စစ်ကူများ။မယ်ဒူဆာ စစ်တပ်
Vol. 10 Ch. 147
လက်ရှိတွင် သွေးဆာသော နတ်ဆိုးယင်ကောင်၊ယိုယွင်းနတ်ဆိုးယင်ကောင်နှင့် တွင်းတူး နတ်ဆိုးယင်ကောင်ဟူ၍ နတ်ဆိုးယင်ကောင် သုံးမျိုးရှိနေပြီဖြစ်သည်။
သွေးဆာသော နတ်ဆိုးယင်ကောင်သည် သားကောင်၏အသားအရေကို အရိုးစုဖြစ်သည် အထိ စားကြသည်။
ယိုယွင်းနတ်ဆိုးယင်ကောင်သည် ခန္ဓာကိုယ်ကြံ့ခိုင်ပြီး အဆိပ်မှုတ်ထုတ်နိုင်သည်။
တွင်းတူးနတ်ဆိုးသားရဲသည် အလောင်းများကို ထိန်းချုပ်နိုင်ပြီး ဖုတ်ကောင်အဖြစ် ပြောင်းလဲနိုင်သည်။ယခင်အခြေအနေကိုကြည့်မည်ဆိုလျှင် ၎င်း ငှားယူထားသည့် ကြားခံဖြစ်သူသာ ပျက်စီးသွားသည်။တွင်းတူးနတ်ဆိုးယင်ကောင်ကိုမူ မသတ်နိုင်ခဲ့ပေ။ ထို့ပြင် ချန်လွေ့ကိုယ်တိုင်သည်လည်း အရှိန်အဝါတိုးရန် အထောက်အကူပြု အစွမ်းဖြစ်သော [ အရှိန်အဝါ ကူးပြောင်းခြင်း ] သည် ဤဒုက္ခပေးလှသည့် ရန်သူများကို အပြတ်ရှင်းနိုင်မည့် ဝှက်ဖဲတစ်ချပ် ဖြစ်နေလိမ့်မည် မထင်ထားခဲ့ပေ။
အဝေးတွင်ပျံသန်းနေသည့် ရွှေရောင် နတ်ဆိုးယင်ကောင် တစ်မျိုးလည်း ရှိနေသည်။ ၎င်းသည် သွေးဆာသော ယင်ကောင်နှင့် အရွယ်အစား အတူတူနီးပါးပင် ဖြစ်သည်။ ၎င်းသည် အရေအတွက် အနည်းဆုံးဖြစ်သော်လည်း ပို၍အစွမ်းထက်သည့် နတ်ဆိုး ယင်ကောင် ဖြစ်နေနိုင်သည်။၎င်းအနားသို့ ချန်လွေ့ အတင်းမကပ်ရဲပေ။
ယခင်လေ့လာတွေ့ရှိချက်အရ သတ်ဖြတ်ချင်စိတ်ပြင်းပြနေသည့် မြေဒြပ်စင်ကောင် များသည် ထိန်းချုပ်ခံထားခြင်းဖြစ်နိုင်ချေ များလှသည်။
မြေဒြပ်စင်ကောင်များသည် အလောင်းများမဟုတ်ပေ။သာမန်သက်ရှိမျိုးနှင့်လည်း မတူပေ။တွင်းတူးနတ်ဆိုးယင်ကောင်များက ၎င်းတို့ကို မထိန်းချုပ်နိုင်လောက်ပေ။ ထို့ကြောင့် ၎င်းတို့ကို ထိန်းချုပ်နေသည်မှာ အခြားနတ်ဆိုးယင်ကောင်တစ်မျိုး သို့မဟုတ် အခြားအထူးစွမ်းအားကြောင့် ဖြစ်နိုင်ပေသည်။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ဤကိစ္စ မလွယ်ကူသည်မှာ အသေအချာပင် ဖြစ်သည်။ချန်လွေ့အတွက် အချက်အလက်များ ပို၍ရရှိရန် လိုအပ်နေသည်။၎င်းသည် အသီနာနှင့်ချန်လွေ့တို့အတွက် မြေပေါ်ကိုပြန်နိုင်မည့် အဓိကသော့ချက် ဖြစ်လာ နိုင်သည်။
ပြိဿများသည် သေဆုံးပြီးသူများကို အထူးတန်ဖိုးထားကြသည်။တော်ရီသည် ချန်လွေ့၏ လုပ်ရပ်များကို အာရုံစိုက်နေခဲ့သည်။ချန်လွေ့သည် ဖုတ်ကောင်ဖြစ်တော့မည့် အလောင်းကို မူလပုံစံအတိုင်းဖြစ်အောင် လုပ်လိုက်သည်ကို မြင်လိုက်ရာ တော်ရီ အလွန် အံ့အားသင့်သွားပြီး ရင်ဘတ်ကိုပုတ်ကာ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။
ပြိဿများတွင် တိုက်ခိုက်ရေးစွမ်းအား မြင့်မားပြီး မယ်ဒူဆာများ၏ စစ်ကူရှိသော်လည်း မြေဒြပ်စင်ကောင်များနှင့် နတ်ဆိုးယင်ကောင်များ၏ အရေအတွက်မှာ အလွန်များပြား လွန်းလှသည်။၎င်းတို့အားလုံးကို သတ်ပစ်ရန် မဖြစ်နိုင်ပေ။ပြိဿများ တဖြည်းဖြည်းနှင့် စတင်အရေးနိမ့်လာတော့သည်။
ထိုအချိန်၌ အဝေးမှ ခရာသံ ထွက်လာသည်။အသီနာ အံ့အားသင့်သွားပုံ ရသည်။ထိုခရာသံကို အတော်လေး ရင်းနှီးနေပြီး ကြယ်ကြွေတမန် အင်ပါယာ၌ အသုံးပြုလေ့ရှိသော ထိုးစစ်ခရာသံ ကဲ့သို့ပင် ဖြစ်သည်။
အဝေးမှ ကျောက်စက်ပန်းဆွဲများ၏ အလင်းရောင်အောက်တွင် ညီညာလှသည့် အရိပ် အတန်းများ ပေါ်ထွက်လာသည်။
မယ်ဒူဆာတွေ။သူတို့တွေအားလုံးက မယ်ဒူဆာတွေပဲ။
ပထမတန်းသည် ဒိုင်းကာများ ဓားမောက်ရှည်များ ကိုင်ဆောင်ထားပြီး နောက်ဘက် အတန်းများသည် လေးနှင့်မြှားတို့အား ကိုင်ဆောင်ထားပုံရသည်။သူတို့သည် အခင်းအကျင်း တစ်ခုပုံစံ စီတန်းလိုက်သည်။ခရာသံ၏အမိန့်အောက်တွင် သူတို့သည် ရှေ့သို့ အလျင်အမြန် ရွေ့လျားလာသည်။
တိုက်ခိုက်နေသည့် မယ်ဒူဆာများလည်း မယ်ဒူဆာစစ်ကူအနီးသို့ ချဉ်းကပ်လာသည်။ ပြိဿခေါင်းဆောင် အော်ဟစ်လိုက်ရာ ပြိဿများ အုပ်စုဖွဲ့လိုက်ကြသည်။ ချန်လွေ့၊ အသီနာနှင့် ဒိုဒိုတို့သည်လည်း တော်ရီနောက်လိုက်ပြီး ပြိဿစခန်းထဲတွင် စုစည်းလိုက်၏။
အထူးလေ့ကျင့်ထားသည့် စစ်တပ်ကဲ့သို့ပင် မယ်ဒူဆာများသည် အခင်းအကျင်း ပြီးစီးသွားလေပြီ။အမိန့်တစ်ချက်ပေးလိုက်ရာ မြောက်မြားလှစွာသော ကျောက်မြှား တို့သည် နတ်ဆိုးယင်ကောင်များနှင့် မြေဒြပ်စင်ကောင်များထံသို့ ပစ်ဝင်သွားတော့သည်။ ပစ်မှတ်များကို ကျောက်မြှားတို့ ထိသွားသည့်အခါ ရုတ်တရက် ပေါက်ကွဲသွားသည်။ ထိုပေါက်ကွဲမှုများသည် သုံးလေးမီတာအကွာသို့ ပျံ့နှံ့သွားသည်။ထိုကဲ့သို့ တိုက်ခိုက်မှု မျိုးသည် လေထဲရှိ နတ်ဆိုးယင်ကောင်များအတွက် အထိရောက်ဆုံးပင် ဖြစ်သည်။ ချက်ချင်းပင် အားနည်းသော နတ်ဆိုးသားရဲများသည် မိုးရွာသကဲ့သို့ ပြုတ်ကျလာသည်။ ပေါက်ကွဲသောမြှားများ တစ်လှိုင်းနှစ်လှိုင်း ပြီးသွားသည့်အခါ အရေအတွက်အများဆုံး ဖြစ်သည့် သွေးဆာသော နတ်ဆိုးယင်ကောင်များ သုတ်သင်ခံလိုက်ရသည်။သို့သော်လည်း ခုခံမှုစွမ်းရည် အလွန်မြင့်မားသည့် မြေဒြပ်စင်ကောင်များမှာတော့ ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပေ။စိမ်းပြာရောင် မြေဒြပ်စင်ကောင် နှစ်ကောင်၏ ဦးဆောင်မှုနောက်ကို လိုက်ပြီး မြေဒြပ်စင်ကောင်များသည် မယ်ဒူဆာများထံ ပြေးလာတော့သည်။
ခရာသံ ထွက်ပေါ်လာပြန်သည်။ယခုတစ်ကြိမ်တွင် ၎င်း၏စီးချက်သည် အနည်းငယ် ကွဲပြားသည်။မြှားပစ်ခြင်းများ ဆက်လက်ဖြစ်နေသော်လည်း မယ်ဒူဆာ သုံးတန်းသည် အဖွဲ့အရှေ့သို့ လျှောက်လာသည်။သူတို့သည် မြေဒြပ်စင်ကောင်များကို ပစ်မှတ်ထားပြီး တစ်ပြိုင်နက်တည်း မြှားပစ်တော့သည်။ပထမတစ်တန်း ပစ်ပြီးသွားပြီးနောက်တွင် အဆင်သင့်ပြင်ထားသည့် ဒုတိယအတန်းက ချက်ချင်းပစ်ခတ်သည်။ထို့နောက် တတိယ အတန်း ပစ်ခတ်သည်။ဤသို့ဖြင့် တစ်ယောက်တစ်လှည့် ပစ်ခတ်တော့သည်။
“ သုံးဆင့်ပစ်ချက်ပဲ။ ”
အသီနာ တအံ့တဩနှင့်ပြောလိုက်သည်။ထိုကဲ့သို့ အလှမ်းဝေး ပစ်ခတ်ခြင်းသည် နတ်ဆိုးဘုံရှိ စစ်တပ်များ အသုံးပြုကြလေ့ရှိသည့် နည်းဗျူဟာဖြစ်သည်။၎င်းသည် မြှားပစ်သူများအကြား၌ အချိန်ကိုက်ဖြစ်ရန်နှင့် အလွန်ညီညွတ်မှုရှိရန် လိုအပ်လှသည်။
ယခင်က ဖောက်ခွဲမြှားများ ပစ်ချက်ခြင်းသည် နေရာပြန့်သတ်ဖြတ်ချင်းအတွက်ဆိုလျှင် ယခုသုံးဆင့်ပစ်ချက်သည် ပစ်မှတ်အား အဓိကသတ်ဖြတ်ခြင်း ဖြစ်သည်။သူတို့သည် မြေဒြပ်စင်ကောင်များ၏ ဦးခေါင်းကို ပစ်မှတ်ထားကြသည်။သာမန်ကျောက်မြှားတို့သည် မြေဒြပ်စင်ကောင်များ၏ ခုခံမှုကို မဖောက်ထွင်းနိုင်ပေ။သို့သော်လည်း ထိုမြှားများသည် ထက်မြက်သည့် အလင်းတန်းများနှင့် တလက်လက် တောက်ပနေသည်။၎င်းကို အထူးအစွမ်းတစ်မျိုးမျိုးဖြင့် ချွန်ထက်မှု တိုးမြှင့်ထားသည်မှာ အသေအချာပင် ဖြစ်သည်။
မယ်ဒူဆာများသည် အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ထားပုံရသည်။ ပစ်မှတ် ရွေးချယ်ရာ၌ သူတို့ သေချာအာရုံစိုက်ထားသည်။သူတို့သည် အစွမ်းထက်ဆုံးဖြစ်သည့် စိမ်းပြာရောင် မြေဒြပ်စင်ကောင် နှစ်ကောင်ကို ရှောင်တိမ်းပြီး အခြားသူများကို အာရုံစိုက်ကြသည်။ချက်ချင်းပင် မြေဒြပ်စင်ကောင်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားတော့သည်။
မြေဒြပ်စင်ကောင်များ အဝေးသို့ ပြေးသွားနေသည်ကို မြင်လိုက်ပြီးနောက် မြှားပစ်ခြင်း ရုတ်တရက် ရပ်တန့်သွားသည်။မယ်ဒူဆာအဖွဲ့ထဲမှ ပုံရိပ်တစ်ခု ရုတ်တရက် ခုန်ထွက် လာပြီးနောက် မြေဒြပ်စင်ကောင်များ၏ အလယ်သို့ ပြင်းပြင်းထန်ထန် ဆင်းသက်လိုက်သည်။
ထို မယ်ဒူဆာသည် သာမန်မယ်ဒူဆာထက် အရွယ်အစားပိုပြီးပြီး မြွေအမြီးမှာလည်း သာမန်စိမ်းပြာရောင် မဟုတ်ဘဲ ခရမ်းရင့်ရောင့် ဖြစ်နေသည်။
သူသည် တောခုတ်ဓားနှင့် အထူးသလင်းကျောက်တစ်မျိုးဖြင့်ပြုလုပ်ထားသည့် ဒိုင်းကာ တစ်ခု ကိုင်ဆောင်ထားသည်။တောခုတ်ဓားသည် အလွန်ထက်မြက်လှသည်။မျက်စိ တစ်မှိတ်အတွင်းမှာပင် မြေဒြပ်စင်ကောင် သုံးလေးကောင်၏ ဦးခေါင်းများ ပြတ်ထွက် သွားသည်။စိမ်းပြာရောင် ဒြပ်စင်ကောင် နှစ်ကောင် ပြေးဝင်လာပြီး ထို မယ်ဒူဆာကို ဝိုင်းရံလိုက်သည်။ထိုဒြပ်စင်နှစ်ကောင်၏ ခန္ဓာကိုယ်ပေါ်တွင် ချပ်ကာများကို ရေးရေးလေး မြင်နေရသည်။၎င်းသည် အမှန်တကယ်ပင် အစွမ်းထက်ဆုံး တစ်ဦးတည်း ခုခံမှုမှော်ပညာ ဖြစ်သည်။[ သံမဏိချပ်ကာ ] ကို မိမိကိုယ်၌သာ အသုံးပြု၍ရပြီး [ ကျောက်ကိုယ်ထည် ] နှင့် ထပ်ဆင့်အသုံးပြု၍ရသည်။ဤသို့ဖြင့် ခုခံမှု နှစ်ဆတိုးသွားသည်။မယ်ဒူဆာ၏ တောခုတ်ဓားသည် စိမ်းပြာရောင် မြေဒြပ်စင်ကောင်များ၏ ခန္ဓာကိုယ်ပေါ်၌ အရာ တိမ်တိမ်လေးသာ ချန်ခဲ့နိုင်သည်။သို့သော် မြေဒြပ်စင်ကောင်များ၏ တိုက်ခိုက်မှုကိုလည်း မယ်ဒူဆာ၏ဒိုင်းကာက တားဆီးပေးလိုက်သည်။
ထို မယ်ဒူဆာသည် မယ်ဒူဆာဘုရင်မ ဖြစ်ရပေမည်။မယ်ဒူဆာ၏ မျက်လုံးများသည် လူများကို ကျောက်အဖြစ် ပြောင်းလဲနိုင်သည့် စွမ်းရည်ရှိသည်။ကံဆိုးစွာပင် ၎င်းသည် မြေဒြပ်စင်ကောင်များကိုရင်ဆိုင်ရာ၌ လုံးဝအသုံးမဝင်ပေ။ပြိဿခေါင်းဆောင် အော်ဟစ်ပြီး တိုက်ပွဲသို့ ဝင်ရောက်ကာ စိမ်းပြာရောင် မြေဒြပ်စင်ကောင်တစ်ကောင်ကို ဆွဲကိုင်လိုက်သည်။
ဤတိုက်ပွဲ၏စွမ်းအားသည် အလွန့်အလွန် ပြင်းထန်သည်။မာကြောလှသော မြေပြင်ပေါ်၌ အက်ကြောင်းအကျယ်ကြီး ပေါ်ထွက်လာသည်။မီတာ၁၀၀မြင့်မားသည့် မျက်နှာကြက်ပင် တုန်ခါသွားပြီး ကျောက်စက်ပန်းဆွဲများ အဆက်မပြတ် ပြုတ်ကျနေသည်။အစွမ်းထက် လှိုင်းများအောက်တွင် အနီးအနားရှိ အကြမ်းခံသည့် မြေဒြပ်စင်ကောင်များပင် ကြေမွသွားသည်။နတ်ဆိုးယင်ကောင်များကိုမူ ပြောစရာပင်မလိုချေ။
ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးသည် တိုက်ပွဲအား ရန်သူတစ်ခုထဲအတွင်း၌ ပျံ့နှံ့စေခြင်း ကဲ့သို့ပင်ဖြစ်သည်။၎င်းသည် အလွန်အမင်း ပျက်စီးစေနိုင်သည်။ကျန်ရှိသည့် မြေဒြပ် စင်ကောင်များနှင့် နတ်ဆိုးယင်ကောင်များသည် သူတို့လေးယောက်ကို ကျော်ဖြတ်ပြီး မယ်ဒူဆာများထံ ဆက်လက်ပြေးလွှားကြသည်။သို့သော်လည်း သူတို့၏အမြန်နှုန်း နှေးကွေးသွားပြီ ဖြစ်သည်။မယ်ဒူဆာများ နောက်တစ်ကြိမ် သုံးချက်ဆင့် မြှားပစ်ခတ်ပြီး နောက်တွင် ပြိဿများနှင့် ညှိနှိုင်းပြီး ရန်သူများအား တိုက်ခိုက်သည်။တို့နောက်တွင် အနီးကပ်လက်နက်များကိုင်ဆောင်ထားသည့် မယ်ဒူဆာများက မြေဒြပ်စင်ကောင်များကို ရင်ဆိုင်တော့သည်။လေထဲ၌ ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေပြီး နတ်ဆိုးယင်ကောင် များအား အကြီးအကျယ် ထိခိုက်စေသည်။
မတော်တဆ ဒဏ်ရာမရစေရန်အတွက် ချန်လွေ့သည် အသီနာနှင့်ဒိုဒိုကို ဦးဆောင်ပြီး တော်ရီနောက် လိုက်သွားသည်။နောက်ဆုံး၌ မယ်ဒူဆာစစ်တပ်၏ တပ်မှူးကို ချန်လွေ့တွေ့သွားသည်။သူသည် လူသားပုံစံရှိပြီး လက်ထဲ၌ ခရာတစ်ခု ကိုင်ဆောင် ထားသည်။တိုက်ပွဲအတွင်း၌ အလင်းရောင်များ လင်းလက်နေသော်လည်း ထိုသူ၏ သရုပ်မှန်ကို ချန်လွေ့ မမြင်ရပေ။လူဆာ၏ ယခင်ပြောပြချက်အရ ထိုသူသည် ၂နှစ်ကြာ ပျောက်ဆုံးသွားခဲ့သည့် မိုင်းတွင်းအရာရှိဟောင်း တင် ဖြစ်နိုင်ပေသည်။
မယ်ဒူဆာများ၏ အခင်းအကျင်းနှင့် တိုက်ပွဲ နည်းဗျူဟာများသည် တင်ထံမှ ရရှိခဲ့သည်မှာ အသေအချာပင်ဖြစ်သည်။စိုင်ဖူမိသားစု၏ ဆက်ခံသူသည် စစ်ပညာပါရမီ ရှိပုံရသည်။ သို့သော်လည်း သူသည် မည်သည့်အတွက်ကြောင့် မယ်ဒူဆာ ယောက်ျားဖြစ်သွားပြီး အမှောင်လမြို့သို့ ပြန်မလာဘဲ မြေအောက်တွင် နေနေရစ်ရကြောင်း မသိရသေးပေ။
လက်ရှိအချိန်၌ တင်ကို ဆက်သွယ်ပြီး မေးမြန်းရန် မဖြစ်နိုင်သေးပေ။တိုက်ပွဲပြီးသည်အထိ စောင့်ဆိုင်းရပေမည်။
တစ်ယောက်ချင်း တိုက်ခိုက်မှုစွမ်းအားအရ ပြိဿများသည် မယ်ဒူဆာများထက် ပိုသာသည်။သို့သော်လည်း ဤကဲ့သို့တိုက်ပွဲအတိုင်းအတာတွင် မယ်ဒူဆာတို့၏ ပူးပေါင်း တိုက်ခိုက်မှုမှာ ပို၍အသုံးဝင်သည်။အထူးသဖြင့် ပစ်မှတ်ထားသည့် နည်းဗျူဟာတွင် ဖြစ်သည်။သူတို့သည် နတ်ဆိုးယင်ကောင်များနှင့် မြေဒြပ်စင်ကောင် အများအပြားကို သတ်ပစ်ပြီး ချက်ချင်းပင် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
စိမ်းပြာရောင် မြေဒြပ်စင်ကောင်များသည် မယ်ဒူဆာဘုရင်မနှင့် ပြိဿခေါင်းဆောင် တို့ကို တစ်ယောက်ချင်းမယှဉ်နိုင်ပေ။သူတို့သည် ခုခံမှုသည် မယုံကြည်နိုင်စရာ ကောင်းလှ သော်လည်း ခုခံမှုလျော့ကျစေသည့်အတွက် မှော်ပညာများကို အကန့်အသတ်မဲ့ မသုံးနိုင်ကြပေ။အဆက်မပြတ် အလဲထိုးခံရပြီးနောက် သူတို့၏မျက်လုံးထဲရှိ ဝါဖျော့ဖျော့ အလင်းရောင် လက်ခနဲဖြစ်သွားသည်။နောက်ဆုံး၌ သူတို့အော်ဟစ်လိုက်ပြီး မြေဒြပ်စင် ကောင်များ စတင်ဆုတ်ခွာတော့သည်။နတ်ဆိုးယင်ကောင် အများအပြားသည်လည်း တောင်ပံခတ်ပြီး သူတို့နောက် လိုက်သွားသည်။မယ်ဒူဆာနှင့် ပြိဿတို့ အောင်ပွဲခံပြီး ဟစ်ကြွေးလိုက်ကြသည်။
ပြိဿခေါင်းဆောင်သည် မယ်ဒူဆာဘုရင်မရှေ့သို့ သွားပြီး ဟစ်ကြွေးကာ ရင်ဘတ်ကိုပုတ်လိုက်သည်။မယ်ဒူဆာ ဘုရင်မလည်း ရင်ဘတ်ပေါ်၌ ညာလက်တင်ကာ အသာလေး ခေါင်းညိတ်လိုက်သည်။
မြေဒြပ်စင်ကောင်များ သေဆုံးသွားသည့်အခါ သူတို့၏ အလောင်းများသည် ကျောက်ပုံကြီးအဖြစ် ပြောင်းလဲသွားသည် ။ ချန်လွေ့သည် ၎င်းအပေါ်တွင် [ အရှိန်အဝါ ကူးပြောင်းခြင်း ] ကို အသုံးပြုကြည့်လိုက်ရာ သူ၏ထင်မြင်ချက်အား ထပ်ပြီး အတည်ပြုလိုက်နိုင်သည်။
မယ်ဒူဆာနှင့် ပြိဿတို့သည် စစ်မြေပြင်ကို စတင်ရှင်းလင်းတော့သည်။ချန်လွေ့နှင့် အသီနာတို့သည် အဓိကတွင်း၌လည်း တိုက်ခိုက်ခဲ့ရသည်။ယခုတွင်လည်း ဤကဲ့သို့ တိုက်ပွဲအကြီးကြီးကို တိုက်ခိုက်ပြီးသည့်အတွက် သူတို့၏အင်အား အတော်လေး ကုန်ဆုံးနေပြီ ဖြစ်သည်။အထူးသဖြင့် အသီနာသည် အမှန်တကယ် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။အကယ်၍ ချန်လွေ့သာ မဟာဆရာသခင်အဆင့် ဖြည့်တင်းဆေးရည် မပေးခဲ့လျှင် အသီနာသည် ဤတိုက်ပွဲကို တောင်ခံနိုင်လိမ့်မည် မဟုတ်ပေ။
မယ်ဒူဆာအဖွဲ့ထဲ၌ “လူသား”ကို မြင်လိုက်သည့်အခါ အသီနာ အံ့ဩသွားပြီး အော်ပြောသည်။
“ တင် ”
တင်၏ခန္ဓာကိုယ် သိမ့်သိမ့်တုန်သွားပြီး မယုံသင်္ကာဖြင့် ခေါင်းလှည့်လိုက်သည်။ ဖရိုဖရဲဖြစ်နေခဲ့သည့်အတွက် သူသည် မယ်ဒူဆာများကို အမိန့်ပေးရာ၌သာ အာရုံစိုက် ထားခဲ့သည်။မြင့်အားလှသည့် ပြိဿများကြား၌ ရောနှောနေသော ရှားပါးလှသည့် “မျိုနွယ်တူများ” ကို သူသတိမထားမိခဲ့ပေ။
အချိန်အတော်ကြာပြီးမှ “ မျိုးနွယ်တူ ” နှစ်ယောက်ကို တွေ့လိုက်ရသည့်အတွက် တင်၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် သူထင်မိခဲ့သည်။
အမှောင်လမြို့ဆီသို့ အသီနာ ရောက်လာသည့်အခါ တင်သည် ရှီလန်တောင်ဆီ မသွားရသေးပေ။စိုင်ဖူမိသားစု၏ ဆက်ခံသူ ဖြစ်သည့်အလျောက် တင်သည် အင်ပါယာ၏ ပထမဆုံးဗိုလ်ချုပ် သမီးတော်ကို သိလေသည်။သို့သော်လည်း သူသည် မြေအောက် လောက၌ ၂နှစ်ခန့် နေခဲ့ရသည့်အတွက် လူမှားမည်ကို စိုးရိမ်နေသည်။အချိန် အတော်ကြာပြီးမှသာ မဝံ့မရဲ အော်ပြောသည်။
“ မိန်းကလေး အသီနာ။ ”
“ တင်။တကယ်ပဲ ရှင်ကိုး။ ”
နာမည်ခေါ်နေသည့်သူကို အသီနာမြင်သွားပြီး စိတ်ထဲ၌ သံသယဖြစ်မနေတော့ပေ။ ၂နှစ်တာပျောက်ကွယ်သွားသည့် တင်သည် အသက်ရှင်နေဆဲပင်ဖြစ်သည်။သူသည် မိုင်းတွင်းအောက်ရှိ မြေအောက်လောကတွင် တစ်ချိန်လုံး နေနေခဲ့ခြင်း ဖြစ်သည်။
တင် အလွန်စိတ်လှုပ်ရှားသွားပြီး ရှေ့ထွက်ကာ အရိုအသေပေး၏။
“ တကယ့်ကို မိန်းကလေး အသီနာ ဖြစ်နေတာပဲ။မိန်းကလေး ဘာလို့ဒီကို ရောက်နေ တာလဲ။ ”
“ ခင်ဗျားက မိုင်းတွင်းအရာရှိဟောင်း တင် လား။ ”
ချန်လွေ့မေးလိုက်သည်။[ သရုပ်ခွဲမျက်လုံး ] ၌ တင်၏စွမ်းအားများကို အမြင့်ဆင့်နတ်ဆိုး [D] အဆင့်ဟူ၍ ဖော်ပြထားသည်။
တင်၏အကြည့်သည် အသီနာ၏လက်ကို ကိုင်ထားသော ချန်လွေ့ထံ ရောက်ရှိသွားသည်။ တင်သည် သူတို့ထံမှ အစွမ်းထက်သည့် အမြင့်ဆင့်နတ်ဆိုး အငွေ့အသက်များကို ခံစားမိသည်။သူသည် ချန်လွေ့ကို ဦးညွှတ်လိုက်သည်။
“ ဒီကလူကြီးမင်းက ဘယ်သူများပါလဲ။ ”
တင်အရှေ့တွင် ချန်လွေ့နှင့် လက်ကိုင်ထားရခြင်းကို အသီနာ ရှက်နေသော်လည်း လက်မဖြုတ်ခဲ့ပေ။သူ၏စိတ်ထဲ၌ ရေးရေးလေးကျေနပ်နေသည်။
“ ကျုပ်နာမည်က ချန်လွေ့ပါ။ကျုပ်က လက်ရှိမိုင်းတွင်းအရာရှိပေါ့။ခင်ဗျားလိုပဲ ကျုပ်ကိုလဲ ဘဏ္ဍာရေးအရာရှိ ဂျိုးဆက်ပ်က မိုင်းတွင်းဆီလာဖို့ အကြံပြုခဲ့တာ။ ”
ချန်လွေ့ ပြန်လည်ဦးညွှတ်လိုက်သည်။
“ ကျုပ်တို့ကို တစ်စုံတစ်ယောက်က ထောင်ခြောက်ဆင်ခဲ့တာပါ။အဲ့ဒါကြောင့် ကျုပ်တို့တွေ ဒီမြေအောက်လောကဆီ ရောက်လာတာ။ ”
“ ထောင်ခြောက်ဆင်ခံရတယ် ဟုတ်လား။ ”
၎င်းကိုကြားလိုက်ရာ တင်သည် သူတို့ကို စာနာမိသွားပြီး လက်သီးဆုပ်လိုက်သည်။
“ ဂျိုးဆက်ပ်ရဲ့လူတွေ လုပ်တာလား။ ”
ချန်လွေ့သည် ကော်နာ၏အခြေအနေကို မရှင်းပြဘဲ ခေါင်းကိုသာ ညိတ်လိုက်သည်။ သူထင်ထားသည့်အတိုင်းပင် ဖြစ်သည်။တင်၏ “ ပျောက်ဆုံးသွားမှု ” သည် ဂျိုးဆက်ပ်နှင့် ပတ်သက်နေရပေမည်။တင်သည် အံကြိတ်နေသည်ကို ချန်လွေ့ မြင်သွားသည်။ချန်လွေ့ စကားပြောရန်ပြင်လိုက်စဉ် သူတို့ဘေးမှ ရှူးရှူးရှဲရှဲ အသံတစ်သံ ထွက်လာသည်။
မယ်ဒူဆာဘုရင်မသည် မြေလိမ်မြေကောက်တွားသွား၍ ရောက်လာသည်။သူ၏ စူးစမ်းနေသည့် အကြည့်သည် ချန်လွေ့နှင့် အသီနာတို့ထံ ရောက်ရှိသွားသည်။ချန်လွေ့၏ ပုခုံးပေါ်ရှိ ဒိုဒိုသည် ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခုကို ခံစားလိုက်ရပြီး ကြောက်လန့်ကာ အရွယ်အစားကို တစ်ဆခန့် ကျုံ့လိုက်သည်။
မယ်ဒူဆာဘုရင်မ၏ မျက်နှာသည် သာမန်မယ်ဒူဆာများထက် ပို၍သန့်စင်သော်လည်း ကြေးခွံများသည် ပို၍ထူထဲသည်။ချန်လွေ့ ထင်ထားသည့်အတိုင်းပင် [ သရုပ်ခွဲမျက်လုံး ] သည် မယ်ဒူဆာဘုရင်မ၏ စွမ်းအားသည် “ မဆုံးဖြတ်နိုင် ” ဟု ဖော်ပြထားသည်။
ဘုရင်မကိုတွေ့သည့်အခါ တင်သည် ချက်ချင်းပင် ဦးညွှတ်ပြီး ရှူးရှူးရှဲရှဲ အသံပြုလိုက်၏။မယ်ဒူဆာဘုရင်မသည် တင်အား “သူစိမ်း”နှစ်ယောက် အကြောင်းကို မေးမြန်းနေကြောင်း ချန်လွေ့ပြောနိုင်သည်။သူတို့သည် မြေပေါ်မှ မိတ်ဆွေများ ဖြစ်ကြောင်း တင် ပြန်ဖြေလိုက်သည်။မယ်ဒူဆာဘုရင်မသည် ရန်သူအလစ်ဝင် တိုက်မည်ကို ရှောင်တိမ်းရန်အတွက် အဖွဲ့ကို အသိုက်ဆီပြန်ရန် တင်အား အလျင်အမြန် ဦးဆောင်ခိုင်းလိုက်သည်။
တင်တွင် [ သရုပ်ခွဲမျက်လုံး ] မရှိပေ။သို့သော်လည်း သူသည် မယ်ဒူဆာ ဘာသာစကားကို နိုင်ငံခြားဘာသာစကား ကဲ့သို့ပင် သင်ယူလေ့လာခဲ့သည်။သူ၏စွမ်းရည်သည် မယုံကြည်နိုင်လောက်အောင် ထူးခြားလွန်းလှသည်ဟု သတ်မှတ်၍ရပေသည်။
မယ်ဒူဆာဘုရင်မသည် ချန်လွေ့နှင့်အသီနာတို့ကို အကဲဖြတ်နေသည်။သူ၏ ရွှေနက်ရောင် မြွေမျက်လုံးများသည် အေးစက်စက် အရောင်များ ထုတ်လွှတ်နေပြီး ချန်လွေ့တို့ ထင်ထားသကဲ့သို့ ရင်းနှီးဟန်မတူပေ။