မလှုပ်နိုင်သူကို ဝိုင်ရိုက်ကြခြင်း
Vol. 46 Ch. 686
“ဥက္ကဋ္ဌ ကြီး.. ကျုပ်တို့ရှယ်ယာဈေးတွေ ဆက်တိုက်ကျနေတယ်..”
လက်ထောက်သည် အထိတ်တလန့်ဖြင့် ရုံးခန်းအတွင်းသို့ ပြေးဝင်လာသည်။
ရှယ်ယာဈေးများ ကျသွားသည်။ နိုရီရို အိုဂါ၏ မျက်နှာ မှောင်မဲသွားတော့သည်။ နံနက်ပိုင်းတွင် ဤအဖြစ်အပျက်ကို သတင်းစာများတွင် ဖော်ပြပြီး ထိုသို့ဖြစ်လာမည်ကို သိထား၍ ကာကွယ်ရန် အရှိန်မြှင့် ဆောင်ရွက်ခဲ့ပေသည်။ ရှယ်ယာရှင်များ ယုံကြည်စိတ်ချမှုရှိစေရန် ဂိမ်းစက်ရောင်းချမှုများကို တိုးမြှင့် ဆောင်ရွက်ခဲ့ပေသည်။
“ ရှယ်ယာဈေးတွေ ဘယ်လောက်ကျသွားလဲ..”
“(၅)ရာခိုင်နှုန်း ဖြစ်နေပြီ..”
“ဘယ်လို… (၅)ရာခိုင်နှုန်းတောင် ကျသွားတာလား..”
နိုရီရို အိုဂါ အံ့ဩသွားသည်။ ရှယ်ယာ (၅)ရာခိုင်နှုန်းတောင် မည်သို့ ကျဆင်းသွားသနည်း။ ဆိုနီသည် တိုကျို စတော့ဈေးကွက်တွင် စာရင်းသွင်းထားသည့်အပြင် နယူးယောက် စတော့ဈေးကွက်တွင်လည်း စာရင်းဝင် ဖြစ်ပြီး နယူးယောက် စတော့ဈေးကွက်သည် ၎င်းတို့၏ အဓိက အာရုံစိုက်ရာဖြစ်ပေသည်။ သို့ရာတွင် တိုကျိုတွင် ရှယ်ယာ ဈေးများ ကျသွားပါက နယူးယောက်ရှိ ရှယ်ယာဈေးများ သက်ရောက်မှု ရှိပေလိမ့်မည်။
ညဘက် နယူးယောက် စတော့ဈေးကွက် ဖွင့်သည့်အချိန် ဆိုနီသည် အကြပ်အတည်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။ အကယ်၍ ဤအကြပ်အတည်းကို ကောင်းကောင်း မကိုင်တွယ်နိုင်ပါက ဆိုနီ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ဘီလီယံများစွာ ကျဆင်းသွားပေလိမ့်မည်။
နိုရီရို အိုဂါ သည် ဆိုနီ၏ ရုပ်ရှင် VCD များဖြင့် အောင်မြင်မှု ရရှိခဲ့ပြီး ဆိုနီ-ကိုလံဘီယာ ရုပ်ရှင် ဆုံးရှုံးမှုကို လျော့ချ ခဲ့သည်။ ဆိုနီ-ကိုလံဘီယာ ရုပ်ရှင်သည် လာမည့်နှစ်တွင် အကျိုးအမြတ်များ စတင်ရရှိလာမည်ဟု သူခံစား နေရသည်။
ထို့အပြင် အသက်ထွက်ရှိထားသည့် ဂိမ်းစက်သည် ဆိုနီအတွက် အမြတ်စွန်း မြင့်မြင့်မားမား ရရှိစေမည် ဖြစ်သည်။ ၎င်းတို့၏ CD-ROM နည်းပညာ၊ တိုရှီဘာနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ မကြာမှီ CD-ROM ကို တီထွင်နိုင် တော့မည် ဖြစ်သည်။ ဤသည်က ဆိုနီ၏ နောက်ဆုံးရငွေ ရင်းမြစ် ဖြစ်လာမည် ဖြစ်သည်။ သို့ရာတွင် ယခုမူ နိဂုံးချုပ်သွားပေပြီ။
ယခုအချိန်တွင် နိုရီရို အိုဂါ၏ မျှော်လင့်ချက်အားလုံးသည် အပျက်သဘောဆောင်သည့် သတင်းများနှင့် ရှယ်ယာ ဈေးနှုန်းများ ကျဆင်းသွားခြင်းကြောင့် ပျသုဉ်းသွားခဲ့ရသည်။
အပျက်သဘောဆောင်သည့် သတင်းများသည် ဆိုနီ၏ အမှတ်တံဆိပ် တန်ဖိုးနှင့် ၎င်းတို့၏ ထုတ်ကုန်ရောင်းချမှုကို ထိခိုက်စေမည်ဖြစ်သည်။ ဆိုနီ၏ ထုတ်ကုန်များကို သုံးဆွဲနေသည့် မည်သူမဆို အခြားသူများက လှောင်ပြောင် ကြပေလိမ့်မည်။
“နှလုံးသားမရှိတဲ့ ကုမ္ပဏီက ထုတ်ကုန်တွေ ဘာလို့ သုံးနေတာလဲ..”
ဆိုနီသည် ယခုနှစ်အတွင်း အရှုံးပေါ်ခဲ့သည်။ အကယ်၍ ဆိုနီ၏ ခိုင်မာသော ငွေကြေးပံ့ပိုးခြင်းကြောင့်သာ မဟုတ်ပါက လွန်ခဲ့သည့် နှစ်ပိုင်းကတည်းကပင် ဒေဝါလီ ခံရပေလိမ့်မည်။
ဆုံးရှုံးမှုများကြောင့် ဆိုနီ၏ ရှယ်ယာဈေးများ ကျဆင်းသွားခြင်း မရှိချေ။ အရှုံးကို အမြတ်အဖြစ် ပြောင်းလဲရန် နည်းလမ်း ရှာနေစဉ် ၎င်းတို့၏ ရှယ်ယာဈေးနှုန်းများကို အမှတ်တံဆိပ် အရှိန်ဖြင့် ထိန်းထားပေသည်။ ဤသည်ကလည်း နိုရီရို အိုဂါအား ယာယီ ဥက္ကဋ္ဌ ရာထူးအထိ ရနိုင်ခဲ့သည့် အကြောင်းအရင်း ဖြစ်ပေသည်။
သို့ရာတွင် နိုရီရို အိုဂါ၏ အုပ်ချုပ်မှုအောက်၌ ဆိုနီ၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းသွားပါက အစုရှယ်ယာရှင်များ နှင့် ဒါရိုက်တာ ဘုတ်အဖွဲ့များမှ အပြစ်အားလုံး သူ့အပေါ် ပုံချပေတော့မည်။
“ဒီကိစ္စ မစ္စတာ အာကီရို သိလား..”
နိုရီရို အိုဂါ မေးလိုက်သည်။
“ဒီသတင်း သူသိလောက်ပြီ.. အစုရှယ်ယာရှင်တွေနဲ့ ဒါရိုက်တာဘုတ်အဖွဲ့ အားလုံးလဲ သိထားလောက်ပြီ..”
လက်ထောက်၏ စကားမဆုံးမှီပင် စားပွဲပေါ်ရှိ နိုရီရို အိုဂါ၏ ဖုန်းမြည်လာတော့သည်။
“ဟယ်လို… ကျုပ်သိပါပြီ..”
ဖုန်းချပြီးနောက် နိုရီရိုအိုဂါ၏ မျက်နှာ ပို၍ မည်းမှောင်လာတော့သည်။ နောက်ဆုံးတွင် ဘုတ်အဖွဲ့ အစည်းအဝေး ခေါ်ပေပြီ။ အကြောင်းပြချက်မှာ ထင်ရှားလွန်းပေသည်။
*********
“နိုရီရိုအိုဂါ.. ကျုပ်တို့ ကုမ္ပဏီ ရှယ်ယာဈေးနှုန်းတွေ အကြောင်း မင်းသိပြီးလောက်ပြီ.. ဈေးကွက် မပိတ်ခင်ထိ ကျနေတုန်းပဲ.. (၉.၂) ရာခိုင်နှုန်းတောင်.. ကျုပ်တို့ ဘယ်လောက်တောင် ဆုံးရှုံးသွားလဲ သိရဲ့လား..”
ဒါရိုက်တာ တစ်ယောက်မှ မေးလိုက်သည်။
“မင်းလဲ ဆိုနီမှာ ကြာပြီပဲ.. မင်း ဥက္ကဋ္ဌ ဖြစ်ပြီးမှ အိုက်ဝါရဲ့ ရှယ်ယာတွေ တရုတ်တစ်ယောက်ကို ရောင်းလိုက်တဲ့ အချိန်ကစပြီး ငါတို့ လမ်းလျှောက် သီချင်းဖွင့်စက် ရောင်းအားလဲ တစ်နှစ်ထက်တစ်နှစ် ထိုးကျလာတယ်.. ငါတို့ရဲ့ ဈေးကွက်ဝေစုလဲ (၆၀)ရာခိုင်နှုန်းကနေ (၂၀)ရာခိုင်နှုန်းထိ ကျသွားတယ်.. ပန်နက်ဆိုးနစ်၊ JVC ဒါမှမဟုတ် တခြား ကုမ္ပဏီတွေ ဈေးကွက်ဝေစု ရထားတယ်ဆိုလဲ နားလည်နိုင်သေးတယ်.. အခု ငါသိထားသမျှဆို ဈေးကွက်ဝေစုကို အိုက်ဝါက ဟီတာရို နာကာဂျီမာ ရယူထားတာ..”
အခြား ဒါရိုက်တာ တစ်ယောက်မှ ထအော်ပြန်သည်။
“ကိုလံဘီယာ ရှင်ရှင်အတွက် မင်းဘာတွေ လုပ်လိုက်လဲ.. ရုပ်ရှင်တွေ ဖန်တီးတဲ့နေရာမှာ ရန်ပုံငွေတွေ ပုံအောထားပေမယ့် ဘယ်ဇာတ်ကားမှ ရောင်းအားမကောင်းဘူး.. ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ဘယ်ထုတ်ကုန်မှလဲ ရောင်းအားကောင်းအောင် မဖန်တီးနိုင်ဘူး.. နှစ်တိုင်း အရှုံးပေါ်နေတယ်.. ဒါမျိုးတွေ မင်းလုပ်သင့်လား..”
ယခုမှသာ နိုရီရို အိုဂါ တုန့်ပြန်နိုင်သည့်အရာ ပေါလာတော့သည်။
“ကျုပ် ကိုလံဘီယာ ရုပ်ရှင် ဝယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့သူ မဟုတ်ဘူး.. အဲ့ဒါ အားလုံး စုပေါင်း ဆုံးဖြတ်ချက်လေ.. ကျုပ် အဲ့ တရုတ်အမျိုးသားကို အိုက်ဝါ ရှယ်ယာတွေ ရောင်းပေးတဲ့သူလဲမဟုတ်ဘူး.. ဒီမှာရှိတဲ့လူတိုင်း ဆုံးဖြတ်ကြတာ.. ကျုပ်က ကိုလံဘီယာ ရုပ်ရှင်ရဲ့ မူပိုင်ခွင့်တွေကနေ အမြတ်အစွန်းရအောင် ကူညီပေးသူ သက်သက်ပဲ.. ဒီနှစ်ထဲမှာ VCD ခွေ ဘယ်လောက်တောင် ရောင်းပြီးသွားပြီလဲ.. ဒါတွေကရော ကျုပ်ရဲ့ စွမ်းဆောင်ရည်တွေလို့ သတ်မှတ်လို့ မရဘူးလား..”
“အဲ့ဒါက ဈေးကွက်တစ်ခုလုံး ကောင်းလာလို့ပါ.. မင်း ကြိုးစားလို့မှ မဟုတ်တာ.. နစ်တန်ဒို သစ္စာဖောက်ပြီးတော့ မင်းက ငါတို့ရဲ့ ဂိမ်းစက်တီထွင်ဖို့ ကန်ကူတာရာဂျီ ကို ထောက်ပံ့ခဲ့တယ်.. ရန်ပုံငွေနဲ့ အရင်းအမြစ်တွေ ဘယ်လောက်တောင် ရင်းနှီးမြုပ်နှံထားရလဲ.. နောက်ဆုံးတော့ ဘာဖြစ်သွားလဲ.. ဂိမ်းစက်က ပြီးခဲ့တဲ့ ရက်ပိုင်းလေးကပဲ စရောင်းခဲ့တာ.. အဲ့ ထုတ်ကုန်က ကုမ္ပဏီအတွက် အမြတ်အစွန်း ရှာပေးနိုင်မယ်လို့ ငါယုံထားတယ်.. ဒါပေမယ့် အခု ငါတို့ ဆိုနီရဲ့ ထုတ်ကုန်တွေ ဘယ်သူဝယ်ချင်သေးလဲ..”
“ဒါရိုက်တာ ဝါတန်နာဘီ… မင်း ဘယ်လိုပြောလိုက်တာလဲ.. ငါတို့တွေ ဒီနှစ်တွေ တစ်လျှောက် ဂိမ်းစက်ဖန်တီးရေး လုပ်ငန်းစဉ်မှာ ရင်းနှီးမြုပ်နှံထားတာ.. နစ်တန်ဒိုရဲ့ သစ္စာဖောက်မှုကြောင့် နှစ်တွေအများကြီး ကျိုးစားခဲ့သမျှ စွန့်လွှတ်လိုက်ရမှာလား.. ငါတို့ အမြတ်အစွန်း တိုးပွားဖို့အတွက် ငွေအရင်းအမြစ် အသစ် လိုတယ်လေ.. ငါတို့ရဲ့ ဂိမ်းစက် အောင်မြင်သားပဲ.. အခုဆို အိမ်တွင်း ရုပ်သံ ကဏ္ဍမှာ CD-ROM နည်းပညာတွေ သုံးပြီး ငါတို့ထုတ်ကုန်တွေ ဈေးကွက်မှာ အဆင့်အမြင့်ဆုံးပဲ.. အဲ့ဒါကို အားလုံး လိုချင်တာ မဟုတ်ဘူးလား..”
“CD-ROM လား… အဲ့နည်းပညာ ကောင်းတယ်ဆိုတာ ဝန်ခံပါတယ်.. အဲ့ဒါကို ဂိမ်းစက်မှာ သုံးတယ်ဆိုတာ တကယ်ကို ဖန်တီးနိုင်မှုပါ.. ဒါပေမယ့် အဲ့နည်းပညာ ဖော်ထုတ်ဖို့အတွက် DVD ဖွံ့ဖြိုးတိုးတက်မှုမှား တခြားလူတွေ ထက်နောက်ကျ ကျန်ခဲ့ပြီ.. ဆိုနီက တိုရှီဘာရဲ့ စံနှုန်းတွေ လိုက်နာရမှာလား.. ပြီးတော့ တိုရှီဘာနဲ့ ပေါင်းဖို့ ဆုံးဖြတ်လိုက်တာလဲ အရမ်း အန္တရာယ်ကြီးတယ်.. ငါတို့ အမှတ်တံဆိပ် အတွက် ကပ်ဘေးကြီးတစ်ခုပဲ..”
“ဒါတွေအားလုံး မှားပြီး စွပ်စွဲနေတာတွေပါ… တရုတ်နိုင်ငံမှာ ငါတို့ စက်ရုံတွေ မရှိဘူး.. တိုရှီဘာက ငါတို့အတွက် ထုတ်ကုန်တွေ ထုတ်ပေးနေတာပဲရှိတာ.. ဒါငါတို့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ချပြီး တရုတ် ဈေးကွက်ထဲ ပြန်ဝင်ဖို့က ငါတို့ ရည်မှန်းချက် ပန်းတိုင်လေ..”
နိုရီရိုအိုဂါ ပေါက်ကွဲမတတ် ဖြစ်နေပေသည်။ အပြစ်များအားလုံး သူခံရပေလိမ့်မည်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ရပ်သည် ဆိုနီနှင့် မသက်ဆိုင်ချေ။ သို့ရာတွင် ဆိုနီ၏ လမ်းကြောင်းတစ်ခုလုံး လောင်ကျွမ်း သွားပေသည်။
“အခု.. အဲ့တိုရှီဘာက ရှင်းပြဖို့ ထွက်လာမယ် မင်းထင်လား.. တိုရှီဘာက အပြည့်အဝ တာဝန်ယူမယ်လို့ မင်းတကယ်ကြီး ထင်နေလား..”
နိုရီရိုအိုဂါ နှုတ်ဆိတ်သွားရသည်။ အကယ်၍ သူသည် တိုရှီဘာဥက္ကဋ္ဌ ဖြစ်ပါက အပြည့်အဝ တာဝန်ယူမည် မဟုတ်ချေ။ နောက်ဆုံးတွင် တရုတ်နိုင်ငံ၌ ပြဿနာ ဖန်တီးသူများရရန် နိုရီရိုအိုဂါ ညွှန်ကြားခဲ့ခြင်းပင်။ နိုရီရိုအိုဂါ သည် ဤတာဝန်မှ လွတ်မြောက်ရန် နည်းလမ်းမရှိချေ။
ယခုအဖြစ်အပျက်ကြီး ဖြစ်ပွားပြီးနောက် လူတိုင်း နစ်နာခဲ့ရပေသည်။ ဆိုနီအနေဖြင့် လမ်းလွှဲရန် နောက်ကျသွား ပေပြီ။ အကယ်၍ ဆိုနီသည် အပြစ်လွတ်ကင်းရန် တာဝန်များအားလုံး တိုရှိဘာသို့ တွန်းပို့လိုက်မည်ဆိုပါ တိုရှီဘာနှင့် ခွာပြဲရပေတော့မည်။ တိုရှီဘာမှလည်း သေချာပေါက် လက်တုန့်ပြန်မည် ဖြစ်ပြီး ဆိုနီသည် နောက်ထပ် ရန်သူတစ်ဦး တိုးလာမည်ဖြစ်သည်။ ထို့အပြင် ဆိုနီသည် DVD ကစားပွဲမှ ဘေးသို့ ထွက်နေရပေတော့မည်။
ဆိုနီ၏ ဘုတ်အဖွဲ့ ဒု-ဥက္ကဋ္ဌမှ ရုတ်တရက် ထ၍…
“နိုရီရို အိုဂါ.. ခင်ဗျား ရာထူးကနေ ဖယ်ရတော့မယ့် အချိန်ရောက်ပြီ.. အပြစ်တွေအားလုံး တာဝန်ယူရလိမ့်မယ်.. ဒီလိုမှပဲ ဆိုနီကို ကယ်နိုင်တော့မှာ..”
နိုရီရို အိုဂါ မိုးကြိုးပစ်ခံလိုက်သလို ဖြစ်သွားသည်။ သူမည်မျှပင် ရှင်းပြနေပါစေ ထိုလူများသည် သူ့ကိုကို နှုတ်ထွက် စေချင်နေကြသည်။
ဤအခိုက်အတန့်သည် နိုရီရို အိုဂါ၏ ဘဝအမှောင်မိုက်ဆုံး အချိန်ဖြစ်ပေသည်။ အဖြစ်အပျက်များ မည်သို့ ဖြစ်လာသနည်း။
မဟုတ်သေးချေ။ မိမိတွင် နောက်ဆုံး အခွင့်အရေး တစ်ခု ကျန်နေပေသေးသည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)