စစ်သူကြီးစံအိမ်ကို လက်ဆောင်အဖြစ်ပို့ခြင်း
Vol. 12 Ch. 167
ရှောင်ဟန်ကျန့်ရဲ့စကားက ထောင်လျိုကို ထပ်ဆို့နင်သွားစေခဲ့သည်။
သူမက ဒီစိတ်ကူးယဥ်မဆန်တတ်သည့်လူကို တော်တော်ကြောက်နေပြီဖြစ်သည်။
သူက ဘယ်လောက်ပဲချောပါစေ၊ အနာဂတ်မှာ ဘယ်လောက်ပဲ အဆုံးမရှိတောက်ပသည့် အနာဂတ်ကြီးရှိပါစေ သူမ ရယူဖို့ မကြိုးစားရဲတော့ပေ။
"ကောင်းပြီ၊ ကျွန်မ စကားနားထောင်ပါ့မယ်။ " သူမက အံကြိတ်ကာ ပြောခဲ့သည်။
သူမက ထပ်ပြီး တခြားနေရာတွေ ပို့မခံရတော့ပေ။
သူမရဲ့ ညီမ ဘေးကင်းမည့်အကြောင်းလည်း သူက အာမခံခဲ့သည်။
သူမက ကောချွန်းရုကို တိုက်ခိုက်ဖို့သာလိုသည်။
အကယ်၍ သူမသာ အောင်မြင်ခဲ့ရင် အနာဂတ်မှာ စစ်သူကြီးစံအိမ်က သူမရဲ့အပိုင်ဖြစ်လာမည်။
ချက်ချင်းပင် ထောင်လျိုရဲ့ ရည်မှန်းချက်က လုံးဝ တောက်လောင်သွားခဲ့သည်။
ထောင်လျို မငြင်းပယ်တာကို ရှောင်ဟန်ကျန့် သိသည်။ "နောက်ရက်အနည်းငယ်နေရင် မင်းကို လူတစ်ယောက်နဲ့ နန်ရှီစီရင်စုမြို့ရဲ့အဝေးကိုပို့ပြီး နောက်ထပ် လူတစ်ယောက်အနေနဲ့ ပြန်ပေါ်လာအောင် လုပ်ပေးမယ်၊ စစ်သူကြီးရှောင်ကို အလောတကြီး ချည်းကပ်စရာမလိုဘူး၊ အချိန်ကျရင် ငါ့လူတွေက မင်းသွားဖို့ စီစဥ်ပေးလိမ့်မယ်။"
အခု ထောင်လျိုက ရှောင်ဟန်ကျန့်ကို နည်းနည်းကြောက်နေသည်။ "ဟုတ်ကဲ့။"
အရိုးထဲထိ စိမ့်တဲ့ နာကျင်မှုကို သူမ ထပ်မခံစားချင်ပေ။
ရှစ်ချင်းလျို့က ခဏလောက် တွေးပြီး ပြောခဲ့သည်။ "ရှောင်ယွမ်ရှစ်နဲ့တွေ့တဲ့အခါ နင့်ရဲ့ ကလူဟန်မြူဟန်ကို မပြဘဲ ဘာမှ မစွန်းထင်းတဲ့ ကြာပန်းဖြူလေးလို ဟန်ဆောင်ရမယ်၊ သူနင့်ကို စိတ်ဝင်စားလာတာကိုစောင့်ပြီးမှ နင့်ရဲ့ ကလူဟန်မြူဟန်ကို ဖြည်းဖြည်းချင်း ထုတ်ပြ၊ သူ့ရှေ့မှာပဲ နင်က အဲ့လိုလုပ်တတ်တဲ့အကြောင်း သူသိအောင်လုပ်၊ တခြားလူရှေ့မှာဆိုရင်တော့ ဖြူစင်ရိုးသားတဲ့ အမျိုးသမီးလိုပဲနေ။"
ထောင်လျိုက သွေးဆောင်ဖြားယောင်းသည့်ညှို့ဓာတ် ထုတ်နိုင်သလို ဖြူစင်ရိုးသားသည့်ဟန်လေးလည်း လုပ်နိုင်မယ်ဆိုတာ သူမ ယုံကြည်သည်။
သူမ အလှကိုထင်းထွက်နေစေမည့် အဝတ်အစားအရောင်တွေ မဝတ်ဆင်ဘဲ နူးညံ့ရိုးသားဟန်ဖြင့် သူမရဲ့ ညှို့ဓာတ်ကိုဖုံးကွယ်ထားမည်ဆိုပါက သူမက ရိုးသားဖြူစင်သည့် ကြာပန်းဖြူ အမျိုးသမီးအဖြစ် ဟန်ဆောင်နိုင်လိမ့်မည်။
သူ့ဆန်ကုန်မြေလေးအဖေက သူများရဲ့ မြှောက်ပင့်ခယ ကိုးကွယ်ခြင်း ခံရတာကို သဘောကျသည်။
အတုအယောင်ဟန်ဆောင်ထားသူက နောက်ထပ် ပုံစံတစ်မျိုးကို ထပ်ဟန်ဆောင်မည်ဖြစ်သည်။
ထောင်လျိုက စစ်သူကြီးရှောင်ကို မကြာခဏ လက်ဖက်ရည် ဆက်သနိုင်သည်။
ဤနည်းဖြင့် ကောချွန်းရုကို ငိုအောင် လုပ်နိုင်မလားဆိုတာ သိချင်သေးသည်။
စစ်သူကြီးစံအိမ်က ပြဿနာကောင်တွေက မကြာခင်အဝေးပို့ခံရတော့မှာကြောင့် အဆိပ်ပြင်းသည့် ကြာပန်းဖြူလေးကို စစ်သူကြီးစံအိမ်ကို လက်ဆောင်အဖြစ် ပို့ပေးရမည်။
ထောင်လျိုက ကြက်သေ သေနေခဲ့သည်။
ထင်သည့်အတိုင်း ဒီရွာသူက မရိုးရှင်းဘဲ မကောင်းသည့် အကြံတွေ ပြည့်နေသည်။
"ကောင်းပြီ၊ စကားနားထောင်ပါ့မယ်။"
သူမက ရှောင်ဟန်ကျန့်ကို လက်လျော့လိုက်ကာ ရှစ်ချင်းလျို့ကို အမြင်ကောင်းရှိကြောင်း ဖော်ပြခဲ့သည်။ "မိန်းကလေးရှစ် ကျွန်မကို များများသင်ကြားပေးဖို့ မျှော်လင့်ပါတယ်။"
ဒီအမျိုးသမီးဆီက သင်ယူခြင်းက သူမ မြို့တော်ကို ပြန်သည့်အခါ အသုံးဝင်နိုင်မည်ဟု ယုံကြည်သည်။
ရှစ်ချင်းလျို့က သူမကို အသိအမှတ်ပြုစွာကြည့်ပြီး ပြောခဲ့သည်။ "နင်က သိပ်ဉာဏ်ကောင်းတာပဲ၊ အနာဂတ်မှာ နင်က စစ်သူကြီးစံအိမ်ရဲ့ သခင်မ ဖြစ်လာဖို့ မျှော်နေမယ်၊ အခုကစပြီး မနက်တိုင်း ငါ့အလုပ်ရုံကိုလာခဲ့။"
သူမက ဝတ္ထုတွေ၊ ဇာတ်လမ်းတွဲတွေ အများကြီး ဖတ်ကာ ကြည့်ရှုခဲ့တာကြောင့် ဘယ်လိုတွေ ပန်းနုသွေးရမလဲဆိုတာ သင်ပေးနိုင်သည်။
ထိုအရာက ထိုအမျိုးသမီးကို တိုက်ခိုက်နိုင်စေလိမ့်မည်။
ထောင်လျိုက စကားပြောတော့မည့်အချိန်မှာပဲ ရှစ်ချင်းလျို့က သူမကိုကြည့်ကာ ပြောခဲ့သည်။ "ရှစ်မိသားစုကို စိတ်မပူနဲ့၊ ငါရှင်းလိုက်မယ်။"
သူမပြောမည့်စကားကို ရှစ်ချင်းလျို့ သိနေတာကြောင့် သူမ ကြက်သေ သေသွားခဲ့သည်။
"ဟုတ်ကဲ့။" သူမက ချက်ချင်း ပြန်ဖြေခဲ့သည်။
ဒီလင်မယားက တော်တော်ကြောက်ဖို့ ကောင်းတာပဲ။
ညစာ စားပြီးနောက် ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က ရှစ်မိသားစုအိမ်သွားခဲ့ကာ နွေးထွေးစွာကြိုဆိုခြင်း ခံခဲ့ရသည်။
ရှစ်သခင်မကြီးက ချစ်ခင်စွာပြုံးပြီး ပြောခဲ့သည်။ "ချင်းလျို့ နင်တို့ ရောက်လာပြီကို၊ ထိုင်ကြပါဦး။"
ဒီတစ်ခါတော့ အမျိုးသမီးနျိုနှင့် တခြားလူတွေက ရှစ်သခင်မကြီးရဲ့ ညွှန်ကြားချက်ကို မလိုခဲ့ပေ။
သူတို့က ချက်ချင်း သကြားဖျော်ရည် နှစ်ခွက်ဖျော်ကာ ဧည့်ခံခဲ့သည်။
ဝူရှီရှီ အခန်းထဲက ထွက်လာတာမြင်တော့ ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ကာ ပြောခဲ့သည်။ "နံပါတ်၄ဦးလေးရဲ့ မိန်းမကိုကြည့်ရတာ အိုစာနေသလိုပဲနော်။"
ဒီအမျိုးသမီးက အရင်က သူမရဲ့ ခင်ပွန်းကို အကြိမ်များစွာ ဆွဲဆောင်ဖို့ လုပ်ခဲ့ကြောင်း သူမ သိသည်။
သူမက မျက်တွင်းကျနေကာ ပုံမှန်အသက်ထက် ၂နှစ်၊ ၃နှစ် ပိုအိုနေဟန်ပေါက်နေသည်။
ထိုစကားကြားတော့ ဝူရှီရှီရဲ့ ကိုယ်ခန္ဓာက တောင့်တင်းသွားကာ ရှစ်ချင်းလျို့ကို စိုက်ကြည့်ခဲ့သည်။ "နင်ကမှ ငါ့ထက်အိုတာ။"
ဒီရွာသူကများ သူ့ကို လှောင်ပြောင်ရဲသေးတယ်။
ရှစ်ချင်းလျို့ ပြန်မဖြေရသေးခင်မှာပဲ အမျိုးသမီးနျိုက အလောတကြီး ထလာကာ သူမကို ပါးရိုက်ခဲ့လေသည်။ "ငါ့သမီးလေးက ပန်းအဖူးလေးလို ငယ်ရွယ်နုပျိုလှပတယ်၊ နင်ကများ နင်နဲ့နှိုင်းရဲသေးတယ်ပေါ့။"
ဝူရှီရှီက အရိုက်ခံခဲ့ရသည့် ပါးကို အုပ်ကိုင်ခဲ့သည်။
သူမလည်း ပန်းအဖူးလေးလို ငယ်ရွယ်နုပျိုလှပတဲ့အရွယ်ပါပဲ ဟုတ်ပြီလား။
ဒီအပေါက်ဆိုးသည့် ရှစ်မိသားစုက လူမဆန်ပေ။
သို့ပေမယ့် ဝူရှီရှီက ဘာမှပြန်မပြောရဲခဲ့ပေ။
သူမက အမျိုးသမီးနျိုနှင့် ရှစ်ချင်းလျို့ကို မုန်းတီးသည့် အကြည့်ဖြင့်သာ ကြည့်နိုင်ခဲ့သည်။
ရှစ်ချင်းလျို့က သူမရဲ့ အမူအရာကိုမြင်တော့ မကြာမီက ရှစ်မိသားစုက သူမကို တော်တော်လေး သင်ခန်းစာပေးထားကြောင်း သဘောပေါက်လိုက်သည်။
သူမက အဓိပ္ပာယ်ပါပါ ပြုံးခဲ့သည်။ "ကောင်းပြီ၊ အကုန်လုံး ကိုယ့်အခြေအနေကိုယ် သိတော့ကောင်းတာပေါ့၊ မဟုတ်ရင် ကောင်းကျိုး မရှိဘူးလေ။"
သူမသာ သူမခင်ပွန်းကို မကြံစည်ခဲ့ရင် ရှစ်မိသားစု၏ ပြဿနာကောင်တွေရဲ့ လက်ထဲ ကျရောက်မည် မဟုတ်ပေ။
ဒါတွေက သူမ လုပ်ရပ်အတွက် တန်ပြန်ခံရတာဖြစ်သည်။
ရှစ်သခင်မကြီးက ရှစ်မိသားစုရဲ့စတုတ္ထသားကို တစ်ချက်ကြည့်ခဲ့သည်။ "နင့်မိန်းမကို ပြန်ခေါ်သွားတော့။"
သူမကို အကြိမ်အနည်းငယ် ပညာပြပြီးနောက် ရောက်ခါစကလို ဝူမိသားစုရဲ့ သမီးဆိုပြီး မာန်မတက်ရဲတော့ပေ။
မူလက သူမရဲ့သားက လက်ထပ်ပွဲပြီးသည့်နေ့မှာ ဝူရှီရှီကိုခေါ်ပြီး ဝူမိသားစုအိမ်မှာ သွားနေဖို့လုပ်ခဲ့သည်။
သို့ပေမယ့် သခင်ကြီးဝူနှင့် တခြားလူတွေက မြို့တော်ကိုသွားလိုက်တာကြောင့် သူမ၏ သားဖြစ်သူ သွားခဲ့သည့် ခရီးက အလဟသ ဖြစ်သွားခဲ့သည်။
သူမကလည်း သူမသားကို အထင်သေးသည့် ချွေးမအပေါ် ဒေါသတွေ ပုံချခဲ့သည်။
ဒီတိရိစ္ဆာန်မကို အခန်းထဲမှာ သူမ သားရိုက်နှက်နေတာကိုလည်း လှောင်ပြောင်ကာ ကြည့်နေခဲ့သည်။
ဝူမိသားစုက ခဏသာလွတ်မြောက်နိုင်မည်ဖြစ်သည်။ အနာဂတ်မှာ သူမရဲ့သားက သေချာပေါက် ဝူမိသာစုနှင့်အတူတူ သွားနေထိုင်လိမ့်မည်။
သူမက အတွေးတွေကို ဘေးချိတ်ပြီး ရှစ်ချင်းလျို့ကို ပြုံးကာ ကြည့်ခဲ့သည်။ "ချင်းလျို့၊ နင့်နံပါတ်၄ဦးလေးရဲ့မိန်းမက တုံးအတာကြောင့် အပြစ်မယူပါနဲ့။"
အခန်းထဲ တွန်းပို့ခံလိုက်ရသည့် ဝူရှီရှီက ထိုစကားကို ကြားလိုက်သည်။
ရှင်ကမှ ငတုံးဟု ဝူရှီရှီက စိတ်ထဲက ပြောလိုက်သည်။
နင်တို့တစ်မိသားစုလုံးလည်း ငတုံးတွေပဲလေ။
ဒီရွာသူအဖွားကြီးရဲ့ နှိပ်စက်မှုကြောင့် သူမ သေမတတ်ဖြစ်နေပြီဖြစ်သည်။
ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "ဒါပေါ့ ကျွန်မက ငတုံးတွေနဲ့ပြိုင်ပြီး ရန်မဖြစ်ပါဘူး၊ သူ့အစေခံကတော့ တော်မယ့်ပုံပဲ၊ ဒါကြောင့် သူ့ကို မနက်တိုင်း ကျွန်မရဲ့ အလုပ်ရုံမှာ လာကူစေချင်တယ်။"
သူမက မေးခဲ့သည်။ "ရှင်တို့ စိတ်ထဲမထားဘူးမလား။"
ရှစ်သခင်မကြီးနှင့် တခြားလူတွေက လက်ခါပြခဲ့သည်။ "စိတ်ထဲမထားပါဘူး၊ သူ့ကို ကြိုက်သလို သုံးလို့ ရပါတယ်။"
ထိုအမျိုးသမီးက ဘာလုပ်ချင်မှန်း မသိပေမယ့် သူမက လူကောင်း မဟုတ်တာတော့ သူတို့ သိသည်။
မကြာခင်က ဒီနန့်တန့်တန့် ထောင်လျိုက ရှောင်ဟန်ကျန့်ကို မြူဆွယ်ချင်တာ သူတို့သိခဲ့သည်။
ထို့ကြောင့် ရှစ်ချင်းလျို့က ဒီမြေခွေးမကို သင်ခန်းစာပေးချင်တာဖြစ်မည်ဟု သူတို့ တွေးလိုက်ကြလေသည်။
သိပ်မဝေးသည့် နေရာမှာရပ်နေသည့် ထောင်လျိုက ရှစ်မိသားစု ရှစ်ချင်းလျို့အပေါ်ထားသည့် သဘောထားကို မြင်နေရရုံသာမက စကားတွေပါ ကြားနေရသည်။
အကြင်နာမဲ့ကာ ရက်စက်သည့် ရှစ်သခင်မကြီးက ရှစ်ချင်းလျို့ရှေ့မှာတော့ ကြောင်ကိုမြင်သည့် ကြွက်ကလေးသဖွယ် ဖြစ်နေသည်။
သူမက မူလက ဒီရွာသူကို ရှင်းထုတ်ဖို့လွယ်မည်ဟု ထင်ခဲ့ပေမယ့် အခုတော့ သူမက သိပ်အတွေ့အကြုံနုသေးတာကို သိလိုက်ရလေသည်။
ရလာဒ်အနေဖြင့် သူမက ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်ကို ထပ်မဆန့်ကျင်ရဲတော့ပေ။
နောက်ရက်အနည်းငယ် ကြာပြီးနောက် ထောင်လျိုက ရှောင်ဟန်ကျန့်တို့ရဲ့ အိမ်ဟောင်းကို သွားခဲ့သည်။
နေ့တိုင်း သူမရဲ့ စကားတွေနှင့် အပြုအမူတွေက ပြောင်းလဲခဲ့သည်။
သူမ ဝတ်စားပုံနှင့် မိတ်ကပ်လိမ်းပုံတွေပါ ပြောင်းလဲသွားခဲ့သည်။
မြေခွေးမကနေ ယုန်ဖြူလေးအဖြစ် ပြောင်းသွားတာနှင့်တူသည်။
ရက်အနည်းငယ်ကြာပြီးနောက် ထောင်လျိုက ရုတ်တရက်ကြီး ပျောက်သွားခဲ့သည်။
သူမကို မရယူနိုင်ခဲ့သည့် ရှစ်မိသားစုရဲ့ စတုတ္ထသား နောင်တရနေတာကလွဲရင် ကျန်သည့် ရှစ်မိသားစုဝင်တွေက စိတ်ထဲ မရှိကြပေ။
သူတို့က ရှစ်ချင်းလျို့ကို ပိုကြောက်လာကြသည်။
ထိုမြေခွေးမ ပျောက်ကွယ်သွားခြင်းက သူမနှင့် တစ်ခုခု ပတ်သက်နေလိမ့်မည်။
ထောင်လျို ပျောက်သွားပြီးနောက် သူမကို နန်ရှီစီရင်စုမြို့ကို ပို့ပေးခဲ့သည့် သက်လတ်ပိုင်း အမျိုးသားရဲ့ အလှည့် ဖြစ်ခဲ့သည်။
စီရင်စုမြို့ရဲ့အကျဥ်းထောင်ထဲမှာ ထောင်သားတစ်ယောက် တိုးသွားခဲ့သလို မြို့တော်မှာလည်း အမျိုးဆီ လာလည်သည့် မိဘမဲ့ မိန်းကလေးတစ်ယောက် ရှိလာခဲ့သည်။
ထောင်လျို ပျောက်သွားပြီး သုံးရက်ကြာသည့်နောက်တော့ ရွာထဲကို ဇိမ်ခံမြင်းရထားလုံးတချို့ ဝင်လာကာ ရှောင်မိသားစုရဲ့ အိမ်အသစ်ကို သွားလိုက်ကြသည်။