← Chapters

ထိုနှစ်က အဖြစ်အပျက်ကို စစ်ဆေးခြင်း ၄

Vol. 120 Ch. 1679

ထိုနှစ်က အဖြစ်အပျက်ကို စစ်ဆေးခြင်း ၄

Vol. 120 Ch. 1679

ရှီမာယူယူသည် အောက်မှအဖြစ်အပျက်များကိုကြည့်ပြီး လေးလေး နက်နက်တွေးနေမိသည်။ ယန်မျိုးနွယ်၏ သခင်မလေးများထွက်သွားသည်နှင့် သူမသည် နီရဲပျားများထုတ်ကာ နောက်ယောင်ခံလိုက်ခိုင်းလိုက်သည်။ ထို့နောက်တွင် သူမသည် စားပွဲထိုးခေါ်ကာ ပိုက်ဆံရှင်းပြီးသည်နှင့် သူမလည်း ထွက်သွားလိုက်သည်။

သွားသည့်လမ်းတစ်လျှောက် သူမသည် အလောမကြီးဘဲ လည်ပတ်ပြီးမှ ပင် တည်းခိုရန် တည်းခိုဆောင်သို့ သွားလိုက်သည်။ ဆိုင်တာဝန်ခံသည် သူမကို အခန်းပြပြီးသည်နှင့် ထွက်သွားရာ အခန်းထဲသို့ တစ်ယောက်တည်း ဝင်ခဲ့လိုက် သည်။

သူမသည် ပြတင်းပေါက်ရှေ့သို့ သွားကာ တွန်းဖွင့်လိုက်သည်။ ထိုနေရာ နှင့် မလှမ်းမကမ်းတွင် ကံကြမ္မာမြို့၏ အဆင့်အတန်းအမြင့်ဆုံး တည်းခိုဆောင် ကိုမြင်နေရသည်။

ထိုနေရာတွင် ယန်မျိုးနွယ်၏ သခင်မလေးများ တည်းခိုကြသည်။

သခင်မလေးတွေ သတ်ဖို့ ကြွေးကြော်နေတဲ့သူက ဘယ်သူလဲမသိဘူး။

နေ့ဘက်တွင် အထွေအထူးမရှိကြောင်းကို ယန်မျိုးနွယ်အား စုံစမ်းရန် သူမ လွှတ်လိုက်သော နီရဲပျားများသည် သတင်းပို့လေသည်။ မိုးမှောင်လာ သည်နှင့် ယန်မျိုးနွယ်ဝင်များ စတင်လှုပ်ရှားကြောင်းကို နီရဲပျားများသတင်းပို့ လေသည်။

“တစ်ဖက်လူက အရမ်းကိုအားကောင်းတဲ့ပုံပဲ၊ သူတို့က အဲဒါကိုပဲ အရမ်း အာရုံစိုက်ထားကြတာ တိုက်ပွဲကတော့ကြီးတယ်” သူမသည် တိုးညင်းသော လေသံဖြင့် ရေရွတ်ပြီး ရပ်နေသည့်နေရာမှ တဖြည်းဖြည်းပျောက်သွားလေ၏။

မြို့အနောက်ဘက်ရှိ သာမာန်လူများသာ နေသောနေရာတွင် ပုံရိပ်တစ်ခု ကို လူတစ်စုသည် အနောက်မှလိုက်နေကြသည်။ သူ ယိမ်းယိုင်နေပုံကို ကြည့် ရသည်မှာ ဒဏ်ရာမှာပေါ့သေးသေးမဟုတ်ပေ။

နောက်မှလိုက်လာသူများသည် ချက်ချင်းပင် သူ့ကိုဝိုင်းလိုက်ကြသည်။

“လျန်ချူရှင်း ပြေးဦးလေ ဒီနေ့ဘယ်ကိုပြေးမလဲလို့ ကြည့်ဦးမယ်” ယန်ချင်းသည် အဖွဲ့ထဲမှရှေ့ကိုထွက်လာကာ အလယ်မှလူကို ကြည့်လိုက် သည်။

“ဟင်း မင်းတို့က ငါတစ်ယောက်တည်းကိုလိုက်ဖို့ ဒီလောက်လူအများ ကြီး ခေါ်လာရတာ ကြည့်ရတာ ငါ့နိုင်ဖို့ လပေါင်းများစွာအားစိုက်ထားရတယ် ထင်တယ်၊ ဒီသတင်းသာ ပေါက်ကြားသွားရင် ယန်မျိုးနွယ်ကတော့ ရှက်စရာ ကြီး” ထိုလျန်ချူရှင်းသည် ပြင်းထန်စွာထိခိုက်ထားသဖြင့် ခန္ဓာကိုယ်မှာ အား နည်းနေသည်။ သို့သော် သူ၏ ခေါင်းမာသော အမူအကျင့်သည် ယန်မျိုးနွယ်ကို အထင်သေးနေတုန်းပင်ဖြစ်သည်။

“ဒီမှာ ကျွန်မတို့ လူနည်းနည်းလေးပဲလေ ဘယ်သူကသတင်းလွှင့်ဦးမှာလဲ” ယန်ချင်း နှာရှုတ်လိုက်သည် “ရှင်သေသွားတာနဲ့ ကျွန်မတို့ အစ်မကြီးအတွက် လက်စားချေပြီးသားပဲ”

“သူမအတွက် ဘာကိုလက်စားချေဖို့လိုသေးလို့လဲ ဆုံးရှုံးရတာ ငါပါ အဲဒါ ကြောင့် ငါ့မျက်လုံးကန်းသွားပြီး မျက်လုံးတွေဆေးပစ်ဖို့ သုံးလေးလလောက် ရေကြည်ရှာလိုက်ရတယ် ကျွတ် ကျွတ် ပြောရတာခါးသီးလိုက်တာ” လျန်ချူရှင်းသည် ကြီးမားစွာ နစ်နာသွားသကဲ့သို့ သူ့ကိုယ်သူ သနားစဖွယ် ပြော လေသည်။

“ဖယ်စမ်း ရှင်က ကျွန်မအစ်မရဲ့ ကျောက်စိမ်းလိုခန္ဓာကိုယ်ကို မြင်လိုက် တာတောင် မျက်လုံးကန်းတယ်လို့ ပြောရဲသေးတယ် ရှင့်ကို ဒီနေ့သတ်ပစ်ပြီး ကျွန်မအစ်မရဲ့ အရှက်တကွဲဖြစ်တာကို ရှင့်သွေးနဲ့ပြန်ဆေးရမယ်” ယန်ချင်း သည် လျန်ချူရှင်းကို ဝိညာဉ်စွမ်းအင်ဖြင့် တိုက်ခိုက်ရင်း ပြောလေသည်။

“ကျွတ် သူမက ရုပ်ဆိုးပြီးတော့ မြင်လိုက်ရတာတောင် မျက်စိသနတယ် အဲဒါကို ငါ့ကို သတ်ပြီးနှုတ်ပိတ်ချင်သေးတယ် ယန်မျိုးနွယ်က ကိစ္စတွေကို ကောင်းကောင်းကိုင်တွယ်တာပဲ ဒါပေမဲ့ ငါသိချင်တာက ယန့်ယွိချုံး ကိုယ်တိုင် ဘာလို့လာမသတ်တာလဲ၊ သူမက ရှက်လွန်းလို့ အိမ်မှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပြီလား” လျန်ချူးရှင်းသည် ဒဏ်ရာရထားသော်လည်း ယန်ချင်း နှင့် ယှဉ်နိုင်ကာ ယန်မျိုးနွယ်၏ အကြီးဆုံးသခင်မလေးကိုပင် လှောင်ပြောင် လိုက်သေးသည်။

“ငါ့အစ်မကြီးက နေ့တိုင်းအလုပ်များနေတာ ရှင့်လိုလူမျိုးကြောင့် ဖြုန်း စရာအချိန်မရှိဘူး” ယန်လီလီ လျှောက်လာသည် “ဒါပေမဲ့ ကျွန်မတို့ကတော့ မဟုတ်ဘူး ရှင့်ကိစ္စနဲ့ ဖြုန်းစရာအချိန်တွေပေါတယ်”

“အစ်မ ၂ သူ့အတွက် အချိန်တွေကုန်နေပြီဆိုမှတော့ ဒီနေ့ ရှင်းဖြစ်အောင် ရှင်းရမယ် အစ်မ ၂ မြန်မြန်ညီမကို ကူညီဦး” ယန်ချင်းသည် လှည့်ပြီးနောက် ယန်လီလီကို အော်လိုက်သည်။

“ဒူးထောက်လိုက်” ယန်လီလီသည် ပြောရင်းနှင့် ဝိညာဉ်စွမ်းအင်ဖြင့် တိုက်ခိုက်ရာ ယန်ချင်းသည် ဘေးသို့ရှောင်လိုက်သည်။

ယန်လီလီသည် ယန်ချင်းထက် ပိုအားကောင်းသည့်ပုံပေါ်သည်။ လျှာစောင်းထက်သော လျန်ချူရှင်းသည် စကားပင်မပြောနိုင်တော့ဘဲ သေချာ ပင်မရပ်နိုင်တော့ပေ။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ပြည့်နှက်သွားသည်။

“ဘုန်း”

“ဖူး”

လျန်ချူရှင်းသည် ဝိညာဉ်စွမ်းအင်ဖြင့် တိုက်ခိုက်ခံလိုက်ရကာ မိုးပေါ်မှ ကျသွားကာ မြေပေါ်သို့ အရှိန်ဖြင့်ကျပြီး သွေးများအန်ထွက်တော့သည်။

ယန်လီလီသည် ပျံလာကာ လျန်ချူရှင်းရှေ့တွင် ဆင်းသက်လိုက်သည်။ သူမသည် သူ့ကို အေးစက်စွာ စိုက်ကြည့်လေသည် “လျန်ချူရှင်း ရှင်က ပြည်နယ် ၅ က နာမည်မရှိတဲ့သူခိုးတစ်ကောင်ပဲ ဒီနေ့က ရှင့်ရဲ့ တစ်သက်လုံး အနားရသွားမယ့်နေ့မဟုတ်ဘူးလား နှမြောစရာကောင်းလိုက်တာ”

“ယန်သခင်မလေး ၂ နှမြောတယ်ထင်ရင် ငါနဲ့လာပူးပေါင်းပါလား ငါက သိုင်းမျိုးစုံနဲ့ ရာထူးအမျိုးမျိုးမှာ ပျော်အောင်ထားနိုင်ပါတယ်၊ အင်း… မင်းရဲ့ အချိုးအစားနဲ့ဆိုရင် လုပ်နိုင်မယ်ထင်တာပဲ” လျန်ချူရှင်းသည် သူ့ရင်ဘတ်သူ ကိုင်ကာ ရယ်မောလိုက်သည်။

“မိုက်ရိုင်းလိုက်တာ” ယန်လီလီသည် ဓားထုတ်ပြီး သူ၏ဝမ်းဗိုက်သို့ တည့်တည့်ထိုးစိုက်လိုက်သည်။

“အစ်မ ၂ သူ့လိုလူကတော့ သူ့ရဲ့ညီလေးကို ဖြတ်ပစ်ရမှာ” ယန်ချင်းသည် ဘေးမှ အော်ပြောလေသည်။

“ဟုတ်တယ် သူက ငရဲကိုသွားရင်တောင် အမြစ်မရှိတဲ့သရဲဖြစ်သင့်တာ” ယန်လီလီသည် ဓားဆွဲထုတ်ကာ သူ၏ ခါးအောက်ပိုင်းသို့ ရွယ်လိုက်သည်။

ထိုအခါမှပင် လျန်ချူရှင်း၏ မျက်နှာအမူအရာမှာပြောင်းသွားပြီး စနောက် ခြင်းကိုရပ်လိုက်သည်။ သူသည် မိုးပေါ်သို့ကြည့်ပြီး အော်လိုက်သည် “မိတ်ဆွေ မင်း ကြည့်နေတာကြာနေပြီ မင်းအတွက် ပွဲကြီးပွဲကောင်းပြပေးတဲ့အတွက် ငါ့ ဘက်ပါလိုက်ပါလား ငါ့ကိုကူညီပေးနိုင်မလား”

“လျန်ချူရှင်း ဒီမှာလူရှိလို့လား ငါတို့ကိုလှည့်စားပြီး ထွက်ပြေးဖို့ မကြိုးစားနဲ့ ဒီနေ့ရှင်ပြေးလို့မလွတ်စေရဘူး” ယန်ချင်း အော်လိုက်သည် “အစ်မ ၂ မြန်မြန် သူ့ကို သင်းကွပ်လိုက်တော့”

ယန်လီလီသည် ခေါင်းညိတ်ကာ လက်ထဲမှဓားထုတ်ပြီး တိုက်ခိုက်ရန် ဟန်ပြင်လေသည်။

“သွားလိုက်တော့” သူမသည် အေးစက်စွာ ပြုံးပြီး ဓားကိုအောက်သို့ ပိုင်းလိုက်သည်။

“အာ…”

လျန်ချူရှင်းသည် မသိစိတ်မှ စူးရှစွာအော်လိုက်သည်။ အဓမ္မကျင့်တဲ့သူ က သူ့ရဲ့လက်နက်မရှိဘဲ ဘယ်လိုလုပ်မုဒိန်းမှုလုပ်တော့မလဲ။

“မိတ်ဆွေ မိတ်ဆွေ” လျန်ချူရှင်းသည် ဓားကိုမြင်သောအခါ စူးရှစွာ အော်လေသည်။ သူ့အပြင်ပင် ပြောင်းသွားလေသည်။

“ဟူး” သူ့ဘေးမှ သက်ပြင်းရှည်တစ်ခု ထွက်လာသည်။ ထိုအသံမှာ တိုးလွန်းသဖြင့် အာရုံစိုက်မထားလျှင် ကြားနိုင်မည်မဟုတ်ပေ။

သို့သော် လျန်ချူရှင်း၏ နားထဲတွင်တော့ ထိုသက်ပြင်းချသံသည် ကောင်းကင်ဘုံမှ လွှင့်ပျံလာသည့် သာယာနာပျော်ဖွယ် တေးသံသဖွယ်ပင်။ ထို လူ အသံပြုလာသည်မှာ ဝင်မပါဘဲမနေတော့ဟု ဆိုလိုခြင်းဖြစ်သည်။

ဓားရှည် သူ့ခြေထောက်နှစ်ဖက်ကြားသို့ ရောက်ချိန်တွင် မျှော်လင့်ထား သည့် နာကျင်မှုမှာရောက်မလာပေ။ သူသည် ခေါင်းအသာလေးမော့ကြည့်ရာ ထိုဓားသွားသည် သေချာပေါက် ထိုနေရာတည့်တည့်ရောက်နေပါလျက်နှင့် နာကျင်မှုမရှိပေ။

“လေဟာပြင်ပျက်ပြယ်ခြင်း” ယန်လီလီနှင့် ယန်ချင်းတို့သည် တစ်ချိန် တည်းမှာပင် အော်မိကြသည်။

“အာ” လျန်ချူရှင်းသည် သူ၏ညီလေးမှာအဆင်ပြေနေသေးပြီး ဓားသည် ဘောင်းဘီကိုပင် မထိသည်ကို မြင်သောအခါ အမြန်ပင် နောက်ဆုတ်လိုက် သည်။

“ဘယ်သူလဲ အဲဒီမှာ ဘယ်သူလဲ” ယန်ချင်းသည် ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း မည်သူ့ကိုမှမတွေ့ရပေ။

တခြားသူများလည်း ဘေးဘီဝဲကြည့်သည်။ သို့သော် မည်သည့်ထူးဆန်းမှု တစ်စုံတစ်ရာကိုမှ မတွေ့ရပေ။

“အာ သခင်မလေး ၂” အစေခံမိန်းကလေးသည် ရုတ်တရက် ကျယ်လောင်စွာ အော်လေသည်။

“ဘာဖြစ်တာလဲ” ယန်လီလီသည် အစေခံမိန်းကလေးအား မကျေမချမ်း သော အကြည့်ဖြင့် ကြည့်လိုက်သည်။

အခုလေးတင် အမည်မသိလူက သူတို့ကို ထောက်လှမ်းနေတာ၊ ဒီအချိန် မှာမှ ဘာလို့ဒီလောက်အော်နေတာလဲ။

“သခင်မလေး ၂ သူမရှိတော့ဘူး” အစေခံမိန်းကလေးသည် လျန်ချူရှင်း ၏နေရာသို့ညွှန်ပြလိုက်သည်။ လူမှာမရှိတော့ပေ။

“ဘယ်ရောက်သွားတာလဲ” ယန်ချင်း အော်လိုက်သည်။

“အခုလေးတင် ဒီမှာရှိနေတာပါ သူ ပျောက်သွားတာကို ကျွန်မတို့ သတိ မထားမိလိုက်ဘူး” ယန်ချင်း ဒေါသကြီးသည်ကို သိသဖြင့် အစေခံမိန်းကလေး သည် စကားကို သတိထားပြောနေရသည်။

ထင်ထားသည့်အတိုင်းပင် ယန်ချင်းသည် ချက်ချင်းပင် အစေခံ မိန်းကလေးကို ရိုက်လိုက်သည် “ဒီမှာလူတွေ ဒီလောက်များတာ သူပျောက် သွားတာကို ဘယ်လိုလုပ် သတိမထားမိတာလဲ၊ ယန်မျိုးနွယ်က နင့်လို အမှိုက် ကိုဘာလို့ ပျိုးထောင်ခဲ့တာလဲ”

“သခင်မလေး ၃….” အစေခံမိန်းကလေးသည် ခေါင်းငုံ့သွားလေသည်။ သခင်မလေးနှစ်ယောက်သည် လေဟာပြင်သိုင်းတွင် အရည်အချင်းရှိဆုံးဖြစ် ကာ သူတို့ပင် မသိလိုက်ပေ။ အစေခံဖြစ်တဲ့ သူတို့ကဘယ်လိုလုပ်သိမှာလဲ။

“ဟုတ်သားပဲ ညီမလေး ၃ ကလည်း လျန်ချူရှင်းကို သူများက လေဟာ ပြင်သိုင်းသုံးပြီး ခေါ်သွားတာ” ယန်လီလီသည် တည်တံ့စွာပြောလေသည်။

“အစ်မ ၂ အစ်မရဲ့ လေဟာပြင်ထိန်းချုပ်မှုက ဒီလောက်မြင့်တာကို အဲလူ က အဲဒီကောင်ကို ဘယ်သူမှမသိအောင်ခေါ်ထုတ်သွားတာ အသက်ကြီးတဲ့လူ များဖြစ်နေမလား” ယန်ချင်း မေးလိုက်သည်။

“ဘယ်သူလဲဆိုတာတော့ ငါမသိဘူး လေဟာပြင်ထဲမှာ အကြာကြီး ပုန်း နေနိုင်တယ်ဆိုတာက အဲလူက သာမာန်မဟုတ်ဘူးဆိုတာ ပြနေတာပဲ၊ သူက လျန်ချူရှင်းကို ကယ်လိုက်မှတော့ နောက်တစ်ခေါက်ကျ သတ်ဖို့ပိုခက်သွားပြီ ဒေါသထွက်လိုက်တာ ပြန်ရအောင်”

***

All Chapters