လက်တစ်ဖက်တွင် လက်ချောင်းသုံးချောင်းရှိကာ ကြီးမားလှသော ကျောက်တူကြီးကို ကိုင်ဆောင်ထားသည်။ တစ်ခါတစ်ရံတွင် ၎င်းသည် ရန်သူများကို ချွန်ထက်လှသည့် ဂျိုများနှင့် တူကြီးကိုသုံးပြီး တိုက်ခိုက်သည်။

မယ်ဒူဆာကဲ့သို့ပင် ထိုသတ္တဝါသည် ပြိဿဟုခေါ်သော အသိဉာဏ်ရှိသည့် နတ်ဆိုးသားရဲတစ်မျိုးပင် ဖြစ်သည်။

ပြိဿများသည် စစ်သည်အဖြစ် မွေးလာကြသူများဖြစ်သည်။၎င်းတို့သည် ကြမ်းတမ်းပြီး အစွမ်းထက်ကြသည်။တိုက်ခိုက်မှုနှင့်ခုခံမှုစွမ်းရည် မြင့်မားရုံသာမက မှော်ပညာ ခုခံမှုလည်း မြင့်မားကြသည်။သန္ဓေပြောင်း ပြိဿအနည်းငယ်သည် ထူးခြားသည့် သဘာဝစွမ်းအားကို အသုံးပြုနိုင်ပြီး မှော်ပညာရှင်ကဲ့သို့ ဖြစ်လာနိုင်သည်။နတ်ဆိုးဘုံ၌ ပြိဿအချို့သည် တောင်တန်းများ၌ နေထိုင်ကြသည်ဟု သိကြသည်။မမျှော်လင့်ဘဲနှင့် ဤမြေအောက်လောကတွင်လည်း ပြိဿများ ရှိနေကြသည်။

ပြိဿ၏ပြိုင်ဘက်သည် ပို၍ပင် ထူးဆန်းသည့် သတ္တဝါများဖြစ်သည်။၎င်း၏ခန္ဓာကိုယ်ကို ကျောက်တုံးနှင့် မြေကြီးများဖြင့် ဖွဲ့စည်းထားပြီး ၎င်း၏မျက်နှာအသွင်အပြင်နှင့် ကြွက်သားများသည် မထင်မရှား ဖြစ်နေသည်။၎င်း၏မျက်လုံးများတွင် အဝါရောင် ဖျော့ဖျော့ ‌အလင်းရောင်များ ထုတ်လွှတ်နေသည်။သူတို့တွင် လက်နက်မရှိပေ။ သို့သော်လည်း သူတို့၏ခန္ဓာကိုယ်များသည် လက်နက်များထက် ပို၍မာကြောနေသည်။ ပြိဿသည် ကျောက်တူကြီးကို အားဖြင့်လွှဲကာ ရိုက်ခတ်လိုက်သော်လည်း ထိခိုက်မှု ကြီးကြီးမားမား မဖြစ်သွားစေခဲ့ပေ။

ထိုသတ္တဝါများသည် ထူးဆန်းသော တိုက်ခိုက်မှုများကိုလည်း ပြုလုပ်နိုင်သည်။၎င်း၏ လက်များကို ဝှေ့ရမ်းလိုက်သည့်အခါ မြေပြင်ပေါ်မှ ချွန်ထက်သည့် ‌ဆူးချွန်များ ထိုးထွက်လာသည်။၎င်းသည် နောက်ထပ် လက်ဝှေ့ရမ်းလိုက်ရာ အနီးအနားရှိ အပေါင်းအဖော်များပေါ်တွင် ချပ်ကာကဲ့သို့ အလင်ရောင် ဖျော့ဖျော့ ပေါ်ထွက်လာပြီး ခုခံမှု တိုးသွားစေသည်။

“ [ မြေဆူးချွန် ]၊[ ကျောက်ကိုယ်ထည် ] ”

အသီနာ တအံ့တဩ ပြောလိုက်သည်။

“ ဒါတွေက မြေဒြပ်စင်ကောင်တွေပဲ။ ”

ဒြပ်စင်ကောင်များသည် သဘာဝ ဒြပ်စင်အားများ အမြုတေအဖြစ် စုစည်းသွားရာမှ ဖြစ်ပေါ်လာသည့် အသိရှိသတ္တဝါ တစ်မျိုး ဖြစ်သည်။အများစုမှာ ဆိုင်ရာဆိုင်ရာ ဒြပ်စင်စွမ်းအားများ အတော်လေး သိပ်သည်းလှသည့် နေရာများတွင် သဘာဝအလျောက် ပေါ်ထွက်လာကြသည်။ဥပမာပြောရလျှင် မီးဒြပ်စင်ကောင် အများစုမှာ မီးတောက်များ ထဲ၌ ဖြစ်ပေါ်လာပြီး မြေဒြပ်စင်ကောင်များသည် မြေအောက်တွင် ဖြစ်ပေါ်လာသည်။ ဒြပ်စင်ကောင်များတွင် အသက်မရှိကြပေ။ဒြပ်စင်စုစည်းခြင်းမှ မွေးဖွားလာကြသည့် အတွက် သဘာဝမျှခြေအတိုင်း သူတို့သေဆုံးသွားကြသည်။သူတို့တွင်ရှိသည့် ဒြပ်စင် များနှင့်အညီ သူတို့၏စွမ်းအားများနှင့် စိတ်နေစိတ်ထားများ ကွဲပြားကြသည်။ဥပမာ အနေဖြင့် မြေဒြပ်စင်ကောင်များသည် ခုခံရာ၌ ကျွမ်းကျင်ကြပြီး မီးဒြပ်စင်ကောင်များသည် တိုက်ခိုက်ရာ၌ ကျွမ်းကျင်ကြသည်။အများစုတွင် သက်ဆိုင်ရာဒြပ်စင်ကို ထိန်းချုပ် နိုင်သည့် စွမ်းရည် ရှိကြသည်။ခုနက မြေဒြပ်စင်ကောင်သည် မြေမှော်ပညာကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

[ မြေဆူးချွန် ]သည် ‌ရန်သူကို တိုက်ခိုက်ရန်အတွက် မြေပြင်မှထိုးထွက်သည့် ဆူးချွန်များကို ထိန်းချုပ်နိုင်ပြီး [ ကျောက်ကိုယ်ထည် ] သည် ခုခံမှုကို တိုးမြင့်စေသည့် တိုးမြှင့်မှော်ပညာ ဖြစ်သည်။

မယ်ဒူဆာများသည် တိုက်ပွဲအတွက် အလျင်အမြန် ပြင်ဆင်ထားလိုက်သည်။လူဆာ မြှားတစ်ချောင်းပစ်လိုက်ရာ မြေဒြပ်စင်ကောင်၏ ခန္ဓာကိုယ်ကို ထိသွားသည်။ ကံမကောင်းစွာပင် မဖောက်ထွင်းနိုင်ခဲ့ပေ။ဤကဲ့သို့ ခုခံမှုမြင့်မားသည့် မြေဒြပ်စင်ကောင် များကို အလှမ်းဝေးတိုက်ခိုက်မှုနှင့် တိုက်ခိုက်လျှင် ပြင်းပြင်းထန်ထန် ထိခိုက်မည် မဟုတ်ဟု ထင်ရသည်။

“ ပြိဿတွေကို ကူပေးလိုက်။ ”

ထိုသို့ပြောပြီးနောက် လူဆာသည် တောခုတ်ဓားထုတ်ပြီး မယ်ဒူဆာသုံးယောက်ကို ဦးဆောင်ကို မြေဒြပ်စင်ကောင်များကို တိုက်ခိုက်တော့သည်။

ယေဘုယျအားဖြင့်ပြောရလျှင် အပြုအမူနှင့် ဆက်သွယ်ရေးပြဿနာများကြောင့် မျိုးနွယ်မတူသည့် နတ်ဆိုးသားရဲများသည် အချင်းချင်း ရန်လိုတတ်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် မတုံ့ဆိုင်းဘဲ ကူညီခြင်းသည် ရှားပါးလှသည်။၎င်းသည် အနည်းငယ် ထူးဆန်းနေသည်ဟု ချန်လွေ့ ခံစားရသည်။သို့သော်လည်း အသီနာအား တိုက်ပွဲ၏ပစ်မှတ်အကြောင်း ရှင်းပြလိုက်သည်။ချန်လွေ့သည် အသီနာကို ကာကွယ်ရန် ဒိုဒိုကို အမိန့်ပေးပြီးနောက် မယ်ဒူဆာများနှင့်အတူ မြေဒြပ်စင်ကောင်များဆီသို့ အပြေးသွားတော့သည်။

မယ်ဒူဆာများ၏ ကူညီမှုကို ပြိဿများ အံ့အားသင့်သွားသည်။သူစိမ်းနှစ်ယောက်ဖြစ်သည့် ချန်လွေ့နှင့်အသီနာတို့အား မြင်လိုက်သည့်အခါ သူတို့ပို၍ တထိတ်တလန့် ဖြစ်သွားသည်။ပြိဿ၏မျက်လုံးတွင် သတ်ဖြတ်ချင်စိတ် ပေါ်ထွက်လာသည်။ ချန်လွေ့လည်း ချက်ချင်းပင် ပြိဿအား [ သရုပ်ခွဲမျက်လုံး ]မှတစ်ဆင့် ရင်းနှီးမှု ပြသပြီး လုပ်ရပ်များဖြင့် သက်သေပြလိုက်သည်။

“ ဖောင်း ”

ချန်လွေ့သည် မှော်ပညာမန်းမှုတ်နေသည့် မြေဒြပ်စင်ကောင်၏ခန္ဓာကိုယ်ကို ပြင်းပြင်း ထန်ထန် ထိုးလိုက်ရာ ထိုမြေဒြပ်စင်ကောင်သည် ၇မီတာ၈မီတာအကွာသို့ ရောက်ရှိသွား သည်။မြေဒြပ်စင်ကောင် အနည်းငယ် ယိမ်းယိုင်သွားသော်လည်း အဆင်ပြေနေဆဲပင် ဖြစ်သည်။သို့သော်လည်း လက်သီးပြန်ကန်မှုကြောင့် ချန်လွေ့၏လက် ထုံကျင်သွားသည်။

ချန်လွေ့ အံ့ဩသွားသည်။မြေဒြပ်စင်ကောင်များသည် [ D ] အဆင့်ဖြစ်သည်ဟု [ သရုပ်ခွဲမျက်လုံး ] ၌ သေသေချာချာ ဖော်ပြထားသည်။ချန်လွေ့၏ [ D ] အဆင့် အစွမ်းထက်ဆုံး စွမ်းအားဖြင့်ပင် မြေဒြပ်စင်ကောင်ကို မထိခိုက်စေနိုင်ခဲ့ပေ။ နတ်ဆိုးဘုံတွင် အစွမ်းထက်ပုဂ္ဂိုလ်များ အထူးသဖြင့် ထူးခြားသော ပါရမီနှင့် စွမ်းအားများရှိသည့် အထူးသတ္တဝါများ အများအပြားရှိပုံရသည်။မြေဒြပ်စင်ကောင်များ ကဲ့သို့ပင် [ D ] အဆင့် တူတူဖြစ်သော်လည်း အချင်းချင်း အနိုင်ရရန် မသေချာနိုင်ပေ။

ထိုအချိန်၌ ချန်လွေ့သည် အောက်ဘက်မှ သတိပေးချက်တစ်ခုကို ခံစားမိလိုက်ပြီး အလျင်အမြန်ပင် အဝေးသို့ ခုန်လိုက်သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်ပေါ်၌ ဓားသွားကဲ့သို့ ဆူးချွန်များ ရုတ်တရက် ထွက်ပေါ်လာသည်။ချန်လွေ့ အနည်းငယ် နှေးသွားခဲ့လျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမည် ဖြစ်သည်။

ချန်လွေ့သည် ယခင်က နတ်ဆိုးယင်ကောင်များနှင့် တိုက်ခိုက်ခဲ့သည့်အတွက် ကြယ်စွမ်းအား တော်တော်များများ ကုန်ဆုံးသွားခဲ့သည်။သူသည် လက်ရှိတွင် [ အရှိန်အဝါဓားသွား ] ကို အသုံးမပြုနိုင်သေးပေ။ချန်လွေ့သည် ချက်ချင်းပင် ပင်လယ်လှိုင်းကြမ်း စွမ်းအားကို ထုတ်သုံးပြီး မြေဒြပ်စင်ကောင်များ ဆုတ်ခွာသည်အထိ တိုက်ခိုက်တော့သည်။နောက်ဆုံး၌ သူတို့၏ မာကြောလှသော ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ ပေါ်ထွက်လာတော့သည်။

တိုက်ခိုက်နေစဉ်အတွင်း ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ]ကို အသုံးပြုကာ မြေဒြပ်စင်ကောင်များအား ဆက်သွယ်စကားပြောပြီး မြေအောက်လောကအကြောင်း ပိုမိုသိရှိရန် ကြိုးစားကြည့်သည်။သို့သော်လည်း မြေဒြပ်စင်ကောင်၏ မျက်လုံးထဲရှိ ဝါဖျော့ဖျော့ အလင်းရောင် လက်ခနဲဖြစ်သွားပြီး ချန်လွေ့ပြန်ရသည့် အချက်ပြများမှာ ခံစားချက်များ၊မတည်မငြိမ်ဖြစ်မှုများ မဟုတ်ဘဲ သတ်ဖြတ်ချင်စိတ်များသာ ဖြစ်သည်။

အဆက်မပြတ် သတ်ဖြတ်ချင်စိတ်ပဲ။

အသီနာနှင့် မယ်ဒူဆာတို့၏ အကူအညီနှင့်အတူ ပြိဿတို့သည် စိတ်အားပြန်လည် တက်ကြွသွားသည်။အသီနာ၏ လက်နက် နှင့် မယ်ဒူဆာတို့၏ လက်နက်များသည် မြေဒြပ်စင်ကောင်များအပေါ် များများစားစား မထိခိုက်စေပေ။ဒိုဒို၏ အသွင်ပြောင်း စွမ်းရည်သည် အတော်လေး အလုပ်ဖြစ်လှသည်။သူသည် မြေဒြပ်စင်ကောင် တစ်ကောင်ကို ရစ်ပစ်သည်။ထို့နောက် ပြိဿသုံးလေးယောက် အပြေးလာပြီး မြေဒြပ်စင် ကောင်၏ ခေါင်းကို ကြေမွသွားအောင် ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။

အတော်ကြာအောင် တိုက်ခိုက်ပြီးနောက် ချန်လွေ့သည် မြေဒြပ်စင်ကောင်များ၏ အထူးဝိသေသလက္ခဏာများကို ရှာတွေ့သွားသည်။သူတို့သည် တိုက်ခိုက်ရာတွင် အားနည်းသော်လည်း ခုခံမှုတွင် အားကောင်းလှသည်။သူတို့၏ မှော်အစွမ်းများကို သေသေချာချာ ရှောင်တိမ်းပြီးနောက် မြေဒြပ်စင်ကောင်များ၏ ‌ဦးခေါင်းကိုတိုက်ခိုက်လျှင် ထိခိုက်စေနိုင်သည်။ပင်လယ်လှိုင်းကြမ်း စွမ်းအားနှင့်အတူ မြေဒြပ်စင်ကောင်များ၏ ဦးခေါင်းရှိ အက်ကွဲကြောင်းများ ပို၍ကြီးမားလာပြီး [ ကျောက်ကိုယ်ထည် ] သည်ပင် အဆုံးမသတ်နိုင်တော့သည့် လှိုင်းလုံးစွမ်းအားများကို မခုခံနိုင်တော့ပေ။နောက်ဆုံး၌ သူတို့သည် လုံးဝ ‌ကြေမွပျက်စီးသွားတော့သည်။

သိပ်မကြာခင်မှာပင် မြေဒြပ်စင်ကောင်များအားလုံးကို ရှင်းပစ်လိုက်နိုင်သည်။ပြိဿ ခေါင်းဆောင် ရောက်လာပြီး ချန်လွေ့ကို နွားမျက်လုံးကြီးများနှင့် ခဏလောက် ကြည့်နေသည်။ထို့နောက် ၎င်းသည် ရုတ်တရက် ရင်ဘတ်ကို အားနှင့်ပုတ်ပြီး ဟစ်ကြွေးလိုက်သည်။

“ မိတ်ဆွေ။ဝတ်ထ်။ ”

ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ]မှတစ်ဆင့် ပြိဿ၏ ကျေးဇူးတင်မှုကို ခံစားရသည်။ဝတ်ထ်သည် ၎င်း၏နာမည် ဖြစ်ပေမည်။ချန်လွေ့လည်း ချက်ချင်းပင် ရင်းရင်းနှီးနှီး ပြန်လည်တုံ့ပြန်လိုက်သည်။

မယ်ဒူဆာကဲ့သို့ပင် ပြိဿလည်း ချန်လွေ့၏ ဆက်သွယ်စကားပြောနိုင်သော စွမ်းရည်ကို အံ့ဩနေသည်။သို့သော်လည်း သူတို့သည် ၎င်းကို အသေးစိတ် စစ်ဆေးမနေပေ။ သူတို့သည် ကိစ္စတစ်ခုကိုသာ ပြောသည်။

“ လိုက်ခဲ့။အကူအညီလိုတယ်။တိုက်ခိုက်ရမယ်။ ”

မယ်ဒူဆာသည် “မဟာမိတ်” ပြိဿ ပြောသည်ကို နားလည်ပုံမရပေ။[ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် ချန်လွေ့ ဘာသာပြန်ပေးပြီးနောက် မယ်ဒူဆာသည် ပြိဿနောက်သို့ ချက်ချင်း လိုက်သွားတော့သည်။

မြေဒြပ်စင်ကောင်များနှင့် ပြိဿများကြားတွင် မည်သည့်ပြဿနာရှိကြောင်း ချန်လွေ့မသိပေ။ပြိဿများကို မယ်ဒူဆာများ မည်သည့်အတွက်ကြောင်း ကူညီရကြောင်း ကိုလည်း မသိပေ။ချန်လွေ့သည် ဤကဲ့သို့ အန္တရာယ်များလှသည့် မြေအောက်လောကနှင့် လည်း စိမ်းကားနေသည်။ယခုတွင် ချန်လွေ့သည် နတ်ဆိုးသားရဲ မျိုးနွယ်နှစ်ခု၏ ယာယီ ယုံကြည်မှုကို ရထားပြီးပြီ ဖြစ်သည့်အတွက် သူတို့နောက်လိုက်ခြင်းသည် အကောင်းဆုံး အကြံဖြစ်ပေလိမ့်မည်။

ပြိဿများသည် အလွန်လျင်မြန်စွာ ပြေးသွားကြသည်။မကြာမီတွင် ကျယ်ပြန့်လှသော နေရာလပ်ရှေ့၌ ကြမ်းတမ်းလှသည့် တိုက်ပွဲတစ်ခုကို ချန်လွေ့ မြင်လိုက်ရသည်။၎င်းသည် စစ်ပွဲအသေးစား ဟူ၍ပင် ခေါ်၍ရလေသည်။

နေရာတိုင်းတွင် ပြိဿများနှင့် မြေဒြပ်စင်ကောင်များ တိုက်ခိုက်နေကြသည်။မယ်ဒူဆာ အချို့လည်းရှိသည်။ခုနက လူဆာ ကူညီသကဲ့သို့ပင် ပြိဿနှင့် မယ်ဒူဆာတို့သည် မဟာမိတ်များ ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။ထိုစဉ်တွင် မြေဒြပ်စင်ကောင်များ ကြားတွင် နတ်ဆိုးယင်ကောင်အများအပြား ပျံဝဲနေကြသည်။

ပြိဿနဲ့ မယ်ဒူဆာတို့ကတစ်ဖက် နတ်ဆိုးယင်ကောင်နဲ့ မြေဒြပ်စင်ကောင်တွေကတစ်ဖက် တိုက်ခိုက်နေတာလား။

All Chapters