တယ်လီပို့ခုန်ခြင်း။ကျောက်ပြားပေါ်ရှိ ကောင်လေးနှင့် ကောင်မလေး
Vol. 10 Ch. 149
ချန်လွေ့သည် မြေအောက်လောက၌ တင် အဘယ်ကြောင့် ၂နှစ်ကြာနေခဲ့ရသည့် အကြောင်းကိုသာ သိရသေးသည်။ဒြပ်စင်ကောင်များနှင့် နတ်ဆိုးယင်ကောင်များ အကြောင်း ပိုမိုသိရှိရန် မေးကြည့်လိုက်သည့်အခါ မယ်ဒူဆာတစ်ယောက် ဝင်လာပြီး ရှူးရှူးရှဲရှဲ အသံပြုလိုက်သည်။
“ ဘုရင်မက ရှင့်ကို ချက်ချင်းလာတွေ့ဖို့ ပြောလိုက်တယ်။ ”
ဘုရင်မသည် အလွန်သံသယကြီးကြောင်း တင်ထံမှ ချန်လွေ့သိခဲ့ရသည်။ချန်လွေ့သည် ချက်ချင်းပင် အသီနာလက်ကိုကိုင်ပြီး မယ်ဒူဆာနှင့်အတူ ရေကန်ငယ်လေးဆီသို့ လိုက်သွားသည်။
လဟာပြင်ရှေ့တွင် မယ်ဒူဆာဘုရင်မသည် အလယ်၌ရပ်နေပြီး ဘေးဘက်တွင် မယ်ဒူဆာများ အတန်းလိုက် ရှိနေကြသည်။လိုင်ဆာနှင့်လူဆာတို့သည်လည်း ထိုအထဲတွင် ဖြစ်သည်။
ချန်လွေ့သည် မယ်ဒူဆာဘုရင်မရှေ့သို့ ရောက်လာသည်။ချန်လွေ့နှင့် အသီနာတို့ ဦးညွှတ်ပြီး အရိုအသေပြေးလိုက်ကြသည်။
“ အရှင်မ။ရင်းနှီးမှုကိုပြသတဲ့အနေနဲ့ အရှင်မရဲ့ လူတွေအများစုကို ကျုပ်ကုသပေးပြီး သွားပါပြီ။ ”
ဘုရင်မ အသာလေး ခေါင်းညိတ်လိုက်သည်။သို့သော်လည်း သူဆက်ပြောသည့် စကားများမှာ အတော်လေး စိမ်းကားနေသည်။
“ ကံဆိုးတာကတော့ မင်းရဲ့လုပ်ရပ်က မင်းတို့အသက်ကိုပဲ ဆက်ပြီးတည်မြဲ စေနိုင်မယ်။ဒါပေမဲ့ အကျဉ်းသားဆိုတဲ့ အခြေအနေကိုတော့ ဖယ်ရှားလို့မရဘူး။မင်းနဲ့ မင်းအဖော်ရဲ့ အသက်ကို ဆက်ပြီးတည်မြဲစေချင်တယ်ဆိုရင်တော့ ကုသပစ္စည်းတွေ ဆက်ပြီးထောက်ပံ့ရမယ်။ ”
ချန်လွေ့ အံ့ဩသွားသည်။ သူက လိုချင်တာ ရပြီးတာနဲ့ ငါ့ကိုမေ့သွားပြီး ချက်ချင်း ဆန့်ကျင်တော့တာပဲ။
နောက်မှလိုက်လာသည့် တင်သည် ဘုရင်မဆိုလိုသည်ကို အနည်းငယ် နားလည်သည်။ အသီနာနှင့် ချန်လွေ့တို့တွင် မကောင်းသည့် အကြံအစည်များ မရှိကြောင်း၊ မြေဒြပ်စင်ကောင်များနှင့် နတ်ဆိုးယင်ကောင်များကို အတူတူတိုက်ခိုက်ခဲ့ကြသည့် မဟာမိတ်များ ဖြစ်ကြကြောင်း ၊သူတို့သည် လူဆာ၏ အသက်ကိုလည်း ကယ်တင် ခဲ့ကြောင်း တင် အလျင်အမြန်ရှင်းပြလိုက်သည်။လိုင်ဆာနှင့် လူဆာတို့လည်း ချမ်းသာ ပေးရန် တောင်းပန်ကြသည်။
“ တင် ”
ဘုရင်မ၏အသံတွင် ဒေါသသံအနည်းငယ် ပါဝင်နေသည်။
“ ဒီနေ့ လူဆာကို မင်းဘာလုပ်ခိုင်းခဲ့တာလဲဆိုတာ ငါမသိဘူး မထင်နဲ့။မင်းက ငါတို့လူတွေ ကိုတောင် စတေးခဲ့တယ်။ ”
တင် ခေါင်းငုံ့ထားလိုက်သည်။
“ မယ်တော်။တင်ကို အပြစ်မတင်ပါနဲ့။ကျွန်မသူ့ကို ဒီလိုလုပ်ခိုင်းခဲ့တာပါ။ဒါတွေအားလုံးက မွေးလာမယ့် ကလေးအတွက်ပါပဲ။ ”
“ ရိုင်းစိုင်းလိုက်တာ။ ”
ဘုရင်မ ဒေါသတကြီး ပြောသည်။
“ မြေပေါ်ကိုသွားလိုက်ရင် မင်းနဲ့မင်းရဲ့ကလေးက အေးအေးချမ်းချမ်း နေနိုင်မယ်လို့ ထင်တာလား။မြေပေါ်မှာရှိတဲ့ သတ္တဝါတွေက ပိုပြီးရက်စက်တယ်။ဉာဏ်များတယ်။ သူတို့က ငါတို့ကို ရန်သူလိုသဘောထားကြတာ။မင်းနဲ့လူဆာ အပြင်ထွက်နိုင်ရင်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ဒီလိုလုပ်လို့ တင်နဲ့ပတ်သက်တဲ့ အပြင်လူတွေအများကြီးကို ဆွဲဆောင်မိသွားရင် မယ်ဒူဆာ တစ်မျိုးနွယ်လုံး ပျက်စီးကိန်းရောက်နိုင်တယ်။ ”
လိုင်ဆာ ထပ်ပြီး တောင်းပန်လိုက်ပြန်သည်။သို့သော်လည်း ဘုရင်မ၏ ရွှေရောင် မြွေမျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ပြသလိုက်သည်။
“ လိုင်ဆာ။မင်းရဲ့ ယောက်ျားကိုခေါ်ပြီး ထွက်သွားတော့။မဟုတ်ရင် ငါမင်းကို သတ်ပစ်မယ်။ငါကမင်းရဲ့ မိခင်ပဲ မဟုတ်ဘူး။မယ်ဒူဆာမျိုးနွယ်ရဲ့ ဘုရင်မလည်း ဟုတ်တယ်။ ”
မယ်ဒူဆာဘုရင်မ၏ စိုးရိမ်မှုများသည် အကြောင်းမဲ့မဟုတ်ကြောင်း ချန်လွေ့ ပြောနိုင်သည်။ သို့သော်လည်း ၎င်းသည် ချန်လွေ့နှင့် အသီနာတို့အတွက် သတင်းဆိုးပင် ဖြစ်သည်။ချန်လွေ့ အမြန်ပြောလိုက်သည်။
“ အရှင်မ။အရှင်မ ဒါကို မသိသေးဘူးထင်တယ်။မြေပေါ်ကိုထွက်မယ့် အပေါက်က ကျုပ်ရဲ့ ရန်သူက ဖျက်ဆီးလိုက်ပြီ။အောက်ကိုပဲ ဆင်းလာလို့ရတယ်။ပြန်တက်လို့မရတော့ဘူး။ လူဆာ အဲ့ဒါကို သက်သေပြနိုင်တယ်။ကျုပ်အဖော်နဲ့ကျုပ်က အခုဆိုရင် မြေအောက် လောကရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားပါပြီ။ကျုပ်တို့တွေ မယ်ဒူဆာတွေကို ကူညီပြီးတော့ မြေဒြပ်စင်ကောင်တွေနဲ့ နတ်ဆိုးယင်ကောင်တွေကို တိုက်ခိုက်ပေးမှာပါ။ကျုပ်တို့ကို ယုံကြည်ပေးပါ။အရှင်မ။ ”
“ မင်းတို့ရဲ့ မပြောပလောက်တဲ့ စွမ်းအားတွေနဲ့ မယ်ဒူဆာတွေကို ကူညီမယ် ဟုတ်လား။ ”
မယ်ဒူဆာဘုရင်မသည် အထင်သေးသည့် အမူအရာပြသလိုက်သည်။
“ မင်းတို့အပြင်လူတွေက ကောက်ကျစ်တယ်။တင်က အခုငါ့သမီးရဲ့ ယောက်ျား ဖြစ်နေပြီ။ပြီးတော့ သူအသက်ဆက်ရှင်ဖို့ အသက်ဓာတ်ရေစင်ကို အမှီပြုနေရတယ်။ အဲဒါကြောင့် ငါသူ့ကို နည်းနည်း ယုံကြည်တယ်။ဒါပေမဲ့ မင်းဘေးက မိန်းမကို သတ်ပစ်ပြီးတော့ မယ်ဒူဆာတွေပိုင်ဆိုင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်လာမယ် ဆိုရင်တော့ ငါမင်းကို ယုံကြည်မယ်။ငါမင်းကို အသက်ချမ်းသာပေးပြီးတော့ တင်လိုမျိုး အထူးအခွင့်အရေးပေးနိုင်တယ်။ ”
ငါ့ဘေးက မိန်းမကို သတ်ပစ်ရမယ်တဲ့လား။ ချန်လွေ့ အသီနာကို တစ်ချက်ကြည့်ပြီး လက်ကိုကျစ်ကျစ် ဆုပ်လိုက်သည်။အမှောင်ဆန္ဒသည် သူ၏ဘယ်လက်သန်းကြွယ်၌ ရောက်ရှိနေပြီ ဖြစ်သည်။ချန်လွေ့ မေးလိုက်သည်။
“ အရှင်မ။ကိုယ်အသက်ရှင်ဖို့အတွက် ကိုယ့်မိန်းမကို သတ်ပစ်တဲ့သူက ယုံကြည်ရမယ်လို့ ထင်တာလား။ ”
မယ်ဒူဆာဘုရင်မ နှာမှုတ်ပြီး မြွေလျှာထုတ်ကာ အော်ဟစ်လိုက်သည်။
“ အစောင့်တွေ။သူတို့ကို ဖမ်းလိုက်ကြ။ ”
ဤနေရာသည် မယ်ဒူဆာတို့၏ အသိုက်အမြုံဖြစ်သည်။ဤကဲ့သို့ သေးငယ်သည့် တာဝန်များကို ကိုယ်တိုင်လုပ်ဆောင်ရန် မလိုအပ်သည်ဟု မယ်ဒူဆာဘုရင်မ မထင်ပေ။
“ တင်။ဂရုစိုက်။ငါမင်းကိုကူညီဖို့ နည်းလမ်းရှာပေးမယ်။ ”
ချန်လွေ့ သက်ပြင်းချပြီးနောက် သူနှင့်အသီနာတို့၏ ပုံရိပ်များသည် စတင်ယိုယွင်းပြီး ဝေဝါးလာတော့သည်။
မယ်ဒူဆာဘုရင်မသည် အခြေအနေကို သိပ်ပြီးသဘောမကျပေ။ သူချက်ချင်းပင် ချန်လွေ့အရှေ့သို့ ရောက်ရှိသွားကာ ရွှေရောင်မြွေမျက်လုံးမှ ထူးဆန်းသော အလင်းရောင်များကို ထုတ်လွှတ်နေသည်။သူသည် ချန်လွေ့၏မျက်လုံးကို ကြည့်လိုက်သည်။သို့သော်လည်း နောက်ကျသွားလေပြီ။ချန်လွေ့၊အသီနာနှင့် ချန်လွေ့ ပုခုံးပေါ်ရှိ “ကြိုး” တို့သည် ဘုရင်မ မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။
ထိုကဲ့သို့ “ အားနည်းသူ ” သည် မျက်စိရှေ့မှပင် လွတ်မြောက်သွားလိမ့်မည်ဟု မယ်ဒူဆာဘုရင် လုံးဝ မထင်ထားခဲ့ပေ။သူ ဒေါသတကြီး ရှူးရှူးရှဲရှဲ အသံပြုပြီး တင်ထံသို့ အကြည့်ရောက်သွားသည်။သူသည် အပြစ်မဲ့သူကို ထိခိုက်ရန် ပြင်ဆင်နေပုံရသည်။ လိုင်ဆာသည် အမြန်ပင် တင်ကို ကာကွယ်ပြီး ချမ်းသာပေးရန် တောင်းပန်သည်။ မယ်ဒူဆာဘုရင်မ၏ အကြည့် ဖြည်းဖြည်းချင်း ပျော့ပြောင်းသွားသည်။သူ မကျေမနပ်နှင့် ရှူးရှူးရှဲရှဲ အသံပြုကာ လှည့်ထွက်သွားတော့သည်။
မြေအောက်လောက၏ နေရာတစ်ခုတွင် လေဟာနယ်(နေရာလွတ်) ထဲ၌ ထူးဆန်းသော မူမမှန်မှုတစ်ခု ဖြစ်နေသည်။ထို့နောက် မြေပြင်ပေါ်တွင် ပုံရိပ်နှစ်ခု ဘယ်ကမှန်းမသိ ပေါ်ထွက်လာသည်။၎င်းသည် အသီနာနှင့် ချန်လွေ့တို့ပင် ဖြစ်ကြသည်။
အသီနာ၏အမြင် ခဏတာ ဝေဝါးသွားပြီး ခန္ဓာကိုယ် ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။အသီနာ ချက်ချင်းပင် အမူးပြေသွားသည်။မယ်ဒူဆာများလည်း မရှိတော့ပေ။သူသည် လုံးဝစိမ်းနေသည့် ပတ်ဝန်းကျင်တစ်ခုသို့ ရောက်ရှိနေသည်။
အသီနာ စကားပြောမည်ပြင်လိုက်စဉ် ဘေးနားမှ ချန်လွေ့သည် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။သူ၏ခန္ဓာကိုယ်သည် ထူးဆန်းစွာ တောင့်တင်းနေသည်။သူ၏ အသားအရေ၊ဆံပင်နှင့် အဝတ်အစားများသည်ပင် မီးခိုးဖျော့ရောင်အဖြစ် ပြောင်း သွားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သေခြင်းတရား၏ မှိန်ပျသောခံစားချက်တစ်ခု ထုတ်လွှတ်နေသည်။
“ ကျောက်ဖြစ်ခြင်းပဲ။ ”
အသီနာ ထိတ်လန့်သွားသည်။မယ်ဒူဆာတို့၏နာမည်ကျော် အစွမ်းအထက်ဆုံး စွမ်းရည်ကို တွေးမိလိုက်ပြီး အသီနာသည် ရေခဲအတွင်းသို့ ထိုးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
ယခုတွင် မြေပေါ်သို့ပြန်ရန် မဖြစ်နိုင်တော့ပေ။မယ်ဒူဆာဘုရင်မကို မသတ်နိုင်လျှင် ချန်လွေ့ကိုလုံးဝ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ အရာအားလုံးက မဝင်သင့်တဲ့ အဓိကတွင်းဆီကို ငါဝင်သွားလို့ပဲ။ အသီနာ၏စိတ်ထဲသို့ အတွေးတစ်ခု ရောက်ရှိလာသည်။ ချန်လွေ့သာ သေဆုံးသွားခဲ့လျှင် အသီနာသည်လည်း အသက်ဆက် မရှင်ချင်တော့ပေ။
ကံကောင်းစွာပင် ထိုတောင့်တင်းမှုသည် ခဏတာဖြစ်သည်။မီးခိုးရောင်ဖျော့ဖျော့လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ချန်လွေ့၏အသားအရေ ပြန်လည်စိုပြေလာသည်။
ချန်လွေ့ပင့်သက်ရှိုက်ပြီး တုန်လှုပ်နေဆဲပင် ဖြစ်သည်။မယ်ဒူဆာ၏ ကျောက်ဖြစ် အစွမ်းသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။ အထူးသဖြင့် “မဆုံးဖြတ်နိုင် ” သည့် စွမ်းအားရှိသော မယ်ဒူဆာဘုရင်မ၏ အစွမ်း ဖြစ်သည်။ထိုအချန်က ချန်လွေ့၏အသိစိတ်သာမက တစ်ကိုယ်လုံးရှိ သွေးလည်ပတ်မှုပါ ခဲသွားသည်။ ထိုကဲ့သို့စွမ်းအားမျိုးကို စူပါစနစ် ဖယ်ရှားနိုင်၍ တော်ပေသေးသည်။သို့မဟုတ်ပါက တယ်လီပို့ခုန်နိုင်ခဲ့လျှင်ပင် ချန်လွေ့အသက်ပျောက်ပြီး ကျောက်ရုပ်ဖြစ်သွားမည် ဖြစ်သည်။
အသီနာ စိတ်သက်သာရာ ရသွားသည်။ချန်လွေ့သည် အသီနာ၏ လက်ဝါးပေါ်ရှိ ချွေးစေးများကို သတိထားမိပြီး စိတ်အေးစေရန် ပြုံးပြလိုက်သည်။
သူတို့နှစ်ယောက်သည် ကျောက်နံရံအနီးရှိ ကျောက်ပြားပေါ်တွင် ရောက်နေကြသည်။ သူတို့သည် အမြင့်ပိုင်း၌ ရှိနေကြပြီး အလင်းရောင်လည်း အတော်လေးပါးနေသည်။ ထို့ကြောင့် အနီးအနားရှိ ပို၍တောက်ပသောနေရာများကို သေသေချာချာ ကြည့်နိုင် ကြသည်။
“ အခုလက်ရှိတော့ ဒီနေရာက အန္တရာယ်ကင်းလောက်တယ်။ ”
ချန်လွေ့သည် သိုလှောင်ဂိုဒေါင်ထဲမှ ထိုင်စရာအခင်းထူထူတစ်ခု ထုတ်လိုက်ပြီး အသီနာအား လက်ဆွဲကာ အတူတူထိုင်သည်။
“ အရင်ဆုံး ခဏနားတာပေါ့။မနေ့ညကလည်း မင်းတစ်ညလုံး တိုက်ခိုက်ခဲ့တယ်။ပြီးတော့ ခုနကလည်း ဟိုလိုမျိုးတိုက်ခိုက်ခဲ့ရသေးတယ်။မင်း တော်တော်လေး ပင်ပန်းနေမှာပဲ။ ”
အပြင်လူအများကြီးအရှေ့၌ ချန်လွေ့လက် ကိုင်ရသည်ကို အသီနာ သိပ်ပြီးစိတ် မလှုပ်ရှားပေ။ယခုတွင် သူတို့နှစ်ယောက်တည်း ရှိကြသည့်အတွက် အသီနာသည် ပို၍စိတ်လှုပ်ရှားသည်။သို့သော်လည်း ကိုင်ထားသည့်လက်ကို မဖြုတ်ခဲ့ပေ။
“ အသီနာ... ” (“ ချန်လွေ့.... ”)
“ အင်း... ” (“အင်း.... ”)
နှစ်ယောက်သား တစ်ပြိုင်နက်မေးပြီး တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်သည်။
“ မင်းအရင်ပြော... ” (“နင်အရင်ပြော...”)
သူတို့နှစ်ယောက် တပြိုင်နက်တည်း ထပ်ပြောလိုက်ကြပြန်သည်။
“ အသီနာ။မင်းအရင်ပြောပါ။ ”
အသီနာ ပြန်ဖြေသည်။သို့သော်လည်း အချိန်အကြာပြီး တိတ်ဆိတ်နေပြီး နောက်ဆုံး၌ စကားတစ်ခွန်းပြောလိုက်သည်။
“ တောင်းပန်ပါတယ်။ ”
“ အင်း။ရပါတယ်... ”
အချိန်အတော်ကြာပြီးနောက် -
“ တောင်းပန်ပါတယ်... ”
“ ရပါတယ်။ ”
ခဏကြာပြီးနောက် -
“ တောင်းပန်ပါတယ် .... ”
“…”
“တောင်းပန်ပါတယ်…”
“ ရပါတယ်လို့ ပြောပြီးပြီလေ။စိတ်ထဲမထားပါနဲ့တော့။ ”
အသီနာခေါင်းခါပြီး ရေရွတ်လိုက်သည်။
“ ငါ နင်ပြောတာ နားမထောင်ဘဲနဲ့ အဓိကတွင်းဆီ ဝင်သွားခဲ့တယ်..... ”
“ မင်းရဲ့အမှား မဟုတ်ပါဘူး။အဲ့ဒါက ကော်နာရဲ့ အကြံအစည်ပါ။သူက မိုင်းသားတွေကို အဲဒီမှာ တိတ်တဆိတ် မိုင်းသွားတူးခိုင်းပြီးတော့ မင်းလာကယ်အောင် မြှားခဲ့တာ။ပြီးတော့ သူက ဝင်ပေါက်ရဲ့ အစီအရင်ကို ဖျက်ဆီးခဲ့တယ်။ဝင်လို့ပဲရတယ်။ထွက်လို့မရတော့ဘူး။ ”
အသီနာ သိမ့်သိမ့်တုန်သွားပြီး ခေါင်းကို ပို၍ပင်ငုံ့လိုက်သည်။
“ ဝင်လာလို့ရပြီး ပြန်ထွက်လို့မရတာ ရှင်သိနေတာပဲ။ဒါဆိုရင် ဘာလို့ ရှင်ဝင်လာ သေးတာလဲ။ ”
အသီနာ ဝမ်းနည်းနေကြောင်း ချန်လွေ့သိသည်။ထို့နောက် အလွယ်တကူပင် ပြုံးပြလိုက်သည်။
“ ကိုယ်ပြောခဲ့သလိုပါပဲ။တုံးအမှုက ကူးစက်တတ်တယ်လေ။မင်းဆီကနေ ကိုယ်ကူး သွားတာ ဖြစ်မယ်။ ”
ကံမကောင်းစွာပင် ထိုခံစားချက်သည် အသီနာ၏ နှလုံးသားထဲရှိ ဝန်ထုတ်ဝန်ပိုးကို မပြေလျော့စေနိုင်ခဲ့ဘဲ ပိုဆိုးသွားစေသည်။ သူ၏ပုခုံး တုန်ခါသွားပြီး မျက်ရည်များ ကျလာတော့သည်။
“ ငါအရမ်းတုံးအပြီးတော့ လှည့်စားခံလိုက်ရတယ်။ ”
“ နင်ဒီလိုဖြစ်ရတာ ငါ့ကြောင့်ပဲ။ ”
“ ခုနက နင်သေမလိုဖြစ်သွားတာက ငါ့အမှားကြောင့်ပဲ။ ”
“ ငါ နင်ပြောတာကို နားမထောင်ခဲ့ဘူး။တောင်းပန်ပါတယ်။ငါ့အမှားပါ.... ”
“ တောင်းပန်ပါတယ်။ ”
“ တောင်းပန်.... ”
တစ်ခုခုက တားဆီးလိုက်သကဲ့သို့ပင် အသီနာ၏စကားလုံးများ ရပ်တန့်သွားသည်။ တိရစ္ဆာငယ်လေးတစ်ကောင်မှ ထွက်လာပုံရသည့် “ ညည်းညူသံ ”တစ်သံ ကြားလိုက်ရသည်။သို့သော်လည်း တဖြည်းဖြည်းနှင့် ထိုအသံရပ်တန့်သွားသည်။
တစ်ချိန်တည်းမှာပင် “အဟန့်အတား” ဖြစ်နေသောကြိုးခွေသည် အဝေးတစ်နေရာသို့ လွင့်ပစ်ခံလိုက်ရပြီး တစ်နေရာရာ၌ ကျသွားသည်။
“ အို့ ”
ကြိုးသည် နာကျင်စွာဖြင့် ညည်းညူပြီး ဖြည်းဖြည်းချင်း ကြက်သွန်နီအဖြစ် ပြောင်းလဲသွားသည်။၎င်း၏ မျက်လုံးကြီးနှစ်လုံးသည် ကျောက်ပြားပေါ်ရှိ ထပ်နေသည့် ပုံရိပ်နှစ်ခုကို သိချင်စိတ်ပြင်းပြစွာဖြင့် စိုက်ကြည့်နေသည်။၎င်း၏မျက်နှာပေါ်တွင် စပ်စုသည့်အမူအရာ ပေါ်ထွက်လာသည်။
ချွဲကျိကောင် ရှင်းရှင်းလင်းလင်း မြင်ချင်သော်လည်း အသိစိတ်ထဲ၌ စက်ရက်သည့် သခင်ပြောခဲ့သည်ကို သတိရပြီး ကြက်သီးထသွားသည်။နောက်ဆုံး၌ ချွဲကျိကောင်သည် သူတို့ကို ချဉ်းကပ်ရန် သတ္တိမရှိတော့ပေ။
ယစ်မူးခြင်း
၎င်းသည် အသီနာခံစားနေရသည့် အပြင်းထန်ဆုံး ခံစားချက်ဖြစ်သည်။သူ အလွန်ယစ်မူးနေပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး လှပသောအာကာသထဲ၌ လွင့်မျောနေသကဲ့သို့ ခံစားသွားရသည်။သူ၏ အမြင်အရုံရော အကြားအာရုံပါ ပျောက်ဆုံးသွားသည်။
ခုနက ထိုလူချဉ်းကပ်လာစဉ် အသီနာ၏ နှလုံးခုန်သံသည် ထိန်းချုပ်မရဘဲ ပြင်းထန်နေခဲ့သည်။တံတောင်ဖြင့်ထောင်းခြင်း၊လည်ပင်းညှစ်ခြင်း အစရှိသည့် သေစေနိုင်သော တိုက်ကွက်ပေါင်းများစွာကို သူအသုံးပြုနိုင်သော်လည်း အတိတ်မေ့ သွားသကဲ့သို့ ဖြစ်နေပြီး တစ်ခုကိုမျှ မလုပ်နိုင်တော့ပေ။ရှောင်တိမ်းရန်ပင် မော့လျော့သွားခဲ့သည်။ဖိုသဘာဝ ပြင်းပြင်းဖြင့် မျက်နှာအနားကပ်လာပြီး မချုပ်တည်း ထားတော့ဘဲ သူ၏နှုတ်ခမ်းပေါ် ထိုလူ၏နှုတ်ခမ်း တင်လိုက်သည်ကိုသာ ကြည့်နေရ တော့သည်။
ဘဝတွင်ပထမဆုံးအကြိမ်အဖြစ် အသီနာသည် ယောက်ျားတစ်ယောက်နှင့် ထိုကဲ့သို့ နီးနီးကပ်ကပ် ထိတွေ့ခဲ့ရခြင်း ဖြစ်သည်။
မုန်းစရာကောင်းလိုက်တာ။ငါ စိတ်မပြင်ဆင်ထားတဲ့အချိန် သူငါ့ကို ဒီလိုမျိုးလုပ်တယ်။
သို့သော်လည်း အသီနာ စိတ်ပြင်ဆင်ထားမည်ဆိုလျှင် ပို၍မြန်ဆန်သွားပေမည်။ ထိုထူးထူးဆန်းဆန်း အတွေးများသည် အံ့ဩဖွယ်ရာ ယစ်မူးခြင်းကြောင့် နစ်မြုပ်သွား တော့သည်။
နောက်ဆုံး၌ ယစ်မူးခြင်း အဆုံးသတ်သွားပြီး အသီနာ၏မျက်နှာတစ်ခုလုံး နီမြန်းသွား တော့သည်။သူ၏ ရင်ဘတ် နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး အသက်ရှူသံများမှာလည်း အနည်းငယ် မငြိမ်မသက်ဖြစ်နေသည်။ထိုနည်းတူစွာပင် နှလုံးခုန်သံမှာလည်း မြန်ဆန် နေသည်။ သူ၏နှုတ်ခမ်းပေါ်၌ တင်ကျန်ရစ်ခဲ့သည့် နွေးထွေးမှုနှင့် စိုစွတ်မှုတို့သည် ခုနက အံ့ဩဖွယ် ခံစားချက်ကို ပြန်သတိရစေသည်။
အသီနာ၏ အမြင်အာရုံ ပြန်လည်ကြည်လင်သွားသည့်အခါ ထိုလူ၏ တောက်ပသော မျက်လုံးများကို မြင်လိုက်ရသည်။ထိုလူ၏မျက်လုံးထဲ၌ ကျီစယ်ခြင်း ဖြတ်ခနဲ ဖြစ်သွားသည်။
“ မင်း “ တောင်းပန်တယ် ” လို့ ထပ်ပြောရဲရင် ကိုယ်မင်းကို ထပ်ပြီးနမ်းမယ်။ ”
ဒီလူတော့။ ဒီလိုပိန်းတိန်းတိန်း ဆင်ခြေက အသီနာဝေးလ်စ်၏ရဲ့ ပထမဆုံးအနမ်းကို လုယူဖို့အတွက်လား။
ထိုလူ၏အကြည့် အရောင်တောက်သွားပြီး အနားသို့ ကပ်လာပြန်သည်။အသီနာသည် ထိုလူ၏ ပူနွေးသည့် ဝင်သက်ထွက်သွက်ကို ခံစားနေရပြီး ကြောက်လန့်လာပြန်သည်။
အသီနာထပ်ပြီး တိုက်ခိုက်ရန် မေ့လျော့သွားသည်မှာ အံ့ဩစရာမရှိပေ။
ပထမဆုံးအနမ်းဆုံးရှုံးခဲ့ရသည့် နှုတ်ခမ်းသည် ထပ်ပြီးဖမ်းဆီးခံလိုက်ရပြန်သည်။
ထို့နောက် ချက်ချင်းပင် အသီနာသည် အံ့ဩဖွယ်ရာ ယစ်မူးခြင်းကို ခံစားလိုက်ရပြီး မသက်မရှူနိုင်လောက်အောင် ဖြစ်သွားသည်။
အချိန်အတော်ကြာပြီးမှသာ နှုတ်ခမ်းနှစ်စုံ ခွဲခွာသွားကြသည်။
ဝေဝါးနေသော အနီရောင်မျက်လုံးများ ပြန်လည်ကြည်လင်သွားပြီး အသီနာ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ ခုနက ငါ “ တောင်းပန်တယ် ”လို့ ထပ်မပြောခဲ့ဘူး။ဒါပေမဲ့ ဒီတစ်ခေါက် သူငါ့ကို ဆင်ခြေမပေးဘဲနဲ့တောင် နမ်းလိုက်သေးတယ်။
ထိုလူသည် သူ၏အတွေးကို သိနေပုံရပြီး သဘောကျစွာဖြင့် ပြောလိုက်သည်။
“ မင်း “ တောင်းပန်ပါတယ် ”လို့ မပြောပေမဲ့ ကိုယ်မင်းကို ဆက်ပြီးမနမ်းရင် ကိုယ် တကယ်ဝမ်းနည်းရမယ်လို့ ရုတ်တရက် ခံစားမိသွားလို့ပါ။ ”
လူလိမ်။လူယုတ်မာ။
အသီနာ၏မျက်လုံးများ ပို၍ပြူးသွားသည်။