နို့လက်ဖက်ရည် အရောင်း မြှင့်တင်ရေးပွဲ
Vol. 46 Ch. 677
ထိုင်ဟွာကုန်တိုက်သည် ၎င်းတို့၏ ပေးသွင်းသူအားလုံးနှင့် စာချုပ် အသစ်များ သက်တမ်းတိုးခဲ့သည်။ နှုန်းထား အသစ်များသည် ဈေးသက်သာသော်လည်း ထိုင်ဟွာ ကုန်တိုက်ဘက်မှလည်း အရောင်းမြှင့်တင်ရေး ပွဲများ ကျင်းပခွင့် ပြုထားပေသည်။
ထိုင်ဟွာ ကုန်တိုက်သည် ၎င်းတို့၏ ထုတ်ကုန်များကို ပြသရန် အကောင်းဆုံး အနေအထားပေးထားကာ သုံးစွဲသူများကို ဆွဲဆောင်ရန် အံ့မခန်းနည်းလမ်းဖြင့် ၎င်းတို့၏ ထုတ်ကုန်များ ပြသရန် ကူညီပေသည်။ ပေးသွင်းသူ များဘက်မှ ၎င်းတို့ထုတ်ကုန်များကို အခြားနည်းလမ်းဖြင့် ကြော်ငြာရန်လည်း ခွင့်ပြုပေးထားသည်။ ဥပမာအားဖြင့် လီဟဟသည် ၎င်းတို့၏ နောက်ဆုံးထွက်ကုန်အတွက် အရောင်းမြှင့်တင်ရေး တစ်ခု လုပ်နေပေသည်။ ဤသည်မှာ နို့လက်ဖက်ရည် သာပင်။
(၂)မီတာ အရှည်ရှိပြီး၊ ကျားလေးနှင့် မော်ဒယ်တစ်ဦးပါဝင်သည့် ပိုစတာ တစ်ခု ရှိနေပေသည်။ ကျားလေးသည် နို့လက်ဖက်ရည်ကို တစ်ဖက်တစ်ခွက်ကိုင်ကာ မော်ဒယ် အမျိုးသမီးအား ကမ်းပေးနေပေသည်။ ထို မော်ဒယ်အမျိုး သမီးသည်လည်း ပြုံးနေကာ ဘာကိုရွေးရမှန်းမသိ ဖြစ်နေသည့်ပုံ ဖော်ထားပေသည်။
ကျားလေး ပိုစတာသည် ဈေးဝယ်သူများကို ဆွဲဆောင်သွားပေသည်။ ပိုစတာဘေးတွင်း စားပွဲတစ်လုံးရှိကာ ထိုအပေါ်တွင် ခွက်သေးလေး များစွာရှိနေပေသည်။ နို့လက်ဖက်ရည်၏ ရနံ့သည် နေရာတိုင်းသို့ ပျံ့လွင့်နေပေသည်။
ဤသည်က ဈေးဝယ်သူများကို ဆွဲဆောင်နိုင်သည် မဟုတ်ပေ။ စားပွဲနောက်တွင် ငယ်ရွယ်ချောမောလှပသည့် ကောင်မလေး အနည်းငယ် ရှိနေပေသည်။ သူတို့အားလုံး လေယဉ်မယ် ဝတ်စုံများဖြင့် ရပ်နေကာ ဈေးဝယ်သူများကို ဆွဲဆောင် ညှို့ယူနေပေသည်။
၎င်းတို့အထဲမှ တစ်ယောက်သည် မိုက်ကို ကိုင်ထားကာ-
“လီဟဟ ရဲ့ နောက်ဆံယုးထွက်ကုန်ဖြစ်တဲ့.. တစ်ကြိမ်တစ်ခါမှ မြည်းမကြည့်ဖူးသေးတဲ့ ထိုင်ဝမ် ဘာဘယ် နို့လက်ဖက်ရည် အသစ်ပါ.. ဒီခွက်ကလေးတွေကို လာကြည့်လို့ရပါတယ်.. ပုလဲနက်လို အလုံးလေးတွေ မြင်နိုင်မှာပါ.. ဒီလက်ဖက်ရည်ရဲ့ ရနံ့ကိုလဲ လူတိုင်း ရလိမ့်မယ် ထင်ပါတယ်.. ဒါက လီဟဟရဲ့ နောက်ဆုံး ထွက်ကုန် ဖြစ်ပါတယ်ရှင်…. ‘ငါတို့ အားလုံး ဘာဘယ် နို့လက်ဖက်ရည်ကိ ချစ်တယ်..’ ..”
ကောင်းမွန်သည့် အရောင်းမြှင့်တင်ရေး နည်းလမ်းမှာ စကားပြောနေရုံနှင့် မပြီးသေးချေ။ လူအုပ်များအကြား အတွင်းလူ ထား ထားပေသည်။
မျက်စိ စွေစောင်းစောင်းနှင့် လူမှ…
“ပြီးခဲ့တဲ့ နှစ်တုန်းက ထိုင်ဝမ်သွားတော့ ထိုင်ဝမ် နို့လက်ဖက်ရည် သောက်ကြည့်ဖူးတယ်.. မင်းတို့ နို့လက်ဖက်ရည်က စစ်ရော စစ်ရဲ့လား..”
“ဒီ လက်ဖက်ရည် စစ် မစစ် ပါးစပ်နဲ့ ပြောမနေတော့ပါဘူး.. ဟိုဆိုင်းဘုတ်မှာ မြင်လား.. အခမဲ့ နမူနာတွေပါ.. လူကြီးမင်းကိုယ်တိုင် မြည်စမ်းကြည့်ဖို့ ဖိတ်ခေါ်ပါရစေ..”
နို့လက်ဖက်ရည် အနည်းငယ်ကို (၅၀)မီလီ ခွက်ငယ်လေးထဲသို့ လောင်းထည့်ပေးလိုက်သည်။ ၎င်းးသည် ဈေးကွက် အတွင်းရနိုင်သည့် အသေးဆုံး စက္ကူခွက် ဖြစ်ပေသည်။
ဝိုင်းအကြည့်ခံရသည့် အမျိုးသားမှာ လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မြည်းကြည့်ပြီးနောက် မျက်လုံး ပြူးကျယ်စွာဖြင့်..
“ဟမ်.. အဲ့ဒီ အရသာပဲ.. ထိုင်ဝမ်မှာ သောက်ခဲ့ရတာနဲ့ အတူတူပဲ.. အရသာ ရှိလိုက်တာ..”
ပြောပြီးသည်နှင့် နှစ်ခွက် ဆင့်သောက်လိုက်သည်။
ထို့နောက် လူအုပ်ကြားမှ ဒုတိယ အတွင်းလူ ထွက်လာကာ…
“နို့လက်ဖက်ရည်ဆို … မင်း ဘာတွေ စားနေတာလဲ..”
“ပုလဲ.. ဒါက ဘာဘယ်နို့လက်ဖက်ရည်လေ.. အထဲမှာ ပုလဲလုံးတွေ ပါတယ်.. အရမ်း အရသာရှိတယ်.. ခက်တာက ဒီ ဘာဘယ်နို့လက်ဖက်ရည် တရုတ်နိုင်ငံက တခြားနေရာတွေမျာ မရနိုင်တာ ဝမ်းနည်းစရာပဲ..”
“တကယ် အရသာရှိတာလား.. ဒီနမူနာတွေက အခမဲ့လား.. တစ်ခွက်လောက် စမ်းသောက် ကြည့်ပါရစေ..”
“အဆင်ပြေပါတယ်.. ဆရာ.. ဒီကို လာပါ..”
“နေအုံး.. အခမဲ့ နမူနာသောက်ပြီး အရသာ မကြိုက်လို့ မဝယ်ရင် အပြင်ပြန်ထွက်သွားလို့ရလား..”
ဒုတိယ အတွင်းလူမှ မေးလိုက်သည်။
ဈေးဝယ်သူ အနည်းငယ်သည်လည်း နမူနာများကို မြည်းစမ်းကြည့်ချင်သော်လည်း ချက်ချင်း ရပ်သွားကြပေသည်။ မှန်ပေ၏။ နမူနာ သောက်ကြည့်ကာ မဖြစ်မနေ ဝယ်ရပေလိမ့်မည်။ ထို ထုတ်ကုန် ဈေးအရမ်းကြီးပါက မည်သို့ ပြုလုပ်ရမည်နည်း။
“စိတ်အေးအေးထားပါ.. ဘယ်သူ့ကိုမှ ဝယ်ခိုင်းမှာ မဟုတ်ပါဘူး.. တကယ်လို့ အဲလို လုပ်ခဲ့ရင် ကုန်တိုက်ဝန်ထမ်း တွေက ကျမတို့ကို တားလိမ့်မယ်.. ဒါက တရုတ်နိုင်ငံလေ.. ကျမတို့အားလုံး လူ့အခွင့်အရေး လိုက်နာသူတွေပါ.. လူတိုင်းမှာ မတူညီတဲ့ အရသာဖုတွေ ပါတော့ ဒီလက်ဖက်ရည်ကို လူတိုင်း ကြိုက်လိမ့်မယ်လို့တော့ မပြောဝံ့ပါဘူး.. လက်ဖက်ရည်.. နို့.. သစ်သီးဖော်ရည် ဒါမှမဟုတ် ကာဗွန်နိတ် အချိုရည်တွေ ကြိုက်တဲ့သူဆိုရင်တော့ ပုံမှန်ပါပဲ.. ဘာမှ စိတ်မပူပဲ လွတ်လွတ်လပ်လပ် မြည်းစမ်းကြည့်ကြပါ..”
ဒုတိယ အတွင်းလူမှ မြည်းစမ်းကြည့်ကာ ပုလဲကို မျိုချပြီးနောက်..
“ဒါ အရသာ တော်တော် ကောင်းတာပဲ.. အာ.. လက်ဖက်ရည်ကို အရောင်အမျိုးမျိုး ထုတ်ထားတာ ဘာဖြစ်လို့လဲ..”
“အဲ့ဒါတွေက အရသာ မတူတာတွေပါ.. ရှင် မြည်းခဲ့တာက မူလ အရသာပါ.. ကျမတို့မှာ ကြက်သွန်မြိတ်မွှေး၊ ပဲနီ၊ ဂျုံ၊ ချောကလက်၊ ကော်ဖီ အစရှိသဖြင့် အမျိုးအစားစုံရှိပါတယ်.. အရသာမတူသလို အရောင်တွေလဲ မတူအောင် လုပ်ထားပါတယ်.. ကိုယ်ကြိုက်တဲ့ အရသာနဲ့ တိုက်ဆိုင်မှာ တစ်ခုခုတော့ ရှိမှာ သေချာပါတယ်..”
ကြက်သွန်မြိတ်မွှေးမှာ အမြိတ်တစ်ခုသာ ဖြစ်ပေသည်။ သို့တိုင်အောင် ဆွဲဆောင်မှု မရှိချေ။ ထို့ကြောင့် ကြက်သွန်မြိတ်မွှေး ဟု အမည်ပေးလိုက်ခြင်း ဖြစ်သည်။
“နောက်တစ်ခွက်လောက် မြည်းလို့ရအုံးမလား..”
“ရပါတယ်.. ဒီ အစ်ကိုအတွက် စက္ကူခွက် အသစ်ပေးလိုက်ပါ.. ဒါမှ အရသာတွေ ရောမသွားနိုင်မှာ.. ကျမတို့ဆီမှာ နမူနာတွေကို မြည်းချင်တဲ့သူများရှိရင် ဒီနေရာလေးမှာ တန်းစီပေးပါ.. ကျမတို့ ထုတ်ကုန်ကို ကြိုက်တယ်ဆိုရင် ဝယ်သွားလို့ရပါတယ်.. အခု အရောင်းမြှင့်တင်ရေး တစ်ခုရှိနေပါတယ်.. (၂)ခုဝယ်ပြီး (၁)ခု အခမဲ့ ယူလိုက်ကြပါ.. အရောင်းမြှင့်တင်ရေးက (၃)ရက်ထဲပါနော်..”
အရောင်းသမားများသည် နို့လက်ဖက်ရည်ကို အရောင်းမြှင့်တင်လျှက်ရှိပြီး လေယဉ်မယ် ဝတ်စုံနှင့် အမျိုးသမီးလေး များသည် စက္ကူခွက်ထဲသို့ လောင်းထည့်ပြီး ဈေးဝယ်သူများထံ ကမ်းပေးနေကြသည်။ လက်ဖက်ရည်များ ကုန်သွားသည့်အခါ ပါကင်အသစ်တစ်ထုပ် ဖွင့်ဖောက်၍ ဈေးဝယ်သူများ ရှေ့တွင်ပင် ရေနွေးဖြင့် ဖျော်လိုက်ကြသည်။
ဖြတ်သွားဖြတ်လာ ဈေးဝယ်သူများသည် မိန်းမချောလေးများ ကမ်းပေးနေသည့် အခမဲ့ နမူနာအတွက် တန်းစီ စောင့်ဆိုင်းနေသည်ကို တွေ့ကြရသည်။ ၎င်းတို့သည်လည်း စပ်စုချင်စိတ်ဖြင့် ဝင်ရောက် တန်းစီကြတော့သည်။
တစ်ကြိမ်တွင်မူ လူ(၅)ယောက် တန်းစီရပ်နေစဉ် လမ်းသွားလမ်းလာများ ဘုမသိဘမသိဖြင့်ပင် ဝင်ရောက် တန်းစီကြပေသည်။ လူတော်တော်များ တန်းစီနေသည်ကို မြင်သည့်အခါ ပစ္စည်းကောင်း သို့တည်းမဟုတ် လျော့ဈေးရမည်ဟုသာ လူအများ တွေးထင်ကြလေသည်။
ယခုအခါ လူများတိုးသည်ထက် တိုးလာကာ တန်းစီစောင့်ဆိုင်းနေကြပြီး လူတန်းရှည်ကြီးကြောင့် ဈေးဝယ်သူများကို ပိုမို ဆွဲဆောင်အားကောင်းလာပေသည်။
ဈေးဝယ်သူအချို့သည် နို့လက်ဖက်ရည်ကို မြည်းစမ်းကာ အရသာကို နှစ်သက်ကြသည်။ လက်ဖက်ရည်အတွက် အရောင်းမြှင့်တင်ရေးရှိကြောင်း ကြားရပေသည်။ နို့လက်ဖက်ရည် တစ်ခွက်အတွက် (၂)ယွမ်ဆိုသည်မှာ လူတော်တော် များများအတွက် ဈေးအလွန်ကြီးသော်လည်း ဈေးဝယ်သူများမှာ ဈေးတန်သည်ဟု ယူဆနေကြ ဆဲပင်။ ဤသည်မှာ ထိုင်ဝမ်နို့လက်ဖက်ရည်ဖြစ်၍ အလွန်အရသာ ရှိနေသည် မဟုတ်ပေလော။
နို့လက်ဖက်ရည် ဝယ်ယူသူ အများစုသည် (၄)ခွက် ယူကြသည်။ အခမဲ့ (၂)ခွက် ထပ်ရသဖြင့် အရသာ (၆)မျိုးစလုံးကို မြည်းစမ်းနိုင်မည် ဖြစ်ပေသည်။
စင်ပေါ်ရှိ နို့လက်ဖက်ရည်ကို လျင်မြန်စွာ ပျောက်ကွယ်ကုန်ပြီ ကုန်တိုက်ဝန်ထမ်းများမှ ချက်ချင်းပင် ပြန်လည် သိမ်းဆည်းလိုက်သည်။
ကုန်တိုက်တွင် တန်းစီလျှက်ရှိနေသည့် လူတန်းရှည်ကြီးကို မြင်လိုက်ရသည့်အခါ ဖုန်းယွီ ပြုံးလိုက်သည်။ နောင်တွင် ထိုကဲ့သို့သော အရောင်းမြှင့်တင်ရေးမျိုးကို လူများပို၍ စိတ်ဝင်စားပေသည်။
နို့လက်ဖက်ရည်၏ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တစ်ခွက်လျှင် ဆင့်(၅၀)သာပင်။ ထိုင်ဟွာ ကုန်တိုက်ကို ပေးသွင်းသည့် နှုန်းထားမှာ (၁)ယွမ်ဖြစ်သည်။ အရောင်းမြှင့်တင်ရေးနှင့် ဈေးကွက်ရှာဖွေရေး ကုန်ကျစရိတ်ကို ထည့်ပေါင်းလျှင်ပင် စုစုပေါင်း ကုန်ကျစရိတ်မှာ (၁)ယွမ်ပင် မပြည့်ချေ။ ထိုင်ဟွာကုန်တိုက်၏ လက်လီ ဈေးနှုန်းမှာ (၁.၈)ယွမ်ဖြစ်သည်။ ဤသည်မှာ (၂)ယွမ်ပင်မရှိဟူသော ခံစားချက်ကို ဈေးဝယ်သူများ ခံစားရစေရန်ဖြစ်ပြီး အခြားနေရာများထက် (၂၀)ဆင့် ဈေးသက်သာနေပေသည်။
ဤကဲ့သို့ ရာသီဥတုအေးနေချိန်တွင် ရေနွေးပူပူ တစ်ခွက် သောက်ရသည်မှာ အလွန် ကောင်းပေသည်။ ထို့အပြင် ဤနို့လက်ဖက်ရည် အနံ့နှင့် အမှန်တကယ် ချစ်စရာကောင်းပြီး ဝင်မြည်းရန် တန်းမစီကြသော ဈေးဝယ်သူများသည်လည်း အရောင်းမြှင့်တင်ရေးကြောင့် ဝယ်ဖြစ်အောင် ဝယ်သွားကြသည်။
နို့လက်ဖက်ရည် ဝယ်ယူသူ အများစုမှာ လူငယ်များသာ ဖြစ်ပေသည်။ ၎င်းတို့သည် ယခုမှ အလုပ်စလုပ်ကြမည့် သူများ ဖြစ်ကာ ငွေစုဆောင်းရန် စိတ်မဝင်စားကြချေ။ အသစ်မဆန်းတွေ့ပါက စမ်းကြည့်ချင်ကြပေသည်။ နောက်ထပ် ဖောက်သည် အုပ်စုမှာ ငယ်ရွယ်သော မိဘများ ဖြစ်ပေသည်။ ကလေးအတွက် ဝယ်ဖြစ်အောင် ဝယ်သွားကြသည်။
ထိုမိဘများသည် နို့လက်ဖက်ရည်ကို ပုံမှန် အဖျော်ယမကာ အဖြစ်သာ သဘောထားကြပေသည်။ ဤကဲ့သို့ အေးမြသည့် ရာသီဥတုတွင် ကလေးများအား ကာဗွန်နိတ် ဖျော်ရည်များ တိုက်ရခြင်းထက် ပိုကောင်းခြင်း ကြောင့်ပင်။
ညပိုင်း ကုန်တိုက် ပိတ်ပြီးနောက် လီဟဟ၏ ဝန်ထမ်းများနှင့် ကုန်တိုက် ဝန်ထမ်းများသည် တစ်နေ့တာ ရောင်းအား စုစုပေါင်းကို တွက်ကြည့်ကြသည်။
ကိန်းဂဏန်းများ ရလာသည့်အခါ ဝန်ထမ်းများသည် ၎င်းတို့မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်ခဲ့ကြပေသည်။ အဖြေ မှန် မမှန် နှစ်ကြိမ်ထပ်မံ စစ်ဆေးကြည့်သည်။ ယနေ့ အရောင်းမြှင့်တင်ရေးသည် ထူးခြားသော အရောင်း ပမာဏတစ်ခု ဖန်တီးခဲ့ပေပြီ။
ကုန်တိုက်ခွဲ (၂၀)လုံးတွင် နို့လက်ဖက်ရည် မည်မျှ ရောင်းရသနည်း။ ဤသည်က ပထမဆုံးနေ့ပင်။ အရောင်း မြှင့်တင်ရေးမှာ (၂)ရက် ကျန်နေသေးသည်။ (၃)ရက်အကြာတွင် ကုန်များများ၌ အရောင်းမြှင့်တင်ရေး ဝန်ထမ်းများ ရှိတော့မည် မဟုတ်ချေ။ သို့ရာတွင် (၂)ခွက်ဝယ်၊ (၁)ခွက် အခမဲ့မှာ ဆက်ရှိနေအုံးမည်ပင်။ ဤသည်မှာ တစ်ပတ်ကြာပေလိမ့်မည်။ ဤတစ်ပတ်၏ ရောင်းအားသည် တစ်လအတွင်း သူတို့ခန့်မှန်းထားသည်ထက် ပိုနေပေတော့မည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)