နတ်ဆိုးယင်ကောင်များ။သံသယဖြစ်စရာ သလင်းကျောက်အရင်းအမြစ်
Vol. 10 Ch. 146
ဒြပ်စင်ကောင်များသည် သဘာဝအလျောက် မွေးဖွားလာကြပြီး သဘာဝအလျောက် သေဆုံးသွားကြသည်။သူတို့တွင် ကိုယ်ပိုင် အဖွဲ့အစည်းမရှိပေ။သို့သော်လည်း ပုံမှန် အားဖြင့် အခြားအဖွဲ့အစည်းများကို အလွယ်တကူ ဝင်မစွက်ဖက်တတ်ကြပေ။ သူတို့၏ပိုင်နက်ကို ထိပါးနှောင့်ယှက်မှသာ ဝင်စွက်ဖက်တတ်ကြသည်။
မယ်ဒူဆာနှင့် ပြိဿတို့က မြေဒြပ်စင်ကောင်တွေရဲ့ ပိုင်နက်ကို ထိပါးနှောင့်ယှက်ခဲ့တ ယ်ဆိုတောင် နားလည်လို့ ရသေးတယ်။ ဒါပေမဲ့ မြေဒြပ်စင်ကောင်တွေက ဘာလို့ နတ်ဆိုးယင်ကောင်တွေနဲ့ တစ်ဖွဲ့တည်း ဖြစ်နေရတာလဲ။
ချန်လွေ့သည် ဤနတ်ဆိုးသားရဲများအကြောင်း များများစားစား မသိပေ။ထို့ပြင် ၎င်းကိုစုံစမ်းရန်အတွက်လည်း အချိန်မရှိပေ။ဤကဲ့သို့ အတိုင်းအတာအထိ နှစ်ဖက်စလုံး သေသည်အထိ တိုက်ခိုက်ကြသည့် တိုက်ပွဲမျိုးကို ချန်လွေ့ ယခုမှမြင်ဖူးခြင်း ဖြစ်သည်။မယ်ဒူဆာအချို့နှင့် ပြိဿအချို့ကပင် သူ့ကို တိုက်ခိုက်လာကြသည်။လူဆာနှင့် ခုနက ပြိဿတို့သည် တိုက်ပွဲဝင်နေကြပြီ ဖြစ်သည်။ သူက ရန်သူလား၊မိတ်ဆွေလား ဆိုတာကို ဘယ်သူက ကူညီပြီးခွဲခြားပေးနိုင်မှာလဲ။
အနီးအနားရှိ တိုက်ခိုက်နေကြသူများ၏ စွမ်းအားများကို [ သရုပ်ခွဲမျက်လုံး ]က မဆုံးဖြတ်နိုင်ဟု ဖော်ပြထားသည်။ထို့နောက် သူတို့ကို ချန်လွေ့ ရန်မစရဲပေ။ချန်လွေ့သည် အသီနာနှင့်ဒိုဒိုတို့ကို အန္တရာယ်ရှိသည့် စစ်မြေပြင်အတွင်းမှ ဆွဲခေါ်သွားကာ [ E ] အဆင့် ဖြစ်ပုံရသည့် မြေဒြပ်စင်ကောင်အား ရွေးချယ်တိုက်ခိုက်တော့သည်။
အာရုံစိုက်မခံရစေရန်အတွက် ချန်လွေ့သည် အသီနာကို နတ်ဆိုးယင်ကောင်များဆီမှ နောက်ဆုတ်ခိုင်းကာ [ E ] အဆင့် မြေဒြပ်စင်ကောင်များနှင့်တိုက်ခိုက်ရန်အတွက် အင်အားချန်ထားခိုင်းလိုက်သည်။ထိုအချိန်အတွင်းမှာပင် ချန်လွေ့သည် မြေဒြပ်စင် ကောင်များနှင့် ဆက်သွယ်စကားပြောရန် ကြိုးစားကြည့်နေသည်။ မြေဒြပ်စင်ကောင် များသည် အသိဉာဏ်ရှိသည့် သတ္တဝါများဟု သတ်မှတ်၍ရသည်။သို့သော်လည်း ထူးဆန်းစွာပင် ချန်လွေ့သတ်ခဲ့သည့် [ D ] အဆင့် မြေဒြပ်စင်ကောင်အပါအဝင် ရင်ဆိုင်ခဲ့ရသည့် မြေဒြပ်စင်ကောင်အားလုံးသည်“ သတ်...သတ်...သတ် ” ဟူသော စကားတစ်လုံးကိုသာ ပြောနေကြောင်း [ သရုပ်ခွဲမျက်လုံး ]၌ ဖော်ပြထားသည်။
သွေးဆာသော နတ်ဆိုးယင်ကောင်များမှာ ယခင်ကကဲ့သို့ပင် ဖြစ်သည်။ လုံးဝစဉ်းစားနေပုံ မရချေ။[ သရုပ်ခွဲမျက်လုံး ]ဖြင့်လည်း သူတို့ကို ဆက်သွယ်ပြောဆို၍ မရပေ။
အဆင့်ပိုမြင့်သည့် ယိုယွင်းနတ်ဆိုးယင်ကောင်နှင့် အခြားတွင်းတူးယင်ကောင်တို့သည် အသိစိတ်အချို့ ရှိနေဟန်တူသည်။သို့သေည်လည်း ၎င်းတို့၏ အသိစိတ်သည် ဆိုးယုတ်သည့် သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နှက်နေပြီး အခြားသူများကို တုန်လှုပ် စေနိုင်သည်။သူတို့ကိုလည်း ဆက်သွယ်ပြောဆို၍ မရပေ။တိုက်ပွဲအတွင်းရှိ “ မဆုံးဖြတ်နိုင် ” သည့် ထိုနတ်ဆိုးယင်ကောင်များကိုမူ ချန်လွေ့ မချဉ်းကပ်ရဲပေ။
စစ်မြေပြင်တွင် ဂူများနှင့် သာမန်အိမ်မနား အများအပြားရှိသည်။၎င်းသည် ပြိဿတို့၏ အသိုက်အမြုံဖြစ်ပေမည်။နတ်ဆိုးယင်ကောင်နှင့် မြေဒြပ်စင်ကောင်တို့၏ အဓိက ရည်ရွယ်ချက်မှာ နေရာတစ်နေရာကို တိုက်ခိုက်ရန် ဖြစ်ပေမည်။တိုက်ပွဲအပြင်းထန်ဆုံး နေရာသည် ရေကန်ငယ်လေးတစ်ခု ဖြစ်နေပုံရသည်။
ရေကန်ရှေ့တွင် သားရေချပ်ကာကို ဝတ်ဆင်ထားပြီး ကြီးမားလှသည့် ကျောက်ပုဆိန် နှစ်လက် ကိုင်ဆောင်ထားသည့် သန်မာလှသော ပြိဿတစ်ယောက် ရှိနေသည်။ ကျောက်ပုဆိန်ကို ဝှေ့ရမ်းလိုက်သည့်အခါ ကျယ်လောင်လှသော အသံကို ချန်လွေ့ နေရာမှပင် ကြားနေရပြီး ရေကန်အနီးအနားရှိ မြေကြီးမား တုန်ခါသွားသည်။၎င်းသည် ခွန်အားနှင့် ဝတ်ရုံကိုကြည့်ခြင်းအားဖြင့် ၎င်းသည် ပြိဿခေါင်းဆောင် ဖြစ်ရပေမည်။
ရေကန်ဘေးမှ နတ်ဆိုးယင်ကောင်များသည် အဝေးမှ ကြောက်မက်ဖွယ်ရာ လေဖိအားကြောင့် အပိုင်းပိုင်းပြတ်သွားခဲ့သည်။[ အရှိန်အဝါ ဓားသွား ]ဖြင့် တစ်ချက်တည်း မခုတ်ဖြတ်လိုက်နိုင်သည့် ပိုကြီးသော ယိုယွင်းနတ်ဆိုးယင်ကောင်လည်း အပါအဝင် ဖြစ်သည်။[ ဖျက်ဆီးခြင်း အရှိန်အဝါခုတ်ချက် ] သည် ထိုကဲ့သို့စွမ်းအားအဆင့်သို့ ရောက်ရှိရန် အဝေးကြီး လိုအပ်နေသေးသည်။အမှန်တကယ်၌ အရေးကြီးဆုံးအရာမှာ စွမ်းအားခြားနားမှုပင် ဖြစ်သည်။
ပြိဿခေါင်းဆောင်သည် အလွန်ကြမ်းတမ်းလှသော်လည်း သူ၏ပြိုင်ဘက်များသည်လည်း စွမ်းအားကြီးကြသည်။စိမ်းပြာရောင် မြေဒြပ်စင်ကောင် နှစ်ကောင်ရှိနေပြီး ချန်လွေ့ တွေ့ခဲ့ဖူးသည်ထက် အရွယ်အစား ပိုသေးသည်။သို့သော်လည်း သူတို့၏ မျက်နှာ အသွင်အပြင်နှင့် ကြွက်သားများမှာ ပို၍နူးညံ့နေပြီး စွမ်းအားများမှာလည်း ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းသည်။
ထို့ပြင် စိမ်းပြာရောင် မြေဒြပ်စင်ကောင်များသည် အမျိုးမျိုးသော မြေမှော်ပညာများကို ချက်ချင်း ထုတ်သုံးနိုင်သည်။သေရွာပြန်များ၊အောက်လမ်းဆရာများကဲ့သို့ မန္တာန်ကို ရွတ်ဖတ်မန်းမှုတ်စရာမလိုပေ။မန္တာန်အများစုမှာလည်း အမှန်တကယ်ပင် အစွမ်းထက် လှသည့် အဆင့်မြင့်မှော်ပညာများ ဖြစ်သည်။
လေထဲတွင် ကြီးမားလှသည် မန်ဒလာ သင်္ကေတအဝိုင်း ဖွဲ့စည်းသွားသည်။မြေပြင်မှလည်း ကျောက်အကျဉ်းထောင်များဖြစ်လာသည်။ပေါက်ကွဲနိုင်သည့် ကျောက်ပန်းပွင့်များ ဖြစ်သွားသည်။ ဤကဲ့သို့ တိုက်စစ်နှင့်ခံစစ်များ အဆက်မပြတ် ဖြစ်ပျက်နေပြီး သူတို့၏ တိုက်ခိုက်ရေးအားနည်းချက်ကို ထိထိမိမိ ဖာထေးနေသည်။
ပြိဿခေါင်းဆောင်၏ အစွမ်းများသည်လည်း ချန်လွေ့ မျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်။အော်ဟစ်သံတစ်ခုကို ချန်လွေ့ ကြားလိုက်ရပြီးနောက် ပြိဿ ခေါင်းဆောင်၏ခြေထောက်အောက်တွင် ရောင်လျှံအနီရောင် ရုတ်တရက် ထွက်ပေါ် လာသည်။သူ၏အနီးအနားရှိ အကွာအဝေးတစ်ခုအတွင်းမှ ပြိဿများ၏ ခြေထောက် အောက်တွင်လည်း ထိုကဲ့သို့ ရောင်လျှံထွက်ပေါ်လာသည်။သို့သော်လည်း အရောင် ပိုဖျော့သည်။ ထိုရောင်လျှံရှိသည့် ပြိဿများ၏ တိုက်ခိုက်မှုများသည် ပို၍ကြမ်းတမ်းပြီး အစွမ်းထက်လာတော့သည်။
“ ရောင်လျှံအစွမ်းလား။ ”
ချန်လွေ့သည် ယခင်ဘဝမှ ကစားခဲ့ဖူးသည့် ဂိမ်းတစ်ခုထဲရှိ အသင်းသားများကို အထူးတိုးမြှင့်မှု ပေးစွမ်းနိုင်သည့် ပလာဒင်အစွမ်းကို ရုတ်တရက် သတိရလိုက်သည်။ ချန်လွေ့မြင်နေရသော ပြိဿခေါင်းဆောင်၏ ရောင်လျှံအနီရောင်သည် ထိုကဲ့သို့ သက်ရောက်မှရှိသည်မှာ အသေအချာပင် ဖြစ်သည်။သို့သော်လည်း ထို“ရောင်လျှံ”သည် ပြိဿများအပေါ်၌သာ သက်ရောက်မှုရှိသည်။ မဟာမိတ် မယ်ဒူဆာများသည်လည်း ရောင်လျှံအဝန်းအဝိုင်းထဲ၌ ရှိနေကြသော်လည်း သူတို့၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့် အထူးလက္ခဏာ၊သက်ရောက်မှုမျှ ရှိမနေပေ။
ထိုနည်းတူစွာပင် သိပ်မဝေးသည့်နေရာ၌ ထိုစွမ်းရည်မျိုးရှိသည့် ပြိဿတစ်ယောက် ရှိနေသည်။ထိုပြိဿသည် လက်ထဲ၌ ကျောက်တောင်ဝှေးတစ်ချောင်း ကိုင်ထားသည်။ အနီးအနားရှိ မျိုးနွယ်တူများ၏ ခြေထောက်အောက်တွင် စိမ်းပြာရောင် ရောင်လျှံများ ထွက်ပေါ်လာပြီး ပြိဿများ၏ အမြန်နှုန်းကို အကြီးအကျယ် တိုးသွားစေသည်။ ထိုတိုးမြှင့်ရောင်လျှံသည် သန္ဓေပြောင်းပြိဿများ၏ အထူးစွမ်းရည်တစ်မျိုး ဖြစ်ပုံရသည်။
ကျောက်တောင်ဝှေးကိုင်ထားသည့် ပြိဿနောက်တွင် တိုက်ပွဲ၌ကျဆုံးသွားခဲ့သည့် ပြိဿစစ်သည် အလောင်းတစ်လောင်း ရှိနေကြောင်း ချန်လွေ့ သတိထားမိ လိုက်သည်။နတ်ဆိုးယင်ကောင် တစ်အုပ်က ၎င်းကိုဝန်းရံလိုက်သော်လည်း အသွေးအသား များကို မစုပ်ယူခဲ့ပေ။ထို့နောက် ထိုအလောင်းသည် ထိန်းချုပ်ခံလိုက်ရသကဲ့သို့ပင် “ဖုတ်ကောင်” သဖွယ် ထလာတော့သည်။၎င်း၏မျက်လုံးများသည်လည်း ဝါဖျော့ဖျော့ အလင်းရောင် ထုတ်လွှတ်နေသည်။၎င်းသည် ကျောက်တောင်ဝှေးကိုင်ထားသည့် ပြိဿကို တိုက်ခိုက်တော့သည်။
ပြိဿ “ဖုတ်ကောင်”သည် နာကျင်မှု ခံစားရပုံမပေါ်ချေ။လုံးဝလည်း မခုခံပေ။ကျောက် တောင်ဝှေးကို ကိုင်ထားသည့် ပြိဿကိုသာ အရူးအမူး တိုက်ခိုက်နေသည်။
ကျောက်တောင်ဝှေးကိုင်ထားသည့် ပြိဿတွင် တိုးမြှင့်မှု ထောက်ပံ့ပေးနိုင်သည့် အထူးစွမ်းရည်ရှိသော်လည်း တိုက်ခိုက်မှုစွမ်းအားများ အားနည်းပုံရသည်။ တဖြည်းဖြည်းနှင့် ၎င်းသည် ကိုယ့်ကိုယ်ကိုယ် မခုခံနိုင်တော့ပေ။
အနီးအနားရှိ ပြိဿများ ကူညီချင်နေကြသော်လည်း ၎င်းတို့ကို မြေဒြပ်စင်ကောင်များနှင့် နတ်ဆိုးယင်ကောင်များက ဆွဲထားသည်။ဤအရေးကြီးသည့် ပြိဿ သေဆုံးသွားသည်နှင့် အပေါင်းအဖော်အားလုံးပေါ်ရှိ တိုးမြှင့်အာနိသင်များ ပျောက်ကွယ်သွားမည်ဖြစ်ပြီး ပို၍အန္တရာယ်ကျရောက်လာနိုင်သည်။
ကျောက်တောင်ဝှေးကိုင်ထားသည့် ပြိဿသည် တူနှင့်ရိုက်ခံထိပြီးနောက် သုံးလေးမီတာ လွင့်စင်ကာ မြေပေါ်သို့ပြုတ်ကျသွားသည်။ပြိဿဖုတ်ကောင်သည် မျိုးနွယ်တူအား အသက်ရှူခွင့်မပေးဘဲ ရှေ့တက်တိုက်ခိုက်တော့သည်။
ထိုကဲ့သို့ အရေးကြီးသည့် အခိုက်အတန့်တွင် တစ်မီတာအချင်းရှိသော အလင်းလုံး တစ်လုံးသည် ပြိဿဖုတ်ကောင်ဆီသို့ အရှိန်ဖြင့် ရောက်ရှိသွားသည်။သဘာဝအလျောက် မှော်ပညာကို ခုခံမှုရှိသည့် ပြိဿသည်ပင် ထိုအလင်းလုံးဒဏ်ကို မခံနိုင်ဘဲ ကျောက်တုံးကြီးဆီသို့ အရှိန်ဖြင့် လွင့်စင်သွားသည်။၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး ဝါးမျို ခံလိုက်ပြီးရနောက် လောင်ကျွမ်းနေသည့် ခန္ဓာကိုယ်တစ်ခုသာ ကျန်ရစ်တော့သည်။ ထို့နောက် ကျောက်တုံးကြီးတစ်ခုလုံး ပြိုလဲသွားသည်။
ကျောက်တောင်ဝှေးကိုင်ထားသည့် ပြိဿသည် အတင်းရုန်းကန်ကာ ထလိုက်ပြီးနောက် သေရေးရှင်ရေးအခြေအနေ၌ သူ၏အသက်ကို ကယ်တင်ခဲ့သည့် သူစိမ်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ထိုသူသည် ဒြပ်စင်ကောင်လည်းမဟုတ်၊မယ်ဒူဆာလည်းမဟုတ် ပြိဿ လည်း ဟုတ်မနေပေ။
ထိုသူစိမ်း ရင်ဘတ်ပုတ်လိုက်သည်ကို သူမြင်လိုက်သည်။ထို့နောက် သူ၏စိတ်ထဲ၌ ရှင်းရှင်းလင်းလင်းအသံတစ်သံကို ကြားလိုက်ရသည်။
“ မိတ်ဆွေ။ချန်လွေ့။ ”
ပြိဿသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပြန် တူညီစွာ တုံ့ပြန်လိုက်သည်။
“ မိတ်တွေ။တော်ရီ။ ”
ချန်လွေ့သည် သေသေချာချာ စဉ်းစားပြီးမှ ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းဖြစ်သည်။ပြိဿနှင့် မယ်ဒူဆာတို့ကို [ သရုပ်ခွဲမျက်လုံး ]အသုံးပြု၍ ဆက်သွယ်စကားပြောနိုင်ပြီး ဤတိုက်ပွဲကို အသုံးချကာ ချန်လွေ့သည် သူတို့၏ထောက်ခံမှုကို ရရှိနိုင်သည်။မြေအောက်လောက၌ အသက်ရှင်နိုင်ချေနှင့် လွတ်မြောက်ရန်နည်းလမ်း ရှာတွေ့နိုင်ချေလည်း ကြီးကြီးမားမား တိုးသွားနိုင်သည်။အကယ်၍ ပြိဿတို့ ရှုံးနိမ့်သွားခဲ့လျှင် ဆက်သွယ်ပြောဆို၍မရသည့် မြေဒြပ်စင်ကောင်များနှင့် နတ်ဆိုးယင်ကောင်များအား ရင်ဆိုင်ရခြင်းသည် သေခြင်းပင် ဖြစ်သည်။
တော်ရီ၏ အနီးကပ်တိုက်ခိုက်မှုများသည် အတော်လေးအားနည်းကြောင်း ချန်လွေ့ မြင်တွေ့ခဲ့ရပြီး အသီနာကို ခေါ်လိုက်သည်။သူတို့နှစ်ယောက်သည် တော်ရီကို ဘေးတစ်ဖက်စီတွင် ကာကွယ်ပေးနေလိုက်သည်။တော်ရီ လက်မြှောက်ကာ အော်ဟစ်ရာ ခြေထောက်အောက်၌ ရောင်လျှံအနီရောင် ထွက်ပေါ်လာသည်။ပြိဿခေါင်းဆောင် အသုံးပြုခဲ့သည့် ရောင်လျှံနှင့် အတူတူပင် ဖြစ်သည်။ဤသို့ဖြင့် ပြိဿတို့၏ အမြန်နှုန်းသာမက တိုက်ခိုက်ရေးစွမ်းအားများလည်း ကြီးကြီးမားမား တိုးမြင့်သွားသည်။
တော်ရီသုံးသည့် ရောင်လျှံများသည် ထပ်ဆင့် အသုံးပြုနိုင်သည်။သို့သော်လည်း ပြိဿခေါင်းဆောင်တွင် ရောင်လျှံ အနီရောင်တစ်မျိုးသာ ရှိသည်။တော်ရီသည် ရောင်လျှံ မန်းမှုတ်ရာ၌ ခေါင်းဆောင်ထက်ပို၍ ပါရမီရှိပြီး ပြိဿမျိုးနွယ်တွင် အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်ပေသည်။
တော်ရီထံမှ သင်ခန်းစာရပြီးနောက် ပြိဿစစ်သည်တစ်ယောက်သေသွားတိုင်း အလောင်းကို ချက်ချင်း ဖျက်ဆီးလိုက်ကြသည်။ပြိဿများက ၎င်းအတွက် ဝမ်းနည်း ကြသော်လည်း ရွေးချယ်စရာ ရှိမနေပေ။ယခင်က မယ်ဒူဆာများသည် မည်သည့် အတွက်ကြောင့် မျိုးနွယ်တူအလောင်းများကို ဖျက်ဆီးခဲ့ကြောင်း ချန်လွေ့ ရေးရေးလေး သဘောပေါက်သွားသည်။ထိုနတ်ဆိုးယင်ကောင်များတွင် အလောင်းများကို ထိန်းချုပ် နိုင်သည့် ထူးထူးဆန်းဆန်းအစွမ်းများ ရှိနေပုံရသည်။ ဒါက နတ်ဆိုးဘုံရဲ့ တီ-ဗိုင်းရပ်စ် များလား။
ချန်လွေ့နှင့်အသီနာတို့၏ အကူအညီနှင့်အတူ တော်ရီသည် အန္တရာယ်ရှိလှသော စစ်မြေပြင်ဆီသို့ အမြန်သွားလိုက်သည်။သူသည် လမ်းတစ်လျှောက်လုံး အော်ဟစ်သွားပြီး အရေးနိမ့်နေသည့် အပေါင်းအဖော်များကို တိုးမြှင့်မှု ရောင်လျှံများ ပေးလိုက်သည်။ ချန်လွေ့နှင့် အသီနာတို့ ခံစားနေရသည့် ဖိအားသည် အဆက်မပြတ် တိုးလာသည်။ သို့သော်လည်း သူတို့၏လုပ်ရပ်ကြောင့် ပြိဿများက တော်ရီဘက်တွင် စောင့်ကြပ် နေသည့် သူစိမ်းနှစ်ယောက်ကို အမြင်ကြည်လင်သွားသည်။
နောက်ထပ် ပြိဿတစ်ယောက် ကျဆုံးသွားသည်။မျိုးနွယ်တူများသည် ၎င်း၏ခန္ဓာကိုယ် ကိုဝိုင်းရံနေသည့် နတ်ဆိုးယင်ကောင်များကို မောင်းထုတ်လိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် အလောင်းကို ဖျက်ဆီးရန် ပြင်လိုက်ကြသည်။သို့သော်လည်း ချန်လွေ့သည် ရုတ်တရက် သူတို့ကို တားဆီးလိုက်သည်။ခုနကချန်လွေ့သည် ထိုပြိဿကို ကယ်တင်ထားခဲ့သည့် အတွက် ၎င်းသည် ချန်လွေ့ကို မတိုက်ခိုက်ပေ။ထိုအလောင်းသည် နတ်ဆိုးယင်ကောင်များ ပြန်လည်အသက်သွင်းပြီးလျှင် ရန်သူအဖြစ်ပြောင်းလဲသွားသည်ဟု ချန်လွေ့ကို သူတို့ သတိပေးလိုက်သည်။
ချန်လွေ့ခေါင်းညိတ်ပြီး [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် ပြိဿများကို စိတ်ချနေရန် ပြောသည်။ထို့နောက် အသီနာနှင့် ဒိုဒိုကိုခေါ်ပြီး ရန်သူများအား ကာကွယ်စေသည်။ ချန်လွေ့ ခါးကိုင်းရင်း ဖုတ်ကောင်ဖြစ်တော့မည့် အလောင်းကို စတင်စစ်ဆေးကြည့်ရှု တော့သည်။ချန်လွေ့ ပထမဆုံး လူဆာနှင့်အတူ ပြိဿများကို ကူညီခဲ့စဉ်က မြေဒြပ်စင် ကောင်များ၏မျက်လုံးတွင် တစ်ခုခုထူးခြားနေကြောင်း သတိထားမိခဲ့သည်။သူတို့၏ မျက်လုံးထဲတွင် အလင်းကျောက်ကဲ့သို့ အစိုင်အခဲတစ်မျိုး ရှိနေပြီး မျက်ရည်ကျနေ သကဲ့သို့ပင် ဖြစ်သည်။ထိုအချိန်တွင် သေသေချာချာကြည့်ရန် ချန်လွေ့ အချိန်မရခဲ့ပေ။ယခုတွင် “ ပြန်လည်ရှင်သန် ”လာသည့် ပြိဿဖုတ်ကောင်များ၏ မျက်လုံးများသည် ပုံစံတူတူဖြစ်နေကြောင်း သတိထားမိသွားပြန်သည်။ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် ယခုတွင် ချန်လွေ့သည် မှန်းဆချက်ကို အတည်ပြုရန်အတွက် “အစမ်းသပ်ခံ” တစ်ယောက် ရရှိသွားခဲ့လေပြီ။
ထင်ထားသည့်အတိုင်းပင် ထိုပြိဿ၏ အလောင်းသည် ဖြည်းဖြည်းချင်း စတင်တွန့်လိမ် လာသည်။၎င်းသည် “ ပြန်လည်ရှင်သန်ခြင်း ”၏ရှေးပြေးနိမိတ် ဖြစ်သည်။၎င်း၏ ကြီးမားသော နွားမျက်လုံးမှ ထူးဆန်းသော အရည်တစ်မျိုး ထွက်လာသည်ကို ချန်လွေ့ တွေ့လိုက်ရသည်။၎င်းသည် မျက်ရည်များမဟုတ်ဘဲ အဝါဖျော့ဖျော့ အရည်များဖြစ်သည်။ ခန္ဓာကိုယ်ထဲမှ စီးကျသွားပြီးနောက် ၎င်းသည် အလျင်အမြန်ပင် သလင်းကျောက်ပုံစံ အဖြစ် အခဲဖြစ်သွားသည်။ပြိဿ၏မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာပြီး ဝါဖျော့ဖျော့ အလင်းရောင်များ ထွက်လာသည်။
ချန်လွေ့ အကြံတစ်ခု ရလိုက်ပြီး ပြိဿ၏ခေါင်းပေါ်တွင် လက်ကိုဖြန့်ကာ [ အရှိန်အဝါ ကူးပြောင်းခြင်း ] အစွမ်းကို အသက်သွင်းသည်။
အမည်မသိ စွမ်းအင်ပစ္စည်းတွေ့ရှိ၏။ အရှိန်အဝါအဖြစ် ကူးပြောင်းနိုင်သည်။ ကူးပြောင်းခြင်းကို အတည်ပြုမည်လား။
ထင်တဲ့အတိုင်းပဲ။
ပြိဿအလောင်း၏မျက်လုံးများ လုံးဝပွင့်လုနီးပါး ဖြစ်သွားခဲ့သည်။လုံးဝပွင့်သွားခဲ့လျှင် ဖုတ်ကောင်အသွင်ပြောင်းခြင်း ပြီးစီးသွားမည် ဖြစ်သည်။ပြိဿအလောင်းသည် ပြင်းပြင်းထန်ထန် တွန့်လိမ်လာသည်။“ သလင်းကျောက် ” သည် အလျင်အမြန်ပင် အမှုန်အဖြစ်ပြောင်းလဲသွားပြီး ၎င်း၏မျက်လုံးထဲရှိ ဝါဖျော့ဖျော့ အလင်းရောင်လည်း ဖြည်းဖြည်းချင်း မှိန်ကျသွားသည်။၎င်းသည် စူးစူးရှရှ အော်ဟစ်ပြီးနောက် ခဏအကြာ၌ တိတ်ဆိတ်သွားတော့သည်။
ချန်လွေ့သည် အံ့အားသင့်စွာဖြင့် လက်ကို ရုပ်သိမ်းသည်။ထိုကူးပြောင်းခြင်း တစ်ခုတည်းကပင် ချန်လွေ့၏အရှိန်အဝါကို တစ်သောင်းခန့် တိုးသွားစေသည်။
ချန်လွေ့၏အထင် မှန်နေသည်။ပြိဿများအား ဖုတ်ကောင်အဖြစ် ပြောင်းလဲနိုင်သည့် ထိုသလင်းကျောက်သည် အမှန်တကယ်ပင် အရှိန်အဝါအဖြစ် ကူးပြောင်းနိုင်သည့် စွမ်းအင်ပစ္စည်းတစ်မျိုးပင် ဖြစ်နေသည်။ထို့ပြင် ၎င်းသည် “ သတ္တုရိုင်းအပြုန်းများ ” ပေါ်ရှိ သလင်းကျောက်များ ဖြစ်ရပေမည်။
သတ္တုရိုင်းအပြုန်းများ၌ရှိသည့် သလင်းကျောက်များသည် နတ်ဆိုးယင်ကောင်များ၏ အထူးအရည်တစ်မျိုး ဖြစ်နေသည်။ထို့ပြင် သလင်းကျောက်များအား ကူးပြောင်း၍ ရသကဲ့သို့ သလင်းကျောက်များ ထုတ်ပေးသည့် နတ်ဆိုးယင်ကောင်များကိုလည်း ကူးပြောင်း၍ရသည်ဟု [ သရုပ်ခွဲမျက်လုံး ]က ဖော်ပြထားသည်။
၎င်းသည် အလွန်သေးငယ်သော နတ်ဆိုးယင်ကောင်များဖြစ်ပြီး နှာခေါင်းပေါက်များ၊ နားပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်ပြီး သလင်းကျောက်များ ထုတ်လုပ်ကာ အလောင်းကို ထိန်းချုပ်နိုင်ကြသည်။
ဤကဲ့သို့ နတ်ဆိုးယင်ကောင်မျိုးသည် ချန်လွေ့ယခင်က မြင်တွေ့ခဲ့ဖူးသည် တွင်းတူးနတ်ဆိုးယင်ကောင်မျိုး ဖြစ်သည်။စွမ်းအားအကဲဖြတ်မှုမှာ [ D ] ဖြစ်သည်။
နှစ်၄၀၀သက်တမ်းရှိတဲ့ သတ္တုရိုင်း အပြုန်းတွေ....သလင်းကျောက်တွေ .....နတ်ဆိုး ယင်ကောင်တွေ....
လျို့ဝှက်ချက်ကြီးတစ်ခု၏ အစိတ်အပိုင်းတစ်ခုကို ဖွင့်ဟသွားနိုင်သကဲ့သို့ ချန်လွေ့ ခံစားလိုက်ရသည်။