ထပ်မံ တရားစွဲ ခံရခြင်း
Vol. 46 Ch. 679
ဂျပန်ကုမ္ပဏီ၏ ကိုယ်စားလှယ်များသည် ထိုင်ဟွာကုန်တိုက် ရုံးခန်းမှ ဒေါသတကြီး ထွက်ခွာသွားကြသည်။ ကုမ္ပဏီကို ကိုယ်စားပြုထားသဖြင့် ကောင်းကောင်းမွန်မွန် လက်ခံသင်ပေသည်။ ယခင်က ထိုကဲ့သို့ စော်ကား မခံရဖူးသေးချေ။ ထိုင်ဟွာကုန်တိုက်မှ ထိုလုပ်ရပ် လုပ်ခဲ့ပေသည်။
ဤ ထိုင်ဟွာကုန်တိုက်သည် မာနကြီးလွန်းလှပေသည်။
မိမိတို့ ကုမ္ပဏီမှ ဤသည်ကို ခပ်ပေါ့ပေါ့ဖြင့် ခွင့်လွှတ်မည် ထင်နေသည်လော။ သင်တို့မှာ ကုန်တိုက်ခွဲ တစ်ခုသာပင် မည်သည့်အတွက် မာနများ ရှိနေသည်လော။ ဤကုန်တိုက်ကို သင်ခန်းစာ တစ်ခု ပေးရပေတော့မည်။ မန်နေဂျာ ကောင်းအား အလုပ်ထုတ်ပစ်ရပေမည်။
နောက်တစ်နေ့တွင် ထိုင်ဟွာကုန်တိုက်သည် ဂျပန်ကုမ္ပဏီများကို ခွဲခြားဆက်ဆံနေသဖြင့် ဂျပန်ကုမ္ပဏီများ ပူးပေါင်း၍ တရားဆွဲဆိုကြောင်း သတင်းစာ အနည်းငယ်မှ ဖော်ပြခဲ့ပေသည်။ ထိုင်ဟွာကုန်တိုက်သည် တရုတ်နှင့် ဂျပန်အကြား ချစ်ကြည်ရင်းနှီးမှုကို ချိုးဖျက်နေသည်ဟု ဆောင်းပါးမှ ဖော်ပြထားပေသည်။ ထိုင်ဟွာကုန်တိုက်မှ တောင်းပန်ရန်လည်း တောင်းဆိုထားပေသည်။ ပေကျင်းအစိုးရမှလည်း တောင်းပန်ရပေမည်။
ဖူကွမ်းကျန့်နှင့် လီကျယ်ခိုင်တို့သည် အခြားပြည်နယ်များ၌ ကုန်တိုက်အတွက် နေရာသစ်များ ရှာဖွေနေကြစဉ် ထိုသတင်းရရှိသည့်အခါ ဖုန်းယွီထံ ချက်ချင်း ဖုန်းဆက်၍ မေးမြန်းရတော့သည်။
မန်နေဂျာကောင်းသည်လည်း ဖုန်းယွီအား ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ပြောထားပြီး ဖြစ်ပေသည်။ ဖုန်းယွီ မှလည်း မန်နေဂျာကောင်း မမှားဟု လက်ခံထားပေသည်။ ဤသည်က သာမန် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်၍၊ ဂျပန်ကုမ္ပဏီ ဖြစ်ခြင်း မဖြစ်ခြင်းနှင့် လုံးဝ မသက်ဆိုင်သဖြင့် အရေးမကြီးချေ။ သို့ရာတွင် ထိုသူများသည် မာနကြီး လွန်းနေကြပေသည်။ ၎င်းတို့ကို ရုံးခန်းအတွင်းမှ နှင်ထုတ်ခဲ့သည်မှာ သာမန် အပြစ်ဒဏ် တစ်ခုသာ ဖြစ်ပေသည်။ ဖုန်းယွီသာ ရှိနေပါက လုံခြုံရေး အစောင့်များဖြင့်ပင် ရိုက်နှက်ခိုင်းမိပေလိမ့်မည်။
ဖုန်းယွီသည် ဖူကွမ်းကျန့်နှင့် လီကျယ်ခိုင်တို့ကို စိတ်မပူရန်သာ ပြောလိုက်သည်။ ဤကိစ္စကို သူကိုယ်တိုင် ဖြေရှင်းကာ ထိုင်ဟွာကုန်တိုက်ကို ဆုံးရှုံး နစ်နာခံမည်မဟုတ်ချေ။
ကျန်းဟန်၏ ဖခင်ဖြစ်သူသည်လည်း ဖုန်းယွီအား ထိုအဖြစ်အပျက်ကြောင့် ဖုန်းခေါ်လာပေသည်။ ဖုန်းယွီသည် ထိုင်ဟွာကုန်တိုက်တွင် ရှယ်ယာပါနေကြောင်း သူသိပေသည်။ ဤအဖြစ်အပျက်သည် စီးပွားရေး အငြင်းပွားမှု မဟုတ်တော့ချေ။ နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုအဖြစ် တိုးမြင့်လာပေသည်။
“ဦးလေးကျန်း အဆင်ပြေပါတယ်.. ကျုပ်တို့ ကုန်တိုက်တွေမှာ သူတို့ ပစ္စည်းတွေ ရောင်းချင်နေပေမယ့် ကျုပ်တို့က ငြင်းလိုက်တာကို ဒေါသထွက်နေတာ.. ဒီကောင်တွေ ဘာမဟုတ်တာလေးနဲ့ ပြဿနာ ဖန်တီးလို့ မရပါဘူး..”
“ရှောင်ဖုန်း.. အထက်အရာရှိတွေသာ ဒီကိစ္စ ဝင်ပါချင်နေကြရင် မင်းကို ငါကူညီလို့ရမှာ မဟုတ်ဘူး… ဒီနေ့ မနက်တောင် ငါတို့ အစည်းအဝေးလုပ်တုန်းက မြို့တော်ဝန်နဲ့ အတွင်းရေးမှူး ဒီကိစ္စကို စိတ်ပူနေတယ်.. ဒီကိစ္စက နှစ်နိုင်ငံကြား ဆက်ဆံရေး ထိခိုက်လိမ့်မယ်.. ငါလဲ မင်းကို အကြံပေးယုံကလွဲပြီး သိပ်လုပ်မပေးနိုင်ဘူး..”
“ဒီလောက် ကူညီတာတင် ကျေးဇူးတင်လှပါပြီ.. ဒီကိစ္စ ကျုပ်ကိုယ်တိုင် ဖြေရှင်းမှာပါ.. မြို့တော် အစိုးရကိုရော.. တရုတ်အစိုးရကိုပါ ဒုက္ခမပေးပါဘူး.. အခြေအမြစ်မရှိတဲ့ စည်းကမ်းတွေကို အဲ့ကုမ္ပဏီတွေ ချမှတ်လို့ မရဘူးဆိုတာ ဒီကောင်တွေကို အသိပေးရမယ်..”
ဖုန်းယွီ မထီပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။
ကျွတ်…။ ကုန်တိုက် လုပ်ငန်းစုလော။ သင်တို့ကို ချေမှုန်းခြင်းအတွက် မိမိတို့အား အပြစ်မတင်နိုင်ချေ။
ဆိုနီ၊ တိုရှီဘာ၊ ပိုင်အိုနီးယာနှင့် ရှပ် ကုမ္ပဏီ (၄)ခုသည် မိမိတို့နှင့် ပူးပေါင်းချင်မည်လော။ ၎င်းတို့သည် နိုင်ငံပေါင်းစုံ ကုမ္ပဏီကြီးများဖြစ်၍ ထိုင်ဟွာကုန်တိုက်ကို ဖိအားပေးကာ တရုတ်နိုင်ငံကို တစ်ချိန်တည်းတွင် တံတွေးစွတ်နိုင် လောက်သည်အထိ ထိပ်တန်း အရာရှိများကို ဩဇာလွှမ်းမိုးနိုင်သည် ထင်နေသည်လော။
သင်တို့အားလုံး အတွေးလွဲနေကြပေပြီ။ ဂျပန် မပါဝင်လျှင်ပင် တရုတ်သည် ရပ်တည်နိုင်သော်လည်း၊ ဂျပန်မှာမူ တရုတ်ဈေးကွက် မရှိပါက မရပ်တည်နိုင်ချေ။ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်စီးသွားပါက ဂျပန်သည်သာ ဆုံးရှုံးမှု ကြီးမားသွားပေလိမ့်မည်။
ဖုန်းယွီသည် လက်ကိုင်ဖုန်းထုတ်က ယခင်က မခေါ်ခဲ့ဘူးသေးသည့် နံပတ်တစ်ခုကို ခေါ်လိုက်သည်။
“ဟယ်လို.. မစ္စတာ ဖန်း…. ကျုပ် ပမ့်မြို့တော် ယန္တရားကုမ္ပဏီက ဖုန်းယွီပါ.. ထိုင်ဟွာကုန်တိုက်မှာလဲ ကျုပ်.. ရှယ်ယာတွေ ပိုင်ထားတယ်.. ဒီနေ့ သတင်းစာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ကျူးကို ရှင်းပြချင်ပါတယ်.. အဆင်ပြေလား.. ဒါဆို ကျုပ် ဖုန်းစောင့်နေမယ်နော်..”
(၁၀)မိနစ်အကြာတွင် ဖုန်းယွီသည် မွန်းလွဲ (၁၂)နာရီခွဲတွင် ကျုံးနန်ဟေး သို့သွားရန် ဒါရိုက်တာ ဖန်းထံမှ ဖုန်းလက်ခံရလိုက်သည်။ ထိုနေရာတွင် ဝန်ကြီးချုပ် ကျူးနှင့် တွေ့စုံနိုင်ရန် ဖုန်းယွီအား တစ်ယောက်ယောက် လာခေါ်မည် ဖြစ်သည်။
ကားမောင်းနေစဉ် ချိုကျီချန်း လက်များ တုန်နေကာ..
“ငါတို့တွေ ဝန်ကြီးချုပ်ကျူးနဲ့ တွေ့ဖို့ ကျုံးနန်ဟေးကို တကယ်သွားမှာလား..”
“မင်း ကားမောင်းနေတာလေ.. လမ်းကိုသာ ကြည့်စမ်းပါ.. ငါပဲ သူနဲ့တွေ့လို့ရမှာ.. မင်း ဝင်လို့ရမှာမဟုတ်ဘူး..”
ဖုန်းယွီသည် ဤတွေ့စုံမှုတွင် သူနှင့်အတူ ကိုယ်ရံတော်တစ်ယောက် ခေါ်ပိုင်ခွင့်မရှိကြောင်း သိထားပေသည်။
လျိုကျီချန်း အနည်းငယ် စိတ်ပျက်သွားကာ ကားကိုသာ အာရုံစိုက် မောင်းနေလိုက်သည်။ သို့ရာတွင် ဝန်ကြီးချုပ် ကျူးနှင့် မတွေ့နိုင်လျှင်ပင် ကျုံးနန်ဟေး ကိုအနီးကပ် မြင်းဖူးသွားရပေလိမ့်မည်။
ကျုံးနန်ဟေး၏ ခြံဝင်းအတွင်း ဝင်နိုင်လျှင် အကောင်းဆုံးပင်။ သို့ရာတွင် မဖြစ်နိုင်မှန်းကို ချိုကျီချန်း သိနေပေသည်.
လျိုကျီချန်းသည် ဖုန်းယွီ ထိုနေရာအား မည်ကဲ့သို့ ဝင်နိုင်ကြောင်း မသိသလို ဖုန်းယွီသည် ဝန်ကြီးချုပ် ကျူး၏ ရုံးအုပ်ကို မည်သည့်အတွက် ဆက်သွယ်နိုင်ခဲ့ကြောင်း မသိခဲ့ချေ။ သို့ရာတွင် သူစိုးရိမ်ရမည့် ကိစ္စမဟုတ်သဖြင့် ထိုအကြောင်း သိပ်မတွေးတော့ချေ။
လျိုကျီချန်းသည် သူ၏ လက်ရှိအလုပ်အတွက် ကျေနပ်နေပေသည်။ သူ့တွင် လုပ်စရာ သိပ်မများသော်လည်း လစာ ကောင်းကောင်း ရနေပေသည်။ တခြားကိစ္စများအတွက် စိတ်ပူစရာမလိုချေ။ (၂)နှစ်အတွင်း ဖခင်အတွက် အိမ်တစ်လုံး ဝယ်နိုင်အောင် စုဆောင်းနိုင်မည်ဖြစ်သည်။
ကားလေးမှာ တဖြည်းဖြည်းနှင့် သွားလိုရာအရပ်သို့ ရောက်လာသည်။ လုံခြုံရေးများ တင်းကြပ်ကာ ကားကိုပါ ရှာဖွေရေး သေချာ လုပ်နေကြပေသည်။
ဖုန်းယွီ ဖုန်းခေါ်ပြီးနောက် လူလတ်ပိုင်းတစ်ယောက် ထွက်လာသည်။ ဖုန်းယွီကို တွေ့သည်အခါ အဆောက်အဦထဲသို့ ခေါ်သွားလိုက်သည်။
ရုံးခန်းအတွင်း မဝင်မီ ဖုန်းယွီထံသို့ သက်တော်စောင့် (၂)ယောက် ကပ်လာပြီး ခန္ဓာကိုယ်ကို ရှာချင်နေကြသည်။
“သူ့ကို ရှာစရာမလိုဘူးလို့ ဝန်ကြီးချုပ် မှာလိုက်တယ်..”
သက်တော်စောင့် (၂)ယောက် ခေါင်းညိတ်လိုက်ပြီး ဘေးတွင် ပြန်ရပ်နေကြသည်။ ဖုန်းယွီ စိတ်ပိုကြည်လာသည်။ ဝန်ကြီးချုပ်နှင့် တွေ့ဆုံချိန်တွင်ပင် မိမိအား ရှာဖွေရေး မလုပ်ခဲ့ချေ။ သံသယဝင်ခြင်း၊ အလေးမထားခြင်း ခံစားချက်များကို မကြိုက်ချေ။
“ကျေးဇူးတင်ပါတယ်..”
ဖုန်းယွီ ထုတ်ပြောလိုက်သည်။
ရုံးခန်းအတွင်း ဝင်ပြီးနောက် သံလက်သီးကျူး စာဖတ်နေသည်ကို တွေ့လိုက်ရသည်။ နေ့လည်စာ စားချိန်ရောက် နေသည့်အတိုင် အလုပ်လုပ်နေဆဲပင်။
သံလက်သီးကျူး မော့ကြည့်ကာ..
“ရှောင်ဖုန်း .. ရောက်လာပြီလား.. လာထိုင်.. ဒီစာ အရင်ဖတ်ကြည့်လိုက် အုံးမယ်..”
ဖုန်းယွီ ထောင့်တစ်နေရာတွင် ထိုင်ကာ အကူတစ်ယောက်မှ လက်ဖက်ရည် ယူလာသဖြင့် သောက်လိုက်သည်။ အခန်းအတွင်း၌ လူ(၃)ယောက်သာ ကျန်တော့သည်။ သံလက်သီး ကျူး၊ ဒါရိုက်တာဖန်းနှင့် ဖုန်းယွီတို့သာ။
(၅)မိနစ်ခန့် ကြာသည့်အခါ သံလက်သီးကျူးသည် စာရွက်စာတမ်းများကို ချလိုက်ကာ သူ့နှာရိုးကိုသူ နှိပ်နယ်နေလိုက်သည်။ ထို့နောက် ဖုန်းယွီထံသို့ လျှောက်သွားကာ ဘေးနားရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
“ထိုင်ဟွာကုန်တိုက် လုပ်ငန်းစု အကြောင်း ပြောချင်လို့ ဒီရောက်လာတာမို့လား..”
ဖုန်းယွီ တည်ငြိမ် အေးဆေးစွာဖြင့်ပင်..
“အဲ့ ဂျပန်ကုမ္ပဏီတွေ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရှင်းပြချင်လို့.. တကယ်ဆို ဒီကို လာရှင်းမပြရင်တောင် အဆင်ပြေမယ် ထင်တယ်.. အစိုးရက အဲ့ကုမ္ပဏီတွေ ကျုပ်တို့ကို အနိုင်ကျင့်တာကို ထိုင်ကြည့် နေမှာမှ မဟုတ်တာ..”
သံလက်သီးကျူး ဖုန်းယွီ စကားကို လက်မခံချေ။
“ဘာလို့ ဒီလိုပြောနိုင်တာလဲ.. အဲ့ကုမ္ပဏီတွေက ဂျပန်အစိုးရနဲ့ တစ်နည်းနည်း ပတ်သက်နေတယ်.. ထိုင်ဟွာ ကုန်တိုက် လုပ်ငန်းစုကို တိုင်ကြားချက် ပူးတွဲထုတ်လိုက်တာ.. ဒီကိစ္စက အခုဆို နိုင်ငံတော်အဆင့် အငြင်းပွားမှု တစ်ခုဖြစ်လာပြီ.. မင်းတို့တွေ ငါတို့အစိုးရက ပံ့ပိုးပေးလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက် ဘယ်ကများ ရလာပါလိမ့်..”
“ဘာလို့လဲဆိုတော့ ကျုပ်တို့က တရုတ်လုပ်ငန်းတစ်ခုလေ.. ကျုပ်တို့က တရုတ်ဖြစ်တဲ့အပြင် ထိုင်ဟွာကုန်တိုက်က ဘာအမှား တစ်ခုမှ လုပ်မထားဘူး..”
ဖုန်းယွီ ယုံကြည်ချက် အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“အို့.. မင်းတို့ အမှားမလုပ်ခဲ့ဘူးပေါ့လေ.. အဲ့ကုမ္ပဏီ ကိုယ်စားလှယ်တွေ မင်းကုမ္ပဏီကို စွပ်စွဲနေတယ်လို့ ပြောချင်တာလား..”
သံလက်သီးကြီးကို ဆုပ်ကိုင်ရင်း ဖုန်းယွီကို ကြည့်လိုက်သည်။
ဖုန်းယွီ၏ ပြန်လည်ဖြေကြားချက်မှာ သံလက်သီးကျူးကို အံ့အားသင့်စေတော့သည်။
“သူတို့က ကျုပ်တို့ကို စွပ်စွဲတာမဟုတ်ဘူး.. ကျုပ်တို့ ကုမ္ပဏီက သူတို့ကို ခွဲခြား ဆက်ဆံလိုက်တာ..”
ဒါရိုက်တာဖန်း မျက်မှောင်ကြုတ်လိုက်သည်။ ဆိုလိုသည်မှာ ထိုဂျပန်ကုမ္ပဏီများသည် ဤအငြင်းပွားမှု၌ မှန်နေပေသည်။ သို့ဆိုလျှင် ဖုန်းယွီသည် မည်သည့်အတွက် ဤနေရာသို့ လာခဲ့သနည်း။ အစိုးရမှ အကာအကွယ် ပေးရန် ရောက်လာခဲ့သည်လော။
ယခုအချိန်သည် တရုတ်နှင့် ဂျပန် သံတမန်ဆက်ဆံရေးအတွက် အရေးကြီးသော အချိန်ကာလ ဖြစ်ပေသည်။ နှစ်နိုင်ငံစလုံး ပူးပေါင်းဆောင်ရွက် လိုအပ်နေသည့် နယ်ပယ်များစွာ ရှိနေပေသည်။ ဤသည်က ဖုန်းယွီသည် တရုတ် အစိုးရအတွက် ပြဿနာတစ်ခု ဖန်တီးလိုက်ခြင်းပင်။
“မင်းတို့က ဘာလို့ ခွဲခြားဆက်ဆံလိုက်တာလဲ.. သူတို့ကို ခွဲခြားဆက်ဆံဖို့ ဘာအခွင့်အရေး ရှိလို့လဲ..”
သံလက်သီး ကျူး လေသံသည် ဖုန်းယွီအား အပြစ်တင်သံ မပါဝင်ချေ။ မေးခွန်း မေးယုံ သက်သက်သာ ဖြစ်ပေသည်။
“ကျုပ်တို့ ခွဲခြားဆက်ဆံယုံတင် မဟုတ်ဘူး.. မထီမဲ့မြင်ပါ လုပ်လိုက်တာ.. အဲ့ကုမ္ပဏီတွေက ကျုပ်တို့ တရုတ် ဈေးကွက်မရှိရင် ငုတ်တုတ်မေ့မှာ.. ပြောချင်တာက သူတို့တွေ ဒီနေရာမှာ စီးပွားရှာဖို့ လာကြတာ.. ကျုပ်တို့သာ မရှိရင် ဂျပန် စီးပွားရေး ပြန်ကောင်းလာမှာ မဟုတ်ဘူး.. ဂျပန်ဆိုတာ ဒေဝါလီခံရလုနီးပါး နိုင်ငံလေ.. ကျုပ်တို့က တိုးတက်နေတဲ့နိုင်ငံ.. ကုမ္ပဏီတွေဆိုလဲ အတူတူပဲ.. သူတို့က အောက်ထိုးဆင်းပြီး ကျုပ်တို့က အထက်ကို ထိုးတက် နေကြတာ.. ဒါကပဲ ကျုပ်တို့ ကုမ္ပဏီက သူတို့ကို ဘာလို့ မထီမဲ့မြင် လုပ်ရလဲဆိုတဲ့ အကြောင်းပြချက်ပဲ..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)