မကောင်းသည့် အကြံတွေနှင့် ပြည့်နှက်နေခြင်း
Vol. 12 Ch. 179
ရှစ်ချင်းလျို့က လျှောက်သွားပြီး ငရုတ်သီးအနည်းငယ်ကို ခူးခဲ့သည်။
"ဒါကို ငရုတ်သီးလို့ခေါ်တယ်၊ အသီးမဟုတ်ဘူး၊ ဟင်းသီးဟင်းရွက် တစ်မျိုးလေ၊ အဓိကအားဖြင့် ဒါကို ဟင်းပွဲတွေမှာ ထည့်သုံးနိုင်တယ်၊ ကျွန်မဆရာ စွန့်စားခရီးသွားခဲ့တုန်းက ဒီအစေ့တွေကို သူစုဆောင်းခဲ့တာလို့ပြောတယ်၊ ငရုတ်သီးကို အစိမ်းစားလို့ရသလို အခြောက်လှန်းပြီး ငရုတ်သီးအနှစ်လည်း လုပ်လို့ရတယ်၊ ဒါက လူကို အပူလျော့ကျအောင် လုပ်ပေးတယ်၊ အို ဟုတ်သား အစပ်ကြိုက်တဲ့လူကတော့ ဒါကိုကြိုက်နိုင်ပြီး အစပ်မကြိုက်တဲ့လူကတော့ ဒါကို ကြိုက်မှာ မဟုတ်ဘူးလို့ ကျွန်မဆရာက ပြောတယ်။"
ထိုစကားကိုကြားတော့ မော့ချင်းလင်နှင့် တခြားလူတွေက အနည်းငယ် စိတ်ညစ်သွားခဲ့သည်။
သူတို့က ဒါက ပြောင်းဖူးလို ကောင်းကျိုးတွေရှိမယ်ထင်ခဲ့ပေမယ့် သူတို့က ပြောင်းဖူးကိုသာ ကြိုက်ကြသည်။
အစားသရဲ လျန်ယို့ရှောင်က ရှေ့တိုးသွားကာ မေးခဲ့သည်။ "ဘယ်လိုအရသာရှိလဲ။"
ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "အစိမ်းစားရင် စပ်တယ်၊ ဒါပေမဲ့ ဟင်းပွဲတွေမှာ ထည့်သုံးရင်တော့ အရမ်းအရသာရှိတယ်၊ မနက်ဖြန် စမ်းစားကြည့်ရအောင်လို့ နည်းနည်းလောက် ခူးသွားမယ်။"
နောက်ဆုံးတော့ သူမ ငရုတ်သီး စားနိုင်ပြီဖြစ်သည်။
လျန်ယို့ရှောင်က ပြုံးကာ ပြောခဲ့သည်။ "ဒီအကြံ မဆိုးဘူး။"
သူက ရှစ်ချင်းလျို့ကို ပိုနီရဲသည့် ငရုတ်သီးတွေပင် ခူးကူခဲ့သေးသည်။
အချိန်လည်း နောက်ကျနေပြီဖြစ်တာကြောင့် မော့ချင်းလင်က အရင်ပြန်သွားခဲ့သည်။
မနက်ဖြန်ကျရင် ပြောင်းရိတ်သိမ်းဖို့ သူလူစုရဦးမည်ဖြစ်သည်။
ဆရာဟုန်က စီရင်စုမြို့ကို မပြန်တော့ဘဲ ရှောင်ဟန်ကျန့်အိမ်မှာ တစ်ညတည်းဖို့ ဆုံးဖြတ်ခဲ့လေသည်။
အသက်အရွယ်ကြီးသည့် အရာရှိဖြစ်လာသည့်အခါ အာဏာတွေ တပ်မက်မှုတွေ မရှိတော့ဘဲ ထိုအစား စားရတာတွေကိုသာ ကြိုက်နှစ်သက်လာခဲ့သည်။
ဒီညတော့ သူက သူ့တပည့်အိမ်မှာ အလွန်သက်သောင့်သက်သာရှိစွာ စားသောက်ခဲ့လေသည်။
မနက်ဖြန်ကျရင်လည်း သူက ငရုတ်သီးရဲ့ အရသာကို မြည်းစမ်းကြည့်ချင်သေးသည်။
နောက်တစ်နေ့ကျတော့ ရှောင်ဟန်ကျန့်က စီရင််စုမြို့ကို မသွားခဲ့ပေ။
သူတို့ မနက်စာ စားပြီးသည့်အချိန်မှာပဲ မော့ချင်းလင်က ပြောင်းသီးနှံ ရိတ်သိမ်းဖို့ သူ့ရုံးကလူတွေကိုခေါ်ကာ ရောက်လာခဲ့သည်။
ဆရာဟုန်၊ လျန်ယို့ရှောင်နှင့် တခြားလူတွေက သူ့နောက်လိုက်ကာ တာအိုဘုန်းကြီးကျောင်းကို သွားခဲ့သည်။
မနေ့က မသေမျိုးဘုန်းတော်ကြီး ထပ်ပြီး ကိုယ်ထင်ပြခဲ့သည်ဟူသော သတင်းကြောင့် ယနေ့ လာရောက်ပူဇော်သူတွေက နှစ်ဆဖြစ်ခဲ့သည်။
တရားသူကြီးမင်းက သူ့လူတွေခေါ်ကာ ရောက်လာခဲ့တာကြောင့် လူတွေက အံ့သြခဲ့ကြသည်။
"တရားသူကြမင်းက ဒီကို ဘာလာလုပ်တာလဲ၊ သူ့လူတွေကို ခေါ်လာပြီး အမွှေးတိုင် လာပူဇော်တာလား။" ဒီလိုလည်း မဟုတ်လောက်ပေ။
"မနေ့က မသေမျိုးဘုန်းတော်ကြီး ကိုယ်ထင်ပြတာအပြင် ကောင်းကင်ဘုံကနေ ဘုရင်ကြီးနဲ့ တာ့လျန်ကို ချီးမြှင့်ခဲ့တဲ့ မျိုးစေ့တွေရှိတယ်လို့ သတင်းကြားတယ်၊ အဲ့တာကို လာရိတ်သိမ်းတာလား မသိဘူး။"
"အာ အဲ့တာက အမှန်လား။" နတ်ဘုရားကပေးတဲ့ မျိုးစေ့ တကယ့် အံ့ဖွယ်ပဲ။
လူတစ်ယောက်က ပြောခဲ့သည်။ "မှန်လောက်တယ်၊ မနေ့က မသေမျိုးဘုန်းတော်ကြီး ကိုယ်ထင်ပြတာကို ကျုပ်ကိုယ်တိုင် မြင်ခဲ့တာဗျာ။"
"သွားကြည့်ကြရအောင်။"
ဤသို့ဖြင့် အမွှေးတိုင်ပူဇော်မည့်လူတွေလည်း အနောက်ဘက်ခြံကို သွားကြည့်ခဲ့ကြသည်။
မော့ချင်းလင်းက သူတို့ကို မတားမြစ်ခဲ့ပေ။
သူက သူ့လူတွေဖြင့် ရှစ်ချင်းလျို့ ပြောသည့်အတိုင်း ပြောင်းသီးနှံတွေကို ချိုးခိုင်းခဲ့သည်။
သူက အားကောင်းမောင်းသန် ဘီလစ်စာရေးကြီး ဆယ့်နှစ်ယောက်ကျော် ခေါ်လာခဲ့သဖြင့် အကုန်ရိတ်သိမ်းလိုက်ဖို့ မကြာခဲ့ပေ။
နောက်ဆုံး သူတို့ အလေးချိန် ချိန်ကြည့်လိုက်တော့ ၁၂၀၀ကျင်းကျော်နေခဲ့သည်။
ထိုအချင်းအရာက မော့ချင်းလင်နှင့် ဆရာဟုန်ရဲ့ မျက်နှာတို့ကို စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်သွားစေခဲ့သည်။
တကယ်ကို အထွက်နှုန်းကောင်းတဲ့ မျိုးစေ့တွေပဲ။
ဘေးကရပ်ကြည့်သူတွေကလည်း အာမေဋိတ်သံတွေ ထွက်ခဲ့ကြသည်။
"ဘာ၊ မြေ တစ်မူမှာ ဒီလောက်ထိ အထွက်နှုန်းကောင်းတဲ့ မျိုးစေ့ တကယ်ရှိတာလား။"
"ဘုရားရေ ကျုပ် လယ်ယာစိုက်ပျိုးလာတာကြာပြီ၊ မြေ တစ်မူမှာ ဒီလောက်ထိ ကျင်း တစ်ထောင်ကျော် ထုတ်လုပ်နိုင်တာမျိုး မတွေ့ဖူးဘူး။"
"ပြောင်းဖူးက တကယ်ပဲ စားသုံးလို့ ရတာလား၊ တကယ်ဆိုရင်တော့ အနာဂတ်မှာ ကျုပ်တို့ ဆာလောင်စရာ မလိုတော့ဘူး။"
"စားကောင်းရဲ့လားတော့ မသိဘူး။"
လူတွေရဲ့ စကားကိုကြားတော့ ရှီလွေ့က အပြုံးဖြင့် ပြောခဲ့သည်။ "စားလို့ကောင်းတယ်၊ ကျုပ်တို့ မနေ့ကပဲ စားပြီးခဲ့တာ၊ တကယ်ပဲ စားလို့ရပါတယ်၊ ပြုတ်စားရုံတင်မကဘူး ပန်ကိတ်လည်း လုပ်စားလို့ရတယ်၊ ပြောင်းဖူးတွေကို အခြောက်ခံပြီး အမှုန့်ကြိတ်ပြီးရင် ဘန်းကိတ်ပေါင်းလည်း လုပ်စားလို့ရသလို ဝေါးဝေါးထုံ (ပြောင်းဖြူးဖြင့်လုပ်ထားသည့်မုန့်ပေါင်းတစ်မျိုး) လည်း လုပ်စားလို့ ရတယ်၊ ဂျုံမှုန့်အဖြူနဲ့ လုပ်ထားတဲ့ ပန်ကိတ်ထက်စာရင် ပြောင်းဖူးနဲ့ လုပ်ထားတဲ့ ပန်ကိတ်က ပိုစားကောင်းတယ်လို့ထင်တယ်။"
ဂျုံမှုန့်အဖြူဖြင့် လုပ်ထားသည့် ပန်ကိတ်ကို သူမြည်းစမ်းပြီးပြီဖြစ်သည်။
ရှီလွေ့ရဲ့စကားကိုကြားတော့ ကြည့်ရှုသူတွေက စိတ်လှုပ်ရှားသွားခဲ့သည်။
သူ့စကားတွေကို သူတို့ သံသယ မဖြစ်ပေ။
မြို့တော်က သခင်လေးတွေက အရသာရှိတာမြန်သမျှ အကုန်စားဖူးခဲ့ကြသည်။
သူတို့တွေက စားကောင်းတယ်လို့ပြောပါက သေချာပေါက် စားကောင်းတာ ဖြစ်သည်။
ဒါ့အပြင် စားမကောင်းဘဲ အစားအစာအဖြစ် အသုံးပြုလို့ မရပါက တရားသူကြီးမင်းမော့က သူ့လူတွေကိုခေါ်ကာ လာရိတ်သိမ်းမည် မဟုတ်ပေ။
ကောင်းကင်ဘုံက ချီးမြှင့်သည့် ဒီမျိုးစေ့တွေကို သူတို့လည်း မြည်းစမ်းကြည့်ချင်သည်။
ထို့ကြောင့် သူတို့က ရှီလွေ့ကို အားကျစွာ ကြည့်ခဲ့ကြသည်။
ရှီလွေ့က ဒီလိုမျိုး ကြွားဝါရတာ သဘောကျပြီး အထူးသဖြင့် လူတွေက သူ့ကို မနာလို အားကျစွာကြည့်တာကို သဘောကျသည်။
လျန်ယို့ရှောင်က ကြွားဝါမည့်အချိန်မှာပဲ ရှီလွေ့က သူ့ကို ရိုက်ချသွားမည်ဟု မထင်မိခဲ့ပေ။
သူက မျက်လုံးလည်ပြီး ရှစ်ချင်းလျို့ဆီ လျှောက်သွားလိုက်သည်။ "ရှစ်ချင်းလျို့ ငါတို့ တစ်ခုခု ဆွေးနွေးကြမလား။"
ရှစ်ချင်းလျို့က သူ့ရဲ့ ခိုးကြောင်ခိုးဝှက်အကြည့်ကို ကြည့်ပြီး ခန့်မှန်းမိခဲ့သည်။ "ဘာလဲ။"
လျန်ယို့ရှောင်က ပြုံးကာပြောခဲ့သည်။ "ငါ့ကို ပြောင်းစေ့ နည်းနည်းပေး။"
ဒီလူက ပြောင်းစေ့တွေကို တကယ် မျက်စိကျနေတာပဲဟု ရှစ်ချင်းလျို့က တွေးခဲ့သည်။
သူမက ပခုံးတွန့်ပြကာ ပြောခဲ့သည်။ "အခု ပြောင်းဖူးတွေကို စီရင်စုမြို့ ရုံးတော်ကို လွှဲပြောင်းလိုက်ပြီမလို့ ငါ ဆုံးဖြတ်လို့ မရတော့ဘူး။"
လိုချင်ရင် မော့ချင်းလင်ကို သွားပြောလိုက်။
သူမလည်း ပြောင်းစေ့တချို့ သိမ်းထားချင်ပေမယ့် အများပြည်သူရှေ့မှာ လုပ်လို့ မရပေ။
လျန်ယို့ရှောင် အရေထူကာ မော့ချင်းလင်ကို ထပ်သွားရှာခဲ့သည်။
"အစ်ကိုလင် ပြောင်းစေ့တွေ အခြောက်ခံပြီးရင် ကျွန်တော့်ကို ကျင်းအနည်းငယ်လောက် ပေးပါ့လား။"
ဒါက ကောင်းကင်ဘုံက ချီးမြှင့်သည့် အထွက်နှုန်းမြင့် မျိုးစေ့တွေ ဖြစ်သည်။
သူတို့ စံအိမ်သာ ပထမတစ်သုတ် မျိုးစေ့ကို စိုက်ပျိုးပြီးပါက လျန်မိသားစုရဲ့ အဆင့်အတန်းက ပိုမြင့်သွားနိုင်သည်။
မော့ချင်းလင်က သူ့ကိုစိုက်ကြည့်ခဲ့သည်။ "ဒါ ဖြစ်နိုင်မယ်လို့ ထင်နေတာလား။"
အလေးချိန်အားဖြင့် ပေါင်ချိန် ၁၂ချိန်ကျော်တယ်။ ဘာလို့ ကျင်း တစ်ရာ တစ်ခါတည်း မတောင်းလိုက်လဲ။
ရှီလွေ့ကလည်း တိုးကပ်လာခဲ့သည်။ "အစ်ကိုလင် ကျွန်တော်လည်း အဆင်ပြေတယ်လို့ထင်တာပဲ၊ ကျင်း တစ်ထောင်ကျော်တောင် ရှိတာပဲ၊ ကျင်းအနည်းငယ်လောက် လျော့သွားရုံနဲ့ ဘာမှ မဖြစ်ပါဘူး ဟုတ်တယ်မလား။"
ဒီတစ်ခါတော့ ဖေးယွီကျယ်လည်း မနေနိုင်စွာ တိုးကပ်လာခဲ့သည်။ "ဟုတ်တယ်၊ အစ်ကိုလင် နည်းနည်းပေးပါ။"
အကယ်၍ သူသာ စောစောသိခဲ့ရင် မနေ့ကတည်းက ရှစ်ချင်းလျို့ဆီက နည်းနည်းလောက် တောင်းခဲ့သည်။
ရှီရုံက မတောင်းခဲ့ပေ။ သူမက မော့ချင်းလင်နှင့် မရင်းနှီးပေ။
ဒါ့အပြင် သူမ ဦးလေးက ဘုရင်ကြီး ဖြစ်သည်။
ပြောင်းစေ့တွေကို မြို့တော်ကို ပို့ပြီးပါက သူမ ဦးလေးဆီကနေ တောင်းလိုက်လို့ ရသည်။
မော့ချင်းလင်က ခေါင်းကိုက်စွာ ပြောခဲ့သည်။ "ငါဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး။"
"ဘာလို့ ဆုံးဖြတ်လို့ မရတာလဲ၊ ပြောင်းကျင်း နည်းနည်းလေးပဲကို၊ အရမ်းတွန့်တိုမနေပါနဲ့။"
"ဟုတ်တယ် အတိတ်တုန်းကဆိုရင် အစ်ကိုလင်က သိပ်ရက်ရောတာကို မှတ်မိပါသေးတယ်။"
"အစ်ကိုလင် ကျွန်တော်တို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား၊ ဟုတ်ရင် နည်းနည်းလောက်ပေးပါ။"
မော့ချင်းလင်က အသံတိတ်နေခဲ့သည်။ မင်းမေလင်ကို ညီအစ်ကို ပါလား။
သူက သူတို့တွေနဲ့ အဲ့လောက် မရင်းနှီးဘူး မဟုတ်လား။
သူ အပျော်အပါးမက်သည့် အထက်တန်းလွှာ သခင်လေးဖြစ်နေသည့် နှစ်တွေတုန်းက ဒီဟာလေးတွေက ဂွပြဲလေးတွေနှင့် ပြေးလွှားသည့် အရွယ်လေးသာ ရှိသေးသည်။
သူတို့က မော့ချင်းလင်ကို တဂျီဂျီ အပူတိုက်နေခဲ့သည်။
သူက မည်းမှောင်သည့် မျက်နှာဖြင့် ပြောခဲ့လေသည်။ "သွားကြစမ်းကွာ။"
မော့ချင်းလင်က မတုန်မလှုပ် ရှိနေတာကြောင့် လျန်ယို့ရှောင်နှင့် တခြားလူတွေက တပ်ပြန်ဆုတ်ပြီး တခြားနည်းကို တွေးခဲ့ကြလေသည်။
ခဏနေတော့ လျန်ယို့ရှောင်က ရှီလွေ့ကို သူ့နားဆွဲလိုက်သည်။ "မင်းက ပြောင်းစေ့တွေကို ဦးဆောင်ပြီး လုယူလိုက်၊ ငါတို့တွေ ငါတို့အဆောင်ကို ယူပြန်ပြီး အခြောက်ခံကြမယ်။"
ဒီကောင်က မကောင်းတဲ့အကြံတွေနဲ့ ပြည့်နှက်နေတဲ့ကောင်လို့ သူ့အဖေပြောခဲ့တာလည်း မဆန်းတော့ပါဘူးဟု ရှီလွေ့က တွေးလိုက်လေသည်။
"ငါက ဘာလို့ ဦးဆောင်ပြီး လုယူရမှာလဲ။"
လျန်ယို့ရှောင်က အချက်ကျကျ ပြောခဲ့သည်။ "ဘာလို့လဲဆိုတော့ မိဖုရားကြီးက မင်းရဲ့ အန်တီကြီးဖြစ်ပြီး ဘုရင်ကြီးက မင်းရဲ့ ဦးရီးတော်ဖြစ်လို့ပေါ့ကွာ၊ မင်းလုယူပြီးရင် မိဖုရားကြီးကို ချော့မြူလို့ရတာပဲ၊ ငါတို့မှာ မိဖုရားကြီးဖြစ်တဲ့ အန်တီကြီးမှ မရှိတာ။"
ဖေးယွီကျယ်ကလည်း လျှောက်လာကာ သဘောတူခဲ့သည်။ "ဟုတ်တယ် မင်းဦးဆောင်တော့ ပိုကောင်းတာပေါ့။"
ရှီလွေ့က အသံတိတ်နေခဲ့သည်။ သူ့မှာ ဘယ်လိုလုပ် မကောင်းတဲ့ သူငယ်ချင်းမျိုးတွေ ရှိနေရတာလဲ။
သို့ပေမယ့် သူတို့စကားက အဓိပ္ပာယ်ရှိကာ သူ မငြင်းဆိုနိုင်ပေ။
သူက ပြောခဲ့သည်။ "ဘုရင်ကြီးက ရှီရုံရဲ့ ဦးလေး အရင်းလေ၊ မင်းတို့ ဘာလို့ သူ့ကို သွားမပြောတာလဲ။"
လျန်ယို့ရှောင်က သူ့ကို တုံ့အလိုက်တာဟူသော အကြည့်ဖြင့် ကြည့်ခဲ့သည်။ "သူက လုယူဖို့လိုမလား၊ ပြန်ပြီးတာနဲ့ ဘုရင်ကြီးကို ချွဲပြီး တောင်းလိုက်ရင်ရပြီ၊ ငါတို့ ဘုရင်ကြီးကို သွားချွဲရင် ရမယ်လို့ ထင်နေတာလား။"
ရှီလွေ့က ခေါင်းခါပြခဲ့သည်။ "ဘယ်ရမလဲ။"
ရှီလွေ့က ခဏလောက်တွေးပြီး အံကြိတ်ကာ ပြောခဲ့သည်။ "ကောင်းပြီကွာ အဲ့တိုင်း လုပ်ရအောင်။"
အကယ်၍ ဘုရင်ကြီး သူ့ကို အပြစ်တင်သည့်အခါ မိဖုရားကြီးကို သွားချွဲမည်။
သူတို့သုံးယောက်က မော့ချင်းလင် အာရုံစိုက်မနေသည့် အချိန်မှာ သုံးယောက်သား အကြည့်ချင်း ဖလှယ်ခဲ့ကြသည်။
ရှီလွေ့က အလျင်စလိုပြေးသွားပြီး ဒါဇင်ကျော်သည့် ပြောင်းဖူးတွေကို လုပြေးသွားခဲ့သည်။
သူက ၁၃ကျင်းကျော်လား ဘာလား မတွေးမိဘဲ ဒီတိုင်း လုပြေးခဲ့တာ ဖြစ်သည်။
ထို့ကြောင့် ဖေးယွီကျယ်နှင့် လျန်ယို့ရှောင်လည်း အလျင်စလို ပြေးခဲ့သည်။
သူတို့က ပြောင်းဖူး ၁၀ဖူးကျော် လုယူကာ ပြေးခဲ့သည်။
ထိုအချင်းအရာကိုမြင်တော့ မော့ချင်းလင်ရဲ့ မျက်နှာက ထပ်မည်းမှောင်သွားခဲ့သည်။
သူတို့သုံးယောက် ထွက်ပြေးသွားတာမြင်တော့ သူ့လက်တွေ ယားယံနေသလို ခံစားခဲ့ရသည်။
သို့ပေမယ့် ဒီလူတွေကို သူလုပ်နိုင်တာ ဘာမှ မရှိပေ။
ဒီအတိုင်း လွှတ်ပေးထားရုံသာ တတ်နိုင်သည်။
သူမြို့တော်ကိုသွားသည့်အခါ ဘုရင်ကြီးဆီကို တင်ပြရမည်ဖြစ်သည်။
သို့သော်လည်း ကိုင်တွယ်မရသည့် ဒီသခင်လေးသုံးယောက်ကို ဘုရင်ကြီးလည်း တကယ် အပြစ်ပေးလို့ မရနိုင်ပေ။
ထို့ကြောင့် မော့ချင်းလင်က ကျန်သည့် ပြောင်းတွေကိုသာ သူလူတွေဖြင့် စောင့်ကြည့်ခိုင်းထားပြီး ခိုးဖို့ကြံနေသည့်လူတွေ ကြာပွတ်ဖြင့် အရိုက်ခံရမည်ဖြစ်သည်။