#ဖန်ချန်းပေါ်လာခြင်း#
Vol. 66 Ch. 928
အင်မော်တယ်ဧကရာဇ် သူ့ရှေ့က ရုတ်တရက်ဒေါသထွက်သွားသောသူကို ကြည့်ပြီး အနည်းငယ်ကြက်သေသေသွားသော်လည်း သူ့အသိအာရုံနှင့် စူးစမ်းပြီး အကြောင်းရင်းနှင့် အကျိုးဆက်များကို စုံစမ်းစစ်ဆေးပြီးနောက်တွင် သူရယ်မောလိုက်မိတော့သည်။
သူ့အမြင်အရ လုချန်ရှန်းက အတော်လေး သတိထားတတ်သူဖြစ်သည်။ သူကထိန်းချုပ်ခံထားရတာကို မကြိုက်ပေ။
ထိုတပည့်၏စကားလုံးများက လုချန်ရှန်းအား မီးပေါ်တွင် မီးကင်နေသည့်ပမာ။
လုချန်ရှန်း ရုတ်တရက် အသိစိတ်ပျောက်ဆုံးသွားရတာ အံ့ဩသင့်စရာမရှိတော့။
.....
တခြားတစ်ဘက်တွင် ရှောင်ဟိုင်၏ ခြိမ်းခြောက်ခြင်းကို ခံထားရသည့် တောင်အစောင့်ဗိုလ်ချုပ်မှာ ရှောင်ဟိုင်အား တိတ်တဆိတ်ကြည့်ကာ ပြုံးလိုက်လေသည်။
"ငါ့ကို ဂျူနီယာလေးတစ်ယောက် မခြိမ်းခြောက်ဖူးတာတောင် အတော်လေးကြာမြင့်သွားခဲ့ပြီပဲ"
"ကောင်းပြီ၊ မင်းအောင်မြင်တယ်"
ရှောင်ဟိုင်ခေါင်းညိတ်ပြီး လက်နှစ်ဖက်ဆုပ်သည်။
"ကျေးဇူးပါ စီနီယာ"
ဒါကိုမြင်သောအခါ တောင်အစောင့်ဗိုလ်ချုပ်ရယ်မောလိုက်သည်။
"မင်းရဲ့အရင်က ထိန်းမနိုင်သိမ်းမရ အသွင်အပြင်ကို ငါသဘောကျတယ်"
ဒါကိုကြားသော် ရှောင်ဟိုင်ခေါင်းကုတ်ရင်း ပြုံးလိုက်လေသည်။ ထို့နောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအလှည့်ကျလာသည်။
ချူကျင်းနှင့် ကျန်သောသူများ၏ အကြည့်အောက်တွင် သူတို့အားလုံး ဖြတ်ကျော်နိုင်ခဲ့ကြသည်။
ဒါက သူတို့ကိုမအံ့ဩစေခဲ့ပါ။
မည်သို့ပင်ဆိုစေကာမူ ပထမအဆင့်မှာကတည်းက ဒီလူအုပ်စုက သူတို့၏ စွမ်းအားများကို ပြသထားပြီးဖြစ်သည်။
သူတို့မမျှော်လင့်ထားသည့် အရာအနည်းငယ်သာရှိသည်။
၎င်းတို့က ကြယ်စွမ်းအား၊ နင်းချန်ရှင်း၏ ကွန်ဖြူးရှပ်တာအို၊ ဟုန်ရင်၏ အင်ပါယာချီနှင့် ပြန်လည်မွေးဖွားခြင်းစွမ်းအားတို့ပင်။
ဒီစွမ်းအားသုံးမျိုးကို လူအနည်းစုကသာ ကျင့်ကြံကြသည်။
ကြယ်စွမ်းအားကျင့်ကြံခြင်းနည်းစနစ်က ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေလေပြီ။ ကျင့်ကြံနိုင်လျှင်ပင် အစိတ်အပိုင်း အနည်းငယ်ကိုသာ သင်ယူနိုင်သည်။
ရှီရှန်းကမူ မတူဘဲ တိုက်ခိုက်သောအခါ သူ့ဒန်တျန်ကို ကြယ်တာယာကောင်းကင်အဖြစ် ပြောင်းလဲပစ်နိုင်သည်။
ဖယ်ရှားသင့်သောသူများကလည်း ဖယ်ရှားခံရပြီးဖြစ်သည်။
ဖန်ချန်းတစ်ယောက်တည်းသာလျှင် တောင်အစောင့်ဗိုလ်ချုပ်ရှေ့တွင် ရပ်လျက် ကျန်နေခဲ့သည်။
နောက်ဘက်က ဟန်လုက အင်မော်တယ်နန်းတော်က လူများဆီကနေ စကားလုံးများကို ကြားခဲ့ရသဖြင့် သူမ ဖန်ချန်းအား စိတ်၀င်စားစွာကြည့်သည်။
"ဒီဖန်ချန်းကို နင်တို့ရဲ့အင်မော်တယ်နန်းတော်က အရင်က ပယ်ချခဲ့တာမလား၊ ဒါပေမယ့် သူအခုဘာလို့ အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်မှာ နေရာတစ်နေရာ ရနိုင်တာလဲ"
လင်းဟိုင်နှင့် လီရှောင်တို့ ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းကြသည်။ သူတို့ဘယ်လိုလုပ် သိနိုင်မည်နည်း။
ချူကျင်း မျက်ခုံးပင့်လိုက်သည်။
"ငါတို့ကြည့်ပြီးရင် သိရမှာပဲလေ"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း ဖန်ချန်းကို ကြည့်နေကြသည်။ ဖန်ချန်းက တော်သလား ဒါမှမဟုတ် ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ သူတို့မသိကြပါ။
ဖန်ချန်း တောင်အစောင့်ဗိုလ်ချုပ်အား လက်နှစ်ဖက်ဆုပ်ပြီးပြောသည်။
"စီနီယာ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အလင်းပြပေးပါဦး"
တောင်အစောင့်ဗိုလ်ချုပ်က ဖန်ချန်းအား ကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။ သူ့အမူအရာက တစ်စုံတစ်ရာကို တွေးတောနေသည့်အလား လေးနက်သွားသည်။
ထို့နောက်သူပြောသည်။
"မင်းအရင်စပါ"
ဒါကိုကြားသောအခါ ဖန်ချန်းခေါင်းညိတ်ပြီး ချက်ချင်းဆိုသလို တောင်အစောင့်ဗိုလ်ချုပ်ရှိရာသို့ ပြေး၀င်သွားလေတော့သည်။
ရှေ့သို့ပြေးနေစဉ် ဖန်ချန်း၏အရေပြားက ငွေရောင်အလင်းနှင့်အတူ စတင်တောက်ပလာသည်။
ဒီနေရာတွင် လင်းဟိုင်နှင့် လီရှောင်တို့ အနည်းငယ် အံ့ဩသင့်သွားကြ၏။
"ကိုယ်ခန္ဓာကျင့်ကြံသူလား"
ချူကျင်းအနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမြင်နေရတာက ကိုယ်ခန္ဓာကျင့်ကြံခြင်းလောက် မရိုးရှင်းပုံပင်။
တခြားတစ်ဘက်တွင် ယန်ဖုန်း အံ့ဩသင့်တကြီးမေးသည်။
"သူ့ကိုယ်ထဲမှာ အစီအရင်အော်ရာတစ်ခုရှိနေတာလား"
ယန်ဖုန်း အစီအရင်များကို အဓိကကျင့်ကြံသဖြင့် အစီအရင်အပေါ် သူ့အမြင်က တခြားသူများထက် ပိုအနုစိတ်သည်။
သို့စေကာမူ ဒီလိုအခြေအနေရပ်မျိုးကို ယန်ဖုန်းတစ်ခါမှမကြားဖူးပါ။
ဖန်ချန်း၏ကိုယ်ထဲတွင် အမှန်တကယ်ပင် အစီအရင်အော်ရာတစ်ခုရှိနေသည်။
အစီအရင်အခင်းအကျင်းများကို မိုးနှင့်မြေနိယာမစွမ်းအားများကိုသုံးကာ တည်ဆောက်ရခြင်းဖြစ်ပြီး အစီအရင်အလံများ၏ ပစ္စည်းများကို လမ်းညွှန်အဖြစ် သုံးရသည်။ အစီအရင်ကို ခင်းကျင်းသောသူက ကြားခံဖြစ်သည်။
ဒါကဘယ်လိုလုပ် သူ့ကိုယ်ထဲမှာ ပေါ်လာနိုင်ရတာလဲ!
တောင်အစောင့်ဗိုလ်ချုပ် ဒီမြင်ကွင်းကို မြင်သောအခါ အနည်းငယ်ထိတ်လန့်သွား၏။
"ခန္ဓာကို အစီအရင်အဖြစ် သုံးတာလား"
"စိတ်၀င်စားစရာပဲ၊ ဒီလိုရုပ်ခန္ဓာမျိုးက တကယ်ပဲ ဒီခေတ်မှာ ပေါ်လာခဲ့တာပဲ"
ထို့နောက် တောင်အစောင့်ဗိုလ်ချုပ် ဖန်ချန်းထံဦးတည်ကာ လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။
ဖန်ချန်းဒါကိုမြင်သောအခါ လုံး၀ကြောက်မနေဘဲ ပြတ်သားသည့် အမူအရာနှင့်အတူ သူကလည်း ထိုးနှက်လိုက်သည်။
လက်သီးချက်နှစ်ချက်က လေဟာနယ်ထဲတွင် ရုတ်တရက် တိုက်မိသွားကြသည်။
ဘန်း.....!
ရုတ်ချည်းဆိုသလို ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံက ပဲ့တင်ထပ်သွားပြီး တစ်ချိန်တည်းမှာပင် ဖန်ချန်းမီတာများစွာ နောက်ဆုတ်လိုက်ရသည်။
တောင်အစောင့်ဗိုလ်ချုပ်ကမူ ထိုနေရာ၌ပင် တောင်တစ်တောင်ပမာ မြဲမြံတည်ငြိမ်စွာ ရပ်နေသည်။
သူလက်ဝှေ့ယမ်းရင်း ဖန်ချန်းအား အပြုံးဖြင့် ကြည့်သည်။
"ဆက်ပြီးတိုက်"
တောင်အစောင့်ဗိုလ်ချုပ်၏အမြင်တွင် ဖန်ချန်း၏ပါရမီက ရုပ်ခန္ဓာကို ဖော်ပြပြီးနောက် ဆက်တိုက်ရန်အတွက် အရည်အချင်း ပြည့်မီနေလေပြီ။
သို့စေကာမူ တောင်အစောင့်ဗိုလ်ချုပ်က ဖန်ချန်း ဘယ်အဆင့်အထိ ကျင့်ကြံထားသလဲဆိုတာ မြင်ချင်သဖြင့် ထပ်ပြောသည်။
"မင်းစွမ်းအားအပြည့်ကို သုံးပြီးတိုက်"
ဖန်ချန်းအနည်းငယ် ကြက်သေသေသွားပြီးနောက် ခေါင်းညိတ်သည်။
စာလိပ်တစ်လိပ်က ဖန်ချန်းလက်ပေါ်တွင် ပေါ်လာခဲ့သည်။
စာလိပ်က သာမန်ပုံပေါက်သော်လည်း ဖန်ချန်းစာလိပ်ကို ဖွင့်လိုက်သောအခိုက်အတန့်၌ ဖျက်ဆီးခြင်းအားတစ်ခုက ရုတ်တရက်ပေါက်ကွဲသွားခဲ့သည်။
ဒီအော်ရာများက ပေါက်ကွဲသွားပြီးနောက် စိမ့်မထွက်သွားဘဲ ယင်းအစား ဖန်ချန်းကိုယ်ထဲသို့ ၀င်ရောက်သွားကြ၏။
ဒီမြင်ကွင်းကိုမြင်ပြီး လူတိုင်း ထိတ်လန့်သွားကြသည်။
ယန်ဖုန်းကလည်း ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့ပါ။
တစ်ခုခုမှားနေတာကို ချူကျင်းပင်လျှင် ပြောနိုင်ပြီး သူမ၏မျက်နှာလေးက အကြောက်တရားနှင့် ပြည့်နှက်နေသည်။
ယခုလေးတင်ပေါက်ကွဲသွားသည့် ဖျက်ဆီးခြင်းအော်ရာက သံသယမရှိ အစီအရင်တစ်ခုပေတည်း။
ဒီအခင်းအကျင်းအစီအရင်က မပြည့်စုံသေးသော်လည်း ၎င်းကထုတ်လွှတ်သည့် ဖျက်ဆီးခြင်းအော်ရာကမူ သူတို့ကို ထိတ်လန့်စေသည်။
အရာရာတိုင်းကိုဖျက်ဆီးခြင်း၊ အရာရာတိုင်းပျောက်ကွယ်ခြင်း၊ အမြစ်သုတ်!
မှန်ပေသည်။ မြင့်မြတ်အစီအရင်ကောင်းကင်စာလိပ်၏ ပထမအစီအရင်က အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ဖြစ်သည်။
ဖန်ချန်း အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်၏ အော်ရာအားလုံးကို ကိုယ်ထဲသို့ စုပ်ယူပစ်သောအခါ သူ့ကိုယ်ခန္ဓာ၌ ငွေရောင်အလင်းတစ်ခု ပွင့်လန်းလာသည်။
မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဥ်နှင့် ပေါင်းစပ်ရင်း အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်၏ စွမ်းအားအစိတ်အပိုင်းတစ်ခုက ဖန်ချန်းကိုယ်ထဲ ၀င်ရောက်သွားသည်။
တောင်အစောင့်ဗိုလ်ချုပ် ဒီမြင်ကွင်းကို ကြည့်ရင်း အနည်းငယ်ခေါင်းညိတ်သည်။
"မင်းကိုယ်ခန္ဓာက အစီအရင်အဖြစ် အသုံးပြုဖို့အတွက် မင်းနည်းနည်း ဝေးနေသေးတယ်ဆိုပေမယ့် မင်းနယ်ပယ်အရဆိုရင် ဒီအဆင့်အထိ ကျင့်ကြံနိုင်တာက မင်းဒီလမ်းကြောင်းအတွက် သင့်တော်တယ်ဆိုတာကို သက်သေပြဖို့ လုံလောက်နေပါပြီ"
"ဒါပေမယ့် မင်းရဲ့ဝိဉာဉ်အစီအရင်က ငါ့ကို နည်းနည်းတော့ သိချင်စိတ်ဖြစ်စေတယ်"
ထို့နောက် တောင်အစောင့်ဗိုလ်ချုပ် ဖန်ချန်းထံသို့ တိုက်ခိုက်ရန်အတွက် ပဏာမခြေလှမ်းလှမ်းလိုက်သည်။
ဖန်ချန်းလုံး၀ကြောက်ရွံ့ခြင်းမရှိဘဲ သူ့အမူအရာက တည်ငြိမ်နေသလို သူ့မျက်လုံးများကလည်း ခိုင်မာနေသည်။
သူ့ညာခြေက မြေကြီးကို ရုတ်တရက်တက်နင်းပစ်စဉ် မြေကြီးက တုန်ခါသွားပြီး မီးခိုးရောင်လှိုင်းများက နေရာအနှံ့ ပစ်၀င်သွားကြ၏။
တစ်ချိန်တည်းမှာပင် ဖန်ချန်း၏ကိုယ်ခန္ဓာက အမြောက်ဆံတစ်ခုပမာ မျက်စိတစ်မှိတ်အတွင်း တောင်အစောင့်ဗိုလ်ချုပ်ရှေ့ ရောက်သွားပြီးနောက် လက်သီးထိုးလိုက်လေသည်။
သူ့လက်သီးချက်တွင် မီးခိုးရောင်အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်စွမ်းအင်က လှည့်ပတ်နေသေးပြီး ဖန်ချန်းထိုးလိုက်သောအခါ ဒီမီးခိုးရောင်အော်ရာက ဧရာမဝံပုလွေခေါင်းကြီးတစ်ခုအဖြစ် ကျုံ့၀င်သွားပြီး တောင်အစောင့်ဗိုလ်ချုပ်၏ လက်သီးကို ဝါးမြိုပစ်သည်။
တောင်အစောင့်ဗိုလ်ချုပ်၏ မျက်လုံးများက လင်း၀င်းနေပြီး သူတို့လက်သီးများက ချက်ချင်းတိုက်မိသွားကြ၏။
ဒီတဒင်္ဂမှာပင် ဝံပုလွေခေါင်းက တောင်အစောင့်ဗိုလ်ချုပ်၏ လက်မောင်းတစ်လျှောက်ကနေ ကိုယ်ထဲသို့ ခုန်၀င်သွားခဲ့သည်။
ဒါကိုမြင်သောအခါ တောင်အစောင့်ဗိုလ်ချုပ်၏ လက်သီးက တုန်ယင်သွားပြီး မီးခိုးရောင်အော်ရာကလည်း သူ့ကိုယ်ထဲတွင် တုန်ခါသွားသည်။
တစ်ချိန်တည်းမှာပင် သူရှေ့တစ်လှမ်းတိုးပြီး လက်မောင်းကို ခါယမ်းပစ်သည်။
သူ့အားတိုက်ခိုက်နေသည့် ကြီးမားသည့်အားတစ်ခုကို ဖန်ချန်းခံစားရသဖြင့် တစ်ချက်ညည်းညူရင်း နောက်ဆုတ်နေရသည်။
သို့စေကာမူ တောင်အစောင့်ဗိုလ်ချုပ်၏ အသံကလည်း လိုက်ပါလာခဲ့သည်။
"ကောင်းပြီ၊ မင်းအောင်မြင်ပြီ"
ဖန်ချန်းသူ့ကိုယ်သူတည်ငြိမ်အောင် လုပ်ပြီးနောက် တောင်အစောင့်ဗိုလ်ချုပ်အား လက်နှစ်ဖက်ဆုပ်ပြီး စံအိမ်တော်က လူများထံသို့ လျှောက်သွားလေတော့သည်။
တောင်အစောင့်ဗိုလ်ချုပ်ကလည်း ချောက်ကမ်းပါးအောက်ခြေသို့ ရောက်လာပြီး တောင်နံရံကို လက်ညိုးထိုးသည်။
ရုတ်ချည်းဆိုသလို တောင်နံရံက ပျောက်ကွယ်သွားပြီး ထူထဲသည့်မြူများနှင့် ဖုံးနေသော တောင်ထဲက ကွေ့ကောက်နေသည့် လမ်းကြောင်းတစ်ခုက တိတ်တိတ်လေး ပေါ်လာခဲ့သည်။
ဒါက တောင်ထိပ်သို့သွားသည့်လမ်းဆိုတာ သိသာထင်ရှားနေသည်။
ဒီအရာများကိုလုပ်ပြီးနောက် တောင်အစောင့်ဗိုလ်ချုပ်ထိုင်ချလိုက်ပြီး မျက်လုံးမှိတ်ကာ နောက်ထပ် ၀င်ခွင့်နေရာရထားသောသူများ ၀င်လာမည်ကို စောင့်ဆိုင်းနေလေတော့သည်။
အပိုင်း(929) coming။