လူသိရှင်ကြား တောင်းပန်ခြင်း
Vol. 46 Ch. 690
ဆိုနီ၏ ဥက္ကဋ္ဌ အာကီရို မိုရီတသည် ၎င်းတို့၏ ဆုံးရှုံးမှုများ မများသဖြင့် ဝန်ကြီးချုပ်မှ သတ်မှတ်သည့် စည်းကမ်း ချက်များကို အလွယ်တကူ သတောတူလိုက်သည်။ ဆိုနီမှလည်း ထိုဖြစ်ရပ်နှင့် မည်သို့မှ မသက်ဆိုင်ချေ။ ယခုအခါ ၎င်းတို့သည် သူတို့၏ အမှတ်တံဆိပ်အမည် ပေါ်တွင်သာ မှီခိုနေရသည်။ အကယ်၍ အမှတ်တံဆိပ်ကို ဖျက်ဆီးမိပါက ဆိုနီသည် နိဂုံးချုပ်သွားပေလိမ့်မည်။
ယနေ့အထိ ဒေဝါလီခံရသော ကုမ္ပဏီ တစ်ခုမှ မရှိသေးချေ။
ဆိုနီနှင့် ဆွေးနွေးခဲ့သည် တိုရှီဘာသည် ၎င်းတို့မှ တောင်းပန်ပြီး လျော်ကြေးပေးရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့သည်။ အခြားကုမ္ပဏီများကလည်း ၎င်းတို့၏ စက်ရုံများကို လွှဲပြောင်းပေးချင်ခဲ့သည်။ သို့ရာတွင် ဂျပန်အစိုးရမှ ၎င်းတို့ကို အမိန့်စာ ထုတ်ပေးစေချင်ပေသည်။
နောက်ဆုံးတွင် တိုရှီဘာသည် ၎င်းတို့၏ ဆုံးရှုံးမှုအတွက် အစိုးရအား လျော်ကြေးပေး လိုခဲ့သည်။ အဆိုးရွားဆုံး လေထု ညစ်ညမ်းမှု ဖြစ်စေသည့် စက်ရုံများလည်း မဟုတ်ချေ။ ဤသည်မှာ ဓာတုစက်ရုံများ ဖြစ်ပေသည်။ တရုတ်နိုင်ငံရှိ တိုရှိဘာ စက်ရုံများသည် မကြာသေးမီကမှ တည်ဆောက်ထားခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများမှာ သတင်းများတွင် ဖော်ပြထားသလောက် မပြင်းထန်ချေ။
အချိန်ကြာမြင့်စွာ ဆွေးနွေးပြီးနောက် ကုမ္ပဏီအားလုံး သဘောတူခဲ့ကြသည်။
တိုမီချီ မူရာယာမာသည် ထိုအဆိုပြုချက်ကို ပါလီမန်သို့ ချက်ချင်း တင်သွင်းကာ လွတ်တော်မှ အတည်ပြု လိုက်သည်။ ဤသည်က လတ်တလော အကောင်းဆုံးဖြေရှင်းချက်ပင်။ အချိန်ရပါက ထို့ထက်ပိုကောင်းသည့် အဖြေတစ်ခု ရှာတွေ့နိုင်မည် ဖြစ်သော်လည်း အချိန်က မရှိချေ။ ကြာလေလေ ဆုံးရှုံးမှု များလေလေ ဖြစ်နေသည်။ ထိုကုမ္ပဏီများ၏ ရှယ်ယာဈေးများ ကျဆင်းနေဆဲဖြစ်သည်။
*********
နိုရီရို အိုဂ သည် ဆိုနီ၏ ယာယီ ဥက္ကဋ္ဌအဖြစ် လူသိရှင်ကြား တောင်းပန်သည့် ပထမဆုံးလူ ဖြစ်သည်။ ဆိုနီသည် တရုတ်နိုင်ငံတွင် မည်သည့်စက်ရုံမှ မရှိကြောင်းနှင့် တရုတ်နိုင်ငံမှ ထုတ်လုပ်သော ထုတ်ကုန်အားလုံးကို ဆိုနီ၏ ကိုယ်စား အခြားစက်ရုံများမှ ထုတ်လုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုစက်ရုံအများစုမှာ တရုတ်ကုမ္ပဏီများ ဖြစ်သည်။ ထို့အပြင် ဆိုနီသည် ၎င်းတို့၏ စက်ရုံများကို တရုတ်နိုင်ငံတွင် ဖြစ်ပျက်ခဲ့သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမည့် ကိစ္စရပ်မျိုး မည်သည့်အခါတွင်မှ ခွင့်မပြုခဲ့ချေ။ ဆိုနီသည် လေထုညစ်ညမ်းမှုကြောင့် မကျန်းမာသူများကို ကူညီရန် ကန်ဒေါ်လာ (၁)သန်း လှူဒါန်းမည် ဖြစ်သည်။
ထိုထုတ်ပြန်ချက်မှ ဆိုနီသည် ကိုယ်ကျင့်တရား မြင့်မားစွာဖြင့် ရပ်တည်နေပြီး ၎င်းတို့အပေါ် လူအများ၏ သဘောထားများ ပြောင်းလဲစေပေသည်။ သို့မှသာ တရုတ်ဈေးကွက်သို့ ပြန်လာရန် လမ်းခင်းပြီးသား ဖြစ်လိမ့်မည်။
ဤထုတ်ပြန်ချက်၏ အကျိုးသက်ရောက်မှုကို မသိရသေးသော်လည်း ဆိုနီ၏ ရှယ်ယာ ဈေးနှုန်းများသည် လက်ရှိ အချိန်တွင် တည်ငြိမ်သွားကာ ဆက်လက် မကျဆင်းတော့ချေ။
ဆိုနီပြီးနောက် တိုရှီဘာ၏ အာရှရေးရာ တာဝန်ခံသည် လူသိရှင်ကြား တောင်းပန်ခဲ့သည်။ ထိုစက်ရုံများတွင် ကြီးကြပ် ကွပ်ကဲမှု ညံ့ဖျင်းခဲ့သည့်အတွက် တောင်းပန်ခဲ့ပြီး တိုရှီဘာမှ လျော်ကြေး ပေးလိုပါသည်။ လျော်ကြေးငွေ ပမာဏကို တရုတ်အစိုးရနှင့် ဆွေးနွေးမည် ဖြစ်သည်။
သို့ရာတွင် ဖုန်းယွီသည် ရှယ်ယာဈေးများ မနိမ့်ကျသေးဟု ခံစားရသည်။ ထိုကုမ္ပဏီများ၏ ရှယ်ယာဈေးများ ထပ်မံကျဆင်းရေးအတွက် ပိုမို ဆောင်ရွက်သင့်ပေသည်။
********
တရုတ်ရေးရာ တာဝန်ခံသည် မည်သည့်အတွက် တောင်းပန်သနည်း။ တရုတ်နိုင်ငံရှိ စက်ရုံများတွင် စက်ရုံမှူးများ ရှိသော်လည်း ၎င်းတို့၏ လစာမှာ အလွန်နိမ့်ကျပြီး ကုမ္ပဏီအတွက် အမြတ်အစွန်း မြင့်မားလှပေသည်။
တစ်ယောက်ယောက် တောင်းပန်ရမည်ဆိုလျှင် အနည်းဆုံး ကုမ္ပဏီ၏ ဒု-ဥက္ကဋ္ဌဖြစ်သင့်ပေသည်။ ကုမ္ပဏီ ဥက္ကဋ္ဌ ပင်လျှင် ထွက်၍ တောင်းပန်သင့်ပေသည်။ ဤတောင်းပန်မှုကို မိမိတို့ လက်မခံနိုင်ချေ။
သတင်းစာတွင် ထိုအမြင်ကို ဖော်ပြကာ လူထု၏ ဒေါသ လျော့ပါးမှု ပြန်စလာပြန်သည်။
တရုတ်အစိုးရမှလည်း ထိုကုမ္ပဏီများ၏ ထိပ်တန်းပုဂ္ဂိုလ်များ တောင်းပန်ရန် တောင်းဆိုထားသည်။ ဂျပန်အစိုးရ၏ အကြီးတန်းခေါင်းဆောင်သည်လည်း တရုတ်နိုင်ငံကို တောင်းပန်ရမည် ဖြစ်သည်။
တရုတ်နိုင်ငံသားများမှလည်း ကျေနပ်က ၎င်းတို့အစိုးရကို ထောက်ခံကြောင်း ဖော်ပြကြသည်။ တရုတ်အစိုးရသည် ၎င်းတို့၏ ရပ်တည်ချက် ခိုင်မာကာ တရုတ်များ ဂုဏ်ယူရပေသည်။
ဖုန်းယွီ သူ့ကိုယ်သူ စမ်းစစ်နေသည်။ ကံကောင်းစွာဖြင့် အင်တာနက်သည် ကနဦးအဆင့်တွင် ရှိနေသဖြင့် ယခုအချိန်တွင် တရုတ်အင်တာနက်သုံးစွဲသူ အများအပြား မရှိသေးချေ။ သို့မဟုတ်ပါက အင်တာနက်ပေါ်တွင် စကားလုံး စစ်ပွဲများ ဖြစ်လာပေလိမ့်မည်။
ဖုန်းယွီသည် ဂျပန်ကုမ္ပဏီများအား ဤကဲ့သို့ ပြုမူရန် မျှော်လင့်ခဲ့သည်။ သို့ရာတွင် တရုတ်အစိုးရသည် ၎င်းတို့၏ တောင်းဆိုချက်များကို အခိုင်အမာ ရပ်တည်ပါ တစ်ဖက်မှ လက်ခံမည်ဟု အခိုင်အမာ ယုံကြည်ပေသည်။ ထို ကုမ္ပဏီများသည် တရုတ်အစိုးရကို ဂရုမစိုက်သော်လည်း ဂျပန်အစိုးရသည် တရုတ်၏ တောင်းဆိုချက်များကို လျစ်လျူရှု၍ မရချေ။ အကယ်၍ တရုတ်နှင့် ဂျပန်ကြား ဆက်ဆံရေး ယိုယွင်းလာပါက ဂျပန်၏ စီးပွားရေး သေဆုံးလုလုထိ ထိခိုက်စေလိမ့်မည်။
ယင်းသည် ဂျပန်၏ ကျောထောက်နောက်ခံဖြစ်သည့် အမေရိကန်ရော ဂျပန်အတွက်ပါ ကြီးမားသော အကျပ်အတည်း ဖြစ်ကာ ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့် ထုတ်ပြန်ချက်မှ မထုတ်ပြန်ခဲ့ချေ။ ထိုဖြစ်ရပ်မျိုးတွင် အမေရိကန်မှလည်း ဂျပန်ကို မထောက်ခံခြင်းကြောင့်ပင်။ ဓာတ်ပုံများနှင့် ဗွီဒီယိုများသည် ဂျပန်နိုင်ငံ ကုမ္ပဏီများ၏ အမှားအယွင်းများကို သက်သေပြပြီး ဖြစ်သည်။
တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် ရုရှားနှင့် ဂျာမနီတို့သည်လည်း တရုတ်ကို ထောက်ခံကြောင်း ဖော်ပြကြသဖြင့် ဂျပန်အတွက် ပို၍ အခက်ရစေတော့သည်။
တိုမီချီ မူရာယာမာ ရူးသွပ်သွားတော့သည်။ ထိုကုမ္ပဏီများ တောင်းပန်ပြီးပါက သံလက်သီးကျူးနှင့် ဆက်သွယ် နိုင်မည် သို့တည်းမဟုတ် တစ်ဖက်သား၏ ဒေါသ ဖြေလျော့နိုင်မည်ဟု ထင်ထားခဲ့သည်။ ထို့နောက် တရုတ်ကို အကျိုးခံစားခွင့်ပေးရန် ဂျပန်နိုင်ငံကိုယ်စားပြု၍ ဤအဖြစ်အပျက် ပြီးဆုံးသွားမည်ဖြစ်သည်။
အကယ်၍ ဤပြဿနာကို မဖြေရှင်းနိုင်သေးပါက တိုမီချီ မူရာယာမာသည် အစိုးရ အဖွဲ့ဝင် ဝန်ကြီးအချို့အား တောင်းပန်ရန် တောင်းဆိုမည်ဖြစ်သည်။ ထိုသို့ တောင်းပန်ပြီးနောက် တရုတ်ကိစ္စမှ လက်ရှောင်ချင်နေသည်။
ယခုမူကား သူစီစဉ်ထားသလို မဟုတ်ချေ။ ကုမ္ပဏီများ၏ ထိပ်တန်း ခေါင်းဆောင်များ တောင်းပန်ရန် ထွက်မလာဘဲ တိုမီချီ မူရာယာမာသည် နောက်ကိုယ်၌ ပုန်းမနေနိုင်တော့ချေ။ ဂျပန်အစိုးရ ထိပ်တန်းခေါင်းဆောင်ကို တောင်းပန်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဧကရာဇ်မင်းအား လူသိရှင်ကြား တောင်းပန်ရန်ကိုမူ တောင်းဆိုရ မရနိုင်ပေ။
အကယ်၍ တိုမီချီ မူရာယာမာသည် ဧကရာဇ်အား တောင်းပန်ရန် ရဲရဲဝံ့ဝံ့ တောင်းဆိုပါက ၎င်း၏ ဝန်ကြီးချုပ် နောက်ဆုံး နေ့ရက် ဖြစ်လာပေလိမ့်မည်။
တိုမီချီ မူရာယာမာသည် ထိုကုမ္ပစီများ၏ ဥက္ကဋ္ဌများကို ချက်ချင်း ဖုန်းဆက်လိုက်သည်။ ထိုကုမ္ပဏီများ၏ ညွှန်ကြားရေးမှူးများ တောင်းပန်ရုံဖြင့်ပင် မလုံလောက်ချေ။ ထိုကုမ္ပဏီများ၏ ဥက္ကဋ္ဌများ တောင်းပန်ရပေမည်။
ဂျပန်ကုမ္ပဏီများ၏ ဒါရိုက်တာသည် CEO နှင့်တူကာ၊ ဥက္ကဋ္ဌသည် ဒါရိုက်တာ ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌနှင့် ညီမျှပေသည်။ ထိုအဖြစ်အပျက်ကို ကုမ္ပဏီများမှ သမ္မတကြီးနှင့် တွေ့ဆုံစဉ် ပြေလည်အောင် တောင်းပန်နိုင်ခဲ့သည်။ သို့ရာတွင် ယခုမူ တရုတ်နိုင်ငံမှ ထိုကုမ္ပဏီများ၏ ဥက္ကဋ္ဌ ထွက်လာရန် တောင်းဆိုထားသည်။ ဤအရာအားလုံးမှာ ၎င်းတို့၏ မိုက်မဲမှုကြောင့် မဟုတ်ပေလော။
ဂျပန် အစိုးရအဖွဲ့သည် ထိုကုမ္ပဏီများကို တောင်းပန်ရန် ထိုကုမ္ပဏီများ၏ ဥက္ကဋ္ဌများအား ဖိအားပေးရန် စတင် လုပ်ဆောင်နေပေပြီ။ သို့မဟုတ်ပါက ၎င်းတို့၏ ကုမ္ပဏီများကို အပြစ်ပေးမည်ဖြစ်သည်။
*********
“ညီနောင်ဖုန်း.. ဂျပန်ဝန်ကြီးချုပ် ထွက်လာပြီး တောင်းပန်မယ် ထင်လား..”
ဖူကွမ်းကျန့် မေးလိုက်ရာ ဖုန်းယွီမှ ယုံကြည်မှုအပြည့်ဖြင့်..
“သူ တောင်းပန်ရမှာပေါ့.. အဲ့လိုမှ တရုတ်ကို မတောင်းပန်ရင် ဂျပန် ရှုံးသွားလိမ့်မယ်.. ဒီလိုအဖြစ်မျိုးလဲ ဂျပန် လက်ခံနိုင်မှာ မဟုတ်ဘူး..”
“အဲ့ကုမ္ပဏီ နည်းနည်းက ငါတို့ကို ဆက်သွယ်လာတယ်.. ဒီကောင်တွေ ငါတို့ ဆိပ်ကမ်းတွေမှာ ဝင်ခွင့်ရချင် နေတာ..”
လီကျယ်ခိုင်သည်လည်း ဂုဏ်ယူစွာ ပြောလိုက်သည်။ လီမိသားစုသည် ဆိပ်ကမ်းများ၏ (၆၀)ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားပေသည်။ ထိုကုမ္ပဏီများသည် သူတို့အား ဦးညွှတ်ယုံမှလွဲ၍ ရွေးချယ်စရာ မရှိချေ။ အထူသဖြင့် ယခုကဲ့သို့ အချိန်မျိုးတွင် ဖြစ်သည်။
“ဟား.. ဟား.. ဟား… ဒီကောင်တွေ ခံစရာရှိလို့ ခံရတာပါ.. ဒီအရှုတ်အထွေကို သူတို့ကိုယ်တိုင် ဖန်တီးခဲ့ကြတာ လေ.. သူတို့က တရုတ်ကို ကျော်နိုင်မယ် ထင်နေကြလားမသိဘူး..”
ဖူကွမ်းကျန့် ဒေါသတကြီး ပြောပြီး အားလုံး ခေါင်းညိတ်ပြကြသည်။
“ဂျပန် ဧကရာဇ် တောင်းပန်ဖို့ ထွက်လာရင်ရော ဘာဖြစ်လဲ.. ဒူးထောက်ပြီး တောင်းပန်ရင် အကောင်းဆုံးပဲ..”
ဖူကွမ်းကျန့် ရယ်လိုက်ပြန်သည်။ ဖုန်းယွီ ခေါင်းခါပြရင်း..
“ဧကရာဇ် တောင်းပန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး.. ဒါပေမယ့် သူတို့ဝန်ကြီးချုပ်ကိုတော့ (၉၀)ဒီဂရီ ဦးညွတ်ပြီး တောင်းပန်ဖို့ မျှော်လင့်လို့ရတယ်.. ရိုးရိုးသားသား ပြောရရင် တရုတ်က အခြေမခိုင်ဘူး.. တကယ်လို့ ဒီအဖြစ်အပျက် သာ အမေရိကန်မှာဆို ဧကရာဇ်ထွက်လာ လိမ့်မယ်.. (၁၀)နှစ်အတွင်း တရုတ်နိုင်ငံက ကမ္ဘာ့ စွမ်းအားကြီး နိုင်ငံ ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်..”
“(၁၀)နှစ်ပဲလား..”
ဖူကွမ်းကျန့် မျက်ခုံးပင့်လိုက်သည်။
“လုံလောက်ပါတယ်..”
ဖုန်းယွီသည် တရုတ်နိုင်ငမှာ သူ့ယခင်ဘဝများထက် ပိုမို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည် ထားသည်။
“ဒါရိုက်တာ ဒီသတင်းကို မြန်မြန် ကြည့်လိုက်အုံး.. ကိစ္စကြီး တစ်ခုတော့ ဖြစ်နေပြီ..”
ဖူကွမ်းကျန့်၏ လက်ထောက်သည် တံခါးပင် မခေါက်ဘဲ အခန်းအတွင်းသို့ ပြေးဝင်လာပေသည်။
“ဘာသတင်းလဲ..”
ဖူကွမ်းကျန့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လက်ထောက်မှ အစည်းအဝေးခန်းအတွင်းရှိ ရုပ်မြင်သံကြားကို စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ပေးကာ..
“ဂျပန် ဝန်ကြီးချုပ်က ရုပ်မြင်သံကြားမှာ တိုက်ရိုက် တောင်းပန်နေတယ်လေ..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)