သူမရဲ့ တောင်းဆိုချက်က အလွန် သာမာန် ဆန်သည်
Vol. 13 Ch. 188
ဘုရင်ကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ကောင်းကင်ဘုံကချီးမြှင့်သည့် ပြောင်းစေ့သတင်းက မြို့တော်တစ်ခုလုံးနှင့် တခြားနေရာတွေကိုပြန့်သွားခဲ့သည်။
ဘုရင်ကြီးကို ကောင်းကင်ဘုံက ရွေးချယ်ခဲ့သည်ဟူသော သတင်းက သပုပ်လေလွင့်သတင်းတွေကို ပျယ်ပျောက်သွားစေခဲ့သည်။
ဘုရင်ကြီးကသာ ကောင်းကင်ဘုံက ရွေးချယ်တင်မြှောက်သည့် ဘုရင် မဟုတ်ပါက ကောင်းကင်ဘုံက ဘာကြောင့် ပြောင့်စေ့များ ချီးမြှင့်မည်နည်း။
ထိုပြောင်းစေ့တွေက မြေ တစ်မူမှာ တန်ချိန် ကျင်း တစ်ထောင် ထုတ်လုပ်နိုင်သည်ဟူသော သတင်းကြောင့် ပြည်သူပြည်သားတွေက စိတ်လှုပ်ရှားနေကြသည်။
လူတချို့က အိမ်တံခါးနားပြေးကာ ဒူးထောက်ပြီး ကောင်းကင်ဘုံနှင့် ဘုရင်ကြီးကိုကျေးဇူးတင်နေခဲ့သည်။
တော်ဝင်ညီလာခံက ပြောင်းတွေကို နောက်နှစ် စိုက်ပျိုးပြီးပါက လူတိုင်း ကိုယ့်ခြံအနောက်မှာ စိုက်ပျိုးခွင့်ရအောင် မျှော်လင့်နေကြသည်။
ဘုရင်ကြီးက မသေမျိုးဘုန်းတော်ကြီးအကြောင်း မကွယ်ဝှက်ခဲ့ပေ။
ဒါ့အပြင် လူမဟုတ်သည့်သူကို ကြောက်စရာမလိုပေ။
ထိုအချင်းအရာက ကောင်းကင်ဘုံက ချီးမြှင့်သည့် ပြောင်းစေ့တွေအပေါ် ပိုသက်ဝင်ယုံကြည်လာစေသည်။
ထို့ကြောင့်ပဲ ရှာ့ရှီရွာက မသေမျိုးဘုန်းတော်ကြီးရဲ့ သတင်းက တာ့လျန်တစ်ခုလုံးမှာ ပြန့်သွားခဲ့သည်။
တဖြည်းဖြည်းဖြင့် နေရာပေါင်းစုံကလူတွေက အမွှေးတိုင် သွားရောက်ပူဇော်ခဲ့ကြသည်။
၄ရက်ကြာပြီးနောက် မြင်းရထားလုံးတစ်စင်းက မြို့တော်ဂိတ်ဝဆီ ရောက်လာခဲ့သည်။
မော့ချင်းလင်က သတင်းလက်ခံရရှိခဲ့ကာ မြို့တော်ဂိတ်တံခါးဆီ လူကိုယ်တိုင်သွားရောက် ကြိုဆိုခဲ့သည်။
သူက ရှောင်ဟန်ကျန့်ကိုကြည့်ကာ ပြုံးခဲ့သည်။ "ရောက်ပြီလား။"
သူကဆက်လက်ကြိုဆိုခဲ့သည်။ "မြို့တော်မှာ ငါ့အိမ်ရှိတယ်၊ မင်းတို့ မြို့တော်မှာ နေသ၍ ငါ့အိမ်မှာတည်းပေါ့။"
ရှောင်ဟန်ကျန့် ပြန်ဖြေမည့်အချိန်မှာပဲ ဆရာဟုန်က မြင်းရထားလုံးထဲက ဆင်းလာကာ ပြောခဲ့သည်။ "မြို့တော်မှာ ငါ့အိမ်လည်း ရှိတယ်၊ သူတို့က ငါနဲ့ နေလိမ့်မယ်။"
သူက ရှောင်ဟန်ကျန့်ရဲ့ဆရာဖြစ်တာကြောင့် မြို့တော်မှာနေသည့်အချိန်မှာ သူ့တပည့်က သူနှင့်လိုက်နေသင့်သည်။
သူက ဆက်ပြောခဲ့သည်။ "သူတို့ကို ငါ့ရဲ့မိတ်ဆွေဟောင်းကြီးတချို့နဲ့ သူ့ရဲ့ဆရာတူအစ်ကိုသုံးယောက်နဲ့ပါ ကျင်းယွီကို မိတ်ဆက်ပေးချင်တယ်။"
ထိုစကားကြားတော့ ဆရာဟုန်က ရှောင်ဟန်ကျန့်ကို လူမှုဆက်သွယ်ရေးအသိုင်းအဝိုင်း ချဲ့ထွင်ပေးချင်တာဖြစ်ကြောင်း မော့ချင်းလင် သဘောပေါက်သွားခဲ့သည်။
သူက ပြုံးကာ ပြောခဲ့သည်။ "ဆရာ့အိမ်မှာ နေတော့ ပိုကောင်းတာပေါ့ဗျာ။"
ထိုစကားတွေကြားတော့ ရှောင်ဟန်ကျန့်တို့လင်မယားကို အိမ်ကိုဖိတ်ခေါ်ချင်နေသည့် ဖေးစုန့်ကျွင်းက ဘာမှ မပြောတော့ပေ။
မော့ချင်းလင်က ခဏလောက် တွေးပြီးနောက် ပြောခဲ့သည်။ "ဟုန်မိသားစုအိမ်ကိုအရင်သွားပြီး သန့်ရှင်းရေး လုပ်လိုက်ပါဦး၊ ပြီးရင် အရှင်မင်းကြီးကို ခစားဖို့ ငါနဲ့လိုက်ခဲ့။"
ရှောင်ဟန်ကျန့်က မော့ချင်းလင်ကို လက်ခုပ်အမူအရာပြပြီး ပြောခဲ့သည်။ "ကောင်းပါပြီ ချင်းကောကို ဒုက္ခပေးမိပါပြီ။"
ဖေးစုန့်ကျွင်းက ဖေးမိသားစုအိမ်ကိုပြန်သွားပြီး ရှောင်ဟန်ကျန့်တို့က မြို့တော်က ဟုန်မိသားစု အိမ်ကို သွားခဲ့သည်။
ဆရာဟုန်ရဲ့ ဇနီးက ဆုံးပါးသွားပြီဖြစ်သည်။
ဆရာဟုန်မှာ သားတစ်ယောက်နှင့်သမီးနှစ်ယောက်ရှိသည်။
သားဖြစ်သူက နေရာတစ်ခုမှာ ပြည်နယ်အုပ်ချုပ်ရေးမှူး လုပ်ဆောင်နေကာ သူ့မိသားစုတွေကိုပါ ခေါ်သွားခဲ့သည်။
သမီးနှစ်ယောက်ကတော့ အိမ်ထောင်ကျသွားတာကြာပြီဖြစ်သည်။
ထို့ကြောင့် မြို့တော်က သူ့အိမ်ကို အစေခံတချို့သာ စောင့်ရှောက်ထားသည်။
ရှောင်ဟန်ကျန့်တို့ဇနီးမောင်နှံကို ပင်မအဆောင်ဘေးက ဧည့်သည်ဆောင်မှာ အစေခံတွေဖြင့် နေထိုင်ဖို့ စီစဥ်ခိုင်းခဲ့ကာ သူ့အတွက် သူတို့ရဲ့ အရေးပါပုံကို ဖော်ပြခဲ့သည်။
ရှောင်ဟန်ကျန့်တို့ဇနီးမောင်နှံက သန့်စင်ဆေးကြောပြီးနောက် မော့ချင်းလင်နောက်လိုက်ကာ နန်းတော်ထဲဝင်သွားခဲ့သည်။
ကြိုတင်အသိပေးထားတာကြောင့် သူတို့က ဘုရင်ကြီးဖြင့် အေးအေးလူလူ တွေ့နိုင်ခဲ့သည်။
ဘုရင်ကြီးက သူ့ရဲ့ ခန်းမလို စာသင်ခန်းလို တန်းတူညီသည့် အုပ်ချုပ်ရေးခန်းမထဲမှာ ရှိနေသည်။
အထဲဝင်ပြီးသည်နှင့် သူတို့သုံးယောက်က အရိုအသေပေးခဲ့သည်။
"အရှင်မင်းကြီးကို နှုတ်ဆက်အရိုအသေပြုပါတယ်။"
ဘုရင်ကြီးက လက်ထဲက စာလိပ်ကိုချပြီးနောက် ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့တို့ကို ကြည့်လိုက်သည်။
နှစ်ယောက်လုံးက အလွန်ကြည့်ကောင်းကာ ထူးခြားသည့်သွင်ပြင်ရှိသည်။
မသိသည့်လူတွေက သူတို့နှစ်ယောက်ကို မင်းစိုးရာဇာမိသားစုက သခင်လေး၊ သခင်မလေးဟု ထင်နိုင်သည်။
သို့ပေမယ့် ဘုရင်ကြီးက မအံ့သြခဲ့ပေ။
ပထမဆုံး နန်ရှီစီရင်စုမြို့နယ်အကြောင်း သတင်းတွေ သိပြီးသား ဖြစ်သည်။
ဒုတိယအနေဖြင့် မကြာခင်က သတင်းတွေ အများကြီး ထွက်နေသည့် ရှောင်ဟန်ကျန့်တို့ဇနီးမောင်နှံက သာမာန်မဟုတ်ကြောင်း ယုံကြည်ထားသည်။
မဟုတ်ပါက သူစိတ်ပျက်နိုင်သည်။
သူက လက်မြှောက်ပြလိုက်သည်။ "သက်သာသလိုနေကြ။"
သူက အရင်ဆုံးပြုံးကာ ရှစ်ချင်းလျို့ကို မေးလိုက်သည်။ "မယ်မင်းရဲ့ ဆရာရဲ့ ရည်ရွယ်ချက်ကို ငါကိုယ်တော် ကျေးဇူးတင်တယ်၊ နောက်မှ ကိုယ်တော့်အစား လူလွှတ်ပြီး ပူဇော်ခိုင်းလိုက်မယ်။"
ရှစ်ချင်းလျို့က မော်ဒန်ခေတ်ကဝိဉာဥ်ဖြစ်တာကြောင့် ဘုရင်ကြီးနှင့် တွေ့ရတာကို တုန်လှုပ်မနေပေ။
သူမက ပြုံးကာ အရိုအသေပေးခဲ့သည်။ "ကျေးဇူးကြီးလှကြောင်းပါ အရှင်မင်းကြီး။"
တကယ်ပဲ တာအိုဘုန်းတော်ကြီးရဲ့ တပည့် ပီသပါတယ်ဟု ဘုရင်ကြီးက တွေးလိုက်လေသည်။
သူမက တကယ်ကို ထူးခြားသည်။
သူက နူးညံ့သည့်လေသံဖြင့် ပြောခဲ့သည်။ "ပြောင်းစေ့တွေ စိုက်ပျိုးအောင်မြင်သွားရင် ကိုယ်တော်တို့ တာ့လျန်ပြည်သူတွေ ဗိုက်ဖြည့်တင်းနိုင်ပြီ၊ ဒါက ကိုယ်တော်တို့နိုင်ငံရဲ့ အရေးပါတဲ့ အသက်ရှင်ရေးပဲ။"
သူက တခြားအရာကို ထပ်မေးခဲ့သည်။ "ဆုကြေးအနေနဲ့ ဘာလိုချင်လဲ။"
သူတို့ကို ချီးမြှင့်ရမည့် ပစ္စည်းကို လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက တွေးခဲ့ပေမယ့် မဆုံးဖြတ်ရသေးပေ။
ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ကို ဘုရင်ကြီးက အကောင်းမြင်သည်။
သူတို့ ဖန်တီးခဲ့သည့် ဘိလပ်မြေနှင့် ပြောင်းသီးနှံ စသည်တို့က လူတိုင်းကို အကျိုးရှိစေခဲ့သည်။
ပိုအရေးကြီးတာက ပြောင်းစေ့တွေက အချိန်ကိုက်ရောက်လာကာ သပုပ်လေလွှင့်သတင်းတွေကို ဖြေရှင်းပေးနိုင်ခဲ့သည်။
အကယ်၍ ဆုကြေးအကြီးကြီး ချီးမြှင့်ပါကလည်း အလွန်မျက်စိစူးစရာဖြစ်နိုင်သည်။
ထင်ပေါ်ကျော်ကြားမှုကြီးရဲ့ နောက်ကွယ်မှာ အန္တရာယ်အကြီးကြီးရှိကြောင်း ဘုရင်ကြီးက ကောင်းကောင်းသိသည်။
သူက သတင်းပေးသူတွေ ပို့ပေးထားသည့် ရှောင်ဟန်ကျန့်ရဲ့ အကြောင်းတွေကို သိပြီးပြီဖြစ်ကာ ဒီအရည်အချင်းရှိသူကို မွေးထားပြီး သုံးစွဲရန် ပြင်ဆင်ထားသည်။
အခုက ညီလာခံနှင့် မင်းစိုးရာဇာမိသားစုက စေ့စပ်မရသည့် သဘောထားကွဲလွဲမှု တချို့ဖြစ်နေသည်။
ဘုရင်ကြီးက မောင်ပိုင်စီးတတ်သည့် မင်းစိုးရာဇာမိသားစုတွေကို အရာရှိအဖြစ်ကနေ နိမ့်ကျသည့်မျိုးရိုးအဖြစ် ရာထူးချကာ မင်းစိုးရာဇာမိသားစုတွေကို ဖိနှိပ်ဖို့ လုပ်ထားသည်။
အကယ်၍ ဆုကြေးသာအရမ်းကြီးပါက ရှောင်ဟန်ကျန့်က မင်းစိုးရာဇာမိသားစု၏ ဖိနှိပ်ခြင်း ခံရနိုင်သည်။
အခု ရှောင်ဟန်ကျန့်က ထိခိုက်လွယ်သည့် အခြေအနေမှာ ရှိနေသည်။
သူ့ ခုခံနိုင်စွမ်းက အကန့်အသတ်ရှိတာကြောင့် ထိုသို့ မဖြစ်စေလိုပေ။
သို့သော်လည်း ဆုက အရမ်းသာမာန်ဆန်သွားပါက သူက ကောင်းကင်ဘုံကနေ ချီးမြှင့်သည့် အထွက်နှုန်းကောင်း ပြောင်းစေ့တွေကို တန်ဖိုးမထားရာ ကျသွားနိုင်သည်။
ထို့ကြောင့် သူတို့ကို ဘာချီးမြှင့်ရမလဲဆိုတာ ဆုံးဖြတ်ရခက်နေသည်။
နောက်ဆုံးတော့ ရှောင်ဟန်ကျန့်တို့ဇနီးမောင်နှံ လိုချင်တာကို ပေးလိုက်ဖို့ သူ့တူမက အကြံပေးခဲ့သည်။
ထိုအကြံက မဆိုးဘူးဟု သူတွေးလိုက်မိသည်။ သူ တတ်နိုင်သည့်အရာဆိုပါက မဖြည့်ဆည်းပေးစရာ မရှိပေ။
ဒီအခွင့်အရေးကြီးကို အသုံးချပြီး သူတို့နှစ်ယောက် ဘာတောင်းဆိုမလဲဆိုတာ ကြည့်ရဖို့ အခွင့်ရေးကောင်းကြီးဖြစ်ကာ အနာဂတ်မှာ ရှောင်ဟန်ကျန့်ကို ပိုအရေးကြီးသည့်နေရာ ခန့်အပ်သင့်လားဆိုတာလည်း သိနိုင်မည်ဖြစ်သည်။
ရှစ်ချင်းလျို့က ဘုရင်ကြီးရဲ့စကားကြောင့် အံ့သြသွားပေမယ့် သူမက ဂုဏ်မဖော်ခဲ့ပေ။
သူမက ပြုံးကာ ပြောခဲ့သည်။ "ဒါက ကျွန်တော်မျိုးမရဲ့ ဆရာ က အရှင်မင်းကြီးအတွက် ပြင်ဆင်ပေးခဲ့တဲ့ ကောင်းကင်ဘုံကချီးမြှင့်တဲ့ အထွက်နှုန်းတိုး မျိုးစေ့ပါ၊ ကျွန်တော်မျိုးမက ဆရာ့ဆန္ဒအတိုင်း စိုက်ပေးခဲ့တဲ့လူဖြစ်တာမိုလို့ အဓိက ပံ့ပိုးပေးတဲ့လူ မဟုတ်ပါဘူး။"
ဘုရင်ကြီးက အခိုင်အမာ ပြောခဲ့သည်။ "မယ်မင်းရဲ့ဆရာက အများဆုံး ပံ့ပိုးပေးခဲ့တယ် ဆိုပေမယ့် မယ်မင်းလည်း ပံ့ပိုးပေးခဲ့တာပဲ၊ မယ်မင်းတို့ဇနီးမောင်နှံ နှစ်ယောက်လုံး အလိုရှိရာကို တောင်းဆိုနိုင်ပါတယ်။"
ဘုရင်ကြီးက ထိုသို့ပြောလာမှတော့ ရှစ်ချင်းလျို့ကလည်း ထိန်းချုပ်မထားတော့ပေ။
"ဒါဆိုရင် မြို့တော်ဆင်ခြေဖုံးဘေးက တောင်ပေါ်နဲ့ စံအိမ်တစ်လုံး တောင်းဆိုချက်ပါတယ်ဘုရား။"
အနာဂတ်မှာ သူမ ခင်ပွန်းက တော်ဝင်စာမေးပွဲ ဖြေပြီးပါက အဆင့်မြင့်စာသင်သား သို့မဟုတ် အရာရှိဖြစ်လာသည့်အခါ မြို့တော်မှာ နေထိုင်ရမည်ဖြစ်သည်။
မြို့တော်ရဲ့ ဆင်ခြေဖုံးက စံအိမ်ပါသည့်တောင်က စျေးကြီးရုံသာမက လုံလောက်သည့် အဆင့်အတန်းနှင့် အာဏာ မရှိပါက ဝယ်လို့ မရနိုင်ပေ။
ထို့ကြောင့် ဆုကြေးအဖြစ် တောင်းဆိုလိုက်တာ ပိုကောင်းသည်။
သူတို့လည်း အကျိုးအမြတ်ရနိုင်သလို လောဘကြီးသည်ဟုလည်း ဘုရင်ကြီးဆီက အထင်မခံရနိုင်ပေ။
ဘုရင်ကြီးက ကြက်သေ သေသွားခဲ့သည်။ "အဲ့ဘေးက စံအိမ်နဲ့ တောင်ပဲလား။"
တောင်းဆိုချက်က အလွန်သာမာန်ဆန်သည်။
မသေမျိုးဘုန်းတော်ကြီးရဲ့ တပည့်က လောဘမကြီးဘူးပဲ ကောင်းတယ်။
ရှစ်ချင်းလျို့က ခဏလောက်တွေးပြီးနောက် မဝံ့မရဲပြောခဲ့သည်။ "ရေပူစမ်းပါရှိရင်တော့ ပိုကောင်းတာပေါ့ဘုရား။"
စံအိမ်မှာ ရေပူစမ်းရှိပါက ဆောင်းဦးနှင့် ဆောင်းရာသီမှာ သက်သောင့်သက်သာနေနိုင်သည်။
ထိုဘေးမှာ ဟင်းသီးဟင်းရွက်ပင် တချို့လည်း စိုက်ပျိုးလို့ ရသည်။
ဆောင်းတွင်းမှာလည်း လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်တွေ စားသောက်နိုင်သည်။
ဘုရင်ကြီးက ရယ်လိုက်မိလေသည်။ "ကောင်းပြီ၊ ကောင်းပြီ ရေပူစမ်းပါတဲ့စံအိမ်တဲ့ဘေးကတောင်ကို ချီးမြှင့်မယ်။"
ရှောင်ဟန်ကျန့်ရဲ့ ဇနီးက တောင်တွေကို သဘောကျကြောင်း ကြားဖူးခဲ့ပေမယ့် တကယ် မထင်မိခဲ့ပေ။
သူက မြို့တော်ဆင်ခြေဖုံးက တောင်အကြီးကြီးမှာ ရေပူစမ်းပါသည့် စံအိမ်ကို လူလွှတ်ရှာခိုင်းပြီး ရှစ်ချင်းလျို့ကို ချီးမြှင့်ဖို့ ပြင်လိုက်လေသည်။
ထို့နောက် သူက ရှောင်ဟန်ကျန့်ကို မေးခဲ့သည်။ "မောင်မင်းကကော ဘာများလိုချင်လဲ။"
ဘုရင်ကြီးက သူတို့ကို ဆုချီးမြှင့်တယ်ဆိုပေမယ့် သူတို့ကို စမ်းသပ်ချင်နေမှန်း ရှောင်ဟန်ကျန့် သိသည်။
ထို့ကြောင့် သူက စကားများမနေပေ။
ခဏလောက်တွေးပြီးနောက် သူကပြောခဲ့သည်။ "အရှင်မင်းကြီး လွန်ခဲ့တဲ့နှစ်တွေက တော်ဝင်စာမေးပွဲ စာရွက်တွေကို ကြည့်လို့ ရမလား။"
ဘုရင်ကြီးက ထပ်ဆွံ့အသွားခဲ့သည်။ "လွန်ခဲ့တဲ့နှစ်တွေက တေယ်ဝင်စာမေးပွဲ မေးခွန်းတွေကြည့်ပြီး တော်ဝင်စာမေးပွဲအတွက် ပြင်မလို့လား။"
ရှောင်ဟန်ကျန့်က အမှန်အတိုင်းဖြေခဲ့သည်။ "အဲ့တာလည်း ပါပါတယ်ဘုရား၊ ဟိုးတုန်းက တော်ဝင်စာမေးပွဲမေးခွန်းတွေပါတဲ့ တော်ဝင်စာမေးပွဲအတွက် ပြင်ဆင်ရမယ့် စာအုပ်ထုတ်ချင်လို့ပါဘုရား။"
ဘုရင်ကြီးက ရှုပ်ထွေးစွာမေးခဲ့သည်။ "တော်ဝင်စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်တဲ့ စာအုပ် ဟုတ်လား။"
ရှောင်ဟန်ကျန့်က ရှင်းပြခဲ့သည်။ "တော်ဝင်သာမေးပွဲရဲ့ မေးခွန်းပုံစံနဲ့ အကြောင်းအရာတွေကို တုပပြီး မေးခွန်းစာအုပ်ထုတ်မှာပါဘုရား။"
ထို့နောက် သူနှင့် သူ့ဇနီး အရင်က ဆွေးနွေးထားသည့်ကိစ္စများကို ပြန်ပြောပြခဲ့သည်။
ထိုစကားကြားတော့ ရှစ်ချင်းလျို့ရဲ့ မျက်လုံးတွေ လင်းလက်သွားခဲ့သည်။
'ငါးနှစ်စာ အစမ်းမေးခွန်းနဲ့ သုံးနှစ်စာ ကောလိပ်ဝင်ခွင့်မေးခွန်း' ရှေးဟောင်းဗားရှင်း ထွက်လာတော့မှာလား။